“အဝေးက ဆောင်းပုံပြင်” ( အပိုင်းတစ်) ( ဝတ္တု လတ်)
“အဝေးက ဆောင်းပုံပြင်”
( အပိုင်းတစ်)
“စတင်ခြင်း”
နှစ်လရှည်စွာ
ငုံနေတဲ့ပန်းလေးတပွင့်
ဖျပ်ကနဲ့ပွင့်သွား။
ဒါဟာ မာယာတွေမဟုတ်
မြတ်နိုးခြင်းဆိုတဲ့
နှင်းပွင့်လေးတွေကြောင့်သာဖြစ်တယ်။
ဒီနေ့မနက် လက်ဖက်ရည်ဆိုင် ရောက်လို့ ဖေစ်ဘုတ်ဖွင့်လိုက်တော့ “ခိုင့်” ဆီက sms ရောက်လို့နေပါတယ်။
နက်ဖြန်လေယာဉ်နဲ့ သူ ထွက်လာမယ်။
ရန်ကုန်မှာနှစ်ရက်သုံးရက် နေပြီး မန်းလေးကို လာခဲ့မယ်လို့ရေးထားပါတယ်။
သူရေးထားခဲ့တဲ့အချိန်ကြည့်လိုက်တော့ မနက်ခြောက်နာရီ။
မီးစိမ်းလေး လင်းနေတာမြင်တော့
“မျှော်နေပါတယ်”လို့စာပြန်ရေးလိုက်ပေမယ့် သူဆီကဘာမှပြန်မလာ။
စက်ဖွင့်ထားပြိး စက်နားမှာ သူရှိပုံမပေါ်။
မျှော်လင့်မထားသော သူနှင့်တကယ်ပင်တွေ့ဆုံရတော့မည်ဆိုပြန်တော့
ကျနော်စိတ်ထဲမှာ အိပ်မက်လိုလို ။
အပူငွေ့ပျယ်စ“ချို့ပေါ့ကျ” တငုံကို အရသာခံရင်း
“သစ်ထူးလွင်” ဝက်ဆိုက်မှ သတင်းများကို ဖတ်နေတဲ့အချိန်
Sms အသစ်တက်လာလို့ကြည့်လိုက်တော့ “ခိုင့်”ဆီကဖြစ်နေပါတယ်။
“ကျော် ရေ အစောက ဈေးဝယ်နဲ့စကားပြောနေလို့ချက်ခြင်းပြန်မပြောတာ”
“ရပါတယ်ခိုင်ရဲ့ ရန်ကုန်ရောက်ပြီဆိုဖုန်းဆက်လိုက်လေ”
“ခိုင်ရန်ကုန်မှာ သုံးရက်လောက်နေမယ်ပြီးရင် မန်းလေးကိုလာမယ်လေ”
“မန်းလေးဆင်းလာမယ့်ရက်ကိုပြောလေ ကျနော်ကားဂိတ်မှာလာကြိုမယ်”
“နောက်ခိုင်တည်းဘို့ ဟိုတယ်ပါ စီစဉ်ထားနော် အသင့်အတင့်ဆိုရတယ်
ဒါပေမယ့် အဲကွန်းရမှဖြစ်မယ်”
“ကောင်းပါပြီဗျာ ဒါပေမယ့်လာကြိုရင် ကျနော်မှာ ဆိုင်ကယ်ဘဲရှိတယ်နော်”
“ဖြစ်ပါတယ် ကျော်ကလဲ ခိုင်က ဘာဖြစ်ဖြစ်ရပါတယ် သွားချင်တဲ့နေရာရောက်ဘို့အဓိက”
“ဈေးဝယ်ရောက်လာပြန်ပြီ ညမှ တွေ့မယ် ဘိုင်ဘိုင်”
*********************************************************
ရုံးရောက်တော့ အလုပ်တွေက ဆီးကြိုလို့နေသည်လေ။
သူတို့မှာထားတဲ့ကုန်တွေမရောက်လို့ ဘယ်နေ့က ဘယ်ကားနဲ့ ပို့လိုက်လဲဆိုတဲ့ မေးခွန်းတွေဖြေရ
ပို့ထားတဲ့ပစ္စည်းတွေ တင်ပြီးမပြီး ကားဂိတ်တွေကိုမေးရ
ပစ္စည်းပြတ်နေလို့ အမြန်ပို့ပေးဘို့မှာသူတွေကို ပြေလည်အောင်ပြောပေးရ
ငွေလာသိမ်းဘို့ဖုန်းဆက်သူဆီကို ငွေသွားသိမ်းဘို့ဝန်ထမ်းတွေကိုမှာရ
ကုန်ဘိုးကိုအချိန်မှီမပေးဘဲကြန့်ကြာနေတဲ့ ဖောက်သည်တွေဆီကိုဖုန်းဆက်ရ
“ရ “ပေါင်းများစွာသောအလုပ်တွေနှင့် နားပန်းလုံးရတော့ ခိုင့်ကို မေ့သွားခဲ့ပြန်ပါသည်။
အလုပ်တွေအားလုံးပြီးတော့မနက်ဆယ့်တစ်နာရီ။
စာရင်းတွေထည့်ဘို့ ကွန်ပြူတာဖွင့်ရင်း ဖေစ်ဘုတ်ပါဖွင့်လို်က်တော့
“နိုတီ”ထဲမှာစာတွေအများကြီးရောက်လို့နေပါတယ်။
*****************************************************
အခုနောက်ပိုင်းဘဝရဲ့နေ့စဉ်ဖြတ်သန်းမူ့ပြဌာန်းချက်တွေထဲမှာ အများက
ခေါ်ကြသည့် ဖွဘုတ် (ခ) face book က မပါမဖြစ်သည့် အကြောင်းအရာတစ်ခုဖြစ်နေပြန်ပါသည်။
အရင်ကျောင်းသားဘဝမှာတုန်းက သူငယ်ချင်းများနဲ့လက်ဖက်ရည်ဆိုင်ထို်င်ကြ
ဟေးလားဝါးလားပြောကြနှင့်ပျော်စရာကောင်းခဲ့သည့်ပင်။
ကျောင်းပြီးလို့လုပ်ငန်းခွင်အသီးသီးသို့ဝင်စကတော့ ညညတွေ
အလုပ်ပိတ်ရက်တွေမှာ ဆုံကြပေမယ့် ကြာလာတော့လည်း
မတူညီသောဖြတ်သန်းမူ့တွေကြောင့်သူငယ်ချင်းချင်းကြားမှာ
ပြောစရာရှားပါးလာတော့အရင်လို့တွေ့ကြဘို့စိတ်မသန်တော့ပြန်။
တစ်ယောက်နဲ့တစ်ယောက်အလုပ်ပိတ်ရက်ခြင်း အလုပ်အားချိန်ခြင်းမတူတာကလဲ
သူငယ်ချင်းများကိုဝေးကွာစေသည်လို့ထင်မိပြန်ပါတယ်။
ဒီကိစ္စများရဲ့နောက်ဆက်တွဲကတော့ အထီးကျန်လာခြင်းဘဲဖြစ်ပါတယ်။
ပြီးခဲ့တဲ့လေးနှစ်လောက်က တော့လုပ်ငန်းလိုအပ်ချက်အရဆိုပြီး
ရုံးမှာအင်တာနက်တပ်လိုက်တော့ အင်တာနက်သုံးကို သုံးဖြစ်သွားသည်ပေါ့၊
ကျနော်အင်တာနက် သုံးစမှာတော့ ဖေစ်ဘုတ်က သိပ်ခေတ်မစား
ဂျီတော့လောက်သာအသုံးများသေးတဲ့အချိန်ပေါ့။
နောက် ဆိုရှယ်ဝက်ဆိုက်လေးတွေ အလျိုလျိုပေါ်လာတော့ စာရေးဝါသနာပါသူ
ကျနော့်အဖို့ လက်စမ်းစရာ လက်စွမ်းပြစရာနေရာလေးတစ်ခုရလာခဲ့သည်ကအမှန်။
ကျနော်အင်တာနက်စသုံးစအချိန်မှာတော့ မြန်မာသူငယ်ချင်းများနေ့တို့ Poem Cornor
