အိမ်အပြန်
အိမ်အပြန်
ဇန်နဝါရီ ၂၅ ရက်
“ အမေကြီး …… ဟိုဟိုဒီဒီ လျှောက်မလုပ်နဲ့။ အလေးကြီးတွေ မ မနေနဲ့နော်။ တို့ပြန်လာမှလုပ်မယ်”
အလုပ်သွားခါနီး မိန်းမကို စိတ်မချလို့ မှာနေတာပါ။ ကျွန်မကလည်း စိတ်မချချင်စရာကို လုပ်တတ်တာမို့ အကြောင်းသိခြင်း အထပ်ထပ်အခါခါ မှာနေတာ ဒါနဲ့ဆို ဘယ်နှစ်ကြိမ်မှန်းမသိ။ သားကတော့ လုပ်နေကျအတိုင်း နှုက်ဆက်ပြီး ပြန်ပြေးဝင်သွားတာမို့ ကျွန်မလည်း ကသုတ်ကရက် နှုတ်ဆက် တံခါးပိတ်ပြီး သားနောက်ကို ပြေးလိုက်ရတယ်။ မလိုက်လို့ကမဖြစ် ဧည့်ခန်းထဲမှာ အထုတ်တွေနဲ့ ရှုပ်ပွနေတာ မတော်တိုက်မိလို့ လဲကွဲရင်ဒုက္ခ။ သူ့ကားတွန်းကားကို စိတ်ဝင်တစား ကြည့်နေတာတွေ့မှ စိတ်ချပြီး ကိုယ့်အလုပ်ကို လုပ်ဖို့ပြင်ရပါတယ်။ စက္ကူပုံးလေးပုံး၊ ခရီးဆောင်အိတ်ကြီးက နှစ်လုံး အားလုံးကတော့ အဆင်သင့်ပဲဟေ့လို့ ပြောနေသလိုပါ။ ဆိုဖာပေါ်မှာက သားစောင်နဲ့ အင်္ကျ ီလေးတွေထည့်ထားတဲ့ ကျောပိုးအိတ်ကြီးတလုံး၊ မုန့်နဲ့သားရေဘူး ထည့်ထားတဲ့ ကလေးကျောပိုးအိတ်၊ အရေးကြီး စာရွက် စာတမ်း ပိုက်ဆံ ထည့်ထားတဲ့ မိန်းမကိုင်အိတ်တလုံး၊ သားနဲ့ ကျွန်မအတွက် ကုတ်နှစ်ထည်။ ဒီပစ္စည်းတွေက တလမ်းလုံး ကျွန်မကို ဒုက္ခပေးမယ်ဆိုတာ ယောင်လို့တောင် မတွေးမိဘူး။
ပစ္စည်းတွေ စုံသလောက်ရှိပြီမို့ မီးဖိုချောင်ကို စစ်ဖို့ပဲ ကျန်ပါတယ်။ ရေခဲသေတ္တာထဲမှာ အိမ်ကြီးရှင်အတွက် ရိက္ခာက အပြည့်ပါပဲ။ ကျွန်မ ပြန်ခါစမှာ မလုပ်တတ် မကိုင်တတ် အခက်တွေ့မှာ စိုးလို့ ချက်ပြီး ရေခဲထားတဲ့ ဟင်းဗူးတွေ ဘယ်ဟာကို ဘယ်လိုစား။ ဘယ်ဟင်းကို ဘယ်လိုချက် စသည်ဖြင့် မှာတမ်းချွေထားတာတွေကို ရေခဲသေတ္တာမှာကပ။် ပြန်ရတော့မယ်လို့ သိလိုက်ရတဲ့ လွန်ခဲ့တဲ့ သုံးလလောက်ကတည်းက လိုအပ်မယ်ထင်တာတွေ စဉ်းစားလိုက် လုပ်လိုက်နဲ့ လုပ်နေတာတောင် ပြန်ခါနီးထိ မပြီးနိုင်သလိုပဲ။ ကျွန်မကိုယ်တိုင်ကိုယ်က စိတ်မချတတ်တာများလား မဆိုနိုင်ဘူး။ ရေခဲသေတ္တာ သန့်ရှင်းရေးလုပ်ပုံအဆင့်ဆင့်ကို ရေးကပ်။ နောက် ဂက်စ် မီးဖို သန့်ရှင်းရေးလုပ်ပုံတွေရေး အံ့ဆွဲထဲထည့်။ အင်း…….စုံသလောက်ရှိပြီလို့ ကျေနပ်မှ ထိုင်အမောဖြေ။ မရေးခဲ့လို့က မဖြစ်ဘူး။ မသန့်ရှင်းတတ်လို့ တခုခု အမှားဖြစ်ရင် ဘာတွေဖြစ်လာမလဲဆိုတာ ကြုံဖူးလို့ နောကျေနေပြီတောင် ဆိုရမလိုလို။ ကြုံဖူးတာကဒီလို ….. ကျွန်မတို့ အိမ်ဌါးတော့ အိမ်ထောင်မှုပစ္စည်းတွေ ပါပါတယ်။ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ ဂက်စ်မီးဖို၊ အိုဗန်၊ ဆိုဖာတွေပေါ့။ သူများပစ္စည်းပေမဲ့ ကိုယ့်ဥစ္စာလို သဘောထား ရိုရိုသေသေ ကိုင်ပါတယ်။ ဒါပေမဲ့ ဒီဂျုးတွေက အပါးကို ဝလွန်းတာပါ။ မကြုံစဖူး အကြုံထူးလို့ တော်တော်ကို ကသိကအောက် ဖြစ်ခဲ့ရတာမို့ နောက်ထပ် ကြုံကိုမကြုံချင်တော့တာ။ အိမ်ကို စရောက်လို့ မကြာခင်ပဲ အဝတ်လျှော်စက် ပျက်ပါရော။ စက်ကလည်း ဘယ်ခေတ်ကတည်းကဟာမှန်းတောင် မသိရလောက်အောင် အဲ့ပုံမျိုး မြင်တောင်မမြင်ဘူးတော့ဘူး။ ရောက်တာလည်း တပတ်လောက်ရှိသေးတာမို့ အိမ်ရှင်ကို အကြောင်းကြား အဲ့ဒီမှာ ဂျုးအကျင့်ကို စကြုံပြီ။ ကိုယ့်ဘာသာ ပြင်သုံးပါ သူမပြင်ပေးနိုင်ပါတဲ့။ အာ……စက်အစုတ်ကို မပြင်ဘူးဟာ ဆိုတော့၊ ရတယ် အခုမပြင်လည်း အိမ်ပြောင်းရင် အကောင်းထားခဲ့ရမယ် ဆိုလာပါတယ်။ ဒုက္ခောပေါ့။ ဟယ်………မထူးပါဘူး ပြင်မယ် ဆိုတော့ကာ ပြင်မဲ့ ဂျုးတယောက် ပေါက်ချလာပါရော။ ဂျုးရိုးရာ လက်တဝါးစာ အဆောင်းလေး ခေါင်းမှာ ဆောင်းလို့။ သူက စက်ကို ဖြုတ်ဖျက်ပြီး ကိုယ့်ကို စကားပြောတော့ သူ့စကားကိုယ်မသိ ကိုယ့်စကား သူနားမလည်။ ဒါနဲ့ ကျွန်မ အားကိုးရာ အိမ်ကြီးရှင်ဆီဆက်။ သူကမှ စကားပြန်ကိုပြော စကားပြန်နဲ့ ကိုရွှေပြင်ဆရာ တခါထပ်ချိတ် အရှည်ကြီးမှ တကျပ်ကိုဖြစ်ရော။ ကိုရွှေပြင်ဆရာက (၁၀၀၀) ကြီးများတောင် တောင်းပါတော့တယ်။ (၁၅၀၀)လောက်ဆို အသစ်နီးနီး ဝယ်လို့ရတာမို့ ဘုရား ဘုရားတောင် တ မိပါတယ်။ ဒါနဲ့ စကားပြန်က ဈေးဆစ်တော့ (၆၀၀)နဲ့ ဈေးတည့်ပါတယ်။ အိမ်ရှင်က (၂၀၀) ပေးမယ် ဆိုတော့ ကျွန်မက (၄၀၀) ကျတဲ့သဘော။ ဒါဆို မပြင်ဘူးကွာ ဆိုပြန်တော့ကာ… ကိုရွှေပြင်ဆရာက ခြေကြွခ (၁၅၀) ကျပါသတဲ့။ ရှေ့တိုး တံပိုး နောက်ဆုတ်လှည်းတုတ်ဘဝ ရောက်မှန်းမသိ ရောက်ရပါတော့တယ်။ အိမ်ကြီးရှင်နဲ့ စကားပြန်လည်း အော်ကြဟစ်ကြပေါ့။ မအော်လို့ကမရ ဒီဂျုးမကလည်း သူ့လူမျိုးဘက် ခပ်ပါပါရယ်။ နောက်ဆုံးတော့ ကျွန်မမှာ ရှကယ် (၄၀၀) ထွက်သွားပါတော့တယ်။ အိမ်ရှင်ဂျုးမဟာ အလွန်လောဘကြီးသူပါ။ အိမ်လခသာ တိုးတောင်းတယ် အိမ်တော့ မပြင်ချင်ပါဘူး။ ငွေနဲ့ ပတ်သက်လို့ ဘယ်လောက် ကပ်လည်းဆို ဒုတိယ အကြိမ် အိမ်အဌါးစာချုပ်ချုပ်တော့ ထပ်ကြုံရပြန်တယ်။ စာချုပ်မချုပ်ခင် လိုအပ်ချက်တွေ ပြောပြရတယ်ဆိုလို့ ပြောပြတိုင်း သိပ်မကုန်ပါဘူး မင်းတို့ပြင်ပါ ဆိုတာကြည့်ပဲ။ အဲ…….