ရွှေတိဂုံကိုမြင်လျှင်
“တကတည်း၊ သူ့မြေးမှ သူ့မြေးဖြစ်နေလိုက်တာ။ ကျွန်မသားလည်း ရှင့် မြေးပါပဲ၊ အဘွားကြီးရဲ့”
“နိုင်နိုင်လည်းငါ့မြေးပဲ၊ မောင်မောင်လည်း ငါ့မြေးပဲ။ ဒါပေမယ့် နင့်သားလုပ်ထားတာလည်း ကြည့်ပါဦးဟယ်”
မောင်မောင်နဲ့ပတ်သက်ပြီး ဘွားအေကြီး ချွေးမဖြစ်သူ ”မယ်အုန်း” ကိုု လေပျော့လေးဖြင့်ဖြေရှင်းနေခြင်းပါ။
ဟုတ်တော့လည်းဟုတ်သည်။ မြေးချင်းတူတူပေမယ့် သမီးလတ် ကမွေးထားတဲ့ “နို့ညှာကောင်” မောင်မောင် သည်ဘွားအေကြီး၏ အချစ်ဆုံး။ အသည်းနှလုံး။ ဒီကလေးအခါလည်လောက်ကတည်းက ကံဆိုးသူ “သမီး” က မီးတွင်းထဲ ဆုံးသွားခဲ့သည်။ မောင့်မောင့်ထက် အကြီး “မလေးငယ်“ ကအိမ်ထောင်ခွဲသွားခဲ့ပြီ။ အဖေလုုပ်သူက ဝေးလံခေါင်ဖျားသော “ကြံခင်းမြို့၊ ဘိလပ်မြေစက်ရုံ” တွင် နေ့စားဝန်ထမ်း။ ခေတ်အခါကလည်း ဘာတွေဖြစ်နေမှန်းဘွားအေကြီးမသိ။ ရှစ်လေးလုံးဆိုလား၊ ရှစ်သုံးလုံးဆိုလား သူများတွေပြောနေတာကိုတော့ ကြားသည်။
ဒို့အရေး၊ ဒို့အရေးဟု အော်နေသံတွေက သူနေထိုင်ရာ “ရေကျော်” ရွာကလေးဘက်ဆီသို့ တဘက်ကမ်းမှ ပျံ့လွင့်လာတတ်သည်။ လူတွေ၏ မျက်နှာများကလည်း တင်းမာသုန်မှုန်နေသည်။ လက်ထဲတွင်လည်း တုတ်၊ ဓါးများ ဆွဲကိုင်ထားကြသည်။ ခေတ်ကြီးပျက်ပြီလား။ သူမသိ။ သူသိတာ ထိုသူများကို သူကြောက်သည်။ ရှေးအဘွားကြီးပီပီ အစိုးရိမ်၊ အပူပန်ကြီးသည်။
မမှောင်ခင်ကတည်းက ခြံတံခါးပိတ်သည်။ တံခါးမင်းတုတ်ထိုးသည်။ သူသိတာ ဂျပန်ခေတ်ကိုသိခဲ့သည်။ ကရင်သူပုန်များ ပုသိမ်မြို့ကိုဝင်စီးတာကို သိခဲ့သည်။ ဗုံးချသံ၊ သေနတ်ပစ်သံကြားထဲမှာ ဘွားအေကြီးအရွယ်ရောက်ခဲ့ရသည်။ နောက်တော့ “ဆရာလှ” နှင့်အိမ်ထောင်ကျပြီး သားသမီးရှစ်ယောက် တိတိမွေးခဲ့သည်။ တင်တင်၊ စန်းစန်း၊ ကျော်ရင်နှင့် ကျော်ခင်သာ လူလားမြောက်သည်။ ကျန်သားသမီးများ အကြောင်းအမျိူးမျိူးဖြင့် တိမ်းပါးခဲ့သည်။ ယခုလည်း “စန်းစန်း” တစ်ယောက် ကံဆိုးသူ“ မောင်မောင်” တို့သားသမီးသုံးယောက်ကို ထားခဲ့ပြီး လူ့လောကမှ ထွက်ခွာ သွားခဲ့ပြီ။ မောင်မောင့်အောက် “အငယ်မလေး“ ကားရန်ကုန် “သင်္ဃန်းကျွန်း” တွင်သမီးအကြီး “မယ်တင်” ကခေါ်မွေးစားထားသည်။ ဒီတော့ မောင်မောင်တစ်ယောက် ဘွားအေ ကြီးလက်ထဲတွင် လေးနှစ်သားကတည်းက သောင်တင်နေသည်မှာ ယခု အသက် ၁၂ နှစ် သားတောင်ရောက်ခဲ့ပြီကော။
မိဘမေတ္တာငတ်ခဲ့တဲ့ကလေး၊ သားအချစ်မြေးအနှစ်ဆိုသလို ဘွားအေကြီးပုံအောအလိုလိုက်ခဲ့သည်။ သို့သော်ဘွားအေကြီးကိုယ်တိုင် သူများပေးစာ၊ ကမ်းစာ စားနေခဲ့ရသည်မှာ ကြာခဲ့ပြီ။ သားဖြစ်သူ ”ကျော်ရင်”က “ကျောင်းကုန်း” မြို့တွင် ရေကြည်ရာ၊ မြက်နုရာ အခြေချနေထိုင်သည် ဆိုသည့် သတင်းမှအပ သေသလား၊ ရှင်သလားမကြားရသည်မှာကြာပြီ။ ဆိုးလွန်းသောသားတစ်ယောက်အဖြစ် မိခင်ကြီးကို ဒုက္ခအမျိူးမျိူးပေးကာ စစ်ထဲဝင်သွားသလိုလိုဖြင့် အစအနရှာမရတော့။ ဘွားအေကြီးတွင် ရှိတာဆိုလို့ သွားလေသူ “ဆရာလှ” လက်ထက်ပွားက အိမ်ကြီးတစ်လုံးသာကျန်ခဲ့သည်။ အရင်ကတည်းက သားကိုသခင်၊ လင်ကိုဘုရားတည်းဟူသော ဆိုရိုးနှင့်အညီနေထိုင် ခဲ့သူ ဘွားအေကြီး အဖို့ အသက် ၇ဝ ကျော်လာသည်အထိ အိမ်အလုပ်မှလွဲပြီး ဘာမှမလုပ်တတ်။ ထိုအချိန်တွင် “မောင်ကျော်ခင်” တစ်ယောက် “မယ်အုန်း” ကိုလက်ဆွဲပြီးအိမ်ပေါ်ရောက်လာပါတော့သည်။ “မမ”(မှတ်ချက်။ ။ထိုခေတ်က အမေကို မမ ဟုခေါ်ကြသည်) အဖော်ရအောင်၊ “မမ”ကိုပြုစုရအောင်၊ “မောင်မောင့်” အတွက် အမေအစားရအောင်ဆိုသောစကားဖြင့် မန်ကျီးစေ့ လက်ကောက်နှစ်ရံပါသွားသည်။ ထိုကာလများတွင်တော့ “မောင်မောင့်” အတွက် ဘွားအေကြီးဝမ်းသာရသလို သူ့ အတွက်လည်း ကျေနပ်ရပါသည်။ စားကြ၊ သောက်ကြ၊ ရယ်ကြ၊ မောကြဖြင့် ပျော်စရာကောင်းသည် ထင်ခဲ့သည်။ သို့သော် အခိုက်အတန့်မျှသာ။ သို့နှင့် “မောင်ကျော်ခင်” တစ်ယောက် လက်ကောက်နှစ်ရံကိုထုခွဲကာ “လှေ” ပေါ်ကုန်တင်ပြီး “စုန်”ကာမှ “မြစ်ကြီးနား” တွင်အိမ်ထောင်ကျ ပါတော့သည်။ မိုက်လိုက်တဲ့သား။ သားသမီး ငါးယောက်မွေးထားခဲ့ပြီးမှ ဗွေဖောက်လေပြီ။
