ပညာရေး မညာကြေး – ၄
စင်ကာပူ အင်္ဂလိပ်စာပြဋ္ဌာန်းစာအုပ် (အသက် ၅နှစ်မှ ရနှစ်ထိ)နဲ့ မြန်မာပြည် ပထမတန်းအင်္ဂလိပ် စာ ပြဋ္ဌာန်းစာအုပ် နှိုင်းယှဉ်ချက်ကတော့ ပုံပါအတိုင်းဖြစ်ပါတယ်။ စင်ကာပူပြဋ္ဌာန်းစာအုပ်က စာမျက်နှာပေါင်း ၁၇၂ မျက်နှာ။ ပထမတန်းအင်္ဂလိပ်စာ ပြဋ္ဌာန်းစာအုပ်က စာမျက်နှာပေါင်း ၅၈ မျက်နှာ။ စာအုပ်အရွယ်အစားကတော့ ဓာတ်ပုံပါအတိုင်း ခေါက်ချိုးကွာပါတယ်။ စာအုပ် အရည်အသွေးက ငွေကြေးတန်ဖိုးအရ ၁ဝဆကျော်လောက်ကွာနိုင်တယ်။ ကျမ ရေးချင်တာကတော့ စာအုပ်အရည်အသွေးမဟုတ်ဘဲ စာအုပ်ထဲက စာတွေရဲ့ အရည်အသွေးအကြောင်း ဖြစ်ပါတယ်။
စင်ကာပူမှာ nursery, K1, K2 ပြီးတော့မှ ဒီစာအုပ်ကို သင်တာပါ။ ပြထားတဲ့အသက်အရွယ် အရ ဒါမြန်မာကျောင်းသား ပထမတန်းအဆင့်လို့ ကျမ ယူဆပြီး စာအုပ်ချင်းနှိုင်းယှဉ်ကြည့်တာ ပါ။
ပထမတန်းအရွယ် စင်ကာပူပြဋ္ဌာန်းစာအုပ် တော်တော်မြင့်ပါတယ်။ မြန်မာပြည်က ခုနစ်တန်း အဆင့်လောက်ရှိတယ်။ ဒီလိုပြောလိုက်လို့ ”ဟာ၊ ဒီလောက်မြင့်တာတော့ မြန်မာပြည်ကျေးလက်နေ ကလေးတွေအတွက် မဖြစ်သေးပါဘူး” လို့ မယူဆလိုက်ပါနဲ့။ စာအုပ်ရဲ့ သင်ပုံသင်နည်းက ပညာသားပါတယ်။ နည်းစနစ်မှန်ကန်စွာ ပြုစုထားတဲ့စာအုပ်မို့ သင်ရင်တတ်တယ်။ ကျမသမီး အသက် ခြောက်နှစ်ခွဲတောင် စင်ကာပူပြဋ္ဌာန်းစာအုပ်တစ်အုပ်လုံးကို ဒေါင်းဒေါင်းပြေးဖတ်နိုင်ပါပြီ။
ကျမအသိတွေထဲမှာ စင်ကာပူသွားပြီး ကျောင်းထားတဲ့ ကလေးမိဘတွေရှိတယ်။ သူတို့အပြောအရ သူတို့သားသမီး ဟိုနိုင်ငံမှာ စာတော်တဲ့အကြောင်း ဝမ်းသာအားရကြားသိရပါတယ်။ ပြီးတော့ မြန်မာပြည်ဘိုကျောင်းတွေမှာ တက်နေတာ မြန်မာလူမျိုး မြန်မာကလေးတွေပါ။ ဒါကြောင့် ပညာ ရေးမြှင့်တင်ရင် မြန်မာကလေးတွေ ဉာဏ်ကောင်းတာမို့ လိုက်နိုင်မယ်လို့ ယူဆလို့ရပါတယ်။ ကျမတို့ လိုအပ်နေတာကတော့ ပညာသားပါစွာ ပြုစုထားတဲ့ အဆင့်မီ အင်္ဂလိပ်ပြဋ္ဌာန်းစာအုပ် ဖြစ်ပါတယ်။
ပြင်ပစာပေ
မြန်မာမိဘ ၈ဝရာခိုင်နှုန်းလောက်က သူတို့သားသမီးတွေ အပြင်စာဖတ်တာကို ပိတ်ပင်ကြပါတယ်။ ယူဆပုံကတော့ အပြင်စာတွေဖတ်ပြီး ကျောင်းစာအားနည်းသွားမှာ စိုးလို့ပါ။ ဒီအတွေးအခေါ် မှားတဲ့အကြောင်း ကျယ်ကျယ်လောင်လောင် ပြောသင့်ပါပြီ။ စင်ကာပူပြဋ္ဌာန်းစာအုပ်မှာ ဒီတစ်အုပ်ကို ပြဋ္ဌာန်းပေမယ့် ဒီတစ်အုပ်ဆီ ချဉ်းကပ်တဲ့ အခြား ပုံပြင်လို စာအုပ်တွေ စာကြည့်တိုက်ကနေ ငှားဖတ်ရတယ်လို့သိရတယ်။ မြန်မာကျောင်းတွေအတွက်လည်း ဒီလို ချဉ်းကပ်စာအုပ်တွေ တတ်နိုင် ရင် တတ်နိုင်သလောက် ကျောင်းစာကြည့်တိုက်လုပ်ပြီး ကျောင်းမှာပဲ အလွတ်သဘော သင်ရင် (ငှားဖတ်ခိုင်းတာမဟုတ်၊ စာအုပ်ငှားရင် အဆင်ပြေမယ်မထင်) သိပ်ကိုထိရောက်မယ်လို့ ယုံပါ တယ်။ ဘာဖြစ်လို့လဲဆိုတော့ ပြင်ပစာပေ ဖတ်ရှုမှုဆိုတာ မြန်မာပြည်မှာ သိပ်ကိုအားနည်းသွား ပြီမို့ ပြင်ပစာပေဖတ်တာကို ကျောင်းကတောင် ပြန်လုပ်ပေးသင့်တာပါ။ ပြင်ပစာပေဖတ်ရှုတဲ့ အတွက် ကျောင်းစာမှာ ပိုအားကောင်းသွားတဲ့အကြောင်း မိဘတွေကို တိကျပြတ်သားစွာ ပြောပြသင့်တယ်။
ဘက်စုံပညာရေး
ဒီစကားလုံးဟာ သုံးကိုမသုံးသင့်သေးတဲ့ စကားလုံးဖြစ်ပါတယ်။ သုံးလိုက်ရင် မြန်မာ့အားကစား ကမာ္ဘကိုလွှမ်းစေရမည် ဆိုတာလို ပေါချာချာကြီးဖြစ်သွားမှာစိုးလို့ပါ။ တချိန်က ကိုးတန်းဆယ်တန်း ကို ဝိဇ္ဇာ၊ သိပ္ပံ ပြန်တွဲခဲ့ကြတယ်။ အဲဒီမှာ အကြောင်းပြချက်အနေနဲ့ ရေးထားတာက အများစု ဖြစ်တဲ့ သိပ္ပံကျောင်းသားတွေဟာ သာမန်လူသိသင့်တဲ့ သမိုင်းအမြင်၊ ပထဝီအမြင်ကိုတောင် မသိကြတာ လက်သင့်ခံနိုင်ဖွယ်မရှိကြောင်း၊ ပြီးတော့ ကျောင်းသားတွေရဲ့ အားနည်းချက် ဥပမာ သုံးလေးခုလောက် ထောက်ပြခဲ့တယ်။ အဆုံးသတ်မှာမှ ဘက်စုံပညာရေးကသာလျှင် အသိဉာဏ် စွမ်းအားကောင်းစေကြောင်း ရေးသားခဲ့တာ ဖတ်ခဲ့မှတ်ခဲ့ဖူးပါတယ်။ တကယ်တော့ ဘက်စုံပညာရေး ကို သဘောပေါက်လွဲခဲ့လို့သာ ဝိဇ္ဇာ၊ သိပံ္ပ အကြိမ်ကြိမ် တွဲလိုက်ခွဲလိုက်ဖြစ်ခဲ့ကြတာ။
ယခု ဘိုကျောင်းတွေမှာ ကျောင်းသားတွေအတွက် ရေကူးကန်ရှိတယ်။ အားကစားခန်းမ ရှိတယ်။ ဂီတပညာကို ဈေးကြီးတူရိယာတွေနဲ့ သင်ပေးတယ်။ သင်ထောက်ကူပစ္စည်းတွေ အလျှံပယ်သုံး တယ်။ ကျောင်းသားကို ဝါသနာအလိုက် အားကစား၊ အနုပညာ စသဖြင့် ပံ့ပိုးပေးတာကို ဘက်စုံ ပညာရေးလို့ ခေါ်တာပါ။ ကျောင်းစာတွေကို ဘာသာရပ်ပေါင်း အစိတ်စိတ် အမွှာမွှာခွဲလိုက်တာကို ဘက်စုံပညာရေးလို့ ခေါ်တာ မဟုတ်ပါဘူး။ ထားပါ။ ကျမတို့တောင်းဆိုနေတာကလည်း ဘက်စုံ ပညာရေးမဟုတ်။ ရေးဖတ်ပညာရေးကိုပဲ အဆင့်မီအောင် တောင်းဆိုချင်တာပါ။ ဘာသာရပ်တွေ ကို မလိုအပ်ဘဲ အပိုင်းပိုင်းမခွဲဘဲ မြန်မာ့ဗဟုသုတ၊ ကမ္ဘာ့ဗဟုသုတ အပါအဝင် အခြေခံသိသင့်တဲ့ ကိုယ်ကျင့်စာရိတ္ထစံ၊ ဘဝတွက်တာ၊ ပထဝီအကြမ်းဖျဉ်း၊ သမိုင်းသိသင့်သမျှ၊ ပထဝီနိုင်ငံရေး တို့ကနန်းဆိတ်ကနန်းလောက်ကို မြန်မာဖတ်စာနဲ့ အင်္ဂလိပ်ဖတ်စာထဲ တစ်ပေါင်းတည်းထည့်သင် လိုက်ရင် မပြီးဘူးလား။ (မြန်မာစာကို ဦးပုညချည်းလုပ်နေလို့မဖြစ်) ပြီးတော့မှ ကျောင်းသားရဲ့ အားသာမှုနယ်ပယ်အလိုက် ဝိဇ္ဇာ၊ သိပ်ပံ္ပ ခွဲသင်ရင် ခရီးပိုရောက်မယ် ထင်မိကြောင်းပါ။
ယခု ပထမတန်းကလေးကို ဘာသာရပ် ၈မျိုးသင်ပါတယ်။ (မြန်မာစာ၊ အင်္ဂလိပ်စာ၊ သချင်္ာ၊ သဘာဝသိပံ္ပ၊ ဘဝတွက်တာ၊ စာရိတ္တနှင့်ပြည်သူ့နီတိ၊ စိုက်ပျိုးရေး၊ ကဗျာဂီတ) သဘာဝသိပ်ပံ၊ ဘဝတွက်တာ၊ စာရိတနှင့်ပြည်သူ့နီတိ၊ စိုက်ပျိုးရေးတို့ကို အထွေထွေဘာသာရပ်အဖြစ် တစ်ဘာသာ ထဲ ပေါင်းထည့်ထားတယ်။ အသစ်ပြုစုထားတဲ့ စာရိတ္တနှင့်ပြည်သူ့နီတိ စာအုပ်လေး တော်တော် ကောင်းပါတယ်။
စင်ကာပူအင်္ဂလိပ်စာပြဋ္ဌာန်းစာအုပ်မှာတော့ ဘသာဝသိပ်ပံ၊ ဘဝတွက်တာ၊ စာရိတ သဘောမျိုး ပါတဲ့ အကြောင်းအရာတွေကို စာအုပ်ထဲ တစ်ပေါင်းတည်း ထည့်သင်ထားတယ်။ အကြောင်းအရာ ကိုလည်းသိ၊ အင်္ဂလိပ်စာလည်း တစ်ခါတည်း တတ်သွားစေတဲ့ တစ်ချက်ခုတ် နှစ်ချက်ပြတ် နည်း လမ်းကို တွေ့ရမှာ ဖြစ်ပါတယ်။
စာလား စကားလား
အင်္ဂလိပ်စာသင်တဲ့အခါ စာထက် စကားကို ဦးစားပေးသင်ကြဖို့ ပြောနေကြပြန်တယ်။ စာနဲ့စကား ကွဲလွဲလွန်းတာဟာ မြန်မာဘာသာပါ။ အင်္ဂလိပ်ဘာသာက သိပ်မထူးလှပါဘူး။ သင်ပုံသင်နည်း မဟုတ်လို့ စာတွေစကားတွေ ရှုပ်နေကြရတာ။ အလွယ်ဆုံးဥပမာတစ်ခု ပြောရရင် This is a cat. ကို ”ဤအရာ သည် ကြောင်တစ်ကောင်ဖြစ်သည် ” လို့ ဘာသာပြန်ပြီးသင်ကြတယ်။ ”အဲဒါ ကြောင်” လို့ ဘယ်သူမှ မသင်ကြဘူး။ ယနေ့ထိရှိနေဆဲ အဖြေစုံစာအုပ်တွေ(သုံးမရတဲ့စာအုပ်တွေ) ထဲမှာလည်း ဤအရာသည် ကြောင်တစ်ကောင်ဖြစ်သည် လို့ရေးထားကြတယ်။ တကယ်တော့ မြန်မာဘာသာ ပြန်ထည့်လိုက်လို့သာ စာဖြစ်သွားတာမဟုတ်လား။ သူ့ဟာသူ အင်္ဂလိပ်စာအတိုင်းက စာလည်း ဖြစ်တယ်၊ စကားလည်းဖြစ်တယ်။ အင်္ဂလိပ်စာသင်ရာမှာ စာတွေ စကားတွေ ရှုပ်နေစရာမလိုပါ။ တတ်ပြီဆိုမှတော့ အကုန်လုံးကို တတ်သွားတာပါပဲ။ အဓိကသော့ချက်က ကလေးရဲ့အသက်အရွယ်အလိုက် စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာသာလျှင် ဖြစ်ရမယ်၊ ကလေးစာပေဟာ ပျော်စရာကောင်းရမယ်။ Vocabulary သိပ်ပြီး ထိန်းချုပ်စရာမလိုပါ။ စင်ကာပူပြဋ္ဌာန်းစာအုပ်ထဲမှာ (အသက်၅ – ရနှစ်) Transportation လိုစကားလုံးမျိုး၊ Pedestrian crossing လိုစကားလုံးမျိုး တွေ့ရတယ်။ အင်္ဂလိပ်စာသင်ရာမှာ ဦးနှောက်ကို သိပ်မပင်ပန်းစေဘဲ ပုံပြင်လေးတွေ၊ စကားပြောခန်းလေးတွေ၊ ကဗျာတိုစာစနဲ့ ထွေထွေရာရာ ဗဟုသုတလေးတွေကိုပဲ သမမျှတအောင်သင်လို့ရပါတယ်။ စကားလား စာလားဆိုပြီး ပိုးစာပင်ခြုံဖုတ်လေးကို ပတ်ချာလှည့်နေစရာမလိုပါ။
စင်ကာပူပြဋ္ဌာန်းစာအုပ်ကို ကျမကြည့်ပြီးချိန်မှာ ကျေးလက်နေမြန်မာကလေးတွေအတွက် ဘယ်လိုမှ စိတ်မကောင်းနိုင်တော့ပါ။ ကလေးတိုင်းရသင့်တဲ့ အဆင့်မီပညာရေးကို မရနိုင်ကြဘူး။ ပညာရေးမြှင့်ဖို့ဆိုတာ ဆရာ ဆရာမတွေကိုလည်း မြှင့်ရဦးမယ်လို့ ပြောကြနိုင်တယ်။ ဒီအတွက် တစ်ခွန်းတည်းဖြေပေးရရင် ဖောင်ကြီးသင်တန်းတောင် ဖြစ်သေးတာပဲ။ အင်္ဂလိပ်စာသင်ရိုးမြှင့် ပြီဆိုတာနဲ့ ဆိုင်ရာဘာသာရပ်အတွက် ကျူရှင်တွေ ပိုပြီး အပြိုင်းအရိုင်းအားကောင်းလာနိုင်တယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာလို့ပဲ ယူဆပါတယ်။ နာသုံးနာ (စေတနာ၊ ဝါသနာ၊ အနစ်နာ) တရားဟောမယ့်အစား တိုင်းပြည်မှာ တောင်သူလယ်သမားနဲ့ ကျောင်းဆရာလူတန်းစား ကြီးပွားကြစမ်းပါစေ။ ကျူရှင်မယူနိုင်တဲ့ ကလေး လည်း ကျောင်းမှာသင်သလောက် တတ်သွားမယ်။ နယ်မြို့က ကျောင်းသားမိဘတွေ ကလေးပညာရေးအတွက် သင့်တင့်မျှတစွာ ရင်းနှီးမြှုပ်နှံကြမှာ အသေအချာပါ။ ဘိုကျောင်းထားသလို ရွှေအိုးကြီးတော့ မမြှုပ်နှံနိုင်ဘူးပေါ့။
