တစ်ကယ်လို့များ..
တစ်ကယ်လို့များ..
ကျွန်ုပ်သည်သာ ငှက်တစ်ကောင်အဖြစ် ဒီလောကကြီးထဲမှာ မွေးဖွားလာခဲ့မယ်ဆိုလျင် အတောင်တစ်စုံကို ဖြန့်ကျက်ပြီး ကောင်းကင်ကြီးထက်တွင် စိတ်တိုင်းကျပျံဝဲရင်း လေဟုန်နှင့်အတူ မျောလွင့်ပါရင်း အရာရာတိုင်းအထက်မှ ပျံသန်းသွားလာနေပေလိမ့်မည်။ ကျွန်ုပ်သည်ကား အမြင့်ပေ ၁၀၀ဝ ကျော်မှသော်လည်းကောင်း၊ အမြင့်ပေ ၁၀ဝ ကျော်မှသော်လည်းကောင်း ပျံသန်းမြဲ ပျံသန်းနေပေမည်။
သေချာခြင်းတစ်ခုကတော့ ကျွန်ုပ်သည် လွတ်လပ်စွာ ပျံသန်းနေရခြင်းဖြစ်၏။
ကျွန်ုပ်အတွက် နိုင်ငံတစ်ကာ နယ်နိမိတ်များသည်လည်း အရေးမပါ၊ မပျံသန်းရဇုန်ဆိုသည်မှာလည်း လားလားမှ မဆိုင်ပေ။
လက်တည့်စမ်းမည့် လောက်လေးခွရန်မှ ကင်းလွတ်ရာ အမြင့်ပေမှသာ ပျံသန်းရန်လိုပေ၏။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
တစ်ကယ်လို့များ..
ကျွန်ုပ်သာ ရေပျော်ငါးတစ်ကောင်ဖြစ်ခဲ့ပါမူ ကျွန်ုပ်ရှင်သန်ခြင်းတစ်ခုအတွက် မွေ့လျော်ရာ ရေပြင်တစ်နေရာတွင်သာ ကူးခတ်လှုပ်ရှားနေပေလိမ့်မည်။ ကြယ်ငါးတစ်ချို့လိုတော့ ကမ်းခြေစပ်များတွင် ရှင်သန်ခြင်းမပြုလိုပေ။ ထိုမနုဿလူသားဆိုသူများ ချစ်သလိုလိုနှင့် အလွယ်လေး ကောက်ယူသွားကြခြင်းသာခံရသည်။ တစ်ချို့မှာတော့မူကား ဟင်းလျာအဖြစ်တောင် ချက်စားခြင်းခံကြရသေးပြန်သည်။
ငါးတစ်ကောင်အတွက်မူ “ရေ” ဆိုသည်မှာ မရှိမဖြစ် ဖြစ်သဖြင့် ငါးတစ်ကောင်ဘဝအနေဖြင့် ရေထဲတွင်သာ နေနေသင့်သည်။
အနေမတော်သဖြင့်လည်းကောင်း၊ ကိုယ့်ဖြစ်တည်မှုတစ်ခုကို မကျေနပ်ခြင်းကြောင့်လည်းကောင်း ကုန်းမြေပေါ်တက်နေလျင်တော့မူ မျက်ခုံးမရှိသည့် မျက်လုံးကြီးများ ကုန်းမြေကြီးကို ပြူးပြူးကြီး ကြည့်နေရင်းနှင့် ဆန့်ဆန့်ကြီး အသက်ထွက်သွားရပေမည်။
ငါးတစ်ကောင်ဖြစ်ရခြင်းအတွက် ပင်လယ်ပြင်ရေပိုင်နက်များသည် အနည်းငယ်မျှ အရေးမပါပေ။ သင်ကြားပို့ချရန်လဲ မလို။ လွတ်လပ်စွာ ကူးခပ်နိုင်သမျှ ကူးခပ်ရုံသာဖြစ်၏။
ငါးဖမ်းကြမ်းသည့် သင်္ဘောများ သွားလာ လှုပ်ရှားရာမှ ဝေးရာတွင်သာ နေထိုင်ရန် လိုပေ၏။
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
တစ်ကယ်လို့များ..
