ကချင်ပြည်နယ်သို့တစ်ခေါက်
တိုင်းရင်းသား ညီအစ်ကိုမောင်နှမများဖြစ်တဲ့ ဂျိမ်းဖောလူမျိုးများ နေထိုင်ရာ ကချင်ပြည်နယ်ကို ၁၉၉၁ ခုနှစ် စက်တင်ဘာလ လောက်မှာ ကျွန်တော် ရောက်ရှိခဲ့ပါတယ်။ မြန်မာပြည်မြောက်ဖက်ပိုင်း နှင်းဖုံးတဲ့ တောင်တန်းများရှိရာ ကချင်ပြည်နယ်မှာ ဂျိမ်းဖော၊ လီဆူး၊ ရဝမ် အစရှိတဲ့ တိုင်းရင်းသားလူမျိုးများနဲ့ လူဦးရေ တစ်ဆယ့်လေးသိန်းခန့် နေထိုင်ကြပါတယ်။
ကျွန်တော့်အမေဟာ မန္တလေး-ဗန်းမော်-မြစ်ကြီးနား ကားလမ်းဖောက်လုပ်ရေးစီမံကိန်းအတွက်ဗန်းမော် မြို့မှာရှိတဲ့ ခရိုင်ပြည်သူ့ဆောက်လုပ်ရေးရုံးကို ပြောင်းရွှေတာဝန်ထမ်းဆောင်ဖို့ အမိန့်ထွက်လာခဲ့တဲ့နောက် ကျွန်တော်အစ်ကိုဖြစ်သူနဲ့ အတူ မတ်လလောက်မှာ ဗန်းမော်ကို ပြောင်းသွားခဲ့ပါတယ်။ ကျွန်တော်ကတော့ ဆောက်လက်စအိမ်အပြီးသတ်ဖို့ ကျန်နေသေးတာကြောင့် အိမ်စောင့်အဖြစ်နဲ့ ပုဂံမြို့မှာ ကျန်နေခဲ့ပါတယ်။ စက်တင်ဘာလရောက်တော့ မိုးလည်းကျလာပြီ လုပ်ငန်းတွေလည်းမကျန်တော့တာကြောင့် ဗန်းမော်ကိုလိုက် သွားဖို့ စိတ်ကူးမိပါတယ်။
ဒီလိုနဲ့ ပုဂံမြို့ကနေ မန်းရွှေမြို့တော်ကြီးကို ကားနဲ့သွားခဲ့ပါတယ်။ အဲဒီအချိန်က အဝေးပြေးကားတွေက အခုလို Express ကားကြီးတွေမရှိသေးလို့ BD လို့ခေါ်တဲ့ လူရောကုန်ပါတင်တဲ့ကားကြီးတွေနဲ့ သွားရတာမို့သိပ် ပြီး အဆင်မပြေလှပါဘူး။ မန္တလေးရောက်တဲ့အခါမှာတော့ စရိတ်ကုန်သက်သာပြီး စားရေးသောက်ရေးပါအဆင် ပြေတဲ့ ဘုရား ကြီးမြောက်ဘက်က မြင်းဝန်ဘုန်းကြီးကျောင်းမှာပဲ တည်းလိုက်တယ်။ ဗန်းမော်မြို့ကို ဘယ်လို သွားရလဲ စုံစမ်း ကြည့်လိုက်တော့ လေယာဉ်နဲ့ သင်္ဘောခရီးစဉ်နှစ်ခုရှိတယ်လို့သိရတယ်။ လေယာဉ်လက်မှတ်ခ က ဈေးကြီးပြီး ရဖို့လဲမလွယ်ဘူးဆိုတော့ သင်္ဘောနဲ့ပဲသွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။
သင်္ဘောလက်မှတ်ကို ၂ ရက်ကြိုဝယ်ရပါတယ်။ မန္တလေးဆောက်လုပ်ရေးရုံးက ကူညီပေးလို့လက်မှတ် သွားမဝယ်ရပဲ သူတို့ဝယ်ပြီးလာပေးလို့ အဆင်ပြေသွားတယ်။ သင်္ဘောက မနက်စောစောထွက်မယ် ညနေ ကတည်းကဆင်းပြီး သင်္ဘောပေါ်မှာအိပ်လို့ရတယ်ဆိုတာနဲ့ ညနေပိုင်းမှာ သင်္ဘောဆိုက်ကပ်ထားတဲ့ ဂေါဝိန် ဆိပ်ကိုသွားခဲ့ပါတယ်။ ဂေါဝိန်ဆိပ်ရောက်တော့ ဗန်းမော်သွားမယ်သင်္ဘောကို စုံစမ်းမေးမြန်းပြီးတော့ သင်္ဘော ကို ဆင်းခဲ့ပါတယ်။