ကျောင်းပြင်ပ ပညာရေး
ယခုဆိုလျှင် ကျောင်းပြင်ပ အလယ်တန်းပညာရေး သင်ရိုးညွှန်းတမ်း စတင်ရေးဆွဲနေပြီဖြစ်ပါတယ်။ (The Voice Weekly, Vol.9, No.36) ။ အကြောင်းအမျိုးမျိုးကြောင့် အလယ်တန်းဆက်မတက်နိုင်တဲ့ကလေးတွေအတွက် အပြင်ကနေ ဖတ်မှတ်လေ့လာပြီး နဝမတန်း တက်နိုင်အောင် စီမံထားတဲ့ နည်းဖြစ်ပါတယ်။
မသင်မနေရ မူလတန်းပညာရေးကို ၂ဝ၁၁-၁၂ မှစတင်ခဲ့ပေမယ့် လုပ်ဆောင်မှုပိုင်း အားနည်းတဲ့ အတွက် မူလတန်းကျောင်းထွက်နှုန်းမြင့်တက်နေတယ်။ ဒါကြောင့် မူလတန်းကိုလည်း ကျောင်း ပြင်ပ ပညာရေးလုပ်ရပြန်ပါဦးမယ်။ မူလတန်းပညာရေးမှာ target က အသက် ၁ဝနှစ်မှ ၁၄နှစ်အတွင်းကလေးတွေဖြစ်ပြီး စာသင်နှစ်က ၂နှစ်ပါ။ တစ်ရက်စာသင်ချိန် ၂နာရီ။ ရက်ပေါင်းက ၂၅ဝ။ အဲဒီလိုလုပ်တာ ပညာရေးမြှင့်တာလား၊ နှိမ့်တာလား နားလည်ရခက်ပါဘိ။ ကျောင်းပြင်ပ ပညာရေးဆိုတာ ကျမတို့ခေတ်တုန်းက ညကျောင်း မျိုးကိုဆိုလိုတာများလားမသိပါ။
ယေဘုယျအားဖြင့် မူလတန်းတက်ပြီးတဲ့ကလေးတွေ အလယ်တန်းဆက်မတက်နိုင်ရတာ အလယ် တန်းကျောင်း မလုံလောက်လို့ပါ။ ဥပမာတစ်ခုပြောရရင် မအူပင်မှာ တိုးမြစ်တစ်ဖက်ကမ်းက ကလေးတွေ မြစ်ပြင်ကျယ်ကို ကုတို့နဲ့ကူးပြီး အလယ်တန်းတက်ဖို့ကို အသက်ငယ်သေးတာကြောင့် မိဘတွေ စိတ်မချပါ။ ကလေးဟာ အသက် ၁၁နှစ်သာသာလောက်ပဲ ရှိတဲ့အရွယ်။ ကုတို့ခက အသွားအပြန်မှ တစ်ရာကျပ်တည်း။ ကလေးတွေ ကျောင်းတက်ချင်လျက် မူလတန်းနဲ့ပြီး ကြရတယ်။ ကျောင်းဆက်မတက်ရတဲ့အတွက် သူတို့မှာ စိတ်ထိခိုက်ခံစားရတာတွေ အသေအချာရှိနေတယ်။ မူလတန်းပြီးအောင် တက်ခဲ့ကြသူတွေမို့ ကျောင်းနေဘဝကို ခုံမင်မွေ့လျော်တတ်နေပြီ။ ဒီလိုကလေးတွေ တိုးမြစ်တစ်ဖက်ကမ်းမှာတင် ရာနဲ့ချီပြီး ရှိနေနိုင်တယ်။ အောက်မြန်မာတစ်ပြည်လုံးမှာ ဒီလို မြစ်ကူးချောင်းချားကိစ္စတွေ ရှောင်မရပါ။ အလယ်တန်းကျောင်းကိစ္စ ဖြေရှင်းနည်းက ကျောင်းပြင်ပ ပညာရေး စတဲ့ alternative နည်းတွေသုံးမယ့်အစား ကျောင်းဆောက်ပေးဖို့ပါပဲ။
မူလတန်းကျောင်းတိုင်းရဲ့အနီးအနားမှာ အလယ်တန်းကျောင်းဆောက်ဖို့လိုအပ်ပါတယ်။ မိဘတွေဟာ ပထမသားဦးသမီးဦး ဆိုရင် ဂရုတစိုက်ကျောင်းပို့ကျောင်းကြိုလုပ်ပေးကြတယ်။ နောက် သားသမီးတွေကျတော့ အပင်ပန်းသိပ်မခံနိုင်ကြတော့ဘူး။ ပထမသားဦးသမီးဦးတွေကို မူလတန်းပြီးအောင်ထားနိုင်ကြပေမယ့် နှောင်းကလေးတွေကျတော့ တစ်တန်း နှစ်တန်းနဲ့ပြီးကြ ပါလေရော။ အဲဒါကြောင့် ကလေးအကြီးတွေက ကလေးအငယ်တွေကို ကျောင်းအတူခေါ်သွားနိုင် စေတဲ့နည်းနဲ့ မူလတန်းကျောင်းနေကလေး အရေအတွက် မြင့်တက်လာအောင် မူလတန်းကျောင်း အနီးမှာ အလယ်တန်းကျောင်းဆောက်ခြင်းအားဖြင့် အလယ်တန်းကလေးလည်း ကျောင်းတက်နိုင်၊ မူလတန်းကလေးလည်းကျောင်းတက်နိုင်ပါတယ်။
ပြီးတော့ ကျောင်းပြင်ပပညာရေးအတွက် အခုလိုစာအုပ်တွေပြုစုနိုင်ပါပြီတဲ့။ စာအုပ်ပြုစုနိုင်ရုံတင် မက သင်ရိုးညွှန်းတမ်းအပြည့်အစုံထည့်သွင်းထားတဲ့ ကျောက်သင်ပုန်းတစ်လုံးစီ ကလေးတိုင်းကို ဝေပေးနိုင်ရင်တောင် ဒီအရွယ်ဟာ self study လုပ်တတ်တဲ့အရွယ်မဟုတ်သေးပါဘူး။ Education ဆိုတဲ့အဓိပ္ပါယ် သိပ်ကျယ်ဝန်းတယ်။
ကျောင်းလုံလောက်ရေးကိစ္စပြောပြန်ရင်လည်း ဘက်ဂျက် ဘက်ဂျက် ဆိုပြီးအော်ကြဦးမယ်။ မြောင်းမြမှာ ကမာ္ဘ့အကြီးဆုံး ကြေးသွန်းခေါင်းလောင်းကြီး သွန်းလုပ်ဖို့ ငွေကျပ်သိန်းပေါင်း ခုနစ်သောင်းခန့်ရဖို့ လိုနေပါသတဲ့။ လက်ရှိမှာတော့ ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းဟာ ရုရှားနိုင်ငံ၊ မော်စကိုမြို့၊ ကရင်မလင်နန်းတော် ကြီးမှာရှိတဲ့ ဆာကိုလိုကိုး ခေါင်းလောင်းဖြစ်ပါတယ်။ အမဲသတ်လိုင်စင်အတွက် သိန်းရာနဲ့ ထောင်နဲ့ ချီပြီး အကုန်ခံခဲ့ကြတယ်။ နွားကယ်တင်ရေးလုပ်မယ့်အစား အဲဒီငွေတွေနဲ့ အလယ်တန်း ကျောင်း ၄-၅ကျောင်းလောက် ဆောက်ပေးရင် ဘယ်လောက်ကောင်းမလဲ။
ရွှေအိုးရှိမှ ပညာရ
ပညာရေးလောကမှာ ဆယ်စုနှစ် ၂ခုကျော်လောက် နေရာယူလာတဲ့ စကားတစ်ခွန်းကတော့ ” ရွှေအိုးရှိမှ ပညာရ” ဆိုတဲ့ စကားပဲဖြစ်ပါတယ်။ ဒီစကားဟာ တဖြည်းဖြည်းနေရာယူဝင်ဆံ့လာပြီး ဆိုရိုးတစ်ခုလို အမှန်တရားတစ်ခုလို ဖြစ်လာခဲ့တယ်။ မြန်မာပြည်မှာ ဘိုကျောင်းရှိတဲ့ မြို့ကြီးက ၃-၄ မြို့လောက်။ ကျန်တစ်ပြည်လုံးမှာ ကျေးရွာပေါင်းက ခြောက်သောင်းကျော်။ ဒီကျေးရွာက ကလေးတွေအတွက် ရွှေအိုးလောက်ငွေရှိမှ မြို့ကြီးသွား ဘိုကျောင်းတက်ရမလား။ ကလေးကို ပညာရေး မပေးနိုင်တာ မိဘညံ့လို့သာဖြစ်တယ်လို့ တစ်ကြောင်းဆွဲကောက်ချက်ချသင့်သလား။ တကယ်တော့ တစ်တိုင်းပြည်လုံးက ကလေးတွေအတွက် ခပ်နိမ့်နိမ့် ပညာရေးစနစ်ကို ပြဋ္ဌာန်း ထားတာကသာလျှင် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်။ ဘိုကျောင်းထွက်နဲ့ အစိုးရကျောင်း ထွက် ပညာချင်းယှဉ်နိုင်တဲ့တနေ့၊ ” ရွှေအိုးရှိမှပညာရ ” ဆိုတဲ့ စကားကို ရိုက်ချိုးနိုင်တဲ့တနေ့ဟာ မြန်မာ့ပညာရေးလောက အောင်ပွဲခံတဲ့နေ့ဖြစ်ကြောင်း ဆိုလိုက်ပါရစေ။ ။
ဝင့်ပြုံးမြင့်
(အောက်တိုဘာ ၃၁၊ ၂၀၁၃)
49 comments
ဝင့်ပြုံးမြင့်
October 31, 2013 at 3:51 pm
စင်ကာပူပညာရေးနှင့် နီးစပ်သူများ အားဖြည့်ဆွေးနွေးပေးစေလိုပါသည်။
KZ
October 31, 2013 at 3:57 pm
မဝင့်။
ကျနော် ပြန်လာပါ့မယ်နော့။
ခု ပြောခဲ့ချင်တာ တစ်ခု အရ ကျနော်တို့ သင်ရိုးစာအုပ်တွေ နဲ့ စလုံး က စာအုပ်တွေ ယှဉ်လိုက်ရင် ကလေးတွေရဲ့ စာအုပ်ကိုင်ချင်စိတ်/အတွင်းက စာကို ဖတ်ချင်စိတ် ဆွဲဆောင်မှု က အစ မတူပါဘူးးးး
ပညာရေးမှာ စတင်ပြုပြင်ရင် ပညာရေးကျွမ်းကျင် ပညာရှင်တွေသာမက ကလေး စိတ်ပညာ ကျွမ်းကျင်တွေပါ ပါဝင်သင့်တာပါ။
ဒါက စာအုပ်အပေါ်ယံကြည့်ပြီး ပြောမိတာ။
ဝင့်ပြုံးမြင့်
November 2, 2013 at 1:57 pm
မခိုင်ဇာ ပြန်လာနော်။ ပြဌာန်းစာအုပ်ကိစ္စမှာ ကလေးစိတ်ပညာရှင်အပိုင်းက သိပ်အရေးကြီးတယ်။ အမသမီးလက်ထဲ အဲဒီစာအုပ်ထည့်ပေးလိုက်တော့ ကလေးက စာအုပ်ကို လက်ကမချနို်င်တော့ဘူး။ ညအိပ်တဲ့အချိန်ထိ စာအုပ်ဖက်ပြီးအိပ်တာ။ အိပ်ပျော်သွားမှ စာအုပ်ပြန်ယူရတယ်။ ဘေးအိမ်က သူနဲ့ရွယ်တူ ကောင်လေးကို အဲဒီစာအုပ်ပေးဖတ်လိုက်တော့ ကောင်လေးက ပြန်မပေးဘူး။ ယူသွားမယ် တကဲကဲလုပ်နေလို့ မနည်းပြန်ယူရတယ်။ အမ စိတ်မကောင်းပါဘူး။ အဆင့်မီ စာအုပ် အဆင့်မီ ပညာရေးဟာ ကလေးတိုင်းနဲ့ ထိုက်တန်ပါတယ်။
—-
စင်ကာပူ ပညာရေးမှာ အမ စိတ်ဝင်စားတဲ့အပိုင်းက – အခု စာအုပ်ဆိုရင် ပညာရှင် တစ်ယောက်ထဲက ပြုစုတာ။ အမှာစာမှာရေးထားတယ်။ သူ့စာအုပ်ကို ဝယ်လို့ပဲရတယ်။ အွန်လိုင်းမှာ ဖရီးပေးမထားဘူး။ အမတို့တိုင်းပြည်မှာကတော့ ပညာရေးဝန်ကြီးဌာနက ပြုစုတယ်။ တကယ်လို့ အမတို့ တိုင်းပြည်မှာ စလုံးက စာအုပ်တွေ ပြဌာန်းမယ်ဆိုရင် အလကားဘယ်ရမလဲနော့။ စာအုပ်ရေးတဲ့ မူပိုင်ရှင်ကို ငွေနင့်နေအောင် ပေးရတော့မှာပေါ့။ အဲဒီတော့ သူများတိုင်းပြည်က လူကိုငွေပေးမယ့်အစား ကိုယ်လည်း သိပ်ပြီးထောင့်စေ့အောင် မလုပ်နိုင်ဘူးဆိုရင် ပြဌာန်းစာအုပ်ရေးပြီးတင်သွင်းဖို့ကို ပြင်ပ ပညာရှင်တွေကိုခေါ်ရင် မဖြစ်ဘူးလား။ မြန်မာပြည်တွင်းထဲမှာကို အင်္ဂလိပ်စာကို အင်္ဂလိပ်လူမျိ ုး ရှုံးအောင် တတ်တဲ့လူတွေ တကယ်ရှိနေတယ်။ သူတို့ဟာ အသက်လည်း နည်းနည်းရနေကြပြီ။ တခြား မကြည့်နဲ့။ ဒီဂဇက်ထဲမှာတင် တီချယ်နု တို့ရှိတယ်။ ဒီပညာရှင်တွေ ခါးဆက်ပြတ်သွားမှာ ကြောက်ရတယ်။ ဒီပညာရှင်တွေက ရေးသားတင်သွင်းလာတာကို ပညာရေးဝန်ကြီးဌာနက အကဲဖြတ်ပြီး ပြဌာန်းလိုက်ရင် မအိုကေဘူးလား။ အပြင်စာဖတ်ဖို့အတွက်ကိုလည်း ဘယ်နှတန်းမှာ ဘယ်နှအုပ်ဆိုပြီး သတ်မှတ်ပြီး အဲဒီ အပြင်စာအတွက်ကို ပြည်တွင်းက ပညာရှင်တွေကို ကိုယ်တိုင်ရေးခိုင်းရင် သူများ မူပိုင်ခွင့်ကိုလည်း ချိုးဖောက်ရာ မကျတော့ဘူး။ ပြည်တွင်းက ပညာရှင်တွေဆီက တကယ့်စေတနာဆိုတာလည်း ပေါ်ထွက်လာမှာ။
inz@ghi
October 31, 2013 at 4:35 pm
အဲ့စာအုပ်လေးလိုချင်ပါကြောင်းးး
နီးစပ်သူများ. မစ ကြပါအူး ဆက်သွယ်ကြပါအူးဗျိုးးး
ကျေးကျေး အင် အက်ဒဘန့်င့်စ်.