အနာဂါတ်အိပ်မက်တို့ ထာဝရသူငယ်ချင်းများတို့ကတော့ လူသိများသည့်ဝက်ဆို်က်တွေပေါ့။
နောက်ပိုင်းမှာတော့ ချောကလက်မြို့တော်တို့ ဧဒင်ဥယျာဉ်တို့ ခေတ်စားလာခဲ့ပြန်သည်လေ။
တစ်ပါတ်ကိုစာတစ်ပုဒ်လောက်ရေးပြီး ရင် အဲဒီဆိုက်တွေမှာတင် ။
ဖတ်ပြီးတဲ့သူက ကော်မင်းတွေပေး၊
သဘောတူစွာ နှစ်သက်သူရှိသလို အသားလွတ်ကလော်တုတ်သူလဲရှိ။
ဖတ်ချင်သလိုဖတ် ကော်မင်းပေးခြင်သလိုပေးသူရှိသလို
အကျအနဖတ်ပြီး စာလုံးပေါင်း တစ်လုံးတစ်လေ မှားသည်ကိုပင် အတိအကျပြောသူတွေရှိခဲ့ပေမယ့်ပျော်စရာကောင်းခဲ့ကြသည်မှာအမှန်။
အဲဒီအချိန်တုံးကတော့ အင်တာနက်သုံးစွဲခြင်းကလဲ မကျယ်ပြန့်သေး၊
တပ်ဆင်ခကလည်းဈေးကြီးသည်လေ။
အင်တာနက်တစ်ခုအိမ်ထဲ ရုံးထဲရောက်ဖို့ဆိုတာ ကျပ်သိန်းဆယ်ဂဏန်းလောက်သုံးစွဲ
နို်င်မှ ရောက်နိုင်တဲ့ခေတ်။
နောက်ကော်နက်ရှင် ကလဲ စုတ်တီးစုတ်ပဲ့၊
အခုလက်ရှိအခြေအနေ အင်တာနက်လိုင်းမကောင်းဆိုသည်မှာ
ကျနော်တို့သုံးစအချိန် က လိုင်းကောင်းသည်ဆိုတဲ့ရက်ထက်ပင်မြန်ပါသေးသည်။
အများစုမှာအင်တာနက်ဆိုင်မှာသာ တစ်နာရီ ၃၀၀-၄၀ဝ ပေးပြီး သုံးစွဲကြရသည်ပေါ့။
ဒါပေမယ့် အဲလို့ ကော်နက်ရှင် မကောင်း တာတောင်မှ ဆိုရှယ်ဝက်ဆိုက်များမှာ ဝါသနာရှင်အများစုနဲ့စိုပြေနေခဲ့သည်မှာအမှန်ပင်။
အဲလိုဆိုင်သွားသုံးတဲ့အထဲမှာ ကျနော်တစ်ယောက်လဲအပါအဝင်ဆိုနို်င်ပါသည်။
အလုပ်ချိန်မှာတော့ရုံးမှာသုံးအလုပ်ပြီးသည်နှင့်အင်တာနက်ဆိုင်သွားသုံး
နဲ့ဘဲအချိန်များကိုကျော်လွန်ဖြတ်သန်းခဲ့လေသည်။
ဆိုက်ပေါင်းစုံမှာစာတွေရေးနေရင်း ကော်မင်းတွေပေးရင် စာတွေဝင်ဖတ်ရင်း
အတော်ပျော်ခဲ့ပါတယ်။
အဲဒီအချိန်ကတော့ အင်တာနက်မှာ မိတ်ဆွေဖြစ်သူချင်းအပြင်မှာတွေ့ဘု့ိဝေလားဝေး
နံမယ်အရင်း နေရပ်လိပ်စာအရင်းပင်အသိမခံရဲဘဲနေခဲ့ကြရတာများပါတယ်။
အဲလိုစာတွေရေးနေရင်းက “ ရတနာပုံသတင်းစာ မန္တလေးဂါးဇက်”ဆိုသော ဝက်ဆိုက်လေးတစ်ခုနဲ့ကျနော်ချိတ်မိခဲ့သည်ပေါ့။
အပျော်သဘောဆန်ဆန်ရေးနေကြသော ဝက်ဆိုက်များကြားထဲမှာ
ဒီ မန်းလေးဂေဇက်ဝက်ဆိုက်ကတော့ ခေါင်းတလုံးမြင့်ခဲ့သည်မှာအမှန်။
နိုင်ငံရေး၊ လူမူ့ရေး ၊စီးပွားရေး၊ ဘာသာရေး ၊အနုပညာ၊ နေ့စဉ်သတင်း ၊ဓါတ်ပုံ၊
အကုန်ရနိုင်သောနေရာဆိုသည ်မှာ မန်းလေးဂေဇက် အမှန်ဖြစ်လေသည်
အလွှာအသီးသီးမှလူများ ပါဝင်နေတယ်ဆိုပြန်တော့ ပိုစ်တစ်ခုအပေါ်မှာ
ကောင်းသည်ဆိုးသည် ကြိုက်သည်မကြိုက်သည်ဝိုင်းဝန်းဝေဖန်ကြသည်က
စနစ်တကျ စိတ်ပါလက်ပါ ဝေဖတ်ကြသည်လေ၊
ဒီတော့ ပညာတတ်အများစုကဒီဆိုက်ကလေးကိုသဘောကျတာမဆန်း။
တစ်ခါတစ်ရံ ပိုစ့် တစ်ခုကိုကော်မင်းပေးရင်းကနေပြီးပိုစ်နှင့်မဆိုင်သော
အခြားသောအကြောင်းအရာတစ်ခုကို အပြန်အလှန်ကျယ်ပြန့်စွာဆွေးနွေးကြပြန်တော့
ဖတ်သူမှာ ဗဟုသုတတွေရကြသည်မှာလည်းမကြာခဏ။
နောက်တစ်ချက် ဒီဆိုုက်ထဲက ရေးသားတဲ့ပိုစ်တွေက ကဏ္ဍစုံလင်တာတင်မကဘဲ
စာရေးသူများရဲ့ ကိုယ်ပိုင်အမည်ပေးထားပုံလေးတွေက စနစ်တကျရှိနေသည်ပင်။
“ဆူးစိတ်ကူး” တဲ့
“ပဒုမ္မရဲ့ပုံပမာ”တဲ့ “ မမရဲ့လက်စမ်းစာပေ”တဲ့
“ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့”တဲ့
“ကိုပေါက်လက်ဆောင် အတွေးပါးပါးလေး” တဲ့
“ငှက်ကြီးမေတ္တာစကြာဝဠာ”တဲ့
“မှီအမှတ်တရ “တဲ့
“လူ့တလုံးအာဘော်”တဲ့
“တာဝတိ ံသာမှ အက်ဆေးများ”တဲ့
ကဏ္ဍစုံလင်စွာ။
ဒီဆိုက်ထဲမှာ စာဝင်ရေးနေသူများအတွက်
ပိုကောင်းသည့်အချက်ကတော့ စာတွေရေးလျင် ကော်မင်းတွေပေးလျင်
ကိုယ်ရေးတဲ့စာကို ကော်မင်းရလျင် အမှတ်တွေပေးပါသည်။
ကိုယ်ရထားသော ပွိုင့်သို့မဟုတ်အမှတ် တစ်သိန်းပြည့်ချိန်မှာ
မြန်မာငွေကျပ်တစ်သိန်းထုတ်ပေးသောအစီအစဉ်လေးပင်။
စာရေးသူအတွက်ငွေတစ်သိန်းထက်ပိုမိုသော ကြည်နူးမူ့ရစေခဲ့သည့်မှာအမှန်။
မန်းလေးဂေဇက်ဝက်ဆို်ဒ် အသင်းဝင်များအခေါ်တော့ “ရွာ”ပေါ့။
အမေရိကန်နိုင်ငံမှာတည်ထောင်ထားသော ဝက်ဆိုဒ်ဖြစ်ပေမယ့်
ဦးဆောင်သူများက မြန်မာပြည်သူားများဖြစ်လေသည်။
ဒီရွာမှာကျနော်အတော်ပျော်ခဲ့ စာတွေအများကြီးရေးဖြစ်ခဲ့ပါသည်။
မိတ်ဆွေတွေလဲအများကြီးတိုးခဲ့ပါသည်။
ခိုင့်က တော့ ကျနော်ကို ဒီ မန်းလေးဂေဇက်မှာ စတွေ့တာမဟုတ်ပေမယ့်
နောက်တော့သူလဲဒီရွာသူဖြစ်ခဲ့သည်ပင်။