ထိုအခါ မိန်းမဖြစ်သူ “မယ်အုန်း” အဖို့ ဘွားအေကြီးအား မြေနိမ့်ရာလှံစိုက်တော့သည်။ နိုင်ရာကိုသာမဲတော့သည်။ သူ့ကလေးတွေနှင့် “မောင်မောင်” ရန်ဖြစ်တိုင်း လက်ပါလာသည်။ ဘွားအေကြီးဝင်ပါတော့ မိုက်မိုက်ရိုင်းရိုင်းပြန်ပြောလာသည်။ ဘွားအေကြီး၏ ငွေကြေးကလေးများလည်း သုံးလို့ကုန်ပြီကော။
ချွေးမအချိူးပြောင်းလာသမျှ ဘွားအေကြီးလည်း လုံးပါးပါးလာတော့သည်။ ရွှေတို၊ ရွှေစလေးများတစစ နည်းလာသည်။ ရောင်းရေး၊ ဝယ်တာမှမလုပ်တတ်သော ဘွားအေကြီးအဖို့ ချွေးမအငြူအစူမခံရအောင် ရှိသမျှလေးပေးခြင်း မှတပါး တခြားနည်းကို လည်း မသိတော့။ လက်ထက်ပွားကဖြစ်လာခဲ့သည် ရွှေစ လေးများကုန်ခဲ့သည့်အခါတွင် ချွေးမဖြစ်သူ ဇာတိရုပ်ပေါ်လာခဲ့ပြီ။ နေ့ရှိသရွေ့ စောင်းမြောင်းသည်။ ကလေးချင်းရန်ဖြစ်လျှင် ဇိုးကနဲ၊ ဇတ်ကနဲ့ “မောင်မောင့်” ကိုလက်ပါသည်။
အခုလည်း သူ့သား “နိုင်နိုင်” ဆော်ထားသဖြင့် “မောင်မောင့်” မျက်လုံးတစ်ဖက်ဖူးဖူးယောင်နေသည်။ “နိုင်နိုင်” ကလူလုံးလူဖန်တောင့်သည်။ ဗလက “တွေ” နေသည်။ လက်ကမြန်သည်။ သူအရင်လုပ်ပြီး အသံဗြဲကြီးနှင့်ငိုကာ သူ့အမေဆီပြေးတတ်သည်။ “မောင်မောင်” ကတော့ ငယ်ကြောက်။ အရာရာတွင် သည်းခံပြီး လူတိုင်းခြယ်လှယ်သမျှခံနေရသည့် ဘွားအေကြီးလက်တွင် ကြီးခဲ့သူပီပီ အညွန့်တုံးလုမတတ် သိမ်ငယ်စိတ်ဝင်နေတတ်သည်။ သို့သော် “မောင်မောင်” နိုင်သောသူ တစ်ယောက်ရှိသည်။ သွန်လိုသွန်၊ မှောက်လိုမှောက်လည်း အနိုင်ကျင့်သည်။ လေသံမာမာဖြင့်တောင်အပြောမခံ။ ပြန်ရိုက်သည်။ ပြန်အော်သည်။ သူဆိုးသမျှဒိုင်ခံရသူကား ဘွားအေ ကြီးပင်တည်း။ မောင်မောင့် ကိုလည်း အပြစ်မဆိုသာ။ သိမ်ငယ်နေသောစိတ်ထဲတွင် ငုပ် နေသည့်မခံချင်စိတ်သည် ထွက်ပေါက်တစ်ခုသဖွယ် သူ့ကို အလိုလိုက်သည့် ဘွားအေကြီးပေါ်တွင် အတိုးချပြီး ဆိုးသည်။ သူ့ကိုအနိုင်ကျင့်သည့် ဝမ်းကွဲ မောင်နှမများ၊ သူငယ်များကို ဘာမှပြန်မလုပ်ရဲသလောက် ဘွားအေ ကြီးကိုအနိုင်ကျင့်ချင်သည်။ သို့သော် မောင်မောင်သည် မိုက်ရိုင်းသော ကလေးမဟုတ်။ စိတ်ပိုင်းဆိုင်ရာ ထွက်ပေါက်ချို့ငဲ့နေရှာသော အဖြစ်ကြောင့် မိဘ၊ မောင်ဘွားအရင်းအခြာများ၏ အားပေးမှုကိုမရတိုင်း ဘွားအေ ကြီးအပေါ်တွင်နွဲ့ဆိုးဆိုးခြင်းသာ။
ငိုကြောရှည်သလောက် ဘွားအေကြီးသောက်သည့်ဆေးတံကိုလွှတ်ပစ်တတ်သည်။ ဘီးကိုချိူးပစ်တတ်သည်။ အကျင်္ ီ များကို ဆွဲဖွတတ်သည်။ ဒီမျှထက်တော့မပို။ အသံကျယ်ကျယ်ဖြင့်လည်း မငိုရဲ၊ မဆူရဲ။ “ဒေါ်ဒေါ်အုန်း” ကို ကြောက်လှပါသည်။ ချွေးမမင်းမူထားသော ဘွားအေကြီးပိုင်သော အိမ်ပေါ်တွင် မြေးအဘွားနှစ်ယောက်အဖြစ်က ရင်နာစရာကောင်းလှသည်။ မည်သို့ဖြင့်ဆိုစေ မောင်မောင် ကိုယ်တိုင်ကလည်း ဘွားအေကြီးကို တုန်နေအောင်ချစ်သည်။ ဝေယျာဝစ္စကို လုပ်ပေးပြီးအချစ်ကိုပြရကောင်းမှန်း မသိသော်ငြားလည်း ဘွားအေကြီးကို မောင်မောင် ဘယ်လောက်ချစ်ကြောင်း ကိုယ်တိုင်သာအသိဆုံးပင်တည်း။ ဘွားအေကြီးသည်မောင်မောင်ရဲ့ ဘဝဖြစ်သလို ဘွားအေကြီး၏ ဘဝသည်မောင်မောင်သာဖြစ်ဖို့ ဘဝပေးအခြေအနေကလည်းတွန်းပို့နေသည်။ ချွေးမပေးထားသည့်မသထာရေစာငွေလေးထဲမှ ဆန်လေးတစလှယ်လောက်ကို ဝယ်ထားပြီး မြေးအဘွားနှစ်ယောက်ချက်စားရသည်။ ထိုကဲ့သို့အိုးခွဲချက်စားရန်ကို ဘွားအေကြီးမှတောင်းဆိုခဲ့ခြင်းဖြစ်သည်။ အိုးခွဲမစားခင်တစ်ညနေထမင်းဝိုင်းကို ဘွားအေ ကြီးမမေ့သေး။ ထိုနေ့က “မောင်မောင်” ကြိုက်တတ်သော ဝက်သားဟင်းချက်သည်။ အိမ်သားများနှင့်တဝိုင်းတည်းစားနေစဉ် မောင်မောင့် ဟင်းကုန်သွားသဖြင့် မောင်မောင့်ခင်မျာ ထမင်းအဖြူထည်စားနေရသည်။ မိမိကကိစ္စမရှိ အသက်အရွယ်ကြောင့် ဝက်သား မစားတော့တာကြာပြီ။ မောင်မောင်ကတော့ အသားလုပ် သည့်အရွယ်မို့ စားလုံး၊ စားပေါက်ကကြီးသည်။ ချွေးမလုပ်သူ “ဘတ်ကနဲ” ပစ်ထည့်ပေးလိုက်သည် လက်သည်းခွံသာသာ ဝက်သားဖတ်ကလေးနှင့် မည်သို့မျှ မောင်မောင် မဝ။ မောင်မောင့်ခမျာ ထပ်မတောင်းရဲရှာတော့ ဘွားအေကိုလက်ကုတ်သည်။ ဘွားအေကြီးက မိမိအတွက်ဆို သေလိုကသေစေ၊ ထည့်ပေးသောဟင်းမှလွဲပြီးမည်သည့်အခါမှ ထပ်မထည့်သောြ်ငား မြေးအတွက် ဟင်းခွက်ကို လက်လှမ်းမိလေသည်။
