အချိန်ငတ်နေသော လူ့စွမ်းအားအရင်းမြစ်များ
(၇) ရက် နေ့စဉ်သတင်းစာ အမှတ် (၁၃၇) ပါ အယ်ဒီတာ့ထံပေးစာကဏ္ဍမှာ “စာကျက်ချိန်ပို ရအောင် လုုပ်ပေးကြပါဦး” ပေးစာကို ဖတ်လိုက်ရပါတယ်။ ထူးခြားချက်ကတော့ ရေးသားပေးပို့သူက ရပ်စောက်မြို့က ဆယ်တန်းကျောင်းသားတစ်ဦး ဖြစ်ပြီး အကြောင်းအရာက ကျောင်းချိန် နှင့် ဘော်ဒါစာသင်ချိန်များကြား ကိုယ်ပိုင်စာကြည့်ချိန် မလုံလောက်တဲ့အတွက် ကျောင်းချိန်ကို နေ့တစ်ဝက်ကျောင်းအဖြစ် ပြောင်းလဲပေးနိုင်ဖို့ စဉ်းစားပေးပါရန် တင်ပြထားတာဖြစ်ပါတယ်။ သူ့ရဲ့ပေးစာကို ဖတ်အပြီးမှာတော့ လက်ရှိကျင့်သုံးနေတဲ့ ပညာရေးစနစ်နဲ့ အဲဒီစနစ်အောက်မှာ ပညာသင်ကြားနေကြတဲ့ လူ့စွမ်းအားအရင်းမြစ်မျိုးဆက်သစ်တွေရဲ့ အချိန်ငတ်နေကြတဲ့ ဘဝကို တွေးမိရင်း သက်ပြင်းမောတစ်ခုကို မှုတ်ထုတ်မိလိုက်ပါတယ်။
ကျူရှင်ဆိုတာ ကျောင်းသားတွေရဲ့ အဓိကအားထားရာ ဖြစ်လာခဲ့တာ ဆယ်စုနှစ်တစ်ခုကိုတောင် ကျော်လွန်လာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် ကျူရှင် နဲ့ ဘော်ဒါကို အချိန်ပေးရနေရလို့ ကိုယ်ပိုင်စာကြည့်ချိန် လျော့နည်းတာကြောင့် ကျောင်းချိန်ကို လျှော့ပေးဖို့ တောင်းဆိုခံရတယ်ဆိုတာ ပညာရေးလောကအတွက်တော့ ကောင်းတဲ့အရာတစ်ခု မဟုတ်ပါဘူး။ အခြေခံပညာရေးကို အမြစ်ကလှန်ပြီး ပြောင်းလဲမယ်ဆိုတဲ့ စီမံကိန်းတွေမှာ အဓိကထားပြီး ထည့်သွင်းစဉ်းစားသင့်တဲ့ အခြေခံအချက်ဖြစ်မယ်လို့လည်း မြင်မိပါတယ်။ အခုခေတ်ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေ အားလုံးဟာ အစိုးရစာသင်ကျောင်းတွေကို ကျောင်းတက်ရုံသာတက်ရမယ့် နေရာတစ်ခုလို့ သတ်မှတ်ထားပြီး တကယ်တမ်း ပညာတတ်မြောက်ရေးအတွက် သူတို့ရဲ့ အားကိုးရာကတော့ ကျူရှင်ပဲ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ကျူရှင်အားကိုးပြီး စာမေးပွဲဖြေတဲ့ နိုင်ငံဆိုတာ ကျွန်မတို့တစ်နိုင်ငံပဲ ရှိပါလိမ့်မယ်။ ဒါဆိုရင် ကျောင်းနှင့် ကျူရှင်တို့ရဲ့ စာသင်ကြားရေးဟာ ဘယ်လိုကွာခြားပါသလဲ။
အဓိကအချက်ကတော့ အချိန်ပေးနိုင်မှု ကွာခြားပါတယ်။ ကျောင်းက ဆရာ၊ ဆရာမတွေဆိုတာ သင်ကြားရေးအလုပ်တစ်ခုတည်းကိုပဲ လုပ်နေရတာ မဟုတ်ပါဘူး။ ကျောင်းလုပ်ငန်းဆိုင်ရာ ကိစ္စတွေ၊ ရုံးလုပ်ငန်းဆိုင်ရာ ကိစ္စတွေ၊ paper work လို့ခေါ်တဲ့ စာရွက်စာတမ်းဆိုင်ရာ အလုပ်တွေ၊ မေးခွန်းအချိန်မီထုတ်ရေး၊ အဖြေလွှာအချိန်မီစစ်ရေး၊ အရည်အချင်းစစ်မှတ်တမ်း ဖြည့်သွင်းနိုင်ရေး စတဲ့အလုပ်များစွာကို ကျောင်းသားဦးရေနှင့် အချိုးမညီမျှစွာ လုပ်ဆောင်နေရခြင်းတို့ဟာ သင်ကြားရေးပိုင်းကို များစွာထိခိုက်စေပါတယ်။ ဒီနေရာမှာ ကျွန်မရဲ့စိတ်ထဲ နည်းနည်းလေး မကျေမလည်ဖြစ်နေတဲ့ အရာတစ်ခုကို ပြောပြချင်ပါတယ်။ စာသင်ကျောင်းတွေမှာ ကျောင်းတက်ခေါင်းလောင်းထိုးတာနဲ့ နိုင်ငံတော်အလံကို အလေးပြုရတာ၊ နိုင်ငံတော် သီချင်းသီဆိုတာ၊ ဘာသာတရားအရ ဘုရားဝတ်ပြုရှိခိုးတာ၊ အတန်းပိုင်ဆရာမက ဆုံးမစကားပြောကြားခြင်းတို့တာ စတာတွေဟာ နိုင်ငံရေးဘက်ကပဲကြည့်ကြည့်၊ မြန်မာ့ယဉ်ကျေးမှုဘက်ကပဲကြည့်ကြည့် တကယ်ကို လုပ်သင့်တဲ့အလုပ်တွေဆို ခြွင်းချက်မရှိ လက်ခံပါတယ်။ ဒါပေမယ့် အဲဒီအလုပ်တွေက စာသင်ချိန်ရဲ့ ပြင်ပမှာပဲ ရှိနေသင့်တယ်လို့ ထင်မိပါတယ်။ ပထမဆုံးစာသင်ချိန် (၄၅) မိနစ်ဟာ အဲဒီအလုပ်တွေကြောင့် (၁၅) မိနစ်ပဲ ကျန်တော့တယ်ဆိုရင် စာသင်ကြားရေးကို များစွာထိခိုက်နစ်နာစေပါတယ်။ ကျူရှင်တွေမှာကတော့ စာသင်ချိန် (၁) နာရီ (ဒါမှမဟုတ်) (၂) နာရီ ဆိုတဲ့ အချိန်ကို ပြည့်ဝစွာ အသုံးချခွင့်ရကြပါတယ်။
