လိုက်လည်းလိုက်တဲ့…….သားအမိတွေ…..
လိုက်လည်းလိုက်တဲ့……….သားအမိတွေ။
အခုမှ မဟုတ်ဘူး။ ဟိုး…တုန်းကတည်းက အမေလုပ်နေကျ၊ မေးနေကျ ကိစ္စမို့ သိပ်တော့ မထူးဆန်းလှဘူးလေ။ ရန်ကုန်ကို ဆင်းလာခါနီးတိုင်း မေးတတ်တာက အမေ့ အကျင့်ကို ဖြစ်နေပြီ။ အမေ ရန်ကုန်ကို လဆန်းလောက် လာဖြစ်မယ် ဘာမှာကျမှာတုန်း၊ ဘာစားချင်ကြတုန်း ဆိုတဲ့ မေးခွန်းပါ။ ရန်ကုန်မှာကလည်း ကျွန်မတို့ စားချင်တဲ့ အညာမုန့်၊ နောက်…. ရိုးရာမုန့်တွေက မရှိတော့ ကျွန်မတို့ကလည်း တခုတ်တရ မှာတတ်တာကိုး။ ဒါကြောင့် အမေက ဝတ္တရားမပျက် အမြဲကို လှမ်းမေးတာ။ အခုလည်း ရန်ကုန်ဆင်းလာခါနီးမို့ အမေက မေးတော့ ကျွန်မလည်း ငါ ဘာများစားချင်သလဲလို့ အပြေးအလွှား စဉ်းစားရတယ်။ ရုတ်တရက်မို့ အဖြေကမထွက်ဘူး။ ဟိုဟာလည်း စားချင်။ ဒီဟာလည်း လွမ်းချင်ကိုး။ သမီးလေးကလည်း ငယ်သေးတာမို့ ကိုယ်စားချင်တာက ကိုယ်နဲ့တည့်ဦးမှ။ သားသမီးတွေ စားချင်တာက ရှာမရ ဝယ်မရဆို ကိုယ်တိုင် လုပ်လာတတ်တာမို့ သိပ်ပြီးလည်း မမှာရဲဘူး။ အမေလည်း အသက်ကြီးပြီမို့ ပင်ပန်းမှာလည်း စိုးတယ်။ တခါတုန်းက မောင်လေးက ကောက်ညှင်းကျည်တောက် စားချင်တယ်ပြောတာနဲ့ တခါတည်း ကောက်ညှင်းကျည်တောက်တွေကို ကြိုးနဲ့ချည်ပြီး မြွေရေခွံ အိတ်ထဲထည့် သယ်လာပါရော။ ဒီလိုသယ်ဖို့ကလည်း လွယ်တာမဟုတ်ဘူး။ တင်းဝါးရှာရ။ ကောက်ညှင်းရေစိမ်ရ။ တခါ မီးဖုတ်ရ။ ( ရန်ကုန်မှာက ပြုတ်ပြီးရောင်းတာမို့ မီးသင်းနံမရတာက ကောက်ညှင်းကျည်တောက်မှာ အရသာလိုနေသလိုမို့ ကျွန်မတို့က စားရတာ စိတ်မကျေနပ်ဘူး) ပြီးတော့ မီးကျွမ်းတာတွေ သင်ရ။ အလုပ်က ခပ်ရှုပ်ရှုပ်ရယ်။ ကထိကထ အလွန်များပေမဲ့ သားသမီးက စားချင်တယ်ဆို ပင်ပန်းမှန်းမသိ ရအောင်ကို ယူလာတတ်တာ။ အချိန်အခါမဟုတ် မုန့်လက်နှိပ်စားချင်တယ်ဆို ဝယ်မရလည်း ကိုယ်တိုင်ကို လုပ်။ မုန့်လက်နှိပ်ကို ငှက်ပျောရွက်တွေနဲ့ တလွှာခြင်းထပ်။ အလိပ်လိုက် မြွေရေခွံ အိတ်ထဲထည့် သေချာ ဇစ်ပိတ်ပြီးသယ်လာလား သယ်လာပြန်ပါတယ်။ မုန့်နဲ့တို့စားမဲ့ ကြံသကာရည်ကိုလည်း ရေသန့်ပုလင်းထဲထည်ပေါ့။
တခေါက်ကတော့ ကျွန်မလည်း ကောက်ညှင်းငှက်ပျောသီးမုန့် စားချင်စိတ်ပေါ်တာနဲ့ အမေရယ် မြို့မဈေးက ဝယ်ခဲ့ပါဦးပေါ့။ အေးအေး ဆိုကာ သယ်လာပါတယ်။ နောက် စကားစပ်လို့ မေးတော့မှ ဝယ်လာတာမဟုတ်ပဲ ကိုယ်တိုင်လုပ်လာမှန်းသိလို့ နောက်နောက် အမေ ပင်ပန်းမစိုးလို့ မမှာကို မမှာရဲတော့ဘူး။ ရန်ကုန်က ကောက်ညှင်းငှက်ပျောထုတ်က ကျွန်မတို့ ပျဉ်းမနားက ငှက်ပျောသီးမုန့်နဲ့ မတူးဘူးရယ်။ ဒီမှာက ငှက်ပျောသီးတခြမ်းပဲ ထည့်ထုတ်တာ။ ကျွန်မတို့ဆီမှာက ကောက်ညှင်းရေစိမ်နဲ့ ရခိုင်ငှက်ပျော ပျော်ပျော်ကို ကျိကျိပါအောင်နယ်၊ ငှက်ပျောဖက်နဲ့ထုတ်ပြီး ပေါင်းတာ။ တထုတ်တထုတ်ကို ယောက်ကျားလက်နဲ့ တထွှာကျော်ကျော်လောက်ကို ကြီးတာ။ စားမယ်ဆိုမှ နှီးကိုဖျည်ကာ မုန့်ကို ဓါးနဲ့ လှီးစားရတယ်။ နီရဲပြီး စီးပိုင်ကာ ချိုတမြမြမို့ အဲ့သည့်အရသာကို တခါတခါတော့ အလွမ်းသား။ နောက် မုန့်တမျိုးက ရန်ကုန်မှာ မရဘူး။ ကျွန်မတို့ မြို့ရဲ့ ရိုးရာမုန့်လို့တောင် ဆိုရမလားပဲ။ အရိုးကြော်လို့ ခေါ်ပါတယ်။ ပျဉ်းမနား မြို့မဈေး အရှေ့ဘက် သံဃာဈေးရုံရှေ့ကလမ်းပဲ။ လမ်းနာမည်တော့ မဆိုနိုင်ဘူး။ ဒေါ်ယဉ်နု အရိုးကြော်ဆိုင်တဲ့ ဆိုင်နာမည်က။ ဝက်ရိုးကို အကြော်မှုန့်နဲ့ကြော်ထားတာပါ။ အရိုးကြော်တပွဲလို့ မှာတာနဲ့ ပန်းကန်ထဲကို အရိုးကြော် ညှပ်ထည့်။ နှပ်နှပ်စဉ်းထားတဲ့ ကန်စွန်းရွက် အစိမ်းထည့်။ အပေါ်ကနေ အချိုရည်လောင်းကာ ပေးပါလိမ့်မယ်။ ထန်းလျှက်ကဲထားတဲ့ မန်ကျည်းရည်ရယ်ပါ။ ဘယ်လို စားကောင်းမှန်း မသိဘူး။ ကိုယ်တွေက သိပ်ကြိုက်တာကိုး။ ဒါကြောင့် အမေရန်ကုန်လာတိုင်း မပါမဖြစ်ပါ။ တခါကတော့ အဝေးပြေးကားက ကားပေါ်ပစ္စည်းမတင်ရ ဆိုတော့ …အောက်မှာပူလို့ ထင်ပါရဲ့ ရန်ကုန်အိမ်ရောက်တော့ သိုးနေလို့ အမေ့ခမျာ စုတ်တသတ်သတ် နှမျောမဆုံးဘူး။ ကျွန်မအထင်တော့ မုန့်ကို နှမျောတာထက် သားသမီးတွေ မစားလိုက်ရလို့ စိတ်မကောင်းတာ ပိုမယ် ထင်တာပဲ။ အဲ……နောက် တခေါက်လည်းကြရော အကောင်းတိုင်း ရအောင် သယ်လာတော့ ကျွန်မတို့လည်း ဘယ်လို သယ်လာပါလိမ့်ပေါ့။ ပြုံးပြုံးကြီးနဲ့ နင့်အဖေ အနွေးထည်နဲ့ ပတ်ပြီး ခုံဘေးမှာ တိတ်တိ်တ် သယ်လာတာပေါ့တဲ့လေ။ သားသမီးအတွက် အဲ့ သလိုလည်း ကပ်သီး ကပ်သတ် သယ်တဲ့ အမေရယ်ပါ။
ပြောင်းဖူးချိန်ဆို ပြောင်းဖူး။တခေါက်တခေါက် ရာသီပေါ်တွေ မထပ်စေရဘူး။ ဒုက္ခခံပြီးကို သယ်တာ။ ဒါကြောင့် အဖေက စိတ်ပေါက်ပေါက်နဲ့ အငေါ်တူးတာ။ “ဟဲ့ ….အမြိုင်….နင့်သားသမီးတွေကို သိတတ်သလို ငါ့အတွက် သိတတ်စမ်းပါဟ…နင် ….သောတပန် ဖြစ်တာကြာပြီ” တဲ့လေ။ ဆိုင်မဆိုင်တော့ ကျွန်မလည်း မသိဘူး။ အခုလည်း သယ်လာလိုက်တာ မနည်းမနော။ လူနှစ်ယောက်နဲ့ဝန် မမျှမတ။ တန်ဆာခတင် မနည်းပေးရမှာ အသေအချာပါ။ အထုတ်တွေကို မီးဖိုချောင်ထိ တခါတည်းသယ်။ ပစ္စည်းတွေ အမျိုးအစားခွဲ။ အမေရယ် ခဏနားပါဦးဆိုတာ တားမရလို့ ဘေးကပဲ လိုအပ်တာ ကူညီနေရတယ်။ ပြောင်ဖူးထုတ်ကပဲ အကြီးကြီး။ မုန့်ဖက်ထုတ်၊ အရိုးကြော်၊ တို့ဟူး၊ နန်းစိန်ကိတ်၊ အိုး…..အစုံပါပဲ။ ရာသီပေါ် မှိုနဲ့ ဆူးပုတ်ကလေး၊ သုံးခွရွက်တွေတောင်ပါရဲ့။ မှိုကလည်း မိုးဦးကျမို့ ပေါ်ဦးပေါ်ဖျား စားစေချင်လို့ အပါကိုသယ်တာနေမှာ။ ကျွန်းမျှစ်လေးတွေကောပဲ။ ကျွန်းမျှစ်ဆိုတာ နွေတုန်းက တောမီးအလောင်ခံထားရတဲ့ ဝါးပင်ငုတ်တိုတွေဟာ မိုးလေးတပြိုက် နှစ်ပြိုက်လည်းရရော သူ့ထက်ငါ အလုအယက် တိုးထွက်လာတဲ့ မျှစ်ပေါက်စနလေးတွေ။ လက်မအရွယ်ကနေ လက်သန်းအရွယ်အထိ အစုံပါပဲ။ မျှစ်စိမ်းစိမ်းလေးတွေမှာ စူးမည်းမည်းလေးတွေတောင်ပါရဲ့။ လတ်ဆတ်လွန်းလို့။ အဲ့သည့်မျှစ်ကို အခွံခွာ ပါးပါးလေးလှီးကာ ရေစိမ်။ သုံးရက်လောက်နေတော့မှ ဆယ်ပြီး မျှစ်စပ်ဟင်းးချက်။ သူနဲ့မိတ်ဖက်ကတော့ ဆူးပုတ်ကလေးနဲ့ သုံးခွရွက်။ ဆူးပုတ်ကလေးက ဆူးပုတ်ကြီးလို အနံ မနံဘူး။ အကြောမတက်ဘူး။ မျှစ်စပ်ဟင်းထဲကို ဆူးပုတ်ရွက်နဲ့ သုံးခွရွက်ခတ် ဆီကျန်ရေကျန်လေးချက်ထားတာနဲ့ ခရမ်းချဉ်သီးထောင်း တခွက်ဆို စားမြိန်တဲ့ ထမင်းပွဲပါပဲ။ တောင်ပို့မှို ခပ်ပျစ်ပျစ်ကို ပင်စိမ်းလေးခတ်ထားတဲ့ ဟင်းလေးနဲ့ပါ တွဲလိုက်လို့ကတော့ ထမင်းပွဲကနေ တွဲထူရလောက်ပါရဲ့။ အမေလည်း ရာသီစာလေးတွေမို့ စားစေချင်တာနဲ့ မရမက အပါကို သယ်လာတာနေမှာ။ ဟော…….