မန္တလေး-ဗန်းမော် ခရီးစဉ်မှာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးက ရေယာဉ်များက အသွားအပြန်ခရီး စဉ် တစ်ပတ်တစ်ကြိမ်ခန့်ပြေးဆွဲနေတာဖြစ်ပြီး နာမည်တွေကလည်း ပေါက်တော၊ ပန်းတော်၊ ပိတောက် ဆိုပြီး ရေယာဉ် အားလုံး ပစောက်နဲ့စတဲ့နာမည်တွေ တပ်ထားတာကို ထူးထူးဆန်းဆန်း တွေ့ရပါတယ်။ ရေ ယာဉ်ပေါ်ရောက်လို့ မေးကြည့်တဲ့အခါကြမှ ပီအမျိုးစားရေယာဉ်တွေ့မို့ အဲဒီလိုနာမည်ပေးထားတာလို့ သိခဲ့ရ ပါတယ်။ ကျွန်တော် စီးနင်းလိုက်ပါရမယ့် ရေယာဉ်ကတော့ ပန်းတော်ဆိုတဲ့ရေယာဉ်ပါပဲ။ သင်္ဘောပေါ်အရောက် မှာစတွေ့တာပါပဲ။ လက်မှတ်မှာခုံအမှတ်ရေးထားလို့ ကားတွေ၊ ရထားတွေမှာလိုမှတ်လို့ လိုက်ရှာတာ ဘယ်ဟုတ်ပါ့မလဲ။
ပန်းတော်ရေယာဉ်ဟာ နှစ်ထပ်ခရီးသည်နဲ့ကုန်တင်အမျိုးအစားရေယာဉ်ဖြစ်ပါတယ်။ ရေတိမ်ပိုင်းသွား တဲ့ ရေယာဉ်ဖြစ်တဲ့အတွက် ရေစူးက ၂ ပေခွဲခန့်ပဲရှိပြီး၊ အရှည် ၁၆ဝ ပေနဲ့၊ အကျယ် ၃၀ ပေခန့်ရှိပါတယ်။ နှစ်ထပ်ရဲ့အပေါ် အမိုးမှာ ရေယာဉ်မောင်းရန် အဆောက်အဦငယ်လေးရှိပါတယ်။ အဲဒီအပေါ်ကနေရေယာဉ်ကို ပဲ့ကိုင်မောင်းနှင်တာဖြစ်ပါတယ်။ အပေါ်စီးကနေမြင်နိုင်သလို ရေယာဉ်မောင်းများရဲ့ လုံခြုံရေးအတွက်လည်း ဖြစ်ပါတယ်။ ယခင်က ရေယာဉ်ကိုသောင်းကျန်းသူတွေက စီးနင်းတိုက်ခိုက်ရင် ရေယာဉ်မောင်းခန်းကို သိမ်းပြီး ကမ်းကပ်ခိုင်းတတ် တဲ့အတွက်ဖြစ်ပါတယ်။ ကျွန်တော်စီးတဲ့အချိန်ကတောင် လုံခြုံရေးလိုက်ပါနေရတုန်းပဲ ဖြစ်ပါတယ်။ (ပထမ အကြိမ် ကေအိုင်အေနဲ့ ငြိမ်းချမ်းရေးသဘောတူညီမှုရတာ ၁၉၉၄ ခုနှစ်မှာဖြစ်ပါတယ်။)
ပြောရင်းနဲ့လမ်းကြောင်းချော်သွားပြီ၊ ရေယာဉ်ဝမ်းဗိုက်ထဲမှာ ကုန်တွေကိုထည့်သွင်းသယ်ဆောင်သလို အောက်ထပ်မှာလည်းကုန်တွေတင်ပါတယ်။ ကုန်ပိုင်ရှင်နဲ့ ခရီးတိုသွားလာသူတွေကတော့ အောက်ထပ်ကုန် တွေကြား၊ လွတ်တဲ့နေရာတွေမှာ အဆင်ပြေသလိုလိုက်ပါတယ်။ အပေါ်ထပ်ကို အပိုင်း ၃ ပိုင်းခွဲထားပါတယ်။ ပထမတန်း၊ ဒုတိယတန်းနဲ့ ရိုးရိုးတန်း(တတိယတန်း)ပါ။ ပထမတန်းက ဦးပိုင်းမှာ အိပ်ခန်းတွေနဲ့ဖြစ်ပါတယ်။ ဒုတိယတန်းက ဦးပိုင်းနဲ့ အိပ်ခန်းတွေကြား လွတ်နေတဲ့နေရာဖြစ်ပြီး၊ အိပ်ခန်းကနေပဲ့ပိုင်းတစ်လျှောက်က ရိုးရိုး တန်းဖြစ်ပါတယ်။ ရိုးရိုးတန်းက