ကျတော်နဲ့ မေ
မေ………..။ အဲသည်နေ့က ကျတော့်စိတ်ထဲ တစ်လုံးတည်းသာ ရေရွတ်လိုက်မိတဲ့စကားလုံးပဲ။ မေ့နှုတ်ခမ်းက ထွက်ကျလာတဲ့ စကားလုံးပေါင်းများစွာကို တွန်းလှန်တင်းခံမထားနိုင်တာ အံဩစရာ မဟုတ်ပါဘူးလေ။ သည်လိုပဲလေ မေ ကျတော့်ကို အနိုင်ယူနေကြပဲ သည်ကိစ္စမှာ မေမှားသလို ကျတော်လည်းမှန်တယ်လို့ မေနည်းနည်းတောင် မစဉ်းစားမိဘူးလား။ သစ္စာမဲ့တယ်လို့ မေထွက်ခဲ့တဲ့စကား အတိမ်အနက်ဟာ တင်းထားတဲ့ကျတော့်သိက္ခာလေး မှုန်ပျပျကို မေတစ်ခါတည်း ဆွဲချပစ်ခဲ့တာပဲ။ (၂)နာရီဆိုတဲ့ အချိန်ကာလတစ်ခု မေ့အတွက်အရေးကြီးမှန်း ကျတော်သိခဲ့တာပေါ့မေ။ အဲသည်လိုပဲ မေနဲ့ကျတော်သိပ်ချစ်တဲ့ ‘နီတာနဲ့နီပြာ’ လေးအတွက်လည်း ဘဝနဲ့ရင်းပြီး အရေးကြီးတယ် ဆိုတာ မေသိမယ် ကျတော်ထင်ခဲ့တာ။
ကျတော်ရောက်တဲ့အချိန်ဟာ သိပ်ကိုနောက်ကျသွားမှန်းကျတော်သိတယ်။ ကန်တော်ကြီး Utopia Tower ရှေ့က The Best Music Pub ဆိုတဲ့ ဆိုင်လေးရဲ့ ကွက်လပ်တစ်နေရာမှာ မေတို့သူငယ်ချင်းတစ်စုက စကားသံတွေဝေစည်နေပြီလေ။ မေ့မွေးနေ့မှာ ကျတော်ဘာမှမပြင်ဆင် လာခဲ့တာ မေစိတ်ကောက်နေမလား။ မဟုတ်ဘူး။ မေ့မွေးနေ့မှာ ကျတော်(၂)နာရီနောက်ကျခဲ့တာ။ စိတ်ကောက်ရုံတင်မဟုတ်ဘူးဆိုတာ ကျတော်သိနေတယ်။ ဆိုင်ထဲရောက်ရောက်ချင်းပဲ မေကျတော့် ကိုတွေ့ပြီး ပျက်သွားခဲ့တဲ့ မျက်နှာအနေအထား က မေ့သူငယ်ချင်းတွေပါ နောက်လှည့်ကြည့် တဲ့အထိဆိုတာ ကျတော်သိနေခဲ့တယ်။ ကျတော့်လက်နှစ်ဖက် မြှောက်လိုက်ရုံလေးတင်မှာပဲ မေ့ရဲ့စူးရှတဲ့မျက်ဝန်းနဲ့ ခေါင်းတစ်ချက်ဆတ်ကနဲပြလိုက်တဲ့အချက်ဟာ ကျတော့်ကို ‘အိမ်ပြန်တော့’ဆိုတဲ့ အဓိပ္ပာယ်ဆိုတာ ကျတော်မပြောဘဲနဲ့ သိနေခဲ့တယ် မေ။
