ကဗျာချစ်သူများ၏ ကဗျာပြခန်း အမှတ်(၆)
.
.
.
.
.
.
.
.
.
.
.
.
ကဗျာပြခန်း
အမှတ်ခြောက်အထိ ချီတက်လာပါပေါ့
တစ်ခန်းထက်တစ်ခန်း ပိုလို့ ပိုလို့ ကြိုးစားနေတယ် ဆိုတာကိုလဲ အသိပေးချင်ပါတယ်နော့
အခု လောလောဆယ်တော့ ကဗျာဆောင်းပါး ကလေးနဲ့ပဲ စ လိုက်ရအောင်။
ဒီ ဆောင်းပါးကို အပိုင်း သုံးပိုင်း ခွဲပြီး တင်ဆက်သွားပါမယ်။
ဆောင်းပါးအမည်က ကဗျာနှင့် ကဗျာဆရာ တို့၏ ထပ်တူမဖြစ်မှု ပဋိပက္ခ ဖြစ်ပါတယ်။
ဆောင်းပါးပိုင်ရှင်ကိုတော့ အဆုံးသတ်မှ ပြောပြမယ်နော်…..
စာရွက်အမှတ် ( ၃ )
ကဗျာနှင့် ကဗျာဆရာ တို့၏ ထပ်တူမဖြစ်မှု ပဋိပက္ခ
(၁)
ကဗျာကို ဘယ်လို အဓိပ္ပာယ်သတ်မှတ်ကြသလဲ။ စကားလုံးကော်ပတ်ရုပ်လား၊ ကာရန်ပါတီလား၊ ပုံသဏ္ဍာန်ယက်ကန်းစင်လား၊ ဂုဏ်၊ ဥပစာ၊ အလင်္ကာ၊ ရသပန်းချီကားလား၊ အနုသယ အိပ်မက်ဆန်းလား၊ ဒီလက္ခဏာတွေအားလုံ အကျုံးဝင်နေတာ ကိုကော ကဗျာလို့ ခေါ်မလား၊ စဉ်းစားရန်လိုပြီ။
ယနေ့ ဗမာနိုင်ငံအပါအဝင် နိုင်ငံတကာမျက်မှောက်ပြုနေရသော နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး ဆိုရှယ်လစ်အရေးတော်ပုံခေတ်တွင် ကဗျာကို အစဉ်အလာပေကြိုးဖြင့် တိုင်းထွာကြဦးမည်လော၊ အစဉ်အလာဟူသော ပုဆိန်ရိုးကြီးကို ရိုက်ချိုးပစ်ရန်လိုပြီလော၊ ယနေ့ကဗျာကို တိုက်ပွဲလက်နက်ဟု ခေါ်လျှင်ကော မှန်မည်လော၊ ပြတ်သားရန်လိုပြီ။
ကဗျာဆရာဆိုတာ ဘာလဲ၊ ကဗျာဆရာဆိုတာ လူ့အဖွဲ့အစည်းထဲမှလူ၊ လူ၌မေတ္တာ၊ စေတနာ အစရှိသည့် လူ့ဂရုဏာဝါဒ ရှိသည်။ နောက်ပြီး လူ၌ စိမ်းကားခြင်း၊ မုန်းတီးခြင်း၊ ရက်စက်ခြင်းရှိသည်။ လူ့အဖွဲ့အစည်းထဲတွင် ဖိနှိပ်သူနှင့် ဖိနှိပ်ခံဟူ၍ ကွဲနေသည်။ ကဗျာဆရာသည် ဖိနှိပ်သူလော၊ ဖိနှိပ်ခံလော၊ ဘယ်သူ့ကို မေတ္တာထား၍၊ ဘယ်သူ့ကို မုန်းတီးမည်နည်း၊ သို့မဟုတ် ဘက်မလိုက်ဘဲ ကြားနေပဏ္ဍိတလုပ်မည်လော၊ ရွှေပြည်အေးတရားဒေသနာတော်ကို ဟောကြားမည်လော၊ တစ်ခုခုကို ဆုံးဖြတ်ရန် အရေးကြီးပြီ။
ကဗျာနှင့် ကဗျာဆရာတို့၏ တာဝန်သည် အများပြည်သူ စာဖတ်သူတို့ကို ဖြန့်ဖြူးရန် သက်သက်လော၊ မြှင့်တင်ရန် မကြိုးစားပြီလော၊ ကဗျာနှင့် ကဗျာဆရာတို့၏တာဝန်သည် ကျမ်းသိ၊ ပေသိ ဗဟုသုတပေးရန်လော၊ ခေတ်စနစ်ကို ထင်ဟပ်ရန်လော၊ ကဗျာနှင့် ကဗျာဆရာတို့သည် ပုတ်သင်ညိုလို ခေါင်းတညိတ်ညိတ်လုပ်ရန်လော၊ သစ္စာတရားဘက်က မားမားမတ်မတ် ရပ်ရန်လော၊ ကဗျာနှင့် ကဗျာဆရာသည် “လူတစ်ခု ပူမှုရယ်တဲ့ ဆယ်ကုဋေ” ဟု တရားသံ ဘုရားသံပြုမည်လော၊ လူထုဘဝကို အားမာန်ဖြင့် ဖော်ဆောင်မည်လော၊ လူထုနှင့်အတူ ဝင်ရောက်တိုက်ပွဲဝင်မည်လော။………..
