ဒါက ကိုယ်တိုင်ရေးထားတာပါ။

Kyi LwinAugust 10, 20131min3415

ဒါဟာ ကဗျာမဟုတ်ဘူးနော်။ (၈ ရက် ၈ လ ၈၈ ခုနှစ်၊ ည ၁၁ နာရီ ၄၅ မိနစ်)။

ဩဂုတ်လ ရှစ်ရက် မိုးစက် ဖွဲဖွဲ အောက်မှာ
နေ့လည် ၂ နာရီလောက်က စ ဝင်ရောက်လာတဲ့
သက်တန့်ရောင် လူလှိုင်းများ။
တငွေ့ငွေ့နဲ့လောင်ခဲ့တဲ့ မီး၊ ပွဲပြီး မီးသေ မဖြစ်ခဲ့တဲ့ မီး။

စက်မှု ကျောင်းသားနဲ့ အရပ်သား စကားများကြရာက
မတရားဘက်လိုက်မှု ရဲ့ တရားဥပဒေမဲ့တာက တစ်ကြောင်း၊
စားဝတ်နေရေး ကြပ်တည်းတာက တစ်ကြောင်း၊
ဆိုရှယ်ကျကျ လစ်တတ်တဲ့ ဆိုရှယ်လစ် ကွက်ကြားမိုးက တစ်ကြောင်း၊
နောက်ဆုံးတော့ တောင့်မခံနိုင်တဲ့ အဆုံး တွန်းလှန်မှု အစ ဖြစ်ခဲ့ရ။

ဘာဆို ဘာမှ မပျက်စီး မဖျက်ဆီးတဲ့ ဆူးလေ လမ်းမပေါ်
သက်တန့်ရောင် လူလှိုင်းများကို လက်ခုတ်သံ တဖြောင်းဖြောင်းနဲ့ ကြိုဆိုခဲ့ကြ။
မိုးရေတွေ ရွှဲနေတဲ့ မျက်နှာတွေပေါ်မှာ မျှော်လင့်ချက်တွေ ဝင်းပ နေခဲ့ကြ။

ရန်ကုန်မြို့ရဲ့ အသည်းနှလုံး ၊ လွတ်လပ်ရေး ပန်း ဆင်မြန်းရာမြေ ၊
ယူနီဂျက် အလံချ ၊ ကြယ်ဖြူပွင့်ကြီးကို အရွယ်တူ ကြယ်ဖြူ ဝန်းရံခ
တို့တွေရဲ့ လွတ်လပ်ရေး အောင်လံ တလွင့်လွင့်နဲ့ ဂုဏ်တက်ခဲ့တဲ့အရပ်
” တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ၊ တို့ပြေ တို့မြေ ၊ များလူခတ်သိမ်း အေးချမ်းစေဘို့
ပွင့်တူ ညီမျှ ဝါဒ ဖြူစင်တဲ့မြေ”

ဒီသီချင်းထဲက အတို်င်း ပြည်သူအများရဲ့ ဆန္ဒ၊ တရားသဖြင့် လိုက်လျှောပေးမလားရယ်လို့
ဒီအရပ်ဒေသကိုရွေး၊ ပေါင်းစုခဲ့တဲ့ ပြည်သူ့သွေးတွေ။

မိုးကလည်း အလိုက် တသိ နဲ့ တိတ်ပေး၊ ညချမ်းချိန်ခါ မှောင်ရီပျိုးပြန်တော့
ဟာ လှတဲ့ ဝမ်းတွေအတွက် ၊ လာသမျှ ထမင်းတောင်းတွေမှာ
ဆေးလိပ် ကွမ်းယာ ငှက်ပျောသီးနဲ့ ၊ လက်ကိုင်ပုဝါ အဟောင်းလေးတွေက အစ
ပေးပို့ ကူညီကြရှာတဲ့ မြို့လယ်နေ လူထုကလည်း စေတနာကောင်း။

ပေးသူနဲ့ယူသူ ကြည်ဖြူစွာ မျှတ၊ ဟောသူ နဲ့ပြောသူ နားဆင်သူ စည်းကမ်းတကျ
လာသမျှ သူ သူ ငါ ငါ ၊ အခြေအနေ ကို ကြည့်ကြ။
ကလေး သား မြေး လက်ဆွဲလို့ လာကြသလို ၊
မောင့်လက် ကို ဆွဲ ရဲရဲလိုက်တဲ့ မိခင်လောင်းလည်းပါသဗျို။

