Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကြုံတွေ့နေရ လုပ်ငန်းခွင်ဘဝ (ခရီးသွားလုပ်ငန်း) – ၁

ဒီရက်ပိုင်း ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့ ပို့စ်တွေကို ဖတ်ရပါတယ်။ ဝင်ပြီးလည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ခရီးသွားကုမ္ပဏီမှာလုပ်နေတဲ့ ကျွန်မအတွက်တော့ ကြုံတွေ့နေရတဲ့အကြောင်းအရာတွေက တစ်နေ့တစ်မျိုး မရိုးနိုင်အောင်ပါပဲ။

အခုလောလောဆယ်မှာ ကျွန်မတု့ိအတွက် အလုပ်လုပ်ရတာ တော်တော်လေးအဆင်မပြေပါဘူး။ ရုံးမှာအလုပ်လုပ်တဲ့အတွက် ရုံးဘက်ကအမြင်နဲ့ နည်းနည်းလောက်ပြောချင်ပါတယ်။ (အင်္ဂလိပ်အသုံးအနှုန်းတွေ များသွားရင် သည်းခံပေးကြပါ။)

 

ဟိုတယ်များ-

ခရီးသည်နဲ့ အခန်းအရေအတွက် မမျှတဲ့အတွက် အခန်းတင်ရတာ အရမ်းကျပ်ပါတယ်။ ဘယ်လိုဟိုတယ်မျိုးနဲ့ပဲ proposal ပေးထားပါစေ…ရရာဟိုတယ်၊ ရရာအခန်းနဲ့ပဲ finalize လုပ်လိုက်ရတာများပါတယ်။ တစ်ခါတစ်လေများဆို ဈေးနှုန်းပေးဖို့အတွက် ဟိုတယ်အခန်းလွတ်မလွတ် အရင်မေးရပါတယ်။ ဘယ်လို စတားမျိုးပဲ လိုချင်ပါတယ်လို့ ဧည့်သည်က ပြောနေပါစေ၊ လွတ်တဲ့အခန်းနဲ့ပဲ ဈေးပေးနိုင်ပါတယ်။ နောက်ဆုံး ဟိုတယ်အကုန်ပြည့်နေတဲ့အတွက် နေစရာတစ်ခုရှိနေအောင်ဆိုပြီး guesthouse အသေးလေးတွေကအစ လိုက်ရှာရပါတယ်။ မြို့တစ်မြို့မှာ အခန်းတစ်ခန်းရဖို့ ဟိုတယ်တိုင်းကို ဖုန်းဆက်နေရတဲ့အတွက် reservation ပိုင်းမှာလည်း အချိန်အရမ်းကုန်ပါတယ်။ ဖုန်းတွေက မအားလို့ ခေါ်လို့မရတာရယ်၊ ဖုန်းမရလို့ မေးလ်ပို့ရင်လည်း စာမပြန်တာရယ်နဲ့ တစ်ခါတစ်လေ ထိုင်စောင့်နေရုံနဲ့ ဖုန်းထိုင်ခေါ်နေရုံကလွဲလို့ ဘာမှလုပ်လို့မရဖြစ်နေပါတယ်။

 

နောက်ပြီး Tour တစ်ခုဆိုတာ အမြဲတမ်းကြိုရောင်းရပါတယ်။ တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် ဘယ်နှစ်ခုနှစ်ထဲ ရောက်နေလဲတောင် မသိတော့ပါဘူး။ အခု 2012 မရောက်ခင်ကတည်းက 2014 ဆိုတာကို မြင်နေရတာပါ။ Name List အပြည့်အစုံနဲ့ စရံပေးထားနိုင်ပါတယ်လို့ ပြောပြီး booking တင်ပါတယ်။ 2014 အတွက် ဈေးနှုန်းကြိုပေးဖို့နေနေသာသာ၊ အခန်းတောင် မပေးပါဘူး။ မရောင်းသေးပါဘူးတဲ့။ ဆိုတော့ တကယ်ကို confirm ဖြစ်ပါတယ်ဆိုတဲ့ဖိုင်တစ်ဖိုင်အတွက် ကျွန်မတို့မှာ ဘာတစ်ခုမှ ရေရေရာရာ မလုပ်ပေးနိုင်သေးဘူး ဖြစ်နေပါတယ်။

 