‘နီတာနဲ့နီပြာ’အရမ်းပင်ပန်းနေတယ် မေ။ ဒီနေ့ဟာ သူတို့ရဲ့ အရေးကြီးဆုံးနေ့ ပြီးတော့ မေနဲ့ကျတော်တို့ သူတို့ကို အရိပ်တကြည့်ကြည့်နဲ့ စောင့်ကြည့်ခဲ့ရတဲ့နေ့လေးလေ။ ဒါပေမယ့် အဲသည်အချိန်မှာ ကျတော် နဲ့ မေ တူတူရှိမနေခဲ့တာ စိတ်မကောင်းဖြစ်မိတာ။ မေ အလေးထားရတဲ့ မေ့ရဲ့မွေးနေ့ဖြစ်နေတာကလည်း အကြောင်းတစ်ခုပေါ့။
‘မေ့ မွေးနေ့မှာ မောင်ဘာပေးမှာလဲဟင်’ ကျတော့်ဖုန်းလေးထဲမှာ မေ့မက်ဆေ့ကို ကျတော်မြင်တော့
‘မောင် နဲ့ မေရဲ့ အလေးထားရဆုံး အမှတ်တရအဖြစ်ဆုံး လက်ဆောင်တစ်ခုကို ပေးဖို့စီစဉ်ထားတယ်မေ’ မက်ဆေ့ပို့ထားတာ မေသိမှာပါ။
အချို့အချိန်ကာလတွေဟာ ကိုယ်ထင်ထားသလို အတိအကျကွက်တိ ဖြစ်မလာတတ်ဘူးမေ။ တစ်ခါတစ်ရံမှာလည်း အံ့ဩစရာကောင်းလောက်အောင်တိုက်ဆိုင်လာတာတွေ ဖြစ်တတ်ကြပြန်တယ်။ မှားတယ်လို့ထင်တာတွေကို အမှန်အဖြစ်မြင်နိုင်ဖို့ အချိန်တွေကိုစတေးရတာတွေရှိသလို တစ်ခါတစ်ရံ လူတစ်ယောက်ရဲ့အလွမ်းတွေကိုလည်း စတေးရတယ်မေ။ အခုတော့ ကျတော့်အလွမ်းတွေကို စတေးရတော့မှာပေါ့။ ဖုန်းကိုဖွင့်ပြီး …..
‘မေ မွေးနေ့မှာပျော်ရွှင်ပါစေ။ မောင့်ကို ခွင့်လွတ်ပါ။ မေ စိတ်ပြေတဲ့အချိန်ထိ မောင်စောင့်ပါ့မယ်။ ’ ဆိုတဲ့ မက်ဆေ့လေးကိုပဲ ပို့ဖြစ်လိုက်တယ်မေ။ ကျတော်ဝမ်းနည်းဖူးတယ် မေ။ ဒါပေမယ့် အခုအဖြစ်အပျက်မှာ တစ်ခါမှ ဝမ်းမနည်းဖူးတဲ့ ဝမ်းနည်းခြင်းမျိုးနဲ့ ဝမ်းနည်းနေတယ်။ ကျတော်စိုးရိမ်တယ်။ ဒီခံစားချက်ဟာ စိတ်နားကြဉ်းတဲ့ ခံစားချက်မျိုးပြောင်းလဲသွားခဲ့မှာကို။ အခု ကျတော်ဝမ်းနည်းနေတယ် မေ။
‘Pet Lover’ ဆိုတဲ့ ဆိုင်လေးကို ဝင်ဝင်ချင်းမှာပဲ ရွှေငါးလေးတွေကို ငေးကြည့်နေတဲ့ မေ့ကို ကျတော်တွေ့လိုက်တယ်။ ဆိုင်ထဲဝင်ဝင်ချင်းပဲ မေကျတော့်ကိုမြင်နိုင်အောင်လို့ လက်ကလေးမြှောက်ပြီး ခါယမ်းပြလိုက်တယ်။ မေ ကျတော့်ကိုကြည့်တဲ့ အကြည့်တွေက စူးလိုက်တာ။ မေ ကျတော့်ကို မုန်းသွားပြီလား။ ကျတော့်ကိုအဲ့သည်လို မကြည့်ပါနဲ့လားမေ။ မေ ကျတော့်ကို