ဒါပေမယ့် ခို်င် ဒီမန်းလေးဂေဇက်ဝက်ဆိုဒ်တွင်ရွာသူဖြစ်နေသည်ကို
ကျနော်မသိခဲ့တာအမှန်။
သူက အခြားနံမယ်နဲ့ဝင်ထားတော့ ကျနော်မသိခဲ့တာမဆန်း။
ထူးခြားချက်တစ်ခု ရှိပြန်တာက ဒီမန်းလေးဂေဇက်ဝက်ဆို်ဒ်
အဖွဲ့ဝင်ရွာသူရွာသားများက နာမည်ခဏခဏပြောင်းတတ်ကြသည်လေ။
ခိုင့် ကိုစတွေ့သည်မှာစင်္ကာပူရောက်မြန်မာများဝက်ဆို်ဒ်မှာစတွေ့ခဲ့သည်လေ။
စတင်တွေ့ဆုံခြင်းကလဲ ပျော်ရွှင်ဖွယ်ကောင်းသည်မဟုတ်ပါပေ။
ကျနော်ရေးလိုက်သောဆောင်းပါးတစ်ခုမှာကျနော်၏ပေါ့ဆမူ့ကြောင့်
ရက်စွဲလွဲသွားခဲ့လေသည်။
မိတ်ဆွေတစ်ယောက် ဆိုင်ကယ် မတော်တဆဖြစ်၍ကွယ်လွန်သည့်အကြောင်းရေး
ရာတွင် (5-7-2012)လို့ရေးရမှာကို (5-7-2013)လို့မှားယွင်းပြီးရေးခဲသည်က သူနဲ့ကျနော့်စကားမှာ အချေအတင်ပြောစရာဖြစ်လာခဲ့လေသည်။
အဲဒီအချိန်က ကျနော်က ပိုစ်တစ်ပုဒ်ရေးပြီးသည်နှင့်ချက်ခြင်းတင်သည်။
ပြန်ဖတ်လေ့မရှိ။
နောက်ပြီးအဲဒီတုံးက မင်မိုရီစတစ်တွေဘာတွေကျနော်မသုံးတတ်။
ဝက်ဆိုက်ထဲကစာမျက်နှာမှာရေးပြီး ကော်နက်ရှင်ကောင်းလျင် တစ်ခါထဲတင်တတ်သူ။
အဲတော့ရက်စွဲမှားသွားတာကို မသိလိုက်။
သူကတော့ တိကျသူဖြစ်လေသည်။
ကျနော်စာအောက်မှာ “ကိုယ်ရေးတဲ့စာ ကိုယ်ပြန်မဖတ်တဲ့စာရေးဆရာ”
လို့အစချီပြီး ကျနော်ကို နှိ်ပ်ကွပ်ပါတော့သည်။
ကျနော်ကလဲ ဒီလောက်လေးမှာတာကို အပြစ်ကြီးမဟုတ်လို့ပြန်ရေးရင်း
သူနဲ့ကျနော် အခြေအတင်ပြောဖြစ်ခဲ့ကြသည်လေ။
နောက်တော့ ကျနော်လဲ မေ့မေ့ပျောက်ပျောက်။
&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&&
သူနဲ့ကျနော်တကယ်ဆုံဆည်းဖြစ်ခဲ့ကြသည်က “မြန်မာသံလေးတွေနားထောင်ကြမယ်”
ဆိုသော ဖေစ်ဘုတ်စာမျက်နှာတွင်ဖြစ်လေသည်။
သူရောကျနော်ပါ သီချင်းဟောင်းများကိုနှစ်သက်ကြရာတွင်တူလေသည်ကိုး။
ကျနော်တို့ မိသားစုသည် သီချင်းနှစ်သက်သူများဖြစ်ကြလေသည်။
ကျနော်တို့ငယ်စဉ်ကတည်းက အိမ်တွင်ကက်ဆက်သီချင်းခွေတွေအများကြီး။
ရှေးဟောင်းဓါတ်စက်ရှိသည်၊။
သီချင်း၊ပြဇာတ်၊ဇာတ်ထုတ် ဓါတ်ပြားတွေအများကြီးရှိသည်။
ဟောင်းနွမ်းပေမယ့်ကြည်မြသောအသံထွက်သည့် ဖိလစ်ရေဒီယိုအိုုအိုကြီးတစ်လုံးရှိသည်။
ရီကော်ဒါတိတ်ခွေများနှင့်အတူမိုနို်အသံထွက် ရီကော်ဒါအစုတ်ကြီးတစ်လုံးရှိသည်။
ထို့ကြောင့်ကျနော်တို့အိမ်သည် ရေဒီယိုသံ သီချင်းသံများဖြင့်ထာဝရဝေစည်နေသောအိမ်
ဆိုလျင်မမှား။
အထူးသဖြင့်ကျနော့်အမေ၏ ညီမဖြစ်သူ ဒေါ်လေးမေသည် သီချင်းအတော်ဝါသနာပါသူဖြစ်လေသည်။
သူ့ကြောင့်ပင်အိမ်မှာ ရှေးခေတ်အဆိုတော်များ ရေဒီယိုအဆိုတော်များ၏ သီချင်းခွေပေါင်းများစွာ
ရှိနေသလို သီချင်းတအေးအေးဖြင့် အိမ်အလုပ်တွေကိုလုပ်ကိုင်နေတတ်သော ဒေါ်လေးမေကြောင့်ပင် ကျနော်သည်လည်း သီချင်းအတော်များများကို သိသောသူ
တစ်ယောက်ဖြစ်လာခဲ့လေသည်။
တစ်ရက်တော့ ကျနော်မိတ်ဆွေတစ်ယောက်က ကျနော်ကို
“မြန်မာသံလေးတွေနားထောင်ကြမယ်” စာမျက်နှာထဲသို့ဆွဲခေါ်ခဲ့လေသည်။
နောက်တော့သီချင်းဝါသနာအုးိကျနော်အတွက် အင်မတန်ပျော်စရာကောင်းသော
နေရာတစ်ခုဖြစ်သွားပြန်တော့သည့်။
ကျနော်ငယ်စဉ်ကနားထောင်ဘူးပေမယ့်ကျနော့်တွင်မရှိသောသီချင်းများကို
ဒီစာမျက်နှာထဲမှာ ရှာဖွေလို့ရခဲ့လေသည်။
ကိုယ်လိုချင်တဲ့သီချင်းလေးတွေကိုဒေါင်းလုပ်ဆွဲလိုက် သိမ်းလိုက်နှင့်အင်မတန်မှ
ပျော်စရာကောင်းခဲ့ပေသည်။
ဒီဝက်ဆိုက်လေးရဲ့ ကောင်းသောအချက်က လိုချင်သောသီချင်းကိုတောင်းလိုက်လျင်
လက်ထဲတွင်သီချင်းရှိသူက “ရော့ ….အင့်”ဆိုကာတင်ပေးတတ်ကြခြင်းဖြစ်ပေသည်။
တစ်ခါတစ်လေတော့လည်း စရင်းနောက်ရင်း လူကြီးများပီပီပညာရှိဆန်ဆန် စကားစစ်ထိုး
တတ်ကြပါသည်။
နောက်တော့ ပြီးတာလဲပြီးတာပါဘဲဖြစ်ခါအရင်လိုပြန်လည်စကြနောက်ကြစမြဲ။
ပျော်စရာကောင်းပေသည်။
နောက်ပိုင်းမှာတော့ ကျနော်ကလည်း သီချင်းရှာပေးသူ ဖြစ်မှန်းမသိဖြစ်ခဲ့လေသည်။
ကျနော်အိမ်မှာသီချင်းတွေအများကြီးရှိသည်မဟုတ်ပါလား။
ဒီသီချင်းတွေကို ဝက်ဆိုဒ်မှာတင်နိုင်ဘို့ ကွန်ပြူတာကျွမ်းသောမိတ်ဆွေအိမ်သို့
ကျနော်အိမ်မှ ကက်ဆက်ခွေတွေကိုယူသွားပြီး အမ်ပီသရီး(MP-3)ဖိုင်အဖြစ်
ပြောင်းခိုင်းရလေသည်။
အမ်ပီ3 ပြောင်းပြီးပေမယ့် သီချင်းမတင်တတ်သေး.
