ကြိုးတစ်ချောင်းရဲ့ ဆက်ထုံးတစ်နေရာ-သော်ဇင်(လွိုင်ကော်)
လက်ထဲက စာရွက်ကလေးက ဘာလုပ်ဖို့လဲ။ မတော်လည်းဖြစ်တယ်လို့ ပြစ်ပြစ်ခါခါ စွန့်ပစ်ထားခဲ့ပြီးမှ ခုကျတော့ ဖိတ်ကြားလွှာ စာရွက်ကလေး လာကမ်းတယ်ပေါ့။ တောင်ပေါ်မှာ မိုးညို့တိုင်း ငွေတောင်ဆည်မှာ ရေမပြည့်ဘူးဆိုတာတော့ သိသင့်ဖို့ကောင်းတယ်။ မိုးကောင်းတုန်းရွာ မိုးခေါင်မှ မှားပါပြီလို့ တ..နေကြတာတော့ တဆိတ်လွန်လွန်းနေသလို ရာသီမမှန်တော့မှ နတ်တင်နေကြတာများ မျက်စိ ဆံပင်မွှေးစူးရပါရဲ့။ ပြီးတော့
“လာခဲ့ပါ မမရယ်။ ခုဆို မမကြီး သိပ်အားငယ်နေရှာတာ။ ဟိုတုန်းက ကိစ္စတွေကိုလည်း သင်ပုန်းချေပေးလိုက်ပါတော့နော်”
တဲ့။ တရားကျစရာ ကောင်းလိုက်ပုံများ။ စိတ်ထဲမှာ အတေးအမှတ်ရယ်လို့ မဟုတ်ပေမယ့် တွေးမိတိုင်း တဆစ်ဆစ် နာကျင်ခဲ့ရတာတော့ သေချာတယ်။ ခုဆို မမကြီး သိပ်အားငယ်နေရှာတာတဲ့။ အားငယ်တယ်ဆိုတဲ့ စကားကို ရင်နဲ့မမျှအောင် သိုသိပ်မြိုသိပ်ပြီး မျက်နှာကို မော့ထားခဲ့ရတဲ့ အချိန်ကာလတွေကိုတော့ ဒင်းတို့ ဘယ်လွမ်းတော့ပါ့မလဲ။
ကြိုးတစ်ချောင်းကိုဖြတ်ပစ်ပြီးမှာ ပြန်ဆက်ရင်လည်း ဆက်လို့တော့ ရပါလိမ့်မယ်။
ဒါပေမယ့် ဆက်ထားတဲ့ နေရာမှာ ဆက်ထုံးလေး ဖြစ်နေတာတော့ ဖုံးလို့မရ ဖိလို့မရနိုင်တော့ဘူးဆိုတာ သိဖို့ကောင်းပါတယ်..။
(၁)
“အို လင်သေလို့ ကလေးတစ်ယောက် လက်ဆွဲပြီး အိမ်ပေါ်တက်လာတဲ့ ကောင်မကို ဖေဖေက ပေးစရာလား”
ဒါ မမကြီး အသံတဲ့လား။ ရင့်သီးလိုက်တာ။ မျက်နာကို မော့ချီပြီး မျက်လုံးတွေက အထင်သေးရှုံချနေတာများ ဝါဝါ့ မမကြီး မဟုတ်တဲ့အတိုင်း။ ခုချိန်မှာ ဝါဝါထင်ထားတဲ့ အခြေအနေတွေက အထင်နဲ့အမြင် သက်သက်စင်ကို လွဲသွားခဲ့ပြီဆိုတာ သိလိုက်ပြီ။ ဝါဝါပြန်လာရင် ဒီအိမ်ကြီးက လမ်းကမ်းလို့ ကြိုမယ် ထင်ခဲ့တာက တိတ်တဆိတ် မှားယွင်းသွားခဲ့တဲ့ ဖောက်လွဲ ဖောက်ပြန် အတွေးတွေကြောင့်ပဲ ဖြစ်မယ်။ မေမေကဆို ဝါဝါ့ကို လှည့်လို့ တောင်မကြည့်ဘူး။ အငယ်မ ဖြူဖြူကတော့ ဘာမှပဲ မသိသေးသလိုပဲ။ ရင်ခွင်ပိုက်သားငယ်တစ်ယောက်နဲ့ လင်သေမုဆိုးမတစ်ယောက်ကို ကြိုဆိုလိုက်ပုံက ဒီလို စကားလုံးတွေနဲ့လား။
”မဟုတ်ဘူးလေ သမီးကြီး ဒုက္ခရောက်လာတဲ့ သမီးလတ်မှာ ကလေးတစ်ယောက်နဲ့ဆိုတာ ကိုယ်ချင်းစာပြီး တွေးပေးဦးမှပေါ့။ ”
”အို ဖေဖေကလည်း ဝါ လုပ်သွားပုံကြတော့ စိတ်မနာနိုင်ဘူးလား။ အရပ်ထဲမှာ ဖေဖေတို့မေမေတို့ မျက်နာကို အိုးမည်းသုတ်သွားတာ နီကတော့ ဝါ့ မျက်နှာကို ဒီတစ်သက်ကြည့်ကို မကြည့်ချင်တော့တာ”
ဒါတော့လွန်ပြီ။ မျက်နှာအောက်ချပြီးဝင်ရတဲ့ အနေအထားမို့ စကားလုံးတွေကို ထုတ်မသုံးပဲထားတာကို မမကြီးက လှုပ်ခတ်ပုတ်နိုးလိုက်ပြီ။ ဝါဝါက ချက်ချင်းဆိုသလိုပဲ။
”ဝါ့ မျက်နာကိုမကြည့်ချင်တော့လောက်အောင် မမကြီးမှာ ဘာတွေများ နှစ်နာသွားခဲ့လို့လဲ ဟင်။ ပြောစမ်းပါဦး။ မမကြီးက ဆင်သေကို ဆိတ်သားရည်နဲ့ဖုံးလို့ တစ်သက်လုံးလှုံခဲ့ပြီလို့ မထင်နဲ့။ လူဆိုတာ မှားတတ်တယ်။ အမှားနဲ့မကင်းကြဘူး ဆိုတာ မမကြီးမေ့နေပြီထင်တယ်။”