………………….
ကဗျာပြခန်း အမှတ် (၆) မှာ ကဗျာဆရာ ဆယ့်ငါးဦးက ကဗျာ ဆယ့်ငါးပုဒ်နဲ့ အားဖြည့်ပေးထားပါတယ်။
ကဗျာတွေကို စာသားသီးသန့် ဖတ်ရှုလိုရင် ဒီစာကြောင်းကို နှိပ်ပါ
++++++++++++++++++++++++++++++++
သပြေသီးကောက်
ဝါဆိုဝါခေါင် ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်
ခရာဆူးချုံ ဟိုအထဲက
မျှော့နက်မည်းကြီး တွယ်တတ်တယ်
မျှော့နက်ဆိုတာ ချိုနဲ့လားကွယ့်
မြွေနဂါးတောင် ကြောက်ဖူးကွယ်
တို့လည်းကြောက်ပေါင် တူတူသွားစို့
အုန်းလက်နွားလေး ထားခဲ့မယ်။
သွားကွယ်….သွားကွယ်။ ။
++++++++++++++++++++++++++
ဩဂုတ်လ ရောက်ပြီမို့
ရေဖောင်ဖောင် ထိုလမှာဖြင့်
မြစ်ပြင်ဝယ် ရေပြင်ကျယ်လွှမ်းတာပ
ငွေသောင်မြစ်ပြည့်လွှမ်း
ရွှေမိုးရယ်က သဲကာသာရွာလှလေး
အချိန်အခါသမယ ဝါခေါင်လမှာဖြင့်
မိုးအေးကာ အပြင်မထွက်ဘဲ
အိပ်ယာမှာ ကွေးချင်တော့လေး
ခတ္တာငုံ ချပ်လွှာအစုံ ကြူကာသာမွှေး
စာရေးတန်လှူပွဲကို တူနွှဲကာပျော်ဖို့မနှေး
အခုရောက်တာ ဩဂုတ်လပါကွဲ့လေး…။ ။
+++++++++++++++++++++++++++
စိတ်ရည်စစ် စာမေးပွဲ
”……ဖွဲ ….. ပြာ….”
နွမ်းအက်ပန်းလျသောအသံ
နေပူစပ်ကျိန်းထဲ လွင့်လာ
ပိန်ချုံးဟောက်ပက် မျက်နှာ
ပြိုလဲလုလု ခန္ဓာ
အသံနှင့် လူ တွဲစပ်လို့
တရွေ့ရွေ့ သူပေါ်လာ။
အလှူရေစက် လက်နှင့်မကွာသောကိုယ်
အိမ်အဝက ဆီးလို့ကြို
ရော့၊ ယူပါ အမယ်အို
နည်းတယ်များတယ်မဆို။
အပိုအမို မပါ
ပကာသန အရှင်း
ရိုးစင်းသော ကိုယ့်အလှူ
လှူတတ်ရင် မြတ်မယ်လို့
ကိုယ့်ငါးချဉ် ကိုုယ်ချဉ်
လှူတတ်ရင် မြတ်မယ်ပါ့
ကိုယ့်ကိုယ်ကိုယ် သူတော်ထင်။
ထိုစဉ်မှာ ကံကြမ္မာ
မှန်ကန်စွာ ရက်စက်ခဲ့သည်၊
ကိုယ့်လက်ပေါ်မှေးစက်
ရင်သွေးလေးဆီ
ချေးပိန်းထ သူ့လက်ချောင်းများ
လှမ်း … မမီ့တမီ။
ကိုယ် … ရုတ်ခနဲ နောက်ဆုတ်ခွာ
အမယ်အို …. ထိတ်ခနဲကြည့်
ကိုယ် … တဒင်္ဂအတွင်းမှာ ကျရှုံးခဲ့
အမယ်အို … နှုတ်ဆက်လို့ ပြုံးရယ်
မျက်ဝန်းများ အားနာ
တရွေ့ရွေ့…ထွက်ခွာ …။ ။
+++++++++++++++++++++++++
သတိ
မြေနိမ့်ရာလှံစိုက်
မမိုက်ကြနှင့်..