ဒီတော့ သီချင်းပြန်တင်ပေးမည့် သူထံသို့အီးမေလ်းကနေတစ်ဆင့်ပို့ရပြန်လေသည်။
ကျနော်က အင်တာနက်ကိုသုံးသာသုံးတတ်သည်။
သို့သော်အတွင်းကျကျ ခြေခြေမြစ်မြစ်ဘာမှ မသိ။
တကယ့်သုံးစွဲသူစစ်စစ်။
ကျနော့်ရုံးက ကလေးတွေသင်ပေးသလောက်သာ သိခဲ့လေသည်။
တစ်ရက်တော့ မိတ်ဆွေတစ်ယောက်က ကျနော်ထံသို့ ကျနော်ကြိုက်သော
မန်းလေးမြို့မအဖွဲ့၏သီချင်းများပါသော ဂျီမေးလ်တစ်စောင်ပို့လိုက်လေသည်။
ထိုစာသည် ကျနော်အတွက်ပြဿနာတွေတစ်ပုံတစ်ပင်သယ်ဆောင်လာမည်ကို ကျနော်မသိခဲ့ပြန်ပေ။
သူအဲဒီသီချင်းများပို့စဉ်က ကျနော်တစ်ယောက်ထဲမဟုတ် အခြားသောသူ့မိတ်ဆွေများ ကိုပါ တစ်ပြိုင်တည်းပို့ပေးလိုက်ခြင်းဖြစ်လေသည်။
သိပ်မကြာခင်ရက်မှာ အဝေးကမိတ်ဆွေတစ်ယောက်က “ဖိတ်ခေါ်သံ”
သီချင်း ပို့ပေးဘို့ တောင်းဆိုလာတဲ့အချိန်ထိုမိတ်ဆွေအပြင်
ပထမနေ့ကပို့လိုက်သော မိတ်ဆွေထဲမှာပါသော မေးလ်ထဲကလိပ်စာပိုင်ရှင်များကိုပါ
ကော်ပီကူး၍ စေတနာဗလပွဖြင့် အားလုံးအတွက် ပို့လိုက်မိပါတော့သည်။
ညနေစောင်းသောအခါ ထိုအထဲမှာတစ်ယောက်က ကက်ကက်လန်ရန်တွေ့ပါတော့သည်။
ပထမဆုံး ကျနော်ကို အသက်ဘယ်လောက်လဲ ဟုမေးလာပါသည်။
ကျနော်ကလဲ ရိုးရိုးမေးသည်ထင်၍ အမှန်အတို်င်းဖြေလိုက်ပါသည်။
အသက် (၃၀)ရောက်နေတာတောင် လူအများကြီးကိုစာပို့တဲ့အခါ
Bcc ခံပို့ရတယ်ဆိုတာလောက်တောင်မသိဘူးလား ဟုနောက်ဆက်တွဲ
မေးခွန်းလေးက ကျနော့်ကိုဆောင့်ကန်လိုက်ပါတော့သည်။
တကယ်မသိပါ ဟုပြောသောအခါမှ ပိုဆိုးပါတော့သည်။
သိသိကြီးနှင့် ပို့သည်ဆိုသော စွတ်စွဲချက်များ ဗြောင်လိမ်သည်ဆိုသော စွတ်စွဲချက်များ
လူတစ်ယောက်၏ လုံခြုံမူ့ကိုချိုးဖောက်သည်ဆိုသောစွတ်စွဲချက်များ နှင့်
ကွိုင်ပါလေတော့သည်။
အစကတော့ တောင်းပန်ပါသေးသည်။
နောက်တော့ကျနော်လဲ စိတ်တိုတိုနှင့်”ထင်ချင်သလိုထင်တော့ကွာ” လို့ပြောမှရပ်တော့သည်။
နောက်မှသိရသည်မှာ သူမ သည် “ခိုင် “ဖြစ်သည်ဆိုတာကိုပင်။
ဒါပေမယ့် တစ်ယောက်ယောက်က သီချင်းလေးတစ်ပုဒ်လိုချင်ပါသည်လို့
စာလေးတက်လာလျင် ကျနော်မှာ ကိုယ့်တာဝန်ကြီးတစ်ခုလို သဘောထား၍
ကိုယ့်သိမ်းထားသော ဖိုင်တွေကိုမွှေရပါတော့သည်။
အကယ်၍များမတွေ့လျင် ဆိုင်မှာသွားကူး၍ တင်ပေးပါတော့သည်။
အစကတော့ သီချင်းမတင်တတ်။
နောက်တော့ ဟိုလူကဟိုလိုသင် ဒီလူက ဒီလိုသင်နှင့်
ကျနော်သီချင်းကို up load ဆွဲတင်တတ်သွားပါသည်။
အဲဒီကတော့ သီချင်း အခမဲ့ တင်ခွင့်ပေးထားတဲ့
မိုင်းနပ်စ်တို့ မစ်ဖိုင်းယားတို့ ဘိုကရူးတို့နှင့် ရင်းနှီးကျွမ်းဝင်လာခဲ့ပါတော့သည်။
အရင်လို သူများဆီမေးလ်နှင့်ပို့စရာမလိုတော့။
သီချင်းတောင်းတာမြင်သည်နှင့် ကိုယ်မှာရှိလျင် ကောက်တင်ပေးလိုက်နိုင်လေသည်။
အဲတော့ ပိုက်ဆံကုန်သည် အချိန်ကုန်သည်။
သို့သော် သီချင်းလိုချင်သူက သီချင်းရသွား၍ ကျေးဇူးတင်ပါသည်လို့
ကော်မင်းလေးတက်လာတာကိုမြင်သည်နှင့် ကုန်ရကျိုးနပ်သည်လို့ တွေးရင်း
ကျေနပ်မိလေသည်။
နောက်ပိုင်းတော့ မူပိုင်ခွင့်တွေချိုးဖောက်သည်ဘာညာကွိကွတွေများလာသောအခါ
သီချင်းတင်ပေးရသည်ကိုပင်စိတ်မရဲပြန်တော့။
သီချင်းတွေမတင်ပြန်တော့ ကိုယ့်မှာအလုပ်မရှိသလိုယောင်တောင်တောင်။
ဒီလိုနဲ့ဘဲသီချင်းဆိုက်လေးနှင့်ဝေးနေခဲ့ပြန်ပါတော့သည်။
သီချင်းမတင်ဖြစ်တော့ အရင်လိုလဲကွန်ပြူတာရှေ့မှာသိပ်မထို်င်ဖြစ်။
ပိုစ်တင်သောနေ့လောက် ဝင်ကြည့်ဖြစ်လေသည်။
**********************************************************
တစ်ရက်တော့အလုပ်လဲပါး သွားစရာလဲမရှိတော့ အတန်ကြာပစ်ထားခဲ့မိသော
ကွန်ပြူတာ ရှေ့မှာထိုင်မိလေသည်။
ကျနော်ဖွင့်မကြည့်ဖြစ်သောရက်မှာ ကျနော်ထံပို့ထားသော စာတွေမှာအများကြီး။
စကားပြောနေကျ မိတ်ဆွေများကလဲ ကျနော်တစ်ယောက်ဘယ်ပျောက်နေလဲဆိုတာကို
စိတ်ဝင်တစားမေးထားကြပြန်လေသည်။
ကျနော်ကို မိတ်ဆွေဖြစ်ဘို့ အက်ထားသူကတော့ ထူးထူးခြားခြား တစ်ယောက်ထဲ။
ဖွင့်ကြည့်လိုက်တော့ နာမယ်လေးက ဆွီတီတဲ့။
ခြင်္သေ့မြို့သူ။
အလုပ်အကိုင် ကတော့ ဈေးသည်တဲ့။
မွေးရပ်မြေ မန္တလေးတဲ့။
ပညာအရည်အချင်းကတော့ ဒီပလိုမာ လက်မှတ်တွေမှအများကြီး။
ဝါသနာကတော့ သီချင်းနားထောင်တာ သီချင်းဆိုတာပါသည်ဆိုဘဲ။
သူ့ပရိုဖို်င်မှာဓါတ်ပုံတော့မပါ။
ပုန်းညက်ပန်းပွင့်လေးကိုသာတင်ထားလေသည်။
အဲတော့ ကျနော်ကလဲ လက်ခံလိုက်သည်လေ။
မန်းလေးသူဆိုထားတော့ မန်းလေးသားကျနော်က လက်ခံရမည်လေ။
သိပ်မကြာခင် ဆွီတီနေရာတွင် မီးစိမ်းလေးလင်းလာပြီး