စိုးရိမ် ထိတ်လန့်မှုတွေ နည်းငယ်မှ မရှိခဲ့ဘူး။

လာ ဟေ့ လာကြ။ ဒါလဟိုဆီ လမ်းမပေါ် ( မဟာဗန္ဓုလလမ်း)
မျှော်ကာမှန်းလျှက် လှမ်းလို့ကြိုတယ်၊ ပဲခူးဖက်က ဆင်းလာကြမတဲ့။
ဆူးလေ ခြေရင်း မြေတလင်းမှာ လူခင်းအပြည့်
ထိုင်လျှက် တစ်မျိုး ရပ်လျှက်တစ်သွယ်၊ တနံ တလျှား တလမ်းလုံး ဖွေး
လူတွေ လူတွေ မဂိုလမ်း ( ရွှေဘုံသာလမ်း) တဆုံးမျက်စိ ရှိကြပေ။
ဒီနေ့တော့ မိုးချုပ်တယ် ဆိုတာ မရှိဘူးထင်ရဲ့။
ထင်ခဲ့တဲ့ ကိုယ့်အတွေး သိပ်မဝေးခင် ပျက်ပြယ်။

ဆူးလေလမ်းမဖက် ရပ်ထားတဲ့ ဘတ်(စ်)ကားတွေ ဆန္ဒပြသူများများပြန်ကြစေတဲ့။
ဒါပေမယ့် ပြန်မယ့်သူမရှိခဲ့။
နက်လာတဲ့ ညဥ့်မှာ ဆက်လာမယ့် သူတွေကို မျှော်နေတုန်း
မြို့တော်ခန်းမ ထဲ က အော်သံ
“ ခု ချိန်က စ အားလုံးပြန်ကြရန်” တဲ့
နာရီဝက် အချိန်ပေး ညဥ့် ၁၁ နာရီ ထိုးကာစ အချိန်လေးမှာ
လူထု ထဲကို ဒီအော်သံ မရောက်ခဲ့ဘူး။

ငါတို့ ဘာလို့ လာကြသလဲ၊ ငါတို့လိုချင်တာ ညှိနှိုင်းပေးကြ။

မထင် မထင် ဘယ်သူမှ မထင်မှတ်ပါဘဲ၊
လူစုမခွဲလို့ ပစ် သတဲ့..
လက်နက်ဆိုလို့ အပ်တိုတစ်ချောင်းတောင် မပါတဲ့ပြည်သူတွေကို
မြို့လယ်ခေါင် မီးအမှောင်ချ၊ မကြားခဲ့ဖူးတဲ့ သေနတ်သံတင် မက
လက်နက်ကြီး ပစ် သံက
ရင်တစ်ခုလုံး ပွင့်ထွက်သွားမလားတောင် ခံစားရ။

မှောင်နဲ့ မဲမဲ လူသတ်ပွဲမှာ ၊ နီသောသွေးများ လွှမ်းခဲ့ပြီ။
မပီ ဝိုးဝါး ညဥ့်လွှာအောက်မှာ ၊ ကြောက်လန့်တကြား ငို ညဉ်းတွားလျှက်
ကမ္ဘာပျက် မတတ်ဖြစ်ခဲ့ပြီ။

အမှောင်ထုထဲ ခြေဦးတည့်ရာ၊ ပြေးကာ လွှားလျှက် ဘယ်ရပ် ဘယ်ဆီ မသိပြီ။
ဒဏ်ရာပွေ့ဖက် မြောင်းကြိုမြောင်းကြား ၊ အားလျားမှောက်လျှက်
အသက်လုပွဲ နွဲခဲ့ပြီ။

တချို့လူတွေ လွတ်ရာ လွတ်လမ်း ၊ ထွက်လမ်းရကာ
သွေးရူး သွေးတန်း ကြုံးဝါးအော်ဟစ်
ယုတ်မာ စစ်တပ် ပြည်သူသတ်တယ်
ရို်က်ခွဲ လမ်းမီး ဓါတ်တိုင်များကို ထု ကြပြီ။

သန်းကောင်ကျော် နာရီပြန် ၂ ချက်
တနေ့မှ တည
ဆူးလေလမ်းဟာ နေ့ နဲ့ ည ပြောင်းပြန် ကွာခြား
ငရဲသားလို ဖြစ်ခဲ့ပြီ။
ဟိုမှ သည်မှ အော်သံ ဟစ်သံ
ညီးညူသံနဲ့ သေနတ်သံ တချု့ိ
ကြိုကြား ပေါ်ထွက် ညဥ့်နက်နက်မှာ
ရှစ်ရက် ရှစ်လ ရှစ်ဆယ့်ရှစ် နှမ
ဘဝ ရေတိမ် နစ်တော့တယ်။