သင်္ဘောကြမ်းပြင်မှာ ၂ ပေခွဲ x ၆ ပေခန့် မျဉ်းအဖြူဆွဲထားတဲ့ အကွက်လေးတွေ ဖြစ်ပါတယ်။ မျဉ်းတစ်ကွက်က ခရိးသည်တစ်ဦးအတွက်ဖြစ်ပြီး အမှတ်စဉ်ရေးထားပါတယ်။ ဒုတိယတန်းက လည်း ကြမ်းပြင်မှာ မျဉ်းဆွဲထားတာပဲဖြစ်ပြီး ရိုးရိုးတန်းထက် ၂ ဆခန့်ကျယ်ပြီး ၁ဝ ဦးစာလောက်ပဲဖြစ်ပြီး၊ လူသွားလူလာလည်းမရှုပ်ပါဘူး။ ပထမတန်းအိပ်ခန်းတွေမှာတော့ ၂ ယောက်ခန်းတွေဖြစ်ပါတယ်။ ရေချိုးခန်း အိမ်သာတွေတွဲလျှက်ပါပါတယ်။ ဒုတိယတန်းနဲ့ ရိုးရိုးတန်းခရီးသည်တွေကတော့ အောက်ထပ်က ရေချိုးခန်း အိမ်သာတွေကို အသုံးပြုရပါတယ်။ အပေါ်ထပ်ပဲ့ပိုင်းမှာတော့ ရေယာဉ်စားသောက်ဆိုင်ရှိပါတယ်။ တစ်ချို့ အမြဲသွားလာနေတဲ့ ခရီးသည်တွေကတော့ အောက်ထပ်ပဲ့ပိုင်းမှာ မီးသွေးမီးဖိုလေးတွေနဲ့ ချက်ပြုတ်စား သောက်ကြတာကိုလဲ တွေ့ရပါတယ်။
ဒီခရီးကို တစ်ခါမှ မသွားဖူးတဲ့ကျွန်တော့်အတွက်ကတော့ မျဉ်းဖြူအကွက်လေးထဲမှာထိုင်ပြီး ဘာလုပ်ရ မှန်းမသိဖြစ်နေပါတယ်။ သွားနေကြခရီးသည်၊ အဖော်အပေါင်းများသူတွေက ပါလာတဲ့ အခင်းလေးတွေခင်း၊ အထုတ်အပိုးတွေနေရာချလို့ လှုပ်ရှားစည်ကားနေပါတော့တယ်။ ဒီလိုမျိုးအခြေအနေတွေမသိလို့ ကျွန်တော်မှာ ခရီးဆောင်အဝတ်အစားအပြင်အပိုပါမလာတဲ့အတွက် ပုဆိုးခင်းပြီးကွေးရမလိုဖြစ်နေပါတော့တယ်။ ခဏအကြာ ကျွန်တော့်ဘေးရောက်လာတာက ရိုးသားတဲ့ ကချင်တိုင်းရင်းသူနှစ်ယောက်ပါ။ သူတို့က ကျွန်တော်အဖြစ်ကို ကြည့်မနေနိုင်လို့ သူတို့ပါလာတဲ့အခင်းထုတ်ပေးတဲ့အတွက် အဆင်ပြေသွားပါတယ်။ တစ်ယောက်ချင်းအတွက် မကျယ်ဝန်းလှတဲ့ အဲဒီနေရာကမကျယ်ဝန်းပေမဲ့ သူတို့နှစ်ယောက်နဲ့ ပေါင်းလိုက်တော့ သက်တောင့်သက်သာ တော့ဖြစ်သွားတယ်။ အဲဒီကချင်မလေး၂ယောက်နဲ့ ဗန်းမော်သွားတဲ့ခရီးစဉ်တစ်လျှောက် ခင်မင်ရင်းနှီးမှုတွေတိုး ခဲ့ပါတယ်။ (ကိုကြီးကျောက်ခဲ လိုပဲ ဘေးချင်းကပ်ပြီးအိပ်ခဲ့ယုံပါ၊ ဘာမှမဖြစ်ပါဘူး)
ခရီးသွားအချင်းချင်းတစ်ယောက်ဘေးတစ်ယောက် ကြားထဲမှာ ခရီးဆောင်အိပ်လေးတွေ ဆွဲခြင်းလေး တွေချပြီး၊ အဆင်ပြေ ခင်မင်ရင်းနှီးစွာ ခရီးဆက်ခဲ့ကြတာ စိတ်ဝင်စားဖွယ် အတွေ့အကြုံသစ်တစ်ခုပါပဲ။ ကချင် ပြည်နယ်ရဲ့ ပထမဦးဆုံးခရီးစဉ်မှာပဲ တိုင်းရင်းသားတွေရဲ့ ရိုးသားဖော်ရွေတဲ့ခင်မင်မှုနဲ့ ဆီးကြိုခံခဲ့ရလို့ ပီတိ လည်းဖြစ်မိပါတယ်။ ကျွန်တော်ဗန်းမော်မြို့မှာ နေခဲ့တဲ့ ၃ နှစ်ကျော်ကာလအတွင်းမှာလဲ သူတို့တစ်တွေက အရင်းနှီးဆုံးသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။ ခုတော့လည်း သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ပြတ်တောက် နေခဲ့ပြီး ဘယ်ဆီကိုရောက်နေမှန်းမသိတော့ပါဘူး။