“ကိုတောက်တောက်ကြော် ပျောက်နေတာကြာပြီ” ဆိုတဲ့ စာလေးပေါ်လာပါတယ်။
ကျွန်တော်နာမယ်က တိုးတိုးကျော် ဆိုတာကို ချစ်စနိုးစရင်းနောက်ရင်း တောက်တောက်ကြော်ဆိုသော နာမယ်တွင်ခဲ့လေသည်။
ကျနော်ကို အဲလိုခေါ်သူသည် ကျနော်နင့်ရင်းနှီးသူ ဖေစ်ဘုတ်တွင်သီချင်းဆိုက်များတွင်
အပြန်အလှန်စကားပြောဘူးသူများသာဖြစ်လေသည်။
သူ့ကိုတော့ ကျနော်မသိ။
“မဆွီတီကို ကျနော်မမှတ်ဘူးဗျ ဘယ်မှာဆုံဘူးကြလဲမသိဘူနော်”
“ ကိုတောက်တောက်တယ်လဲ မှတ်ဉာဏ်နဲ့တာဘဲ အသက်ဘယ်လောက်ရှိပြီလဲ”
“ ကျနော်အသက်က ပြောင်းပြန်လှန်လဲဒါပဲရတယ်လေ နှစ်ပြီးရင်ကျနော်ဘဲ”
“ အမယ်အမယ် ပဟေဠိတွေလာဖွက်နေပြန်ပြီ မှန်ရင်မုန့်ကျွေးမှာလား”
“ ကျနော်တို့ဆီကိုလာစားမယ်ဆိုရင်တော့အချိန်မရွေးဗျာ”
“ တကယ်လာစားမှာနော် “
“စိတ်ချ ခင်ဗျားသာမှန်အောင်ဖြေပြီး ကျနော်တို့ဆီလာခဲ့ တကယ်ကျွေးမယ်”
“အေးပါ အခုတော့မဖြေသေးဘူး မန်းလေးကိုလာခါနီးမှဖြေမယ်”
ဆိုသောစကားများအပါအဝင် အဲဒီနေ့ကသူနှင့်ကျနော်အတော်လေးစကားပြောဖြစ်ကြသည်လေ။
နောက်ရက်တွေမှာတော့ ကျနော်အွန်လိုင်းပေါ်မှာအမြဲရောက်ပါတော့သည်။
မရှက်တန်းဝန်ခံရလျင် ဆွီတီများရှိလေမလားဆိုသည့်အတွေးကြောင့်ပင်။
ကျနော်လိုင်းပေါ်တက်တိုင်း ဆွီတီဆိုသောနံမယ်လေးနံဘေးမှာမီးလေးကအမြဲစိ်မ်းနေပါသည်။
(တစ်ခါကတော့ လိုင်းပေါ်တွင်အမြဲရှိသည်လားမေးမိ၍ သူစိတ်ဆိုးတာခံရဘူးလေးသည်။
လူကိုများ လိုင်းမဆင်း ကြု အစားများ မှတ်နေလားဟု အငေါ်တူးခြင်းကိုခံရပါသည်)
သည်တော့လဲ စကားတွေအများကြီးပြောဖြစ်ခဲ့ကြသည်ပေါ့။
ပြောသောစကားအများစုကလဲ သီချင်းအကြောင်းသာဖြစ်လေသည်။
သူနှင့်ကျနော်စိတ်တူလှသည်
ပြန်ုဆိုထက် မူရင်းသီချင်းများကိုကြိုက်နှစ်သက်ကြသည်ကိုး။
ကျနော်တို့စိတ်ထဲတွင်ပြန်ဆိုသီချင်းများသည် ခံစားချက် လျောကျနေသောကြောင့်
ရင်ထဲသို့မရောက်ဟုခံစားမိသည်ကအမှန်။
အရင်ရှေးရှေးက သီချင်းတစ်ပုဒ်ကို ဆိုမည့်အဆိုတော်သည် တေးရေးသူထံသီချင်းတက်ရလေသည်။
နောက်တော့ တီးဝိုင်းအဖွဲ့နှင့်ကြိမ်ဖန်များစွာလေ့ကျင့်ရလေသည်။
အဲတော့ သီချင်းစာသားကိုအဆိုတော်ကအလွတ်ရနေသကဲ့သို့
တီးဝိုင်းဆရာများကလည်း သီချင်း တေးသွားနှင့် လက်ကွက်များကိုအလွတ်ရသည်ပေါ့။
ရှေးခေတ်က သီချင်းသွင်းလျင် အတီးရောအဆိုပါ တစ်ပြိုင်တည်းသွင်းကြသည်လေ။
တစ်ယောက်ယောက်ကမှားလျင် အစ က ပြန်စ အချိန်တွေကုန်လှသည်။
ဒီတော့ အားလုံးသည် အဝင်အထွက်မှန်အောင်ကီးမှန်အောင်သံစဉ်မမှားအောင် ဂရုစိုက်ကြလေသည်။
တကယ်အသံသွင်းကြသောအခါစာသားများအလွတ်ရနေ သောကြောင့်ဆိုမည့်သူက
ခံစားချက်အပြည့် မုဒ်အပြည့်ထဲ့၍ အဝေ့အဝိုက်အနွဲ့များဖြင့်ဆိုလေသည်။
ထိုအခါ တီးဝိုင်းဆရာများကလဲ မုဒ်တွေဝင်လာလို့ သံစဉ်များကို နုရွကြွနေအောင်
တီးလုံးများကို ဖြည့်စွက်၍တီးလေသည်။
ထိုအခါ အင်မတန်လှပသော သီချင်းတစ်ပုဒ်ဖြစ်လာသည်လေ။
အခုခေတ်ကတော့အဲလိုမဟုတ်ပြီ။
သီချင်းတစ်ပုဒ်ဖန်တီးကြရာတွင် အဲဒီအထဲတွင်ပါဝင်သူအားလုံးတစ်ယောက်နှင့်တစ်ယောက်တွေ့စရာမလိုပေ။
သီချင်းအသံဖမ်းစံနစ်က လွန်စွာတိုးတက်နေတော့ သူ့လိုင်းနှင့်သူဖမ်းထားလိုက်ရုံပင်။
ကီးချိန်ကြသော တစ်ရက်တွင်သာတွေ့ဘို့လိုလေသည်။
ဒရမ်သမားကလဲ သူအားချိန်တွင် တဒုန်းဒုန်းလာထု ထားလိုက်သည်။
ဂစ်တာသမားကလဲ သူဖီးလ်လာချိန်တွင် တင်းတောင်တင်တောင်လာလုပ်ထားလိုက်သည်။
အော်ဂင်သမားကလဲ အချိန်ရသခို်က်မှာ တကွမ်ကွမ်လာလုပ်ထားလိုက်သည်။
မင်္ဂလာဆောင်ပွဲများ ရှိုးပွဲများ နှင့်အမြဲမအားလပ်သည့် အဆိုတော်ကလဲ
ခဏနားချိန်လေးမှာ ပြေးလာပြီး စာရွက်ကြည့်ကာအော်တော်မူလေသည်။
သူတို့အားလုံးပြီး၍ ပေါင်းစပ်လိုက်လျင် ကီးမှန် အသံမှန်သောသီချင်းတစ်ပုဒ်
ဖြစ်လာခဲ့လေသည်။
သို့သော် သီချင်းစာသားအပေါ်မှာဖြစ်စေ တီးလုံးမှာဖြစ်စေ
အနုပညာဈာန်ဝင်စားမူ့က မပါသလောက်။
ထိုအကြောင်းကြောင်းများကြောင့် ကျနော်က ပြန်ဆိုသီချင်းကိုမကြိုက်။
အဲလိုပြောသောနေ့တွင်သူက “မှန်လိုက်တာ ကျော်ရယ် တော်လိုက်တာ”
ဆိုသောစကားကိုဆိုလေသည်။
မှတ်မှတ်ရရ အဲဒီနေ့မှစ၍ ကျနော်ကို “ကျော်”ဟု သူကစတင်ခေါ်ခဲ့လေသည်။
အဲဒီနေ့ကတော့ မန်းေးလမြိုံမှာ ပိတောက်တွေပွင့်သော နွေဦးရက်တစ်ရက်ဖြစ်လေသည်။
သို့သော် ကျနော်ကား လူအ။
ကျနော်နှင့်နေ့စဉ်စကားပြောနေသော ဆွီတီမှာခို်င်မှန်းမသိခဲ့။
နေ့စဉ်စကားတွေပြောနေတော့ သီချင်းအကြောင်းတစ်ခုထဲသက်သက်