နောက်ပြီး ကျွန်မတို့ကြုံတွေ့ရတာက Payment Policy နဲ့ Cancellation Policy ပါ။ ဒါကလည်း အားလုံးမှာရှိပါတယ်။ ဒါပေမယ့် အခုက payement period က cancellation period ထက် ကျော်နေတာပါပဲ။ booking တစ်ခု confim ပေးပြီးဆိုတာနဲ့ တစ်ပတ်အတွင်း၊ သို့မဟုတ် ၁၄ ရက်အတွင်းမှာ 25% / 30% / 50% စသဖြင့် deposit ပေးရပါတယ်။ အဲဒါက ပြန်မအမ်းငွေပါ။ deposit ပေးပြီးမှ cancel ဖြစ်ရင် ပြန်မရပါဘူး။ အဲ့ဒီ deposit ပေးရတဲ့အချိန်ကလည်း ဟိုတယ်ရဲ့ cancellation period ထဲကို မဝင်သေးပါဘူး။ ဆိုတော့ ကျွန်မတို့မှာ ဟိုဘက်က ဧည့်သည်ကို cancellation policy ပေးဖို့ဆိုရင် ဟိုတယ်တွေရဲ့ payment policy နဲ့ ညှိရပါတယ်။ အဲ့ဒီအခါကျတော့ booking confirm ဖြစ်တာနဲ့ cancellation period ထဲဝင်နေတဲ့သဘော ဖြစ်သွားပါတယ်။

 

နောက်တစ်ခုက ဟိုတယ်ကို စရံပေးဖို့ဆိုရင် ဧည့်သည်ဆီက သဘောတူညီချက်ရဖို့လိုပါတယ်။ ပိုအရေးကြီးတာက ဧည့်သည်ရဲ့ပိုက်ဆံ လက်ထဲရောက်နေဖို့ လိုပါတယ်။ ကျွန်မတို့ဘက်က စိုက်ပေးပြီးကာမှ ဧည့်သည်က cancel ဆိုရင် ဘယ်လိုမှ တောင်းလို့မရတော့ပါဘူး။ အဲ့ဒီမှာ ပြဿနာပါ။ တစ်မြို့မှာ အခန်းရလို့ ပိုက်ဆံကပေးရတော့မယ်၊ နောက်တစ်မြို့မှာက အခန်းရှာလို့မရသေးဘူး။ ဖိုင်တစ်ခုလုံး OK မဖြစ်သေးဘဲနဲ့ ဧည့်သည်ကို invoice ပို့ပြီး ပိုက်ဆံလွှဲခိုင်းလို့ မရပါဘူး။ ဒီတော့ ကျွန်မတို့မှာ ဟိုတယ်ကို payment due date ကို နည်းနည်းလောက် နောက်ရွှေ့ပေးဖို့ တောင်းဆိုရပါတယ်။ နားလည်တဲ့ ဟိုတယ်ရှိသလို ဖုန်းတဂွမ်ဂွမ်ဆက်ပြီး မပေးရင် booking cancel လုပ်မယ်ဆိုတဲ့ ဟိုတယ်တွေလည်း ရှိပါတယ်။  ဒီလိုအကျပ်အတည်းတွေကို ဖြေရှင်းနေရတာကလည်း နေ့စဉ်နဲ့အမျှပါ။

 

နောက်တစ်ခုက cancellation ပါ။ cancellation period ထဲမှာဆိုရင် cancellation fees ပေးရမယ်ဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် တစ်ချို့ဟိုတယ်တွေကျတော့ cancel လုပ်လိုက်ရင် ချက်ချင်းအကြောင်းမပြန်ပါဘူး။ ငွေတောင်းခံလွှာလည်း မရောက်လာပါဘူး။ တစ်လ နှစ်လလောက် ကျော်သွားကာမှ၊ cancel ဖြစ်တဲ့ နေ့လည်း ကျော်သွားကာမှ ငွေတောင်းခံလွှာပို့ပါတယ်။ ဒီလောက်ကြာသွားတဲ့အချိန်မှာတော့ ကျွန်မတို့လည်း ဟိုဘက်က ဘယ်လိုမှတောင်းလို့ မရတော့ပါဘူး။ နောက်ပြီး cancellation policy တွေကလည်း တဖြည်းဖြည်းနဲ့ ပြင်းထန်လာပါတယ်။ တစ်ချို့ဟိုတယ်တွေဆို ရက် (၉၀) အတွင်းဝင်ရင် cancellation fees ပေးရပါတယ်။ (၃)လဆိုတဲ့ အချိန်အတွင်းမှာ အပြောင်းအလဲတွေများစွာရှိနိုင်ပါတယ်။ အနည်းဆုံးတော့ အခန်းအလျှော့အတိုး ရှိနိုင်ပါတယ်။ အခန်းလျှော့ပြီဆိုတာနဲ့လည်း ပေးရပါတယ်။ အရမ်းအန္တရာယ်များတဲ့ အခြေအနေတွေပါ။

 