“အောင်မလေးတော်၊ ပိုက်ဆံအလကားရတယ်များမှတ်နေလား၊
တစ်ယောက်တဖတ်ဆိုတော်ရောပေါ့၊ နေ့ဖို့ညစာချန်ထားရတယ်တော့၊ မြိုပဲမြိုနိုင်လွန်းတယ်”
မိုးကြိုးပစ်သလို ထွက်လာသောချွေးမလုပ်သူအသံကြောင့် အမယ်အို၏ တုန်ချိချိလက်အစုံသည် နောက်သို့ပြန်ရုတ်ခဲ့သည်မှစပြီး အိုးခွဲခဲ့လေတော့သည်။၊
ချွေးမအဖို့ကလည်း ဒီအမယ်အိုကြီးကို အရင်ကတည်းက လူပိုကြီးထင်နေသူပီပီ ဝမ်းမြောက်ဝမ်းသာ လက်ခံပါသည်။ မမ ကြိုက်တဲ့အချိန်စားလို့ရတာပေါ့ဟု လေပြေထိုးသည်။ ချွေးမမျက်နှာကြည့်ရုံမျှနှင့်ဟင်းခွက်မနှို်က်ရဲသောအဖြစ်ထက် အခပ် မပါသောချဉ်ပေါင်ဟင်းချိုလေးဖြင့် စားရသည်က မြိန်လှပါသည်။
“မောင်မောင့်” ကိုလည်းကြိုက်တတ်ရာရာလေးတွေ ချက်ကျွေးနိုင်သည်လေ။ ညနေမှောင်ရီပျိူးတွင် မြေးအဘွားနှစ်ယောက် ထမင်းတူတူစားကြသည်။ စကားတူတူပြောကြသည်။ မောင်မောင်ကလည်း အမေးထူလှသည်။ မေးခွန်းတွေစုံလှသည်။ ဥစ္စာစောင့်အကြောင်း၊ သရဲအကြောင်းတွေ စိတ်ဝင်စားသည်။ ညအိပ်ယာဝင်လျှင် ဘွားအေကြီး၏ ရင်ခွင်ထဲတွင်မှီရင်း သရဲအကြောင်းတွေ ပြောခိုင်းသည်။ စုန်း၊ ကဝေအကြောင်းတွေပြောခိုင်းသည်။ ပုံပြောရင်း ဘွားအေကြီး ဆေးတဆုံ၊ နှစ်ဆုံရှုသည်ကိုပင် မစောင့်နိုင်။ ပုံနားထောင်ရင် ဘွားအေကြီးကို သန်းဥ ဆွဲခိုင်းသည်။ ဘွားအေကြီးခင်မျာ မမြင်မစမ်းနှင့် သန်းဥဆွဲရင်း ပုံပြောရသည်။ အထူးသဖြင့် မောင်မောင် မမေ့နိုင်သော ပုံပြင်က ရွှေတိဂုံ စေတီတော်ကြီးအောက်ဘက်ရှိ ရွှေလောင်း၊ ငွေလောင်းများအကြောင်း၊ သိုက်စောင့်ဘီလူးကြီးများအကြောင်း၊ ငမိုးရိပ်ချောင်းမှ တံငါသည်လေး မောင်ဘဖြူ ဥစ္စာစောင့်မလေးနှင့်ကြိုက်ပြီး ရွှေတိဂုံဘုရားကြီး၏ ဋ္ဌာပနာအောက်သို့ရောက်သွားသည့်အကြောင်း၊ သိုက်ဆရာများသိပြီး သိုက်စောင့်ဘီလူးရုပ်များအားခြေမန်းကြိူးနှင့်တားကာ မောင်ဘဖြူနှင့် ဥစ္စာစောင့်မလေးအားကြိမ်နှင့်ရိုက်ပြီး ရွှေလောင်း၊ ငွေလောင်းများ ဆီလိုက်အပို့ခိုင်းသည့်နေရာရောက်တိုင်း မောင်မောင် နှပ်တရှုံ့ရှုံ့၊ မျက်ရည်တဝဲဝဲ။
ပုံပြင်ဆုံးလျှင် မောင်မောင့် စိတ်ကူးထဲမှ ထင်ရာမြင်ရာများကိုကြောက်သလောက် ဘွားအေကြီး ရင်ခွင်ထဲတိုးတော့သည်။ ထိုရင်ခွင်သည် မောင်မောင်၏ ခံတပ်၊ မောင်မောင် ၏ အားကိုးရာ၊ ဘွားအေကြီး၏ပျားချပ်ချပ်၊ ပိန်လှီလှီရင်ဘက်ကြားထဲရောက်နေလျှင် မောင်မောင်အဖို့ သိုက်စောင့်သရဲကြီးများလည်းမကြောက်တော့။ ဘယ် ကဝေ၊ စုန်း၊ ဘီလူးမှ မကြောက်တော့။
နောက်ဆုံးတွင် ချွေးမလုပ်သူသည် လင်ဖြစ်သူပိုက်ဆံမပို့တော့သည့်နောက်ပိုင်း မိဘများရှိရာ ရေကြည်မြို့သို့ ကလေးများကိုလိုက်ပို့ပေးပြီး ပြန်လာမည်ဟူသော စကားဖြင့် နိုင်သလောက်ပစ္စည်းများသယ်ကာ ထွက်သွားပါတော့သည်။ သူတို့မရှိတော့ မောင်မောင့်မှာ ပျော်လိုက်သည်ဖြစ်ခြင်း။ ယခုမှ သစ်သားမြင်းရုပ် ကိုလွတ်လွတ်လပ်လပ်စီးရတော့သည်။ ဗန္ဓုလဦးထုတ်ကို ဆောင်းရတော့သည်။ တအိမ်လုံးအနှံ့ဒုန်းပြေးနိုင်တော့သည်။ နောက်တော့ကလေးပီပီ ကစားဖော်မရှိတော့ ပျင်းလာသည်နှင့် ဘွားအေကြီးပဲ တလှည့်ဆိုးရသည်ပေါ့။ အစပိုင်းတွင် ဘွားအေကြီးသည် ချွေးမ လုပ်သူစကားကို ယုံသလိုရှိသည်နှင့် တမျှော်မျှော်နေသေးရော နောက်ဆုံးမှ လက်လျှော့ရတော့သည်။ ရှစ်လေးလုံးကာလ ခေတ်မည်းကြီးထဲတွင် ခိုကိုးရာမရှိ ကံဆိုးသူမြေးအဘွား၏ အဖြစ်သည်ဆိုးရွားပေစွ။ မြို့စွန်၊ မြို့ဖျားကျသဖြင့် နေဝင်မီးငြိမ်းအမိန့်ကြောင့် မှောင်စပျိူးသည်နှင့် လူခြေတိတ်လေပြီ။ ပတ်ဝန်းကျင်အိမ်များမှာလည်း နီးစပ်ရာ ဆွေရိပ်၊ မျိူးရိပ်သို့ ခိုလှုံကြသဖြင့် လူစ၊ သူစလည်းနည်းနေလေပြီ။