ဝင့်ပြုံးမြင့်
November 2, 2013 at 2:10 pm
ဂီဂီရေ
အမမှာ ကို်ယ်ပိုင်အမြင်တစ်မျိုး ရှိနေတယ်။ ဈေးကွက်စီးပွားရေးနဲ့ ချိန်ထိုးပြီး မှားသလား မှန်သလား ဖြေပေးပါဦး။ ဒီလိုလေ၊ မြန်မာပြည်မှာ ( မြို့ကြီးနေ ဘိုကျောင်းသားတွေမပါ) ယေဘုယျအားဖြင့် ကလေးအမျိ ုးအစား ၂မျိုး ရှိနေတယ်။ တစ်မျိ ုး က ဥပမာ- ဖျာပုံ၊ ပုသိမ်၊ ဒေးဒရဲ၊ မအူပင် စတဲ့ နယ်မြို ့ တွေက ကလေးတွေနဲ့ ဟိုး ဝေးလံခေါင်ဖျားက ကလေးတွေ။ တိုင်းပြည်ကို မြင်းရိုင်းတွေလို တရကြမ်း ဆွဲခေါ်သွားမယ့် လူသားရင်းမြစ်က နယ်မြို့နေ ကလေးတွေလို့ အမထင်တယ်။ အခုကလေးတွေက ဦးနှောက်အသစ် ။ အင်မတန် ထက်တယ်။ ပညာရေးမြှင့်ရင် သူတို့တွေက မိဘတွေကလည်း တတ်နိုင်တော့ သူတို့အတွက်ကတော့ ပညာရေးအောင်မြင်ပါလိမ့်မယ်။ တောနေ ကလေးတွေကျတော့ ပညာရေးမြှင့်တင်ရင် လိုက်နိုင်ကြမယ် မထင်ဘူး။ အဲဒီမှာ တော်မယ့်ကလေးတွေကို စတေးပြီး ညီတူမျှတူ အားလုံးတပြေးညီ ပညာရေးလုပ်သင့်သလား။ ဒါမှမဟုတ် ညံ့မယ့်ကလေးကို မတတ်သာတဲ့အတွက် စတေးပြီး တော်မယ့်ကလေးတွေအတွက် ပညာရေးမြှင့်သင့်သလား။ ဒီလိုလုပ်ရင် ဘယ်တရားမလဲနော်။ တကယ်လို့ တရားတယ်ဆိုရင် အခုဖြစ်နေတဲ့ ကျောင်းပြင်ပ ပညာရေးလုပ်တာ မှန်နေပြီပေါ့။ ပညာရေးကို နှစ်ဆင့် ခွဲသင့်သလား။ ခွဲပြီး တတ်နိုင်တဲ့မိဘများ စာအုပ်ကအစ ကိုယ့်ဖာသာကိုယ်ဝယ်သုံး စတဲ့ ကိုယ်ထူကိုယ်ထနည်းနဲ့ ကြွေးတွေ ပိနေတဲ့ အစိုးရကို ဝန်ထုပ်သိပ်မဖြစ်တဲ့နည်း ပိုမကောင်းဘူးလား။
inz@ghi
November 5, 2013 at 11:08 pm
2000 ခုနှစ် က ကမာ္ဘ့ ခေါင်းဆောင် ၁၈၉ယောက် ဝိုင်းပြီး သဘောတူညီမှု ယူထားတဲ့
United Nations Millennium Development Goals (MDGs) ကိုကောက်ပြီး ပြောပါ့မယ်ဗျ..
1. Eradicate extreme poverty and hunger.
2. Achieve universal primary education.
3. Promote gender quality and empower women.
4. Reduce child mortality.
5. Improve maternal health.
6. Combat HIV/ AIDS, malaria, and other diseases.
7. Ensure environmental sustainability.
8. Develop a global partnership for development.
တဲ့ဗျ…
(သူရို့ ကတော့ ရှင်းတယ် ..ငတ်မနေရင် စာသင်.. ကျန်တာ နောက်မှ ဆိုပဲ…)
ဒီ နှစ် တဒါဇင်လောက်အတွင်း လုပ်နိုင်တဲ့ ဆီတွေ ဘယ်လိုတက်လာတယ် ဆိုတာ မြင်ရမှာ ပါဗျား…။
မလုပ်နိုင်တဲ့ ဆီတွေများမတော့ အင်း…..။
မားကတ္တင်း အရပြောရရင်တော့ …
half-fill လည်း မဟုတ်ဘူး ..
half-empty လည်း မဟုတ်ဘူး…
your glass need “Reshaping”
ဟုတ်ကဲ့ ပညာရေးအပေါ်မြင်တဲ့ အမြင်ကို မြေလှန်ပြောင်းပစ်ရမှာ လို့ မြင်ပါကြောင်းဗျို့ …
ဝင့်ပြုံးမြင့်
November 6, 2013 at 8:06 am
ကျေးဇူးပဲ ဂီဂီရေ “Reshaping” ဆိုတဲ့စကားအတွက်ပါ။
Mr. MarGa
November 1, 2013 at 9:44 am
လောလောဆယ် တွေးမိတာ မြင်မိတာကို ဆွေးနွေးကြည့်မယ်ဗျာ
ကျန်နေခဲ့ရင် ထပ်လာပါမယ်။
ဆရာမ ရေးရင်း ရောသွားတယ်လို့ ထင်တာလေးတစ်ခု အရင် ထောက်ပြပါရစေ။
အဲဒီမှာ ကျွန်တော့်အထင် အလယ်တန်းပညာရေးကို ဆိုလိုချင်တာလို့ ထင်ပါတယ်။ အဲဒါလေး အရင် ပြောကြည့်တာပါ။
ပညာရေးကိစ္စကို ပြန်သွားရရင်
ပြင်ပ စာပေကို ဖတ်ဖို့ အားမပေးကြတာက လွဲနေတဲ့ အယူအဆပါ။ ဆိုးတာက ဆရာ၊ ဆရာမတွေကိုယ်တိုင်က ဖတ်သင့်တယ်၊ ဖတ်ပါ လို့ မတိုက်တွန်းတော့ ကလေးက စာဖတ်ရမယ် ဆိုတဲ့အသိ မရှိတော့ဘူး၊ ပြင်ပ ဗဟုသုတ မရှာတတ်တော့ဘူးပေါ့။
ဘက်စုံ ပညာရေး၊ ဘက်စုံ ပညာရေး ဆိုပြီး ပြောနေကြတာ၊ လုပ်နေကြတာ ကြာပါပြီ။ ကျွန်တော်တို့အရင်မျိုးဆက်ကတည်းက ပြောနေ လုပ်နေတာပါ။ ဒါပေမယ့် အခုအထိကတော့ ဘာမှ ရေရေရာရာ မတွေ့သေးဘူးပေါ့ဗျာ။ တကယ်ကတော့ အဲဒီလောက် အဓိပ္ပာယ်ဖွင့်နေစရာ မလိုပါဘူးဗျာ။ ဆယ်စုနှစ် နှစ်ခုလောက် တရားဝင် ဖွင့်ထားတဲ့ ပုဂ္ဂလိကကျောင်းတွေမှာ ဘက်စုံပညာရေးကို ဘယ်လို လုပ်နေတယ် ဆိုတာ တွေ့နေရတာပဲ။ နိုင်ငံပြင်ပကို မျှော်ကြည့်စရာတောင် မလိုပါဘူး၊ ပြည်တွင်းမှာတင် ဘယ်လိုလုပ်ရင်ရတယ်၊ ဘယ်လိုလုပ်သင့်တယ်ဆိုတာ သိနေနိုင်တာပဲ။
အင်္ဂလိပ်စာ ကိစ္စကိုတော့ ပြောရရင် ရှည်မှာမို့ နည်းနည်း ကျော်လွှားသွားလိုက်ဦးမယ်
ကျောင်းပြင်ပ ပညာရေးကို လုပ်နေတယ်ဆိုတာ ကြားရ သိရလို့ ဝမ်းသာမိပါတယ်။ ဒါပေမယ့် တကယ် အကျိုးရှိရှိ၊ ထိထိရောက်ရောက် ဖြစ်မဖြစ်တော့ စောင့်ကြည့်ရဦးမှာပေါ့ဗျာ။ သိပ်တော့ အဆင်ပြေမယ် မထင်ပါဘူး။ တကယ် လုပ်သင့်တာက ဆရာမ ပြောသလို ကျောင်းတွေကို ပိုဆောက်၊ ဆရာဆရာမအင်အား ထပ်ဖြည့်သင့်တာလေ။ ဒါပေမယ့် အခက်အခဲ၊ အတားအဆီးတွေ ရှိနေတာ ဆိုတော့ ဒီထက်၊ အဆင်ပြေမယ့်၊ ပို ထိရောက်မယ့် ရေတိုနည်းလမ်းကို စဉ်းစားသင့်တယ်လို့ ထင်မိတယ်။
ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးကို ဒေသတွင်း နိုင်ငံတွေနဲ့ ယှဉ် စဉ်းစားသင့်တယ်လို့ မြင်ပေမယ့် လောလောလတ်လတ်မှာ လက်ရှိ နိုင်ငံတွင်းက ပုဂ္ဂလိကကျောင်းတွေ ဘယ်လို လည်ပတ်နေတယ်ဆိုတာနဲ့ အရင်ဆုံး ချိန်ထိုးကြည့်ပြီး ပြင်တာက ပိုကောင်းဦးမယ်လို့ တွေးမိတယ်ဗျာ။
ဒီမိုး ဒီလေ ဒီလူတွေနဲ့ ဒီလိုပဲ ဆက်သွားနေရင်တော့ နောက်မျိုးဆက်တစ်ဆက် ထပ် ပုပ်ဖို့ ရှိနေတယ်။
အမြစ်ကနေ တူးလှန်ပစ်ရမယ့် ဒီစနစ်ကို ဟိုအကိုင်းချိုင်၊ ဒီအကိုင်းချိုင် ပုံစံမျိုးနဲ့ပဲ ဆက်သွားနေဦးမယ် ဆိုရင်တော့ ရွှေအိုးရှိမှ ပညာရ ဆိုတဲ့စကားက ပန်းပန် နေဦးမှာပါပဲဗျာ…………..