နောက်ဆုံးတစ်ခုကတော့ professional ပိုင်းပါ။ အခုနောက်ပိုင်း ဟိုတယ်သစ်များစွာ ထွက်ပေါ်လာပါတယ်။ ဒါကိုလည်း ကြိုဆိုပါတယ်။ ဒါပေမယ့် ပြဿနာက လုပ်ငန်းခွင်ဆက်ဆံရေးနဲ့ လုပ်ငန်းသဘောတရားပါ။ ဟိုတယ်ကြီးအတော်များများ (တစ်ခုနှစ်ခုကလွဲရင်) နဲ့ အလုပ်လုပ်ရတာ အဆင်ပြေပါတယ်။ ဖြစ်တာက အလတ်စားဟိုတယ်တွေနဲ့ ဟိုတယ်အသစ်တွေပါ။ လေ့ကျင့်ပေးမှုအားနည်းတာကြောင့်လား၊ Tourism Industry နဲ့ပဲ မရင်းနှီးသေးလို့လား မသိပါဘူး။ တစ်ခါတစ်လေ ပြောရဆိုရ အရမ်းခက်ပါတယ်။ အခန်းတွေကို တစ်လကြိုပြီးပဲ ရောင်းပါတယ်။ ဒီထက်စောပြီး အခန်းတင်လု့ိ မရပါဘူး။ ပေးလည်းမပေးပါဘူး။ နောက်နှစ်နှစ်စာလောက်တောင် ကြိုပြီးလုပ်နေရတဲ့ ကျွန်မတို့အတွက် အဲ့ဒီစနစ်က တကယ့်ကို အခက်အခဲဖြစ်စေပါတယ်။ နောက်တစ်ခုက အခန်းတွေကို လက်ငင်းစနစ်နဲ့ရောင်းတာပါ။ “အခန်းရှိတယ်၊ confirm မပေးဘူး၊ invoice မပို့ဘူး၊ လိုချင်ရင် ဟိုတယ်ကို ပိုက်ဆံလာပေးပါ၊ နောက်နေ့မှဆိုရင် အခန်းရှိမရှိ ထပ်မေးရပါမယ်”။ ဒါကလည်း တစ်မျိုးလို့ ဆိုရမှာပါပဲ။

 

အဆိုးဆုံးတစ်ခုကတော့ အခု ရင်ဆိုင်နေရတဲ့ ပြဿနာပါ။ အခန်းခ ပြောင်းလဲတာပါ။ ဟိုတယ်တစ်ခုက ဘယ်လောက်တောင် ဆိုးလဲဆိုရင် deposit လည်း ပေးပြီးပါလျက်၊ ဧည့်သည်လည်း တစ်ညတည်းပြီးပါလျက်နဲ့ အခန်းခပြောင်းတယ်ဆိုပြီး လက်ကျန်ငွေကို ဈေးနှုန်းအသစ်နဲ့ ပေးချေခိုင်းပါတယ်။ မှားပို့ထားတာပါတဲ့။ ဧည့်သည်လည်း မပြန်သေးတဲ့အတွက် ဧည့်သည်ဆီက တောင်းပေးလို့ရတာပဲတဲ့။ သဘောတရားကို နားမလည်တာလို့ပဲ ပြောရမလား၊ ဒါမှမဟုတ် နားလည်လျက်နဲ့ တမင်တကာပြောတယ်လို့ပဲ ပြောရမလားတောင် မသိတော့ပါဘူး။ Tour တစ်ခုဆိုတာ ဧည့်သည်နဲ့ တိုက်ရိုက်လုပ်ထားတာထက် agent အချင်းချင်း လုပ်ထားရတာက ပိုများပါတယ်။ မြန်မာနိုင်ငံကိုတောင် ရောက်နေတဲ့ခရီးသည်က ဟိုဘက်က သူတို့ agent နဲ့ စာချုပ်ချုပ်ပြီးသား၊ ပိုက်ဆံအပြည့် ပေးပြီးသားပါ။ တိုက်ရိုက်ရောင်းထားတဲ့ ဧည့်သည်ဆိုရင်လည်း ငွေအပြည့်ရထားပြီးသားပါ။ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုမှ ပိုက်ဆံထပ်တောင်းလို့ မရဘူးဆိုတာကို တကယ်ပဲ နားမလည်တာလားလို့ အံ့ဩမိပါတယ်။ မှားပို့ထားတဲ့ဝန်ထမ်းက လျော်ရမှာဖြစ်တဲ့အတွက် ဝန်ထမ်းအချင်းချင်း နားလည်ပေးပါတဲ့။ ပိုက်ဆံထပ်တောင်းလို့မရတဲ့ အခြေအနေကို ရှင်းပြပါတယ်။ လက်မခံပါဘူး။ ဒီလိုဆို သူဌေးနဲ့ ပြောပါမယ်ဆိုတော့လည်း မဟုတ်ပြန်ပါဘူးတဲ့။ တကယ်လို့ ကွာဟငွေကို ထပ်မပေးဘူးဆိုရင် နောင်အနာဂတ်ရဲ့ relationship မှာ တစ်ခုခု ထိခိုက်သွားပါလိမ့်မယ်တဲ့။ ဒီလိုခြိမ်းခြောက်စကားက ဝန်ထမ်းဆီကပဲ ထွက်တာလား၊ သူဌေးရဲ့ အာဘော်ပဲလားတော့ မပြောတတ်ပါဘူး။ ပေါ်တင်ပြောရဲတဲ့သတ္တိကို ကြည့်ခြင်းအားဖြင့် ဘယ်လိုအခြေအနေလဲဆိုတာ သဘောပေါက်နိုင်ပါတယ်။ အဆိုးဆုံးကတော့ သုံးည နေမယ့် ဧည့်သည်ကို နောက်ဆုံးတစ်ညအတွက် ဈေးနှုန်းအသစ်နဲ့ပေးပေးပါတဲ့။ မကျေနပ်ဘူးဆိုရင်တော့ နောက်ဆုံးညအတွက် စရံငွေကို ပြန်ထုတ်သွားလို့ ရပါတယ်တဲ့။ အရမ်းလည်း အံ့ဩသွားပါတယ်။ တစ်ညတောင်တည်းပြီးလို့ ခရီးသွားနေတဲ့ ဧည့်သည်အတွက် booking ကို ပြန်အမ်းနေတာကို ကြည့်တာနဲ့တင် သူတို့ကို နားလည်သွားမိပါတယ်။

