မြင့်မိုရ်ရှေ့က ဒိုင်း
ကတ္တရာလမ်းက နွေးနေတယ်
ခံစားမှုအသိက ထုံထိုင်းအေးစက်လို့
ဗလာဖြစ်နေတဲ့ ရင်ခွင်တစ်ခုမှာ
ခိုနားရာမဲ့ ဝေဒနာတွေကြီးဆိုးနေတယ်.။
တဆာဆာအော်ငိုနေတဲ့ ကလေးတစ်ယောက်လို
ငါ့နားကို နှိပ်စက်နေတာမဟုတ်ဘူး။
ကူကယ်မဲ့လက်တစ်စုံက တင်းတင်းကျပ်ကျပ်ဖက်လို့
ဆောင်းညအလွန် လမ်းမနဘေးမှာ
ခြေဗလာနဲ့လမ်းကိုလျှောက်
မည်းမှောင်နေတဲ့ညရဲ့ တိတ်ဆိတ်မှုက ငါ့အတွက်
အကျည်းတန်စေရဲ့
မူးနောက်နောက်အတွေးတစ်ချို့နဲ့
ပါးစပ်ကလွှတ်ခနဲ့ခေါ်မိတဲ့ နာမည်က ဒေါက်တာ..။
ရှေ့ပြေးနမိတ်အနေနဲ့အတိတ်စိမ်းပေးတယ်
သွေးစိမ်းရှင်ရှင်ထွက်နေသူကိုမှ အဖြေထုတ် ခပ်နာနာနဲ့
စကားလုံးတစ်ချို့ထွက်ကျလာတယ်
သေချာတယ် စေတနာလျော့တယ်
ခြေလှမ်းတွေ ယိုင်လဲလုလု ဝေဒနာအစုစု က နှိပ်စက်ကလူပြု
ဒါတွေက ပမွှားလေးတွေ
ဟော မြင့်မိုရ်တောင်ကို ကိုင်လှုပ်နေကြတယ်
သူတို့တွေ သူတို့တွေ
မေတ္တာတရားဆိုတာ ဗလာ
စေတနာဆိုတာ ဗလာ
နွေးထွေးမှုဆိုတာ ဗလာ
လျင်မြန်ခြင်းဆိုတာ ဗလာ
ဗလာ ဗလာတွေ များတဲ့လောက
အခွံချည်းရှိတာကို အဆန်လို့မြင်တယ်
ယောင်မှားတဲ့ ယုံမှားခြင်းတွေနဲ့လူတွေ…။
တိတ်ဆိတ်ငြိမ်သက်ခြင်းက
ငါ့ကိုအဖော်မပြုဘူး။
သက်ပြင်းချသံတွေ ထုံမွှန်းတဲ့ည
မီးမရှိတဲ့ည
စောင်မရှိတဲ့ည
ငါ့ကိုယ့်ငွေ့ ငွေ့ငွေ့ကလေးနဲ့ မြင့်မိုရ်နွေးမလား
မေတ္တာတွေ မျက်လုံးအိမ်ကနေ လမ်းလျှောက်ထွက်တယ်..
တားဆီးမရမယ့်အတူတူတော့ လျှောက်စမ်း
ဒါပေမယ့် မင်းတို့ အသံမထွက်စေနဲ့….။
မရပ်မနား မျက်ဝန်းတွေလှုပ်ရှားနေတယ်..