ဒါကတော့ ကြက်တက်ရွက်ပြုတ်တွေထင်တယ်။ ဟုတ်ပါသကော သူမှ သူအစစ်။ သူက ယာတွေနဲ့ လမ်းတွေရဲ့ အနားသတ် စည်းတန်း အပင်ရယ်လေ။ ယာတွေမှာပဲ ရှိတဲ့ အပင်ပေါ့။ ကျွန်မတို့ အရပ်မှာ လယ်နဲ့ ယာဆိုပြီး နှစ်မျိုးရှိတယ်။ လယ်က စပါးစိုက်တာမို့ ရေလှောင်ဖို့ လိုတာမို့ ကန်သင်းလိုတယ်။ ယာကတော့ ရေမလိုတာမို့ ကန်သင်း အကန့်အသတ်တွေ မရှိလို့ တမျှော်တခေါ် တပြင်လိုက်ကြီးရယ်။ ဒါကြောင့် ယာခင်းနဲ့ လမ်းအနားသတ်တွေမှာ ကျွဲ၊ နွား၊လူ ရန်က ကာကွယ်ပြီး ဖြစ်အောင် စည်းရိုးကာလေ့ရှိတယ်။ များသောအားဖြင့် ခုနက ကြက်တက်ရွက်ပင်တွေကို စည်းရိုးလုပ်တာများတယ်။ တနှစ်လုံး အပြိုင်းအရိုင်း ထနေတဲ့ အဲ့သည့် အပင်တွေကို နွေအကုန်မှာ ခုတ်ပြီ။ မိုးဦးကျ ရေကလေးများ ရရင်ဖြင့် စည်းရိုးတလျှောက် ရွက်နုတွေ တဝေဝေရယ်။ နီညိုရောင် အရွက်နုလေးတွေများ မျက်စေ့တဆုံး မြင်လေရာရာ စည်းရိုးတတန်းလုံး ဆေးအနီ သုတ်ထားသလိုပဲ။ ဟိုး…အရင် ကျွန်မတို့ငယ်ငယ် ဒီအချိန်ရောက်တိုင်း ထယ်ရေးတွေ စပြီမို့ မနက်တိုင်း ညီအမနှစ်ယောက် ထမင်းပို့ရတယ်။ အဲ….ထမင်းပို့က အပြန်ဆို တလမ်းလုံး ကြက်တက်ရွက်ခူးပြန်ရတာ။ အသွားတုန်းက တခုပေါ်တခုဆင့်လာတဲ့ အိုးတွေကို အပြန်မှာ ဗလာဖြစ်ပြီမို့ တခုထဲတခု ထပ်ထည့်။ ကြိမ်ခြင်းထဲ နေရာလွတ်မှာ ကြက်တက်ရွက်တွေ ထိုးကြိတ်ထည့်။ ခူးလိုက် လက်တဆုပ်ရလာရင် ခြင်းထဲထိုးသိတ်ထည့်လိုက်။ ခြင်းကို လူသွားလမ်းပေါ်ချထားပြီး စည်းတန်းဆီသွားကာခူးလိုက် လက်မဆန့်တော့ရင် ပြန်လာထည့်လိုက်နဲ့ မမောနိုင်ဘူး။ အိမ်အပြန်လမ်းတလျှောက်လုံး မခူးရမနေနိုင်အောင် နုထွေးနေကြတာမို့ ခြင်းထဲကို ဘယ်လိုထိုးကြိတ်ထည့်ထည့် မဝင်နိုင်တော့မှ လမ်းကို ဖြောင့်ဖြောင့် လျှောက်တော့တာ။ ဒါတောင် စိတ်ကမနေနိုင်လို့ အားမလိုအားမရ အော်ကြသေးတာ။ အိမ်ရောက်တော့ ရေပုံးထဲထည့် ရေဆေး။ အိုးအကြီးကြီးထဲ ထည့်ပြုတ်။ တရည်ပွက် တရည်သွန်နဲ့ သုံးရည်လောက်လည်း ကျရော ကျက်ပြီ။ ရေစစ်ဇလုံထဲထည့် ရေဆေး။ အေးတော့မှ ရေစင်အောင် လက်နဲ့ ဆုပ်ဆုပ်ပြီး အလုံးလိုက်လေးတွေ လင်ပန်းထဲထည့်။ ခူးတုန်းက ကြိမ်ခြင်းတခြင်းလောက်ဟာ ပြုတ်လိုက်တော့ လင်ပန်းအသေးတချပ်တောင် မရချင်ဘူး။ အဲ့သည်ဟာက နောက်တနေ့ ထယ်သမားတွေ အတွက် မနက်စာ။ ကြက်သွန်နီ ပါးပါးလှီး ၊ နှမ်းလှော်လုံးခြမ်းကွဲထောင်း၊ ပဲကြမ်းကြော် ဆီ ဆားပြားတွေ ထည့်သုတ်တာရယ် ခရမ်းချဉ်သီးထောင်းလေးရယ်နဲ့ပေါ့။ အိမ်ကလူတွေလည်း မနက်စာ ထမင်းပူပူကို ဆီဆမ်း ဆားဖြူး တာရယ် ကြက်တက်ရွက်သုတ်ရယ်နဲ့ လွေး။ လက်ဖက် အစားထိုး ဆိုပါတော့။ မိုးဦးကျတိုင်း ဆုံနေကျမို့ သူလည်း လွမ်းခဲ့ရတဲ့ အသည်းပါပဲ။