ဝင့်ပြုံးမြင့်
November 2, 2013 at 1:36 pm
သိကြားမင်းကြီးရေ၊ မပြုံးမမှားဘူးထင်တယ်။ အားလုံးလည်း ဖတ်နိုင်အောင် သတင်း အစအဆုံး လုံးစေ့ပတ်စေ့ ပြန်ရိုက်ပေးလိုက်တယ်နော်။ အားလုံးပဲ သေချာဖတ်ကြည့်စေချင်လို့ပါ။
———- ၊ ——
ကျောင်းပြင်ပ အလယ်တန်းပညာရေး သင်ရိုးညွှန်းတမ်း စတင်ရေးဆွဲ
မြန်မာနိုင်ငံတွင် အကြောင်းအမျိုးမျ ိုးကြောင့် ကျောင်းမနေနိုင်သော အလယ်တန်းကျောင်းသားကျောင်းသူ များအတွက် ကျောင်းပြင်ပ အလယ်တန်းပညာရေး ဆက်လက်ဆောင်ရွက်ရန် ပညာရေးဝန်ကြီးဌာနနှင့် UNESCO တို့ပူးပေါင်းပြီး ဩဂုတ်လမှစကာ သင်ရိးညွှန်းတမ်းများ စတင်ရေးဆွဲနေပြီဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ ကျောင်းပြင်ပ ပညာရေးဌာနမှ ဦးစီးမှူး ဦးခင်မောင်ထွေးက The Voice သို့ပြောကြားသည်။
သင်ရိးညွှန်းတမ်းရေးဆွဲရေးအတွက် အချိန် ၂နှစ်သတ်မှတ်ထားရာ ယင်းစီမံချက်ကာလပြီးဆုံးပါက ပညာရေး ဝန်ကြီးဌာနသို့ သင်ရိးညွှန်းတမ်းမူကြမ်း တင်သွင်းသွားမည်ဖြစ်ကြောင်း၊ အဆင့်ဆင့်စီမံဆောင်ရွက်ရသည့် အတွက် စတင်အကောင်အထည်ဖော်မည့်နှစ်ကိုမူ မထုတ်ပြန်နိုင်သေး ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
အဆိုပါကျောင်းပြင်ပ အလယ်တန်းပြီးဆုံးသည့် ကလေးများသည် နဝမတန်းကို ဆက်လက် သင်ယူနိုင်သည့်အတွက် သင်ရိုးညွှန်းတမ်းတွင် နဝမတန်းသင်ရိုး အခြေခံကို နားလည်လွယ်အောင် ရေးဆွဲ ရမည့်အပြင် ပညာဆက်လက်သင်ကြားရန် အစီအစဉ်မရှိသူများအတွက်ကိုလည်း အသက်မွေးဝမ်းကျောင် ဘာသာရပ်များ ထည့်သွင်းသင်ကြားသွားရန်ရှိကြောင်း ကျောင်းပြင်ပ ပညာရေးဌာနမှ ဦးစီးမှူးဦးခင်မောင်ထွေးက ဆက်လက်ပြောဆိုသည်။
မသင်မနေရ မူလတန်းပညာရေးကို ၂၀၁၁-၁၂ မှ စတင်ခဲ့သော်လည်း အကောင်အထည်ဖော်မှု အားနည်းသောကြောင့် မူလတန်းကျောင်းထွက်နှုန်းများ ဆက်လက်မြင့်တက်လျက်ရှိကြောင်း ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ထံ စုံစမ်းသိရှိရသည်။ အခြေခံလူတန်းစားများအတွက် မသင်မနေရ မူလတန်းအဆင့်နှင့် မလုံလောက်ကြောင်း၊ ယင်းကြောင့် အလယ်တန်းအဆင့်ထိ မသင်မနေရ ပညာရေးဖြစ်ရန် ထပ်မံဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ကျောင်းပြင်ပ ပညာရေးလေ့လာ စောင့်ကြည့်သူ အသိုင်းအဝိုင်းက သုံးသပ်ပြောကြားသည်။
ပညာရေးဝန်ကြီးဌာန၏ ကျောင်းပြင်ပ ပညာရေးစီမံချက်များကို ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့၊ ပြင်ပ အလှူ ရှင် များက အသုံးစရိတ်ပိုင်းနှင့် နည်းပညာပိုင်းများ ပံ့ပိုးကူညီပေးလျက် ရှိပြီး ကျောင်းပြင်ပ မူလတန်းပညာရေးတွင် အသက် ၁ဝနှစ်မှ ၁၄ နှစ်အတွင်း ကလေးငယ်များကို ဦးတည်ဆောင်ရွက်ထားသည်။
ကျောင်းပြင်ပ မူလတန်းပညာရေးတွင် စာသင်နှစ် ၂ နှစ်သာရှိပြီး တစ်နှစ်လျှင် ရက်ပေါင်း ၂၅ဝ (တစ်ရက်လျှင် စာသင်ချိန် နှစ်နာရီ) သာကြာမြင့်သည်။
မြန်မာနိုင်ငံတွင် ၂၀၁၃ ခုနှစ်`၌ ကျောင်းပြင်ပ မူလတန်း ပညာရေးဆောင်ရွက်နေသော မြို့နယ် ၈ဝ ရှိပြီး ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့အစည်း၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ်နှင့် ပညာရေး ဝန်ကြီး ဌာနတို့က ၁၉၉၈ ခုနှစ်က စတင်ဆောင်ရွက်ခဲ့ကြသည်။
——- ။ ——
သတင်းကတော့ အဲဒါပါနော်။ အဲဒီသတင်းကို သေချာဖတ်ကြည့်ရင် မူလတန်းရော အလယ်တန်းရော နှစ်မျိုးစလုံး ကျရှုံးတာကို မြင်ရမှာ ဖြစ်ပါတယ်။ ကျောင်းပြင်ပ ပညာရေးကို အလယ်တန်းကော မူလတန်းကော လုပ်ကြတော့မယ်လို့ ဆိုလိုတာပါ။ ကျမမြင်တဲ့အပိုင်းက မူလတန်းကျောင်းအနီးမှာ အလယ်တန်းကျောင်းဆောက်ပေးမှ ကလေးအကြီးက အငယ်ကို ကျောင်းခေါ်သွားတဲ့နည်းနဲ့ မူလတန်းရော အလယ်တန်းရော ကျောင်းအပ်နှံနှုန်းမြင့်တက်လာမှာ ပါ။
”အကြောင်းအမျိုးမျိုးကြောင့် ကျောင်းမနေနိုင်သော” လို့ ရေးထားတာက ရေးဖွဲ့နည်းထုံးစံတစ်ခုလို ဖြစ်နေတာပါ။ တကယ့်အကြောင်းကတော့ ကျောင်းမလုံလောက်လို့ပါ။ တိုးမြစ်တစ်ဖက်ကမ်းက ကလေးတွေကို ကျမ ဗျူ းထားပြီးပြီ။ အလယ်တန်းမတက်နိုင်တဲ့အကြောင်းရင်းက အဲဒါပါပဲ။ တခြားသွယ်ဝိုက်နည်းတွေ တီထွင်ရတာ မမောဘူးလား မသိဘူး။ အခြေခံအကျဆုံး ကျောင်းဆောက်ပေးရမယ့်ဟာကို။
တကယ်ပြောရင် လူတော် ဘယ်နှစ်ယောက်ထွက်မလဲဆိုတာ အဲဒီ အလယ်တန်းမှာ စကားပြောသွားတာ။
TNA
November 1, 2013 at 11:24 am
အသေးစိတ်တော့မဆွေးနွေးတတ်ပေမဲ့ ကွာတာတော့ အတော်ကိုကွာပါတယ်။ ကျွန်မသားလေးက ရန်ကုန်က အင်္ဂလိပ်ကျောင်းလေးတန်းပါ။ မြန်မာကျောင်းသားတွေတက်တဲ့ အင်္ဂလိပ်စာသင်တန်းမှာ သူ့အဆင့်ဘယ်လောက်ရှိသလဲသိချင်လို့ ဝင်ခွင့်ဖြေခိုင်းလိုက်ပါတယ်။ မြန်မာကျောင်းသား ရှစ်တန်းတက်တဲ့အတန်းမှာ အမှတ် ၈ဝ ရအောင်ဖြေနိုင်ပါတယ်။ အဲဒီစာဖြေဖို့ တနာရီခွဲအချိန်ပေးထားတာကို သူက မိနစ် အစိတ်နဲ့ဖြေသွားပါတယ်။ ကြွားတာမဟုတ်ပါဘူး။ ကွာခြားတာကိုပြောချင်တာပါ။ မြန်မာပညာရေးကိုကျွန်မလဲအတော်စိတ်မအေးဖြစ်နေတာကြာပါပြီ။ အတော်ကွာတယ်လို့ပြောလို့ရပါတယ်။ သားတို့ကျောင်းမှာဆို အပြင်စာတအားဖတ်ရပါတယ်။ ဆရာမက ခြင်းကလေးထဲမှာ သားတို့နာမည်လေးတွေ ရေးထားတဲ့မှတ်တမ်းကဒ်နဲ့ သူဖတ်ရမဲ့စာအုပ်ကလေးတွေ အပါတ်စဉ်ထည့်ပေးထားပါတယ်။ အဲဒါကလေးတွေ ကယူပြီးအိမ်မှာဖတ်ရပါတယ်။ ပြီးရင် ပရောဂျက်အနေနဲ့ အဲဒီစာအုပ်တွေကို အနှစ်ချုပ်ပြန်ရေးရပါတယ်။ ဒါတောင် ရန်ကုန်မှာပဲရှိသေးတာနော်။ စင်ကာပူမှာဆိုရင်တော့ ဒီ့ထက်ပိုမလားပဲ။
ကထူးဆန်း
November 1, 2013 at 1:39 pm
အင်္ဂလိပ်တစ်ခုထဲ မယှဉ်ခိုင်းနဲ့လေ .. မြန်မာ နဲ့ သချာင်္ပါ ယှဉ်ခိုင်းလေ … :hee:
TNA
November 4, 2013 at 9:51 pm
ကထူးဆန်းရေ မြန်မာစာကတော့ မယှဉ်နိုင်တာသေချာပါတယ်။ သင်္ချာကတော့ စနစ်မတူဘူးလို့ ပြောရမှာပေါ့။ မြန်မာကလေးတွေက အလွတ်ကျက်ပြီး သင်္ချာအမှတ်တရာရပေမဲ့ သူတို့ကျောင်းတွေက တွက်နည်းကိုသာအခြေခံအနေနဲ့သင်ပြီး စာမေးပွဲမှာကတော့ ပြဋ္ဌာန်း စာအုပ် ထဲကစာတွေမေးတာမဟုတ်လေတော့ ဒီကလေးက အခြေခံကိုကျွမ်းကျင်မှသာ ဒီမေးခွန်းကိုဖြေနိုင် အောင်လုပ်ထားတာမို့ အမှတ်တမဲ့ကြည့်ရင်တော့မြန်မာကျောင်းသင်္ချာကပို သာ တယ်ပြောလို့ရပေမဲ့ Thinking Skill ပိုင်းကျတော့ ဘိုကျောင်းကပိုသာတာကိုတွေ့ရပါတယ်။ Science ဆိုလဲ တအုပ်လုံးကို နားလည်အောင်ဖတ်ထားနိုင်မှ စာမေးပွဲဖြေနိုင်တာတွေ့ရပါ တယ်။ ကျောင်းကသင် တဲ့ မေးခွန်းအဖြေတွေတခုမှစာမေးပွဲမှာမပါပါဘူး။ အားလုံး ပုံနှိပ်စာအုပ်ထဲက စာတွေကို မေးခွန်းပြန်ထုပ်ထားတာမို့အ ခြေခံပိုင်နိုင်ဖို့ကိုပိုအလေးထား တာတွေ့ရပါတယ်။
ဝင့်ပြုံးမြင့်
November 2, 2013 at 1:40 pm
ကျေးဇူးပါ မသဲနုရယ်။ ကိုယ့်သားသမီးတော်တဲ့အကြောင်း ပြောတာ ဘယ်လိုလုပ်ပြီး ကြွားရကျမှာတုန်း။ ဒါ အရေးကြီး မတ်စေ့ကို ပြောသွားတာပါ။ မြန်မာကလေးတွေ တော်တယ်ဆိုတာ ကျမယုံတယ်။ ဒါသက်သေပဲ။ မြန်မာ့ပညာရေးမြှင့်မယ်ဆိုရင် မြှင့်လို့ရတယ်။ ကလေးတွေ လိုက်နိုင်တယ်ဆိုတာ သက်သေပဲ။
ဝင့်ပြုံးမြင့်
November 2, 2013 at 1:43 pm
စီဂျေကြီး —- သချင်္ာမှာ အစိုးရကျောင်းထွက်တွေ ပိုတော်တယ်လို့ သိရဖူးတယ်။ ဒါပေမယ့် မာစတာကြီးက အင်္ဂလိပ်စာဖြစ်နေတာကိုး။ ဒါကြောင့် အင်္ဂလိပ်စာကို အတင်းဖိဖို့ လုပ်နေကြရတာပါ။
TNA
November 4, 2013 at 9:46 pm
ဟုတ်တယ် ဆရာမရေ။ အဓိကကတော့ စနစ်ပါပဲ။ ကျွန်မသားလဲမြန်မာမှာမွေးမြန်မာမှာကြီးတာပါ ပဲ။ သူလိုက်နိုင်တယ်ဆိုတော့ မြန်မာကလေးတွေကစနစ်မှားကြီးအောက်မှာရှင်သန်နေရတာသေ ချာသပေါ့ရှင်။
လုံမလေးမွန်မွန်
November 1, 2013 at 11:51 am
အရမ်းကောင်းတဲ့ စာပါ အစ်မရေ…
ရွာထဲပတ်ချောင်းနေတဲ့ လုံမ..ပညာရေးဆိုလို့ ရောက်လာပါအိ…
ကွာပါတယ်..အတော်လေးကို ကွာပါတယ်… ဘာမှမဆိုင်လောက်အောင်ကို ကွာပါတယ်… ဘိုစာကို ဘိုသံနဲ့ပြောထားတဲ့အခွေ နားမထောင်ခိုင်းဘဲ ငါးပိသံနဲ့ သင်နေတာတွေက အစ ကွာပါတယ်… ဝှဲယား၊ သဲယား… အဲယား.. နယ်ပြန်ရင် အဲဒီအသံတွေ ကြားနေရတယ်…. ပြဌာန်းတွေ ပြင်တာတင်မက သင်နည်းပါ ပြင်သင့်ပါတယ်… အခု စာအုပ်ထဲက ပြဌာန်းချက်တွေကို သင်နည်းကောင်းကောင်းနဲ့သာ သင်ပေးရင် ထိရောက်သေးတယ်လို့ ထင်ပါတယ်… စာတွေကို အတုံးလိုက် အတစ်လိုက် ဖတ်ပြပြီး ရှင်းပြနေမယ့်အစား ခေါင်းထဲရောက်အောင် ဘယ်လိုသွင်းမလဲ… ကျက်သမျှ တစ်လုံးမကျန် ချရေးမယ့်အစား.. ကိုယ့်အတွေးလေးနဲ့ ဘယ်လိုချပြမလဲ… ဦးနှောက်ကို ထုတ်သုံးခိုင်းသင့်ပါပြီ…
FDI လာတော့မယ်.. man power တွေလိုတယ်… ဒီ အလွတ်ကျက်ချရေး စနစ်အောက်မှာ ကြီးလာတဲ့ (လုံမအပါအဝင်) လူငယ်ကလေးတွေ.. ဘယ်လိုများ တိုးကြရပါ့မလဲ… 🙄
ဝင့်ပြုံးမြင့်
November 2, 2013 at 2:17 pm
မွန်မွန်ရေ ပညာရေးကိစ္စ ဇွဲမလျှော့နဲ့နော်။ အလွတ်ကျက်စနစ်မှားကြောင်း တစိုက်မတ်မတ်သာ အော်ပေးပါ။ အဲဒါလေးကိုတောင် မသိတဲ့ မိဘတွေ တစ်ပုံကြီး။ စာအုပ်တင်မက သင်နည်းပါ ပြင်ရမယ်ဆိုတာ လုံးဝထောက်ခံပါတယ် မွန်မွန်ရေ။ ဘယ်အရာမဆို နည်းစနစ် အရေးကြီးတယ်။ နည်းစနစ်မှန်ရင် မြန်မာ့ပညာရေး ထောင်တက်သွားမယ်။
surmi
November 1, 2013 at 1:22 pm
လက်ခုတ်တီးပြီးအားပေးပါတယ်ဗျို ့…..
သင်ရိုး ၊ နည်းစနစ် တင်မကဘဲ ဆရာ ဆရာမတွေရဲ့ ခံစားခွင့်လစာ ကိုပါ စဉ်းစားရမယ်ထင်တယ် …
မတူတဲ့ အပိုင်းတစ်ခုကနေပြောရရင်
ဆရာ အင်အားသိသိသာသာလျော့နဲ (မရှိ)တော့တာပါပဲ ။
ဒီကနေ့ခေတ်လို ဆရာမများကျူရှင်လုရတဲ့ကာလမှာ ဆရာတွေအနေနဲ့ ကျူရှင်မလုသင်နိုင်ပါ ။
ရတဲ့လစာနဲ့ ရပ်တည်ဖို့က? ဘယ်လိုမှမဖြစ်နိုင် .. ဆိုတော့ ယောက်ကျားဆရာရှားပါးကုန်တာပေါ့..
နောက်တချက်က .. ဟိုးအရင် နှစ်ပေါင်းလေးဆယ်ကျော်ခေတ်ပြတမ်းထားတဲ့
ဆရာဆရာမတွေကို နယ်ပေါင်းစုံပြောင်းရွေ့စေတာမျိုးလည်း မလုပ်သင့်တော့ပါ။
သူ့နယ်မှာရှိသူကို ဆရာပြန်ခန့်ရင် ဝေလံသီခေါင်လို့မသွားချင်မလာချင်တဲအဖြစ်မျိုးတွေရှိလာမှာမဟုတ်တော့ပါဘူး …
ဆိုတော့… လစာခံစားခွင့်ကလည်းလုံလောက်အောင်ရမယ်…
တနယ်တခြားလည်းမသွားရ…ဆိုရင် အရည်အချင်းပြည့်မှီတဲ့ဆရာဆရာမများလည်း ပေါ်ထွက်လာမှာပါ ။
ကျောင်းဆရာအလုပ်ဟာ ပြင်ပကျူရှင်မပေးဘဲ ထမင်းဝဝ စားလို့ရမယ်ဆိုရင် အခုဗိုလ်လောင်းဝင်ခွင့်မှာကျိတ်ကျိတ်တိုးနေသလိုဖြစ်လာပါလိမ့်မယ်..
နောက်တခုကလည်း ပညာရေးဆိုတာ တိုင်းပြည်ရဲ့မရှိမဖြစ် လိုအပ်ချက်ဖြစ်နေလို့
စစ်ဗိုလ်တစ်ယောက်လောက်ကို ခံစားခွင့်တူညီရပါမယ်… (မူလ/ပြံ)
မပြုံးပြောသလို တဖက်ကလည်း သင်ရိုးနည်းစံနစ်ကိုပြောင်း…
တဖက်ကလည်း လူတော်များဆရာဖြစ်ချင်စိတ်ပေါက်အောင်လုပ်….
ကျောင်းတွေလည်းလုံလောက်အောင်ဆောက်..
အထောက်ကူပြုပစ္စည်းတွေလည်း ကျောင်းသားတွေသုံးခွင့်ရအောင်ပေး..
(လူကြီးလာစစ်ရင်ပြဖို့သိမ်းထားလို့ကျောင်းသားတွေမသုံးရ)
စာကြည့်တိုက်မှာလည်း ငှါးခွင့်ပေး….
(ငှါးဖတ်ဖို့နေနေသာသာ ၊ ဝင်ဖို့တောင်ခတ်ခက်ခက်)
လွတ်လပ်စွာ တွေးခွင့် … အဖြေမှန်ကို မူကွဲတင်ပြခွင့်ပေး …
( ငါ့ နည်းမဟုတ်ရင်အမှတ်မပေးလုပ်နေကြလို့)…
ဆရာဆရာမတွေရဲ့ သင်ကြားမှုကိုအားနည်းစေသော ရုံးလုပ်ငန်းဆိုင်ရာလျော့ချပေး….