”နင် နင်”
စကာလုံးတွေ မမကြီး လည်ချောင်းဝမှ တစ်ဆို့သွားမှာပေါ့။ ဝါဝါ မမကြီးကို စူးစူးနစ်နစ်ကို ဆိုက်ကြည့်လိုက်တယ်။ အကြည့်တွေရဲ့ တန်ပြန်သက်ရောက်မှုတွေကြားမှာ မပြောပဲ သိနေတဲ့ စကားလုံးတွေရဲ့ အဓိပါယ်တွေရှိတယ်။ အဲဒီစကားလုံးတွေက ရာသီ ဘယ်လောက်ပြောင်းပြောင်း နှစ်တွေ ဘယ်လောက်ကြာကြာ ဆွေးမြေ့သွားမှာ မဟုတ်ဘူးဆိုတာ မမကြီး မေ့နေတယ်။
အတိတ်ဆိုတာ ချန်ထားခဲ့လို့ ရနိုင်ကောင်းတဲ့ ကာလ တစ်ခုမဟုတ်ဘူး။ နာကျင်မှုဆိုတာကို ခုထက်ထိ ရင်ဝယ်ပိုက် ခံစားနေရတဲ့ ဝါ့ အတွက်ဆို အရိပ်တစ်ခုပမာ တကောက်ကောက် လိုက်နေခဲ့သေးတာပဲကြည့်တော့။
(၂)
အချစ်ကို ကိုးကွယ်တယ်ဆိုတာ ဆယ်ကျော်သက်တွေရဲ့ ရုးသွပ်မှုတစ်ခုတဲ့။ အဲဒါမှားတယ်။ ဝါဝါ ဆိုရင် အသက်ပဲ နှစ်ဆယ့်ကျော်နေပြီ ခုထက်ထိ အချစ်ကို ကိုးလည်းမကွယ်ဘူး ယုံလည်း မယုံဘူး။ ဒီတစ်သက် အချစ်ကို မတွေ့တော့ဘူးလို့ ဝါဝါက တွေးထားခဲ့တာ။ တွေးဆို ရှေ့မှာလည်း စံနမူနာယူစရာ အဖြစ်အပျက်တွေက ရှိခဲ့တာကို။ ရှိဆို လောလောလတ်လတ် ပူပူနွေးနွေးလေးရယ်။
ဒူးနဲ့မျက်ရည်သုတ် တယ်ဆိုတာကို နဖူုးတွေ့ ဒူးတွေ့တွေ့လာရတဲ့ မမကြီးကို ဝါဝါကတော့ ဘာမှမပြောချင်ဘူး။ အချစ်က မမကြီးရဲ့ မျက်လုံးတွေကို ကန်းစေခဲ့ပြီးပြီလေ။ မမကြီး ပြန်ရောက်ရောက်ချင်း မမကြီးမသိအောင် ခရီးဆောင်အိတ်တွေကို နှိုက်စမ်းကြည့်ပြီးကတည်းက ဝါဝါ ဘာမှပြောလို့ မထူးတော့ဘူးဆိုတာ သိလိုက်ပြီ။ ခုချိန်မှာ အပြစ်ပြောနေလို့လည်း ဝါဝါနဲ့ မမကြီး နပန်းထသတ်ရတာပဲရှိမှာကိုလည်း သိတယ်။ ဖေဖေကတော့ ရှူးရှူးရှားရှားနဲ့ ဒေါသတွေထွက်လို့..။
”ဘယ်မလဲ နင့်အကောင် ငါကိုယ်တိုင် သွားသတ်မယ်…..ပြောလေ နီနီ…”
”သူ …သူ ……မယ်စဲ ဘက်နေ ထိုင်းကိုထွက်သွားပြီလို့ သူ့အမျိုးတွေကပြောတယ် ဖေဖေ”
”တောက်…..ဘယ်မလဲ နီနီ နင် ဝါဝါ မသိအောင် ယူသွားတယ် ပိုက်ဆံတွေ”
”သူ..သူ…..အကုန်ယူသွားပြီ ဖေဖေ”
ဖေဖေ့တောက်ခေါက်သံက ဝါဝါတို့တစ်အိမ်လုံးကို မိုးလုံး ဟိန်းသွားစေခဲ့တယ်။ တဆတ်ဆတ်တုန်ယင်နေတဲ့ ဖေဖေလက်တွေက မပြောမဆိုနဲ့ မမကြီးရဲ့ ပခုံးနှစ်ဖက်ကို ကိုင်ဆောင့်တွန်းလိုက်တာ မမကြီးမှာ အခန်းနံရံလေးမှာ ပုံလျှက်သားလဲလို့နေတယ်။ ဝါဝါက အသည်းပဲမာတာလားမသိဘူး။ အဲဒီအချိန်မှာ မမကြီးကို ပြေးထူချင်စိတ်ကိုမပေါက်မိဘူး။ ဝါဝါ့ စိတ်ထဲမှာ မမကြီး ဒီလို ဖြစ်တာကိုကျေနပ်နေခဲ့တာလား။
ဘုရားရေ..။ ဒါ ဝါဝါ့စိတ်ထဲမှာ လူမသိ သူမသိ ကိန်းအောင်းနေခဲ့တဲ့ မမကြီးအပေါ် မနာလို ဝန်သိုစိတ်တွေရဲ့ စေ့ဆော်မှုတွေကြောင့် ဖြစ်လာရတာလား။
ငယ်ငယ်ကလေးထဲက ဘာမဆို လိုတိုင်းတ ရနေတဲ့ မမကြီး။ ဆယ်တန်းကို နှစ်ခါပြန်ကျတာတောင် ဘာအပြစ်မှအပြောမခံရတဲ့ မမကြီး။ အိမ်မှာ ခြေမွေးမီးမလောင် လက်မွေးမီးမလောင် အခန့်သားနေရပါတဲ့ မမကြီး။ ပြောရရင် မမကြီးက ဝါဝါ့ထက် ဖေဖေမေမေတို့ရဲ့ အချစ်တွေကို သိမ်းပိုက်ယူငင်ထားတာ။ ဝါဝါ ဆယ်တန်းတစ်ခါကျတော့ အပြစ်တွေပြောလိုက်ဆိုလိုက်တဲ့ ဖေဖေနဲ့မေမေဟာ ပညာသင်စရိတ်ကို အကွက်ချ ဒါ နင့်အတွက်ကုန်ကျခဲ့ရတာဆိုပြီး နေ့ရှိသ၍ ဆူပူခဲ့တာတွေ ဝါဝါ မေ့လို့မရဘူး။ ဝါဝါက ငယ်ငယ်ကတည်းက စိတ်ပြတ်တယ်။ တစ်ခါရှုံးရင် နောက်တစ်ခါအရှုံးမခံဘူး။ ဆယ်တန်းကိုဆက်မဖြေတော့ဘူး။