မဟုတ်ပြန်တော့ ။
သူ့အကြောင်းကိုယ့်အကြောင်း ငယ်ဘဝကပျော်စရာဝမ်းနည်းစရာတွေ
လက်ရှိ အခက်အခဲတွေ ပျော်စရာတွေ စိတ်ညစ်စရာတွေအပြန်အလှန်ပြောကြရင်း
ဘယ်လိုဘယ်ပြောပြော တစ်ယောက်နှင့်တစ်ယောက်
အရင်ကထက်ရင်းနှီးလာသည်တော့အမှန်။
မန်းလေးမှာအတော်ကြာအောင်နေခဲ့ဘူးသည်မို့
သူငယ်စဉ်က နေခဲ့သောအကြောင်းတွေပြန်ပြောချိန်မှာတော့
အတော်ကို တက်ကြွသလို မန်းလေးကို အရမ်းလွမ်းသည်
သတိရမိသည်လို့လဲဆိုပြန်ပါသည်။
ဒီတော့လဲရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောရသည်မှာ
အင်မတန်မှ အရသာရှိလှလေသည်။
လိုင်းပေါ်တက်လာချိ န်မှ ာ မီးစိမ်းလေး မလင်းဆိုလျင် မနေတတ်တော့။
နေ့စဉ်တွေ့နေကျ ဆိုတော့မမြင်ရင်မျှော်မိသည်မှာ မဆန်း။
နောက်ပိုင်းမှာတော့ တစ်ယောက်နှင့်တစ်ယောက်မြင်ဘူးအောင်
ဓါတ်ပုံတွေလည်းအပြန်အလှန်ပို့ဖြစ်ကြသည်ဆိုပါစို့။
သံယောဇဉ်ဆိုသည်မှာ နှောင်ဖွဲ့ တွယ်ညှိတတ်သည်ဆိုသည်ကို အခုတော့
လက်သင့်မခံ၍ မရတော့။
တစ်ရက်တော့ သူက ကျနော့်ကို သီချင်းတစ်ပုဒ်ရှာခိုင်းလေးသည်။
“မြောက်လေအဖျန်းဟေမာန်ဆောင်းရာသီ” အစချီသော
သီချင်းလေးကိုပေါ့။
ကျနော်ကလည်းစေတနာဗလပွဖြင့် မူရင်း မေလှမြိုင်
ပြန်ဆို ခင်ညွန့်ရည် နှင့် စိုးစန္ဒာထွန်း သုံးယောက်စလုံးသီဆိုထားသည်ကို
ကူးပေးလိုက်လေသည်။
နောက်ရက်ညတွေ့ကြတော့
“အရွဲ့တိုက်တာလား တောက်တောက်ကြော်”ဟုဆိုကာ စကားစလာလေသည်။
အဲတော့ မှ ဒီသီချင်းကို သူဆိုကြည့်ချင်သည့်အတွက် တောင်းမှန်းသိရလေသည်။
ဒီတစ်ခါတော့ သူက ခင်ညွန့်ရည် ပြန်ဆိုထားသည်ကိုကြိုု်က်ပါသတဲ့။
**************************************************
မြန်မာသံလေးတွေနားထောင်ကြမယ် ဆိုဒ်မှာ သီချင်းဝါသနာရှင်များဖြစ်သည့်အပြင်
တကယ်တီးတတ်မူတ်တတ်ဆိုတတ်သောသူများပါ ပါဝင်ကြလေသည်။
အဲတော့ တစ်ခါတစ်ရံ သီချင်းတောင်းလာသောအခါ ဘယ်မှာမှ ရှာမရသည့်အခါ
ကိုယ်တိုင်ဆိုဗားရှင်းကို ခပ်တည်တည်ဖြင့်တင်သည်ပေါ့။
နောက်တော့ ဒီလိုတင်သည်ကို မနှစ်သက်သူများလဲရှိလာပြန်လေသည်၊
ပွိစိပွစိ ဖြင့် ဘာဖြစ်ညာဖြစ်လုပ်ကြသူများလည်းရှိလေသည်။
ဒီတော့လဲလွယ်ပါသည် ဝါသနာပါသူများစုပြီးဖေစ်ဘုတ်မှာစာမျက်နှာအသစ်
ထောင်လိုက်ကြလေသည်။
“မြန်မာသံလေးတွေဆိုကြမယ်” ဆိုသောစာမျက်နှာလေးမှာ
မြန်မာသံလေးတွေနားထောင်ကြမယ် အဖွဲ့မှ အဆိုတော်များက အားရပါးရ
ဟဲလေတော့သည်။
တကယ် ဝါ့ရင့်သဘာရင့်တွေဆိုကြသည်ဆိုတော့ သူုတို့ဆိုထားသော
သီချင်းများကို နားထောင်ရသည်က အတော်အရသာရှိလေသည်။
ကျနော်ကားနားထောင်သူ သက်သက် ။
သီချင်းကို စီးဝါးကိုက်အောင်မဆိုတာတော့အမှန်ပင်။
တစ်ရက်တော့ မနက်ပိုင်း ကွန်ပြူတာဖွင့်ကြည့်တော့ ကျနာ့်ဖေစ်ဘုတ်ဝေါပေါ်မှာ
သီချင်းလင့်ကလေးတစ်ခုရောက်လို့နေပေသည်။
သီချင်းနာမယ်ရေးမထား။
ဆိုသောသူ နာမယ်တော့ “ခိုင်မြရည်”တဲ့။
ဖွင့်ကြည့်တော့ ကျနော်အလွန်နှစ်သက်သောသီချင်း။
“ဆောင်းအမှီ”
သူဆိုသံက အသက်ဝင်လွန်းလှသည်။
ထိုနေ့က အဲဒီသီချင်းကို ထပ်ခါထပ်ခါ နားထောင်ပြီး
“အလွန်အေးတဲ့သီ အလွန်ချမ်းတဲ့ရာသီ မောင်တစ်ရွာမယ်တစ်မြို့တော့ နေလို့လဲမဖြစ်နို်င်ပါပြီ”
ဆိုသောအပိုဒ်ကို ထပ်ခါ ထပ်ခါ ဆိုမိလေသည်။
ဒီလိုထပ်ခါ ထပ်ခါ ဆိုသည်ကို နားထောင်မိသောကျနော်ရုံးကလူများက
ပြုံးစေ့စေ့။
သူတို့ပြုံးသည်လဲ အပြစ်မဆိုသာ။
ကျနော်ဒီသီချင်းကိုဆိုညည်းနေချိန်သည် မန်းလေးမြို့မှာ အောက်တိုဘာလဖြစ်သော်လည်း
အလွန်ကို ပူနေသောအချိန်ဖြစ်နေလေသည်။
သို့သော် ကျနော်အတော်လေးနှစ်သက်ခဲ့သည်ကတော့အမှန်။
ထိုနေ့ နေ့လည်က အွန်လိုင်းပေါ်တွင် ဆွီတီ နှင့်တွေ့တော့
ဒီအကြောင်းပြောမိလေသည်။
ဆွီတီကို ဟိုတစ်လောက ရှာပေးသော ဆောင်းအမှီသီချင်းကို
မြန်မာသံလေးတွေဆိုကြမယ်မှာ ခိုင်မြရည်ဆိုသောကောင်မလေးတစ်ယောက်
ဆိုထားသည်မှာအလွန်ကောင်းကြောင်းပေါ့။
ထိုအခါ ဒီတော့ “ကျော် တော်တော်ကြိုက်တယ်နေတယ်ပေ့ါ”ဟုငေါ့တော့တော့ဖြင့်
မေးတော့ ကျနော်မနေတတ်။
သူက ကျော်နဲ့ခိုင်မြရည် မိတ်ဆွေတွေလားလို့မေးတော့
မဟုတ်ပါဟု ဆိုရပြန်ပါသည်။
သူက ဆွီတီ့ သူငယ်ချင်း ချောသည်ဟုဆိုပြန်လေသည်။
နောက်နေ့ တစ်နေ့လုံး ဆွီတီပျောက်၍ နေလေသည်။
သူပျောက်နေသောနေ့တွင် ခိုင်မြရည် နာမည်လေးက သိူ့ကိုမိတ်ဆွေအဖြစ်
လက်ခံဘို့( add )စာရင်းပေးထားသည်ကိုတွေ့တော့ ချက်ခြင်းပင်မိတ်ဆွေဖွဲ့လိုက်မိလေသည်။