နောက်ဆုံးတွင် ဘွားအေကြီးသည် ရှိသမျှငွေစလေးမကုန်ခင်ရန်ကုန်ရှိ သမီးကြီး မယ်တင်ရှိရာသို့ လိုက်သွားရန်ဆုံးဖြတ်လေသည်။ သံသေတ္တာဟောင်းလေးထဲမှ လိပ်စာ စာရွက်နွမ်းနွမ်းလေးကို ခဏ၊ ခဏထုတ်ကြည့်ပြီး ရှိစု၊ မယ့်စု နောက်ဆုံးလက်ကျန်ပိုက်ဆံလေးနှင့်အတူ ကျစ်ကျစ်ပါအောင် ထုပ်လေပြီ။ မောင်မောင်ကား ကလေးပီပီ ပျော်နေသည်။ ဘယ်တော့သွားမလည်းဟုသာ တမေးတည်းမေးတော့သည်။
ဘွားအေကြီးအနေဖြင့် အရင်ရောက်ဖူးသော ခရီးစဉ်ကို မှုန်ရီဝေသီသောမျက်လုံးများဖြင့် မျှော်ငေးကြည့်လေပြီ။ ခရီးလမ်းပန်းစုံစမ်းတော့ပြီ။ နောက်ဆုံးတွင် မောင်မောင်အား အကောင်းဆုံးတစ်ထည်သာရှိသော ကျောင်းစိမ်းအကျင်္ ီလေးဝတ်၊ သူကိုယ်တိုင် သရက်ထည်မာစရိုက်ပွင့်ရိုက်လတ်လတ်လေးဆင်ယဉ်၊ သံသေတ္တာလေးခေါင်းမှာရွက်ပြီး သဘောင်္ဆိပ်ဆီသို့ တုန်ယင်ချိနဲ့စွာ လှမ်းခဲ့တော့သည်တကား။
မောင်မောင်မှတ်မိသလောက် ရန်ကုန်မြို့ကြီးသို့ သွားရသည်မှာ မည်သို့မှ မသက်သာ။ လူတွေကလည်း ငါးပိသိပ်၊ ငါးချဉ်သိပ်။ အစစ်ဆေးအမေးမြန်းများ၊ အော်ငေါက်သံများ၊ တင်းမာခက်ထန်သော အမိန့်ပေးသံများကြောင့် အသည်းတုန်၊ အူတုန်။
ဘွားအေကြီးက မောင်မောင့်လက်ကိုမလွှတ်။ ရင်ကိုကော့ထားသည်။ ခါးကိုမတ်ထားသည်။ အမြဲတမ်းတုန်ယင်ချိနဲ့နေသည့် လက်ချောင်းကလေးများဖြင့် မောင်မောင့်၏ လက်ကို ဆွဲထားစဉ် ခိုင်မြဲလှပါဘိတောင်း။ နှုတ်ခမ်းကိုတင်းတင်းစေ့ထားသည်။ မည်သည့်အခက်အခဲများတွေ့တွေ့ ရင်ဆိုင်ကျော်လွှားရန် သံဓိဋ္ဌာန်ချထားသလို။ သာမာန်လူများအဖို့ ပုသိမ်၊ ရန်ကုန်ကားအိမ်ဦးနှင့်ကြမ်းပြင်သွားနေကြမို့ မထောင်းတာလှသော်လည်း ဘွားအေကြီးအဖို့ တကယ့်စွန့်စားခန်း။
သူများ၏စီမံခြယ်လှယ်မှုအောက်တွင် အစဉ်အသားကျနေသည့်ဘွားအေကြီး၏ စိတ်ဓါတ်တော်လှန်ရေးခရီးကြမ်း။ လူမမယ်ကလေးငယ်တစ်ယောက်နှင့်အတူ ဒီခရီးကိုဖြတ်ရပေတော့မည်။ ပြင်းထန်ဆင်းရဲသောရေလမ်းခရီးကို တနေ့နှင့်တည ကြာပြီးမှ ရောက်ခဲ့ပါပြီမြို့ရန်ကုန်။ လမ်းခရီးတွင် အကြိမ်ကြိမ်ရပ်၊ အမိန့်အဆင့်ဆင့်ခံပြီးမှ ရန်ကုန်မြို့သို့ အချိန်မတော် မှောင်မှရောက်တော့သည်။ ဖြစ်ချင်တော့ ၉ နာရီ နေဝင်မီးငြိမ်းအမိန့်ကြောင့် မည်သည့် ယဉ်၊ ကားမှမထွက်ကြ။ ခရီးသည်များကလည်း ဆိုင်ရာ၊ ဆိုင်ရာသို့အလျိုလျိုသွားကြလေပြီ။ နီးစပ်ရာစုံစမ်းကြည့်တော့ဒီနေ့ အဖို့ မည်သည့်ကားမှ သင်္ဃန်းကျွန်းဘက်မထွက်။ မနက် ငါးနာရီခန့်မှ ကားရပေလိမ့်မည်။
အဆမတန်ပင်ပန်းနွမ်းနေသော မောင်မောင်လည်းငိုက်မြည်းစပြုလာပြီ။ ဗိုက်လည်းဆာလာပြီ။ စောစောကမှ ဘွားအေကြီးကျွေးထားသော ဖီးကြမ်းငှက်ပျောသီးနှစ်လုံးက ဘယ်ချောင်ရောက်သွားသည်မသိ။ ကလေးပီပီ ဘွားအေကြီးကိုစိတ်ထွက်လာသည်။ ဂျီတိုက်စပြုလာသည်။ ရန်ကုန်မြို့၏ကြီးကျယ်သောပတ်ဝန်ကျင်းအနေအထားကြောင့်လည်း အားငယ်စိတ်တွေဝင်လာသည်။ ဘွားအေကြီးကိုအားကိုးရန်စိတ်သည်မခိုင်မာချင်တော့။ ကြည့်ပါဦး။ ဖွေးဖွေးဖြူနေသော ဆံပင်များသည် စုတ်ဖွားဖွားဖြင့် တွဲလွဲကျနေသည်။ မည်းမှောင်နေသော မျက်နှာပေါ်မှ အရေးအကြောင်းအတွန့်အခေါက်များသည် လယ်ကွင်းပက်ကြားအက်နေသကဲ့သို့ အရုပ်ဆိုးစွ။ ကျေမွနေသော သရက်ထည်အင်္ကျ ီသည် ဦးမွှေးလယ်ကွင်းထဲ စာခြောက်ရုပ်ကို အဝတ်ပတ်ထားသလို ကြည့်ရသည်မှာ မည်သို့မျှမတင့်တယ်။ အမှန်တော့ စိတ်ပျက်အားငယ်လာသော ကလေးငယ်တစ်ယောက်၏ မလိုတမာ ရှုံးမဲမဲချင်သော စိတ်အစပျိူးခြင်းပေတည်း။