အဲဒီ ပညာသင်စရိတ်ဆိုတာအပြင် ဒီအိမ်အတွက် ဝါဝါ ဖြည့်ဆည်းပေးနိုင်မယ့် အလုပ်တွေကိုရှာတယ်။ မေမေကတော့ ပြောတယ်
”ဆယ်တန်းကိုပြန်ဖြေပါ သမီးရယ်” တဲ့။
ဝါဝါကလည်း ပြန်ပြောခဲ့ပါတယ်..။
”မဖြေဘူး မေမေ.။ လူတစ်ယောက် တစ်ခါ အသုံးမကျလို့ တဖွဖွအပြစ်ပြောနေတာကို တစ်သက်လုံး သမီးမခံစားချင်ဘူး။ ပြီးတော့ သမီး ညီအစ်မအချင်းချင်း မနာလိုစိတ်မမွေးချင်ဘူး မေမေ”
(၃)
ဝါဝါ့ စိတ်တွေ ဒေါသစိတ်ကြောင့် မထိန်းနိုင်နေဘူး။ ဒါ တမင်သက်သက်လုပ်တာ မဟုတ်ရင် ဘာလဲ။ အချိန်က ဆယ့်နှစ်နှာရီထိုးပြီးသွားပြီ။ ခုချိန်မှာ တစ်ခုခုပြေးဝယ် စားသောက်ရမှာကိုတော့ ဝါဝါ အမုန်းဆုံးအလုပ်တစ်ခု။ ဟော…..။ လာပြီ …..။
”မမကြီး ဘာအချိုးချိုးလိုက်တာလဲ ဝါ့ကိုပြော”
မမကြီးရဲ့ ဖရီးဆင့်စက်ဘီးလက်ကိုင်ကို မရပ်ရသေးခင်မှာပဲ ဆောင့်ကိုင်ပြီး ဝါဝါမေးလိုက်တယ်။
”နင့်စကားက မာလှချည်လား ဝါဝါ”
”စကားသံ မမာစေချင်ရင် မမကြီး အေးအေးသက်သာနေပေါ့။ ခုတော့ အိမ်မှာ အေးအေးနေရတာကို အငြိမ်မနေနိုင်ဘူး။ ဘယ်မလဲ ဝါဝါ့အတွက်ချန်ထားတဲ့ နေ့လည်စာ”
”မရှိတော့ဘူး….အောင်နက်ကိုကျွေးလိုက်ပြီ”
”အဲဒါ မမကြီး တမင်သက်သက်လုပ်တာ…။ ”
”ထင်ချင်သလိုထင်…။ ဂရုမစိုက်ဘူး။ ဘာလဲ နင်က အိမ်မှာ ဖေဖေတို့မေမေတို့ကို လုပ်ကျွေးနိုင်တယ်ဆိုပြီး ဝင့်ကြွားနေတာလား။ ပြီးတော့ နင့်လုပ်စာကို ခိုစားနေတယ်ဆိုပြီး ငါ့ကို ဩဇာပေးချင်တာလား။ ဟင်း ဟင်းမရဘူးနော်။ ”
အဲဒီအချိန်ကတည်းက မမကြီးမှာလည်း ဝါဝါ့ကို မနာလိုစိတ်တွေ ရှိခဲ့မှာပဲ။ တစ်အိမ်တည်းနေပြီး မျက်နှာချင်းဆိုင်ရင် မျက်နှာလွှဲသွားတတ်တဲ့ ညီအစ်မနှစ်ယောက် ကို ဖေဖေက ကြုံတိုင်း နားချတယ်။ အငယ်မလေး ဖြူဖြူက အဲဒီအချိန်တုန်းက ဘာမှမသိသေးဘူး။ ဝါဝါ့ စိတ်ထဲမှာ အိမ်မှာနေ အခန့်သားထိုင်စားနေတာကိုလည်း ကြည့်မရဘူး။
နောက်တော့ဖြေသာမယ့်စိတ်တစ်ခုကို ဝါဝါမွေးနိုင်ခဲ့တယ်။
အဲဒါက ဘာလဲဆိုတော့
ဝါ ဖေဖေနဲ့မေမေကို အလုပ်အကျွေးပြုနေတာ။ ဖေဖေတို့ကြည့်ဖြူရင် ကြိုက်တာ လုပ်ပါစေလို့…။
(၄)
ဝါဝါ အချစ်ကို တွေ့ချိန်က နောက်ကျနေပြီလို့ သူငယ်ချင်းတွေကပြောတယ်။ ဝါဝါကတော့ အချစ်ဆိုတာ အသက်အရွယ်ကန့်သတ်ချက်တွေနဲ့မဆိုင်ဘူးလို့တွေးတယ်။
ခုချိန်မှာ ချစ်မိတဲ့အချစ်က ရူးသွပ်မိုက်မဲမှုတွေ မပါတော့ဘူး။ အသက်နှစ်ဆယ့်ရှစ်နှစ်ရှိပြီ ဖြစ်တဲ့ မိန်းမတစ်ယောက်မှာ ကိုယ်ပိုင်အတွေးအခေါ်နဲ့ တည်ငြိမ် ရင့်ကျက်မှုကိုပေါင်းပြီး အချစ်ကို ဝေဖန်ပိုင်းခြားလို့ရနေပြီ။ ယောကျာ်းတစ်ယောက်ကို ဘယ်လို စံနှုန်းတွေနဲ့ အကဲဖြတ် အရှုံးအမြတ် သတ်မှတ်မလဲဆိုတာ ဝါဝါတော့ အချိန်ယူစဉ်းစားစရာကိုမလိုဘူး။