 

(ဆက်ပါဦးမည်။)

21 comments

  • Mobile

    January 24, 2013 at 6:38 pm

    လုံမလေးရေ အားပေးသွားပါတယ်ဗျ။
    နောက်များဆိုရင် အီးဂလိစ် လိုလေးတွေ နည်းနည်းလျှော့ရေးပေးပါနော်။

  • မောင့်ကျက်သရေ ဂီ့

    January 24, 2013 at 6:51 pm

    I have an App for that.
    I’m gonna license it.

    အာ. ဟိ

    :kwi:

  • မောင်ပေ

    January 24, 2013 at 8:26 pm

    မန်းတလေးမြို ့က ဟော်တယ်ကြီးတစ်ချို ့ကတော့
    ရေနံ သဘာဝဓါတ်ငွေ ့ ပိုက်လိုင်းက တရုတ်တွေ ရယ် ၊ ရံဖန်ရံခါ ကျောက်စိမ်းလာဝယ်တဲ့ တရုတ် တွေကို
    လိုကယ်ဈေးနဲ ့ပေးတည်းနေကြတယ်ဗျာ
    နိုင်ငံခြားဝင်ငွေ ရှာဖွေတတ်ကြပုံများ

  • MaMa

    January 25, 2013 at 8:27 am

    လုံမလေးရေ-
    ခုရက်ထဲ ရွာထဲ သိပ်မဝင်ဖြစ်သလို စာသိပ်မဖတ်ဖြစ်ရတဲ့အထဲ …
    ဝင်ဖြစ်တော့လည်း ဖတ်ချင်စရာတွေက များနေတယ်။
    ဆက်ပါဦးမည်ကို စောင့်မျှော်နေပါသည်။ :hee:

  • ခိုင်ဇာ

    January 25, 2013 at 8:48 am

    အစ်မ တို့ ဟိုးတုန်းက ဟိုတယ် ဝန်ဆောင်မှုနဲ့ ပတ်သက်လို့ ဂျပန် စီးရီး တစ်ခု ကြည့်ဖူးတယ်။
    ဟိုတယ်ဝန်ဆောင်မှုဆိုတာ ဘယ်လိုတုန်းလို့ သိအောင်ကို ရိုက်ပြသွားနိုင်တာ။ ဝန်ထမ်းတွေ အစား စိတ်ပင်ပန်းလိုက်တာ။
    တာဝန်ရဲ့ နောက်က စေတနာပါရသေး။

    ခု မွန်မွန် ရေးတာ ဖတ်ရင်းနဲ့ တစ်ခုစဉ်းစားမိလို့။
    တို့ဆီမှာ Hotel Managment နဲ့ ပတ်သက်တဲ့ Course တွေ Training တွေ ရှိလားဟင်။
    အစ်မ တကယ် မသိလို့ ။

    • sorrow weaver

      January 29, 2013 at 12:39 pm

      မခိုင်ဇာရေ…ဟိုတစ်လောကတော့ Star Resources က Hotel management နဲ့ပတ်သတ်ပြီး….သင်တန်းခေါ်တာလေးတော့ မြင်မိကြောင်းပါ… 🙂

  • ကထူးဆန်း

    January 25, 2013 at 9:13 am

    Hotel Managment နဲ့ ပတ်သက်တဲ့ Course တွေ Training တွေ ရှိလားဟင်

    မခိုင်ဇာရေ … ရှိ……..အဟွတ် .. အဟွတ် .. အဟမ်း .. ပါ။။။။။။ :harr:

    • ခိုင်ဇာ

      January 25, 2013 at 9:19 am

      ကထူးဆန်းတို့ ထူးထူးဆန်းဆန်း လာမပြောပါနဲ့လေ။
      သဘောပေါက်ပါတယ်။ :mrgreen:
      တိုးရစ်စင် အများဆုံးနိုင်ငံတွေရဲ့ ဟိုတယ် ဝန်ထမ်းတွေက စိတ်ဖိစီးမှု အများဆုံး ဆိုကြရဲ့။

      သူတို့က လူတွေ တို့ဆီက လူတွေလောက်မတော်လို့နေမှာ။
      အမှန်ဆို တို့ဆီက နည်းကို တစ်ကမ႓ာလုံးကို ဖြန့်သင့်တာ။ အဟမ်း။
      :harr:

  • moonpoem

    January 25, 2013 at 9:58 am

    လှည်းတန်းမှာနေတဲ့ လုံမလေး မမွန်မွန်ရေ တိုးအေဂျင်စီတွေကို မရောင်းရလည်း တိုက်ရိုက်ဝင်မယ့် ဧည့်သည်တွေက တောင်ပုံရာပုံဆိုတော့ ဟိုတယ်တွေက လွန်ခဲ့တဲ့ နှစ်တွေကလို ခခယယမရှိတော့ပါဘူး။ နင်တို ့အေဂျင်စီကနေဧည့်သည်သွင်းသွင်း မသွင်းသွင်း ငါတို ့က ဧည့်သည်ရပြီးသားဆိုတဲ့ အထာမျိုးတွေနဲ ့ဆက်ဆံရေးတွေက ကမောက်ကမဖြစ်နေပါတယ်။ ၂၀၁၅မှာ ဟိုတယ်တွေ အများကြီး ဆောက်ပြီးချိန် နိုင်ငံတကာက ဝန်ဆောင်မှုတွေပေးလာချိန် ဟိုတယ်ဘက်က ကိုကိုတွေ၊မမတွေ အခုလို ဘဝင်မြင့်ပြီး လက်ခမောင်းခတ်နေနိုင်ပါဦးမလားဆိုတာ စောင့်ကြည့်ရပါမယ်။

    • Crystalline

      January 25, 2013 at 12:28 pm

      ကျမတို့ဆီလာနေကျဧည့်သည်တွေ လွန်ခဲ့တဲ့နှစ်လေးဆယ်ကတည်းကမြန်မာနိုင်ငံကို လာနေကျလူတွေပါ.. အဲဒီအချိန်ကတော့ Strand မှ Strand …နောက်ပိုင်း Nikko.. Park Royal.. အခန်းဈေးတွေကလည်း တိုးကတဆင့်ဝယ်ရင်တောင်.. သူတို့ကွန်ထရက်ရိတ်ထ်က ၂၀ဝကျော်ဖြစ်နေပြီး. .ဈေးတွေက မတရားတက်ပြီး သူတိုကတောင်းသလောက်ပေးနိုင်တာတောင် အခန်းမရနိုင်ပါဘူးဖြစ်နေတယ်. အဲတော့ဘိုးတော်လည်း တဖြည်းဖြည်းအဆင့်လျော့ကျပြီး အခုတော့ ရွှေတောင်ကြားထဲက Inn တခုမှာပဲ ဟိုက တိုက်ရိုက် booking တင်ပြီးတည်းတော့တယ်..

    • ကထူးဆန်း

      January 25, 2013 at 2:32 pm

      တိုးမမ ရယ် ၊ ဂိုက်မမရယ် ..

      လွန်ခဲ့သော ၂၀၁ဝ မတိုင်ခင် ဆယ်စုနှစ် တခုစာလောက်ကို တိုးမမတွေ ၊ဂိုက် မမတွေ အနိုင်ကျင့်သမျှ ၊ ဟောက် သမျှ ဟိုတယ် သမားတွေ.. ပိုင်ရှင်တွေခမျာ အသံမထွက် ခါးစည်း ခံထား ကြရတာ ဆိုတာလေးတော့ မမေ့နဲ့နော် ..

      အဲ့ဒီ့တုန်း က ဟိုတယ် သမားတွေ ဆီက အသံ မထွက်ကြပါဘူး .. ခု တော့ အောင်မလေး.. တိုး မမ တွေ အော်နေလိုက်ကြတာများ ဟိုတယ်ခရီး ဝန်ကြီးဆီကို ။ ဘာတဲ့ နှစ်ကုန် အရှုံးပေါ်ပါတော့မယ် ဆိုပြီး။

      နိုင်ငံတကာ မှာဆို ဘယ်လို ။ ဘယ်ညာ နဲ့ မတူတဲ့ တန်းတွေ ညှိ ပြောနေကြတာ ။ ASEAN ပေါ်လစီတဲ့ ..