သူက အင်္ဂလိပ်စကားတော့ အတော့ကို ကျွမ်းကျင်တယ်။ ကျွန်မတို့ အိပ်ခန်းမှာ အိပ်ခန်းတံခါးမရှိလို့ တပ်ပေးဖို့ အဆိုတင်တော့ သူပြန်ပြောတဲ့စကား ကြားရတဲ့အခါ ကျွန်မတို့နှစ်ယောက် အံ့ဩလွန်းလို့။ အော်….ဒါမှ ဂျုးအစစ် ရေကိုမရောလောက်ဘူးလို့တောင် ငေါ့တွေးတွေးမိသေးတယ်။ ဘာ ပြောတယ် ထင်သလဲ မင်းတို့နေတာ မင်းတို့ တပ်လိုက်တဲ့။ ဒါ ငါ့အိမ်မဟုတ်ဘူး နင့်အိမ် ငါဝယ်တပ်စရာ အကြောင်းမရှိဘူးလို့ ခပ်တင်းတင်း ပြန်ပြောတော့ နင်က ဒီလောက်ငွေလေးကို ကြည့်စရာလားတဲ့။ နင့်အိမ်အတွက် နင်တောင်တွက်သေးတာ ငါက အိမ်ဌါး ဆိုမှ တခြားအကြောင်း စကားလွှဲသွားတယ်။ ငွေနဲ့ ပတ်သက်လာရင် ဖြစ်သင့်လား မဖြစ်သင့်ဘူးလား မစဉ်းစားတော့ဘူး ကိုယ့်ဆီက ငွေမထွက်ဖို့ အရင်တွက်တာ။ ကိုယ့်အတွက် ငွေ အရင်ရဖို့သာ အဓိကထားတာ ဂျုးစိတ်ဓါတ် ထင်တာပဲ။ ဘာကိစ္စပဲဖြစ်ဖြစ် ပိုက်ဆံအရင်တောင်းပါတယ်။ လက်ထဲ ငွေ ရမှ အလုပ်စလုပ်တာ ဂျုး အားလုံးနီးပါးပါ။ ဈေးဝယ်ရင်တောင် ပိုက်ဆံ ပိုက်ဆံနဲ့ အရင်တောင်းပါတယ် ပိုက်ဆံလက်ထဲရောက်မှ ပစ္စည်းကို လက်လွှတ်ပေးပါတယ်။ ဘယ်လိုပစ္စည်းဝယ်ဝယ်ပါ။ ကမ္ဘာမှာ ငွေတိုးချေးတာနဲ့ ဘဏ်လုပ်ငန်းတွေကို ဂျုးတွေက စတာဆိုပဲ။ ဒီလောက် ငွေမက်ပြီး အတ္တကြီးတာမို့ ဟုတ်လောက်မှာ။ နောက်တခု ကမ္ဘာမှာ ရုံးပိတ်ရက်ကို စပြီးသတ်မှတ်တာလည်း သူတို့တွေပဲတဲ့လေ မိသားစုအတွက် သပ်သပ်ကို အချိန်ပေးတာဆိုပဲ။ သူတို့သာ မထွင်ခဲ့ရင် ကျွန်မတို့ခေတ်လူတွေ ပိတ်ရက်မရှိ အလုပ်လုပ်ချင် လုပ်နေရမှာမို့ ဒါတော့ ကျေးဇူးတင်စရာပါ။ တခြားဂျုးတွေတော့ အကုန်လုံးကို မဆိုလိုပေမဲ့ ကြုံဖူးတဲ့လူတော်တော်များများကတော့ တကယ်ကို အတ္တကြီး ၊ ဒေါသကြီးကြတာများတယ်။ ဒါပေမဲ့ ကျွန်မတို့ တိုက်မှုးနဲ့ အောက်ထပ်က အဘွားကြီးကတော့ တော်တော်စိတ်ကောင်းကြတယ်။ ကျွန်မအတွက် ဘယ်တော့မှ မမေ့မဲ့သူတွေပါပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့ မနက်ဖြန်ဆို ကျွန်မပြန်ရတော့မယ်။
ဇန်နဝါရီ ၂၆ ရက် နံနက် ၃နာရီ
ည စအိပ်ကတည်း နာရီတိုင်း နာရီတိုင်းကို သိနေရလောက်အောင် အိပ်မပျော်တာ အခုအချိန်ထိပါပဲ။ ပြန်ရမဲ့ လမ်းအရှည်ကြီးအတွက် သောကကြောင့် အိပ်မပျော်တာများလား မပြောတတ်ဘူး။ လေယာဉ်က အစ္စရေးစံတော်ချိန် နံနက် ၈ နာရီ ထွက်မယ်။ အိမ်ကနေ လေဆိပ်ထိ ၁ နာရီခွဲ ကျော်ကျော် မောင်းရမှာရယ် ပြင်ရဆင်ရမှာရယ်နဲ့မို့ ၃နာရီ ထိုးတာနဲ့ အိမ်ကြီးရှင်ကိုနှိုး။ သားကတော့ အိပ်ကောင်းတုန်း။ အိမ်ကြီးရှင် ရေချိုးနေတုန်း ကျွန်မက ထမင်းကြော်ဖို့ ပြင်ရတယ်။ ကြော်ပြီး တခါသုံး အလူမီနီယံဗူး နှစ်ဗူးနဲ့ထည့်။ တဗူးက အိမ်ကြီးရှင်နေ့လည်စာ။ တဗူးက ပြင်သစ်ရောက်ရင် စားဖို့ ကျွန်မအတွက် နေ့လည်စာ။ အလူမီနီယံဗူးနဲ့ ထည့်ရင် အိတ်စ်ရေး လွတ်တယ်လို့ ကျွန်မအရင်ပြန်သွားတဲ့ နောင်တော်တယောက်က သင်ပြပေးခဲ့တာလေ။ ကျွန်မတို့ နံနက်စာ စားပြီးချိန်မှာ လေဆိပ်ကို လိုက်ပို့မဲ့ အစ္စရေးမှာ တာဝန်အတူတူကျတဲ့ မောင်လေး ရောက်လာပြီး အိမ်ကြီးရှင်နဲ့အတူ ပစ္စည်းတွေ ကားပေါ်တင် အားလုံးပြီးတော့ ၂နှစ်လုံး ကျွမ်းဝင်ရင်းနှီးခဲ့တဲ့ အိမ်ကြီးကို နှုက်ဆက်ထွက်ခွါခဲ့ပါတယ်။ လေဆိပ်ရဲ့ ၂ ထပ်မှာ ကားရပ် ပစ္စည်းတွေ ချပေးပြီး ကားပါကင်ကို မောင်းထွက်သွားတော့ အထုတ်တပုံတပင်နဲ့ နှစ်ယောက်သား ဗျာများရပါရော။ အိမ်ကြီးရှင်က တွန်းလှည်းနှစ်ခုယူ ပစ္စည်းတွေတင်ပြီး လှည်းတစီး တွန်းကာသွားတော့ ကျွန်မက မနေနိုင်လှစွာ ကျန်လှည်းပေါ် သားကို မ တင်ပြီး တွန်းလာပါတယ်။ ဝင်ပေါက်မှာရှိနေတဲ့ အစောင့်က အမြင်မတော်ဘူး ထင်ပါရဲ့ အပြေးထွက်လာပြီး လှည်းကို တွန်းကာ ဓါတ်လှေကားရှေ့ ရပ်ပေးခဲ့ပါတယ်။ အောက်ထပ်ရောက်တော့ အစစ်ဆေးခံဖို့ တန်းစီ။ အစစ်အဆေးထူလှတဲ့ ဒေးဗစ်ဘင်ဂူရီယံလေဆိပ်အကြောင်း သိထားလို့ ပစ္စည်းတွေ စထည့်ကတည်းက စာရင်းအတိအကျ လုပ်ထားတာဖြစ်လို့ ဘယ်ပုံးထဲက ပစ္စည်းမေးမေး ဖြေနိုင်တာမို့ အားလုံးအိုကေပါ။ နောက်တော့ တစ်ခါ AirFrance ကောင်တာရှေ့မှာ တခါတန်းစီ ရပြန်ပါတယ်။ ထိုင်ခုံ ၂ခ၊ုံ လူကနှစ်ယောက် ကီလိုက များလွန်းလို့ ဝန်ထမ်းမမတွေ မျက်စိလည်နေတာမို့ စာရွက်တကိုင်ကိုင် လက်ညှိုးတထောက်ထောက် ရှင်းပြမှ နောက်ဆုံး ဘာကိုဘယ်လို သဘောပေါက်တယ်မသိ အဆင်ပြေသွားပါတယ်။ သားလှည်းအတွက် အိတ်အပိုတလုံးပေးတာယူ လှည်းမှာချိပ်လို့ အထဲဖက် တွန်းဝင်လာတော့ ကော်ဖိဆိုင်တွေတွေ့တာရယ် အချိန်စောနေသေးတာရယ်ကြောင့် ကော်ဖိ်သောက်ရင်း အိမ်ကြီးရှင်ရဲ့ စိတ်မချတိုင်း မှာတဲ့ အမှာချွေတမ်းကို အခုရက်ပိုင်းအတွင်း ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ နာရပြန်ပါရော။ မိုင်ပေါင်း ထောင်ချီတဲ့ခရီးကို အဖော်မပါ ကလေးတဖက် ဗိုက်တလုံးနဲ့ ပြန်ရတာမို့ အားတော့တင်ထားပေမဲ့ ခပ်ယိုင်ယိုင်ရယ်ပါ။ အိမ်ကြီးရှင်ခမျာလည်း ကိုယ်ဝန်သည်မိန်းမနဲ့ လူမမယ်သားကလေး နှစ်ယောက်တည်းကို မလွှတ်မဖြစ် လွှတ်လိုက်ရတာမို့သာ စိတ်မချလွန်းလို့ ဟန်ဆောင်လို့တောင် မရနိုင်ရှာဘူး။ လေယာဉ်ပေါ် တက်ခ်ါနီးလေ မျက်နှာပိုပျက်လာလေပါပဲ။ Tube ထိပ်ထိ လိုက်ခွင့်ရဖို့ ကြိုးစားတာလည်း မအောင်မြင်တာက သူ့ကို ပိုပြီး စိတ်မချဖြစ်စေပုံပါ။ အစစ်ဆေးခံရမဲ့ ဂိတ်ရောက်တော့ သူ့ကိုနောက်ဆုံး နှုတ်ဆက်ပြီး ငါတယောက်တည်း ရုန်းကန်ရတော့မှာပါလားလို့ သောကကြီးစွာနဲ့ ဝင်လာရတော့ နောက်တကြိမ်တောင် လှည့်မကြည့်ဖြစ်ဘူး။ မင်းတို့သားအမိကွာ တချက်ကလေးတောင် လှည့်ကြည့်ဖော်မရဘူးလို့ နောက်တော့မှ ဝမ်းနည်းစကား ဆိုရှာတယ်လေ။ ဟုတ်မှာ သူက ကျန်ရစ်သူကိုး။ ပတ်စ်ပို့ အစစ်ခံပြီး ဝင်သွားတော့ စင်္ကြန်အရှည်ကြီးတလျှောက် စမ်းတဝါးဝါး လျှောက်ရတာ ရင်ထိတ်လှပါတယ်။ ပတ်ဝန်းကျင် အလှအပတောင် မခံစားနိုင်ဘူး။ အဲ….. လမ်းလည်းဆုံးရော ပတ်ပတ်လည် ဆိုင်တွေ အပြည်နဲ့ အဝိုင်းကြီးထဲ ရောက်တော့ နေရာမှာ စုံရပ်ပြီး ဘယ်သွားရမှာပါလိမ့်လို့ တွေးလည်းတွေး ပတ်ဝန်းကျင်ကို ကျီးကန်းတောင်းမှောက်ကြည့်ပေါ့။ ကိုယ်စီးရမဲ့ Tube က U ။ ရုတ်တရက် ရှာမရနိုင်ဘူး။ နောက်တော့မှ T ကနေ Y ဆိုတာမြင်မှ အော်….ဒီထဲမှာ ရှိတာဖြစ်ရမယ်လို့ တွေးပြီး ဝင်သွားတော့ ဟိုး….ရှေ့ခပ်လှမ်းလှမ်းက လူစုစုရှိရာဆီ ဦးတည်သွားလိုက်တာ ကိုယ်ဝင်ရမဲ့ ဂိတ်ဖြစ်နေမှ အသာသက်ပြင်းချမိတော့တယ်။ ခဏကြာတော့ ဂိတ်ဖွင့်ပါတယ်။ ကိုယ့်အလှည့်လည်းရောက်ရော သားလှည်းကို ထားခဲ့ပါဆိုပြီး ခေါက်သိမ်းသွားတော့ကာ အထုတ်တပွေ့တပိုက်နဲ့ ဒုက္ခစပါပြီ။ သားလှည်းတွန်းမှာမို့ လက်ဆွဲအိတ်မယူပဲ လှည်းမှာချိပ်လို့ရအောင် ကျောပိုးအိတ်သယ်လာတဲ့ ဉာဏ်ကြီးရှင်မမ ပိုက်ဆံအိတ်ကို စလွယ်သိုင်း၊ ကျောပိုးအိတ်ကိုလွယ်၊ သားကို လက်တဖက်ကဆွဲ၊ နောက်တဖက်က သားအိတ်ကိုတွဲလို့ ကို့ယို့ကားယား ပဒေသာပင် လူသားကိုဖြစ်လို့။ လေယာဉ်ပေါ်ရောက်တော့ ပြတင်းပေါက်ဘေးက ခုံမှာ ကိုရွှေပြင်သစ်သား၊ သားကအလယ်။ ကျွန်မက အတွင်းဘက်ခုံ။ ၈နာရီ ထိုးခါနီးတော့ အိမ်ကြီးရှင်ကို ဖုန်းနဲ့ နောက်ဆုံးနှုတ်ဆက်။ လေယာဉ်က ပြေးလမ်းပေါ်လည်း ရောက်ရော မျောက်ရှုံးအောင် ဆော့နေတဲ့ သားတော်မောင် တခါတည်း မူးပြီး အိပ်ပျော်သွားတာမို့ ကျွန်မပါ မျက်စိမှိတ် အနားယူလိုက်တာ တဲအဗီးလ်မြို့ကြီးကိုတောင် မနှုတ်ဆက်ခဲ့ရဘူး။ လေယာဉ်ကြီး မြေထဲပင်လယ်ကို ဖြတ်ကျော်နေတုန်းမှာမှ ပြန်နိုးလာပါတယ်။ လေယာဉ်မယ် လာပေးတဲ့ လေးထောင့် ကြွေပန်းကန်အဖြူရဲ့ အဖုံးကိုလှပ်လိုက်တော့ ကြက်ဥကြော် တချပ်စီနဲ့ ကြက်သွန်မြိတ် နှစ်ပင်စီ။ ဝိုင်ခွက်လေးနဲ့ ထည့်ပေးတဲ့ လိမ္မော်ရည်ကိုတော့ သားကပိုကြိုက်သလိုပါပဲ.။ သားက အပြင်ကို ငုံကြည့်ရင်း မေမေ တိမ်တွေ ရေကူးနေတယ်တဲ့ ဟုတ်သား သူပြောမှ တိမ်တွေ ရေကူးတာ မြင်ဖူးတာ။ တသက်လုံး တိမ်တွေ ပျံနေတာပဲ မြင်ခဲ့ရတာလေ။ ပြင်သစ်ဖက် နီးလာတော့ အောက်က တောင်အဖြူတွေမြင်တော့ အလာတုန်းက အဖြစ်ကိုတွေးမိပြီး ပြုံးမိပြန်ရော။ ပြင်သစ်ကနေ အစ္စရေးကိုအလာ အခုလိုပဲ ဆောင်းတွင်းဆိုတော့ အောက်ခြေက တောင်တွေဟာ ဘာ့ကြောင့် ဖြူနေတာလည်း စဉ်းစားမရခဲ့ဘူး။ နောက် မြောက်ပိုင်း ဟာမွန်ရေခဲတောင်ကို အလည်သွားမှ တောင်တွေ ဘာကြောင့်ဖြူလည်း သိတော့တယ်။ အမှန်တော့ တတောလုံး တတောင်လုံး နှင်းတွေဖုံးနေလို့ ဖွေးဖွေးဖြူနေတာရယ်လေ။ အဲ့လောက် တုံးတဲ့ အညာသူမရယ်ပါ။ ကျွန်မတို့ စီးလာတဲ့ လေယာဉ်ဟာ ပြင်သစ်လေဆိပ်ကို ဆိုက်တော့ ပြင်သစ်စံတော်ချိန် နေ့လည် ၁၂နာရီ။ အိပ်ရေး ဝလို့ ကြည်ကြည်လင်လင် ဖြစ်နေတဲ့ သားတော်မောင်တယောက် သူ့ကျောပိုးအိတ် သူလွယ်ပြီး ရှေ့ကသွားတာမို့ ဒီတခါတော့ ကျွန်မမှာ သိပ်ကသီလင်တ မဖြစ်လိုက်ဘူး။ ဆိုက်ရောက်ရာနဲ့ ထွက်ခွာရာ အဆောင်ကွာရင် ရထားစီးရတယ်လို့ သိထားတာမို့ ရထားစီးရရင် ဒုက္ခ ဆိုတဲ့ သောကနဲ့ မျှားညွှန်ရာအတိုင်း လိုက်နေပေမဲ့ စိတ်က မအေးလှဘူး။ ပြင်သစ်ရုံးကို အကြောင်းကြားထားလို့ လာကြိုမှာပါ စိတ်မပူပါနဲ့ လာကြိုတဲ့သူကို မတွေ့မချင်း Tube ထိပ်မှာသာစောင့်လို့ မှာထားပေမဲ ့ ကြိုမဲ့သူကို မမြင်ရမချင်း စိတ်ကခပ်ပူပူရယ်။ လေယာဉ်ကနေ ထွက်လာပြီး Tube ထိပ်ရောက်ဖို့ တော်တော်ဝေးဝေးကို လျှောက်ယူရတယ်။ လမ်းတဆစ်ချိုးကို ကွေ့လိုက်လိုက်ချင်း Tube ထိပ်မှာ ရပ်နေတဲ့ သူကို မြင်လိုက်ရတာဟာ နွေနေပူပူ ခရီးသွားစဉ် ရေအင်မတန်ငတ်နေတုန်း ရေချမ်းစဉ် တွေ့လိုက်ရသလို ဝမ်းသာလှပါတယ်။ ကြီးလိုက်တဲ့လေဆိပ် F အဆောင်ကို ရောက်ဖို့ လမ်းလျှောက်ရတာ လမ်းမှာ နှစ်ခါတောင် နားယူရတယ်။ F အဆောင်ကိုရောက်တော့ အစစ်အဆေးခံ။ အပေါ်ထပ်ကို စက်လှေကားနဲ့တက်။ F 52 မှာ စီးရမှာ ဆိုပေမဲ့ အခုမှ ၁နာရီ စီးရမှာက ညနေ ရနာရီ။ ကြားမှာ တခြားလေယာဉ်ခရီးစဉ်တွေ ရှိတာမို့ အဲ့သည့် အနီးအနားမှာပဲ နေရာယူပေါ့။ ရောက်တဲ့အချိန်နဲ့ ပြန်ထွက်ရမဲ့ အချိန်က ကွာလွန်းတာမို့ ညွှန်စရာရှိတာညွှန် မှာစရာရှိတာမှာပြီး လာကြိုတဲ့သူ ပြန်သွားတော့ ကျန်တာက ကျွန်မတို့ သားအမိနှစ်ယောက်တည်း အားငယ်ချင်စရာကြီးပါ။ သူမပြန်ခင် ဖုန်းဆက်ပေးလို့ အိမ်ကြီးရှင်ကို အဆင်ပြေကြောင်း သတင်းပို့ပေါ့။ အစစအရာရာ ကူညီတာမို့ တကယ်ကို ကျေးဇူးတင်ရပါတယ်။