တညတာ ခိုလှုံရာအဖြစ် ရွှေတိဂုံဘုရားကြီးဆီသို့ သွားမည်ဟုဘွာအေကြီးပြောမှ ပြန်လည်ရွှင်လန်းလာပါတော့သည်။ ဟိုခေတ်က ယခုလိုတိုက်တာမြင့်မြင့်တွေသိပ်မရှိသေး။ ရွှေတိဂုံဘုရားကြီးကို မည်သည့်နေရာမှကြည့်ကြည့် ပျောက်ချည်တခါ၊ ပေါ်ချည်တလှည့်ဖြင့်မြင်နေရသည်။ လမ်းလျှောက်နှေးသော ဘွားအေကြီးကိုလည်းစိတ်မရှည်။ မြင်ကွင်းကွယ်ရာမှ ဘွားကနဲပေါ်လာသော ဘုရားကြီးကို မျက်ခြေမပြတ်ကြည့်ရင်း ဘွားအေ ကြီးကို ပြန်လည်ညွှန်ပြနေရသည်ကိုပင် စိတ်ထဲကျေနပ်မိသည်။ မှောင်စပျိူးလာသလောက် လူသွားလူလာကြဲလာသည်။ လမ်းထောင့်များတွင် လူများကို လက်နက်ကိုယ်စီဖြင့်မြင်လာရသည်။ စစ်ကားများလည်း ဟိုမှ၊ သည်မှ ပေါ်လာကြသည်။ အသံချဲ့စက်မှလည်းအော်နေသည်။ စိတ်ထဲကြောက်သလိုဖြစ်လာပြီး အဘွားလက်ကိုကိုင်မိသည်။ အဘွားလက်များအေးစက်နေသည်ကို မှတ်မိသေးတော့သည်။ ထိုကဲ့သို့ ဘုရားကြီးပေါ်လိုက်၊ ပျောက်လိုက်ဖြင့် လျှောက်သွားနေရသည်မှာ ခြေကုန်လာတော့သည်။ ဘွားအေကြီးကိုယ်တိုင် တံမာသီးလောက်ဆံထုံးလေးပြင်ထုံးလိုက်၊ သံသေတ္တာလေးကောက်ရွက်လိုက်ဖြင့် လှုပ်လှုပ်မျှသာ ကျန်တော့သည်။ နောက်မှပြန်သိရသည်မှာ မောင်မောင် တို့ရောက်သွားသည်က ရွှေတိဂုံဘုရားအရှေ့ဘက်မုခ်။ မည်သို့ရောက်လာသည်ကိုကားမမှတ်မိတော့။ ထိုအချိန်က ရွှေတိဂုံစေတီတော်အရှေ့ဘက်မုခ်သည် ထမင်းဆိုင်တဲတန်းလျားများ၊ သစ်ဝါးများဖြင့် ပိန်းပိတ်နေသည်ကိုမှတ်မိနေသည်။ ရွှေတိဂုံဘုရားရောက်လျှင် သိုက်စောင့်ဘီလူးကြီးကိုသွားကြည့်မည်၊ ရွှေလောင်း၊ ငွေလောင်းများကိုဝင်သည့်နေရာကို (စိတ်ကူးယဉ်) ထားသည့်အတိုင်း ရှာကြည့်မည်ဟူသော သတ္တိများကြက်ပျောက်၊ ငှက်ပျောက် ပျောက်ကုန်သည်။ မြန်မြန်လာပါ..အဘွားရဲ့။ မောင်မောင်ကြောက်ပါတယ် အဘွားရဲ့ ဟုရေရွတ်ရင်း ဘွားအေကြီးလက်ကို မလွှတ်တမ်းဆုပ်ထားသည်ကိုသာ မှတ်မိနေသည်။ လေတိုးလို့တရှဲရှဲမြည်နေသည့် ဝါးရုံတောကြီးများကိုလည်းကြောက်ပါသည်။ မှုန်တိ၊ မှုန်ပွားအလင်းရောင်အောက်မှ တဲတန်လျားများကိုလည်းကြောက်ပါသည်။ တချက်တချက်ထအူသော ခွေးများကိုလည်း ကြောက်လှပါသည်။ အကုန်လုံးသည် မောင်မောင့် ကိုခြောက်လှန့်နေကြသည်။ ထိုအချိန်က ဘွားအေကြီးလည်းကြောက်ရှာပါလိမ့်မည်။ လူငယ်ခြေတက်တောင်ဒီလောက်ပင်ပန်းနေလျှင် ဘွားအေကြီးလည်း အဆမတန်ပင်ပန်းနေ ပါလိမ့်မည်။ မောင်မောင် ဆာလောင်နေသလို ဘွားအေကြီးလည်းဆာလောင်နေပါလိမ့်မည်။ ထိုစဉ်က တွေးရကောင်းမှန်းမသိခဲ့ပါ။ ဘွားအေကြီးဆာသလား၊ မောသလားတွေးဖို့နေနေသာသာ မောင်မောင် ဒီလောက်ပင်ပန်းနေတာ ဘွားအေ ကြီးဘာမှလုပ်မပေးနိုင်ကောင်းလားဟုပင် ငြူစူမိကြောင်းဝန်ခံပါသည်။
သို့နှင့် ရွှေတိဂုံစေတီတော်ကြီး၏ တစ်ခုသောနေရာ (နေရာကိုမမှတ်မိပါ) အရောက်တွင် တညတာအနားယူဖို့ပြင်ဆင်ရပါတော့သည်။ ရှေးဦးစွာ ရေအိုးစင်မှ ရေကိုအဝသောက်ရသဖြင့်အဆာပြေသလိုဖြစ်သွားပါသည်။ ဘွာအေကြီးကျွေးသော ငှက်ပျောသီးနှစ်လုံးကိုစားလိုက်ရသဖြင့် အာသာလည်းပြေသွားပါသည်။ ဘွားအေကြီး စားမစား ကိုမမှတ်မိပါ။ အင်မတန်ကြီးမားလှသော ရွှေတိဂုံဘုရားကြီးအောက်ခြေတွင်ရောက်နေသော်လည်း ဘုရားကြီးကို (မျက်စေ့ထဲမဝင်သောကြောင့်) ပုံပေါ်အောင်မဖူးနိုင်ပါ။ ဘွားအေကြီးပြောသော ရွှေတိဂုံသို့ အကြောင်းအားလျော်စွာတော့ရောက်ခဲ့ပါပြီ။ တချက်၊ တချက်အူလိုက်သောခွေးအူသံများ၊ တဝုန်းဝုန်းတရှဲရှဲလေတိုးသံများ၊ မှောင်ရီရီအလင်းအောက်တွင်ရှေ့တိုးနောင်ငင်လှုပ်ရှားနေသော သစ်ကြီး၊ ဝါးကြီးများ၏အရိပ်များသည် မောင်မောင့်အဖို့ ခြောက်ချားဖွယ်ရာအတိပါ။ ကြောက်ကြောက်နှင့်ဘွားအေကြီး၏ ပြားချပ်ချပ် ရင်ဘတ်ကြားထဲသို့သာ တိုးခွေ့နေမိပါသည်။ ညဉ့်နက်လာသည်နှင့်အမျှ အအေးဓါတ်ကလည်း စိမ့်လာပါသည်။ ဘွားအေကြီး၏ နွေးထွေးသော ရင်ငွေ့ကိုခိုလှုံရင်း မျက်လုံးများမှေးစင်းလာပါသည်။ ဘွားအေကြီးဆီမှ ချွေးနံ့၊ ဆေးရွက်ကြီးနံ့၊ အသက်ကြီးသူများဆီမှ ရတတ်သော အမျိူးအမည်မသိ ဟောင်းနွမ်းသောအနံ့၊ ခေါင်းမှထွက်လာသောအုန်းဆီနံ့။ အားလုံးသည် တခြားသူအဖို့ ရွံစရာ၊ မသဒီစရာဖြစ်သော်လည်း မောင့်မောင့်အဖို့ ယဉ်ပါးနေသော ထိုအနံ့များသည် မေတ္တာရနံ့များသာတည်း။ ငယ်စဉ်ကတည်းက ရင်နှီးလာခဲ့သော ထိုအနံ့များအောက်တွင် အစစ၊ အရာရာသည်လုံခြုံသွားမြဲ၊ နွေးထွေးသွားမြဲသာတည်း။