ဒီတော့လည်းကိုယ်နှင့် မိတ်ဆွေဖြစ်သူ၏ပရိုဖိုင်ကို ဝင်ကြည့်မိလေသည်။
အလို သူက လည်းခြင်္သေ့မြိုသူပါဘဲလား။
ဈေးသည်တဲ့၊
သီချင်းဆိုတာ သီချင်းနားထောင်တာ ဝါသနာပါသည်တဲ့။
သူရထားသည့်ဘွဲ့တွေကို ကြည့်တော့ ဆွီတီရထားသည့်ဘွဲ့အတိုင်း။
ပရိုဖိုင် ဓါတ်ပုံကြည့်မည်လုပ်တော့ ?? အမှတ်အသားတွေကိုသာမြင်ရလေသည်။
သူ့ခွင့်ပြုမှကြည့်ခွင့်ရမည်ဆိုသည် သဘောပင်။
သိပ်မကြာခင် ဆွိတီ က မီးစိမ်းလေးပြပြီး လိုင်းပေါ်ရောက်ကြောင်းသတင်းပိုလေသည်။
“ခို်င်မြရည်က ကျနော့်ကိုလာအက်လို့လက်ခံလိုက်တယ်” လို့ပြောလို်က်တော့
သူကမိတ်ဆွေတိုးတာပေါ့ကောင်းတယ်လို့ဆိုလေသည်။
ခိုင်မြရည်ပုံမြင်ဘူးလားလို့မေးတော့ ပိတ်ထားတယ်လို့ဖြေလိုက်ရလေသည်။
အခုဖွင့်ထားတယ် ကြည့်လိုက်လို့ဆိုတော့ သူ့ဓါတ်ပုံတွေကိုမြင်ရတော့
မျက်စေ့များပင်မယုံချင်မိ။
ဆွီတီမှ ဆွီတီအစစ်။
ခဏနေတော့ ဆွီတီဆီမှာ တဟဲဟဲရီပြနေသောအရုပ်ကလေးတွေတက်လာလေသည်။
“ကျော် သိပြီလား”လို့မေးတော့ ကျနော်မှာဘာဖြေရမှန်းမသိ။
ကျော်ကို စချင်လို့ အကောင့်အသစ်လုပ်ပြီး ခိုင်မြရည်ဆိုတဲ့နာမယ်ရင်းနဲ့ဝင်ပြီးကျော်ကိုအက်လိုက်တာ။
ကျော်ကြည့်လို့မရအောင်ဓါတ်ပုံတွေကို ပိတ်ထားတာလို့
ပြောလေတော့ ကျနော်ရှက်သည်ပေါ့။
နောက်မှသူပြောပြသည်မှာ
စင်္ကာပူရောက်မြန်မာများဆိုဒ်တွင်ကျော်ကို ရန်တွေ့သူ ခိုင် ဆိုသည်မှာလည်းဆွီတီတဲ့။
စာကို bcc မခံဘဲပို့လို့ ကွိုင်သည်မှာလည်း ဆွီတီတဲ့။
မန်းလေးဂေဇက်ဝက်ဆို်ဒ်ထဲမှာ ကျနော် ရေးသောစာတွေကို ကျကျနနကော်မင်းတွေ
ပေးပြီး ဆွေးနွေးတတ်သူ” မန်းမမ ” ဆိုသူမှာလည်း ဆွီတီတဲ့။
အခုတော့ သီချင်း အဆိုကောင်းသော ခို်င်မြရည်ဆိုသည်မှာလည်း ဆွီတီ တဲ့။
တတ်လဲတတ်နိုင်လှပါသည်လို့ သာပြောမိလေသည်။
“ကျော် က ဖေစ်ဘုတ်ကို သုံးသာ သုံးတာ ဘာမှလဲ မလေ့လာဘူး”
လို့ဆိုတော့ ကျနော်မှာ ဘာမှပြန်မပြောနို်င်။
သူက အင်တာနက်ကို ဖုန်း ဖြင့်သုံးတာက အကောင်တစ်ခု.။
လက်ပ်တော့ဖြင့်သုံးတာက အကောင့်တစ်ခု။
အဲလိုခွဲသုံးတတ်သည်တဲ့။
သူအလုပ်ဖွင့်ရာဈေးဆိုင်ခန်းမှာ ဝိုင်ဖိုင်အမြဲတန်းရသည်ဆိုဘဲ။
လိုင်းပေါ်မှ မဆင်းခင် ဆွီတီက ပြောခဲ့သောစကားကတော့ ကျနော်အတွက်
ကျေနပ်စရာ။
“ဒီလကုန်မှာ မန်းလေးကိုလာမယ် ဆွီတီသွားချင်တာမှန်သမျှလိုက်ပို့ရမယ်
စားချင်တာမှန်သမျှ ကျွေးရမယ် စားမှာတွေ သွားမှာတွေကို ဆွီတီက စာရင်းလုပ်ထားပြီးသားနော်”တဲ့။
( ဆက်လက်ဖော် ပြ ပါမည်)
ကိုပေါက် လက်ဆောင် အဆွေးပါးပါးလေး
1-12-2013
24 comments
kyeemite
December 7, 2013 at 10:49 am
ကိုပေါက်ဝတ္ထုလေးဖတ်ပြီး…
သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်“ခိုင်” …ဆိုတာလေးသွားသတိရမိတယ်
အခုတော့ နောက်ဆက်တွဲတွေမျှော်ရတော့မှာပေါ့လေ…
surmi
December 7, 2013 at 11:07 am
အင်း… ဂဇက်ရွာမှာဖြစ်တည်ရတဲ့ဇတ်လမ်းလေးတွေကမရိုးနိုင်အောင်ပဲအစ်ကိုရေ..
အပြင်မှာလည်း ဂဇက်ဖူးစာတွေကလည်းအတော်များသား…
တနေ့.. သူတို့ပြန်ပြောင်းအောက်မေ့သတိယပြီးပြန်ရေးကြရင်……
alinsett
December 7, 2013 at 11:39 am
ဒီ ဂဇက် မှာ အခြေတည်တဲ့ ဇာတ်လမ်းလေးးး
ဘာဆက်ဖြစ်မလဲ
ဘာဆက်ဖြစ်မလဲ
အရမ်းးးးးးးးသိချင်လာပြီ
ကိုပေါက်(မန္တလေး)
December 7, 2013 at 12:35 pm
ဇာတ်လမ်းကို အဆုံးထိ ရေး ပြိီး သား ပါ ဒါပေမယ့် ကြိုဖတ်မှာ စိုးလို့
စကက်ဂျုး နဲ့ မတင်တော့ ပါ
ကိုပေါက်(မန္တလေး)
December 7, 2013 at 11:42 am
ဒီ ဝတ္တုလေးက A4 66 မျက်နှာရှိပါတယ်။
အပိုင်းလေး ပိုင်းခွဲ ထားမည် ဖြစ်ပါသည်။
ခါတိုင်းနဲ့ မတူ အဖွင့် ကဗျာလေးများနှင့် ရေး သား ထား သည့် အပြင်
အောက်တိုဘာလ တွင်ရေးခဲ့သော
ကျနော် တော်ေ တာ် လေးနှစ်သက်သော ကျနော် လွမ်း သည် ကဗျာကို ပါ အမှတ်တရ ထည့် ထားပါသည်။
ပက် ပက် စက် စက် ဝေ ဖန် ကြ ပါ ကုန်လော့
ဒီ ပို့စ်လေး ကလဲ အတော်ကြာ ခဲ့ ပါသည်။
ကျနော် တစ်လ ကျော် ကျော် ရေး လိုက် ဖျက် လိုက် နဲ့ ကြာ သွား ပါသည်။
ပြီ း ခဲ့ သော နိုဝင်ဘာ မှ စပြိး ကျနော် ခါတိုင်းကဲ့သို့ ဝေဖန် လေကန်ရေး ဆောင်းပါးများ
မရေးဖြစ်ခဲ့သည့်မှာ အတော် ကြာ ပါသည်။
ဝေ ဖန် ရေး ထက် ရ သ ကို သာ ရေး ချင် စိတ် ကဲ နေ သော ကြောင့်ဖြစ်ပါသည်။
နောင် ထပ် ဒီ လို ဝတ္တု လတ်များသာ ရေ း နေ အုံး မည် ဖြစ် ပါသည်
လုံမလေးမွန်မွန်
December 7, 2013 at 1:02 pm
လေးပေါက် ဝတ္ထုကိုဖတ်ပြီး အတုယူနေပါသည်..