အဲ…..နောက်တထုတ်ကတော့ မျှင်မျှစ်ထုတ်ဖြစ်မယ်။ ပန်းရောင်ရင့်ရင့်မို့ နီးစွေးစွေးတောင် ဖြစ်နေပြီ။ ဒါဆို သုံးရည်ကျတော့ အသေအချာပဲမို့ တခါတည်း စားလို့ရပြီ။ မျှစ်ပေါ်ချိန်ဆို ရွာလမ်းမမှာ မျှစ်သယ်တွေ ခြေခြင်းကိုလိမ်လို့။ တချို့က တမျိုးတည်း တချို့ကတော့ မျှစ်အစုံ။ မနက်လင်းတာနဲ့ “ဟောသည်က ကျလို၊ မျှင်၊ ကျွန်း၊ ဝါးပိုးမျှစ်တွေ စုံတယ်တော် ယူကြဦးမလား” ဆိုတဲ့ အသံဟာ ပြတ်လှတယ်မရှိဘူး။ မျှစ်တွေကို အစိတ်သားတွဲကစလို့ ပိသာတွဲထိ စည်းထားတာ။ ဝယ်ချင်ရင် အနည်းဆုံး အစိတ်သား ဝယ်ရမဲ့သဘော။ အမေကတော့ မျှင်မျှစ်ကို ၂ ပိသာ ၊ ၃ပိသာ ကိုဝယ်တာများတယ်။ သူက သိပ် နူးညံတာကိုး။ အခွံခွာပြီးသား မျှစ်စို့ဖြူဖြူဖွေးဖွေးကြီးတွေကို အိုးအကြီးကြီးထဲထည့်ပြုတ်။ တရည်ပွက်ရင် အဆစ်နေရာလေးတွေ ပန်းရောင်သန်းလာပြီ။ ရေကိုသွန် နောက်တရေထည့် ထပ်ပြုတ်။ ဒီတခါ အပွက်မှာတော့ အသားတွေပါ နီစပြုလာပြီ။ အတွင်းကတော့ ဝါသေးတာမို့ ရေထပ်လဲကာ ပြုတ်။ သုံးရည်မြောက်မှာတော့ မျှစ်တချောင်လုံး နီပါပြီ။ သူနီတာက ပန်းရောင်ရင့်ပြီး နီတာမို့ ဆေးဆိုးထားတာနဲ့ လားလားမှ မတူပါဘူး။ မျှစ်ကျက်ပြီဆို နောက်နေ့တွေမှာ လိုသလောက်ယူ။ စဉ်းနှီးတုန်းပေါ်တင်ကာ ခရင်းနဲ့ မွှနေအောင်ခြစ် ပြီးရင် ဆီ၊ ပုစွန်ငါးပိ၊ ဆားတို့ ဘာတို့ထည့်ကာ မျှစ်ကြော်ကြော်တော့တာ။ ကျန်တဲ့မျှစ်ပြုတ်တွေကို နေ့စဉ် ထမင်း ဟင်းအကျက်မှာ မီးကျန်တာလေးနဲ့ တည်တည်ထား။ တော်ရုံနဲ့ မပုတ်မသိုးဘူးပေါ့။ မျှစ်ကြော်ပြီဆို တွဲဖက်က ခရမ်းချဉ်သီး ငါးပိချက် ရေကျဲ။ ဒါကြောင့်မို့ ခရမ်းချဉ်သီးထုတ်လည်း ပါမှာမလွဲဘူး။ ခရမ်းချဉ်သီးများ ရန်ကုန်မှာလည်း ဝယ်ရတာကို တကူးတက သယ်ရန်ကောလို့ မတွေးပါနဲ့ ။ အရသာခြင်းက မတူတာမို့ရယ်ပါ။ ပိုရန်ကောလို့ ဆိုချင်လည်း ဆိုပါ။ တကယ်ကို ကွာခြားလွန်းတာပါ။ အင်းသီးက အသားထူတယ်။ ပွတယ်။ အရသာက မချဉ်ဘူး။ ဟင်းချက်ရင် တရည်နဲ့ မနူးဘူး။ အတော်အကြောမာတဲ့ ခရမ်းချဉ်မဟုတ်တဲ့ ခရမ်းချဉ်ရယ်ပါ။ ကျားလျှာလို့ခေါ်တဲ့ ခရမ်းချဉ်က ချဉ်လွန်းတယ် အနှစ်မရှိဘူး။ အဲ….ကျွန်မတို့ အရပ်က အသီးကတော့ အရသာချဉ်ပုံလေးပင်ပြီး အနှစ်ထူပေမဲ့ အနူးမြန်တာမို့ အင်းသီးနဲ့ မလဲနိုင်ပေါင်။ အသီးပုံစံက အနီရင့်ရင့် နိုင်ငံခြားပန်းသီပုံမျိုး။ အညှာအရင်းနေရာက အစိမ်းရင့်ရောင်ရှိတာမို့ ကျောက်စိမ်းသီးလို့ ခေါ်ကြတယ်။ သူ့မှာထူးခြားတာက သူက အမှည့်လွန်လည်း ပုတ်မသွားတာပဲ။ ကြာကြာထားလေ အပေါ်အရည်ခွံလေးသာ ရှုံပြီးလိပ်လာပါတယ် ပုတ်တော့ မသွားတာမို့ နှစ်ပေါက်အောင်ထား စားလေ့ရှိတယ်လေ။ သူလှိုင်လှိုင်ပေါ်တဲ့ အချိန်မှာ ပိသာချိန် သုံးလေးဆယ်လောက်ကို ဝယ်ကာ ကျင်းထားတာ။ ခရမ်းချဉ်သီး ထွက်မကျနိုင်တဲ့အရွယ် အပေါက်ပါတဲ့ ထရံကို ယက်ပြီး တင်းကုပ်ပေါ်တင်။ အဲ့ဒီပေါ်မှာ ခရမ်းချဉ်ကို ဖြန့်ပြီးထား။ ချက်မယ်ဆိုမှ ပလိုင်းတလုံးလွယ်ကာ တင်းကုပ်ပေါ်တက်ယူပြီးမှ ချက်စားရတာ။ နောက်နှစ် ခရမ်းချဉ် ထွက်ချိန်အထိကို ခံတာ။ ကျွန်မတို့ ငယ်ငယ်ကတည်းက ကျွမ်းဝင်ခဲ့တဲ့ ငယ်ကကျွမ်းတဲ့ ငယ်ကျွမ်းရယ်မို့ အသည်းစွဲပါပဲ။ အမေကလည်း ဒါကိုသိလို့ အနည်းဆုံး ၂ပိသာလောက်တော့ပါနိုင်ရဲ့။ ရာသီချိန်က မျှစ်ပေါ်ချိန်မို့ မျှစ်တွေကလည်း အထုတ်ကြီးငယ် အသွယ်သွယ်နဲ့ စုံတကာကိုစိလို့။ ကျလိုမျှစ် ရေစိမ်လည်းပါရဲ့။ သူကတော့ ပြုတ်လိုက်ရင် ဝါကျင့်ကျင့်လေးရတယ်။ ဒါပေမဲ့ …..