အိပ်ပျော်လုဆဲဆဲတွင် ကျိန်းစပ်သွားသော အလင်းရောင်နှင့်အတူ အော်ဟစ်ငေါက်ငမ်းသံ၊ ဆဲဆိုသံကြိမ်းမောင်းသံ၊ လက်နက်ချင်းထိခတ်သံများကြောင့်လန့်နိုးလာခဲ့သည်။ ဆယ်ယောက်ထက်မနည်းသော လူတစ်စုသည် မောင်မောင် တို့မြေးအဘွားအား ဝန်းရံထားသည်ကို တွေ့လိုက်ရပါသည်။ ဘွားအေ ကြီးသည်ဆတ်ကနဲ တချက်တုန်သွားသော်လည်း တုန်ရီချိနဲ့သော လက်အစုံဖြင့် ဘေးမှ သရက်ကိုင်းခြောက်အား ကောက်ကိုင်လိုက်ပြီး မောင်မောင့်ကို သူ့ကိုယ်နောက်သို့ ပို့လိုက်ပါသည်။ အန္တရာယ်ပြုမည့်သူများကို မိမိအသက်အသေခံပြီး မောင်မောင့်ကို ကာကွယ်ထာရန်သံဓိဋ္ဌာန်ချထားသည့်အသွင်ဖြင့် ခါးကိုမတ်မတ်ရပ်နေပါသည်။
နောက်မှ ထိုသူများသည် လုံခြုံရေးကင်းလှည့်လာသော တာဝန်ရှိသူများဖြစ်ကြောင်းသိရပါသည်။ မာရှယ်လောအမိန့်အရ မည်သူမျှ ဘုရားပရဝဏ်သို့ မချဉ်းကပ်စေရန် အချိန်ပြည့်ကင်းလှည့်နေစဉ် မောင်မောင်တို့မြေးအဘွားအားတွေ့သွားခြင်းဖြစ်ပါသည်။ ထိုအဖွဲ့နှင့် ဘွားအေကြီးသည် နောက်မှ စကားအချီ၊ အချပြောပြီးမှ ဇာတ်ရည်လည်သွားသောအခါတွင် ခေါင်းဆောင်ဖြစ်ဟန် တူသူ လူကြီးတစ်ယောက်သည် ဘွားအေကြီးအား လက်ဖျားတခါခါနှင့်ချီးကျူးပါလေတော့သည်။
“အာဂ အမေကြီးပဲဟေ့.. တို့ကို လက်ထဲက သစ်ကိုင်းခြောက်နှင့်ရိုက်မလို့ပြင်ထားတာ လက်ဖျားခါလောက်တဲ့ သတ္တိပဲခင်ဗျာ” ဟု တဖွဖွရေရွတ်နေသံကိုကြားရပါသည်။ သရော်လှောင်ပြောင်လိုသည့်အနေဖြင့်ပြောခြင်းမဟုတ်ပဲ လှိုက်လှိုက်လှဲလှဲချီးကျူးနေမှန်း ခံစားသိရှိနေပါသည်။ စုတ်တသပ်သပ်နှင့် ဂရုဏာလည်းသက်ကြပါသည်။ အဖွဲ့သားတစ်ယောက်သည် ဘွားအေကြီး၏ သံသေတ္တာကို ကောက်ထမ်းပြီး ဘုရားရင်ပြင်ပေါ်ထာင့်ချိုးတစ်ခုရှိ မီးလင်းနေသော အခန်းလေးထဲသို့ခေါ်သွားပါသည်။ မောင်မောင်တို့မြေးအဘွားကို အပြင်ဘက်ရှိခုံတွင် ခဏထိုင်ထားပြီးအခန်းတွင်းသို့ သတင်းပို့ရန်ဝင်သွားပါသည်။ ထိုအခါမှပင် ဓါတ်မီးရောင်တဝင်းဝင်းနှင့် သပ္ပါယ်လှသော ရွှေတိဂုံစေတီတော်မြတ်ကြီးအား ရှင်းလင်းစွာ ဖူးမြင်ရပါတော့သည်။ မျက်စိများလည်းကျယ်လာသလောက် ဘေးမရှိတော့ပြီဟု စိတ်ထဲက အလိုလိုသိလာသောကြောင့်ရွှင်လန်းလာပါသည်။ ခဏအကြာတွင် စစ်ဝတ်စစ်စားအပြည့်အစုံဝတ်ဆင်ထားသော လူကြီးတစ်ယောက်ထွက်လာပြီး အဘွားအား မွန်ရည်စွာဖိတ်ခေါ်ပါသည်။ လက်ဘက်ရည်နှင့်မုန့်များတိုက်ကျွေးပါသည်။ သူတို့၏အဆိုအရ ပုသိမ်သင်္ဘော ဗညားဒလ ရှစ်နာရီခန့်တွင်ဆိုက်ရောက်သော သတင်းကိုရရှိပါကြောင်း၊ ညကိုးနာရီမထွက်ရ မာရှယ်လော နေဝင်မီးငြိမ်းအမိန့်ဖြင့် တမြို့လုံးကိုထိန်းချုပ်ထားပါကြောင်း၊ သို့သော် လုံခြုံရေးအားနည်းသောနေရာများတွင် လူဆိုးများလုယက်သတ်ဖြတ်မှုများဖြစ်နေပါကြောင်း၊ မော်တင်ဆိပ်မှ ရွှေတိဂုံသို့ လူဆိုးများရှိသောနေရာကိုမဖြတ်ဘဲ ကိုးနာရီမတိုင်ခင် မည်သို့မျှမရောက်နိုင်ပါကြောင်း၊ ထို့ပြင်ရွှေတိဂုံပတ်လည်တွင် ခိုးဆိုးလုယက်မှုများရှိနေသဖြင့် ဘုရားပစ္စည်းများကိုပါ စိတ်မချရပါသောကြောင့်အစောင့်အထပ်ထပ်ချထားကြောင်း၊ လူမပြောနှင့် ကြွက်တစ်ကောင်တောင် ဝင်ရန်မဖြစ်နိုင်ကြောင်း၊ မည်ကဲ့သို့ အဘွားတို့ရောက်လာနိုင်ခြင်းကို မစဉ်းစားတတ်တော့ပါကြောင်း ရှင်းလင်းပါတော့သည်။ ထိုအရာရှိကြီးသည်နောက်ဆုံးတွင် ဘွားအေကြီးပြသော သင်္ဘောလက်မှတ်များကိုစစ်ဆေးခြင်း၊ တည်ငြိမ်အေးဆေးသောဘွားအေကြီး၏ ဥပဓိရုပ်ကိုအကဲခတ်ခြင်းဖြင့် လိမ်ညာခြင်းမဖြစ်နိုုင်ရာဟု ကောက်ချက်ချပြီး တစ်ညတာအနားယူခွင့်ပေးမည်ဖြစ်ကြောင်း၊ နောက်တစ်နေ့တွင် မိမိတို့ကိုယ်တိုင် ဘွားအေကြီးသွားလိုသော နေရာကို လိုက်ပို့ပေးမည်ဖြစ်ကြောင်း ကတိပေးပါလေတော့သည်။
♦ ♦ ♦ ♦ ♦ ♦ ♦ ♦