မကြာမဆိုင်း
ဝဋ်လိုက်တတ်တယ်…။ ။
++++++++++++++++++++++++
ကြည်ဖြူပါသည်
ချစ်သူလျှောက်မယ့်လမ်း
ပန်းဖြစ်ဖို့လည်း.ဝန်မလေးပါ ။
ချစ်သူသွားမယ့် ခရီး
ထီးဖြစ်ဖို့လည်း ဝန်မလေးပါ ။
ချစ်သူ စားမယ့်အစာ
ငါးစာ ဖြစ်သွားလည်း. ဝန်မလေးပါ ။
ချစ်သူ သုံးဖို့လေ…
ရွှေဖြစ်ဖို့လည်း ဝန်မလေးပါ ။
ချစ်သူပေးတဲ့ အမုန်း..
ပြုံးပြဖို့လည်း.ဝန်မလေးတော့ပါ…။ ။
+++++++++++++++++++++++++++
အချစ်တို့မွေးဖွားခြင်း
အချစ်ဆိုတဲ့ ခပ်ကြွယ်ကြွယ်ဝေါဟာရ
အသည်းမှာ ကမ္ဗည်းထိုးထားရုံနဲ့ မပြီးတဲ့ဘဝမှာ
ထပ်တူညီတဲ့ ကြိုးစားမှုတွေ…ရှိစေရမယ်ထာဝရ
ကိုယ်တို့ရဲ့ ဖြစ်တည်မှုတွေအတွက်
မနက်ဖြန်ရဲ့ ပြောင်းလဲပေးခြင်းမှာ
အချစ်တွေပိုတိုးလာတာပဲဖြစ်ပါစေ…။ ။
+++++++++++++++++++++++++++++
ကမာ္ဘ့သက်တော်ရှည်
အလင်း
အချစ်
သစ္စာတရား…..ဤသုံးပါးကား
ဘုရားသခင်ထက်အသက်ရှည်၏….။ ။
+++++++++++++++++++++++++++++
ကဗျာဆရာ့ သောက
ချာတာတာ ငါ့ဦးနှောက်
ခြောက်တောက်တောက်ခမ်း
သီကာချည် စီကာရေးမယ် ကြံဆလို့တွေး
ကြာခင်ဘူးဗျာ ထောက် ဆိုအသံကြား…
ကဗျာရှင် မှိုင်ကာညှိုး ခဲတံကကျိုး…။
ချာတာတာ ငါ့ဦးနှောက်
ခြောက်တောက်တောက်ခမ်း
သီကာချည် စီကာရေးမယ် ကြံဆလို.တွေး
ကြာခင်ဘူးဗျာ အိမ်ရှေ့မှာ ဆူညံညံမို့
ကဗျာရှင် ထွက်လို့ကြည့်တယ်………
အလိုဗျာ……….ကြွေးရှင်တဲ့လေးးး……။ ။
+++++++++++++++++++++++++++++++
ဘာလုပ်ရမလဲ
တိမ်ညိုမည်းတို့လာတော့မည်
မိုးရေထဲပဲ လွမ်းရမလား…..
ထီးကလေးကိုပဲ ကမ်းရမလား…….