ကျွန်ုပ်သည်သာ ကလေးတို့အဖေ ဖြစ်ခဲ့လျင် ကျွန်ုပ်သည် မိုးလင်းသည်နှင့် ကလေးငိုသံဖြင့် နိုးထရပြီး ညဆိုလျင် ကလေးငိုသံတိတ်မှ အိပ်ပျော်ခြင်းသို့ရောက်ရပေမည်။ မနက်မိုးလင်းသည်နှင့် ကလေးများအား တစ်ယောက်ချင်းစီလိုက်နှိုး၊ သွားတိုက်၊ မျက်နှာသစ်သည်ကို စောင့်ကြည့်၊ ရေချိုးပေးပြီးမှ မနက်စာကို ကလေးများနှင့် ဆူလိုက်၊ အော်လိုက်နှင့် တက်သုတ်ရိုက်စား၊ ကလေးကုန်အောင် ကျောင်းလိုက်ပို့ပြီးမှ အလုပ်သို့ စိတ်ဖြောင့်ဖြောင့် သွားရပေမည်။
ညနေတွင်မတော့ ကလေးများ ကျောင်းမှ ပြန်ကြို၊ ပေတလူးခါအောင် ဆော့နေသော ကလေးများကို ထိန်း၊ ရေချိုးပြင်ဆင်ပေးပြီး သူတို့ကြိုက်ရာ ကာတွန်းကားများ ဖွင့်ပေးထားပြီးမှ လုပ်စရာရှိတာ အလုပ်တွေလုပ်၊ ညမအိပ်ခင် ကလေးပုံပြင်များပြောပြ၊ တစ်ယောက်ချင်းစီအိပ်ပျော်သွားမှ တစ်ယောက်ချင်းစီကိုနမ်းပြီး မီးပိတ်၊ အခန်းတံခါးပိတ်လိုက်သောအခါမှ ကျွန်ုပ်တစ်ရက်တာ ကုန်ဆုံးရပေမည်။
ထိုမျှဖြင့်ပင် ကလေးအဖေတစ်ယောက်ဖြစ်ရန် ထိုက်တန်ပါပေ၏။
ကျွန်ုပ်ဘဝတွင်…
ညအိပ်ယာဝင်တိုင်း တစ်ခါဖူးသော်မျှ အနမ်းမခံရစဖူး
ကျောင်းသွားတိုင်း မိဘတစ်ခါဖူးမျှ မပါစဖူး
ညအိပ်ယာဝင်တိုင်း အိပ်ယာဝင်ပုံပြင်တစ်ပုဒ်တစ်လေမျှ နားမထောင်စဖူး
အတန်းစဉ်ဆုရသည့်အတွက် မိဘလိုက်ပါပြီး ဂုဏ်ယူဝင့်ကြွားသည်ကို မခံရစဖူး
သားသမီးအနာဂါတ်အတွက် ကြိုတင်ပြင်ဆင်ထားသည်ကို မခံရစဖူး
ယုတ်စွအဆုံး…
သားကြီးဩရသမင်္ဂလာဆောင်
ပွဲထုတ်စရာမိဘ မရှိ ရှိအောင် တောင်းပန်ချော့မော့ပြောသည်သော်မျှ
မိဘမစုံမလင်၊ ဆွေမျိုးတစ်ယောက်မရှိသည့်
မင်္ဂလာဆောင်ကြီးတစ်ခု
ခမ်းခမ်းနားနား
ခြောက်ခြောက်ကပ်ကပ်
တစ်ဖက်ဆွေမျိုးအစုံအလင်ဖြင့်
ဆောင်ပြီးသည့်နောက်…..
+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++
ငှက်တစ်ကောင်အလား လွတ်လပ်စွာ ပျံသန်းရင်း
ငါးတစ်ကောင်အလား ပျော်မွေ့ရာ တစ်နေရာတွင်သာ နေထိုင်ရင်းနှင့်
ကလေးများအဖေတစ်ယောက်ဘဝကား
ဝေးမြဲဝေးလျက်သာတည့်။ ။
စိုင်းကွမ်းခေး
(ခေတ္တလူ့ပြည်)
10 comments
ဖြူစိုင်း လူ
October 14, 2013 at 7:06 am
ဘယ်လိုရေးရေးမသက်သာစရာပါလားနော်
တစ်ပုဒ်လုံးရေးနေတာ အကောင်း
တက်လုပ်ကာမှ
ရှူံးလူခွစားချက် စာစူ ဖြစ်လိုဖြစ်
ရှဗုံးလူ ခံစားချက်စာစု ဖြစ်လိုုဖြစ်နဲ့
ဒီတိုင်းပဲ ထားလိုက်တော့တယ်
surmi
October 14, 2013 at 7:48 am
ကိုရှုံးရေ..
အဲဒါကျုပ်ဖြစ်နေကျပုံစံဘဲဗျ
ရိုက်တဲ့စာကတခြား ထွက်လာတာကတခြား..