ယခုအခါတွင် ဘွားအေကြီးလည်းမရှိခဲ့တော့ပြီ။ မိမိကိုယ်တိုင် လောကအလယ်တွင် အတောင်အလက်စုံလင်စွာဖြင့် တင့်တောင်းတင့်တယ် လျှောက်လှမ်းနေနိုင်ပါပြီ။ အဖြူအစိမ်းလေးဝတ်ထားသည့် ညှင်းသိုးသိုး၊ သန်းဥတဖွားဖွားဖြင့် ရိုးကြီးဂေါင်ဂင် ပိန်လှီလှီကောင်လေးတစ်ယောက်ကို လက်ဆွဲပြီး အမယ်အိုကြီးတစ်ယောက်၏ ခရီးစဉ်သည် လောက၏ သာမာန်ဖြစ်ရိုး၊ ဖြစ်စဉ်ထဲတွင် ကျန်ခြဲ့ပီးလည်းဖြစ်ပါသည်။ မယုံနိုင်လောက်စရာကောင်းသည့် ရွှေတိဂုံစေတီတော်ကြီး၏ တန်ခိုးတော်ကို အားကိုးပြီး သီလမြဲသောဘွားအေကြီး၏ အနှိုင်းမဲ့မေတ္တာတရားကြောင့် သမ္မာဒေဝနတ်ကောင်းနတ်မြတ်များကိုယ်တိုင် ရွှေတိဂုံစေတီတော်ကြီးသို့ လမ်းပြပေးခြင်းလားမပြောတတ်ပါ။ အခုအခါ ပိန်လှီလှီ၊ မည်းမည်းသည်းသည်းကောင်လေးတစ်ယောက်ကို လက်ဆွဲပြီး နေပူကြဲကြဲထဲတွင် အထုပ်အပိုးများရွက်လျက် တုန်ယင်ချိနဲ့စွာလမ်းလျှောက်နေသော အမယ်အိုကြီးတစ်ယောက်ကို တွေ့တိုင်း အကူအညီပေးရန်မေးမြန်းသော ဝတ္တရားကို လေးလေးနက်နက်ကြီးလုပ်မိနေပါသည်။ ထို့အတူ မိမိတို့မြေးအဘွားကို ဘေးမသီရန်မခအောင်စောင့်ရှောက်ပေးခဲ့သော ဘုရားပေါ်မှ သူတော်ကောင်းလုံခြုံရေးဝန်ထမ်းများအားလည်းကောင်း၊ ဂမ္ဘီရဆန်ဆန်ပြောမယုံကြုံဖူးမှသိရသော ရွှေတိဂုံစေတီတော်မြတ်ကြီး၏ တန်ခိုးတော်ကြောင့် ဘေးကင်းခဲ့ရသောအဖြစ်သည်လည်းကောင်း တသက်တာတွင် မေ့နိုင်စရာမရှိတော့ပါ။ ထိုစဉ်က (ဘွားအေကြီးစိတ်ကို) ကို်ယ်တိုင်မသိခဲ့သော်လည်း ရွှေတိဂုံစေတီတော်ကြီးဆီသို့ မျှော်မှန်းကာ မော်တင်မှ လမ်းလျှောက်ခဲ့စဉ်က ဖြူစင်သော ဆန္ဒအားကိုး ကုသိုလ်ဇောကပ်ခဲ့သောကြောင့် သမ္မာဒေဝနတ်ကောင်းနတ်မြတ်များကူညီစောင့်ရှောက်ခဲ့ပုံရပါသည်။
♦ ♦ ♦ ♦ ♦ ♦ ♦ ♦
ရွှေတိဂုံစေတီတော်မြတ်ကြီးကိန်းဝပ်စံပ္ပါယ်ရာ ရန်ကုန်မြို့တော်တွင် ကျင်လည်ရင်း ဘဝစေစားရာပြည်ပသို့ရောက်ရှိနေခဲ့ပြီဖြစ်သော်လည်း ထိုစဉ်က အဖြစ်အပျက်သည် မနေ့တနေ့ကလိုပင် စိတ်ဝယ်စွဲထင်ဆဲပင်။
ရန်ကုန်တွင်နေခဲ့စဉ်ကလည်း ရွှေတိဂုံစေတီတော်မြတ်ကြီးကိုမည်သည့်နေရာမှ ဖူးမြင်ရသည်ဖြစ်စေ “ဪ.တစ်ချိန်က တို့မြေးအဘွားလျှောက်ခဲ့တုန်းက မြင်ခဲ့တာ ဒီနေရာတူပါရဲ၊ ဒါမှမဟုတ် ဟိုနေရာလေးထင်ပါရဲ့” ဟုအမြဲစောကြောမိမြဲ။ တွန့်လိမ်ရှုံ့မဲ့နေသောမျက်နှာမွဲဘွားအေကြီးသည် သူများတွေအဖို့ အရုပ်ဆိုးကောင်းဆိုးမည်ဖြစ်သော်လည်း ကျွန်တော့်အဖို့ အလှဆုံးပါ။ ဆေးရွက်ကြီးနံ့၊ ချွေးနံ့၊ အုန်းဆီနံ့ထုံမွမ်းအပ်သော ဘွားအေကြီး၏ ကိုယ်နံ့သည် ကျွန်တော့အတွက် အမွှေးဆုံးပါ။ တမာသီးဆံထုံးလေးငိုက်ငိုက်၊ ကိုယ်လုံးမတ်မတ်လေးဖြင့် ထင်းခြောက်ကိုကိုင်ဆွဲထားသော ဘွားအေကြီး၏ ပုံရိပ်သည် ရှစ်ခေါပဏီတပ်ကြီးကိုအောင်ပွဲရခဲ့သည့် စစ်သူကြီးထက် ရဲရင့်ပေသည်ဟု ကျွန်တော်ထင်ဆဲပါ။ ကြောက်လန့်သည့်အချိန်ကိုင်ဆွဲခဲ့သည် ဘွားအေကြီး၏ ပိန်ချိချိလက်ကလေးသည် ကျွန်တော့အဖို့ ရန်အပေါင်းကိုဖြိုခွင်းနိုင်သည့် ဝရဇိန်လက်နက်ဖြင့်မလဲနိုင်ပါ။
ဘွားအေကြီးလည်းမရှိတော့ပြီ။ ဘွားအေကြီးကြောင့်ကြခဲ့သည့် မောင်မောင်သည်ပင် လူလားမြောက်ခဲ့ပြီး နိုင်ငံအနှံ့ခရီးဆန့်နေခဲ့ပါပြီ။ ယခု အချိန်တွင် ကမ္ဘာသာမက၊ စကြာဝဠာပင်ပတ်ပတ် ဘွားအေကြီးနှင့်သွားခဲ့ရသည့် ရွှေတိဂုံခရီးလောက် စိတ်လှုပ်ရှားမည်မထင်တော့ပါ။ အလွန်အံ့ဩစရာကောင်းလှပါသည်ဟုပြောသည့်အရာသည် လမ်းထောင့်၊ လမ်းကွယ်တိုင်းမှ ဖျိုးကနဲ့၊ ဖျပ်ကနဲ့မြင်တွေ့ခဲ့ဖူးသည့် ရွှေတိဂုံစေတီတော်ကြီးလောက် ဝမ်းမြောက်စရာကောင်းသည် မထင်တော့ပါ။ အလွန်ချမ်းအေးလှသောအချိန်တွင် ဖဲမွေ့ယာပေါ်ရှိ ရင်ခွင်သစ်များသည် ဘွားအေကြီး၏ ရင်ငွေ့လောက်မနွေးထွေးနိုင်တော့ပါ။
စိတ်အာရုံနှင့်သာမက ပသာဒအာရုံဖြင့်ပါ ရွှေတိဂုံစေတီတော်မြတ်ကြီးအား မည်သည့်အချိန်တွင်ဖူးတွေ့တွေ့..ကျွန်တော်၏
စိတ်အစဉ်သည်
ရွှေတိဂုံကိုမြင်လျှင် .. ရွှေတိဂုံကိုမြင်လျှင် … ရွှေတိဂုံကိုမြင်လျှင် …
10 comments
kogyi mind
June 30, 2014 at 1:32 pm
ရှေ့ပိုင်းပို့်စ်များတွင် ကြီးကြီးကျယ်ကျယ်စကားလုံးများဖြင့် ဖတ်သူတို့၏ မျက်လုံးနှင့် ခေါင်းကို နှိက်စက်ခဲ့သမျှ ယခုပို့စ်လေးဖြင့် အညောင်းဖြေပါရန်၊ အသစ်ရေးပြီးသားမရှိသဖြင့် ရေးခဲ့ပြီးသော စာများကို ကြိုးစားတင်ပါ့မယ် မန်းဂေဇက် ခင်ဗျား..