နုညံမှုမှာ ပြိုင်စံကင်းတဲ့ မျှင်မျှစ်ကရှိနေတော့ သူ့ကို ပြုတ်ဖို့ အရေးမလုပ်ချင်ကြဘူးရယ်။ ဒါကြောင့် သူ့ခမျာ ရေစိမ်ပဲ ခံရရှာတာ။ ကျွန်မအထင် ကျလိုမျှစ်လေးတွေက ရှည်သွယ်သွယ် မျှင်လို အဆင်းမလှရှာပဲ ဆစ်တိုမြစ်တိုလေးတွေ ဖြစ်နေတာလည်း ပါမယ်။ သူ့ကိုတော့ နှစ်ရက်လောက် ရေစိမ်။ ပြီးရင် စူးနဲ့ နေရာမလပ်ထိုး။ ထပ်ပြီးနှစ်ရက်လောက် ရေစိမ်ပြီးရင် မျှစ်စပ်ဟင်း ချက်စားလေ့ရှိတယ်။ အခုတော့ အမေက တခါတည်း ရေစိမ်၊ စူးထိုးထားတာမို့ အသင့်ချက်စားရုံပဲ။ မစားနိုင်သေးဘူးလား။ ရတယ်။ အိုးတလုံးထဲမှာ ရေမြုပ်အောင် စိမ်ထားရုံပဲ။ စားချင်မှ ဆယ်ပြီးချက်စားပေါ့။ ဝါးပိုးမျှစ်တွေတော့ သိပ်စားလေ့မရှိဘူး။ သူက ရောင်းတန်းဝင် အဖိုးတန်ရယ်ပါ။ စာဖတ်သူများ ကြုံလို့တခေါက် ပျဉ်းမနားကို ရောက်ရင် ဝါးပိုးမျှစ်ချဉ်လေးများ ဝယ်ဖြစ်အောင်ဝယ်ပါ။ သိပ်နူးညံပြီး စားကောင်းပါတယ်။ ကျွန်မတို့ အရပ်အခေါ် အရှေ့တော၊ အနောက်တော နှစ်တောပေါင်းတော့ မျှစ်ဆိုတာ စားကုန်နိုင်ပါဘူး။ ဒါပေမဲ့ ဒီအရွယ်အထိ စားလာတာများ မမုန်းနိုင်သေးဘူးလားဆိုတော့ အချစ်ဦးရယ်မို့ မုန်းနိုင်ပါဘူး။ ရန်ကုန်မှာ ရှားပါးလှတဲ့ အရာတွေမို့ အမေလာမှ အလွမ်းသယ်ခွင့် ရရှာတာပါ။ ဒါကိုသိတဲ့ အမေကလည်း ရန်ကုန်ရောက်တုန်းရောက်ခိုက် တနေ့တမျိုး မရိုးအောင်ကို အလွမ်းဖြေပေးမှာက အသေအချာ။ ကျွန်မတို့တွေကလည်း လွမ်းခဲ့ရတာ ကြာပြီမို့ ကြုံတုန်းကြုံခိုက် သူ့ထက်ငါဦးအောင် အပြိုင်အနိုင်ကျဲကြပေါ့။ အခုလည်း အမေကတော့လေ ပစ္စည်းတွေ အကုန်လုံးကို စီကာစဉ်ကာထုတ်ပြီးတာနဲ့ ပြောင်းဖူးတွေကို အခွံခွာကာ အိုးထဲထည့် တခါတည်းပြုတ်ပါတယ်။ ဇလုံကြီးထဲကို မုန့်ဖက်ထုတ်တွေထည့်။ အိတ်ထဲကမုန့်တွေ ဇလုံထဲ မရောက်ခင် ကျွန်မတို့ မောင်နှမတွေ တယောက်ကို နှစ်ထုတ်သုံးထုတ်လောက်တော့ စားပြီးပြီ။ အရိုးကြော် တွယ်တဲ့သူကတွယ်။ သေချာတာကတော့ ဒီနေ့ ဘယ်သူမှ ထမင်းမစားဘူးဆိုတာပဲ။ အဖေနဲ့အမေက သားသမီးတွေ စားတာကြည့်ပြီး ရင်ပြည့်သလို ကျွန်မတို့ကလည်း မုန့်မျိုးစုံကို ဟိုဟာစပ်စပ် ဒီဟာစပ်စပ်နဲ့ စားနေကြတာနဲ့ ထမင်းကို ဘယ်သူမှ သတိမရကြဘူး။ ပြောင်းဖူးပြုတ် ကျက်ပြီဆိုတော့လည်း မီးဖိုပေါ်တင် ဆယ်ပြီးစားလိုက်တာ တအိုးလုံး ကုန်လုနီးပါးပဲ။ အဲ….ခဏနေတော့ လက်တွေ မသွက်ကျတော့ဘူး။ မုန့်တွေလည်း အတော်ရော့ကုန်ပြီ။ ကျွန်မလည်း ကလေးသေးသေးလေးနဲ့ ရင်ပြည့်မယ်နော်လို့ အဖေ သတိပေးနေတဲ့ ကြားထဲက ဟုတ်ကဲ့ ဟုတ်ကဲ့နဲ့ စားလိုက်တာ ဘာတွေ ဘယ်လောက်စားမိတယ် မဆိုနိုင်ဘူး မြို့မှာ အနေကြာတဲ့ နန်းမတော်မယ်နုမို့ ခေါင်းတွေ ထိုးထိုးပြီး ကိုက်လာပါတယ်။ ရင်ထဲလည်း တင်းကျပ်ပြီး ဧည့်ခန်းထဲမှာ တုံးလုံးကြီးလဲနေပါတော့တယ်။ ကလေးလည်း မချီနိုင်။ နို့လည်း မတိုက်နိုင်။ တနေ့လုံးနီးပါး ခေါင်းကို မထူနိုင်ပါဘူး။ ကျွန်မတင်လား ဆိုတော့ …..