ပြန်လာချိန်က ဆောင်းတွင်း၊ ဖြတ်ရမှာကပြင်သစ်၊ အပူချိန်က အနှုတ်အောက်၊ အေးမှာက အသေအချာပဲလို့ ကိုယ့်အတွေးနဲ့ကိုတွက် (Heater လွှတ်ထားမယ်ဆိုတာ မေ့သွားတယ်) ရောက်မှာကနေ့လည် ပြန်စီးရမှာက ည၊ လေဆိပ်ထဲမှာ အကြာကြီးနေရမှာလည်း သေချာတယ်။ ဒါကြောင့် သားအိပ်ချင်ရင် သိပ်ဖို့ အခင်းရယ် ခြုံဖို့ရယ် ကလေးစောင် ၂ထည်၊ ခေါင်းအုံးလေးတလုံး။ ကလေးဆိုတာ အစိုးမရတာမို့ အင်္ကျီအပို၂စုံ။ အားလုံးအားလုံးဟာ အသုံးမဝင်ခဲ့ပါဘူး။ ပူလိုက်တာမှ ချွေးဒီးဒီးကျပါတယ်။ သားရဲ့ကုတ် ၊ စွယ်တာလက်ပြတ်၊ စပို့ရှပ်အထူ အကုန်ချွတ်။ ရှပ်အင်္ကျ ီပါးပါးလေးပဲ ဝတ်နိုင်ပါတယ်။ ကျွန်မလည်း အင်္ကျ ီအပါးလေးပြောင်းဝတ်ပေါ့။ အဲ့သည်မှာ အင်္ကျီတွေ အပုံလိုက် ပိုလာပါတော့တယ်။ ဝတ်ထားတုန်းက များမှန်း မသိသာပေမဲ့ ချွတ်လိုက်တော့ အပုံကြီး ဘယ်အိတ်ထဲမှ ထိုးထည့်လို့ကမရ ဘူးလေးရာ ဖရုံဆင့်တော့တာပါပဲ။ ထမင်းဆာပြီမို့ ပါလာတဲ့ ထမင်းကြော်လေးထုတ်စား။ သားက မစားတဲ့အတွက် သူ့အကြိုက် ပေါင်မုန့် ဝယ်ဖို့ဖြစ်လာပြီ။ ကျွန်မတို့ လေယာဉ်စီးရမှာက အပေါ်ထပ်၊ စားသောက်ဆိုင်၊ duty free နဲ့ အိမ်သာတွေက အောက်ထပ်မှာ။ ဆင်းရမဲ့ စက်လှေကားက သိပ်မမြင့်ပေမဲ့ ခပ်မတ်မတ်ရယ်မို့ သားကို လက်လွှတ်ပြီး ဆင်းခိုင်းလို့ကမရ။ အထုတ်ကများ အပေါ်မှာလည်း အထုတ်တွေ မထားခဲ့ရဲဘူး။ အလစ်သုတ်တဲ့သူတွေ ရှိတယ်လို့ ကြားဖူးတာကိုး။ တခါတည်း ဒုက္ခနဲ့ရော လှလှနဲ့ရောပါ အကြိမ်ကြိမ်တွေ့တော့တာ။ ကိုယ်တော်လေးကလည်း ဆော့လိုက် ကိုလာသောက်လိုက် မုန့်စားလိုက် တခါ ရေသောက်လိုက် အဲ….ပြီးတော့ ရှုးရှုးပေါက်ချင်တယ်ဖြစ်လိုက်။ တခါကနေ နှစ်ခါသုံးခါ ဆိုတော့ကာ ကျွန်မကလည်း ပေါ့ပေါ့ပါးပါးက မဟုတ်ပြန် အတော်ကို ဂွကျတာ။ နောက်ဆုံးတော့ မတတ်နိုင်တော့ဘူး။ အရေးကြီးတဲ့ ပိုက်ဆံအိတ်ပဲ သယ်တော့မယ် ကျန်တာတွေ သုတ်ချင်လည်း သုတ်ပစေဟယ်လို့ တွေးပြီး ဘေးခုံမှာ ထိုင်နေတဲ့ အာရှရုပ်ပေါက်နေတဲ့ လူငယ်တယောက်ကို အကူအညီတောင်းဖို့ ကြံရတာပေါ့။ ကျိုးကျိုးပဲ့ပဲ့ အင်္ဂလိပ်စကားနဲ့ အိတ်ကလေးတွေ အပ်တော့ကာ သူပြန်ပြောတာက “ ရပါတယ် အမ သွားပါ” တဲ့ မြန်မာစကား ပီပီသသ။ အမလေး ဝမ်းသာချက်များ ပြောတောင်မပြတတ်ဘူး။ “ ဟင်… မောင်လေးက မြန်မာ” တအံ့တဩ နှုတ်ကထွက်တော့ ပြုံးရင်း ဟုတ်ကဲ့တဲ့လေ။ ကျွန်မလည်း ဝမ်းသာစွာနဲ့ အိတ်တွေ အပ်ပြီး သားကို လိုရာလိုက်ပို့ရတာပေါ့။ အဲ့…..နောက်ပိုင်း အဆင်ကိုပြေလို့။ သူ အောက်ဖက်ဆင်းရင် ကျွန်မက အစောင့်။ ကျွန်မတို့ သားအမိ သွားရင် သူကစောင့်ပေါ့။ ကုသိုလ်ကံများ ကောင်းချင်တော့ အဆင်ကိုချောလို့။ မဆီမဆိုင် ကိုသစ်မင်းကို သတိရမိသေးတယ်။ ကျွန်မနဲ့ အပြင်မှာ တခါဆိုတခါလေးတောင် မဆုံဘူးသေးပဲနဲ့ ကိုသစ်မင်းက ကျွန်မကို “ စိတ်ကောင်းရှိတဲ့ မမှီ လမ်းမှာ ကူညီမည့်သူ တွေ့မှာပါ” တဲ့လေ။ ကိုသစ်မင်း ဆိုသလို ငါများ စိတ်ကောင်းရှိလို့ ကူညီမည့်သူတွေ တွေ့နေတာလားလို့ ကိုယ့်ဘာသာ သိန္ဓိတင်ပြီး တွေးမိသေး။ သားကလည်း ဆော့လိုက်တာများ အငြိမ်တချက်မနေဘူး။ အဲ…..လေယာဉ်ပေါ် တက်ခါနီး မိနစ်ပိုင်း အလိုလောက်လည်းရောက်ရော “သားရယ် မအိပ်ပါနဲ့ မအိပ်ပါနဲ့လို့ တားရင်းကနေ အိပ်သွားပါတော့တယ်”။ လူတွေကလည်း တန်းစီနေပြီ။ ကလေးကို ပခုံးပေါ်တင်ပြီး အိတ်တွေကို ဘယ့်နှယ့် သယ်ရပါ့လို့ အကြံအိုက်နေတုန်း ကိုရွှေသင်္ဘောသားလေးက “ အမ ရှေ့ကသွားပါ ကျွန်တော် သယ်လာပါ့မယ်” တဲ့လေ။ အဆင်ပြေချင်တာများ အဲ့လိုပါ။ ရှေ့မှာ တတန်းကြီး တန်းစီနေတာမို့ ကျွန်မလည်း သားကိုချီရင်း တန်းစီရပါတယ်။ ကောင်တာက ကိုရွှေလူမည်းလေးက လက်ယပ်ခေါ်တော့ ကျွန်မကိုလား ဆိုပြးီ ရင်ဘတ်ပုတ်ပြတော့ ခေါင်းငြိမ့်ပြတာမို့ ရှေ့ကလူတွေ ကျော်တက်ဖို့ပြင်။ လူကများတာမို့ တိုးဖို့က တကယ်ကို မလွယ်လှဘူး။ ခုနက ကိုရွှေလူမည်းလေးကပဲ ကောင်တာဘေးက သံကြိုးလေးကိုဖြုတ်ပြီး အနောက်ကနေ လာခေါ်ပါတယ်။ ကျွန်မ ကြည့်ရင်း ကြည့်ရင်းကနေ အသားလေးတွေပဲ ဝင်းလာသလိုလို မျက်စေ့ထဲ ဘယ်လို ကြည့်ကောင်းမှန်းမသိဘူး။ အမှန်တော့ သူက ပြောင်းသွားတာ မဟုတ်ပဲ ကျွန်မဘာသာကျွန်မ ထင်နေတာ ကိုယ့်ကူညီတဲ့သူမို့လေ။ ဒါနဲ့ပဲ ကျွန်မနဲ့အတူ ကိုရွှေသင်္ဘောသား (နာမည်လေးတောင် မမေးလိုက်မိလို့ အခုထိ စိတ်မကောင်းဘူး) လည်း ရှေ့ဆုံးက အခွင့်ထူးခံ ဝင်ခဲ့ရပါတယ်။ အနောက်နိုင်ငံသားတွေဟာ ဒီလိုနေရာမှာ ကိုယ်ဝန်ဆောင်သည်တွေ ကလေးငယ်ငယ်လေးတွေ ပါတဲ့သူတွေကို အလွန်ဦးစားပေးပါတယ်။ ကိုယ်တွေ့ပါပဲ။ ဗိုက်ကြီးတကားကား ကလေးတယောက် လက်ဆွဲလာလို့ ထင်ပါရဲ့ တလမ်းလုံး ဦးစားပေးခံရသလို လေယာဉ်ပေါ်မှာလည်း မင်း အဆင်ပြေလားလို့ ခဏ ခဏ ဂရုတစိုက် လာမေးတာခံရပါတယ်။ လေယာဉ်ပေါ်တက်ဖို့ တန်းစီတိုင်း