ကဲပါလေ ခရီးစဉ်ဖက်ဆက်လိုက်ရအောင် မန္တလေးကနေ နံနက် ၅ နာရီခွဲလောက်မှာ သင်္ဘောကြီးက ဂေါဝိန်ဆိပ်ကနေ ဥဩသံ တဘော်ဘော်ပေးပြီးထွက်ခဲ့ပါတော့တယ်။ လမ်းခရီးတစ်လျှောက် ကျောက်မြောင်း သပိတ်ကျင်း၊ ဝါးဖြူ၊ တကောင်း၊ မြတောင်၊ ကသာနဲ့ ရွှေကူမြို့တွေ့ကို တစ်မြို့ဝင်တစ်မြို့ထွက် ဆိပ်ကမ်းတွေ ကပ်၊ ခွာနဲ့ ခရီးဆက်ခဲ့ပါတယ်။ မရောက်ဖူးတဲ့ဒေသအသစ်လည်းဖြစ် သင်္ဘောပေါ်မှာဘာမှလုပ်စရာလဲမရှိနဲ့ အရွယ်ကလည်းငယ်သေးတော့ (အဲဒီအချိန်က ၁ဝ တန်းစာမေးပွဲဖြေပြီးကာစပေါ့) တစ်မြို့ရောက် ဆိပ်ကမ်း ကပ်တာနဲ့ ထိပ်ဆုံးကပြေးဆင်း၊ သင်္ဘောထွက်ပြန်တက်နဲ့ ကစားစရာအသစ်ရတဲ့ ကလေးလိုဖြစ်နေတာပေါ့။ မြို့အကြီးအငယ်၊ လူအတက်၊ အဆင်း၊ ကုန်အတင်အချပေါ်မူတည်ပြီး နာရီဝက်ကနေ၊ ၃ နာရီလောက်ကြာ တတ်ပါတယ်။
နံနက်စောစော သင်္ဘောပေါ်က စားသောက်ဆိုင်မှာ နံနက်စောစောစားပြီး ဘာအလုပ်မှ မရှိတဲ့ ကျွန်တော်အတွက် ဒီခရီးစဉ်၊ သင်္ဘောပေါ်မှာ စပ်စုစရာ၊ ဗဟုသုတရစရာတွေအများကြီးပေါ့။ သင်္ဘောပေါ်မှာ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့၊ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီးသေတ္တာတွေ၊ အာလူး၊ ကြက်သွန်အိတ်တွေနဲ့ ငရုတ် သီးအိတ်တွေ တင်ဆောင်လာပါတယ်။ (တစ်ချို့ ချက်ပြုတ်စားတဲ့သူတွေက လိုတဲ့ အသီးအရွက်တွေကို တင်လာတဲ့ ကုန်တွေထဲကနှိုက်ပြီး ချက်နေတာတောင်တွေ့လိုက်သေးတယ်)။ သံစည်ပိုင်းပြတ်ကြီးတွေနဲ့ ထည့်ထားတဲ့ကုန်တွေကို မေးကြည့်တော့ သကာရည်လို့သိရပါတယ်။ အောက်ထပ် ဦးပိုင်းမှာ အခန်း ၄ခန်း တွေ့ရပြီး၊ သင်္ဘောစာရေးကြီးတစ်ခန်း၊ လက်မှတ်ရောင်းတစ်ခန်းနဲ့ သင်္ဘောသား နှစ်ခန်းဖြစ်ပါတယ်။ ပြီးရင် ကွပ်လပ်အနည်းငယ်ရှိပြီး ကုန်းဘောင်ပျဉ်တွေထားတဲ့နေရာဖြစ်ပါတယ်။ အဲဒီနေရာမှာ ခရီးတိုသွားလာတဲ့သူ တွေ နေရာယူကြပါတယ်။ ပြီးရင် စက်ခန်းပေါ်ကနေကျော်ပြီး အပေါ်ထပ်တက်တဲ့ လှေခါးနှစ်ဖက်ရှိပါတယ်။ နောက်ပိုင်းမှာတော့ ကုန်သေတ္တာတွေတင်ထားတာများပါတယ်။ ပန်းတော်သင်္ဘော ကြီးက ကျောက်မြောင်း၊ သပိတ်ကျင်း၊ တကောင်းမြို့တွေဖြတ်ကျော်ပြီး မြတောင်မရောက်ခင် ရေလယ်မှာပဲ သောင်ထိုးပြီးရပ်လိုက် ပါတယ်။ ကျွန်တော်က ဘာဖြစ်လို့ရပ်လိုက်တာလဲမေးကြည့်တော့ ညဖက်အမြင်တာက မကောင်း၊ ရေက တိမ်တာမို့ နံနက်စောစောမှ ဆက်ထွက်မယ်လို့ သင်္ဘောသားတစ်ဦးကရှင်းပြပါတယ်။
နောက်တစ်နေ့ နံက် ၅ နာရီလောက်မှာဆက်ထွက်ခဲ့ပြီး မြတောင်ကိုကပ်ပြီး နေလည်ပိုင်းမှာ ကသာမြို့ ကိုရောက်ပါတယ်။ ကသာမှာ ကုန်တင်၊ ချများတဲ့အတွက်ညအိပ်ရပ်နားပါတယ်။ မြို့ပေါ်ကို တက်လည်လို့ ရပေမဲ့ ဒေသစိမ်းမို့ ကမ်းနားတစ်လျှောက်ပဲ လည်ပတ်ခဲ့ပါတယ်။ ညစာစား လက်ဘက်ရည်ဆိုင်ထိုင်ပြီင်္း ၉ နာရီ လောက်သင်္ဘောပေါ်ပြန်တက်ခဲ့ပါတယ်။ ည ၁ဝနာရီမှာမီးပိတ်ပြီး အတက်အဆင်းလုပ်လို့မရပါဘူး။ထုံးစံအတိုင်း နံက် စောစော ၅ နာရီကျော်လောက်မှာ ကသာမြို့ကထွက်ပြီး ရွှေကူမြို့ကို ဦးတည်ခုတ်မောင်းပါတော့တယ်။ ရွှေကူ မြို့မှာ ကုန်တင်ချ ၃ နာရီလောက်ကြာမယ်ဆိုလို့ မြို့ထဲသွားပြီး လက်ဘက်ရည်နဲ့ ရွှေကူရဲ့နာမည်ကျော် ကိတ်မုန့်ကို စားခဲ့လိုက်သေးတယ်။ ရွှေကူကထွက်တော့ မကြာခင်မှာပဲ ဧရာဝတီဖြစ်ရဲ့ ဒုတိယမြစ်ကျဉ်းကို ရောက် လာပါတော့တယ်။ ဧရာဝတီမြစ်ကျဉ်းက ကျောက်နံရံနှစ်ခုကြားမှာရေက အရှိန်အဟုန်နဲ့စီးဆင်းနေတာ ဖြစ်ပါတယ်။ ကျောက်တောင်နံရံပေါ်မှာ မြစ်ဘက်ကို စွန်းထွက်နေတဲ့ ကျောက်စွယ်တစ်ခုရှိပြီး နွေအခါကာလမှာ ရေမျက်နှာပြင်အထက် ပေ ၄ဝ ကျော် ၅ဝ လောက်အမြင့်မှာရှိပေမဲ့ အခုလိုမိုးတွင်းကာလမှာ ရေမျက်နှာပြင်နဲ့ ထိစပ်နေတတ်ပါတယ်။ ဒေသခံတွေက ကြက်တူရွေးရေသောက်တယ်လို့ ခေါ်ကြပါတယ်။ အဲဒီကျောက်စွယ် ဟာ ကြက်တူရွေးတစ်ကောင်ရဲ့ ပုံသဏ္ဍာန်နဲ့ဆင်တူလို့ပါ။ ရေယာဉ်ဝန်ထမ်းတွေက ဆေးသုတ်ထားလို့ တစ် ကယ်ကြက်တူရွေးနဲ့မခြားပါ။ ကြက်တူရွေးနှုတ်ခမ်းရေမျက်နှာပြင်နဲ့ ထိစပ်သွားပြီဆိုရင် ရေအဟုန်ပြင်းလို့ ခရီး သည်တင်သင်္ဘောတွေ ဖြတ်မမောင်းနိုင်ပဲ ပြန်လန်ကျတတ်လို့ ရွှေကူမှာပြန်ပြီး ရေကျအောင်စောင့်ရတတ်ပါ တယ်။