။ မဟုတ်ဘူး။ အလတ်ကောင်လည်း အခန်းထဲမှာ အန်နေတဲ့အသံ ကြားနေရတယ်။ အဖေကတော့ တဗျစ်တောက်တောက် ပြောမဆုံးဘူး။ ကျွန်မကိုလည်း အစာကြေဆေးတွေ တခွက်ပြီး တခွက်တိုက်။ ကျွန်မတို့ နှစ်ယောက်ကို ကြည့်ပြီး ကျန်တဲ့သူတွေ ဆက်ကို မစားရဲတော့ဘူး။ ညကျတော့ ကျွန်မမှာ ရင်ပြည့်ပြီး အန်မဆုံးဘူး။ လူလည်း မျော့မျော့သာကျန်တယ်။ အမေလည်း မျက်နှာကလေး ဇီးရွက်လောက်ရှိတော့တယ်။ ဒါတောင် အငယ်မချက်နေတဲ့ မှိုဟင်း ပင်စိမ်းခတ်၊ ဆူးပုတ်လေး သုံးခွရွက်နဲ့ မျှစ်ရေစိမ် ဆီကျန်ရေကျန်ခတ်လေးနဲ့ ညနေစာ စားမလို့ ကြံနေတာ မစားဖြစ်လိုက်လို့။ အဲ့ သည်လို အန်ထွက်အောင်ကို အလွမ်းသယ်တဲ့ မောင်နှမတွေရယ်ပါ။ မောင်လေးကတော့ အန်လွန်းလို့ မောပြီး အိပ်ပျော်သွားပါပြီ။ ကျွန်မလည်း ထထိုင်နိုင်လောက်အောင် သက်သာလာတော့မှ အစောနက မျက်နှာကြီး သုန်မှုန်ပြီး ဆေးတွေ တခွက်ပြီးတခွက် တိုက်နေတဲ့အဖေက မျက်နှာငယ်လေးနဲ့ အနားမှာ ထိုင်နေတဲ့ အမေ့ကို ဖိငေါက်ပါတော့တယ်။ အမေ့ကိုတင်လားဆိုတော့…… မဟုတ်ပါဘူး။ ကျွန်မတို့ မောင်နှမ အကုန်လုံးကိုပါ။
“လိုက်လည်းလိုက်တဲ့ သားအမိတွေ ၊ အတိုင်းအဆမရှိ အမေကလည်း သယ်လာတယ်။ သားသမီးတွေကလည်း နင်းကန်စားတယ်။ စားပိုးနင့်ပြီး မသေတာ ကံကောင်း” တဲ့လေ။ အဖေပြောတာလည်း မှန်နေတာမို့ တယောက်မှ တုတ်တုတ်မလှုပ်ဝံ့ဘူး။ အဖေ ဒေါသထွက်နေတာမို့ မုန့်တွေလည်း ထပ်မစားရဲ။ တော်တော်များများလည်း ရှိနေသေးတာမို့ ဘေးအိမ်တွေကို လိုက်ဝေနေပေမဲ့ မှိုဟင်းနဲ့ မျှစ်၊ဆူးပုတ်ကလေးဟင်းကိုတော့ အဖေမြင်ရင် သွန်ပြစ်မှာစိုးလို့ အငယ်မ ဖွက်နေတာကို မြင်ဖြစ်အောင် မြင်လိုက်တာမို့ မနက်ဖြန်ကြမှ စားမယ်လို့ အမှတ်မရှိပဲ တွေးဖြစ်အောင် တွေးလိုက်မိပါတော့တယ်။
21 comments
hmee
August 10, 2013 at 7:21 pm
အနီလေးက မျှင်မျှစ်၊ အဖြူရောင်က ကျလိုမျှစ်။ အလုံးလေးတွေက ကြက်တက်ရွက်ပြုတ်ပါ။
ပင်လယ်နှင့် တူသော ယောကျာ်းတစ်ယောက်
August 10, 2013 at 8:35 pm
အန်တီင်္မှီရေ..
ဓါတ်ပုံတွေ မပါပဲ..နဲ ့တောင် ကွက်ကွက်ကွင်းကွင်း..မြင်နေအောင်..ရေးထားလို ့…
အရသာ ရှိရှ်ိ …..ဖတ်သွားနိုင်ပါကြောင်း…
🙂
garfield
August 10, 2013 at 7:31 pm
ချစ်ဖို့ ကောင်းလိုက်တဲ့ အမေ။
စားချင်စရာ စားစရာတွေ နဲ့ အတော်ကို အရသာရှိရှိဖတ်သွားကြောင်းပါ အမမှီ။ 🙂
ကျနော့ အမေကိုလည်းလွမ်းသွားတယ်။
မန်းလေးမှာ နေတဲ့ကျနော်တို့ မောင်နှမ ၂ ယောက်ကို ရောက်လေရာ နယ်ကနေ လာတွေ့တိုင်းးး ကြိုက်တတ်တာလေးတွေ တစ်ယောက်တစ်မျိုးစီ အတွက် သယ်လာနေကြ။
မမှီရေးသွားပုံက အသေးစိတ်နဲ့ စုံစေ့စေ့လေးပါဗျာ။
လေးစားစွာ
ခိုင်ဇာ
cobra
August 10, 2013 at 8:23 pm
ဗိုက်တောင်ဆာလာပြီ။
ကျွန်တေ်ာကမျှစ်အရမ်းကြိုက်တော့
ပိုဆိုးတယ်
မနက်မှအမေ့ကိုမျှစ်ချဉ်နဲ ့ကြက်ရိုးချက်ခိုင်းရမယ်။
lele kyi
August 10, 2013 at 9:02 pm
မမှီ-အဲ့ဒီ ကြက်တက်ရွက် က ကျမတို ့ ဒေသက ဒန် ့ကျွှဲရွက်လို ့ခေါ်တဲ့ အရွက်လို ့ထင်တယ်. အဲ့လိုပဲ လက်ဖက် အစားထိုး သုပ်စားတာ. ကျမ ကလက်ဖက်ထက် အဲ့အရွက်ကိုပိုကြိုက်တယ်. အမေတွေကအဲ့လိုကြီးပါပဲ. မေမေ့ ကို ထမင်းစားရင်း ဒီဟင်းအရမ်းကောင်းတာပဲပြောမိလို ့တစ်ပတ်လောက်အဲ့ဒီ ဟင်းပဲချက်ကြွေးတာခံရဘူးတယ်. အခုတော့လယ်သွားပြီ မေမေ သမီး အကုန်စားတယ်လို ့ပြောထားတယ်.