အပြော ချည်းချည်းသက်သက်နဲ့ ဟန်ရေးပြလေလုံးထွားတဲ့ လူမျိုးကိုလည်း အထူးတလည်ရှောင် စရာမလိုဘူး။ သီးနှံကောက် ပွဲစားလုပ်တဲ့ မိန်းမတစ်ယောက်ကို လွယ်မယ့်ထင်လို့ လာချဉ်းကပ်မယ့် ယောကျာ်းမျိုးတွေကိုလည်း ဘာစကားနဲ့မှ နှင်လွှတ်စရာမလိုဘူး။ ဝါဝါဆိုတာ ဘယ်လို မိန်းကလေးမျိုးဖြစ်တယ် ဆိုတာကိုပဲ မိန်းမတစ်ယောက်မှာ ရှိသင့်ရှိအပ်တဲ့ အိန္ဒြေသိကာ္ခတွေနဲ့ ရွှေပေးလို့မရအောင် နေထိုင်ပြခဲ့တာ။
ခု ဝါဝါ တွေ့တဲ့အချစ်က သူ့ရဲ့ ပေးဆပ်တဲ့အချစ်။ ဖြူစင်တဲ့အချစ်။ မိန်းမတွေ ချစ်မိရင် အဲဒီယောကျာ်းကို ပုံပြီး ကိုးကွယ်တတ်ကြတယ်ဆိုတာ မှန်တယ်။ ဝါဝါလည်း အဲလို မိန်းမတစ်ယောက်ပဲ။
ဝါတို့နဲ့စာရင် သူက ဘာမှကိုမရှိဘူး။ သူ့ဖေဖေနဲ့ မေမေက မူးယစ်ဆေးဝါးရောင်းဝယ်မှုနဲ့ ထောင်ထဲမှာ။ သူက သူ့အိမ်မှာ တစ်ယောက်တည်းနေရတယ်။ ရှိသမျှ အတွင်းပစ္စည်းတွေကလည်း အမှုလိုက်လို့ကုန်လုလုအခြေအနေမှာ။
ပြောရရင် ဗလာနတ္ထိလူတစ်ယောက်။ အဲဒီ ဘာမှမရှိတဲ့လူတစ်ယောက်ကို ဝါဝါ ချစ်မိသွားတာက ယောကျာ်းတစ်ယောက်ရဲ့ ရိုးဂုဏ်တစ်ခုကြောင့်ပဲလို့ ဝါဝါ ပြောရမယ်ထင်ပါတယ်။ သူနဲ့ပတ်သက်မိပြီဆိုကတည်းက ဝါဝါ အိမ်နဲ့အတိုက်အခံဖြစ်ရတယ်။ နေ့ရှိသ၍ မေမေ့ရဲ့ ဆူပူကျိမ်းမောင်းမှုတွေ။ ဖေဖေ့ရဲ့ ချော့တစ်ခါ ခြောက်သလှည့် သွန်သင်ဆုံးမမှုတွေ ကြားနာခဲ့ရတာ။
နောက်ဆုံးတော့ ဖေဖေ မေမေတို့ လုံးဝ သဘောမတူပါဘူးဆိုတဲ့ သူနဲ့ ဝါဝါ ခိုးရာလိုက်ပြေးခဲ့တယ်။ ဝါဝါတို့မြို့ကလေးနဲ့ သုံးနာရီကျော်လောက်သာ ကားစီးသွားရတဲ့ မြို့ကလေးမှာ ဝါဝါတို့ အခြေချခဲ့တယ်။
ဒါပေမယ့် ကံဆိုတာ အခါအလှည့်အတိအကျမရှိရင်သာနေမယ်။
တစ်ချိန်မဟုတ်ချိန်ကတော့ ရက်စက်တတ်စမြဲပဲဆိုတာ ဝါဝါ ယုံလိုက်ရတယ်။ အဲဒါ ဘာလဲဆိုတော့ ဝါဝါ သားကိုမွေးပြီး နှစ်လ ပြည့်တော့ သူ……သဲတူးသွားရင်း သဲကျင်းပြိုတဲ့အထဲပါသွားတာပါပဲ….။
(၅)
ခြံထောင့်မှာ အိမ်ကလေးတစ်လုံး ဆောက်ပေးတော့ ဖေဖေ့ကို ကျေးဇူးတင်လိုက်တာ။ လင်သေမုဆိုးမတစ်ယောက်ရဲ့ အားငယ်မှုတွေနဲ့အတူ လက်ထဲမှာ ရှူးတစ်ပြားမှမရှိတော့တဲ့ ဝါဝါ့ကို ဖေဖေ့က ပြန်ဖေးမပေးတယ်။ ဖေဖေကပြောတယ်။
”ငါ့ သမီး ဝါဝါကို ဘာမှပြောသံမကြားချင်ဘူး။ ဒီခြံကို ငါ ဝါဝါ့ကိုပေးတယ်။ ငါ့သမီးလတ် ငါတို့ကို ဘယ်လို သိတတ်ခဲ့သလဲဆိုတာ ပြောပြစရာမလိုဘူး။ ငါ့သမီးကြုံခဲ့တဲ့ အဖြစ်တွေကိုလည်း နှိမ့်ချပြောတဲ့အသံကိုမကြားချင်ဘူး။ ” တဲ့။
ဖေဖေက အဲဒီစကားကို တစ်ခါပဲပြောသွားနိုင်ခဲ့တာပါ။ မမကြီးနဲ့ထိပ်တိုက်မတွေ့စေချင်လို့ ပြောခဲ့တဲ့ ဖေဖေ့စကားတွေဟာ ဖေဖေမရှိတော့တာနဲ့ ပျောက်ပျက်သွားခဲ့တော့တာပဲ။ ရုတ်တရက် ဖေဖေ ဦးနှောက်သွေးကြောပြတ် ဆုံးသွားတယ်..။
မေမေကတော့ အနေအေးခဲ့သူဆိုတော့ ဖေဖေလည်းဆုံးရော သီလရှင်ကျောင်းမှာ ယောဂီဝတ်မယ်ချည်း တကဲကဲ။ တရားဘာဝနာအားထုတ်ချင်လို့ တသွင်သွင်ပြောနေတဲ့ မေမေ့ကို ဝါဝါကတော့ မတားဘူး။ အငယ်မ ဖြူဖြူကတော့ တငိုငို တရယ်ရယ်နဲ့ မေမေကို မခွဲနိုင်မခွာရက်ပေါ့။
ဝါဝါက