ဘေးနှစ်ဘက်မှာ ကျောက်နံရံတွေ၊ ရေထဲမှာလည်း ကျောက်စွယ်တွေရှိတဲ့အတွက် ရေအရှိန်ကို မဖြတ် နိုင်လို့ သင်္ဘောလည်ထွက်သွားရင် အလွန်အန္တရာယ်များတဲ့နေရာဖြစ်ပါတယ်။ ဒုတိယအန္တရာယ်က မြစ်ကမ်းနှစ် ဖက်ဟာနီးကပ်နေပြီး ရေယာဉ်ထက်မြင့်မားတဲ့အတွက် သောင်းကျန်းသူများရဲ့ ကမ်းပေါ်ကပစ်ခတ်တဲ့အန္တရာယ် လည်းရှိပါတယ်။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာတော့ ကြက်တူရွေးနှုတ်ခမ်းကလည်း ရေပြင်အထက် ၄ ပေ လောက်မှာရှိပြီး၊ ရေအရှိန်အသင့်အတင့်မို့ သင်္ဘောဖြတ်မောင်းနိုင်ခဲ့သလို၊ ကမ်းပေါ်မှာလုံခြုံရေးအဖွဲ့တွေနေရာ ယူထားပြီး သင်္ဘောပေါ်ကလုံခြုံရေးတွေနဲ့ အပြန်အလှန်ဆက်သွယ်ရာ လမ်းရှင်းတဲ့အကြောင်းပြောလို့ချောချော မောမော ဖြတ်သန်းနိုင်ခဲ့ပါတယ်။ မြစ်ကျဉ်းအလွန်မှာတော့ စင်းခမ်းဆိုတဲ့ရွာကြီးရှိပါတယ်။ စင်းခမ်းပြီးတော့ ကောင်းတုံဆိုတဲ့ရွာကို ဖြတ်ကျော်ခဲ့ပြီး ဆက်လက်ခုတ်မောင်းခဲ့ရာ ဗန်းမော်မြို့ကြီးကို လှမ်းမြင်ရတဲ့နေရာကို ရောက်လာခဲ့ပါတော့တယ်။ နွေအခါ သင်္ဘောတွေက ဗန်းမော်မြို့လယ် ဆိပ်ကမ်းကို ဝင်ရောက်ဆိုက်ကပ်လို့ မရတဲ့အတွက် မြို့အစွန် ခွန်သာဆိုတဲ့နေရာမှာ ဆိုက်ကပ်ရပါတယ်။ အခုတော့ ဗန်းမော်မြို့မှ ကြိုဆိုပါ၏ဆိုတဲ့ မုခ်ဦးကြီးနဲ့ မြို့လယ်က ဆိပ်ကမ်းကို ပန်းတော်သင်္ဘောကြီးက ည ရ နာရီလောက်မှာ ဆိုက်ကပ်လာပါတော့ တယ်။ ထုံးစံအတိုင်း ဗန်းမော်မြို့ရောက်ရောက်ချင်း ဆိပ်ကမ်းကဆိုင်တန်းလေးမှာ ပထမဦးဆုံးကျွန်တော် စားခဲ့တာက ဆန်စီးခေါက်ဆွဲ နှစ်ပွဲဖြစ်ပါတယ်။ ဆန်စီးခေါက်ဆွဲကို ဘဲသွေးထည့်ပြီး အပေါ်က ပဲရွက်လေးတွေ အုပ်ထားတာ ကချင်ပြည်နယ်မှာ ကျွန်တော်အကြိုက်ဆုံး အစားအစာဖြစ်ပါတယ်ခင်ဗျာ။
11 comments
KZ
March 25, 2013 at 1:30 pm
သင်္ဘောခရီးမသွားဖြစ်တာ ကြာကြာလှပေါ့။
သူများတွေက လှိုင်းမူးလေ မစားလေ။
အနော်တို့က လှိုင်းမူးလေ စားကောင်းလေ။
ထီးချိုင် အထိပဲ စီးဖူးတာ။ ဗန်းမော်ထိတောင်မရောက်။
ဒါမဲ့ မိတ်ဆွေ ကချင်မလေး လုပ်ကျွေးတဲ့ ဆန်စေးခေါက်ဆွဲတော့စားဖူးသဗျ။
စားလို့ အတော်ကောင်းသော်လည်း တစ်ပွဲအပြင်မစားနိုင်။ အီ သကိုး။
:harr:
Myo Thant
March 25, 2013 at 1:56 pm
( ည ၁ဝနာရီမှာမီးပိတ်ပြီး အတက်အဆင်းလုပ်လို့မရပါဘူး။ထုံးစံအတိုင်း နံက် စောစော ၅ နာရီကျော်လောက်မှာ ကသာမြို့ကထွက်ပြီး ရွှေကူမြို့ကို ဦးတည်ခုတ်မောင်းပါတော့တယ်။ ရွှေကူ မြို့မှာ ကုန်တင်ချ ၃ နာရီလောက်ကြာမယ်ဆိုလို့ မြို့ထဲသွားပြီး လက်ဘက်ရည်နဲ့ ရွှေကူရဲ့နာမည်ကျော် ကိတ်မုန့်ကို စားခဲ့လိုက်သေးတယ်။ ရွှေကူကထွက်တော့ မကြာခင်မှာပဲ ဧရာဝတီဖြစ်ရဲ့ ဒုတိယမြစ်ကျဉ်းကို ရောက် လာပါတော့တယ်။ )