စာသင်ချိန် မလုံလောက်ခြင်းရဲ့ နောက်ဆက်တွဲအနေဖြင့် သင်ကြားရေးစနစ်မှာလည်း ကွာခြားသွားပါတယ်။ နေ့စဉ်ဒိုင်ယာရီ၊ လစဉ်မှတ်တမ်းတို့မှာ သတ်မှတ်ရေးဆွဲထားတဲ့အတိုင်း သင်ခန်းစာ ပြတ်အောင် သင်ကြားနိုင်ဖို့အရေး နည်းလမ်းပေါင်းစုံ သုံးရပါတော့တယ်။ မှတ်စုတွေကို (ဒါမှမဟုတ်) ကျောင်းသားတစ်ယောက်ယောက်ကို မှတ်စုစာအုပ်ပေးပြီး စာအော်ခိုင်းထားမယ် (ဒါမှမဟုတ်) သင်ခန်းစာတွေကို စာသင်ဘောပေါ်မှာ ချရေးပြီး ကူးခိုင်းမယ် (ဒါမှမဟုတ်) စာနည်းနည်းပဲ ရှင်းပြပြီး အိမ်စာတွေကို အများကြီးပေးမယ်။ နောက်ဆုံး အဲဒီနည်းလမ်းတွေနဲ့တောင် မမီတော့ဘူးဆိုရင် လက်ရေးမူစာရွက် (ဒါမှမဟုတ်) ကွန်ပျူတာစာစီထားတဲ့ စာရွက်နဲ့ စာမေးပွဲမှာမေးမယ့် သင်ခန်းစာတွေကို မိတ္တူကူးပေးမယ်။ နည်းလမ်းကတော့ အစုံစုံပါပဲ။ ဒီလိုနဲ့ မျက်စိနဲ့ မမြင်ရတဲ့ (တစ်နည်းအားဖြင့်) လက်တွေ့လုပ်ကြည့်ခွင့်မရှိတဲ့ စာတွေကို သင်ကြားနေရတာချင်းအတူတူ ကလေးစိတ်ပညာ၊ သင်ကြားရေးနည်းစနစ် စတဲ့ ပညာရပ်အထွေထွေကို မလေ့လာခဲ့ကြဖူးသော ကျူရှင်ဆရာတွေက အချိန်ပေးနိုင်ခြင်း ဆိုတဲ့ အချက်ကလေးနဲ့တင် ကျောင်းသားတွေနဲ့ မိဘတွေရဲ့ အားကိုးရာဖြစ်နေကြတာ ကျောင်းဆရာ၊ ဆရာမတွေအတွက်ကတော့ ရင်နာဖွယ်ပဲဖြစ်ပါတယ်။ (တကယ်တော့ ကျောင်းက သင်ကြားနည်းက ကျူရှင်ပေးတဲ့ မှတ်စုတွေထက် ပိုပြည့်စုံပြီး ရှင်းလင်းတယ်လို့ ကျွန်မက မြင်မိပါတယ်။)
ကျောင်းသားတွေဘက်က ကြည့်မယ်ဆိုရင်လည်း တကယ့်အခက်အခဲကြီးတွေကို ရင်ဆိုင်နေကြရတာပါ။ ကျောင်းကိုလည်း ကျောင်းခေါ်ချိန်ပြည့်အောင် မဖြစ်မနေ တက်ကြရသလို ကျောင်းကပြည့်စုံအောင် မသင်ပေးနိုင်တဲ့အတွက် ကျူရှင်ကိုလည်း အချိန်ပြည့်ပေးရပါတယ်။ စာတစ်ခုတည်းကိုပဲ ကျောင်းက တစ်မျိုး၊ ကျူရှင်ကတစ်မျိုး သင်ကြရပါတယ်။ စာသင်ချိန်အားလုံးပြီးသွားတဲ့အချိန်ကတော့ အိပ်ချိန်ပါပဲ။ တစ်နေ့စာတစ်နေ့ကျက်နိုင်ဖို့ မပြောနဲ့၊ ကျောင်းနဲ့ ကျူရှင်က ပေးသမျှ အိမ်စာတွေကို ပြီးအောင်လုပ်ဖို့ကို အိပ်ချိန်ထဲက ဖဲ့ရပါတယ်။ စာမေးပွဲဖြေရင်လည်း ကျောင်းစာမေးပွဲဆို ကျောင်းနည်းအတိုင်း၊ ကျူရှင်စာမေးပွဲဆို ကျူရှင်နည်းအတိုင်း ဖြေရတာကလည်း သူတို့ရဲ့ သနားစရာအဖြစ်ပါပဲ။ ဒါကြောင့် ကြားထဲက ငထွားက ခါးနာဆိုတာ ကျောင်းသားတွေကိုများ ပြောသလားတောင် ထင်မိပါတယ်။
ဒီလိုနဲ့ ကျောင်းရယ်၊ ကျူရှင်ရယ် ကြားမှာ ကြက်တူရွေးနှုတ်တိုက်စနစ်နဲ့ အသားကျနေကြတဲ့ ကျောင်းသားတွေဟာ ကိုယ့်ဦးနှောက်ကို သုံးပြီး မစဉ်းစားတတ်တော့တာ ထူးဆန်းတဲ့အရာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ ထူးဆန်းတာကတော့ ဆယ်တန်းပါပဲ။ ဆယ်တန်းဆိုတာ ရှိသမျှစာအားလုံးကို သည်၊ ၏ မလွဲကျက်ထားဖို့၊ ရှိသမျှ စာစီစာကုံး၊ Essay၊ Letter တွေကို အစအဆုံးထိုင်ကျက်နေဖို့၊ တစ်လတစ်ခါ သင်ပြီးသမျှကို မေ့ပစ်နိုင်ဖို့ လုံးဝမဖြစ်နိုင်တော့ပါဘူး။ စာတွေအားလုံးကို နားလည်နေအောင်၊ မေးလာသမျှကို ဆက်စပ်တွေးတောပြီး ဖြေနိုင်နေအောင်၊ ကျောင်းသားရဲ့ စာဖတ်စွမ်းရည်ကို စမ်းသပ်တဲ့ စာစီစာကုံး၊ Essay၊ Letter တွေကို အဆင်ပြေပြေဖြေနိုင်အောင်၊ အထူးသဖြင့် တစ်နှစ်လုံးသင်ထားသမျှ ဘာသာရပ် (၆) ခုစလုံးကို မမေ့မလျော့ မှတ်မိနေအောင် ကြိုးစားရမယ့် အချိန်ပဲ ဖြစ်ပါတယ်။ အဲဒီအချိန်ကတော့ ကျောင်းသားတွေအတွက် ငရဲခန်းတမျှပါပဲ။ ဒါပေမယ့် ငယ်ငယ်ကတည်းက ငွေအား၊ လူအား၊ မိဘအား အစစပံ့ပိုးနိုင်လို့ အခြေခံကောင်းခဲ့တဲ့ ကျောင်းသားတွေကတော့ ဒီငရဲခန်းကနေ ကောင်းကောင်းကျော်ဖြတ်နိုင်ပြီးတော့ ပံ့ပိုးမှုအားမရှိတဲ့ နယ်မြို့တောရွာကျောင်းသားတွေကတော့ မနိုင်နိုင်အောင် ယိုင်တိုင်တိုင်ကျော်ဖြတ်ရင်း အမှတ်နဲ့ခွဲတဲ့ အသက်မွေးဝမ်းကျောင်းတက္ကသိုလ်တွေကို မော်တောင်မကြည့်ဝံ့တဲ့ အနေအထား ဖြစ်သွားပါတော့တယ်။
စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဆိုတဲ့ ပညာရေးဆောင်ပုဒ်ကို ကျောင်းတိုင်းမှာ ချိတ်ထားပါတယ်။ ဒါပေမယ့် ကျောင်းသွားနေကြတဲ့ ကျောင်းသားတွေကတော့ စိတ်ဓာတ်တွေယိုယွင်း၊ စည်းကမ်းတွေပျက်စီး၊ ပညာတွေ နိမ့်ကျနေကြပါတယ်။ “တစ်နှစ်ထက်တစ်နှစ် ကလေးတွေက မိုက်ရိုင်းလာကြတယ်၊ ဆရာကို ဆရာမှန်းမသိဘူး၊ လမ်းတွေ့ရင် လာမူကြိုဆီးဖို့ နေနေသာသာ ပခုံးချင်းဝင်မတိုက်သွားရုံတမယ်ပဲ၊ ရိုသေလေးစားရကောင်းမှန်းလည်း မသိကြဘူး၊ တစ်ခါတစ်ခါ သူတို့ရဲ့ ဆက်ဆံပုံက ရင်ထဲနင့်နေတာပဲ” လို့ ဆို့ဆို့နင့်နင့် ပြောလာခဲ့တဲ့ ဆရာမတစ်ယောက်ရဲ့ ရင်ဖွင့်စကားကို နားထောင်ခဲ့ရဖူးပါတယ်။ ဆရာကို အထင်မကြီးတဲ့ ကျောင်းသားဟာ ဆရာကို မလေးစားတော့တာ သဘာဝပါ။ တိုင်စာကို ကြောက်နေရတဲ့ ဆရာတွေအနေနဲ့လည်း ကျောင်းသားကို လေသံမာမာနဲ့ ပြောဖို့တောင် အတော်စဉ်းစားနေရတဲ့ခေတ်ပါ။ ဆရာတပည့် ဆက်ဆံရေးက အရင်ခေတ်တွေကလောက် မနွေးထွေးတော့တာတော့ အမှန်ပါပဲ။ ဆရာပီသတွေ ဆရာတွေ ရှိနေပါသေးတယ်။ ဒါပေမယ့် အများစုရဲ့ သူ့ကျောင်းသား၊ ငါ့ကျောင်းသားခွဲခြားခြင်း၊ မျက်နှာကြီးရာ ဟင်းဖတ်ပါ လုပ်ခြင်း စတာတွေကလည်း ကျောင်းသားတွေရဲ့ စိတ်ဓာတ်ကို ဖျက်ဆီးနေသလိုပါပဲ။ တိုးတက်လာတဲ့ နည်းပညာခေတ်ကြီးထဲမှာ မျိုးဆက်သစ်တွေရဲ့ ဦးနှောက်အဆင့်အတန်းတွေက ပိုမိုထက်မြက်လာကြပေမယ့် စိတ်ဓာတ်တွေပျက်စီးလာကြတာကတော့ တကယ်ကို နှမြောဖို့ကောင်းလှပါတယ်။
ကိုးတန်းတက်နေတဲ့ ညီမလေးတစ်ယောက်နဲ့ စာသင်ကျောင်းအကြောင်း ပြောမိတော့ သူက စိတ်တိုတိုနဲ့ ပြောပါတယ်။ အမှိုက်ကောက်တာ တစ်ချိန်ကုန်တယ်၊ ကျောင်းသွားတာ စာသင်ဖို့သွားတာ၊ အမှိုက်ကောက်ဖို့ သွားတာ မဟုတ်ဘူးတဲ့။ အမှိုက်ကောက်တာ၊ ကျောင်းသန့်ရှင်းရေးလုပ်တာ စတာတွေကို စာသင်ကျောင်းတိုင်း လုပ်ရပါတယ်။ ကျွန်မတို့ ကျောင်းသားဘဝကလည်း လုပ်ခဲ့ရပါတယ်။ ကိုယ်ဖွထားတဲ့အမှိုက်ကို ကိုယ်ပြန်ကောက်ရမယ် လို့ ကျောင်းအုပ်ဆရာမကြီးက အော်ပြောတာကိုလည်း ကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုအချိန်ရောက်လာတဲ့အခါမှာတော့ အမှိုက်ကို စနစ်တကျပစ်ဖို့ မလေ့ကျင့်ပေးဘဲ ပစ်ပြီးသားအမှိုက်တွေကို ပြန်ကောင်းခိုင်းတာဟာ မှန်ကန်ရဲ့လားလို့ တွေးနေမိပါတယ်။
တကယ်တော့ ကျွန်မတို့မှာ ထက်မြက်တဲ့ လူ့စွမ်းအားအရင်းမြစ်တွေ အများကြီး ရှိနေပါတယ်။ သူတို့ကို စနစ်တကျလေ့ကျင့်ပေးဖို့ပဲ လိုအပ်တာပါ။ ဒါကြောင့် တစ်နေ့တာရဲ့ လေးပုံတစ်ပုံကို ကုန်ဆုံးစေတဲ့ စာသင်ခန်းတွေဟာ သူတို့ရဲ့ အကောင်းဆုံးလေ့ကျင့်ကွင်းတွေ ဖြစ်စေချင်ပါတယ်။ စီမံကိန်းတွေအများကြီးနဲ့ ပြောင်းလဲဖို့ ကြိုးစားနေတဲ့အချိန်မှာ သူတို့လိုအပ်တာလေးတစ်ခုကို အရင်ပေးလိုက်ပါလို့ တောင်းဆိုချင်ပါတယ်။ ဟုတ်ပါတယ်။ ကျွန်မတို့ရဲ့ လူ့စွမ်းအားအရင်းမြစ်တွေ လောလောဆယ်မှာ အချိန်ကို လိုအပ်နေကြပါတယ်ရှင်။ ။
23 comments
အလင်းဆက်
September 13, 2013 at 10:38 am
ပညာရေး ကို ပြုပြင် ပြောင်းလဲဖို ့
တထောင့်တနေရာက
မီးမောင်းထိုးပြ နေတဲ့
အမွန်ရေ
လေးစားပါတယ်။
အချိန် လည်း လိုအပ်တယ်
ငွေလည်း လိုအပ်တယ် ဆိုတဲ့ အခြေအနေကြားက
ကျွန်တော်တို ့တိုင်းပြည်ရဲ့ ကလေးတွေပညာရေး
ရင်လေးနေဆဲပါ
လုံမလေးမွန်မွန်
September 13, 2013 at 3:37 pm
အားပေးတာ ကျေးကျေးပါ အလက်ဆင်းရေ…
ရင်လေးနေပေမယ့်လည်း ဘာလုပ်ပေးလို့ လုပ်ပေးရမှန်းမသိ…
ကျောင်းဆရာမဝင်လုပ်ချင်ပေမယ့်လည်း… အစိုးရလစာလေးနဲ့ အနစ်နာမခံနိုင်သေး… ဆိုတော့… ဒီလိုပဲ ရေးမိနေတော့တာပါပဲ…
thaw dar
September 14, 2013 at 7:40 pm
အခုလိုမျိုးစာတွေ ရေးနေတာကိုက တစ်ထောင့်တနေရာကနေ အကျိုးပြုနေတယ်လို့ မြင်မိပါတယ် မွန်မွန်ရေ….