(ဟိုရီပို့..ဒီရီပို့.. တွေရေးရလွန်းလို့ အချိန်ကုန်..ပင်ပန်း )
မိဘများအပါအဝင် ဆရာ/များကလည်း ပြင်ပစာပေဖတ်ရှုမှုအားပေး…
ဆီးဂိမ်း ဘာဂိမ်း ဘာဂိမ်း တွေအတွက် ဖွင့်ပွဲ ပိတ်ပွဲ တွေအတွက် .. ဟီုလူဂျီး ဒီလူဂျီးကြိုဆိုဖို့ လုှပ်ရှားမှုတွေလျော့ချပေး…
(အက တိုက်တာအပါအဝင် )
ဒီလိုဆိုရင်…. နည်းနည်းတော့ထူးခြားလာမယ်ထင်ပါ့
မောင်ဆာမိလည်း ဒီလိုသာဆိုရင် ကျောင်းဆရာလုပ်ပါမယ် ဟဲဟဲ….
နောက်တစ်ခုက .. အခုပြင်ပ ပုဂ္ဂလိက ကျောင်းတွေမှာ နယ်ကဆရာမအဖြစ်ကအလုပ်ထွက်ပြီးလာလုပ်ကြတာတွေကလည်း .. လစာ ပါပဲ..
အဲ ကျနော့သဘောတစ်ခုပြောရရင်..
အခုကျောင်းဆရာကောင်းတွေရှားတဲ့ခေတ်မှာ
ပညာရေး တက္ကသိုလ်ကကျောင်းပြီးမှ ဆရာဖြစ်ခွင့်ရှိတယ်ဆိုတာလေးလည်း
ပြောင်းစေချင်ပါတယ် … ။
ကန့်သတ်လွန်းတယ်ထင်လို့ပါ ။
ပြီးတော့… သူတို့အားလုံး ဆရာပြန်လုပ်တာမှမဟုတ်ဘဲ…
ပြောရင်းများသွားပြီ..
ဘိုကျောင်းတွေထားတာကတော့ အင်္ဂလိပ်စာကောင်းပေမယ့်
အခြားဟာတွေအားနည်းတတ်တာကြားဖူးပါတယ်…
ဘာပဲဖြစ်ဖြစ် ကိုယ်တိုင်လည်းကြိုးစားရသလို မိဘကလည်း လိုအပ်သလိုပံ့ပိုးပေးရမယ်ထင်မိပါကြောင်းးးးး…..
ကထူးဆန်း
November 1, 2013 at 1:48 pm
ဟိဟိ ထပ်ပွားလိုက်ဦးမယ် .. စစ်ဗိုလ်တစ်ယောက်ရဲံ့ခံစားခွင့် ဟုတ်လား .. တရားဝင် ခံစားခွင့် ကတော့ ကွာမယ် မထင် …. စုတ်ပြတ်သတ် နေတဲ့ စစ်ဗိုလ်ငယ် များကို တွေ့ မြင်ဘူးပါကြောင်း ..
ကွန်ပူတာ လဲ ကောင်းကြပါတယ် ။ အားကစား က တော့ ရေကူးကန် ကြီး ဘောလီဘော ဘတ်စကက်ဘော ရုံ ရှိပေမဲ့ သူမသာ ကိုယ် အသုဘတွေပါ ဘဲ ..
လုံးဝ ထောက်ခံပါကြောင်း …
ဝင့်ပြုံးမြင့်
November 2, 2013 at 2:20 pm
မပြုံးပို့စ်ကို ထောင့်စေ့အောင် ထပ်မံရေးသွားတဲ့အတွက် ကျေးဇူးပါ ကိုဆာမိရေ။ လုံမလေး ပြောလို့မဟုတ်ဘူးနော်။ တကယ်ကောင်းတဲ့ ကွန်မင့်မို့ ဘီဘီ ပေးပါတယ်။
ဝင့်ပြုံးမြင့်
November 2, 2013 at 2:23 pm
ဘီစီပေးတာ နှိပ်တာမှားသွားပြီ ။ ပြန်မလုပ်တတ်တော့ဘူး။
လုံမလေးမွန်မွန်
November 1, 2013 at 2:07 pm
အူးဆာကွန်မန့်ကို ဘီစီ ပေးချင်ထှာ . . . 🙂
ကျော်စွာခေါင်
November 2, 2013 at 5:17 am
မပြုံး
တစ်ပုဒ်ဆို တစ်ပုဒ် တန်ဘိုးရှိတဲ ့… ကိုယ့်တိုင်းပြည်ကလူငယ်တွေအပေါ်ထားတဲ့ စေတနာကို အရင်ချီးကျူးပါရစေ။
ပညာရေးနဲ ့ပါတ်သက်လို ့ကတော့ လူငယ်တွေ ကလေးတွေ အတွက် လုံးဝ စိတ်မကောင်းပါဘူး.။
စနစ်တွေလဲ မှားနေတယ်.. လုပ်ရပ်တွေလဲ မှားနေတာ အများကြီးပါ..။ ပြောလို ့လဲ ဆုံးမှာ မဟုတ်ပါဘူး။
မပြုံး ခုလို အကျိုးပြု စာတွေတော့ ဆက်ရေးပါလို ့ တောင်းဆိုပါရစေ။
ခက်တာက ဟိုလူတွေက ဒီလိုစာလဲ ဖတ်မှာ မဟုတ်သလို..ဒိလိုစေတနာလဲ ထားကြမှာ မဟုတ်လေတော့ ခက်တယ်..။
ဝင့်ပြုံးမြင့်
November 2, 2013 at 2:24 pm
မီးမီးဒီယာ ကနေ အော်မှာပေါ့ ကိုခေါင်ရယ်။
KZ
November 2, 2013 at 8:04 pm
မဝင့်ရေ။
အမှန်တော့ ပြင်ရမှာတွေပြောရင် မပြီးလို့သာပါ။
ကျနော် စဉ်းစားရသလောက် ဆို………………………………
၁) သင်ရိုးညွှန်းတန်းတွေ
၂) ဆရာ အတတ်သင် ဝင်ခွင့်
၃) ဆရာဖြစ်သင်တန်းရဲ့ သင်ရိုးတွေ
၄) လုံလောက် တဲ့ စာသင်ကျောင်း အဆောက်အဦးးး
၅) အလှကြည့်ရန်မလိုတဲ့ သင်ထောက်ကူ ပစ္စည်းးး များ
၆) ဦးဆာ ပြောထားတဲ့ အတိုင်းး မလိုအပ်တဲ့ လုပ်ဆောင်မှု၊ ကုန်ကျမှုတွေ
၇) ပညာရေးအတွက် သုံးတဲ့ အသုံး စရိတ်
၈) ပညာရေးရဲ့ အကြီးပိုင်းဌာနဆိုင်ရာမှာ စစ်တပ်က လူပဲ ရှိရမယ် ဆိုတဲ့ ပေါ်လစီ
၉) မအောင်မနေရ စံနစ် / အောင်ချက်ဘယ်လောက် ရှိရမယ်လို့ အမိန့်ပေးတဲ့ စံနစ် (စစ် စံနစ် ကို ပညာရေးမှာ လာသုံးတာ ကျနော် အရမ်းမုန်းတယ်)
၁၀) လူတော်/ ပညာတတ် ကို ချောင်ထိုး/မမြှောက်စားတဲ့ စိတ်ဓာတ်တွေ
စသည်ဖြင့် အများကြီးပါပဲ အမဝင့်ရေ။
ကျနော်တို့ က သူများနိုင်ငံက အတုယူရမယ် ဆိုရင်တောင် သင်ရိုးစာအုပ်လေးတင် ယူလို့ မလုံလောက် တော့ပါဘူးးးးး
စံနစ်တစ်ခုလုံးကို ပြင်မှ ရတော့မှာပါ။
စံနစ်တစ်ခုလုံးပြင်မယ် ဆိုရင် ခု စစ်အစိုးရ တစ်အုံလုံး ဆင်းပေးစေချင်တာပါပဲ အမရယ်။
ဒီ ဘူတာပဲ ဆိုက်မိလို့ ဒီ မှာတင်ပဲ ရပ်ပါပြီ။
alinsett
November 2, 2013 at 8:26 pm
သဂျီးစကားလေး..ငှားပြောချင်တယ်…စနစ်ကြောင့် မှုတ်ဖူး…
စနစ်ကြောင့် မှုတ်ဖူး…။
စံနစ်ကြောင့်မဟုတ်ဘူး..ဆိုပြီး.စွတ်ငြင်းနေလို ့တော့..မရ..
စံနစ်နဲ့အတူ… ပြင်ရမှာတွေ ရှိသေးတယ်.. ။
:kwi:
ဝင့်ပြုံးမြင့်
November 3, 2013 at 11:38 pm
ဘာလုပ်လုပ် အစခက်တယ် မခိုင်ဇာရေ။ ဒါပေမယ့် စမိပြီ ဆိုတာနဲ့ နောက်မကျတော့ပါဘူး။ ပညာရေးအတွက် အလှူအတမ်း ရက်ရောတဲ့ မခိုင်ဇာကို အမြဲသတိထားမိနေတယ်။ ဒီလိုပဲ ကိုယ်တတ်နိုင်တဲ့ ဒေါင့်ကနေ စလိုက်ကြတာ ကောင်းပါတယ်။ အစ်မတို့က ပြည်တွင်းနေသူတွေဆိုတော့ ပြည်ပသမားတွေလို အလှူအတမ်း အားမကောင်းဘူး။ ပြည်တွင်းနေဆိုတော့ မှားနေတာကို ပိုတွေ့ထိနေရတာပေါ့လေ။ ဒါကြောင့် တိတိကျကျ ရေးပြနိုင်တာ။ ဘယ်အခြေအနေပဲ ရောက်နေပစေ၊ အပင်ပန်းခံကြည့်ကြတာ ကောင်းပါတယ်နော်။ ဇွဲမလျှော့ပါနဲ့။
ဝင့်ပြုံးမြင့်
November 3, 2013 at 11:45 pm
အလက်ဇင်းရေ
စနစ်ကြောင့် မဟုတ်ဘူး ဆိုတော့ လူကြောင့်လို့ ပြောတာလား။ လူက စနစ်ကို တီထွင်တာ မဟုတ်ဘူးလား။ အဲဒီစနစ်ကပဲ လူကို ပြန်ဖျက်တာ မဟုတ်ဘူးလား။ ဒါဆို မုန့်လုံးစက္ကူ ကပ်စနစ်ပေါ့။
အစ်မကတော့ တင်းနစ် ဝါသနာအိုးဆိုတော့ စနစ်ကြောင့်ပဲ ထင်တယ်။ တင်းနစ်မှာ ခွန်အား အရေးကြီးပေမယ့် တကယ့်အခရာ က စနစ်မှာ။ ပညာရေးမှာလည်း မြန်မာကလေးတွေ ဉာဏ်ရည်နိမ့်နေပစေဦး။ စနစ်မှန်ရင် တက်မယ်လို့ လုံးဝယုံတယ်။ ခု မြန်မာကလေးတွေ ဉာဏ်ရည်မြင့်တော့ စနစ်မှန်လို့ကတော့ ဒိုင်းခနဲပဲ။
padonmar
November 4, 2013 at 12:43 am
ဘိုကျောင်းလို့ခေါ်နေကြတဲ့ ပုဂ္ဂလိကကျောင်းတွေမှာထားတဲ့ ကလေးတွေရဲ့ အဓိက အားသာချက်ကတော့ အစိုးရကျောင်းနေတဲ့ ကလေးတွေထက် ပြောရဲဆိုရဲလုပ်ရဲ လူရှေ့ထွက်ရဲဆိုတဲ့ self confidence ရှိတာတွေ့ရတာပါပဲ။
ကလေးတိုင်း အဲဒီလို စိတ်မျိုးရအောင် ပျိုးထောင်တဲ့ မူလတန်းဦးစားပေး သင်ရိုးတွေ ရှိစေချင်ပါတယ်။
မူလတန်းဆရာဆရာမတွေကို အခုသင်ကြားနေတဲ့ စနစ်ကနေ လုံးဝပြောင်းလဲလိုက်စေချင်တာပါပဲ။
(အဲဒီလို စာသင်ကြားရေးစနစ် အရင်ကရှိခဲ့ပါတယ်၊ဖျောက်ပစ်လိုက်ကြတာပါ၊ကျမတို့တောင်မမီခဲ့ပါဘူး)
သင်ရိုးအဆင့်မီဖို့က တပိုင်း၊ကျောင်းနေအရွယ်တိုင်း ပညာသင်နိုင်ဖို့က တပိုင်း မရောပဲ Plan ဆွဲမှရမယ်ထင်ပါတယ်။
ကလေးတိုင်း ပညာသင်နိုင်ဖို့က ပိုကျယ်ပြန့်ပါတယ်။
မိဘတွေရဲ့ ကဏ္ဍပါပါနေပါတယ်။ဆင်းရဲမွဲတေမှု ပပျောက်ရေးလိုပဲ လုပ်မဆုံးတော့ပြီ ဖြစ်မှာပဲ။
လောလောဆယ်တော့ ပလက်ဖောင်းစာသင်ခန်း၊ ပညာဒါနနဲ့ ဘက တွေပဲ အားကိုးရအုံးမှာပဲ။
ဝင့်ပြုံးမြင့်
November 6, 2013 at 9:56 am
ဟုတ်ပါတယ် အန်တီမာရေ သင်ရိုးစနစ်က တစ်ပိုင်း၊ ကျောင်းနေရွယ်တိုင်း ပညာသင်နိုင်ဖို့က တစ်ပိုင်း။
သင်ရိုးပြဌာန်းစာအုပ်ကတော့ ဆရာတွေကို ပြန်ပြီး စိန်ခေါ်နိုင်မယ့် စာအုပ်ကို လုပ်မှဖြစ်မယ်။ ဆရာတွေလည်း ကိုယ့်ကိုယ်ကိုယ်ပြန်သွေးရမယ်။ ဘော်ဒါဆောင်တွေ ဟောက်စား လုပ်လို့မရစေရဘူး။ ပညာရေးဟာ လုံးဝ ညာလို့မရစေရဘူး။
ကျောင်းနေရွယ်တိုင်း ပညာသင်နိုင်ဖို့ကတော့ ဘဖော ပြောသလို မိဘကို အရေးယူတဲ့နည်းသာ ထိရောက်မယ်လို့ ယူဆပါတယ်။
weiwei
November 4, 2013 at 11:15 am
ပညာရေး seminar တစ်ခု သွားတုန်းက ပညာရေးဌာနဘက်က ဝန်ထမ်းတစ်ယောက်ပြောပြဖူးတယ် … ရွာဘက်တွေမှာ မသင်မနေရ ပညာရေးစနစ်ကို အကောင်အထည်ဖော်ဖို့အတွက် ကလေးရှိတဲ့အိမ်တွေကို ကွင်းဆင်းပြီး ကျောင်းတက်ဖို့ စည်းရုံးတဲ့အခါ တစ်ချို့အိမ်တွေက တံခါးလုံးဝ ဖွင့်မပေးဘူးတဲ့ .. တစ်ချို့အိမ်တွေက ဆဲလွှတ်တယ်တဲ့ … တစ်ချို့က ပြောတုန်းကလက်ခံလိုက်ပေမယ့် တကယ်တမ်းကျောင်းမပို့ကြဘူးတဲ့ … အဲဒါကြောင့် အောင်မြင်ဖို့မလွယ်ဖူးလို့ပြောပါတယ် …
ကျွန်မအထင်ပြောကြည့်ရရင်တော့ မူလတန်းအောင်ရင်ရနိုင်တဲ့အကျိုးအမြတ်နဲ့ မူလတန်းမတက်ရင် ရမယ့် အကျိုးအမြတ် ဘယ်လိုကွာခြားတယ်ဆိုတာ လက်တွေ့ပြနိုင်ရင် ကျောင်းလွှတ်ဖို့အတွက် စိတ်ပါကြမယ်ထင်ပါတယ် .. အခုဖြစ်နေတာက မူလတန်းအောင်တာနဲ့ မအောင်တာနဲ့ တစ်နေ့တာ လုပ်အားခ အတူတူပါပဲ .. သင်ခန်းစာထဲမှာ ဘာမှလဲ ပိုထူးပြီး မသိနိုင်တဲ့အတွက် မူလတန်းပညာရေးကို အယုံအကြည် မရှိကြတော့တဲ့သဘောသက်ရောက်နေပါတယ် ..