ကသာကနေ ရွှေကူကို တစ်နေကုန်မောင်းရပါတယ် ၊
မန္တလေး – ဗန်းမော် အဆန်ခရီးဟာ ၃ ညအိပ် ၄ ရက်ကြာပါတယ် ၊ အစုန်က ၂ ညအိပ် ၃ ရက်ပါ ၊
ကသာ ၊ ရွှေကူတို့ဟာ အဆန်ခရီး ညအိပ်ရပ်နားရာ ဆိပ်ကမ်းတွေပါ ၊
အစုန်မှာတော့ ဗန်းမော်က မနက်ထွက် နေ့လည် ရွှေကူရောက် ၊ ဆက်ထွက် ညနေပိုင်း ကသာရောက် အဲဒီမှာ ညအိပ်ပါတယ် ၊
ကသာ နဲ့ ဗန်းမော်ဟာ မိုင် ၈ဝ ဝန်းကျင် ဝေးပြီး ရွှေကူက အလယ်ဗဟိုလောက်မှာပါ ၊
ကျွန်တော်က ရွှေကူသားပါဗျာ
ရာမည
March 25, 2013 at 7:24 pm
ရေကြောက်လို ့ ရေလမ်းခရီးမသွားဖူးဘူး
ဒီစာကိုဖတ်ပြီး ခုလိုချိန်မှာ သူငယ်ချင်းတွေနဲ ့ သွားချင်မိပါရဲ ့
ဦးပီချိုကြီးရဲ ့မှတ်တန်းလေးကိုတော ့ဖြင် ့ အထူးသဘောကျမိပါတယ်
မောင် ပေ
March 25, 2013 at 7:59 pm
ဘဲသွေးထည့်တယ် ဆိုတာ
ဘဲသွေးခဲ ကို ထည့်သုပ်တာလားဗျ
ရေးထားတာ မြင်ရရုံနဲ ့တင်
စားချင်စိတ်ပေါက်မိတယ်ဗျာ
ပဲရွက်ကလေးနဲ ့ စိမ့်နေမှာပဲ
အရီးခင်လတ်
March 25, 2013 at 9:46 pm
မရောက်ဘူးတဲ့ နေရာ ကို ကိုယ်တိုင်သွားနေရသလို ခံစားရပါတယ်။
ဗဟုသုတလေးတွေ အတွက် ကျေးဇူးပါ။
ငယ်ငယ်တုန်းကထဲ က သိပ္ပံမောင်ဝ ရဲ့ မင်းလတ် ကို ဖတ်ပြီး ရေလမ်းခရီးရှည် အရမ်းသွားချင်ခဲ့တာ။
padonmar
March 25, 2013 at 11:31 pm
ကျမတို့ မြစ်ဝကျွန်းပေါ်ဖက်က သဘောင်္တွေလည်း အဲဒီလိုပဲ။
ဗန္ဓုလ၊ဗန္ဓက၊ဗလမင်းထင်၊ဗညားဒလဆိုတာတွေလည်းရှိတယ်။
တိမ်ခိုး၊တောင်သာ၊တောပန်း ဆိုတာတွေလည်းရှိတယ်။
အဖော်တွေ အများကြီးနဲ့ သင်္ဘောစီးရင် လက်ဖက်သုတ်တွေ ဇီးထုပ်တွေ၊ဝတ္ထုစာအုပ်မဂ္ဂဇင်းအစုံနဲ့ ခရီးသွားရတာ ပျော်စရာ။
သင်္ဘောပေါ် စာအုပ်ဆိုင်တောင်ပါတတ်သေးတယ်။
………..
အဲဒီ ကြက်တူရွေးရှိတဲ့ မြစ်ကျဉ်းကို သွားကြည့်ချင်လိုက်တာ။
…
ကောင်းတုံဆိုတဲ့ခံတပ်မြို့နာမည်ကို ရန်ကုန်ဘဆွေရဲ့ မြန်မာပြည်သားထဲမှာ ရင်းနှီးခဲ့ရတယ်။
ခုတော့ မြို့မဟုတ်တော့ဘူးထင်ပါတယ်။
P chogyi
March 26, 2013 at 7:12 am
Thank you (KZ, Ko Myo Thant, Ayi khin latt , Yarmanya, U pay and Dr Aye.