ကျွန်မ ပထမဆုံး ဝင်ခဲ့ရတာကြည့်ပဲ။ အတုယူစရာ ယဉ်ကျေးမှုလို့ ဆိုရမှာပါ။ Tube တလျှောက် လျှောက်လာရင်း လေယာဉ်နားရောက်တော့ ဝင်ပေါက်က နှစ်ပေါက်။ ဘယ်အထဲကို ဝင်ရမှန်းမသိဘူး။ သင်္ဘောသားလေးကပဲ ကျွန်မလက်မှတ်ကို ကြည့်ပြီး အရှေ့အပေါက်က ဝင်ခိုင်းပါတယ်။ လေယာဉ်ထဲရောက်လို့ ညာဘက်ကို ချိုးလိုက်တာနဲ့ ကျွန်မထိုင်ရမဲ့ခုံ။ ဒီလောက်ကြီးတဲ့ လေယာဉ်ကြီးမှာ ကိုယ့်ဘာသာဆို ဘယ်လွယ်ပါ့မလဲ။ ကူညီမည့်သူ ပါလို့သာပါပဲ။ သူကပဲ ပစ္စည်းတွေ နေရာတကျ ချပေးခဲ့ပြီးမှ သူ့နေရာကို ထွက်သွားပါတယ်။ ဘန်ကောက်ရောက်တဲ့အထိ ထပ်မတွေ့ရတော့ဘူး။ ည ရနာရီအတိမှာ လေယာဉ်စထွက်ပါတယ်။ လေယာဉ်ဟာ သူ့မြို့ကြီး လှကြောင်း ကြွားချင်လို့ပဲလား မဆိုနိုင်ဘူး မြို့ပေါ်မှာ ပျံဝဲနေတာ အတော့ကို ကြာသလိုပါ။ ကြွားလည်းကြွားချင်စရာ လှလည်းလှတာကိုး။ တမြို့လုံး နီယွန်မီးတွေ ထိန်ထိန်ညီးလို့ လှလိုက်တာများ ခိုင်းနှိုင်းစရာ ရုတ်တရက် ရှာမရဘူး။ အီဖယ်မျှော်စင်ကြီးကလည်း ညမီးရောင်မှာ တောက်ပလို့ သံကိုင်းတချောင်းခြင်းစီ တောက်နေတာများ သံရည်ကြိုးအိုးထဲက သံရည်ပူတွေ တောက်နေသလိုမျိုး။ တကယ့်နတ်ဘုံနတ်နန်းဆိုတာ ဒါမျိုးကို ခေါ်တာများလားလို့တောင် ထင်မိပါတယ်။ မြို့ထဲလမ်းမှာ အပ်ပျောက်တာကို လေယာဉ်နဲ့ ရှာလို့ ရလောက်အောင် အရာရာဟာ ထိန်ထိန်ညီးနေတာပါ။ မျက်စိတဆုံး လှချက်များ ပြောမပြတတ်အောင်ပါပဲ။ လေယာဉ်မယ် ညစာလာကျွေးမှ မြင်ကွင်းက မျက်နှာလွှဲမိတော့တယ်။ ညစာကတော့ သားအကြိုက် ကျောက်ခဲလိုမာတဲ့ ပေါင်မုန့်သေးသေးလေး၊ အသားပြား၊ ဒိန်ချဉ်၊ အအေး။ သားကတော့ နှစ်နှစ်ခြိုက်ခြိုက် စားပေမဲ့ ကျွန်မမှာတော့ ရေနဲ့ မျှောချနေရတယ်။ နောက် ညလယ်စာတခါ စားပြီး တရေးထပ်အိပ် ( အမှန်တော့ ဘယ်နှစ်ရေးမှန်းကို မမှတ်မိဘူး) ။ အိပ်ရာက နိုးတော့ မိုးလင်းနေပြီ။ အပြင်ကို ကြည့်လိုက်တော့ လေယာဉ်ဟာ တိမ်ပင်လယ်ထဲမှာ ကူးခတ်နေပါတယ်။ မြင်မြင်ရာ တိမ်တွေမို့ အောက်ခြေကိုတောင် မမြင်ရပါဘူး။ ဘန်ကောက်နဲ့လည်း နီးနေပါပြီ။ ဆယ်နာရီကျော် စီးရတာမို့ အတော့ကို ညောင်းလှပြီ။
ဇန်နဝါရီ ၂ရ ရက်
ဘန်ကောက်ကို လေယာဉ်ဆိုက်တော့ ဘန်ကောက်စံတော်ချိန် နေ့လယ် ၁၂နာရီ။ တဲအဗီးလ်မှာ လက်တွေ၊ ခေါင်းတွေကျင်လောက်အောင် အေးသလောက် ဘန်ကောက်မှာ အပူကို စပြီးခံစားရပါပြီ။ ထုံးစံအတိုင်း အထုတ်မျိုးစုံကို လွယ်တန်လွယ် ဆွဲတန်ဆွဲလို့ ကို့ရို့ကားယား လျှောက်လာရင်း Tube ထိပ်မှာ လာကြိုတဲ့သူကို တွေ့ပါတယ်။ မတွေ့ဘယ်နေမလဲ ကျွန်မနာမည်ကို ကတ်ထူပြားမှာ ရေးပြီး မြှောက်ပြနေတာကို။ အနားရောက်မှ သူလည်း ကျွန်မကို မှတ်မိပုံရတယ်။ အစကတော့ လူနဲ့နာမည် တွဲမိပုံမရဘူး။ မသိဘယ်နေမလဲ ကျွန်မတို့တွေ နေပြည်တော်မှာ တတိုက်တည်း နေခဲ့ဖူးတာကိုးလို့။ သူကပဲ အစစအရာရာ ကူညီပါတယ်။ စစ်ဆေးရေးဂိတ်ရောက်တော့ တလမ်းလုံး ခဏခဏ ကြုံခဲ့ရတာမို့ လုပ်ငန်းစဉ်ကို သားတောင် မှတ်မိနေပြီ။ သူ့အင်္ကျ ီ၊ ဖိနပ်၊ကုတ်၊ ကျောပိုးအိတ်ပါမကျန် စင်ပေါ်က ဇလားထဲ သူ့ဘာသာထည့်ပါတယ်။ အားလုံးအေးဆေးပါပဲ။ ကျွန်မစီးရမဲ့ လေယာဉ်က MAI ။ ညနေ ရနာရီမှ ထွက်မှာမို့ check in ဝင်ရမဲ့ ကောင်တာ မဖွင့်သေးပါဘူး။ ညနေ ၄နာရီလောက်မှ ဖွင့်မှာမို့ ကောင်တာဖွင့်မဲ့ နေရာအနီး တဝိုက်က ခုံမှာ နေရာ ချပေးပြီးတဲ့အခါ လိုအပ်တာတေ၊ွ လုပ်ရမှာတွေ ပြောပြီး ညနေထိ စောင့်မနေနိုင်လို့ ပြန်တော့မှာပါ။ တလမ်းလုံး အာဟာရက စိတ်အလို မပြည့်တာမို့ သူ့ကိုပဲ စားသောက်ဆိုင် ပို့ပေးဖို့ အားနာနာနဲ့ အကူအညီတောင်းရပြန်ပါတယ်။ စိတ်ရှည်စွာ ငွေလဲပေး၊ ဆိုင်လိုက်ပို့ပေး၊ စားသောက်ပြီးတော့ ခုနနေရာကို ပြန်ပို့ပြီးမှ ပြန်သွားရှာတယ်။ သူ့ကျေးဇူးနဲ့ပဲ အိမ်ကြီးရှင်ဆီလည်း ဘန်ကောက်ကို ချောမောစွာ ရောက်ကြောင်း အကြောင်းကြားရတာပေါ့။ ဘန်ကောက်လေဆိပ်မှာ ပြင်သစ်ထက် ပိုအဆင်ပြေတာက တွန်းလှည်းလေးတွေ နေရာအနှံ ရနိုင်တာပါ။ ကျွန်မလည်း လှည်းတခုယူ ပစ္စည်းတွေ တင်ကာ အိန္ဒြေ ရရကိုဖြစ်လို့။ သားအိမ်သာဝင်မယ်ဆို လှည်းပေါ် သားကို မတင်ပြီး တွန်းသွားရုံပဲ။ ဗျာများစရာ မလိုဘူး။ သား ဘယ်နှစ်ကြိမ်ဝင်ဝင် စိတ်မရှုပ်ရတော့ဘူး။ ညနေ ၄နာရီမှာ MAI ကောင်တာ စဖွင့်ပါတယ်။ ဘယ်သူ ရှေ့ဆုံးကထင်လဲ။ ကျွန်မပဲပေါ့။ အထုတ်တွေတင်ထားတဲ့ လှည်းပေါ် ကလေးတင်ပြီး တွန်းလာတဲ့ ကိုယ်ဝန်ဆောင်သည် အမျိုးသမီးလေ။ စကတည်းက ယဉ်သကိုး ဆိုရမလို ကျွန်မ သယ်လာတဲ့ ကီလိုကိစ္စ သူတို့ နားမလည် ရှာပါဘူး။ ငွေထပ်ပေးရမလိုပါ။ ထုံးစံအတိုင်း တတ်သလောက် အင်္ဂလိပ်စကား တောရောက်တောင်ရောက်နဲ့ရှင်း။ ဘယ်လိုမှ နားမလည်ဘူး ထင်ရဲ့ ရှေ့က ခုံမှာ ခဏစောင့်ခိုင်းပါတယ်။ ၁၅မိနစ်လောက် ငေးမောပြီးချိန်မှာ လာခေါ်ပါတယ်။ ဘာကို ဘယ်လို သဘောပေါက်တယ်မသိ ပိုက်ဆံလည်း ထပ်မပေးရဘူး။ နောက် လေယာဉ်လက်မှတ် ထုတ်ပေးလိုက်ပါတယ်။ ကျွန်မနောက်ဖက်မှာ တန်းစီနေတဲ့ လူတယောက်က အကျိုးအကြောင်းမေးပါတယ် ကူညီဖို့ ထင်ပါရဲ့။ အဆင်ပြေကြောင်းပြန်ပြောပြီး လေယာဉ်စီးရမဲ့ Tube ရှိရာဘက် ထွက်ခဲ့ပါတော့တယ်။