ကြည့်တဲ့အကြည့် မှားနေတယ်ဆိုတာ သိရဲ့လား။ မေ ကြည့်တဲ့အကြည့်တွေက သိပ်ကိုမှားနေတယ် မေ။ ကျတော်မေ့ကို ပြောပြချင်တဲ့ အကြောင်းတွေ အများကြီးရှိသေးတယ် မေ။ ကျတော်တစ်နေ့မှာ ပြောပြခွင့်ရမယ်လို့ ယုံကြည်နေတယ်။ စကားတွေကို ပြောခွင့်မရတဲ့ကျတော့်အတွက် မေ့ဖုန်းလေးဆီကိုပဲ မက်ဆေ့လေးတစ်စောင် ကျတော်ပို့လိုက်မိတယ်။
‘ငါးလေးတွေ လာဝယ်တာလား မေ’
မကြာခင်မှာပဲ မက်ဆေ့တစ်စောင် မေ့ဆီကနေ ပြန်ရောက်လာတယ်။
‘ဘာလာလုပ်လုပ်ပေါ့တဲ့’
ကျတော်ဟာ အနားသတ်တစ်ခုပဲ့ကျနေတဲ့ သစ်ရွက်တစ်ရွက်ပါ မေ။ မေလိုအပ်ရင် ကိုယ့်ကိုယ်ကိုခြွေချဖို့ အသင့်ပါ။ မေ့ကို ကျတော်ချစ်တာတွေကို ပြောပြဖို့ လေထုကတစ်ဆင့်သယ်သွားလို့ မရဘူး မေ။ တကယ်တော့ ချစ်ခြင်းဟာ စကားလုံးတွေပဲမပါဘဲ အသက်ရှင်နိုင်တာ ကျတော် အခုသိသွားပြီ မေ။
မကြာသေးခင်ကပဲ ဝယ်ထားတဲ့ အလှမွှေးငါးဖုန်အိုးလှလှလေးတစ်လုံးကို ကျတော်ထိုင်ကြည့်နေမိ တယ်။ မေ့မွေးနေ့မတိုင်ခင်က ဝယ်ထားတဲ့အိုးကလေးပေါ့။ မေရော ‘နီတာ’လေးတွေကို သတိမရဘူးလား။
ကျတော့်ဘေးနားမှာ အလှမွေးငါးကန်လေးတွေနဲ့ ပြည့်နှက်နေတယ်။ ညဟာတိတ်ဆိတ်နေပေမယ့် ငါးကန်တွေဆီက အောက်ဆီဂျင်အသံနဲ့ပလုံစီနေကြတယ်။ အရင်ကဆို ကျတော်နဲ့မေဟာ ငါးလေးတွေကူးခတ်နေတာကို အတူတူကြည့်နေကြလေ။ မေဟာ ငါးလေးတွေကို သိပ်ချစ်တယ်ဆိုတာ ကျတော်အသိဆုံး။ မေမရှိတဲ့ညတွေဟာ တိတ်ဆိတ်လွန်းတယ်မေ။ မေ့ရဲ့ ရယ်သံလွင်လွင်လေးတွေ မကြားရတော့တာတွေ။ ကျတော့်ကို တကယ်ရက်စက်ပြီလား မေ။ နှင်းငွေ့ရည်လေးတွေ တစ်ဖျတ်ဖျတ်ကျနေသလို ကျတော့်အလွမ်းတွေ စွတ်စွတ်စိုနေတယ်မေ။ ‘ပြန်မဆုံဖြစ်ခဲ့ရင်’ ဆိုတဲ့ သီချင်းကို ကျတော်လွမ်းလွမ်းဆွေးဆွေးနဲ့ သိပ်ဆိုချင်တာပဲ။ ကျတော့်ဘဝက ဆိုခွင့်မရှိတဲ့ (ဘယ်တော့မှ ဆိုခွင့်မရမယ့်) ဘဝဆိုတာ မေသိနှင့်ပြီးသားပဲလေ။