သင်ရိုးညွှန်းတမ်းဘက် ပြန်လှည့်ကြည့်ပြန်တော့လဲ …
ဒီလိုနဲ့ပဲ မုန့်လုံးစက္ကူကပ်ဖြစ်ပြီး ဘဲဥအစရှာမရသလိုဖြစ်နေတယ် ..
ဝင့်ပြုံးမြင့်
November 6, 2013 at 1:55 pm
ခုတော့လည်း သိကြပြီပေါ့နော်။ ဟုတ်ပါတယ် မဝေရေ .. မသင်မနေရ မူလတန်းပညာရေး မအောင်မြင်ဘူး။ သတင်းစာထဲမှာတော့ ပြတ်ပြတ်သားသား မရေးကြသေးပါဘူး။ မျှော်လင့်ထားသလောက် အောင်မြင်မှု မရဘူးလို့ပဲ ရေးကြတယ်။ ခုမှ အစရှိသေးတာကိုး။ လာမယ့်နှစ် ဘယ်လိုနေမယ် မသိဘူး။
အစိုးရကလည်း တကယ်စေတနာထားပြီး လုပ်ပါတယ်။ ပြဌာန်းစာအုပ် အခမဲ့ဝေတယ်။ နှစ်လယ်တုန်းက ကျောင်းသားတိုင်းကို ဗလာစာအုပ် ၁ဝ အုပ်ဝေလိုက်သေးတယ်။ ဒီသတင်းက လူသိပ်မသိဘူး။
ဒီပို့စ်ကို ဖတ်မိတဲ့လူတွေ ကိုယ်နဲ့နီးစပ်ရာက ကလေးတွေ ကျောင်းအပ်မအပ်ကို မေးမြန်းစုံစမ်းပြီး ကျောင်းအပ်ကြဖို့ ပြောကြပါနော်။ မိဘတွေကလည်း အသိခေါက်ခက် အဝင်နက်ကြတယ်။
မပြုံးသာ သမ္မတဖြစ်လို့ကတော့ (ကျော်သူကြီးကို အားကျလို့) တိုင်းပြည်ကို ဓားမိုးပြီးအုပ်ချုပ်တယ်။
Foreign Resident
November 5, 2013 at 11:57 am
မပြုံး ရေ ၊ ကျနော်လည်း ကျနော့် Post ဘက်မှာ အလုပ်ရှုပ်နေတာနှင့် ၊
မပြုံး Post ကို အခုမှ Comment ရေးဖြစ်တယ် ။
” နည်းစနစ်မှန်ကန်စွာ ပြုစုထားတဲ့စာအုပ်မို့ သင်ရင်တတ်တယ် ”
နည်းစနစ်မှန်ကန်စွာ ပြုစုထား = မှန်ပါတယ် ။
” မြန်မာ ကလေးတွေ ဉာဏ်ကောင်းတာမို့ လိုက်နိုင်မယ်လို့ ယူဆလို့ရပါတယ် ”
အဲဒါကို မ ထောက်ခံပါဘူး ။
စင်္ကာပူ မှာ ကျောင်းထား နိုင်တဲ့ မိဘ တွေဟာ ( Generally ) ငတုံး တွေ မဟုတ်ပါဘူး ။
သူတို့ ( မိဘ တွေ ) ရဲ့ Gene တွေအရ ၊ ဒီ ကလေးတွေဟာ ၊
မြန်မာနိုင်ငံက General / Average ကလေးတွေထက် ဉာဏ် ကောင်းနေသူတွေပါ ။
ဒါကြောင့် Average မြန်မာ ကလေးတွေ ရဲ့ ဉာဏ်ရည်ကို ၊
စင်္ကာပူ မှာ ကျောင်းထား နိုင်တဲ့ ကလေးတွေကို ကြည့်ပြီး ဆုံးဖြတ်လို့ မရပါဘူး ။
အကြမ်းဖျင်းအားဖြင့် ၊ မှန်းကြည့်ချင်တယ် ဆိုရင်တော့ ၊ ဒဲ့ ( ဒဲ့ ) ပြောပြမယ်နော် ။
မြန်မာ ကလေးတွေဟာ ဉာဏ် သိပ်ကောင်းတယ် ဆိုရင် ၊
ဘာကြောင့် ဆေး / စက်မှု တက္ကသိုလ် ရဲ့ သုံးပုံ နှစ်ပုံ ဟာ တရုတ် ကလေးတွေ ဖြစ်နေရတာတုန်း ။
တစ်ခု ကံကောင်းတာကတော့ ၊ အခု နောက်ပိုင်း ခေတ် မှာတော့ ၊
တရုတ် ကလေးတွေ ဟာ အစိုးရ ကျောင်းကိုတောင် မထားတော့တဲ့ အတွက် ၊
မြန်မာ ကလေးတွေ အတွက် ဆေး / စက်မှု တက္ကသိုလ် တက်ခွင့် ပိုရလာပါမယ် ။
” မသင်မနေရ မူလတန်းပညာရေးကို ၂ဝ၁၁-၁၂ မှစတင် ”
ဩဇီ မှာ မသင်မနေရ ပညာရေး ကို အသက် နှင့် သတ်မှတ်တယ် ။
အသက် ၁ရ နှစ် ပြည့်တဲ့ အထိ ကျောင်း မလာ မနေရ ( ကျောင်း မလာ မနေရ ) ။
ကလေး ကို ကျောင်းမလွှတ်ရင် မိဘ ကို အရေးယူတယ် ။
အကယ်၍ မိဘ က စီးပွားရေး ကြောင့် ကလေး ကို ကျောင်းမလွှတ်နိုင်တာ ဆိုရင် ၊
အဲဒီ ကလေး ရဲ့ ကျောင်းစရိတ် စက အားလုံးကို အစိုးရကပေးတယ် ။
( Education in Australia is compulsory
between the ages of five and fifteen to seventeen,
depending on the state or territory, and date of birth.
—http://en.wikipedia.org/wiki/Education_in_Australia— )
” ကမာ္ဘ့အကြီးဆုံး ကြေးသွန်း ခေါင်းလောင်းကြီး သွန်းလုပ်ဖို့ ၊
ငွေကျပ် သိန်းပေါင်း ခုနစ်သောင်းခန့် ရဖို့ လိုနေပါသတဲ့။
အမဲသတ်လိုင်စင်အတွက် သိန်းရာနဲ့ ထောင်နဲ့ ချီပြီး အကုန်ခံခဲ့ကြတယ်။
နွား ကယ်တင်ရေး လုပ်မယ့်အစား အဲဒီငွေတွေနဲ့
အလယ်တန်း ကျောင်း ၄-၅ကျောင်းလောက် ဆောက်ပေးရင် ဘယ်လောက်ကောင်းမလဲ ”
အမှန်ပါပဲ ။
တိုင်းသူပြည်သားတွေ ဟာ သူတို့နှင့် ထိုက်တန်တဲ့ အခြေအနေ / အစိုးရ ကို ရနေတာပါ ။
” ဘိုကျောင်းထွက်နဲ့ အစိုးရကျောင်း ထွက် ပညာချင်းယှဉ်နိုင်တဲ့တနေ့၊
” ရွှေအိုးရှိမှပညာရ ” ဆိုတဲ့ စကားကို ရိုက်ချိုးနိုင်တဲ့တနေ့ဟာ ၊
မြန်မာ့ပညာရေးလောက အောင်ပွဲခံတဲ့နေ့ဖြစ်ကြောင်း ဆိုလိုက်ပါရစေ ”
အဲဒါကတော့ ၊ မဖြစ်နိုင်ဘူးရယ် ။
ဒိတ်ဒိတ်ကြဲ နိုင်ငံတွေမှာလဲ ၊ သူဋ္ဌေးသား တက်တဲ့ကျောင်း နှင့် ၊
ဆင်းရဲသား တက်တဲ့ကျောင်း ၊ သတ်သတ်စီကို ရှိနေတာပါ ။
အဖိုးနည်း ရင်တော့ ၊ အိုးကွဲ ပဲရတော့မပေါ့ ၊ မပြုံး ရယ် ။
” ပြဌာန်းစာအုပ်ရေးပြီး တင်သွင်းဖို့ကို ပြင်ပ ပညာရှင်တွေကိုခေါ်ရင် မဖြစ်ဘူးလား ”
ဒီဖက်က နိုင်ငံတွေမှာတော့ ၊
သူရေးတဲ့ စာအုပ်ကို ပြဌာန်းစာအုပ် အဖြစ် အရွေးခံလိုက်ရလို့ကတော့ ၊
စာအုပ်ရေ သန်းချီ ရိုက်ရတဲ့အတွက် ၊ တကယ့်ကို သူဋ္ဌေးကြီး ဖြစ်တော့တာပဲ ။
ဒါကြောင့် ၊ စာရေးသူ ကလည်း ၊ ရှယ် ကြိုးစားပြီးကို ရေးတာလေ ။
” ဘိုကျောင်းလို့ခေါ်နေကြတဲ့ ပုဂ္ဂလိကကျောင်းတွေမှာထားတဲ့ ကလေးတွေရဲ့
အဓိက အားသာချက်ကတော့ ပြောရဲဆိုရဲလုပ်ရဲ လူရှေ့ထွက်ရဲဆိုတဲ့ self confidence ရှိတာ ”
အမှန်ပါဘဲ ။ အဲဒါမှပဲ တကယ့် ( တကယ့် ) လူတော်တွေ ထွက်လာမှာပါ ။
ဝင့်ပြုံးမြင့်
November 6, 2013 at 2:06 pm
ဘဖော
ပညာတတ်မိဘနှစ်ပါးက မွေးတဲ့ကလေးက ပညာမတတ်တဲ့မိဘကပေါက်ဖွားလာတဲ့ ကလေးထက် စာတတ်လွယ်တယ်လို့ ဖတ်ထားဖူးတယ်။ မိဘတွေက သူတို့ရဲ့ gene ကို ပြုပြင်ပြီးထားသလို ဖြစ်နေတာကိုး။ အခု မပြုံး ပြောတဲ့ မြန်မာကလေး ဆိုတဲ့ထဲမှာ တရုတ်ကပြားလေးတွေလည်း အကျံ ုး ဝင်ပါတယ်။ သူတို့က အင်အားအကောင်းဆုံး။
—-
ဘဖောပြောတဲ့ စကားထဲမယ် အဖိုးနည်းရင် အိုးကွဲပဲရမယ် ဆိုတဲ့စကားက ဟတ်အထိဆုံးပဲ။ ဒီလိုလည်း ရှိတယ်။ အခု မြန်မာပြည်မှာက ကျောင်းသားမိဘတွေ အကုန်ကျခံထားရတာ (အစိုးရကျောင်းနော်) အထက်တန်းကျောင်းသား တစ်ဦးအတွက် တစ်လကို ငါးသောင်းကနေ နှစ်သိန်းခွဲလောက်အထိ အကုန်ခံထားတယ်။ ဘော်ဒါဆောင်ပို့ရင် တစ်နှစ်စာ (တကယ်တော့ ၁ဝလ) ကို အောက်ထစ် သိန်း ၄ဝ အကုန်ခံ ထားရတယ်။ အဲဒါကြောင့် သိပ်တော့လည်း အဖိုးမနည်းလှပါဘူး။ သိပ်ပြီး အဖိုးမနည်းဘဲ အိုးကွဲပဲ ရနေတာ။ ဘော်ဒါဆောင်တွေလည်း လုပ်စားစရာကြီးကို ဖြစ်လို့။
ဒိတ်ဒိတ်ကြဲ နိုင်ငံတွေမှာ ဥပမာ အင်္ဂလန်မှာ ဆိုရင် ဘုရင့်ကျောင်း အီတန် လိုမျိုးပေါ့။ အဲဒါတွေက snobbery သဘောမျိုး ဆန်တယ်။ များသောအားဖြင့်ကတော့ ဒီမှာလောက် ပညာရေးကွာဟချက် ကြီးနိုင်မယ် မထင်ဘူး။ ဒီမှာက အရမ်းကွာတယ်။ ရှက်စရာကောင်းလောက်အောင်ကို ကွာတယ်။
Khant Khant
November 5, 2013 at 3:42 pm
လက်ရှိမြန်မာ့ပညာရေးစနစ်ကို ဥရောပ စက်မူ့တော်လှန်ရေး
ခေတ် လုပ်သားများစွာပေါ်ထွက်လာရေးကိုမျော်ကိုး၍ရေးဆွဲ
ထားသောပညာရေးစနစ်ဟုထင်ပါသည်။
ကျောင်းနေစဉ် အနှစ်နှစ်ဆယ်ခန့်ကို ဒါရေး ဒါကျက် ဒီလိုတွက် ဒီလိုမှတ် ဒီလိုဖြေ ဆိုပြီး ပြောသမျှ ခိုင်းသမျှကို
နာခံတတ်လာအောင် လေ့ကျင့်ပေးလိုက်တာပါ။
ဒီလိုဆရာတွေရဲ့ အမိန့်အောက်မှာခေါက်ရိုးကျိုးနေတဲ့ကျောင်း
သားတွေ ကျောင်းပြီးလို့အလုပ်ခွင်ထဲရောက်လာတာနဲ့ဆရာ
တွေရဲ့နေရာကို အလုပ်ရှင်/မန်နေဂျာတွေ ရောက်လာတယ်။
ဒါလုပ် ဆိုတဲ့ကျောင်းသားတွေကလည်း အလုပ်ရှင်/မန်နေဂျာ
တွေအောက်မှာခိုင်းတာလုပ် ပေးတာယူနဲ့ မြန်မာ့ပညာရေး
စနစ်ကသွားနေတာ။
ဒီတော့ ကျောင်းစာသင်ချိန်တွေမှာ တချိန်လုံးခိုင်းတာပဲလုပ် သင်နည်းအစား များများစဉ်းစားတဲ့သင်နည်း များများအဖြေရှာ
ခိုင်းတဲ့သင်နည်း အဲသလိုမျိုးပြောင်းလဲသင်ကြားမယ်ဆိုရင်
အနှစ်နှစ်ဆယ် လောက် စဉ်းစားတဲ့ ပြသနာအဖြေရှာတဲ့
လူတော်တွေကိုမွေးထုတ်နိုင်မှာပါ။
သူတို့လုပ်ငန်းခွင်မှာလဲ အမြဲတိုးတတ်တဲ့အမြင်တွေနဲ့လုပ်ကိုင်
နိုင်ပြီးနိုင်ငံအတွက် သူတို့ကိုယ်တိုင်အတွက် အောင်မြင်တဲ့
အသီးအပွင့်ကိုရမယ်လို့ထင်ပါတယ်။
အဲဒီတော့ ကျတော်ပြောချင်တာကတော့ သင်ရိုးစာအုပ်ထက်
သင်ကြားနည်းကိုအရင်ပြောင်းသင့်ပါတယ်လို့ ။
ဝင့်ပြုံးမြင့်
November 6, 2013 at 2:18 pm
ခန့်ခန့်ရေ အားပေးတာ ကျေးဇူးပါနော်။ သင်ရိုး ပြောင်းဖို့ အရေးကြီးတယ် ခန့်ခန့်ရယ်။ သင်ရိုးက ဆရာတွေကို ပြန်စိန်ခေါ်နိုင်တဲ့ သင်ရိုးဖြစ်ရမယ်။ ဆရာကလည်း ပြန်သွေး၊ ကျောင်းသားကလည်း လုပ်၊ နှစ်နည်းနည်းစောင့်ရင် အိုကေသွားနိုင်တယ်။
—
ဘိုကျောင်းတစ်ကျောင်းက ပြဌာန်းစာအုပ်ရဖို့ ကြိုးစားခဲ့ဖူးသေးတယ်။ မရခဲ့ဘူး။ သူတို့က သူတို့စာအုပ် အပြင်ကို အပေါက်မခံဘူး။ အခုဖွင့်နေတဲ့ ဘိုကျောင်းတွေကကော အမေရိကန် စတဲ့ နိုင်ငံက သင်ရိုးတွေကို ပြန်ယူတာပဲလား။ အဲဒီလို ယူခွင့်ရှိလား။ အဲဒါလေးသိချင်တာ။ ယူခွင့်ရှိရင် ကိုယ်လည်း ယူသုံးရုံပဲပေါ့။ ကွန်ပြူတာ လိုပေါ့။ ကွန်ပြူတာကို တီထွင်တဲ့လူက တီထွင်တယ်။ ဒါကို မတီထွင်နိုင်တဲ့လူတွေက သူများတီထွင်ပြီးသားကို ဝယ်သုံးတယ်။ အဲဒီအပေါ်မှာ ဆက်လုပ်တယ်။ သူများတီထွင်ပြီးသား မသုံးဘူး၊ ကိုယ့်ဖာသာကိုယ် ပြန်တီထွင်မယ် ဆိုရင် ကြာကုန်မှာပေါ့။ ပညာရေးမှာလည်း အဲဒီလို ပညာရေးအောင်မြင်ပြီးသား နိုင်ငံက တီထွင်ပြီးသား ပုံစံကို ယူသုံးစေချင်တယ်။ ကိုယ့်ဖာသာကိုယ်ဆိုရင် စမ်းတဝါးဝါးနဲ့ ကလေးတွေလည်း အစမ်းသပ်ခံ ပညာရေးပဲ ကြုံနေရလို့ပါ။ ပြီးတော့ ဒေသတွင်းက ဘိုကျောင်းတွေရဲ့ သင်ရိုးနဲ့ သင်ပုံတွေကို အတုခိုးရင် ပြဿ နာ များနိုင်သေးတယ်။ တခြားနိုင်ငံက ဟာကို တခါတည်း ယူသုံးတာကမှ ပြဿ နာ နည်းနိုင်ဦးမယ်။
လုံမလေးမွန်မွန်
November 6, 2013 at 4:12 pm
မနေ့က စဉ်းစားမိတာ တစ်ခုရှိလို့ ပြန်ဝင်လာတာ..