တောင်မြှောက်ဆိုတာ လူးလားခလောက်ဆန်
တည်ငြိမ်နေလို့မဖြစ်တဲ့ မျက်ဝန်းက အဖြေကို
မြင့်မိုရ် မသိစေနဲ့
မမြင်စေနဲ့…။
သက်သာသွားမှာပါ ဆိုတဲ့ စကားလုံး
အလုံးပေါင်း ရာ ထောင်ချီမက
ကမာ္ဘအပြင်ဘက်အထိ အင်ဖနတီ အဆုံးမရှိစေ အစမရှိစေ
အားဆေးဆိုတာ ငါ့လက်မှာလား…
သူတို့တွေဆီမှာလား…
မိသားစုဆီမှာလား။
မိတ်ဆွေသူငယ်ချင်းဆီမှာလား…။
လား လား လားတွေ အပ်ကြောင်းထပ်
မျှော်လင့်တိုင်းမရတဲ့ အသိမှားတွေနောက်
ကောက်ကောက်ပါအောင် လိုက်တယ် ပြေးတယ်။
မီတယ်…။ ဝေးတယ်…။
အစစ်လို့ထင်ခဲ့တာတွေ အတုဖြစ်လို့
ယောင်ယောင်လေးထင်တဲ့အရာတွေ စစ်မှန်နေတယ်
ဖုန်းတွေမြည်တယ်
ဟော Incoming Call
ဟယ်လို ဟယ်လို ဟယ်လိုနဲ့
ငါ့ပါးစပ်က
ကျေးဇူးတင်ပါတယ်..။
တာဝေးလမ်းမထက်ကနေ အပြေးရပ်လိုက်တဲ့
လူတစ်ယောက်လို
ငါ မောနေတာမဟုတ်ဘူး
အတွေးတွေဆူပွက်
ခိုလုံစရာမရှိတဲ့ မန်းရင်ခွင်မှာ
တောင်ပြေးမလား မြောက်ပြေးမလား
ခုန်ထွက်ကုန်တဲ့ အသပြာတွေ မဖမ်းအားဘူး
စေတနာမျက်လုံးတွေသာ လိုက်ရှာ
သူ့ဆီမှာလား
ဟိုလူ့ဆီမှာလား
ပြေးပြေးလွှားလွှား
မတွေ့ရဘူး
မမြင်ရဘူး
အချို့တွေ မျက်လုံးတွေချိုတယ်
အချို့တွေ အပြောတွေချိုတယ်
အချို့တွေ မျက်လုံးစိမ်းစိမ်းတွေနဲ့
အချို့တွေ သံမဏိလို အပြောတွေနဲ့
မမောနဲ့ မြင့်မိုရ်
အားမငယ်နဲ့ မြင့်မိုရ်
ငါ့လက်မှာ အင်အားတွေရှိတယ်
ယူပါ…..သုံးပါ….မှီခိုပါ မြင့်မိုရ်….
တစ်ဖက်စောင်းငဲ့လိုက်တာနဲ့
ဟော မျက်ဝန်းကနေ
လမ်းလျှောက်ထွက်ကြပြန်ပြီ မြင့်မိုရ်..။
အစစ်တွေ လမသာတဲ့ ညမှာ
သူ့ကိုယ်မမြင်ဖူး
သူ့ကိုယ်မမြင်ဖူး
ဖုန်းမှာ အသံလေးကြားရုံနဲ့
ဟော
မင်းနဒီခ၊ မောင်နိုင်လင်း
ကြည့်
ကိုနေမိုး၊ ညီမင်းဝေ
လှိုက်ဖိုတဲ့ ဝမ်းသာခြင်းတွေနဲ့ ပီတိဆိုတာ ရင်ဝမှာ တစ်တစ်ဆို့
ငါ့မှာ
ကိုပေါက်ရှိတယ်
ဦးမာဃရှိတယ်
ဗုံဗုံရှိတယ်
ဂေဇက်ရှိတယ်
အွန်လိုင်းလင်းရောင်ခြည်ရှိတယ်..