အဂ်လိပ်စကားတစ်ခုရှိတယ်လေ.. Brighten the corner where you are.. တဲ့
ကိုယ့်နိုင်ငံအတွက် ဘာမှ မရေးနိုင်သေးတဲ့ ကိုယ့်ကိုယ်ကိုယ်တောင် guilty ဖြစ်မိပါတယ်။
လုံမလေးမွန်မွန်
September 14, 2013 at 8:20 pm
အားပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင်… ပညာရေးလောကက မဟုတ်ပေမယ့် ကျောင်းသားတွေနဲ့ ဆက်ဆံနေရတာက တစ်ကြောင်း၊ ကိုယ်တိုင်ကလည်း ပညာရေးကို စိတ်ဝင်စားမိတာက တစ်ကြောင်းကြောင့် ဒီလိုတွေရေးဖြစ်နေမိတာပါပဲ…
Swal Taw Ywet
September 13, 2013 at 3:05 pm
Bravo ပါဗျို့။
ခေတ်လူငယ်လေးတွေများရေးနိုင်လိုက်ကြတာ။
အင်းးးးး ရွာထဲဝင် ပို့စ်တင်နိုင်အောင် ဆင်ဖြူတော်အရှာထွက်ဘို့ အချိန်တောင်တော်တော်နဲနေပါပေါ့။
အားးးးးကျတယ်ဗျာ။
With respect, Swal Taw Ywet.
လုံမလေးမွန်မွန်
September 13, 2013 at 3:39 pm
အနော်လည်း မနည်းကို ဝင်ရတာပါ အူးလေးရယ်…
တကယ်..တကယ်.. အားနာတယ်.. ကိုယ်ကျ ပို့စ်တင်ပြီး သူများပို့စ်တွေ ဝင်မမန့်နိုင်တာ တကယ်ကို အားနာနေတာ…
အားးးးးးးးကျရင်…မရရအောင် ပို့စ်တင်ဘာာာာာာာာာာာာာာာာ…. 🙂
အရီးခင်
September 13, 2013 at 3:23 pm
အရီး တို့ အချိန်တုန်းက ကျောင်းချိန် ၈နာရီ ခွဲ ကနေ သုံးနာရီ ခွဲ ကို အထက်တန်းအထိ။
တက္ကသိုလ်တက်တော့ မနက် ရနာရီ ကနေ ညနေ ၄နာရီ အထိ။
ကျောင်းနေရတာ အရမ်းပျော်ခဲ့ ပေါ့။
အဲဒီတုန်းက ဆရာတွေကလဲ ကျုရှင်ပြဖို့ မရှိ။ ကျောင်းစာကို ကျောင်းမှာဘဲ သင်ဖို့ အာရုံရှိတာ။
အဲဒီကာလတုန်းက ကျောင်းဆရာဝင်ငွေ က သူဌေးမဖြစ်တောင်မှ မိသားစု ကို ဝမ်းဝအောင် တင့်တင့်တယ်တယ်ထားနိုင်တာကိုး။
အူမ မတောင့်ချိန် သီလစောင့်ဖို့ ခက်သွားကြရတဲ့ ဘဝတွေ ကြားမှာ စိတ်ဓာတ်တွေ ပျက်ကုန်တာ မဆန်းသလိုပါဘဲ လုံမလေး ရေ။
(ဒါထက် အနားက မင်းသား နဲ့ ဘယ်နှစ်ခါ ရန်ဖြစ်ပြီးပြီလဲ) 😉
လုံမလေးမွန်မွန်
September 13, 2013 at 3:42 pm
ဟုတ်တယ် အရီးရေ.. သမီးတို့တုန်းကလေ..ကျူရှင်သွားတယ်ဆိုတာ..စာသွားကျက်ရုံပဲ..အိမ်မှာဆို စာကောင်းကောင်းမကျက်လို့ ကျူရှင်ကို ပို့ထားတာ… ကျောင်းက သင်လိုက်တာနဲ့ လုံလောက်တယ်..ကျူရှင်မှာက တစ်နေ့စာတစ်နေ့ ပြန်ကျက်ရုံပဲ..အခုကတော့ သင်ရိုးတွေအကုန်ကို ကျူရှင်က ပြန်သင်ရတာ..အချိန်တွေအရမ်းကုန်တယ်… အင်း..စနစ်..စနစ်…
(ဟီး…မင်းသားနဲ့က ရန်ဖြစ်ချင်နေတာ… အပြစ်ရှာမရသေးလို့… ဟီး…)
မောင် ပေ
September 13, 2013 at 7:21 pm
အခုခေတ်ကလေးတွေကို ကြည့်ရင်
အရမ်းဉာဏ်ကောင်းကြတယ်
နို ့မှုန် ့တွေ ၊ အားဆေးတွေ ရဲ ့အစွမ်းကြောင့်များလားတော့မသိ
ဒါပေသည့် အခုခေတ်ကလေးတွေမှာ ကိုယ်ခံအားနည်းသွားပြန်ရော
သဘာဝလောကကြီးဟာ
တစ်ခုလိုချင်ရင် တစ်ခုပေး ဆိုတဲ့ သီအိုရီ အတိုင်း တိကျတာကလား
လုံမလေးမွန်မွန်
September 18, 2013 at 3:40 pm
ကပေ့ကို မတွေ့တာကြာပေါ့… ပြန်တွေ့တာ ဝမ်းသာပါအိ..