-သင်ရိုးပြောင်းရမှာက လုံးဝသေချာတယ်..
ဆရာတစ်ယောက်ပြောဖူးတာ သွားသတိရတယ်… မြန်မာစာကို သင်နေတဲ့… ဂျာနယ်တွေမှာ စာတွေရေးနေတဲ့…မြန်မာစာဆရာက ပြောတာ…
သင်ရိုးတွေ ခေတ်မမီတော့ဘူးတဲ့… ဥပမာ..ဆယ်တန်းမှာ ရေသည်ပြဇာတ်ကို ဘာလို့သင်နေမှန်း စဉ်းစားလို့ မရဘူးတဲ့… ရေသည်ပြဇာတ်ဆိုတာ ဘုရင့်ကို ဖျော်ဖြေတဲ့အနေနဲ့ ဦးပုညက ရေးခဲ့တာ… မှတ်သားစရာဆိုလို့ ဖြစ်တတ်တဲ့လူ့စိတ်သဘာဝလေးပဲ ပါတယ်တဲ့… ဒါမျိုးတွေဆို ဖြုတ်သင့်ပြီတဲ့… နောက် ကဗျာတွေရောပဲ… ဟိုး…. ရှေးရှေးက ကဗျာတွေကို ဗဟုသုတသဘောမျိုးလောက်ပဲ ထည့်သင့်ပြီး တကယ်သင်သင့်တာက အခုခေတ် လူငယ်တွေ စိတ်ဝင်စားတဲ့ ကဗျာမျိုးတွေကို သင်သင့်တယ်တဲ့… လက်တွေ့နဲ့ မနီးစပ်တော့ ဘယ်သူကမှ စာ၊ ကဗျာကို ဝါသနာမပါတော့ဘူး.. တကယ်ဆို ကျောင်းသင်ရိုးက လက်တွေ့ဘဝအတွက် လေ့လာစရာစာအုပ် ဖြစ်သင့်တာတဲ့.. ကျောင်းက စာတွေ၊ ကဗျာတွေက အပြင်မှာ ရေးဖို့ အထောက်အကူ ဖြစ်သင့်တယ်တဲ့…
-သင်နည်းပြောင်းဖို့…
ဒါလုပ်ရင် ဒါဖြစ်တယ် ဆိုတာကြီး ချမပြဘဲ..ဒါလုပ်လိုက်ရင် ဘာတွေများဖြစ်နိုင်မလဲ ပြောကြည့်ကြပါဦး ဆိုတဲ့ thinking level ကို မြှင့်ပေးတာတွေ ဖြစ်သင့်ပါတယ်.. Chemistry, Physics, Bio လက်တွေ့တွေ ဝေးသေးရင် အသာထား.. တစ်ခြားဘာသာရပ်တွေမှာတင် သင်နည်းပြောင်းပေးလို့ ရပါတယ်..
-ဆရာ…
စိတ်ထဲမှာ ဖြစ်စေချင်နေတာလေး.. ဆရာရွေးချယ်ရေးဆိုပြီး ကော်မတီခေါ်မလား… အဖွဲ့ခေါ်မလား .. တစ်ခုခုဖွဲ့လိုက်… ပြီးရင် လက်ရှိသင်နေတဲ့ဆရာတွေရော၊ အပြင်က ဆရာလုပ်ချင်သူတွေရော အကုန်လုံးကို ဝင်ခွင့်စစ်ဆေးမှုတွေပြန်လုပ်၊ အရည်အချင်းမပြည့်သူတွေအကုန်လုံးကို ဖြုတ်ချခဲ့… ပြီးရင် အကုန်လုံးကို training ပေး၊ ခံစားခွင့်ကောင်းကောင်းနဲ့ အလုပ်လုပ်ခိုင်းပေါ့…
တော်တဲ့သူရော..ညံ့တဲ့သူရောကို တစ်ယောက် 20 ပေးပြီး 5 ယောက်ခန့်မယ့်အစား..တကယ် လုပ်နိုင်တဲ့သူ 2 ယောက်ကို တစ်ယောက် 50 ပေးပြီး ခန့်တာက ပိုထိရောက်မယ်ထင်တယ်…
-အခြေခံအဆောက်အအုံ…
ပညာရေးအတွက် ထောက်ပံ့မယ့် ဘတ်ဂျက်တွေ ရှိနေတယ် ထင်ပါတယ်..
ဟီး.အ.တော်မောသွားပြီ… လျှောက်ပြောကြည့်တာ… 🙂
ဝင့်ပြုံးမြင့်
November 6, 2013 at 10:59 pm
ဟုတ်တယ် မွန်မွန်ရေ၊ မြန်မာစာမှာ ဦးပုည ချည်းဖြစ်နေတာ ဆိုးတယ်။ ကမာ္ဘလုံးဆိုင်ရာ အတွေးအခေါ်မျိုး ထည့်ပေးသင့်တယ်။ ပထဝီ နိုင်ငံရေးကိုလည်း မြန်မာဖတ်စာထဲမှာပဲ နည်းနည်းတို့ထိပေးထားချင်တယ်။
သင်နည်းပြောင်းဖို့ကတော့ အသည်းအသန်လုပ်ရမှာ။ အစိုးရက ဘက်ဂျက်တအားသုံးပြီး ဆရာမွမ်းမံသင်တန်းကို လုပ်ရမှာ။
အထက်မှာ မသဲနု ပြောထားတာရှိတယ်။ အမှတ်တမဲ့ကြည့်ရင် အစိုးရကျောင်းသားက သချင်္ာမှာ ပိုတော်တယ် ထင်ရပေမယ့် တကယ်က မဟုတ်တဲ့အကြောင်း။ အဲဒါ မှန်တယ် လို့ ထင်တယ်။ ဘာလို့ဆို မပြုံးကိုယ်တိုင် ဂျီစီအီး အေလယ်ဗယ် မဖြေနိုင်ခဲ့ပါဘူး။ သချင်္ာမေးခွန်းက ရှည်လျားပေမယ့် ဖြေလိုက်ရင် တစ်ကြောင်းတည်း။ ခုခေတ် အစိုးရကျောင်းသားတွေ ဂျီစီအီး အေလယ်ဗယ်ရော အိုလယ်ဗယ်ရော အနားကိုမသီနိုင်ဘူး။ ဆယ်တန်းသမားဟာ American Mosaic လောက်ကိုတောင် မဖတ်နိုင်ဘူး။
—–
ဘာသာစုံပညာရေးကို မပြောဘူး။ အင်္ဂလိပ်စာမှာ နည်းစနစ်မှန်ရင် တတ်တယ်ဆိုတာ ဇက်နဲ့တောင် အာမခံချင်တယ်။ မဟုတ်ရင် ကျမ ဇက်ကို ဓားနဲ့ လာပိုင်းနိုင်တယ်။
Foreign Resident
November 6, 2013 at 5:29 pm
ဝင့်ပြုံးမြင့် says:
” အခု မြန်မာပြည်မှာက ကျောင်းသားမိဘတွေ အထက်တန်းကျောင်းသား တစ်ဦးအတွက်
တစ်လကို ငါးသောင်းကနေ နှစ်သိန်းခွဲလောက်အထိ အကုန်ခံထားတယ် ”
” အဲဒါကြောင့် သိပ်တော့လည်း အဖိုးမနည်းလှပါဘူး ။
သိပ်ပြီး အဖိုးမနည်းဘဲ အိုးကွဲပဲ ရနေတာ ”
” ဒီမှာလောက် ပညာရေးကွာဟချက် ကြီးနိုင်မယ် မထင်ဘူး။
ဒီမှာက အရမ်းကွာတယ်။ ရှက်စရာကောင်းလောက်အောင်ကို ကွာတယ် ”
မပြုံး စဉ်းစားလို့ရအောင် အချက် အလက် တစ်ချို့ပေးမယ်နော် ။
ကျနော့် ငယ် သူငယ်ချင်း Maersk Line က သင်္ဘော ကပ္ပတိန် တစ်ယောက် ၊
သူ့သားကို University of Technology, Sydney (UTS) မှာ ထားတယ် ။
၁ နှစ် ကို ၊ အကြမ်းဖျင်း သိန်း ၄၀ဝ ကုန်တယ် ။
ကျနော် အခု လိုက်နေတဲ့ သင်္ဘောလိုင်းက အသိ Chief Engineer တစ်ယောက် ၊
သူ့သားကို Massachusetts Institute of Technology (MIT) မှာ ထားတယ် ။
၁ နှစ် ကို ၊ အကြမ်းဖျင်း သိန်း ၅၀ဝ ကုန်တယ် ။
အဲဒီ Uni ၂ ခုစလုံး ( UTS & MIT ) က ကမာ္ဘ့ အဆင့်မှီတယ်လို့ ပြောလို့ရတဲ့ Uni တွေပါ ။
အဖိုး နည်းသလား ၊ မနည်းဘူးလား ၊ မပြုံး မှန်းနိုင်ဖို့ပါ ။
ကျနော်ကတော့ ၊ အစိုးရ ၁ဝ တန်း ၊ တစ်လ ငါးသောင်း ကို ၊ အဖိုး နည်းတယ်လို့ ထင်ပါတယ် ။
ဒါပေမယ့် ပညာရေး အဆင့် ကျပြန်တော့လဲ ၊ စုတ်ပြတ် နေပြန်ရော ။
အဓိက ပြဿနာက ၊ ရန်ကုန်မြို့မှာ ၊
နိုင်ငံတကာက လက်ခံနိုင်တဲ့ အဆင့်ရှိတဲ့ ပညာရေး ကျပြန်တော့လဲ ၊
အဖိုးက ပက်ပက် စက်စက် ကို များနေပြန်ရော ။
အကြမ်းဖျင်း ပြောရရင် ၊ Diplomatic School & International School Yangon တက်ရင် ၊
Year 12 ကလေး တစ်ယောက်ဟာ အကြမ်းဖျင်း တစ်လ ဒေါ်လှ ၂၀၀ဝ လောက်ကျမယ် ။
သူငယ်ချင်း အများစု ၊ သင်္ဘော ကပ္ပတိန် နှင့် Chief Engineer တွေတောင် ၊
သူတို့ရဲ့ သားသမီးတွေ ( အားလုံး ) ကို ၊ ရန်ကုန်မှာ ၊
Diplomatic School & International School Yangon ဖိုး မတတ်နိုင်ရှာတဲ့ အတွက် ။
သူတို့တွေ အားလုံး Singapore နိုင်ငံသား ခံလိုက်ကြတယ် ။
သူတို့ Singapore နိုင်ငံမှာ ၊ Singapore နိုင်ငံသား ဖြစ်သွားရင် ၊
ကလေးတွေရဲ့ ( အစိုးရ ) ကျောင်းလခ က အရမ်း သက်သာသွားတယ် ။
Singapore နိုင်ငံ ရဲ့ ကောင်းကွက် က ၊
သူတို့ရဲ့ အစိုးရ ကျောင်း ပညာရေး အဆင့်အတန်း က ၊
ဈေးပေါပေမယ့် ၊ နိုင်ငံတကာက လက်ခံနိုင်တဲ့ အဆင့် ရှိနေတာ ပါပဲ ။
ဝင့်ပြုံးမြင့်
November 6, 2013 at 11:08 pm
ဘဖောရေ
ကျမလည်း သားတစ်ကောင်မွေးထားတော့ နောင်ရေးတွေးပြီး ရူးချင်နေပြီ။ အခု ဈေးနှုန်းတွေ တိတိကျကျ သိရတော့ ပက်လက်လန်သွားတာပဲ။ သမီးကိုတော့ စင်ကာပူက စာအုပ်မှာပြီး အပြင်စာကို အောက်စ်ဖို့ထုတ် စာအုပ်တွေနဲ့ ပေါင်းသင်လိုက်လို့ဖြစ်တယ်။ education စစ်စစ်တော့ မဟုတ်ဘူးပေါ့။ သားကျတော့ အင်း …. တောင်းဆိုမှုများလာမယ့် သားတစ်ကောင်အတွက် ရှိသမျှ အောရင်တောင် မလွယ်။
အသိတစ်ယောက်က သူ့သမီးကို မကွေးမှာ ဆေးကျောင်းထားတယ်။ သမီးလည်း ဆရာဝန်ဖြစ်ရော၊ သူလည်း လမ်းဘေးရောက်သွားတာပဲ။
အဘ ဘုတ်ကလုံ
November 6, 2013 at 7:50 pm
မပြုံးပို့စ်မှာတော့ သိပ်ကောင်းလွန်းတဲ့ ပညာရေးအတွက် ဆွေးနွေးမှုတွေပါ။ တကယ်တော့ ပညာရေးဆိုတာလည်း
အပေါ်ပိုင်းကလူကြီးတွေ လေပစ်နေရုံနဲ့မပြီးသေးဘူး လက်တွေ့ကျတဲ့ ပြင်ဆင်မှုတွေ
တကယ်လုပ်ပေးရမှာပါ။ အဘဘုတ်တော့ ဉာဏ်ရည်အပိုင်းပြောမယ်… ကျောင်းသားလေးတွေ ဉာဏ်တက်ဖို့တော့
လက်တွေ့ကျမယ့် စိတ်ဝင်စားဖွယ်ဖြစ်တဲ့ သင်ရိုးတွေ ပြောင်းသင့်ပြီ။ ဥပမာ ဓါတုဗေဒကို
ဓါတ်ခွဲခန်းထဲ မသင်ဘူးမရောက်ဖူးတဲ့ ကျောင်းသားက စာထဲမှာ အီကွေးရှင်းလေးချပြီး
ဓါတ်ခွဲခန်းသုံးပစ္စည်လေးတွေ ပုံဆွဲရင်း ဓါတုဗေဒမှာ အမှတ်ပြည့်နဲ့ တော်နေတာများဖြစ်စေချင်တယ်။
စာတတ်ဖို့ထက် ပညာတတ်ဖို့ သိပ်အရေးကြီးတယ်။ အဘဘုတ်ရဲ့ တောကျနေတဲ့ အမြင်လေးပါကွယ်။
လူငယ်လေးတွေ အဘဘုတ်တို့ထက် အများကြီးတော်ကြပါစေကွယ်။ ဒီနေ့သတင်းတစ်ပုဒ်ဖတ်ရတယ်။ စိတ်မကောင်းဘူး
ပညာရေးဝန်ကြီးဌာနက ဆီးဂိမ်းမှာ ကျောင်းသူားတွေ ကြို/ပို့ အတွက် ဘတ်ဂျတ်တောင်းသတဲ့။