ဦးကြောင်ကြီး
March 26, 2013 at 9:54 am
ကြာခဲ့ပီလေ ကြာခဲ့ပီလေ..
ဦးချိုအန်းတိတ်
မူးဆိုရမ်းကြိတ်
ဗူးအိုနှမ်းသိပ်
ဖူးပျိုလွမ်းစိတ်..။
ကိုပေါက်(မန္တလေး)
March 27, 2013 at 12:43 pm
သင်္ဘောနဲ့ အဲလိုခရီးရှည်သွားချင်တာ။
ပုဂံကိုသင်္ဘောနဲ့သွားရင်းကောင်းမလားလို့တွေးနေတယ်။
MaMa
March 27, 2013 at 4:33 pm
ဟိုးအရင်တုန်းကတော့ မြစ်ဝကျွန်းပေါ်မြို့တွေကို သင်္ဘောနဲ့ပဲ သွားလို့ရတယ်။
အဲဒီတုန်းကတော့ ခရီးပမ်းလို့ ငြီးငြူကြတယ်။
ခုနောက်ပိုင်း ကားလမ်းတွေ ပေါက်တော့မှ မိသားစုတွေ မိတ်ဆွေတွေစုပြီး သင်္ဘောနဲ့ ခရီးသွားတာ…
လမ်းမှာ ဆိပ်ကမ်းကပ်ပြီး စားစရာတွေဝယ်၊ သင်္ဘောပေါ်မှာ ချက်ပြုတ်စားသောက်ပြီး စကားပြောလိုက်၊ စာဖတ်လိုက်၊ အိပ်လိုက်နဲ့ သွားကြတာ အတော်ပျော်ဖို့ကောင်းတယ်။ :hee:
P chogyi
March 28, 2013 at 10:31 am
– KZ ရေ အားပေးတာကျေးဇူးပါ၊ တစ်ပွဲနဲ့အီတဲ့ ဆန်းစီးကို ကြိုက်လွန်းလို့ ၂ ပွဲ စားခဲ့သူပါ။
– ကိုမျိုးသန့်ရေ ကျွန်တော်လည်းလောလောနဲ့ရေးမိလို့ ရွှေကူရောက်ချိန်မပါဖြစ်သွားတာ ရွှေကူကို နေ့လည်
၁၂နာရီလောက်ရောက်တာပေါ့။ ထမင်းဆိုင်က ထမင်းမကုန်မချင်းသင်္ဘောမကပ်လို့ စိတ်တောင်တိုမိတယ်။
– ရာမညရေ အခုတော့ အဲဒီပန်းတော်သင်္ဘောကြီးကို ပြန်ပြုပြင်ပြီး ခရီးသွားဧည့်သည်ခရီးစဉ်ပြေးဆွဲ
နေတယ်။
– ဦးပေရေ ဆန်စီးသုတ်ပြီးမှ ဘဲသွေးစားချင်သူက သတ်သတ်ထည့်စားရတာ၊ ဒီပြင်မြို့တွေမှာမတွေ့မိဘူး။
– အရီးရေ ရေကြောင်းခရီးရှည်သွားရတာ ပျင်းဖို့ကောင်းသလို အဖော်အပေါင်းနဲ့ဆိုရင်တော့ ပျော်ဖို့
ကောင်းတယ်။ ဟင်္သာတကနေ ပုဂံအထိ သင်္ဘောနဲ့ ၉ ရက်ခရီးသွားဖူးတယ်။ ပြည်မှာသင်္ဘောပြောင်းပြီး
စီးရတယ်။ ပြောင်းစီးရမယ့်သင်္ဘောစောင့်ရင်း ပြည်ဆိပ်ကမ်းမှာ ၂ ရက်ကြာတယ်။ အရမ်းကြာတော့
လည်း ငြီးငွေ့သွားတယ်။ အဖော်မပါလို့လည်းဖြစ်မှာပေါ့။
– အစ်မပဒုမ္မာရေ ခုတော့ အမြန်ရေယာဉ်တွေပေါ်လာတော့ ကြက်တူရွေးလည်း နာမည်မကြီးတော့ဘူး
ထင်ပါတယ်။ ကောင်းတုံက ဟိုတုန်းကတော့ ခံတပ်မြို့အဖြစ်ကျော်ကြားပါတယ်။ ကျွန်တော်ရောက်ခဲ့
တဲ့အချိန်မှာတော့ အိမ်ခြေ ၁၀ဝ လောက်ရှိတဲ့ ရွာကြီးအနေနဲ့ပဲတွေ့ခဲ့ရတယ်။
– ဦးပေါက်နဲ့ မမရေ သင်္ဘောအပျော်စီးခရီးစဉ် မန်းကနေ ပုဂံကို သွားလို့လည်းရပါတယ်။