      ဪ ဝဋ္ဋ် ဝဋ္ဋ် … :kwi: :harr:

  • ဦးကြောင်ကြီး

    January 25, 2013 at 11:15 am

    မွန်လေးဆီမှာ ဦးကြောင် တနေရာ ဘွတ်ကင် တင်ပါရစေ… 😳

  • ကထူးဆန်း

    January 25, 2013 at 2:54 pm

    မွန် မွန် ရေ ..
    ဒီတစ်ခါ တော့ အတည်ပြော့ပါ့မယ် ..
    ဟိုတယ်တွေ ဘက် က အမြင်ပြောမယ် နော် ။
    သိတဲ့ အတိုင်း ၁၉၉ရ ကနေ စပြီး ဆင်းလာတဲ့ အခန်းခ တွေဟာ ၂၀၁ဝ တိုင်အောင် မတက်နိုင်ပါဘူး ။ တောက်လျောက် tour Agent တွေ ညှစ်သမျှ ခံလာရတာပါ ။ ဒေသတစ်ခုမှာ နံမည်ရပြီး ဟိုတယ် တစ်ခု နှစ်ခု ကလွဲရင် အများအားဖြင့် tour agent ပြုသမျှ နု ခဲ့ ကြရပါတယ် ။
    အခန်းခ တွေ တောင်းရင် တစ်လ လဲ မပေး နှစ်လ လဲ မပေး ။ ခွဲခွဲ ပေးလဲ မျက်နှာငယ် နဲ့ တောင်းခဲ့ကြရပါတယ် ။ FEC ဈေးတက်ရင် US နဲ့ ပေးပါတယ် ။ US ဈေးတက်ရင် FEC နဲ့ ပေးပါတယ် ။ လက်မခံရင် ဝန်ကြီးဌာန ကို တိုင်ပါတယ် ။ မယူချင်နေဆိုပြီး ဟောက်ထုတ်ခဲ့ပါတယ် ။ US ပေးရင်လည်း ယူချင်ယူ မယူချင်နေ ရှိတာ ယူ ဆိုပြီးလုပ်ခဲ့ကြပါတယ် ။ US တစ်ဒေါ်လာတန် ရာချီ ပေးတဲ့ အေးဂျင့်တွေလည်း ရှိပါတယ် ။
    ဂိုက်မမတွေ ကိုကိုတွေကတော့ ဟိုတယ်မှာ ဝန်ထမ်းတောင် မက ပိုင်ရှင်တောင်မှ မထီ ၊ ငါတို့ ပြန်တိုင်ရင် နင်တို့ ဟိုတယ် မထားဘဲ နေမှာ နော် ဆိုပြီး လုပ်ချင်ရာလုပ် ခဲ့ကြသူများ ရှိပါတယ် ။ ထိုနည်း ၎င်း စားသောက်ဆိုင် မှာ လည်း စားသောက်ဆိုင် အလျောက် ၊ လုပ်ချင်ရာ လုပ်ခဲ့သူတွေ ရှိပါတယ် ။
    အဲ့ဒီ့ ခါးသည်းတဲ့ အတွေ့ အကြုံ ရှိထားပြီး တစ်နေ့တော့ သိမယ် ဆို ကြီမ်းထားသူများ က လက်တုန့်ပြန်မှုတွေ ရှိပါတယ် ။ ကောင်းတဲ့ အကျင့် မဟုတ်ပေမဲ့ လက်တွေ့ဖြစ်နေပါတယ် ။

    အချိန်ရမှ နဲနဲစီ လာပြန်ရေးမယ်နော် .. cancellation တို့ deposit တို့ပေါ့ ..

    • မောင့်ကျက်သရေ ဂီ့

      January 25, 2013 at 3:01 pm

      လုပ်ပါဦးဗျာ .. .. ဒါမျိုးတွေ သာမန်လူတွေ များများသိအောင် ရေးပေးပါဦး ..။
      ခေတ်ကပြောင်းလာတော့ လူတွေလည်း အချိန်တွေရှားပါးကုန်ကြပြီ။
      အရင်ကဆို မင်္ဂလာဆောင်ခါနီးရင် ကိုယ်တိုင်ပြင်ကြဆင်ကြနဲ့ ..။ ခုခေတ်များ
      ဝက်ဒင်ပလင်န်နာ အပ်ကြတယ်။ အေးရော။
      ပြည်တွင်းမိသားစု ခရီးထွက်တာတွေလည်း အရင်က ကိုယ်တိုင်ချိတ်ဆက် ပြီး
      လုပ်ကြရာကနေ တဖြည်းဖြည်း တိုးအေ့ဂျင့် လက် ဝကွက်အပ်လာကြတာတွေ
      တွေ့လာရတော့ ဒီလူတွေ ဒီလုပ်ငန်းတွေနဲ့ ဆက်ဆံမယ်ဆိုရင် သိထာသင့်တာ
      သတိထားသင့်တာလေးတွေ ..လုပ်ပါဦးလို့….