တခါတလေ.ဘဝဆိုတာလဲ ဒီလိုဘဲထင်ပါရဲ့ …
ဖြစ်ချင်သလို ြဖြစ် နေတဲ့ အခြေအနေမှာ အဆင်ပြေသလိုလုပ်နေရတာပါဘဲ..
alinsett
October 14, 2013 at 7:52 am
ဒီလိုပါပဲလေ
ကျွန်တော်လည်း ဆန္ဒနဲ့ဘဝ
တစ်ထပ်တည်းမကျသေးဘူး
ဒါနဲ့
အောက်ခြေစာသားကတော့ ရှုံးလူခံစားချက်စာစု ဖြစ်သွားပါပြီနော်
:kwi:
ဖြူစိုင်း လူ
October 14, 2013 at 7:56 am
ခံစားတတ်သူအတွက်တော့ မြင် မြင်သမျှ၊ သိ သိသမျှ၊ ကြား ကြားသမျှတိုင်းတော့
ခံစားတတ်သူချည်းပါပဲ..
အဲလိုခံစားတတ်ပါတယ်ဆိုမှ ဇာတ် မနာ၊ နာအောင် လူတိုင်း (အနီးအနားက လူတိုင်း) လုပ်ရက်တာတော့ နာသဗျာ
KZ
October 14, 2013 at 10:38 am
ဂလိုပဲပေါ့အေ။
ဆန္ဒ နဲ့ ဘဝ တထပ်တည်း မကျတာ ကို စာရင်းရေးရမယ် ဆိုရင်ဖြင့်
အင်အင်းကုန်း စက္ကူ တစ်လိပ်လုံးကုန်တာကို မပြီးနိုင်ဘူးပေါ့ဟယ်။
:hint:
အဲလော့ ဆန္ဒကို ဘေးချိတ်၊ ဖြစ်လာသလောက်လေးနဲ့ အကောင်းဆုံး လုပ်ရမှာပေါ့။
ပြောရင်းကို ဘေးချိတ်ခဲ့ရတဲ့ ဆန္ဒလေးတွေ ကို လွမ်းလို့ ငိုချင်လာပြီ။
😥
Mr. MarGa
October 14, 2013 at 4:05 pm
တစ်ကယ်လို့များ
ကျွန်ုပ်သည် ကြောင်တစ်ကောင် ဖြစ်ခဲ့မည် ဆိုပါလျှင်
အပိုရီးများရှိရာ အိမ်များတွင်သာ ကျက်စားဖြစ်မည်
ကြွက်များနှင့် ငြိမ်းချမ်းရေး ယူမည်
လူပိုရီးများကို ရှောင်ရှားမည် ဖြစ်ပေအိ
TNA
October 14, 2013 at 8:41 pm
ငယ်ငယ်က သူငယ်ချင်းတွေကိုအော်တိုရေးပေးရင်
ဆန္ဒ နဲ့ ဘဝ တထပ်တည်း ကျပါစေလို့ရေးပေးလေ့ရှိတယ်။ ဒါပေမဲ့ တထပ်တည်းကျတဲ့သူတွေကရှား ပါတယ်။
ကျော်စွာခေါင်
October 14, 2013 at 10:55 pm
ကိုစိုင်း
တစ်ကယ်လို ့များ…..
ဆုတောင်းလို ့ပြည့်မယ်ဆိုရင်…….နာကျည်းစရာတွေ ပြည့်နေပြီး ပူလောင်လှတဲ့
ဘယ်လို သတ္တဝါ ဘဝကိုမှ မဖြစ်ချင်တော့ပါ..
kai
October 14, 2013 at 11:13 pm
လူသားသတ္တဝါမှာ.. အပြစ်တွေတပုံတပင်နဲ့ဆိုတာမျိုးက.. တကယ်တော့.. တခြားဘာသာကြီး၃ခုမှာရှိတာပါပဲ..။
အခုတော့.. ထေရဝါဒဗုဒ္ဓဘာသာမှာလည်းရှိနေသပေါ့လေ..။
အပြစ်လွတ်အောင်.. ကြိုးစားကြ…ကြိုးစားကြ…
black chaw
October 15, 2013 at 9:56 am
ကိုစိုင်းရေ…။
ကိုကျော်စွာခေါင် ကွန်းမန့်လေး ကိုးကားပါရစေဗျာ…။
တစ်ကယ်လို ့များ…..
ဆုတောင်းလို ့ပြည့်မယ်ဆိုရင်…….နာကျည်းစရာတွေ ပြည့်နေပြီး ပူလောင်လှတဲ့
ဘယ်လို သတ္တဝါ ဘဝကိုမှ မဖြစ်ချင်တော့ပါ..
အဲဒါ
နိဗ္ဗာန် ပဲ ပေါ့ဗျာ…။