အင်းနော်.. ကိုပေပြောတာလည်း ဟုတ်ရဲ့… ဓာတ်ကြီးလေးပါး မညီမျှတော့ ခံနိုင်ရည်အားတွေ နည်းကုန်တာ..အနော်တို့တောင် နယ်မှာနေတုန်းက ပေပေတေတေနဲ့ မြို့ပတ်၊ အိမ်ရှေ့မှာ အသားကုန်ဆော့..ဘာမှမဖြစ်.အခု ရန်ကုန်ရောက်လာကာမှ နေမထိ၊ လေမထိ ဘဝနဲ့ ရာသီလေးများ မပြောင်းလိုက်နဲ့..ဖျားတာက အရင်ပဲ…
အိုဘယ့် ကစားကွင်း.. 🙂
pazflor
September 13, 2013 at 7:52 pm
ကြုံဖူးသလောက်ဆိုရင် များသောအားဖြင့် ကျူရှင် ဆရာ။မတွေက ကျောင်းက ဆရာတွေထက် အသင်အပြ ကောင်းတယ်ဗျ။ မကောင်းရင်လည်း ကျောင်းသားက ဘယ်လာမလည်း။ အဲ့တော့ ကြိုးစားရတာပေါ့လေ။
ကျောင်းတွေမှာတော့ အမ ပြောသလို လိုအပ်ချက်များ ဆရာ၊မ တွေ မော်တီဗေးရှင်းကလည်း မရှိဆိုတော့ ပိုဆိုးမယ်ထင်ပေါ့ဗျာ။
ကျနော်လည်း ကျောင်းနဲ့ ကျူရှင် နေခဲ့ဖူးတာဘဲ။ အခု ကလေးတွေ ပိုဆိုးလာတာ ဂိုက်ဆိုတာကြီးကြောင့်။
အဲ့ ဂိုက် ဖြူတ်လိုက်ရင်တော့ နည်းနည်း အချိန်ပိုထွက်လာမယ်ထင်တာဘဲ။ :kwi:
လုံမလေးမွန်မွန်
September 18, 2013 at 3:43 pm
အဲဒီ ဂိုက် မရှိရင် သင်ပြီးသားစာကိုတောင် ဘယ်ကဘယ်လို စကျက်ရမှန်းမသိကြတဲ့ ကလေးတွေကို ဘယ်လိုလုပ်ရပါ့… ကိုယ်တိုင် စာမကြည့်တတ်ဘူး..ဘေးက ဘာကျက်မယ်..ဘာတွက်မယ်… ဘာကို revision ပြန်မယ်… ဘာကျက်ထား ဆိုတာ မလုပ်ပေးရင် သူ့တို့ဘာသာသူတို့ ဘာတစ်ခုမှ စီစဉ်ပြီး မကျက်တတ်… ဘယ်ကဘယ်လို စဖြစ်လာကြတာလည်း မသိဘူး.. အခုက ကျူရှင်မရှိရင်နေ၊ ဂိုက်မရှိရင် မဖြစ်ဘူးဆိုတဲ့ ခေတ် ဖြစ်နေသလားလို့… 🙂
Mr. MarGa
September 13, 2013 at 7:54 pm
အင်း….
မနာလိုတွေတောင် ဖြစ်လာပြီ
ကျုပ် တွေးထားသမျှ မြင်နေသမျှတွေကို လက်သွက်သွက်နဲ့ ရေးတတ်လွန်းလို့
မြင်နေရက်နဲ့ မရေးဖြစ်တာဆိုတော့လည်း
ဒီပို့စ်မှာပဲ ဝင် ပွားပါတော့မယ်လေ
ပြန်လာပါမယ်နော်
လုံမလေးမွန်မွန်
September 18, 2013 at 3:45 pm
ဟီး..နောက်ခါဆို ကြိုပြောပါမယ်…
ခု စာမွဲပြီးဘီဆိုတော့ ပြန်လာလို့ရပြီနော် သဂျား…
uncle gyi
September 13, 2013 at 10:40 pm
အမှိုက်ဆိုလို့ပြောရအုန်းမယ်မမွန်ရေ
ကျွန်တော်တို့တုန်းကအတွေ့အကြုံ
လေးတန်းအောင်လို့ငါးတန်းတက်တော့
ကျောင်းပြောင်းရတယ်ဗျာ
ဟိုတုန်းကပြောပါတယ်
ကျောင်းရောက်တဲ့နေ့မှာပဲ
မုန့်စားပြီးတဲ့စက္ကူကိုကျောင်းခန်းအပြင်လျှောက်လမ်းမှာ
ပစ်လိုက်တာကိုယ့်ထက်စီနီယာသမားတွေက
စီနီယာဆိုလို့အတန်းကြီးတာမဟုတ်ဖူးနော်
အတန်းတူသူတို့ကကျောင်းသားဟောင်း
အဲဒါအမှိုက်ကိုပြန်ကောက်ပြီး
အမှိုက်ပုံးထဲပြန်ပြစ်ခိုင်တယ်ဗျာ
ဆိုလိုတာကအဆင့်ဆင့်ပြန်ထိမ်းသွားကြတာ
ကျောင်းမှာအထူးကိုသန့်ရှင်းရေးလုပ်စရာမလို
အစဉ်လာကောင်းလေးတွေတော့ဆက်ထိမ်းနိုင်ရင်ကောင်းတာပေါ့ဗျာ
သန့်ရှင်းရေးကျောင်းသားနဲ့ဘာဆိုင်လဲ
ကျောင်းသားစာသင်ဖို့သွားတာ
အမှိုက်ကောက်ဖို့သွားတာမဟုတ်ဖူးဆိုတဲ့
အပြောတွေတော့
ဘာမှမှတ်ချက်မပေးလိုပါဖူးဗျာ
Ma Ma
September 14, 2013 at 9:16 am
ဒီမှာ သမိုင်းကိုသင်ရင် ခုနှစ်သက္ကရာဇ်တွေကို ဦးစားပေးပြီး မှတ်နေရတော့…..