”ဖြူဖြူ ငါ့ညီမ အစ်မနဲ့လာနေလေ။ မေမေ့ကို စိတ်ဖြောင့်ဖြောင့်နဲ့ တရားအားထုတ်ပါစေလား။ ဖေဖေ့ကို ကြည့်။ ရုတ်တရက်ကြီး ဆုံးသွားတော့ တရားအားထုတ်ချိန် ဘယ်လောက်ရလိုက်လို့လဲ ဖြူ။ ဖြူဖြူ့အနေနဲ့ အစ်မဆီမှာပဲနေနေ ခုလက်ရှိ မမကြီးနဲ့ ဒီအိမ်မှာပဲနေနေ အဆင်ပြေနေတာပဲ။ ဖြူတစ်ယောက်တည်းမှ မဟုတ်တာ”
ဖြူဖြူ ခေါင်းငြိမ့်တာနဲ့ မေမေ ယောဂီဝတ်သွားတယ်။ ဖြူဖြူ အထုတ်အပိုးတွေနဲ့ ဝါဝါဆီရောက်လာမယ့်နေ့မှာ မမကြီး တစ်စခန်းထတော့တယ်လေ။
ဖြူဖြူ့ကို မမကြီးက အတူနေစေချင်တယ်။ ဘာကြောင့် ရယ်မှန်းမသိပေမယ့် ဖြူဖြူကို ဝါဝါ့အိမ်မှာ လာမနေစေချင်တာတော့ သိသာတယ်။ ဝါဝါက ဖေဖေရှိစဉ်ကတည်းကရော ဖေဖေဆုံးပြီး မေမေ ဒီအိမ်မှာမရှိတော့တဲ့ နောက်ပိုင်းမှာရော မမကြီးနဲ့ကင်းအောင်နေခဲ့တယ်။ ဝါဝါလုပ်ခဲ့တဲ့ အရင် ရာသီပေါ်သီးနှံလေးတွေပြန်ကောက်ပြီး ဒီမောဆိုမြို့လေးနဲ့ ဆယ့်နှစ်မိုင်သာသာရှိတဲ့ လွိုင်ကော်မြို့ကလေးကို ကူးချည် သန်းချည်နဲ့ ခုဆို အရင်အခြေအနေမျိုးမဟုတ်ရင်တောင် သားအမိနှစ်ယောက် စားလောက်တဲ့အခြေအနေကို ပြန်ရောက်နေပြီ။ မမကြီးနဲ့ ထိပ်တိုက်မတွေ့ပေမယ့် မမကြီး ဘာလုပ်တယ်ဆိုတာတော့ ဝါဝါ နားစွင့်နေရတာပါပဲ။
ဒါပေမယ့် လူဆိုတာ တမိတည်းပေါက် တစ်ယောက်တည်းက ဖွားတာချင်းအတူတူတောင် လူတစ်ကိုယ်စိတ်တစ်မျိုးနဲ့ ဘယ်လိုမှ တစ်ထပ်တည်းမကျနိုင်ဘူးဆိုတာ ဝါဝါ ပိုလက်ခံလာတယ်။
အဲဒီနေ့ဟာ ဝါဝါနဲ့ မမကြီးတို့ရဲ့ သေခန်းရှင်ခန်းပြတ်သွားတဲ့နေ့။
(၆)
ဝါဝါ့ အိမ်ကနေကြည့်ရင် ဖေဖေတို့အိမ်ရဲ့အပေါ်ထပ် ဝရံတာကို ကောင်းကောင်းမြင်ရတယ်။ လူတွေ တပြုံတမကြီးနဲ့ ရယ်ရယ်မောမောရှိနေတဲ့ မမကြီးကိုကြည့်ပြီ မတင်ကာချင်ဘူး။ ခုတလော ဖြူဖြူလည်း ဝါဝါ့အိမ်ဘက်ကို မကူးလာဘူး။ မမကြီး ဘာတွေလုပ်နေတယ်ဆိုတာကို ဝါဝါအစက မသိချင်ယောင်ဆောင်ခဲ့တယ်။
ခုတော့မသိချင်လို့မရတော့ဘူး။
အရပ်ထဲမှာ ကြားလာရတဲ့ အသံတွေက တိုးတိုးကနေ ကျယ်ကျယ်လာတော့ ဝါဝါ သိလိုက်ရပြီ။ ဝါဝါ မမကြီးတို့ဘက်ကူးလာလိုက်တယ်။
အိမ်ပေါ်ကို ဝါဝါ အပြေးတစ်ပိုင်းတက်လိုက်တော့ မမကြီးတို့က လက်မှတ်တောင်ထိုးနေပြီ။
”မမကြီး ဒါ ဘာလုပ်တာလဲ”
”နင်ဘာလာရှုပ်တာလဲ ဝါဝါ”
”ဟဲ့ ဘာလာရှုပ်ရမှာလဲ….တစ်ခုတော့ ဒီကလူကြီးမင်းတွေကိုပြောချင်ပါတယ်။ ဒီပွဲကို ကျွန်မ ကန့်ကွက်ပါတယ်။”
အားလုံး ဝါဝါ့ကိုကြည့်လာတယ်။ ဖြူဖြူက မျက်စိသူငယ် နားသူငယ်နဲ့ ကြောင်တောင်ကြည့်လို့။
”ဒီက ညီမက ဟောဒီက မနီနီနဲ့ ဘာပတ်သက်လို့လဲ”
”ကျွန်မက သူ့ရဲ့ ညီမ ဝါဝါပါ ။ ဒါက အငယ်မ ဖြူဖြူပါ။ ခုဒီပွဲကိုကျွန်မ လက်မခံပါဘူး။ သဘောမတူပါဘူး။ ”
အားလုံး လှုပ်လှုပ်ရွရွဖြစ်ကုန်ကြတယ်။ ကြည့်ရတာ ခြံအရောင်း အဝယ်ဖြစ်သွားပြီထင်တယ်။ ဝါဝါ သိလိုက်ရတဲ့အချိန်က ဖေဖေတို့မေမေတို့ခြံကို ပေ ၈၀x ၁၀ဝ ခန့်ကိုပိုင်းရောင်းမယ်ဆိုတာပဲ။ ခုတော့ သေသေချာချာကို မမကြီးက ရောင်းချပစ်လိုက်တာပဲ။
ခြံဝယ်ယူသူလို့ထင်ရတဲ့ လူက မမကြီးကို