      :harr:

    • moonpoem

      January 25, 2013 at 3:13 pm

      ကထူးဆန်းပြောသလို တွေးကြည့်ရရင် ဟိုတယ်တွေကို မကောင်းကြံခဲ့ကြတဲ့ တိုးအေဂျင်စီတွေ ပြန်ဝဋ္ဋ်လည်တာလို ့ပဲ ဆိုရမှာပေါ့နော်။ ဒါပေမယ့် မကောင်းတာ လုပ်တဲ့တိုးအေဂျင်စီက လူတွေလုပ်သမျှ ပြန်လည်တဲ့ဝဋ္ဋ်ကို ကောင်းရာမွန်ရာ လုပ်ကိုင်ခဲ့တဲ့ အေဂျင်စီတွေကပါ ရောခံရတာပဲနော်။ ငရုတ်သီးနဲ ့ပေါင်းပြီး ကြက်သွန်ပါ ရောအထောင်းခံရတယ်လို ့ဆိုရမှာပ။

  • TheWinner

    January 25, 2013 at 3:42 pm

    လုံမလေးနဲ့ moonpoem ရေ၊

    ဦးထူးဆန်းကြီးအစား ဝင်ပြီး ကြားဖြတ်ပါရစေ။

    အပြန်အလှန် နားလည် မှုလို့ပဲ ပြောပါရစေ။ အမတို့ဆိုရင်တော့ —–

    – အစဉ်အဆက် ကိုယ့်ဟိုတယ်တွေအပေါ်မှာ ကလိမ်မကျခဲ့သော

    – ဧည့်သည်များကို VIP – FOC ဟု ဟိုတယ်များအား အလကား မြောက်များစွာတောင်းပစ်၊ ဧည့်သည်ကိုတော့ ပိုက်ဆံယူ၊ ရသည့်ငွေကိုတော့ ကိုယ့်အိတ်ထဲ ထည့်တတ်သော

    – Booking များကို သိမ်းကြုံး Block လုပ်ထားပြီး Cancellation Period မတိုင်ခင်ရက်ပိုင်းအလိုမှ ကပ်ပြီး ဖျက်ပစ်တတ်ကြသော၊

    – သိမ်းထားသော အခန်းများ Confirmed ဖြစ်ပါသလားရှင် လို့မေးရင်လည်း ဘာလို့ cancellation period မတိုင်ခင် လာမေးနေတာလဲ၊ အဲဒီရက်မတိုင်ခင် ဖြတ်ပေးရင်ပြီးရောမဟုတ်လား ဆိုပြီး တကယ့်ကို တရက်၊ နှစ်ရက် အလိုလောက်မှ ဖျက်ပစ်လိုက်ကြသော

    – payment များကို လ မပြောပါနှင့် နှစ်ကြာအောင်စောင့်ရသော

    – စောင့်ပြီးလို့ သွားကောက်လျှင်လည်း သူတို့ Payday နေ့မဟုတ်သဖြင့် မပေးနိုင်ပါဟု ပြောတတ်သော၊ payday နေ့ဆိုပါကလည်း ယခင် ယခင်က အလွန် ဈေးကွာသည့် USD အစား FEC ကိုသာ ထုတ်ပေးခြင်း၊ ဒေါ်လာအဟောင်းများ ကို ထုတ်ပေးပြီး ယူချင်ယူ၊ မယူရင် နောက်လထိ ထပ်စောင့် ဟု ပြောလွှတ်တတ်ကြသော

    – အကြိမ်ပေါင်းမြောက်များစွာ သွားကောက်ပါသော်လည်း owner မရှိ၊ Account မလာဟု ပြောတတ်ကြပါသော

    – ဟိုတယ်များအား မတရား ဈေးနှိမ် ၊ ဧည့်သည်အပေါ်တွင်တော့ မြောက်များစွာ တင်ရိပ်ပြီး Reliable မဖြစ်သော

    – နင်တို့ဟိုတယ်မှာ ဒီ Tour က သုံးနေသဖြင့် ငါတို့က သုံးလို့မရ၊ ငါတို့ကို သုံးစေချင်လျှင့် အဲဒီ Tour ကို မထားနှင့် ဟု ဗိုလ်ကျခဲ့သောသူများကို operation cost လေးကာမိအောင် ခေါင်းငုံ့သည်းခံခဲ့ရသော