စာဖတ်မသန်တဲ့သူတွေအတွက် ကြောက်စရာဘာသာရပ်တစ်ခုအနေနဲ့ တည်ရှိတယ်။
အဲဒီလို သမိုင်းဘာသာရပ်ကို ကြောက်တဲ့ (စိတ်မပါတဲ့) ကလေးကို ကာတွန်း (သို့) ရာဇဝင်ကားတွေလိုမျိုး Documentary ရို်က်ထားတာကို ပြပြီး ရှင်းပြတော့ စာကျက်စရာမလိုပဲ စိတ်ထဲစွဲသွားတဲ့အထိ ထိရောက်သွားတယ်။
စာမေးပွဲမေးခွန်းကလဲ ခုနှစ်သက္ကရာဇ်တွေကို အသားပေးမေးတာ မဟုတ်ပဲ
အကျိုးအကြောင်းဖြစ်စဉ်ကိုသာ အဓိကမေးတာမို့ ကလေးတွေအတွက် စဉ်းစားဆင်ခြင်စရာတွေပေးတဲ့ ဘာသာရပ်ဖြစ်သွားတယ်။ 🙂
San Hla Gyi
September 14, 2013 at 4:21 pm
လုံမလေးမွန်မွန်ရေ
ကျူရှင်ဟာ ကျောင်းသားတွေရဲ့ အားကိုးရာ ဖြစ်လာတာ ဆယ်စုနှစ်တခု မကလောက်တော့ဘူး ထင်တယ်။ အမှန်က ဆယ်စုနှစ် ၂ ခုကျော်ပြီ။ ဒီဘက်ခေတ်မှာ ပိုဆိုးလာတယ်။ ဆရာ ဦးအောင်သင်းကတော့ ကျူရှင်တွေ ပေါ်ခဲ့တာ ကမ္ဘာစစ်ကြီးကြောင့်နဲ့ ပြည်တွင်းသောင်းကျန်းမှုကြောင့်လို့ သူ့စာအုပ်ထဲမှာ ရေးတာ ဖတ်ဖူးတယ်။ အဲဒီအချိန်က တွက်ရင်တော့ ပေါ်လာတာ ရာစုနှစ်တဝက်စာလောက်ကို ရှိနေပြီ။ ဒါပေမယ့် သူတို့ ခေတ်တုန်းကတော့ အကူအပံ့ သဘောမျိုးလောက် ဖြစ်မှာပေါ့လေ။
ကျနော့် အမြင်ပေါ့လေ။ မြန်မာပြည်ကို တိုးတတ်အောင် လုပ်ချင်တဲ့ အစိုးရ ရင်ဆိုင်ရမယ့် အကြီးဆုံး ပြဿနာတွေထဲမှာ ပညာရေးနဲ့ စာရိတ္တမဏ္ဍိုင် ပျက်စီးတာက ထိပ်ဆုံးထဲမှာ ပါတယ်။ ပညာရေးမှာတော့ အခြေခံပညာအဆင့်ရော အဆင့်မြင့်ပညာအဆင့်မှာပါ ပျက်စီးခဲ့တာ။ အခု လုံမလေးမွန်မွန်ရေးတဲ့ အခြေခံပညာအဆင့်ကို ပြင်ရတာက ပိုခက်လိမ့်မယ်။ နိုင်ငံတနံတလျားဆိုရင် ဘတ်ဂျက်ရော အချိန်ရော တော်တော်ယူရမယ်။
ကျနော်လည်း ရင်းရင်းချာချာ သွေးသားထဲမှာ ကျောင်းဆရာတွေ ရှိပါတယ်။ တကယ်တော့ မယုံမရှိနဲ့။ ဆယ်တန်းအဆင့်ဆိုရင် ကျောင်းက ဆရာတွေကလည်း သိပ်ကောင်းကောင်းမွန်မွန် မသင်တော့ဘူး။ အခု ပြောတာက ကျောင်းအများစုနဲ့ မြို့ပေါ် အနေအထား အများစုကို နမူနာယူပြီး ပြောတာပါ။ အဲဒါ ကျနော်က အလွတ်သဘော မေးဖူးတယ်။ ဘာလို့ အဲဒီလို ဖြစ်ရတာလည်း ဆိုပြီးတော့။ သူ့ဘက်ကပြောတော့ ဆရာတွေနဲ့ ကျောင်းသားတွေ နားလည်မှုလွဲတာလို့ ပြောတယ်။
ဆရာတွေကလည်း ကျောင်းသားတွေ ကျူရှင်မှာ သင်မှာပဲ ဆိုပြီးတော့ ကောင်းကောင်း မသင်တော့ဘူး။ ကျောင်းသားတွေကလည်း ဆရာတွေ ကောင်းကောင်းသင်မှာ မဟုတ်ဘူးဆိုပြီး ကျူရှင်ယူရတယ်။ အဲဒီမှာ ကြက်ဥနဲ့ ကြက်မဘယ်က စသလဲဆိုတဲ့ ပဟေဠိလို ဖြစ်လာတာပဲ။
နောက်ပြီး ဆရာ ဆရာမတွေဘက်က ကြည့်တော့လည်း ၁၉၈၅ နောက်ပိုင်းလောက်မှာ အစိုးရလစာနဲ့ ဘယ်လိုမှ မလောက်ငတော့ ကျူရှင်ပြရတယ်။ စတုန်းကတော့ သိပ်ကြီး မဆိုးသေးဘူး။ သချာင်္ အင်္ဂလိပ်စာလောက်ပဲပေါ့။ အဲဒီမှာတင် ပညာရေးဝန်ထမ်း အချင်းချင်း ဘာသာရပ်လုတဲ့ ပြဿနာ ဖြစ်လာတယ်။ သချာင်္ အင်္ဂလိပ်စာသင်ခွင့်ရအောင် ကျောင်းအုပ်ကို လာဘ်ထိုးရတာတွေ ဘာတွေ ဖြစ်လာတယ်။ အဲဒီမှာ ဆရာအချင်းချင်း အတွင်းတိုက်ပွဲ စတော့တာပဲ။ မယုံမရှိနဲ့။ ကျောင်းတွေမှာ ဟိုတုန်းကတည်းက အခုထိ တကယ်ရှိခဲ့တာ။ ဒီဘက်ပိုင်းကျတော့ အဲဒီလို ဘာသာရပ်တွေကို မသင်ရရှာတဲ့ ဆရာ ဆရာမတွေကလည်း ကိုယ်လည်း သင်လို့ရအောင်ဆိုပြီး အုပ်စုဖွဲ့တာတွေ ကျောင်းမှာ မှတ်စုကောင်းကောင်း မပေးတော့တာတွေ ဖြစ်လာတယ်။
နောက်ပိုင်းကျတော့ ကျောင်းက ဆရာ ဆရာမတွေကိုယ်တိုင် ကျူရှင်သင်ရတာကို ခုံခုံမင်မင် ဖြစ်လာတယ်။ ကျူရှင်သင်ပြီး ချမ်းသာသွားတဲ့ ဆရာ ဆရာမတချို့တလေကို မြင်ခဲ့ဖူးတယ်။ သူတို့ရတဲ့ ဝင်ငွေဟာ တော်တော်ကောင်းတယ်။ အဲဒီကျတော့ အခြေအနေက ထိန်းမရတော့ဘူး။ ပေါရိသာဒဘုရင် လူသားစားမိသလို ဖြစ်သွားပြီ။ ဒီအရသာကို ခုံမင်နေပြီ။