”အစ်မပြောတော့ အရှုပ်အရှင်းကင်းတယ်ဆို။ ခုတော့ ဘယ်လိုဖြစ်ရတာလဲဗျ။ ဒီလို ရှုပ်ရှုပ်ယှက်ယှက်တွေဆို ကျွန်တော်မဝယ်ချင်ဘူး.. ”
မမကြီးက ချက်ချင်းဆိုသလို ဝါဝါ့ကို စားတော့မတတ် ဝါးတော့မတတ်တဲ့ အကြည့်တွေနဲ့ကြည့်တယ်။
”ဒီခြံက နင်နဲ့ဘာမှမဆိုင်ဘူးလေ ဝါဝါ။ ဖေဖေက နင့်ကို သက်သက်ခွဲပေးပြီးပြီပဲ..။ နင်ဘာလာရှုပ်တာလဲ။ ခုခြံက ဖြူဖြူနဲ့ငါ့ကိုပေးခဲ့တဲ့ ခြံဟဲ့ အဲဒါ နင်သိလား။ နင် ယောကျာ်းနောက်လိုက်သွားကတည်းက ဖေဖေက ပေးခဲ့တာ”
မမကြီးအကြံက ဒါအကုန်ပဲ။ ဖြူဖြူ့ကိုခေါ်ထားတာကလည်း ဒီလို သိမ်းသွင်းဖို့။ ဝါဝါ့ကို ဖေဖေပေးနေတဲ့ ခြံလောက်လေးနဲ့ ဖေဖေမေမေတို့ရဲ့ ပိုင်ဆိုင်မှု အမွေခွဲဝေခန်းကို ဖြတ်ချပစ်တယ်။ ဘာအလုပ်အကိုင်မှမလုပ်ပဲ ဖေဖေ မေမေတို့ထားခဲ့တဲ့ ဒီခြံကို ဖဲ့ဖဲ့ရောင်းစားသွားမယ့်အကြံပေါ့။ လုပ်ရက်လေခြင်း။
”ဒီမှာ မမကြီး ဝါ ခပ်ပြတ်ပြတ်ပဲပြောမယ်။ ဝါဝါလုံးဝ သဘောမတူဘူး။ ပြီးတော့ မမကြီးကို ဝါ တစ်ခါတည်းပြောမယ်။ ဖေဖေ ဝါဝါ့ကို အဲဒီခြံကို ရော့အမွေဆိုပြီး သက်သက်ခွဲပေးလိုက်တာမဟုတ်ဘူး။ သီးသန့်အနေနဲ့ပေးတာ။ ခု ဒီခြံကို ဝါလည်း ဆိုင်တယ်။ မမကြီးမို့လုပ်ရက်တယ်။
ဖေဖေ နဲ့ မေမေတို့က ဒီခြံကို ဘိုးဘွားတွေလက်ထဲကနေ လက်ခံထိန်းသိမ်းလာခဲ့တာ။ ဘယ်လောက်ပဲ စားစရာမရှိရှိ ပြတ်လပ်လပ် ဖေဖေ ဒီခြံကြီးကို ပေါင်ပြီး မမကြီးတို့ ဝါဝါတို့ကို ကျွေးခဲ့သလား။ မမကြီးတို့ ဝါဝါတို့ကျောင်းစရိတ်လိုလို့ဆိုပြီး ဒီခြံကိုဖဲ့ရောင်းမယ်လို့ ပြောခဲ့ဖူးသလား။ လုပ်ချင်းလုပ် ကိုယ့်ဆွေမျိုးသားချင်းတွေ အမွေဆက်ခံခွင့်ရှိအောင် ထိန်းသိမ်းရင်တောင်တော်သေး။
ခု မမကြီးရောင်းတာ ဘာသုံးဖို့အတွက်လည်း။ လှူဖို့လား။ တန်းဖို့လား။ ဖေဖေ့အတွက် ရည်စူးပြီး လှူချင်လို့လား။ မေမေ့အတွက် လိုအပ်တာတွေ ဝယ်ပို့ဖို့လား။ ဝါဝါ သိတယ် ။ မမကြီး သုံးဖို့ ဖြုန်းဖို့မလား။ ငွေဆိုတာ သုံးမယ်ဖြုန်းမယ်ဆိုရင် ဆယ်ဂဏန်းမပြောနဲ့ ရာကျော်တောင် ဗြိုက်ခနဲပဲ ကုန်တတ်တယ်ဆို မကြီး သိလား။
ဘာလဲ မမကြီး နောက်ယူမယ့် ယောကျာ်းက သူ့ကို လာတင်တောင်းလို့ပြောလို့လား”
”ကဲ ဟယ်”
စပ်ဖျင်းဖျင်း ခံစားလိုက်ရတာနဲ့အတူ ဝါဝါ့ ခေါင်းကတစ်ဖက်ကို အနည်းငယ်တော့ စောင်းသွားတယ်။ မီးဝင်းဝင်းတောက်နေတဲ့ အကြည့်တွေနဲ့ မမကြီး ဝါဝါ့ကိုကြည့်တယ်။ဝါဝါ့ စိတ်အလိုအရဆို ဒီခြံကြီးကိုလည်း ပုိုင်ဆိုင်လိုစိတ်မရှိပါဘူး။ ခုဟာက မိဘအမွေအနစ်ကို တန်ဖိုးမထားလို့ ဝင်ပါလာမိတာပဲရှိတယ်။
မမကြီး အဲဒီနေ့က အရောင်းအဝယ်မဖြစ်လိုက်ဘူး။ ဝါဝါလည်း တစ်ခါတည်း ကြေငြာခဲ့တယ်။ ဟောဒီ ဖေဖေနဲ့ မေမေခြံကြီးကို ဝါဝါမသိလိုက်ပါပဲ ဘယ်သူမှ ရောင်းချခွင့်မရှိဘူးလို့။
မမကြီးက ဝါဝါ့ ကိုအဲဒီနေ့က စကားတစ်ခွန်းပြောသွားတယ်။
”ဒီမယ် ဝါဝါ နင်နဲ့ငါ တစ်သက်လုံး သူစိမ်းဖြစ်သွားပြီ။ ငါ့ဆီမှာ ညီမတစ်ယောက်ပဲရှိတယ်။ ငါသေလည်း နင်လာမတွေ့နဲ့ နင်သေလည်း ငါလုံးဝ လာမတွေ့ဘူး ဆိုတာမှတ်။ ”
တဲ့။