    – စသဖြင့် မရိုးနိုင်၊ မဆုံးနိုင်သော ဗိုလ်ကျနည်း မျိုးစုံနှင့် ချယ်လှယ်ခဲ့ကြသော

    သူများ မဟုတ်ပါက
    အခန်းမရှိပါကလည်း တတ်နိုင်သမျှ ကြိုးစားပြီး ရှာပေးပါသည်။ ပိုက်ဆံမလွှဲလာသေးလို့ မယူပါနဲ့ဦးဆိုပါကလည်း အရမ်းကိုကြပ်နေသည့် နေ့များ မဟုတ်ပါက ပျော်ပျော်ကြီး စောင့်ပေးပါသည်။
    တကယ့်ကို ဧည့်သည်က မလာလို့ cancel ဖြစ်ပါက အခြားသူကို အစားထိုးထည့်ပေးလို့၊ အစားထိုးရောင်းပေးလို့ ရပါက ၎င်းရက်အတွက် ပြန်ပြီးလည်း Deduct လုပ်ပေးပါသည်ရှင့်။။။။။။။။။။။။။

    အဲဒီတော့ ဘယ့်သူ့ ဘယ်သူကိုမှ ဝဋ္ဋ်မလည်စေလိုသော်လည်း ကိုယ်တွေပြုခဲ့သော အဖို့ပါပဲလို့———

  • surmi

    January 25, 2013 at 3:58 pm

    လောလောဆယ်ဆယ် ပါးရိုက်လိုက် နားပြန်ကိုက်လိုက်နဲ ့တော့လည်နေဦးမှာပဲ
    တချိန်ကျရင်တော ့ ပြေလည်သွားမယ်ထင်ပါတယ်
    အေဂျင်စီ တွေ နဲ ့ တိုးဂိုက်တွေ ဘက်ကိုသေချာ မသိလို ့မပြောတတ်ပေမဲ ့
    တည်းဖူးတဲ ့ ဟိုတယ်အမည်ခံ ဟိုတယ်တွေရဲ ့ ဝန်ဆောင်မှုကိုတော ့……..
    လက်ရောခြေရောမြှောက်ပြီး စလံပေးပါရဲ ့ …….
    စောင် ့ဖတ်နေပါဦးမယ်………..

  • ရွှေ ကြည်

    January 25, 2013 at 6:51 pm

    အရာရာကဆက်စပ်နေတာတွေဆိုတော့လည်း အကြောင်းကြောင့်အကျိုးဖြစ်တာလည်းတပိုင်းပေါ့နော။
    ဒါပေမယ့်လက်ရှိကာလမှာကိုယ့်တိုင်းပြည်တိုးတက်အောင် နိုင်ငံခြားဝင်ငွေရအောင် ရင်းနှီးမြုပ်နှံမှုတွေလာအောင်
    ခရီးသွားလုပ်ငန်းတိုးတက်အောင် လုပ်ရမှာလေ အခုတော့တို့လူမျိုးကအခွင့်အရေးရတုန်း စင်ပေါ်ကနေလို့ရတုန်းတွယ်ပစ်လိုက်မယ်လို့တော့မဖြစ်သေးဘူးထင်တယ်။ အခုတိုင်းပြည်အခြေအနေကဝရုန်းသုန်းကားနဲ့ စိတ်ပျက်စရာပဲ။ အခုလိုလုပ်တော့ တိုင်းတပါးကအထင်သေးမယ် နာမည်ပျက်မယ်ယုံကြည်မှုမဲ့ကုန်မယ်။ ပြီးတော့မကြိုက်တာက နိုင်ငံခြားသားတွေမြန်မာမိန်းကလေးနဲ့လက်ထပ်ပြီး ခရီသွားလုပ်ငန်းကိုမိန်းမနာမည်နဲ့လုပ်နေတာတွေကြားမိတယ်.။ အားလုံးညီညွတ်စေချင်တာရင်ထဲကစေတနာပါ။

  • Mr. MarGa

    January 25, 2013 at 6:55 pm

    အဆက်ကို စောင့်နေပါသည်။
    ပြဿနာများကို ရိပ်မိပါ၏
    ပြင်သင့်သောအချိန်ကို ရောက်နေပါပြီ
    နောက်မှ အသေးစိတ် မန့်ပါမည်

  • ၁ ဆိုတော့ကာ …
    ၂ တွေ ၃ တွေ … စတဲ့ .. စတဲ့ ..
    အဆုံးမရှိတဲ့ ဂဏန်းတွေ လာနိုင်သေးတာပေါ့နော် ..

    ဒါပေမယ့် ကျုပ်ကတော့ ..
    တစ်ယောက်တည်းပဲဗျ .. သိရားး
    (ကြုံတုံးလေး .. ဟီဟိ) :mrgreen:

  • Myat Pearl Phyu

    January 8, 2015 at 3:26 pm

    အတွေ့အကြုံလေးတွေပေါ့။
    ဒါက ၁ ဆိုတော့ နောက်ထပ်အတွဲတွေလိုက်ရှာရဦးမယ်။

Leave a Reply