ဇာတ်လမ်းကို မမှန်းတတ်ဘူးဖြစ်နေတယ်… မြန်မြန်တင်နော် လေးပေါက်….
KZ
December 7, 2013 at 1:17 pm
Mandalay,
Singapore,
Khaing,
Sweety,
😀
sorrow weaver
December 7, 2013 at 1:36 pm
တာမွေလူမိုက်နဲ့ ဘာဆိုဘားမှမဆိုင် …အဟိဟိ
ကိုပေါက်(မန္တလေး)
December 7, 2013 at 4:35 pm
ကိုယ်တော် က ဆိုင် ချင် သေး ပါ သလား
ကိုပေါက်(မန္တလေး)
December 7, 2013 at 4:31 pm
မယ်ဇာ ကြို ပြီး ခွင့်တောင်းထားတယ်နော်
တရား မစွဲရ
padonmar
December 7, 2013 at 11:55 pm
မယ်ဆွိကိုပဲ မြင်ယောင်တယ်၊ဘယ်လိုလုပ်ရမလဲ။
ဒါပေမယ့် ဒီထဲက ခိုင်မြရည်က အစားမက်တယ်လို့မပါတော့ အင်း…မတူပါဘူးလေ။
ကိုပေါက်က ဇာတ်လိုက်ပေါ့။
ဒီ ဇာတ်လမ်းတော့ အပြင်နဲ့ နီးစပ်လို့ ကြိုက်သွားပြီ။
KZ
December 8, 2013 at 9:49 am
😀
အနော် လူမိုုက် ဘွ ကနေ မင်းသမီး ဖြစ်ပြီ တီဒုုံ။
ခုုခိ ခုုခိ
ကိုပေါက်(မန္တလေး)
December 8, 2013 at 11:47 am
မင်း သ မီး က ဆွိ
မင်း သား က ဓါတ်ပုံ လုံး ဝ မရိုက်တတ်
ထို့ကြောင့် ကိုပေါက် မင်း သား မဟုတ်
မင်း သား တောက်တောက်ကြော် ပါ
ကိုပေါက် က ပုံပြော သူ
KZ
December 8, 2013 at 1:46 pm
အာ့ကြောင့်ပေါ့၊
တမီးက တောက်တောက်ကြော်ဆိုသိပ်ကြိုက်။
ထမင်းပူပူလေးနဲ့စားလို့ကောင်းမှကောင်း
kai
December 8, 2013 at 6:22 am
ခိုင်ဆိုတဲ့နာမယ်ပါတိုင်း.. လန့်ဖတ်ဖတ်နေရတဲ့ဘဝ….
ဟဟဟ… :kwi:
ကိုပေါက်(မန္တလေး)
December 8, 2013 at 11:48 am
နောက် မှ သူ ကြီး ခိုင် က ဇာတ်လမ်း တွင် မင်း သား လုပ ်ရေး ပါမည်
သီးသန့်
•*¨နန်းတော်ရာသူ •*¨
December 8, 2013 at 10:17 am
ဖေပေါက်ရဲ စာကိုဖတ်ပြီး
အရင်တုန်းက အရမ်းစည်ခဲ့ပျော်ဖို့ကောင်းခဲ့တဲ့ ning siteတွေကိုသတိရသွားပြီ
အမှန်ပြောရင် ဂေဇက်နဲ့ning ဆိုဒ်တွေကို စသိတာခြင်းတူပေမယ့်
အပြင်အဆင် အလှအပနဲ့မီဒီယာတွေစုံတဲ့ဆိုဒ်တွေနဲ့နှစ်တွေခြားပြီးမှဂေဇက်ကို မှတ်ပုံတင်မိတာပါ။
အပြင်ကချည့် ဝင်ပဲကြည့်ဖြစ်ခဲ့တာ
နောက်ပိုင်း အပျော်တွေဝပြီး တကယ်စာရေးဖို့ပဲ စိတ်ဝင်စားတော့မှ တကယ်ဖတ် မန့်တဲ့ဗ ဒီကို ဝင်ဖြစ်တာ
ဟိုဘက်တွေမှာက အခင်မင်မပျက်ဖို့ အချစ်ခင်မှုပြဖို့ဓိကထားပြီး ထိန်းမန့်တတ်ကြတော့ အမှန်ကို မသိရဘူးလေ
လွမ်းမောသတိရသွားပါတယ်
😥
ကိုပေါက်(မန္တလေး)
December 8, 2013 at 11:51 am
နန်း တော် ရာ သူ ရေ
ဖေ ပေါက် လဲ အဲ ဒီ နိုင် ဆိုက် တွေ မှာ ပျော် ခဲ့ ဘူး ပါသည်
ဒါ ကြောင့် ဒီ ဝတ္တု မှာ သ တိ တ ရ နဲ့ ရေး ခဲ့ ခြင်း ဖြစ်ပါတယ်
2009 ဒီဇင်ဘာ မှ စာ စ ရေး တော့ နိုင်ဆိုက်တွေ နဲ့ စာ ရေး သူ ဘဝ ကို စ ခဲ့ တာပါ
ဗုံဗုံ
December 8, 2013 at 1:32 pm
ဖတ်ပြီး ရင်ထဲဘယ်လိုဂျီး ခံစားလိုက်ရမှန်းမသိဘူး 😥
ဖေပေါက်…..တမီးလည်း မင်းတမီး ဖြစ်ချင်လို့
ကျန်တာမပိုင်ဘူး..အငိုဘဲပိုင်တယ်…
ကိုပေါက်(မန္တလေး)
December 8, 2013 at 4:22 pm
အငို ပိုင် လျင် ဖြစ် ပါသည်
ဘုန်းကြီးပျံ ရှိလျင် အကြောင်း ကြား ပါ မည်
အေးရင့်ကျူး မင် း သမီးဖြစ်ရ ပါမည်
Mr. MarGa
December 8, 2013 at 8:20 pm
အွန်လိုင်းဖူးစာ လား
အွန်လိုင်းဝေဒနာ လား
ဘယ်လိုလာမလဲဟင်
ဟီးး ကျနော့်ရဲ့
tag ပိစိကွေးကို
မှတ်မှတ်ရရ ထည့်ရေးထားသေးတယ်နော်
လေးပိုင်းခွဲတာ သိပ် အဆင်မပြေဘူးထင်တယ်ဗျာ
ရှည်နေသလိုပဲမို့………
ကိုပေါက်(မန္တလေး)
December 9, 2013 at 9:49 am
အကြ ာ ကြိ းမစောင့် နိုင် မြန ်မြန် ဖတ် ချင် သည် ဆို လို့ ပါ
Ma Ma
December 14, 2013 at 7:22 pm
စဖတ်ဖတ်ခြင်း သဂျီးခိုင်ကို ဘာအငြိုးနဲ့များ မိန်းမဘဝပြောင်းထားပါလိမ့်လို့ ထင်နေတာ။
ဖတ်ရင်းနဲ့ ခြင်္သေ့ကျွန်းသူဆွိကို မြင်ယောင်လာပြန်ရော။
ပုံပြောကောင်းတဲ့ကိုပေါက်ရေ- နောက်တစ်ပိုင်းကို ပြေးပြီ။ 🙂
ကိုပေါက်(မန္တလေး)
December 15, 2013 at 8:56 am
မမ ရယ် သူကြီးခိုင်က အမည်ပေးကင်ပွန်းတပ်လို့ဘို့အတွက်
ကြောင်ကြီးနဲ့အောင်ပု တို့က တာ ဝန်ယူထားတယ်လေ
ဒီဇာတ်လမ်းမင်း သမီးက ခိုင်ကြီး ကို ကြိုတင်ခွင့်တောင်းပြီးမှ ရေး တာပါ