ကျတော်မခံစားနိုင်လို့ မေ့အိမ်ကိုလာခဲ့တယ်။ ခြံထဲဝင်ဝင်ချင်းပဲ သစ်ပင်တွေပေါင်းသင်နေတဲ့ မေ့ကို ကျတော်တွေ့တယ်။ ကျတော်လက်ပြကာ မေ့ကိုနှုတ်ဆက်လိုက်တယ်။ နွေးထွေးပြီး မျှော်လင့်နေတဲ့ အပြုံးတစ်စုံပါ ကပ်ပါလာတယ်ဆိုတာ မေသိမှာပါ။ မေ့မျက်ဝန်းတွေဟာ အရင်နေ့ကအတိုင်းပဲ ဘာမှမပြောင်းလဲသေးဘူး။ မေ့မျက်ဝန်းတွေက ကျတော်ဟာ ကတိမတည်တဲ့ယောက်ျားတစ်ယောက်ဆိုတဲ့ အကြည့်နဲ့ မကြည့်ပါနဲ့လား။ အချိန်က စကားပြောပါလိမ့်မယ်လို့ မေ့ကိုပြောချင်ပေမယ့် ကျတော်ပြောခွင့် မရခဲ့ဘူးမေ။ အဲသည်တော့ စကားပြောလာတော့မယ်အချိန်ကိုပဲ ကျတော်စောင့်နေရတော့မယ်။ သေချာတာက မေ့ကို ကျတော်ချစ်တယ်မေ။ မေ့ရဲ့ အကြည့်တွေကို မခံနိုင်လို့ ကျတော်နောက်ဆုတ်ခဲ့တယ်။ မေနားလည်မှာပါ။ နှုတ်ကဖွင့်မပြောလည်း နားလည်တဲ့ဘာသာစကားတစ်ခု မေနဲ့ကျတော်ကြားမှာ ရှိနေတယ်။
မေ‘နီတာ’လေးရဲ့ သားသမီးတွေ ကြီးလာပြီ မေ။ မေ့ကို ကျတော်မပေးဖြစ်ခဲ့တဲ့ မွေးနေ့လက်ဆောင် ကိုလည်း ပေးနိုင်တော့မယ်။ ‘နီတာ နဲ့ နီပြာ ’ဆိုတာ ကျတော်နဲ့မေ သိပ်ချစ်ကြတဲ့ ဖိုက်တာ အလှမွေးငါးလေး နှစ်ကောင်လေ။ ‘နီပြာ’ဟာ ကိုယ်ဝန်ကြီးနဲ့ဆိုတာ မေလည်းသိတာပဲလေ။ တိုက်တိုက်ဆိုင် မေ့မွေးနေ့ နံနက်မှာပဲ ‘နီတာ’ဟာ ‘နီပြာ’မလေး ဥတွေထည့်ဖို့အတွက် ရေမျက်နှာပြင်ပေါ်မျာ အသိုက်တွေဆောက်နေတာ ကျတော်တွေ့လိုက်ရတယ်မေ။ ဖိုက်တာ ငါးမတွေဟာ အကောင်လိုက်မပေါက်ဘဲ ဥဥပြီးပေါက်တဲ့ ငါးမျိုးဆိုတာ မေလည်းသိနှင့်ပြီးတာပဲလေ။ ငါးမရဲ့ ဥတွေထည့်ဖို့အတွက် ငါးထီးဟာ ရေမျက်နှာပြင်ပေါ်မှာ သူကို်ယ်တိုင် အသိုက်ဆောက်ကြတယ်။ အဲသည်အဖြစ်အပျက်ကို တွေ့တွေ့ချင်းပဲ ကျတော်အလုပ်ရှုပ်ရပြီပေါ့။ ကျတော်နဲ့မေ ချစ်တဲ့ ‘နီတာနဲ့နီပြာ’ရဲ့ အရေးကြီးဆုံးအချိန်ကို စောင့်ကြည့်ရတော့မယ်လေ။