ချစ်သူလေးကိုပဲ နမ်းရမလား…….။ ။
++++++++++++++++++++++++++++++
ပစ္စုပ္ပန်ရဲ့ ‘လူ’
ယေဘုယျအားဖြင့်
ရှင်သန်နေတယ်
အသက်ရှူရင်းနဲ့(ပေါ့) ။
ပျောက်ဆုံးသွားတဲ့
စိတ်ခံစားမှုတစ်စုံတစ်ရာအတွက်
ပျော်ရွှင်ခြင်းရဲ့
ရင်ကွဲပက်လက်ဈာပနက
သမားရိုးကျဆန်လှချည့်…။
လေထုက…
….တစ္ဆေတစ်ကောင်ရဲ့ ဝင်သက်ထွက်သက်..
အဝေးက
ရှိုက်သံသဲ့သဲ့ကြားတယ် ၊
ထင်ယောင်မှားခြင်းပဲ ဖြစ်မှာပါ..။
လူသားမဆန်တဲ့ရင်ဘတ်တွေကို
လူသားဆန်ဆန် (ဆန်ချင်ယောင်ဆောင်တဲ့)
နှုတ်ခမ်းတွေနဲ့ဖုံးထားတယ်…
မြင်လိုက်မိတာ
သွားစွယ်တွေ အဖွေးသားနဲ့…။
ဟုတ်ကဲ့
ကျွန်တော်က
ယဉ်ကျေးမှုပါ..။
ဟုတ်ကဲ့
ကျွန်တော်က
လူကြီးလူကောင်းပါ..။
ဟုတ်ကဲ့
ကျွန်တော်က
လူမှုဆက်ဆံရေးပါ..။
မှန်ထဲကို ငုံ့ကြည့်တော့
ပိုးစားခြကိုက် အတ္တတွေနဲ့လေ…။
ဘယ်ဘုရားကများ
နီဝရဏတွေ ဗီဇထည့်ခဲ့သလဲ ?
…….”ဖန်ဆင်းသူအရှင်တို့”……..
နှုတ်ပယ်ပေးဖို့သင့်ရဲ့…။
အဆိပ်ဖြစ် ရုပ်ဝတ္ထုတွေ ၊
အဆိပ်ရင့် လူကြီးလူကောင်းတွေ ၊
အဆိပ်သင့် ကလေးသူငယ်တွေ ၊
မတွေးတော့ပဲ
မိုးခါးရေပဲ သောက်ရင်ကောင်းမလား ?
စိတ်ဝတ္ထုတွေ
လုံးပါးပါးလာရင်းပဲ
ကမာ္ဘကြီးက
ရွာဆန်သွားသတဲ့လေ…။
သမိုင်းအဆက်ဆက်
အနိစ္စတရားကပဲ
မှတ်တို်င်တွေထူခဲ့တာတောင်မှ
(ကနေ့) လူတွေရဲ့ဘာသာစကားမှာ
သူ့ကိုမေ့ထားကြလေရဲ့….။
ကဲ…..
သူငယ်ချင်း..
မင်းလည်း ငါ့လိုထင်ရဲ့..
(စိတ်မပူနဲ့)
ငါလည်း
မင်းလိုလူပဲ………။ ။
+++++++++++++++++++++++++++++++
မြက်ပင်စိတ်ထား
တိမ်တွေအုံ့ဆိုင်း မိုးသားမှိုင်းမှိုင်း
ဒေါသမာန်ချီး လေထန်မိုးကြီး
ပြင်းစွာရွာသွန်း တိုက်ခတ်ပါသော်
သစ်ပင်ကြီးငယ် လဲပြိုနေလည်း
မြက်ပင်ကလေး ယိမ်းနွဲ့ပေးသည်
ဘယ်အခါမှ မလဲပါတကား။
ဆိုသောပမာ ရှိခဲ့သလို
ငါ့ထံတိုက်ခိုက် အတင်းပြင်းထန်
မလိုမုန်းထားနှောင့်ယှက်ဒဏ်အား
မယိမ်းမယိုင် ရင်ဆိုင်သွားမည်
ငါ၏စိတ်ထား ခိုင်မြဲစေသား…။ ။
+++++++++++++++++++++++++++++++++
တာဝန်
လ ….. သူ့တာဝန်အရ
လသာပေးရမှာပေါ့
ည ….. သူ့တာဝန်အရ
ညမှောင်ပေးရမှာပေါ့
ဝမ်း ….. သူ့တာဝန်အရ
ဝမ်းဟာပေးရမှာပေါ့
လူ ….. သူ့တာဝန်အရ
ဝမ်းစာတော့ ရှာစားရမပေါ့
မိသားစု ….. သံသရာ အလိုကျ
ဖန်တီးရ/ ရှိခဲ့ရ သပေါ့
တပြည်ခြား ….. ဝမ်း အလိုအရ
လိုအပ်ချက်တွေအရ သွားရပြီပေါ့
ကိုယ် …..ကိုယ့် နှလုံးသားအလိုကျ
ညမှောင်လဲ လွမ်း၊ လသာလဲ လွမ်း၊
ဘဝအတွက် လွမ်း၊ မိသားစု အတွက် လွမ်း …..