ဒီနောက်ပိုင်းမှာ ဂိုက်ဆိုတာ ပေါ်လာတယ်။ အမှန်က တယောက်က ချဲ့ရာကနေ နောက်ကနေ အကုန်လိုက်လုပ်ကြတာ။ အမှန်တော့ ဆယ်တန်းလောက် အဆင့်စာဟာ သေသေချာချာ ရှင်းအောင် သင်နိုင်တဲ့ ဆရာနဲ့ဆိုရင် ကိုယ်ဘာသာကိုယ် လေ့လာရင်ရပြီ။ ဒီနောက်ပိုင်းကျတော့ ကြားမိသလောက် အတန်းငယ်လေးတွေပါ ဂိုက်တွေထားကုန်တယ် ပြောတာပဲ။
အမှန်တော့ လုံမလေးမွန်မွန် ရေးရမယ့် fieldက အများကြီး ဖြစ်နေပြီး ရေးရတာက ဘောင်သိပ်ကျဉ်းနေတယ်။ အပိုင်းလိုက် တပိုင်းချင်း ခွဲရေးနိုင်ရင် ပိုကောင်းတယ်။
kotun winlatt
September 14, 2013 at 4:32 pm
မြန်မာ့ပညာရေး မညာကြေးဆိုတဲ့ ဆရာမ ဝင်းပြုံးမြင့် ရေးတဲ့ ပို့စ်လေးကို သတိရမိသွားပါရဲ့…
ဝိုင်းကြဝန်းကြမှသာလျှင်.. ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးကို ရောက်နိုင်မှာပါ။
ကျော်စွာခေါင်
September 14, 2013 at 6:21 pm
လုံလုံရေ…
အခက်အခဲတွေကြားက ကြိုးစားပြီး ပို ့စ်တင်ပေးတာ ကျေးဇူးတင်သလို စေတနာပါတဲ့ စာလေးဖြစ်နေလို ့ ချီးကျူးပါတယ်လို ့အရင် ပြောပါရစေ..။
ပျက်စီးနေတဲ ့ ပညာရေးစနစ်ကြီးကို ာကည့်ရတာ ရင်လည်းမောပါတယ်…။
သေချာလေးတော့ ပြန်စဉ်းစားရပါမယ်..။
ကျော်းချိန်လျှော့ပေးဘို ့ ပြောတဲ့ ကျောင်းသားက စရမှာပါဘဲ…။
သမိုင်းအဆက်ဆက် ခေတ်အဆက်ဆက်က မြန်မာပြည်မှာ သိပ်တော်တဲ့ ပညာတတ်ကြီးတွေ ပေါ်ထွက်ခဲ့ကြပါတယ်..။
သူတို ့ခေတ်တုန်းကလည်း ရေက်မှာ ၂၄ နာရီဘဲ ရှိခဲ့တာပါ… ဒီနေ ့အထိလညိး တရက် ၂၄ နာရီပါဘဲ…
ခေတ်တွေ နှစ်တွေ ပြောင်းလာလို ့ အချိန်တွေ လျေားမသွားပါဘူး..။
သူတို ့ခေတ်တုန်းက ကျူရှင် ၊ ဝိုင်း၊ ဂိုက် ၊ ဘော်ဒါဆောင် စတဲ့ အပို မဆလာတွေ မရှိပါ…
ဒီခေတ်မှာ အပိုတွေ သိပ်များနေပါတယ်..။ အိုင်တိခေတ်ဆိုတော့ ကလေးတွေ အတွက်လည်း အချိန်ဖြုန်းမှန်းမသိ ဖြုန်းနေတဲ့ အရာတွေ ရှိပါတယ်..။
ကျောင်းရော ကျူရှင်ရော သွားနေတဲ့ ကလေးက ကျောင်းချိန်နေ ့တစ်ဝက် လျေားပေးဘို ့ တောင်းဆိုရင်….
မိဘကူလုပ် ဆင်းရဲလို ့ကျူရှင် မတက်နိုင်ဘဲ ၁ဝ တန်းကို ဘာသာစုံဂုဏ်ထူး ထွက်တဲ့ ကလေးက ရယ်(ရီ) ပါလိမ့်မယ်..။
နောက်… ကျူရှင်စားရိတ် ဝိုင်းစရိတ်တွေ မတတ်နိုင်လို ့ ကျောင်းကိုသာလျှင် အပတ်တကုတ် အားကိုးပြီး စာသင်နေရတဲ့ ကလေးတွေ အတွက်ကျ…. ကျောင်းချိန်တစ်ဝက် ထပ်လျော့ခဲ့ရင်…
အချိန်မလောက်လို ့ ပြီးပြတ်အောင် မသင်လိုက်ရတဲ ့ ကျောင်းစာတွေ ဘယ်သူ ့ကို သွားမေးရမတုန်း…။
ဘက်မျှဘို ့လိုသလို….ကိုယ်တိုင်လည်း ကျိုးစားဘို ့လိုပါတယ်။
ကျောင်းက ဆရာတွေ လိုအပ်ချက် ရှိပါလိမ့်မယ်… သူတို ့အပိုင်းခံစားချက်ကလည်း…
လမ်းမှာတွေ ့ရင်တောင် ပုခုံးတိုက်ပြီး မရိုသေတတ်တဲ့ ကျောင်းသားတွေ အပေါ် စိတ်တော့ ကွက်မိမှာပါဘဲ… လူကိုးးးး။
ကျောင်းသားတွေကလည်း ကျူရှင် အားကိုးနဲ ့ကျောင်းဆိုရင် အတက်ပြသလိုဘဲ သဘောထားတယ်… ဆရာတွေကိုလည်း တန်းမထားဘူး.. ဂိုဏ်းမထားဘူး…။
ကျောင်းဆရာတွေရဲ ့ခံစားချက်ကလည်း လခ မလောက်ငှတာ…ကျူရှင်ဆရာတွေ ပိုက်ဆံရတာကို ချိန်ထိုးပြီး ဘယ်သူ ့ကို စိတ်ဆိုးရမှန်းတောင် မသိ တဲ့ ခေတ်ကြီးမှာ…. သူတို ့ဒေါသကို ထွက်ပေါက်ပေးစရာကလည်း ကျောင်းသူ ကျောင်းသားဘဲ ဖြစ်နေတော့မှာပေါ့..။
ကျူရှင်တွေ ဝိုင်းတွေ ဖျက်သိမ်းသင့်ပါတယ်… မြန်မာပြည်က ဆရာဆရာမတွေ တော်ပါတယ်..။
ပညာရေးကို စနစ်အမျိုးမျိုး စိတ်ကူးပေါက်တိုင်း ထ..ပြောင်းနေတဲ့ သူတွေကိုလည်း ထိန်းချုပ်ရပါမယ်..။
ပြောရမယ်ဆိုရင်တော့ လုံလုံရေ အများကြိီးဘဲ ကွာ..။
အမှိုက်ကောက်ရလို ့စိတ်တိုတဲ့ ကလေးမလေးရော…. သူ ့ဘဝမှာ တစ်ကြိမ်မကတော့ စည်းမဲ့ကမ်းမဲ့ အမှိုက်ကို ပစ်ချဘူးမှာပါ…။