မမှီကိုကျေးဇူးတင်ကြောင်းပြောရဦးမယ်. လုပ်ဖော်ကိုင်ဖက်တစ်ယောက်နဲ ့အစ်စရေးအကြောင်း စကားစပ်မိရင်းပြောကြတာ.သူကကျမကိုချီးကျူးသွားတယ် အစ်စရေးနိုင်ငံ အကြောင်းကျမလျှောက်ပြောတာတွေကို. အဲ့အကြောင်းတွေလူတိုင်းမသိကြဘူးတဲ့. ဘယ်ရမလဲ ကျမ က မမီ ပို ့ဖတ်ထားတာ. 🙂
hmee
August 11, 2013 at 2:14 pm
ဒန့်ကျွဲရွက်ပြုတ် မဟုတ်ပါဘူး။ သူက အနံက စိမ်းရွှေရွှေ အနံရတယ်။ ကြက်တက်ရွက်က ပိုကောင်းပါတယ်။
ရွှေမိုးတိမ်
August 10, 2013 at 9:06 pm
ပျော်စရာကြီးနော် မုန့်တွေအများကြီးပဲ။ စားချင်တယ် 🙂 တချို့ စားစရာတွေကို မသိဘူး ခုမှကြားဖူးတာ ပြီးတော့ မျှစ်ဆိုလည်း ဈေးထဲမှာ ဒီတိုင်းဝယ်လိုက်တာပဲ ။ ခုမှ အမျိုးအစားတွေ များကြီးရှိမှန်းသိတာ ။ ဆက်ရေးဦးနော် အားပေးမယ် ။
Ma Ma
August 10, 2013 at 10:13 pm
သူ့ဒေသနဲ့သူ အစားအစာတွေက ကွာတယ်။
ဒါ့ကြောင့်လည်း မြန်မာတစ်နိုင်ငံလုံးမှာ ရနိုင်တဲ့ မုန့်ဟင်းခါးတောင် ကိုယ့်ဇာတိက အရသာမှ ပိုကောင်းတယ်ထင်တတ်သေးတာ။
ခုတလော ကိုယ့်မြို့ကို တစ်ပတ်တစ်ခါလောက် ပြန်နေရလို့
မထူးဆန်းတဲ့ ခေါက်ဆွဲသုတ်နဲ့ မုန့်ဗိုင်းတောင့်တွေ တနင့်တပိုးသယ်လာပြီး ရေခဲခန်းထဲ့ထည့် သိုလှောင်စားနေတာ။
သူများကြားရင် ရီစရာဖြစ်နေမလားမသိဘူးဆိုပြီး တိတ်တိတ်လေးနေကာမှ အသိတစ်ယောက်နဲ့တွေ့လို့ သူတို့တတွေလည်း ဒီလိုပဲ သယ်ပြီး သိုလှောင်ပြီး စားတယ်ဆိုလို့ ပြောပြောပြီး ရီကြရသေးတယ်။ 🙂
အရီးခင်
August 10, 2013 at 10:27 pm
စာလဲဖတ်လို့ကောင်းတယ်။
မျှစ်တွေ ကြက်တက်ရွက်တွေ လဲ ကြည့်ချင်တယ်။
ဆူးပုတ်ကတော့ ဝေးတာ နှစ်ချီ နေပေါ့။
ပြောင်းဖူး ကတော့ အမြဲစားရတယ်။
မှီရေ ဒီလို အရေးလေး တွေ ပြန်ဖတ် ရတာ ဝမ်းသာလှတယ်။ 😛
padonmar
August 10, 2013 at 10:31 pm
မှီတို့ မြေလတ်အစားအစာတွေ ဖတ်ရတာနဲ့တင် စားချင်စရာ၊
လာကျွေးလို့ကတော့ အန်ချင်အန်ပါစေ၊
စားအုံးမှာ။
(ဓာတ်ပုံက Site Admin->New Post->Add Media ဆိုပြီးနှိပ်လိုက်->Upload Files->Drag or Select filesကိုယ်ကြိုက်တဲ့ပုံရွေး /Caption မှာ ပြောချင်တဲ့စာထည့်/Size နဲ့ ပုံရဲ့ ဘယ်နေရာထားမလဲရွေး ->add to post ဆိုရပြီ)
ပုံရဲ့ size ကို နည်းနည်းချုံ့ ထားမှ ဒီက ကွန်နဲ့ နိုင်တယ်။
hmee
August 11, 2013 at 2:16 pm
ကျေးဇူးပါအမ။ တင်လိုက်ပါပြီ။
ကျော်စွာခေါင်
August 11, 2013 at 3:44 am
မမှီ
ဖတ်လို ့ကောင်းလိုက်တာ… စာရေးတာက သွက်နေတာဘဲ.. နောက်ပြီး အသေးစိတ်ပေါ်အောင်ကို ရေးနိုင်သလို..စေ့စေ့စပ်စပ်ကို သိပြီး ရေးထားတာ..
မမှီက အစားအသောက်တွေ အကြောင်းရေးထားတာ ဖတ်နေပေမယ့် အမေ့ပုံရိပ်က ကပ်ပြီးပါနေတယ်..