လေယာဉ်စီးရမဲ့နေရာမှာ ကျွန်မအရင် အန်တီကြီးတယောက်၊ ဘုန်းကြီးတပါး၊ ကောင်မလေးတယောက် ရောက်နှင့်နေပါတယ်။ မြန်မာချင်းမို့ စကားပြောရတာ အားရလှပါတယ်။ တလမ်းလုံး ကြောင့်ကျလာတာလည်း ရော့ပါးလာပါပြီ။ ထုံးစံအတိုင်း တနေကုန်ဆော့နေတဲ့သား လေယာဉ်ပေါ် တက်ခါနီးရင် အိပ်ပါပြီ။ ဒီတခါတော့ ကူညီမဲ့သူ မရှိတာမို့ ကိုယ့်အားကိုယ်ကိုးရပါပြီ။ သားကို ပခုံးပေါ်တင် ပစ္စည်းတွေကို ဖြစ်သလို အရသယ်ကာ တန်းစီရပါတယ်။ ကြုံနေကျအတိုင်း ဦးစားပေး အဆင့်မို့ အရင်ဝင်ပေါ့။ လမ်းတလျှောက် ဝင်လာပေမဲ့ ရှေ့မှာလမ်းပိတ် နောက်ပြန်လှည့်ကြည့်တော့ ခုနက ဝင်ခွင့်ပေးလိုက်တဲ့ ဝန်ထမ်းက ဆက်သွားဆိုတဲ့ သဘောနဲ့ လက်ကိုပြပါတယ်။ ဖြစ်ချင်ရာဖြစ်ဟယ်….လမ်းမှားလည်း ပြန်လှည့်ရုံပဲ သွားလိုက်မယ် ဆိုပြီး လမ်းအဆုံးထိ လျှောက်သွားတော့မှ ဘယ်ဖက်ဘေးမှာ လေယာဉ်ဝင်ပေါက်။ “မင်္ဂလာပါရှင်” ဆိုတဲ့ နှုတ်ခွန်းဆက်စကားဟာ တလမ်းလုံး ကြားလာရတဲ့ နှုတ်ဆက်စကားတွေထဲကမှ အချိုဆုံး စကားလေးပါ။ လေယာဉ်လက်မှတ်ပြတော့ ရှေ့ဆုံးဝင်ပေါက်ဘေးကခုံမို့ နောက်ခရီးသည်တွေ ဝင်လာရင် ကလေးနဲ့ ထိမိခိုက်မိမှာ စိုးရိမ်လို့ တဘက်ခုံကို စေတနာထား ရွှေ့ပေးတာ ကျေးဇူးတင်စရာပါ။ ၈နာရီမှာ လေယာဉ်စထွက်ပါတယ်။ ဘန်ကောက်မြို့ ညရှု့ခင်းဟာလည်း ပြင်သစ်ညရှု့ခင်းနဲ့ အလှခြင်းပြိုင်ရင် ဘယ်သူ့အနိုင်ပေးရမှန်း မသိရလောက်အောင် လှပါပေတယ်။ တလမ်းလုံး ကျွန်မအကြိုက်ဆုံးက MAI က ကျွေးတဲ့ ညစာပါ။ ဆန်ခေါက်ဆွဲအပြားကို ကြက်သားနဲ့ ကြော်ထားတာပါ။ သားကတော့ မစားပါဘူး။ သူက ပေါင်မုန့်သမားလေ။ နောက် ကျွန်မအတွက် အကြာဆုံး လေယာဉ်စီးရတာလည်း ဘန်ကောက်ကနေ ရန်ကုန်ကိုပျံတဲ့ ခရီးစဉ်ပါ။ အမှန်တော့ စီးရတာ တနာရီပေမဲ့ ကျွန်မစိတ်ထဲ ၁ဝနာရီလောက် ကြာနေသလိုပဲ။ တဖြည်းဖြည်းနဲ့ မြေပြင်က ရှု့ခင်းတွေဟာ မှောင်လာပါတယ်။ သားကတော့ အိပ်ကောင်းတုန်းပါပဲ။ ကြာလိုက်တာ ကြာလိုက်တာလို့ စိတ်ထဲမှာ ရွတ်နေတုန်းမှာပဲ မကြာခင် မင်္ဂလာဒုံလေဆိပ်ကို ဆင်းသက်ပါတော့မယ်လို့ လေယာဉ်မယ်လေးရဲ့ မင်္ဂလာရှိတဲ့ အသံလေးကို ကြားပြီးသကာလ အားရဝမ်းသာ မြေပြင်ကို ငုံကြည့်မိပါတယ်။ ဟင်……ဘယ်လိုဖြစ်တာပါလိမ့်ပေါ့။ နောက်… ဟုတ်ကောမှ ဟုတ်ရဲ့လားလို့ နောက်ဆက်တွဲ တွေးမိပြန်ပါရော။ ခုနကမှ မြင်ခဲ့ရတဲ့ မြင်ကွင်းနဲ့က ကွာလွန်းနေတာကိုး။ ကျွန်မတို့ တိုင်းပြည်ရဲ့မြို့ကြီးရဲ့ ကောင်းကင်ယံက စီးမြင်ရတဲ့ ရှု့ခင်းဟာ အမည်းရောင် ပြင်ကျယ်ကြီးထဲမှာ ပိုးစုန်းကြူးလေးတွေ ဟိုတစ ဒီတစ ပြန့်ကျဲနေသလိုနဲ့ တူနေတယ်လေ။ ဆရာကြီး ရွှေဥဒေါင်းရဲ့ တသက်တာ မှတ်တမ်းမှာပါတဲ့ ဆရာကြီး ဆိုဗီယက်က အပြန်မှာ မြင်ရတဲ့ မြင်ကွင်းဟာ ဒါမျိုးနေမှာလို့တောင် တွေးမိသေးတော့တယ်။ အော်…..ကြာနေပေမဲ့ အခုထိ ဒီလိုပါပဲလားလို့။ ဘာပဲဖြစ်ဖြစ် ဟိုး…..ခပ်လှမ်းလှမ်းက ညမီးရောင်နဲ့ သပ်ပါယ်နေတဲ့ ရွှေတိဂုံကို မြင်ရရင်ပဲ ဒါ ငါတို့ မြေပဲလို့ ခံစားရတဲ့ ခံစားချက်က ပီပြင်လာရော။ ဟုတ်တယ် ဒါတို့တွေ ပိုင်တဲ့မြေ။ လေယာဉ်က တဖြည်းဖြည်း နိမ့်ဆင်းလာတော့ ဘေးဘက်က ခပ်ကျဲကျဲ မှိန်မှိန် လမ်းမီးတိုင်တွေ၊ သစ်ပင်တွေကြားက အိမ်တွေ ပီပီပြင်ပြင် မြင်ရတော့ သူများတွေက မီးတွေ ထိန်ထိန်ညီးမှာပေါ့ တို့နိုင်ငံလို့ ပတ်ဝန်းကျင် စိမ်းလန်းအောင် သစ်ပင်တွေမှ မထိန်းသိမ်းတာ။ တို့ပြည်မှာတော့ နိုင်ငံရဲ့ မြို့ကြီးမှာတောင် သစ်ပင်ကြီးတွေ စိမ်းစိမ်းစိုစိုနဲ့ လှတုန်း။ ဒီသစ်ပင်တွေကြောင့် သိပ်မလင်းဘူး ထင်တာနေမှာ ဟုတ်တယ်နဲ့ ကိုယ့်ဘာသာ အဆိုတင်သွင်း ကိုယ့်ဘာသာ ထောက်ခံနဲ့ အကျေနပ်ကြီး ကျေနပ်ပြီး ခပ်ပြုးပြုံးကြီး ဖြစ်နေတုန်း သားကလည်း အိပ်ကောင်းတုန်းမှာ လေယာဉ် ဆိုက်ပါရော။ အထုတ်တွေ တပွေ့တပိုက်နဲ့ အိပ်နေတဲ့သားကို အတင်းနှိုးပြီး ထွက်လာတော့ သားက အိပ်ချင်မူးတူးနဲ့ သူ့ကိုမချီလို့ငို။ စိတ်ရှုပ်လို့ သူ့ကိုချီတော့ အထုတ်ကမနိုင်။ ဒီလိုနဲ့ပဲ ချီလိုက် ချလိုက် တရွတ်တိုက်လိုက်နဲ့ပဲ ခန်းမကြီးရဲ့ လှေကားထိပ်ကို ရောက်ပါတော့တယ်။ တဖက်က စက်လှေကား မတ်စောက်စောက်၊ နောက်တခြမ်းက ရိုးရိုးလှေကား။ သားတော်မောင် ကြည်ကြည်လင်လင် ဖြစ်နေရင်တော့ သူ့ကို အသာထိန်းလို့ စက်လှေကား စီးနိုင်ပေမဲ့ အခုတော့ ကိုယ်တော်က ကောက်တော်မူနေတာကြောင့် မလွယ်ရေးချမလွယ်ပါ။ သူ့တဖက် အထုတ်တဖက်ဆို လက်ကဘေးတဖက်ကို ကိုင်ဖို့ မလွယ်ကူတာမို့ ဒီလောက်မတ်စောက်တာနဲ့ မဗိုက်ပြုတ်ကျရင် ကိုယ်ကျိုးနည်းရချည်ရဲ့။ ဒါနဲ့ပဲ ရှေးထုံးစံမပျက် ရိုးရိုးလှေကားကပဲ ဆင်းရတာမို့ သက်တော့မသက်သာလှပါဘူး။ မှန်နောက်က လူတွေအများကြီးထဲမှာ ကိုယ့်ကိုလာကြိုသူတွေ ပါမလားလို့ ကြည့်တော့လည်း ဒိလောက်အများကြီးထဲမှာ တယောက်လေးတောင် ရှာမတွေ့ဘူး။ သားကလည်း အာပြဲပြဲနဲ့ အော်ငို ( အိမ်ကလူတွေလည်း သားငိုသံကြားမှ ကျွန်မတို့ သားအမိကိုတွေ့တာတဲ့) သူ့ကိုလည်း မချီနိုင်၊ အထုတ်တွေကလည်း မဆွဲနိုင်အောင် လေးလှပြီ။ တလမ်းလုံး အားတင်းလာသမျှ အခုတော့ သံပါတ်ကုန်ပြီထင်ရဲ့။ ငါ့တိုင်းပြည်ကို ပြန်ရောက်ပြီ ငါစိုးရိမ်စရာမလို ငါ့ကိုချစ်တဲ့ ငါကချစ်တဲ့ လူတွေဆီ ပြန်ရောက်ပြီဟဲ့လို့ တွေးရင်း အသက်(၄၀) အရွယ် မိန်းမတယောက်ဟာ လူပုံအလယ်၊ ခန်းမကျယ်ကြီးအလယ်မှာ ငုတ်တုတ်ထိုင်ရင်း မရှက်နိုင်တော့ပဲ မျက်ရည်တွေ တတွေတွေကျလာတာ ဝမ်းသာလွန်းလို့လား ဝမ်းနည်းလို့လား ကိုယ့်ဘာသာတောင် ဝေခွဲလို့ မရတော့ပါဘူးရှင်။