ကြိုးတစ်စ ပြတ်တောက်သွားခဲ့တယ်ဆိုရင် အဲဒီကြိုးဟာ အကောင်း ပကတိအတိုင်း ပြတ်ဆက်ဖို့တော့ တော်တော်ခက်ခဲလိမ့်မယ်ဆိုတာ ဝါဝါ သိလိုက်တယ်။
(၇)
ဖြူဖြူ တစ်ယောက်တောင် ကျောင်းပြီးလို့ ဖေဖေနဲ့မေမေ့ခြံထဲမှာ ရာသီပေါ်သီးနှံတွေကို စိုက်ပျိုးရောင်းစားနေတာ ဟန်ကျနေပြီ။ မမကြီး နောက်ယောကျာ်း ယူသွားခဲ့တယ်ဆိုတာ သိလိုက်ပေမယ့် ဘာမှမပြောချင်တောလို့ ဝါဝါ ဒီအတိုင်းပဲနေခဲ့တယ်။
လောကမှ ဆွေမျိုးဆိုပေမယ့်လည်း သူစိမ်းတွေထက်ကို စိမ်းကားနေတတ်ကြတဲ့ လူတွေ အပုံကြီးရှိနေတယ်။ မမကြီး နောက်ယောကျာ်းနဲ့ ယောကျာ်းလေးမွေးတယ်ဆိုတာလောက် သိရရုံကလွဲလို့ ဆွေရယ်မျိုးရယ်လို့ မပတ်သက်ခဲ့ဖူးဘူး။ ဝါဝါ သားကို အခါသင့်တိုင်းတော့ပြောပြတယ်။
“သားမှာ အစ်ကိုဝမ်းကွဲတစ်ယောက်ရှိတယ်..”
ခုတော့ ……။
သားနဲ့အတူ မမကြီး အိမ်ပေါ်ကိုရောက်တော့ မျက်ရည်လေးစမ်းစမ်းနဲ့ လက်ကိုင်ပုဝါလေးတို့တို့ပြီး ငိုနေတဲ့ မမကြီးကိုတွေ့ရတယ်။
ကားအက်စီးဒင့်ကြောင့် တစ်ပြိုင်နက်တည်း ဆုံးသွားတဲ့ မမကြီးရဲ့ သားနဲ့ ယောကျာ်း ဓါတ်ပုံကတော့ ဧည့်ခန်းထဲမှာ ဖယောင်းတိုင်မီးရဲ့ အလင်းရောင်ကြောင့် အရောင်လက်နေလေရဲ့..။
သော်ဇင်(လွိုင်ကော်)
14 comments
KZ
September 27, 2013 at 1:25 pm
ညီ အမ မရှိတော့ အရမ်းကြီးတော့ မခံစားနိုင်ဘူးဖြစ်နေတယ်။
ဒါပေမဲ့
မနာလိုစိတ်တို့ မတရားမှုတို့ ဆိုတာတွေကိုတော့ မြင်သာအောင် ရေးတတ်လိုက်တာလို့ အသိအမှတ်ပြုပါတယ်ဗျ။
မမကြီး စိတ် နေရာကခံစားကြည့်တော့ အတော်ပူလောင်လိုက်မဲ့ အမျိုးးးးး
သော်ဇင် (လွိုင်ကော်)
September 27, 2013 at 2:09 pm
ဟုတ်ကဲ့ မြင်မိတာလေးကိုရေးထားတာပါ ကျေးကျေးပါဗျ။ :p
Ma Ma
September 27, 2013 at 3:09 pm
သွေးသားရင်းချာတွေအချင်းချင်းတောင် ဒီလိုစိတ်တွေနဲ့ဆိုရင် တစ်သက်လုံးပူလောင်လိုက်မယ့်ဖြစ်ခြင်းးးး :'(
kyeemite
September 27, 2013 at 4:18 pm
ကျုပ်ကတော့ ကြိုက်သဗျို့…
ကျုပ်က ညီကိုမောင်နှမတွေ အများကြီးဗျ…
ဒီတော့ခံစားနားလည်လို့ရပါတယ်…
ကိုယ်တိုင်လည်းကြုံဖူးတယ်..ခပ်ဆင်ဆင်ပေါ့
ငွေ..ဆိုတာနဲ့ပါတ်သက်လာရင်…မရီး၊ ယောက်ဖဆိုတာတွေနဲ့ပါတ်သက်လာရင်
ညီကိုမောင်နှမချင်းလည်း သူစိမ်းတွေလိုဖြစ်တတ်တာပဲ… 🙁
သော်ဇင် (လွိုင်ကော်)
September 28, 2013 at 11:12 am
ဟုတ်ကဲ့ ဗျာ ။ လူမှုဝန်းကျင်တွေထဲမှာ သွေးသားရင်းချာတွေနဲ့ဖြစ်ရတာက စိတ်မထောင်းသာလှဘူးဗျ။ ကျေးကျေး
ကျော်စွာခေါင်
September 27, 2013 at 10:55 pm
“ အသံတိတ်ရုပ်ရှင်” ကို ပိုကြိုက်တယ်…။
ဒီပို ့စ်လေးကိုလည်း သဘောတော့ကျတယ်..။
စေ့စေ့စပ်စပ် အရေးအသားလေးတွေကို သဘောကျတာပါ..။ အသံတိတ် တုန်းကဆိုရင် ဖတ်နေတုန်းက အမျိုးသမီးတစ်ယောက်က သူ ့ရဲ ့ကိုယ်တွေ ့ကို ရေးတယ်ဘဲ မှတ်နေတာ…
နောက်မှ စာရေးသူကို ပြန်ကြည့်တော့ ညီလေး ဖြစ်နေတာ..အံ့ဩ ချီးကျူးပါတယ်.. တစ်ကယ်ကို ပူးဝင်ခံစားပြီး ရေးနိုင်တာပါ..။
ဆက်ရေးပါ… တစ်ဖက်ကလည်း ဝတ္တုရှည်တွေ ရေးစေချင်တယ်..