‘နီတာ’ကြီး အသိုက်ဆောက်နေချိန်ဟာ ညနေ (၆)နာရီလောက်မှာ ပြီးဆုံးသွားတယ်မေ။ ပြီးတော့ ‘နီပြ’မဆီလာပြီး ဥညှစ်ပေးပါရော။ မေ သိတယ်မဟုတ်လား။ ဖိုက်တာငါးတွေရဲ့ ထူးခြားချက်က အမတွေဟာ သူတို့ကိုယ်သူတို့ ဘယ်တော့မှ ဥမညှစ်ကြဘူး။ အမတွေကို အထီးတွေပဲ ဥညှစ်ပေးရတာ။ ကျတော် မေ့ကို ပြောပြတုန်းက မေကိုယ်တိုင်တောင် အံ့ဩခဲ့ရသေးတယ်လေ။ ခြေတွေလက်တွေ မပါတဲ့ ငါးတစ်ကောင်ဟာ ကိုယ်ဝန်ဆောင်တဲ့ ငါးမတစ်ကောင်ကို ဘယ်လိုမျိုးဥတွေညှစ်ပေးရမလဲဆိုတာ။ မေတ္တာပါပဲ မေ။ ခြေတွေ လက်တွေမပါဘဲ ညှစ်လို့ရတယ်ဆိုတာ။ တကယ်တော့ ဖိုက်တာငါးအထီးတွေဟာ ငါးမတွေရဲ့မျိုးဥကိုညှစ်ပေး ဖို့အတွက် သူတို့ခန္ဒာကိုယ်ကိုယ် ကွေးညွှတ်ပြီး ငါးမရဲ့ဗိုက်ကိုညှစ်ပေးကြတယ် မေ။ ငါးမဗိုက်ကနေကျလာတဲ့ မျိုးဥတွကို ငါးမကပြန်စားတတ်လို့ ငါးမ မစားမိအောင် ရန်လုပ်ပြီး အဲသည်ငါးဥတွေကို သူ့ပါးစပ်နဲ့ငုံပြီး ရေမျက်နှာပြင်ပေါ်က သူဆောက်ခဲ့တဲ့ ရေပူပေါင်းအသိုက်လေးတွေမှာ ဥလေးတွေကို သိမ်းဆည်းကြတယ်။ ဖိုက်တာငါးထီးတွေရဲ့ ခိုင်မြဲတဲ့မေတ္တာပေါ့။ ဖိုက်တာငါးအထီး မျိုးဥတွေ ညှစ်ပေးတာဟာ တစ်ခါတည်းနဲ့ မပြီးဘူးမေ အနည်းဆုံး (၅)ကြိမ်တော့ ပြုလုပ်ကြတယ်။ တစ်ကြီမ်ညှစ်ပြီးရင် သူ့ကိုယ်ကိုကွေးညွှတ်ရတာ ကြောင့် မောပန်းပြီး အချိန်အတော်ကြာ နားတတ်ကြသေးတာ။
ကျတော်ဖန်အိုးလေးတစ်လုံးဝယ်ထားတယ် မေ။ အဲသည် ဖန်အိုးလေးထဲမျာ ကျတော်နဲ့မေ ချစ်တဲ့ ‘နီတာနဲ့နီပြာ’တို့ရဲ့ ရင်သွေးလေးတွေကိုထည့်ပြီး မေ့ကိုလက်ဆောင်ပေးဖို့ ရည်ရွယ်ထားခဲ့တာ။ မထင်မှတ်ဘဲ အချိန်တွေဟာ တိုက်ဆိုက်လွန်သွားခဲ့တယ်။ ‘နီတာနဲ့နီပြာ’ ကိစ္စတွေပြီးသွားမှပဲ ‘နီပြာ’မကို အပြင်ကိုထုတ်။ ‘နီတာ’ကြီးကို မျိုးဥတွေစောင့်ရှောက်ဖို့ သေချာထားခဲ့ရသေးတာ။ ကျတော် မေ့ဆီရောက်တော့ အတော့်ကို နောက်ကျနေခဲ့ပြီလေ။ အခုတော့ ‘နီတာနဲ့နီပြာ’တို့ရဲ့ ရင်သွေးလေးတွေ တော်တော်ကြီးလာပြီ မေ။ ဖန်အိုးလေးကို သေချာသုတ်ပြီး ကျောက်ခဲလေးတွေဆီ ရေမှော်ပင်လေးတွေထည့်။ ‘နီတာနဲ့နီပြာ’တို့ရဲ့ ရင်သွေးလေးတွေထဲက ‘နီတာနဲ့နီပြာ’တို့နဲ့ အတူညီဆုံးနှစ်ကောင်ကိုရွေးပြီးထည့်။ မေ့အတွက်မွေးနေ့လက်ဆောင်ပေါ့။ ကျတော့်ကို ခွင့်လွတ်နိုင်ဖို့မျှော်လင့်ပါတယ်မေ။
အချိန်တွေနောက်ကျသွားတာခွင့်လွတ်ပါလို့ပြောချင်ပါတယ်မေ။ အချိန်ဆိုတာ ချစ်တဲ့သူနှစ်ဦးကြား တံတိုင်းတွေအဖြစ် ဖြစ်နေတတ်ကြတာ။ မေ့ကို သေချာရှင်းပြချင်လို့ ရန်ကင်းစင်တာက J’Donuts ဆိုင်လေးကို ကျတော်ချိန်းလိုက်မိတယ်။ ဆိုင်ထဲကို ဝင်ဝင်လာချင်းပဲ မေးမျက်လုံးတွေဟာ ငါးထည့်ထားတဲ့ ဖန်အိုးလေးကို ကြည့်နေတာ ကျတော်သတိထားမိပါတယ်။ မေ့ မျက်လုံးတွေက အခုထက်ထိစူးနေတုန်းပဲ။ ကျတော်မေ့ကို ပြုံးရုံပဲပြုံးပြပါတယ်။ ကျတော့်အပြုံးထဲမှာ တောင်းပန်တဲ့အပြုံး ခွင့်လွတ်စေချင်တဲ့အပြုံး မေ့ကိုချစ်တဲ့အပြုံးတွေပါမှန်း မေသိပါစေလို့ဆုတောင်းနေမိတာ။ မေက ထိုင်ခုံမျာထိုင်ထိုင်ချင်းပဲ ကျတော့်ကို မေးဆတ်ပြတယ်။ ကျတော်က ငါးဖန်အိုးလေးကိုကိုင် မေ့ကိုပေးလိုက်တယ်။ ပြီးတော့ ခြေဟန်လက်ဟန်နဲ့ မေ့အတွက်မွေးနေ့လက်ဆောင်ပါလို့ ပြလိုက်တယ်။ မေ့ရဲ့ စူးရှတဲ့မျက်လုံးတွေအရောင်ဖျော့သွားတယ်။ နှုတ်ခမ်းလေးတွေပြုံးရောင်သမ်းသွားတယ်။ ကျတော် မေ့မွေးနေ့မှာ ပျက်ကွက်ခဲ့ရတဲ့အကြောင်းတွေကို ခြေဟန်လက်ဟန်တွေနဲ့ပြလိုက်ရတာ တော်တော်ကြာသွားတယ်။ မေ့မျက်နှာ တစ်ဖြည်းဖြည်းအရောင် ပြောင်းလာတယ်။ ဟုတ်တယ်။ နှုတ်ကဖွင့်မပြောလည်း နားလည်တဲ့ဘာသာစကားတစ်ခု မေနဲ့ကျတော်ကြားမှာ ရှိနေတယ်။ ဆိုင်ထဲကလူတွေကတော့ ကျတော်နဲ့မေ့ကို ဂရုတစ်စိုက်ကြည့်နေကြလို့။