33 comments
ဦးကျောက်ခဲ
July 19, 2013 at 6:09 pm
မမှီရေ ဖတ်ပြီး မောသွားတာပဲ…
ကိုယ်ချင်းစာတယ်ဗျာ ခလေးတစ်ဘက် အထုပ်တစ်ဘက် ဗိုက်တစ်လုံးနဲ့…
သူစိမ်းတွေကြားထဲမှာ နေရတာကြာမှ မြန်မာလိုစကားပြောသံကြားမိရင်…
ဆွေမျိုးတွေ့ရသလို ထခုန်မိမတတ် ဝမ်းသာတယ် ခင်ဗျ…
ဟီး ဟီး အမှတ်ရမိသေး၊ အခုလိုနွေဘက် ခရီးတစ်ခုကအပြန်…
ခပ်ပါးပါးပဲ ဝတ်ထားမိတာ၊ လေယာဉ်ပြောင်းဖို့ ဒိုဟာ လေဆိပ်ရောက်တော့
အဲယားကွန်းက စိမ့်နေအောင်အေးတာမို့ သွေးပူလေ့ကျင့်ခန်း လုပ်ဖူးပါကြောင်း…
မောင် ပေ
July 19, 2013 at 6:21 pm
မြန်မာနိုင်ငံမှ နွေးထွေးလှိုက်လှဲစွာ ကြိုဆိုပါ၏
Ma Ma
July 19, 2013 at 6:29 pm
မှီရေ-
လမ်းခရီးအတွေ့အကြုံကို စိတ်ခံစားချက်နဲ့ ကိုယ်တိုင်ရေး ရာဇဝင်က အတော်ဖတ်လို့ကောင်းတယ်။
ဝတ္ထုတစ်ပုဒ်လို ရသကို ပေးနိုင်သလို ခရီးသွားဆောင်းပါးလို ဗဟုသုတလည်းရတယ်။
ဂျူးမလေးလည်း ကြီးလာရောပေ့ါ။
စာပြန်ရေးတာကို ဝမ်းမြောက်ဝမ်းသာကြိုဆိုပါတယ်။ 🙂
candle .
July 19, 2013 at 7:09 pm
ဟင်းးးးးးးးး
တော်ပါသေးရဲ ့အမရယ်
ချောချောမောမော နဲ ့ပြန်ရောက်လာတာ
ဘာများဖြစ်မလဲ နဲ ့ရင်မောလိုက်တာ ။
အလူမီနီယံ ဘူးက အိပ်စ်ရေး လွတ်တယ်လို ့သိလိုက်ရလို ့လဲကျေးဇူးပါ နော် ။
TNA
July 19, 2013 at 8:24 pm
ဖတ်ရင်းနဲ့တောင်မောသွားတယ်။ မမှီစာတွေမဖတ်ရတာကြာလို့အားရပါးရဖတ်သွားပါတယ်။
padonmar
July 19, 2013 at 8:52 pm
မှီရယ်
မှီ့စာဖတ်ပြီး ကိုသစ်မင်းကို သတိရလိုက်တာ။
နောက်ပြီး ကလေးတစ်ဖက် အထုပ်တစ်ဖက်နဲ့ ကိုယ်ဝန်ဆောင်ကို မြန်မာပြည်လေဆိပ်ရောက်တော့မှ ကူညီသူမရှိဖြစ်ရတာလားလို့ တွေးပြီး စိတ်ထဲမချင့်မရဲဖြစ်မိပါရဲ့။
အလင်း ဆက်
July 19, 2013 at 9:28 pm
အန်တီမှီရေ…
စာရေးကောင်းလိုက်ပုံများ…
အစကနေ အဆုံးထိ…. ဖတ်တဲ့လူကိုဆွဲခေါ်လာလိုက်တာ..။
ကျွန်တော်တော့.. ဖတ်လို ့ ဆုံးမှ ပဲ…အသက်ရှူ ပစ်လိုက်တယ် ။
တကယ် ။
———————-
ကိုပေါက်(မန္တလေး)
July 19, 2013 at 10:00 pm
မမှီ ရေ တာထွက်ကောင်းကောင်းနဲ့စလိုက်တယ်ပေါ့
လုံမလေးမွန်မွန်
July 19, 2013 at 10:04 pm
အန်တီမှီရေ… (သူများခေါ်သလို လိုက်ခေါ်တာ..)
တကယ်ကိုမောသွားတယ်… ဒီလိုခရီးကြီးကို တစ်ယောက်တည်းပြန်လာဖို့ဆိုတာ တွေးရင်းနဲ့တောင် ကြောက်မိတယ်… နောက်တင်မယ့် ပို့စ်တွေကိုလည်း စောင့်နေပါတယ်လို့…
အရီးခင်လတ်
July 19, 2013 at 10:15 pm
မှီ ရေ
တစ်နှစ်ခွဲ ဆိုတာ ဒီလောက် ကြာလိုက်တယ် တောင်မထင်ဘူး။
အသံလေး ပြန်တွေ့လိုက်ရတာ ဝမ်းသာလိုက်တာ။
၃ဆင့် ခရီးရှည်၊ ကလေးတစ်ယောက်၊ ကိုယ်ဝန်ကြီး နဲ့ အထုပ်တွေ ကို မြင်ရင်း အတော်သတ္တိကောင်းလိုက်တာလို့ ဘဲ ပြောချင်တော့တယ်။
တော်ရုံမိန်းမ ဆို ဒီလို ဘယ်ပြန်ဝံ့မလဲနော်။
ဖတ်ရတာလဲ အစ အဆုံး သဲထိတ်ရင်ဖို စိတ်ဝင်စားစရာ ဘဲ။
နောက်ဆုံး အိမ်ပြန်ရောက်ချိန် ၂ရက် ကျော် ခရီးဖြစ်သွားမလား။
သားလေးကတော်တယ်ပြောရမှာ။
သူ့ခမျာလဲ အတော်ပင်ပန်းမယ်။
နောက်ဆုံး သားနဲ့ အပြိုင်ငိုချလိုက်တာ ဖတ်ပြီး ဝမ်းသာ သနား ပျော်ရွှင်မှု ဖြစ်မိတယ်။
ရသ စုံပါတဲ့ စာဆိုတာ ဒါမျိုး ဖွဲ့နွဲ့ နိုင်မှုကိုခေါ်တာဖြစ်မှာ။
မှီ့ လက်ရာလေးတွေ များများ ပြန်ဖတ်ချင်ပါတယ်။
ရွာထဲ မှီပြန်ရောက်တာ ကိုသစ်မင်း သိရင် သူပါပြန်လာဖို့ ကောင်းတယ်။
မြန်မာပြည် ကို ပြန်ရောက်စ သားလေး ရဲ့ ထင်မြင် ခံစားမှု လေးတွေ ကို စိတ်ဝင်စား နေတယ်။
မွေးလိုက်တာ သမီးလေး မဟုတ်လား။
အတော်ကြီးနေရောပေါ့။
စာလေးတွေ ကို ဖတ်ဖို့ ဆက်မျှော်နေမယ်။
uncle gyi
July 19, 2013 at 11:48 pm
မာရသွန်ခရီးသွားမှတ်တမ်း
ပြီးပါပြီ
ရေးသူတော့မသိဖူး
ဖတ်သူတော့မောသွားတာပဲ မမှီရေ
ဝင့်ပြုံးမြင့်
July 20, 2013 at 12:37 am
မမှီရေးတဲ့ ပဲပင်ပေါက်အကြောင်း ဖတ်ဖူးတယ်။ ပဲပင်ပေါက်စားတိုင်းကို သတိရနေပါရော။ အဲဒီလောက် စာရေးကောင်းတဲ့လူပါ။
hmee
July 20, 2013 at 7:10 am
အားပေးတဲ့သူ အားလုံးကို တကယ်ကျေးဇူးတင်ပါတယ်။ ဝါသနာပါလွန်းလို့စာရေး့ဖို့စိတ်ကတော့ မလျှော့ဘူး။ းD ဒီစာလေးတပုဒ်ကို တပတ်လောက် စာရိုက်ယူရတယ်။ းD
ဦးကြောင်ကြီး
July 20, 2013 at 8:46 am
အန်တီမှီ
ပျံလာပီ
ညံရှာစီ
ကံသာထီ
စံရွာပြည်
လျှံဖြာညီ
အံဇာဂျီ
ပန်ကာနီ..