သူ ့လို တကြိမ်လောက် ပစ်တာတွေ များလာလို ့ စည်းကမ်းမရှိ အမှိုက်တွေ များလာပြီး ပြန်ကောက်ရတာပါ..။
ကျောင်းခန်းတွေမှာ..ကျောင်းပါတ်ဝန်းကျင်မှာ အမှိုက်ပုံးတွေ အများကြီး ထားသင့်ပါတယ်..။
တစ်ယောက်ချင်းစီတိုင်း တာဝန်ကျေ စပြီး စည်းကမ်းလိုက်နာရင် အမှိုက်ကောက်ရတာ မရှိတော့ဘူးပေါ့..။
ကျောင်းချိန်လျှော့မချသင့်ပါ…။ ကျောင်းချိန်လျှော့ချလို ့…စာသင်ပေးရတာ နည်းတယ်ဆိုပြီး ဆရာဆရာမတွေရဲ ့လခကို
စိတ်ရူးပေါက်ပြီး ထပ်လျှော့ကာမှ…
မြန်မာပြည်မျာ… ဆရာတေါ သပိတ်ထပ်ဖြစ်နေပါဦးမယ်..။
အဆုံးသတ်ပြောချင်တာက…
ဆင်းရဲလွန်းလို ့ ကျူရှင်မယူဘဲ အိမ်အလုပ်ဝိုင်းလုပ်ရင်း စာကျက်ရတဲ့ ကလေးလည်း တစ်ရက် ၂၄ နာရီ ပါ..။
ကျောင်းတွေ ကျူရှင်တွေ ဝိုင်းတွေ ဂိုက်တွေနဲ ့ စာကျက်ရတဲ့ ကလေးလည်း တစ်ရက် ၂၄ နာရီ ပါ..။
အချိန်တွေက ပုံမှန်ပါဘဲ…. ပိုမသွားဘူး…. လိုမသွားဘူး
လူတွေဘဲ… အပိုအလုပ်တွေကြောင့် အချိန်မလောက်တာပါ…။
ရွှေ ကြည်
September 15, 2013 at 11:17 am
အမွန်ရေ ပို့စ်လေးက သိပ်ကောင်းပါတယ်
ကိုစံလှကြီးပြောသလိုပဲ ကျူရှင်ပေးလို့ကောင်းတဲ့ ဘာသာသင်ရအောင် လာဘ်ထိုးတာတွေ
ဆရာ ဆရာမ အချင်းချင်း အုပ်စုဖွဲ့တာတွေ တိုက်ခိုက်တာတွေ တကယ်ရှိုတယ် ရွှေကြည့် အစ်မတွေကကျောင်းဆရာမတွေ အကြီးဆုံးက မူလတန်းပြ အနားကရွာလေးမှာ သင်တယ် ကျူရှင်နေနေသာသာ ကျောင်းဆက်တက်နိုင်အောင်တောင် ဆရာမတွေကနေ ကူညီနေရတယ်
ရွှေကြည်တို့ နေတဲ့ တောမြို့မှာတော့ အထက်တန်းကျောင်းဆိုတော့ ကျူရှင်တွေရှိတယ် ရွှေကြည့်အစ်မလတ်က အထက်တန်းပြဆိုတော့ ကိုစံလှကြီးပြောတဲ့ ကျူရှင်ကိစ္စတွေကြားခဲ့ရတယ်။
ကိုယ့်အစ်မပဲ ကိုယ်သတိပေးရတယ် ငွေနောက်မလိုက်ဖို့။ ကလေးတွေမျက်နှာငဲ့ဖို့ပေါ့။
လောလောဆယ်ကတော့ ဂျာအေး သူ့ အမေရိုက်သလိုပဲ ပတ်ချာလည်ရိုက်နေတယ်။
နောက်ဆုံးတော့ လူတွေရဲ့ စိတ်အခြေခံနဲ့ ခေတ်အခြေအနေတွေပေါ်လိုက်ပြီး
ဖြစ် ပျက် နေကြတာပါပဲ အများကြီးပြောချင်ပေမယ့် ဂလောက်ပဲ 😀
kai
September 15, 2013 at 3:02 pm
ဆရာတွေကိုလည်း.. နာသုံးနာ..ဘာညာတွေနဲ့မချည်နဲ့..
သူ့ဝင်ငွေမလောက်ရင်.. တခုခုနဲ့လုပ်စားရမှာပဲ..။
သေချာတာက.. စေတနာဆိုတာမျိုးကြီးကပြုတ်စားလို့မှမရတာနော…
မဖြစ်နိုင်တာကြီးတွေနဲ့.. ရှေးရိုးစွဲပြီး… အတင်းချည်တုတ်မထားဖို့ပါပဲ..
ဒီအတိုင်းပဲ.. တပည့်တွေဖက်ကလည်း…
ဆရာဆိုတာ.. ကိုယ်လိုလူသားတယောက်က… သူ့စားဝတ်နေရေးအတွက်.. အလုပ်တခုလုပ်ပြီးနေတယ်ပဲသဘောထားသင့်တယ်…။
ဘာအလုပ်လည်းဆိုတော့.. သူတတ်ထားတဲ့ပညာကို.. ရှင်းလင်းတင်ပြရောင်းချတဲ့အလုပ်…။
စစ်သား.. စစ်တိုက်ရလို့ဆိုပြီး.. ထူးမြတ်မနေသင့်ဘူး..။
ဆရာဝန်.. ဆေးကုလ်ို့ဆိုပြီး.. ထူးမြတ်မနေသင့်ဘူး…။
ပြည့်တန်ဆာ.. လိင်အရောင်းအဝယ်လုပ်လို့ဆိုပြီး.. ထူးနှိမ်ချမနေသင့်ဘူး..
အလုပ်ဟူသမျှ ဂုဏ်ရှိစွ…
အခြေအနေအရ.. လုပ်သင့်တာကို လုပ်ကြ…
အဲဒါလေးနှလုံးသွင်းမှန်ရင်.. ဆရာ/တပည့်ဆက်ဆံရေး..။
ပညာ/အလုပ် ရှာဖွေရယူရေး..
အဆင်ပြေလိမ့်မယ်… လို့..။
ဆိုတော့….
ယူအက်စ်မှာလည်း.. ပညာရေးထဲ..ကျုရှင်.. ဝိုင်း.. အာဖတာစကူး.. ဈေးရောင်းပွဲ…။ ရံပုန်ငွေရှာတာ.. အားကစား… ရှုပ်ယှက်ခတ်နေအောင်ရှိပြီး.. ကလေးတွေ/ဆရာတွေခမြာ.. မအားရပါဘူး..
ငွေပေးငွေယူ.. ရောင်း/ဝယ်… ကိုယ့်အလုပ်ကိုယ်လုပ်နေကြရသာတာဖြစ်ပါကြောင်း…။
ခင် ခ
September 15, 2013 at 5:53 pm
သဂျီးကွန်မန့်ကလွဲပြီး ကျန်တာတွေရဲဗလောင်းခတ်ကာ ၂၁ ခုတောင်တွေ့ရတော့ အနီပေးပိုင်ရှင်ဟာ သဂျီငဖားဘဲဖြစ်မယ်ထင်။
KZ
September 16, 2013 at 10:13 am
စံနစ်၊ စိတ်ဓာတ်၊ စည်းကမ်း
ဘယ်ဟာအရင် စပျက်လို့
ဘယ်ဟာအရင် စပြင်ရမယ်ဆိုတာ ကြက်ဥကြက်မ လည်နေတုန်းးးးး
🙁