အမြဲတမ်းလွမ်း …..
လက်ညှိုးညွှန်ရာ အလွမ်းတွေ ဖြစ်နေပါပေါ့ ….
လ ….. သူ့တာဝန်အရ
လသာပေးရမှာပေါ့
ည ….. သူ့တာဝန်အရ
ညမှောင်ပေးရမှာပေါ့
ကိုယ် ….. ကိုယ့်တာဝန်အရ
ကိုယ်လွမ်းနေရတာပေါ့ …….။ ။
++++++++++++++++++++++++++++
စိမ်း
သနပ်ခါး မလိမ်း
ပန်းစိမ်းတော့ ပန်ပြီး
စိမ်းစိမ်းကြီး စိုက် ကြည့်လေတယ်
ဖက်ရှင်က အစိမ်း
စကားက သူစိမ်း
ရှုရှိုက် ပြီး ပြန် ထုတ်တဲ့လေတောင်
သူ့ အဆုတ်ကို ဖြတ်သန်းလို့စိမ်းရရှာတယ်
စာနာမှုကို တိုက်စားတဲ့ အစိမ်း
ရင်ခွင်ကို ခြေဝင်ဆောင့် လိုက်တဲ့ အစိမ်း
တလောက လုံး သူ့လို စိမ်းတယ်ထင်နေရှာတဲ့ ကောင်မလေးလေ
နှလုံးသားကို ကြက်ခြေ ခတ်ထား လို့
သူ့ကိုယ်တိုင် အရမ်းကို ချစ်လို့ လွမ်းနေရှာတဲ့ မီးတောက်ကလေး
ဝိဉာဉ်ကို အကျဉ်း ချထားရတယ်…။ ။
+++++++++++++++++++++++++++++++++
လူသားအတွေး
သွား နှင့် ကြပြီ
လေထုထဲ သစ်ရွက်တွေ ကြွေသလို. . .
သူတို ့
သွားနှင့်ကြပြီ ။
သွားနှင့်ကြပါ…
လိုက်ခဲ့ရမယ်မှန်း…သိပေမယ့်
ခဏတော့ မေ့ထားမယ် ။
ဆိုနေဆဲ သီချင်းတွေ ဆိုဆဲပါ
ရေးနေဆဲ ကဗျာတွေ ရေးဆဲပါ
ပြောနေဆဲ ဒဿနတွေ ပြောဆဲပါ
မက်နေဆဲ အိပ်မက်တွေ မက်ဆဲပါ
မေ့နေဆဲ အရာတွေလည်း…မေ့နေဆဲပေါ့
ဒီလိုနဲ့ပဲ. . . .
ကိုယ် ဖြန် ့ချထားသမျှတွေ ကိုယ်ပြန် သိမ်းထုပ်ရင်း….
လိုက်ခဲ့ပါ့မယ်
ခဏတော့ မေ့ထားမယ် ။
လိုက်ခဲ့ပါ့မယ်….
လိုအပ်တာတွေကို မယူချင်ဘူး။
လိုချင်တာတွေပဲ ယူခဲ့မယ် ။
ဖြစ်သင့်တာတွေ မလုပ်ပဲ
လုပ်ချင်တာတွေ လုပ်တတ်တဲ့
လူ ပီပီသသ ပဲ
လိုက်ခဲ့ပါ့မယ်။
ဟုတ်ကဲ့။ သွားနှင့်ကြပါ…။ ။
+++++++++++++++++++++++++++++
ကဗျာတွေကို ခံစားပြီးရင် အဝင်ဝမှာ မဲပေးခဲ့ကြပါဦးဗျို့
လေးစားစွာဖြင့်
ဦးမာဃ (ခေတ္တ လူ့ပြည်)