မေ နဲ့ ကျတော်ဟာ ဘယ်တော့မှမဆုံးတော့မယ့် တစ်ထောင့်တစ်ညပုံပြင်တွေလိုပဲ။ ရင်ထဲက ခံစားမှုအသေးစိတ်လေးတွေကအစ ကိုင်တွယ်ဖို့သိပ်ခက်ခဲပြီး နူးညံ့လွန်းနေတယ်။ အဲဒါကြောင့် ဟိုးအနက်ရှိုင်းဆုံးတစ်နေရာစာမှာရှိနေဖို့ မေ့အတွက် အဲသည်အရာကို ကျတော်ပေးချင်ခဲ့တာ။
တကယ်တော့ ချစ်ခြင်းဟာ စကားလုံးတွေပဲမပါဘဲ အသက်ရှင်နိုင်တာ ကျတော် အခုသိသွားပြီ မေ။
********************************************
ရင်နှင်းရင်း၍
အောင်မိုးသူ
ဇန်နဝါရီလ ၂၉ရက် ၂၀၁၄ခုနှစ်
နံနက် ၁ဝနာရီ ဝ၅မိနစ်
8 comments
ဒညင်းဝက်
January 29, 2014 at 2:25 pm
တကယ်တော့ ချစ်ခြင်းဟာ စကားလုံးတွေပဲမပါဘဲ အသက်ရှင်နိုင်တာ ကျတော် အခုသိသွားပြီ ..ကအောင်မိုးသူ…
:kwi:
aung moethu
January 29, 2014 at 9:59 pm
နောက်နေတာလား ငင်
KZ
January 29, 2014 at 6:45 pm
အချစ်/အလွမ်း ဇာတ်လမ်းထဲကပဲ ကိုယ်မသိတာတွေ သိလိုက်ရတယ်။
ငါး အကြောင်းးး
ငါးမမွေးဖူးတော့ မသိဘူးတော့။
kyeemite
January 30, 2014 at 9:29 am
“မေ” တဲ့လားဗျာ…..တိုက်ဆိုင်လိုက်တာ ကိုအောင်မိုးသူရေ…
ကျုပ်လည်း ခုရက်ပိုင်းအတွင်း ကျုပ်နဲ့ “မေ” ရဲ့အတိတ်ကဇတ်လမ်းလေးကိုပြန်တူးဆွနေမိတာ… 😥
aung moethu
January 30, 2014 at 2:12 pm
တိုက်ဆိုင်မှုရှိရင် ခွင့်လွတ်ပါ.. 🙂
ko six
January 30, 2014 at 11:00 am
အချစ်ကအချစ်လို
မြစ်ကမြစ်လို…..
သပ်သပ်ခပ်ခပ်စီးဆင်းတာပဲ
တစ်ခုတော့ရှိတယ်
ကမ်းနဲ့နီးရင်
အချစ်နဲ့မကင်းရင်
ယူရေနီယံကို ကိုင်ထားရသလို
အကာအကွယ်ပါလည်း
စိတ်တော့မချရဘူး ကိုအောင်မိုးသူ။
aung moethu
January 30, 2014 at 2:14 pm
အချစ်ဆိုတာ နက်နဲပါတယ်ဗျာ
kai
January 30, 2014 at 2:54 pm
ဒဂုန်တာရာရဲ့” မေ”လိုများ.. ဆိုပေတေလေးဖြစ်မလားလို့..
ဆိုတော့…
ဒီဖတ်လမ်းရုပ်ရှင်ရိုက်ရင်.. စကားပြောနေကြစရာမလိုဘူးပေါ့.. ဟုတ်စ..