မိတ်ဆွေစစ်တွေရှိတယ်
မိသားစုတွေရှိတယ်
အားတွေ အားတွေ
မြင့်မိုရ်ရှေ့မှာ ဒိုင်းတစ်ခုလို………….။
သော်ဇင်(လွိုင်ကော်)
Date-5th-Feb-2013
Time-05:26PM
မှတ်ချက်။ ။ကဗျာ ကဏ္ဍတွင်တင်ထားသော်လည်း ကဗျာတစ်ပုဒ်ဟု မမှတ်ယူလိုပါ။ ကျွန်တော် ကဗျာမရေးတတ်ပါ။ ခံစားမှုစာစုအဖြစ်မြင်၍ ဖတ်ရှုပေးစေလိုပါသည်။
8 comments
nozomi
February 6, 2013 at 2:28 pm
အမေ့ ပုံ မြင်ဘူး ထားတာမို့
ခံစားချက် အပြည့်နဲ့ ဖတ်သွားပါတယ်
this too ,shall pass away ပါ ကိုသော်ဇင် ရေ
အချိန် တန် ရင် အားလုံးကို အကောင်းဆုံး ဖြေရှင်း ကျော်လွှားသွားနိုင်မှာပါ
kyeemite
February 6, 2013 at 3:37 pm
ကိုသော်ဇင်..ရေ
သတင်းစကြားရကတည်းက စိတ်မကောင်းကြပါဘူး
အဝေးမှာမို့လူကိုယ်တိုင်မရောက်နိုင်ပေမဲ့
ကိုသော်ဇင်ရဲ့ မြင့်မိုရ်တောင်ဦးမကကျူးတဲ့ ကျေးဇူးရှင်
အမေ့ အတွက်စိတ်နဲ့တော့မေတ္တာပို့နေကြပါတယ်။
မန်းလေးကရွာသူသားများ ကိုယ်တိုင်သွားရောက်အားပေးကြကြောင်းသိရတဲ့အတွက်လည်း
ကိုပေါက်ဦးဆောင်တဲ့ ရွာသူားများကိုကျေးဇူးတင်ပါတယ်ဗျာ..
P chogyi
February 6, 2013 at 5:30 pm
ကိုသော်ဇင်စာပြန်ရေးပြီးလား
အမေကောသက်သာရဲ့လား၊ ထပ်တူမျှ ခံစားရပါတယ်။
ကျွန်တော်အဒေါ် ရန်ကုန်က မျက်နှာမေးရိုးဌာနမှာ တစ်လလောက်တက်ခဲ့တော့
အဲဒီလိုမျိုးတွေ အမြဲတွေ့နေရတာ။
မောင်ပေ
February 6, 2013 at 8:13 pm
ကိုသော်ဇင့်ရဲ ့ခံစားမှုစာစု မှာ သားတစ်ယောက်ရဲ ့ချစ်ခြင်းတွေကို တွေ ့ရှိသွားပါတယ်
Mr. MarGa
February 6, 2013 at 9:21 pm
မြင့်မိုရ် မပြိုတာကိုက ကံကောင်းလှပါပြီဗျာ
သားတစ်ယောက်အနေနဲ့
ထပ်တူထပ်မျှလဲ ခံစားမိပါတယ် လို့
မဟာရာဇာ အံစာတုံး
February 6, 2013 at 9:53 pm
ကိုသော်ဇင်ရေ …
မိဘ အတွက် သားတစ်ယောက်ရဲ့ ချစ်ခြင်းတရား …
မိတ်ဆွေစစ်များရဲ့ ခွန်အားတွေကို …
မြင်သွားပါတယ်ဗျို့ …..။
ခင်ဗျားရဲ့ မြင့်မိုရ် အမြန်ဆုံး ပြန်ကောင်းလာပါစေဗျာ …။
ဖေပေါက်ဂျီး၊ သဂျားနဲ့ မိဗုံ တို့ကိုလည်း သာဓု ခေါ်ပါရစေဗျာ …။
အလင်းဆက်
September 15, 2013 at 5:40 pm
ကိုသော်ဇင်တစ်ယောက်လည်း
ဂဇက်ဘက် မလှည့်အားပဲ ပျောက်နေတာ နည်းနည်းကြာပြီ။
ကိုသော်ဇင့်ရဲ့ ရသ စာ/ ကဗျာတွေကို
ဆာ လာလို ့
ပြန်ရှာ ဖတ်ရင်း
ဒီကဗျာလေးကို ပြန်ဖတ် ပြန်ခံစားကြည့်မိတယ်
ကဗျာ လိုပဲ ဖတ်ပြီးကဗျာ ကိုပဲ ခံစားလိုက်ပါတယ်။
သော်ဇင် (လွိုင်ကော်)
September 15, 2013 at 6:06 pm
ဟုတ်ကဲ့ဗျာ ကျွန်တော် ဂေဇက်ကိုမလှည့်နိုင်တာကြာပါပြီ။ အလင်းဆက် ကျွန်တော့်စာတွေကို ဆာလို့ပြန်ရှာဖတ်နေရတယ်ဆိုတော့ ရင်ထဲတမျိုးပဲဗျာ။ ကျွန်တော်ပြန်လာနိုင်အောင်ကြိုးစားပါ့မယ်။