တကယ့် ပညာရေးအတွက် ဘတ်ဂျတ်များများတောင်းဆိုရင် လွှတ်တော်ကြီးကလဲ မငြင်းနိုင်ပါဘူးကွယ်။
ခုတော့ မယောင်ရာ ဆီလူးနေကြရှာတော့… သားလေးတို့ ရွာထဲက သူကြီးပြောနေတဲ့ ကျိန်စာတွေများလားကွယ်။ 😥
kai
November 6, 2013 at 11:57 pm
ဝင့်ပြုံးမြင့်
November 6, 2013 at 11:31 pm
ဟုတ်တယ် အဘဘုတ်ရေ၊ မယောင်ရာ ဆီလူးနေတာ။ တကယ်ဆိုရင် မူလတန်းအခမဲ့ပညာရေးကိုတောင် ကျမ မကြိုက်ဘူး။ နယ်မြို့ပေါ်က တတ်နိုင်တဲ့လူတွေ ကိုယ့်စရိတ်နဲ့ကိုယ်ပဲ ဖြစ်စေချင်တယ်။ ကလေးမအေတွေ ကျောင်းသွားကြိုရင် မင်္ဂလာဆောင်သွားတော့မလား အောက်မေ့ရတယ်။ အားလုံးကို တပြေးညီဆိုပြီး အခွင့်အရေးတူပေးလိုက်တော့ တကယ်မရှိတဲ့လူတွေကို ဘာမှ ထိရောက်အောင် လုပ်မပေးနိုင်တော့ဘူး။ ဘက်ဂျက်တွေ ပြန့်ကျဲပြီး စုပ်စမြုပ်စဖြစ်သွားတာပေါ့။
Foreign Resident
November 7, 2013 at 8:13 am
ဝင့်ပြုံးမြင့် says:
” ဘဖောရေ ၊
ကျမလည်း သားတစ်ကောင်မွေးထားတော့ နောင်ရေးတွေးပြီး ရူးချင်နေပြီ။
အခု ဈေးနှုန်းတွေ တိတိကျကျ သိရတော့ ပက်လက်လန်သွားတာပဲ ”
အဲ ၊ အဲ ၊ မပြုံးရေ ၊
အဲဒီလောက်ကြီးတော့ ပက်လက်လန် မသွားပါနှင့်နော် ။
ကျနော် က ၊ ကျနော် လက်ရှိရောက်နေတဲ့ ပတ်ဝန်းကျင် အရရော ၊ တွေးခေါ်ပုံ အရပါ ၊
ကျနော် ပြောတဲ့ စကား ၊ တွေးတဲ့ Idea တွေဟာ ၊
( မြန်မာပြည်က အခြေခံ / သာမာန် လူတန်းစားတွေ နှင့် စာရင် ) Key နဲနဲမြင့်နေလိမ့်မယ် ။
( တစ်ခုတော့ စိတ်ချ ၊ ကျနော်က လိမ်ပြီးတော့တော့ မ ပြောဘူး )
အဲဒီတော့ကာ ၊
ကျနော်က လူလတ်တန်းစား လို့ပြောရင် မြန်မာပြည်က သူဋ္ဌေး လောက်ကို မှန်းမြင်ပြီး ၊
ကျနော်က သူဋ္ဌေး လို့ပြောရင်တော့ မြန်မာပြည်က ခရိုနီ လောက်ကို မှန်းမြင်ကြည့်ကြပါ ။
အခု ကျနော်ပြောခဲ့တဲ့ ၊
” ( UTS & MIT ) က ကမာ္ဘ့ အဆင့်မှီတယ်လို့ ပြောလို့ရတဲ့ Uni တွေပါ ” ဆိုတာမှာလဲ ၊
MIT ဆိုတာ ၊ ကမာ္ဘမှာ အဆင့်မှီယုံလေးတင် မဟုတ်ပါဘူး ။
တကယ့် တကယ်က MIT ဆိုတာ Engineering and Technology ပိုင်းမှာ ၊
လက်ရှိ ကမာ္ဘမှာ နံပါတ် တစ် ၊ အဆင့် အမြင့်ဆုံး University ပါ ။
—http://www.timeshighereducation.co.uk/world-university-rankings/2013-14/subject-ranking/subject/engineering-and-it—
အဲဒီတော့ ၊ ဈေးကြီးပေမပေါ့ဗျာ ။
ကျနော် အကောင်းဆုံး အကြံပေးမယ်နော် ၊
၁ ။ ကလေးကသာ တကယ်တော်ရင် ၊
၂ ။ ငွေကြေးကိုလည်း ချင့်ချိန်ရမယ် ဆိုရင် ၊
စင်္ကာပူ က Polytechnic / Uni လောက်ကို မှန်းထားပါလား ။
စင်္ကာပူ Poly ဆို တစ်နှစ် သိန်း ၁၀ဝ / ၁၅ဝ လောက်နှင့် ၊
၂ နှစ်လောက် ဆိုရင် ပွဲပြီးမယ်လေ ။
ကလေးကသာ တကယ်တော်ရင် ၊ အလုပ် လဲ ရ နိုင်ပြီး ၊
သူ့ဖာသာသူ အလုပ်လုပ်ရင်း နှင့် Uni ဆက်တက်ပေါ့ ။
( ကျနော့် ညီ တစ်ယောက်လဲ ဒီလမ်းကြောင်းအတိုင်းပဲ သွားခဲ့တာပါ )
နောက်ပြီး စ လုံး ဆိုတော့ မိဘ နှင့်လည်း အဆက်မပြတ်ဘူးပေါ့ ။
( မပြုံး ကို ယောက္ခမကြီး ဆိုပြီး ဝိုင်းခေါ်နေကြတဲ့ စလုံးက ရွာသူတွေ ကလည်း ၊
သားလေး ကို ဝိုင်း ကြည့်ရှု စောင်မ ကြမှာပါ ၊ ဟီ ဟိ )
Foreign Resident
November 7, 2013 at 9:03 am
ဝင့်ပြုံးမြင့် says:
” ဘဖောရေ ၊
အသိတစ်ယောက်က သူ့သမီးကို မကွေးမှာ ဆေးကျောင်းထားတယ်။
သမီးလည်း ဆရာဝန်ဖြစ်ရော၊ သူလည်း လမ်းဘေးရောက်သွားတာပဲ ”
အင်းးးး ၊ မိဘ မေတ္တာ ပေါ့လေ ။
ဩဇီ က ကျနော့် အသိ တစ်ယောက်လည်း ။
သူက Uniteam Line က 2nd Engineer ဗျ ။
လစာ ၅၀၀ဝ ကျော်ရတယ် ။ အသက် ၆ဝ နား နီးနီး တွေပေါ့ ။
လှည်းတန်းနားမှာ ကိုယ်ပိုင် တိုက်နှင့် ကားနှင့် နေနိုင်တယ်ဗျာ ။
ပြောရရင် သူ့ တစ်ကိုယ်ရည် ဘဝ အတွက်ကတော့ လုံလောက်တယ်ပေါ့ဗျာ ။
ဒါပေမယ့် ၊ သူ့မှာ ကလေး ၄ ယောက် ရှိတယ်ဗျာ ။
ကလေး ၄ ယောက်လုံး ကလည်း နိုင်ငံခြား Uni တက်ချင်ကြတယ်ဗျာ ။
သူ့လစာလေး ၊ တစ်လ ဒေါ်လှ ၅၀၀ဝ / ၆၀၀ဝ နှင့် ဘယ်ထားနိုင်မလဲဗျာ ။
တစ်ယောက် ထားပြီး ၊ နောက်တစ်ယောက် မထားလို့လဲ ဘယ်ကောင်းမလဲ ဗျာ ။
အဲဒါနှင့် ၊ သူ ဘာလုပ်လိုက်လဲ သိလား ။
သူ့ သင်္ဘော ဩဇီ ရောက်တုန်း သင်္ဘောပေါ်က ဆင်းပြေးပြီး ၊
ဩဇီမှာ နိုင်ငံရေး ဒုက္ခသည် ခံယူလိုက်တယ်ဗျာ ။
( မွသဲ TNA တို့တော့ သိလိုက် ကြားလိုက် လိမ့်မယ် ထင်တယ် )
အဲဒီမှာ ၊ ဩဇီ က သူ့ကို ဒုက္ခသည် အဖြစ် အသိအမှတ်ပြု PR ပေးလိုက်မှ ၊
သူ့ တစ်မိသားစုလုံးလဲ PR ရပြီး ဩဇီ ကို ပြောင်းလာခဲ့ကြတယ်ဗျာ ။
အဲဒီ မှာ သူ့ကလေးတွေ အားလုံးလဲ ဩဇီ High School / Uni မှာ တက်ခွင့်ရနေပြီပေါ့ ။
ဩဇီ မှာက ဩဇီ နိုင်ငံသား / PR ဆိုရင် ကျောင်းလခတွေက အရမ်း သက်သာတယ်လေ ။
တက္ကသိုလ် တက်ဖို့ စရိတ်မရှိရင်လည်း အစိုးရက Uni Grant ချေးပေးတယ်ဗျ ။
အဲဒီ Uni Grant ကလည်း လစာ ၃၀၀ဝ ကျော်တဲ့ Permanent အလုပ်ရမှ ပြန်ဆပ်ရမှာ ။
လစာကောင်းတဲ့ အမြဲတမ်း အလုပ် မရရင် ၊ ပြန်ဆပ်စရာ မလိုသေးဘူးဗျ ။
အဲဒီ ဒုက္ခသည် 2nd Engineer ကြီးကတော့ ၊ ခမျာ အိုကြီး အိုမ နှင့် ၊
Liverpool TAFE မှာ Marine Engineer သင်တန်း ၂ နှစ် ပြန်တက်ရရှာတယ် ။
အစ က ၊ အဘ တောင် သူနှင့် တွဲပြီး ဩဇီ Capt ဝင်ဖြေဖို့ စဉ်းစား လိုက်သေးတယ် ။
နောက်မှသာ ၊ အဘ ငွေနောက် မလိုက်တော့ဘဲ ၊ လောဘတွေကို သတ်ပြီး ၊
အေးချမ်းတဲ့ ဘဝ နှင့်ပဲ ဇိမ်ခံဖို့ ဆုံးဖြတ်ချက် ချလိုက်လို့ ၊ အဘ လဲ မတက်ဖြစ်တာ ။
အခု ၆ဝ ကျော်မှ ဩဇီ 2nd Engineer အနေနှင့် သင်္ဘော ဆက်လိုက်နေရှာတယ် ။
ဪ ၊ သားသမီးတွေ ကောင်းစားဖို့အတွက့် ၊
ကိုယ့် ရဲ့ တည်ငြိမ် အဆင်ပြေပြီးသား ဘဝ တစ်ခုလုံးတင် မက ဘူး ၊
ကိုယ့် ရဲ့ မွေးဇာတိ နိုင်ငံ ကိုပါ စွန့်လွှတ်ခဲ့တဲ့ ၊ မိဘ မေတ္တာ ပေါ့လေ ။
တကယ့်ကို ထုထည် ကြီးမားလှပါတဲ့ ၊ မိဘ မေတ္တာ ပါဘဲ ။
အဘ ဘုတ်ကလုံ
November 7, 2013 at 2:47 pm
ကိုဖောပြောမှပဲ… အဘဘုတ်လည်း လူငယ်ဘဝစိတ်ကစားတုန်းက အိမ်ထောင် လေးဆက်ကျခဲ့တယ်။
လူလတ်ဘဝစိတ်ငြိမ်သွားတော့ နောက်အိမ်ထောင် နှစ်ဆက်ထပ်ပြုလိုက်တယ်။ ၆ အိမ်ထောင်ဖြစ်သွားတော့
အဘဘုတ် မိသားစုဝင်တွေက ဘောလုံးနှစ်သင်းစာဖြစ်သွားတာပေါ့ကွယ်။ ကလေးတွေ ကောင်းစားဖို့တော့
အဘဘုတ်လည်း အိုကြီးအိုမနဲ့ ဘယ်နိုင်ငံမှ ခုန်မဆင်းရဲတော့ပါဘူးကွယ်..
သူဒို့လေးတွေကို ထိုင်းနဲ့ မလေးရှားက ဒုတ်ခသည်အတုစခန်းတွေ ပို့ထားလိုက်ရင်တော့
နိုင်ငံကြီးတွေ လူလို ဆွဲစားသွားရင် ပါသွားနိုင်ကောင်းပါရဲ့ကွယ်။
တကယ်တော့ ကံဆိုတာ အလုပ်ပါကွယ်။ အလုပ်ကောင်းမှသာ လုံးဝကံကောင်းနိုင်မှာပါ။
သားလေးတွေ သမီးလေးတွေ ကံဆိုတာကို ခွဲခြမ်းနားလည်ပြီး ပညာရေး အလုပ်ကောင်းကောင်း
လုပ်နိုင်ကြပါစေကွယ်.. အဟွတ်.. အဟွတ်။ အဘဘုတ်လည်း ခုတလော သိပ်မမာတော့ဘူး။ 🙁
ဝင့်ပြုံးမြင့်
November 8, 2013 at 10:31 pm
တကယ့်လူပဲ။ တော်လိုက်တာ။ မပြုံးတို့တော့ မအူပင်က ခွာပြီး ရန်ကုန် သွားနေနိုင်ဖို့တောင် မလွယ်ဖြစ်နေတာ။ သားက အခုမှ တစ်နှစ်သား မပြည့်သေးဘူး။ သူ့ကို ကျောင်းထားဖို့ ကြားထဲမှာ ၄ နှစ်ပဲ လိုတော့တယ်။ ဒီ ၄နှစ်အတွင်းမှာ ကျမ တစ်ခုခုကို ပြတ်ပြတ်သားသား လုပ်ရတော့မှာ။ ကျမက ဖျာပုံသူ၊ မအူပင်သားနဲ့ရပြီး မအူပင်မှာ အခြေကျနေတာဆိုတော့ နောက်တစ်ခါ နေရာထပ်ပြောင်းရမှာ ဝန်လေးနေတယ်။ ရန်ကုန်မှာက ရုန်းကန်ရလွန်းတာလည်း မောပါ့။
ဝင့်ပြုံးမြင့်
November 8, 2013 at 10:41 pm
အဘဘုတ်ကလုံ ရေ …. ငယ်တုန်းက အရမ်းအရမ်းကို အလုပ်တွေ များခဲ့မှာပဲနော်။
kai
July 27, 2017 at 1:44 pm
ဖတ်ကြရန်.. တက်ပါစေ..။ တက်စေ..။