ခင် ခ
July 20, 2013 at 2:03 pm
ကျွန်တော် ရွာသားဖြစ်ပြီးမှ မဆုံဖြစ်သေးလို့ အရင်နုတ်ဆက်ပါရစေ။
မင်္ဂလာပါ မမှီ။
ဖတ်လိုက်ရတာ ကိုယ်တိုင်ဘေးကလိုက်ပြီး ကြည့်နေရသလိုပါဘဲ။
ပိုစ့်အဆုံးသတ်လေးကိုတော့ သဘောကျမိတယ် “ခန်းမကျယ်ကြီးအလယ်မှာ ငုတ်တုတ်ထိုင်ရင်း မရှက်နိုင်တော့ပဲ မျက်ရည်တွေ တတွေတွေကျလာတာ ဝမ်းသာလွန်းလို့လား ဝမ်းနည်းလို့လား ကိုယ့်ဘာသာတောင် ဝေခွဲလို့ မရတော့ပါဘူးရှင်။´´ လို့။
ကိုယ့်ပြည် ကိုယ့်နေရာ ရောက်ပြီဆိုတဲ့ အသိကြောင့် အားမာန်လျော့လိုက်ပုံမျိုး ရသခံစားမိပါတယ်။
ဦး ကြိမ်
July 20, 2013 at 3:05 pm
သူများတွေ အိမ်ပြန် ရောက် တာ……ဖတ်ရ တော့ တို့ လည်းအိမ်ကိုလွမ်းတယ် လေ
လက် ချိုးရေတွက် ပြီးအိမ် ပြန်မဲ့ နေ့ကို မျှော်ရတာနေ့ စဉ်နဲ့ အမျှပါပဲ…….
အရင်ပြန် ရောက်သူ မမှီ အတွက်ဝမ်းသာ ပေးလိုက်ပါတယ်…….
Crystalline
July 20, 2013 at 4:25 pm
ပထမဆုံးဖတ်ဖူးတဲ့ပို့စ်မှာ ရင်မော စိတ်စောစွာနဲ့ဖတ်ပြီး..အဆုံးရောက်မှသက်ပြင်းချနိုင်တော့တယ်.. အထဲထိလာကူပေးတဲ့လူတွေရှိနေတော့ ဒစ်ပလိုမက်မိသားစုလားမသိ.. ရမ်းတုတ်တာ 🙂 သေချာတာတော့ အစ်မရဲ့ အရင်ပိုစ့်အဟောင်းတွေပြန်ရှာဖတ်ပါမည်။
nozomi
July 20, 2013 at 10:31 pm
ဒီပို့စ်လေး နဲ့ အိမ်အပြန်ခရီးအကြောင်းရော ရွာကိုပြန်ရောက်ကြောင်းရောသိလိုက်ရတယ်
ဝမ်းသာပါတယ်
နေ့ခင်းကတင် မမှီ စာရေးကောင်းတာ အိမ်မှာ အမှတ်တရပြောနေတာ
တိုက်တိုက် ဆိုင်ဆိုင် ညကျ ဒါလေးဖတ်ရတယ်
အများကြီးရေးပါဦး
hmee
July 21, 2013 at 1:46 pm
ကိုနိုဇိုမီလည်း စာမရေးတော့ဘူးလား။
ကိုရင်စည်သူ
July 21, 2013 at 12:00 pm
ကြိုဆိုပါတယ် မမှီမှီဂလေးး.. တိုက်တိုက်ဆိုင်ဆိုင် ကျနော်လည်း ခရီးသွား
အတွေ့အကြုံတစ်ခု ရေးနေတာ လက်စမသတ်သေးဘူး…
မမှီစာရေးကောင်းတာတော့… လန်းတယ်ဂျာ.. 🙂 အရင်တုန်းက ပြောမှား
နောက်မှား ချိခဲ့ရင် ခွင့်လွှတ်ဘာ… ရွှတ်ခရန်…
အရီးခင်လတ်
July 21, 2013 at 1:02 pm
မမှီ ကို အိတ်ကူဆွဲပေးသူ လေး က ကိုရင်စည်လေး များလား လို့တောင် တွေးမိသေး။
😛
hmee
July 21, 2013 at 1:41 pm
ဟုတ်ယ်အမရေ။ သင်္ဘောသားလို့ပြောတော့ ရွာထဲက လူတွေများဖြစ်မလားလို့ ဂေဇက်အကြောင်းမေးမိသေးတယ်။းD
kai
July 21, 2013 at 1:57 pm
မှီမမစာဖတ်ကြည့်ပြီး… ပြင်သစ်ကိုရောက်ချင်.. သွားချင်စိတ်ဖြစ်မိတယ်..
ပဲရစ်ဟာ.. လူသားတွေအတွက်… နိဗ္ဗာန်တခုပါပဲ… တဲ့..။
ဟိုးးးအရင်က.. အိပ်မက်တခုက.. ဗင်ဂိုးပန်းချီကားထဲက… ပဲရစ်ရဲ့..ကော်ဖီဆိုင်လေးမှာ.. ထိုင်ချင်တာပဲ..
တနေ့နေ့တော့.. ဓါတ်ပုံရိုက်သွားပါမယ်…
လောလောဆယ်တော့.. သမီးအိပ်ယာဘေးမှာ.. ၅ပေလောက်ရှိတဲ့..အဲဒီပန်းချီကား(ကော်ပီ) နံရံမှာကပ်ထားတယ်…
hmee
July 22, 2013 at 3:17 pm
ကျွန်မကတော့ ကျွန်မတို့ကို အုပ်ချုပ်သွားတဲ့သူတွေ ဘယ်လောက်များခန်းနားကြီးကျယ်သလဲလို့ သွားကြည့်ချင်တာ။ မတော်တဆများ အမေရီးကားဆိုတာကြီးကိုလည်း ရောက်ခဲ့ရင် လော့ကျနေတဲ့မြို့ကြီးကို လာပြီး သဂျီးကို လာကိုတွေ့ဦးမယ်။
DEPARKO DEPARKO
July 21, 2013 at 2:11 pm
ညီမလေးမှီ ဗိုက်တစ်လုံးနဲ့ အိမ်အပြန် ဖွဲ့နွဲ့ကာရေးသီတော့
စာပန်းချီ လိုက်မမှီအောင်ပလေး။
KZ
July 22, 2013 at 7:52 am
မမှီ စာရေးကောင်းတယ်လို့ ကြားဖူးတာတော့ ကျနော် ရွာထဲရောက်ကတည်းကပဲ။
ခုမှ ဖတ်ဖူးပါတယ်။ 🙂
အစကနေအဆုံး အသက်မရှုနိုင်ပဲ ဖတ်သွားရပါတယ်။ ဒီခရီးကိုယ်တိုင်လိုက်ပါရသလိုမျိုးကို ခံစားလိုက်ရတာပါ။
မပေါ့မပါးနဲ့မို့ အမျိုးသမီးချင်းလည်း ကိုယ်ချင်းစာမိပါရဲ့။
လေးစားစွာ
ခိုင်ဇာ
Inz@ghi
July 22, 2013 at 7:56 am
မမှီ.. အခုဘွအမျိုးမတော်လိုက်ရတာတော့ စိတ်အကောင်းဝူးရယ်…
ငိငိ..
hmee
July 22, 2013 at 3:27 pm
မောင်ဂီ ကျေးဇူးနဲ့ ့လက်ပကျွတ်ဝယ်လိုက်ပြီ။ မောင်ဂီရဲ့ ပို့စ်ကို ပရင့်ထုတ်ပြီး သေသေချာချာ ဖတ်ပြီးမှ ဝယ်တာ။ အဲ့ဒါ အခုမှ ကျေးဇူးတင်စကားပြောတာ ကျေးကျေးပါ ဂီဂီရေလို့။ းD
Ma Ei
July 23, 2013 at 11:30 am
မှီရေ…
ဗိုက်ထဲထည့်လာတဲ့ သမီးချောလေး
ခု တစ်နှစ်ခွဲတဲ့ မကြာလိုက်သလိုဘဲနော်…
ရန်ကုန်လေဆိပ် ညရှုုခင်းကို ပိုးစုန်းကြူးလေးတွေ
ဟိုတစ်စ ဒီတစ်စ မြင်ရပုံမျိုးလေးတင်စားထားတာ
လှလိုက်တာ….
kyeemite
July 23, 2013 at 1:25 pm
မမှီရေ..ဖတ်ပြီးမောသွားတယ်ဗျာ..
ဒီလိုခရီးရှည်ကြီးကို လွှတ်လိုက်ရတဲ့
အိမ်ကြီးရှင်က ပိုစတ်ပူနေမှာပဲ..ရန်ကုန်မရောက်မချင်း
အလုပ်ဖြောင့်ဖြောင့်လုပ်နိုင်မယ်မထင်..
တွေ့ဆုံပွဲကို မိသားစုလိုက်ချီတက်လာကြတာ ဝမ်းသာပါ၏။
Mr. MarGa
July 23, 2013 at 7:19 pm
အန်တီ မှီရေ
ဖတ်နေတဲ့ တစ်ချိန်လုံး ရင်တမမနဲ့ဗျာ
တကယ် ရင်မောရပါတယ်
ရန်ကုန်မြို့ရဲ့ ညရှုခင်းအကြောင်းကို ဖတ်လိုက်ရပြန်တော့
သံချပ်လေး သွား သတိရမိသေး
အို….ဘာတဲ့
ဟိုဘက်ကမ်းက မီးထိန်ထိန်
ယိုးဒယားတို့ အိမ်
ဒီဘက်ကမ်းက မီးမှိန်မှိန်
ကျွန်တော်တို့ နေတဲ့ အိမ် 🙁
မောင်ဘလိူင်
July 24, 2013 at 12:50 pm
မမှီက အရေးကောင်း တစ်ယောက်ဆိုတာ ရွာထဲ စဝင်ကတည်းက
သတိပြုမိပါရဲ့ဗျာ..ခုလည်း ဘေးကနေ ကိုယ်တိုင်လိုက်ပြီး မမှီတို့
သားအမိတွေနဲ့ ခရီးသွားရသလိုပါပဲလား…ခရီးဆုံးမှ ဟီးချရတော့တယ်။
အရီးခင်လတ်
July 24, 2013 at 2:03 pm
မှီ့ ပုံ ကို ပွဲဓာတ်ပုံထဲ မြင်လိုက်ရတော့ ပိုပြီး ခင်မင်သွားမိတယ်။
မှန်းထားသလို ခပ်ထက်ထက် ပုံ ပါဘဲ။ 😛