ခင်မေခက်။

5 comments

  • kai

    August 10, 2013 at 4:45 pm

    စက်မှု ကျောင်းသားနဲ့ အရပ်သား စကားများကြရာက
    မတရားဘက်လိုက်မှု ရဲ့ တရားဥပဒေမဲ့တာက တစ်ကြောင်း၊
    စားဝတ်နေရေး ကြပ်တည်းတာက တစ်ကြောင်း၊
    ဆိုရှယ်ကျကျ လစ်တတ်တဲ့ ဆိုရှယ်လစ် ကွက်ကြားမိုးက တစ်ကြောင်း၊
    နောက်ဆုံးတော့ တောင့်မခံနိုင်တဲ့ အဆုံး တွန်းလှန်မှု အစ ဖြစ်ခဲ့ရ။

    သမိုင်းမို့.. အမှားပြင်ပေးလိုပါတယ်..
    “စက်မှု ကျောင်းသားနဲ့ အရပ်သား စကားများကြရာက.. တွန်းလှန်မှု အစ ဖြစ်ခဲ့ရ။” ဆိုတာမဟုတ်ပါ…
    ၁၉၈ရခုစက်တင်ဘာမှာ ငွေစက္ကူတွေဖျက်သိမ်းတာမို့.. စက်မှုကျောင်းသားတွေ.. အင်းစိန်လမ်းမပေါ်မှာအစိုးရကားမီးတင်ရှို့လို့ ကျောင်းတွေပိတ်တာက.. တောက်လျှောက်ဆက်စပ်… စသွားတဲ့..၈၈ အရေးတော်ပုံဖြစ်ပါကြောင်း..။

    • Kyi Lwin

      August 12, 2013 at 9:20 am

      ပြင်ပေးတာကျေးဇူးအထူးတင်ပါတယ်။
      အမှားဖြစ်သွားခဲ့ရင် စိတ်မရှိစေချင်ပါ။
      ဒါက သာမန်ပြည်သူ တစ်ယောက်ရဲ့အမြင်နဲ့မို့ ဒီလို ရေးလိုက်မိပါတယ်။
      ဒီလို ကြီးကျယ် ပြီး အရင်းနှီးကြီးစွာပေးဆပ် ခဲ့ရ တဲ့ မြန်မာ့သမိုင်းကို သေးသိမ်အောင် ကျောင်းသားများကို မှေးမှန်အောင် ပြုလုပ်ခြင်းမဟုတ်ပါကြောင်းရှင့်။
      နားလည် ခွင့်လွှ့တ်ပေးမယ်လို့ ယုံကြည်ပါတယ်။

      ကြည်ကြည်လွင်
      ရန်ကုန်မြို့။

      • kai

        August 12, 2013 at 1:57 pm

        အမ်..
        ခွင့်လွတ်ဖို့ပြောစရာမလိုပါဘူး. သိတာရေးတာပဲ..
        ပြောရရင်.. မြန်မာပြည်ထဲ.. လူ၁၀ဝမှာ ၉ဝလောက် အဲဒီလို သမိုင်းမှားသိကြမယ်မှတ်တယ်..
        သိကြဆို..
        စစ်အစိုးရအဆက်ဆက်က.. တောက်လျှောက်ကြီး အရပ်သားနဲ့ကျောင်းသားရန်ဖြစ်တာက ၈၈ဖြစ်ပါတယ်..
        လဖက်ရည်ဆိုင်မှာ သီချင်းလုဖွင့်ခိုင်းတာကနေဖြစ်တဲ့.. အဖြစ်ကလေးပါဆိုပြီး.. ပရိုပဂမ်ဒါလုပ်ထားတာကိုးဗျ…
        အရပ်သားနဲ့ကျောင်းသားထုကို.. သွေးခွဲစေချင်တာကတချက်…
        အရေးတော်ပုံကို… သေးသိမ်သွားစေချင်တာကတချက်ပေါ့…။

        • ဦးကျောက်ခဲ

          August 12, 2013 at 2:08 pm

          ဒီတခါတော့ သဂျီးကို ပက်ပက်စက်စက် ထောက်ခံသွားတယ်…
          ခင်ညွန့်နဲ့ မြသန်းစံ ဝါဒဖြန့်ဇာတ်ကားတွေရိုက်ပြီး…
          အရေးတော်ပုံကို မှေးမှိန်အောင် လုပ်ကြံသွားတာ၊
          အခု အသက် ၃၀ဝန်းကျင်တွေက အမှန်ကိုမသိတော့ဘူး…
          🙁

Leave a Reply