ဇီဇီ
June 30, 2014 at 1:44 pm
ဒီလို အဆင့်အတန်းရှိ စာရေးသူမျိုးတော့ အချိန်မရွေး ကြိုဆိုပါတယ် ဗျားးး
ဒီလ က ၂ ပုဒ်လားပဲ ရှိသေးလို့ မျှော်နေတာ၊.
🙂
ဒီလိုမျိုးလေးလည်း ရေးတတ်တာကိုးးး
ကျနော် နာဂစ်ကာလတုန်းက လေယာဉ် ပေါ်မှာ ဗျ။
အဘိုးနဲ့ ၂ယောက်တည်းးးး
ရန်ကုန်လေဆိပ်ကို မဆင်းနိုင်သေးလို့ လေယာဉ်က ကောင်းကင်မှာ တဝုန်းဝုန်းနဲ့ နိမ့်လိုက်မြင့်လိုက်။
အဖိုးလက်ကို တင်းတင်းကိုင်ထားမိတာ သူ့လက်မှာ လက်သည်းရာကြီးဖြစ်လို့။
၂ ဘက် အဖိုးအဖွားမှာ ဒီ အဖိုးပဲ ကျန်တာ။ အဲဒီ အချိန်က။
ခုတော့ အဖိုးဆုံးပြီ။ အဖိုးကို လွမ်းရင် ဘာကို သတိအရင်ရလည်း ဆို အဲဒီတုန်းက အားပေးခဲ့တဲ့ လက်တွေ။
အမြင့်ကြောက်သူချင်း တူတူ သူက အားပေးနိုင်ခဲ့တာ၊
😥
Mr. MarGa
June 30, 2014 at 1:57 pm
ကိုကြီးမိုင်းရယ် ရေးတတ်လိုက်တာ
ကြိုဆိုပါတယ်ဗျို့ ရွာထဲမှာ တစ်ကျီဆောက်ပြီလို့ မှတ်လိုက်မယ်
ဖတ်ရင်းနဲ့ ဘယ်လိုများ ဖြစ်မှာပါလိမ့်.. အဆင်ချောပါ့မလား လို့ တထင့်ထင့်နဲ့ ဖတ်ခဲ့ရတာ
အဆုံးမှ ရင်ထဲက အလုံးကြီး ကျတော့တယ်
Crystalline
June 30, 2014 at 2:22 pm
Bravo.. ရသစုံခံစားလိုက်ရပါတယ်… အဖွားရဲ့သမီးကတော့ မဆိုးဘူးထင်တယ်နော်.. အဖွားနောက်ဆုံးချိန်တွေက သိပ်မခါးသီးလောက်တော့ဘူးထင်ပါတယ်..
kogyi mind
June 30, 2014 at 2:37 pm
ကိုမောင်မောင်နဲ့ ဆုံမှ မေးကြည့်လိုက်ပါ့မယ်..
kyeemite
June 30, 2014 at 3:18 pm
စာရေးကောင်းတော့ မျက်စေ့ထဲမြေးအဖွား ကိုမြင်ယောင်လာတယ်….
ကျုပ်ချစ်တဲ့ အဖွားကိုတောင်သတိရသွားမိတယ်…ကိုကြီးမိုင်းရေ
ခင်ဗျားပြောသလို ယခုပို့စ်လေးဖြင့် အညောင်းဖြေသွားပါဂျောင်းးးး
kai
June 30, 2014 at 3:44 pm
အမှတ်မမှားရင်..
တချိန်က.. ဦးနုလက်ထက်က.. ဦးနုတည်တဲ့ဘုရား.. ကမ္ဘာအေးစေတီကြီးတန်ခိုးထွားပြီး.. ရွှေတိဂုံမှိန်ခဲ့ဖူးတယ်..။
အဲဒီခေတ်က.. မြန်မာစာပါမောက္ခက.. အက်ဆေးလိုစာလေးတပုဒ်ရေးပြီး.. ရွှေတိဂုံကို..ပြန်မြှင့်ပေးဖူးတယ်..
အခုစာတွေဖတ်ပြီး.. မိုးမိုးအင်းလျားရဲ့ ရွှေတိဂုံကိုမြင်လျှင်ဝတ္ထုကိုကျော်ပြီး.. အဲဒီစာလေးကို.. ဖြတ်ကနဲ့သတိရမိတယ်..
ဆိုတော့…
အခုစာက… စာကောင်းလေးပေါ့..။
ဦးကျောက်ခဲ
June 30, 2014 at 4:11 pm
“တောင်ကိုမဖောက်… မြေမှာဆောက်သည်
ဘုန်းကြီးသမှု… ကိုကြီးနု…
အဟိ မဟာပါသန လှိုဏ်ဂူကိုပြောတာ…
😀
Ma Ma
June 30, 2014 at 3:49 pm
ရွာထဲမှာ ဝုန်းဒိုင်းကြဲနေလို့ အလန့်ထညက်ဖြစ်နေတာ ဒီပိုစ့်ဖတ်မှပဲ စိတ်အမောပြေသွားတယ်။ 🙂
koyinmaung
July 1, 2014 at 1:07 am
အကျယ်ချဲရေးမယ်ဆို ဝတ္ထုကောင်းတအုပ်ရမှာအသေအခြာဘဲ..
မတည်မငြိမ်ဖြစ်နေတဲ့ ရွာထဲမယ်..
ရှားရှားပါးပါးပို့စ်လေး အားပေးသွားပါတယ်……..