အမေတွေရဲ ့မေတ္တာ မိဘတွေရဲ ့မေတ္တာ… အံ့ဩ ချီးကျူးပါတယ်.. သနားလဲ သနားတယ် မမှီ အမေကို..။
နောက်ဆို သိပ်မမှာနဲ ့ပေါ့..။
ပျဉ်းမနားမှာ အမျိုးတွေ အသိတွေ ရှိတယ်ဗျ..။
တောင်ညိုနယ်တကြောလဲ ရောက်ဘူးတယ်.. မမှီ ပြောတဲ့ ယာတွေ ကိုင်းတွေ ပြန်မြင်ယောင်လာတယ်..။
မြေပဲဆနတွေကလဲ ပေါမှပေါ..။ ဧည့်သည်လာပြီဆိုတာနဲ ့ မြေပဲဆံကြော်..ပဲကြော်နဲ ့ရေနွေးကြမ်း..အချိန်မရွေး အသင့်ဘဲနော်..။
ကြက်တက်ရွက်သုပ်လဲ ကြိုက်တယ်.. လဘက်ထက်ကို နူးညံ့ပြီး..ဆိမ့်တယ်..။
စာတွေ ဆက်ရေးပါ မမှီ.. ဖတ်ချင်ပါသေးတယ်..။
hmee
August 11, 2013 at 2:19 pm
တောင်ညိုက ပျဉ်းမနား အနောက်ဖက်။ အနောက်တောခေါ်တယ်။ ကျွန်မတို့က အရှေ့ဖက်ပါ။ အရှေ့တော ခေါ်ပါတယ်။
TNA
August 11, 2013 at 11:41 am
ကိုယ်မသိတဲ့အစားအသောက်တွေအများကြီးပါတာမို့ အတော်လေးဗဟုသုတရပါတယ် မမှီရေ။ အားလုံးကို စိတ်မှန်းနဲ့လိုက်စားသွားပါတယ်။ တကယ်မကျွေးလို့ ဟီဟိ
kai
August 11, 2013 at 2:46 pm
အစာစားပြီးအံတာကို.. စိတ်ထဲအစာမကြေဘူးဖြစ်နေမိတယ်..
အစာထဲ.. ဘာဆေးများ.. ထိုးထားကြသလည်းပေါ့..
ဆိုတော့…
စာဖတြ်ပီး..စားချင်စိတ်ပေါက်လာသမို့.. မနေ့ကတင်.. ကျွဲကောသီးဆိုင်မှာတွေ့သမို့ဝယ်လာတာတွေ.. စားလိုက်ဦးမယ်…
ပန်းရောင်တွေဗျ…
ခြင်းလုံးလောက်အရွယ်… သုံးလုံးမှ ၁ဒေါ်လာထဲ…။
Crystalline
August 11, 2013 at 4:02 pm
အဲဒီလိုအမေမျိုးမှာ အဲဒီလိုသားသမီးတွေရှိနေသလို.. ကျမလို ခရီးသွားရင်ဘာမှမသယ်ချင်.. လက်ဆောင်ဆိုတာတွေဘာတွေ သူများပေးရင်တောင်မယူချင်တဲ့ … အဲလိုသယ်တတ်သူတွေပါရင်လည်း စိတ်တိုတတ်တဲ့… ရောက်တဲ့အရပ် နေတဲ့နေရာမှာ မျက်စိရှေ့ရှိတာမှန်သမျှကို အကောင်းဆုံးမြည်းစမ်းချင်စရာ ထင်တတ်တဲ့.. ဘယ်တိုင်းရင်းသားစာ.. ဘယ်လူမျိုးအစားအစာကိုမဆိုကြိုက်တတ်တဲ့.. အစားမက်ပေမယ့် အစားအတွက် အပင်ပန်းမခံချင်တဲ့ကျမမှာလည်း ကိုယ့်လို မိခင်မျိုးရထားတယ်.. (ကိုယ့်ထက်တောင်ဆိုးမလားဘဲ)
nozomi
August 11, 2013 at 11:14 pm
စာဖတ်ရင်း ငယ်ငယ်က စားခဲ့ရတဲ့ အညာစာတွေသတိရမိတယ်
ဝင့်ပြုံးမြင့်
August 12, 2013 at 1:12 am
မမှီရေ မျှစ်အရောင်တွေက အဲဒါ ပုံမှန်ပဲ။ ဓာတ်စာကျွေးမျှစ်ကို နောက်မှ ဓာတ်ပုံခိုးရိုက်ပြီး တင်ကြည့်ပါဦးမယ်။
မျှစ်တွေကြည့်ပြီး သွားရည်တောင်ကျတယ်။ မမှီ စာရေးတာလည်း ဖတ်လို့တအားကောင်းတယ်။
ဦးကျောက်ခဲ
August 12, 2013 at 8:57 am
အမလတ် နေပူတော်ကိုပြောင်းရတုန်းက…
ကျောင်းသားဘဝ ကျင်လည်ခဲ့ဖူးတဲ့ ပျင်းမနားကို နေ့တိုင်းရောက်တာပေါ့…
အရိုးကြော်လည်းစားဖူးပါ့ ကြက်တက်ရွက်သုပ်လည်းစားဖူးတာမို့
မမှီ ရေးထားတာဖတ်ပြီး လွမ်းသွားတယ်…
ဒီမှာကတော့ မျှစ်ဆိုရင် တရုတ်ပြည်ကလာတဲ့ စည်သွတ်ဗူးပဲရှိတာမို့…
လတ်လည်းမလတ်၊ စားလည်းမကောင်းလို့ ရန်ကုန်ပြန်တိုင်း သယ်တယ်လေ…
😀
kyeemite
August 12, 2013 at 11:35 am
ပျဉ်းမနားဘက်နဲ့နဲနဲစမ်းတော့ ကြက်တက်ရွက်သုတ်တော့မစားဖူးဘူးဗျာ..
မိုးကျလဘက်လို့ခေါ်တဲ့ဒန့်ကျွဲရွက်သုတ်ပဲစားဖူးတယ်…
မမှီက စာကိုအနုစတ်ရေးထားတာမျက်စေ့ထဲကွင်းကွင်းကွက်ကွက်မြင်လာတယ်ဗျာ
မိဘမေတ္တာကိုလည်းမြင်မိပါတယ်…
ခင် ခ
August 12, 2013 at 4:22 pm
ကြက်တက်ရွက်သုတ်ကို ပျဉ်မနားကို အလုပ်နဲ့ရောက်တုန်းက ဆိုင်မှာ မှာပြီးစားကြည့်မိတာ။ စားကောင်းတယ်ဗျ ရန်ကုန်နေတုန်းကတော့ ကြားတောင်မကြားမိဘူးလေ။