ညီလေး လက်က ဝတ္တုရှည်နဲ ့ပိုကောင်းမယ်..။
သော်ဇင် (လွိုင်ကော်)
September 28, 2013 at 11:06 am
ဟုတ်ကဲ့ ကိုကျော်စွာ ကျေးဇူးပါဗျာ။ ကိုကျော်စွာပြောတဲ့ အရှည်တွေရေးဖို့လည်း ကြိုးစားနေတယ်ဗျ။ နောက်လည်း အားပေးဖတ်ရှုပါဦးဗျာ။
ဦးဦးပါလေရာ
September 28, 2013 at 5:38 am
ကျုပ်တို့ အရှေ့တိုင်းသားတွေဓလေ့က ပြဿနာတက်ပြီးမှ လမ်းခွဲတယ်…
အနောက်တိုင်းကတော့ အများစုက ပြဿနာမတက်ခင် လမ်းခွဲ (အိမ်ခွဲ၊စီးပွားခွဲ) နှင့်တယ်…..
ဘယ်ဟာပိုကောင်းသလဲ အပြတ်မပြောနိုင်ပေမယ့်-
ကျုပ်ကတော့ အရှေ့တိုင်းပုံစံကိုပဲ ပိုသဘောကျပါတယ်။
ဒီလိုပဲ ငိုလိုက် ရယ်လိုက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့….
လူနဲ့ပိုတူတယ်လို့ထင်တာပဲ…
သော်ဇင် (လွိုင်ကော်)
September 28, 2013 at 11:08 am
ဦးဦးပါလေရာပြောသလိုပါပဲ
မြန်မာတွေရဲ့အကျင့်စရိုက်တစ်ခုကိုက ငိုလိုက်ရယ်လိုက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ လူနဲ့ပိုတူတယ်ဆိုတာမှန်ပါတယ်။ ဒါပေမယ့်ပေါ့လေ ကျွန်တော်ကတော့ တစ်မိတည်းကပေါက်ဖွားလာတာချင်းတူတာတောင် စိတ်ဓါတ်တွေကွဲပြားနေတာလေးကိုတော့ ရင်ထဲမချိဘူးဗျ။ ဒါကြောင့် ဒီဝတ္ထုလေးရေးဖြစ်သွားတယ်ဗျ။
အလင်းဆက်
September 28, 2013 at 7:26 am
ကိုသော်ဇင်ရေ
ရေးနေကျ စကားပြေ ရေးဟန်နဲ့မတူပဲ
အခုလို
စကားပြောရေးဟန်လေးနဲ့ ရေးထားတော့လည်း
ဖတ်ရတာ တမျိုး ကောင်းနေတယ်
။
ကျွန်တော် ချစ်တဲ့ ရသ စာပေ လက်ရာလေးတွေ
ဖတ်ရလို ့ကျေနပ်မိပါ့ဗျာ
🙂
သော်ဇင် (လွိုင်ကော်)
September 28, 2013 at 11:10 am
အလင်းဆက်ကတော့ ကျွန်တော်အတွက် အားတွေချည်းပဲဗျာ။ ဘာပဲဖြစ်ဖြစ် အလင်းဆက်ကိုတော့ ကျွန်တော်ချန်ထားခဲ့လို့မရနိုင်တော့ဘူးဗျ။
လူကလေး
September 29, 2013 at 1:14 am
မောင်နှမထဲမှာ အလယ်တစ်ယောက်ဖြစ်ရတာကို အမုန်းဆုံးပါ.. လတ်နေတယ်လို့ခံစားလို့ဖြစ်ပါသည်။
ဒါပေမယ့်လည်း အကြီးအလတ်အငယ် သူ့အကြောင်းအရင်းနဲ့သူ မိဘတွေက ချစ်တာမို့ နည်းတယ်များတယ် ပိုတယ်လိုတယ် ဆိုတာမျိုးကို ငယ်ငယ် တုန်းကလို အတင်းကာရော မပြောဖြစ်တော့တာကြာပါပြီ.. ပြောလည်းမပြောချင်တော့ပါ.
ဒီပို့စ်ပါ ညီအမတွေလိုတော့ ပြတ်နိုင်မယ်မထင်ပါ. . မိဘတွေ စိတ်မကောင်းဖြစ်မည့်အပြင်ဇာတ်တူသားစားတယ်လို့ထင်မိလို့ပါ.
ဒီပို့စ်လေးလဲ ကြိုက်ပါသည်။
hmee
October 13, 2013 at 7:50 am
လူကလေးရေ မစန္ဒာကရေးဖူးတယ်။ ကွပ်လတ်ကလေး ဖြည့်ပေးပါတဲ့။ သိပ်ကြိုက်တာပဲ။ အမကလည်း အလတ်လေ။ ကိုသော်ဇင်ရှင့် အမြဲအားပေးလျှက်ပါ။
ရွှေမိုးတိမ်
October 30, 2013 at 10:07 am
ကိုသော်ဇင်ရေ .. အားပေးသွားတယ်
ရုံးရောက်ရောက်ချင်း ကော်ဖီတစ်ခွက်ရယ် ဆက်ထုံးလေးရယ် ။ မနက်ခင်းကြီး မင်ဂါချိတွားဘီ ။
😀