အဖေသာရှိနေခဲ့လျှင်…
ဟုတ်တယ်။ ဒီရက်ပိုင်း (ဒီရက်ပိုင်းဆိုတာ နှစ်ပတ်လောက်တော့ ရှိပြီ) ကျွန်မ တွေးဖြစ်နေတဲ့အကြောင်းက အဖေပဲ။ ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရတဲ့အချိန်မှာ မဖြစ်နိုင်တာတွေကို စိတ်ကူးယဉ်မိတတ်တာ သဘာဝပဲထင်တယ်။ အခုလည်း အဖေသာရှိနေခဲ့ရင် ဆိုပြီး တွေးချင်တာတွေတွေးမိနေတာ။ စိတ်ကူးထဲမှာမျောပြီး ပျော်သွားလိုက်၊ ပစ္စုန်ပ္ပန်ကို ပြန်ရောက်လာပြီး ဝမ်းနည်းလိုက်နဲ့ တစ်ယောက်တည်းဖြစ်နေတာ။
အဖေသာ ရှိနေရင် ကျွန်မတို့မိသားစုက နယ်ကအိမ်လေးမှာ တစ်စည်းတစ်လုံးတည်း နေနေလိမ့်မယ်။ ကျွန်မက လွဲလို့ပေါ့။ မောင်လေးက အိမ်ကအလုပ်ကို ဦးစီးလိမ့်မယ်။ ကျွန်မကတော့ ရန်ကုန်မှာပဲ နေဖြစ်မှာပါ။ အိမ်ကို မကြာခဏပြန်မယ်။ အနားယူမယ်။ အဖေချက်ကျွေးတာတွေစားမယ်။
အဖေ့ကို အရမ်းလွမ်းမိတာ အစားအသောက်ကြောင့်လည်းပါတယ်။ အစားအသောက်နဲ့ ပတ်သက်ရင် အိမ်မှာ အကျင့်တူတာဆိုလို့ အဖေနဲ့ကျွန်မပဲ ရှိတာလေ။ အမေနဲ့အဘွားက အရမ်းရိုးရှင်းတဲ့ အစားအစာတွေပဲ စားတာ။ ဆီပြန်ဟင်းတစ်ခွက်နဲ့ ငံပြာရည်ဖျော်၊ အရွက်ကြော်တစ်ခွက်နဲ့ ငံပြာရည်ဖျော်၊ ဒီလောက်ဆို စားလို့ရပြီ။ ထွေထွေထူးထူး သိပ်လုပ်မစားကြဘူး။ မောင်လေးကလည်း ယောကျ်ားလေးသာဆိုတယ်၊ အမေတို့ဘက်လိုက်တယ်။ ဘာမှ အဖော်စပ်လို့မရဘူး။
အဖေနဲ့ဆိုရင် ထူးထူးဆန်းဆန်းတွေ သိပ်စားဖြစ်တယ်။ မိန်းကလေးရယ်လို့လည်း ဘာမှမရှောင်ဘူး။ အဖေက သူများဆီက သိလာတာတွေ၊ စာအုပ်ထဲက ဖတ်ရတာတွေ၊ အကုန်လုံးကို ပြန်လုပ်ကြည့်တာ။ အဖေ့ကို ဒိုင်ခံအားပေးတာက ကျွန်မ။
အဖေရှိစဉ်တုန်းက ကျွန်မက ငယ်သေးတော့ စားပဲစားတတ်တာ။ မီးဖိုချောင်ကို စိတ်မဝင်စားသေးဘူး။ အမေက နည်းနည်းပါးပါးခိုင်းလို့ ထမင်းတော့ချက်တတ်တယ်။ ဟင်းမချက်တတ်ဘူး။ ထမင်းချက်တာက ငှဲ့ချက်ရတာ။ နို့ဆီဗူးခြောက်လုံးခွဲအထိတော့ ချက်တတ်တယ်။ ကြက်သွန်လှီး၊ ငရုတ်သီးထောင်းတောင် အဖြစ်ရှိအောင် မလုပ်တတ်သေးဘူး။
နောက်ပိုင်း ရန်ကုန်မှာ အဆောင်နေ၊ သူငယ်ချင်းတွေနဲ့ တိုက်ခန်းငှါးနေ နေဖြစ်တော့ ကိုယ်ဘာသာကိုယ် ချက်စားဖြစ်တယ်။ တဖြည်းဖြည်းနဲ့ အချက်အပြုတ်ကို စိတ်ဝင်စားလာတယ်။ ဒါပေမယ့် အဖေက မရှိတော့ဘူး။ အပြင်မှာလည်း အစားမျိုးစုံ စားတတ်ပြီး ကြိုက်တတ်လာတော့ ကိုယ်တိုင်ချက်တတ်ချင်လာတယ်။ စာအုပ်တွေဖတ်၊ သူများဆီက ချက်နည်းတွေမေးပြီး ကိုယ်တိုင်ကြိုးစားကြည့်တယ်။
အဲဒီလိုအချိန်မျိုးတွေဆို အဖေ့ကို အရမ်းလွမ်းတယ်။ အမေက အစားရွေးတယ်။ စားနေကျမဟုတ်ရင် မစားသလို တကူးတကလုပ်စားရမှာလည်း စိတ်မဝင်စားဘူး။ စားချင်ရင် ဝယ်စားလိုက်မယ်ဆိုတဲ့သူမျိုး။ ဒီတော့ ကျွန်မ တစ်ခုခုလုပ်စားတော့မယ်ဆိုရင် အဖော်ညှိလို့မရဘူး။ သမီးစားချင်တာသာလုပ်စားဆိုပြီး မီးဖိုချောင်ထဲကို ဝင်မလာတော့တာ။ မလုပ်တတ်လုပ်တတ်နဲ့မို့ အဆင်ပြေမပြေ လာကြည့်ပေးဖို့ ပြောရင်လည်း ငါမသိဘူးချည်းဖြေတယ်။ တစ်ယောက်တည်း မီးဖိုချောင်ထဲမှာ အဖေ့ကို လွမ်းမိနေရော။ ပြီးရင်လည်း သိပ်အားပေးကြတာ။ မောင်လေးရော အမေရောက ကျွန်မချက်ထားတာဆို လုံးဝမစားဘူးတဲ့။
အဖေရှိနေရင် သိပ်ကောင်းမှာပဲလို့ ခံစားမိသလို အဖေ့ဆီက မသင်ယူလိုက်ရတာတွေကိုလည်း နောင်တရမိတယ်။ အဖေထွက်သွားတာ အရမ်းစောတယ်ဆိုတဲ့ ခံစားချက်နဲ့ ယူကျုံးမရဘူး။
ဟုတ်တယ်။ အဖေထွက်သွားတာ စောလွန်းနေတယ်။ တစ်နည်းအားဖြင့် ကျွန်မငယ်လွန်းနေခဲ့တယ်။
အဖေနဲ့အတူတူရှိတဲ့အချိန်တုန်းက အိမ်ထောင်ရေးဆိုတာကို နားလည်မိခဲ့ရင် အဖေ ဒီထက် အသက်ရှည်ရှည်နေခဲ့ရမယ် ထင်တယ်။ အမေနဲ့ပဲ အနီးကပ်နေခဲ့တော့ အမေ့ရဲ့ခံစားချက်တွေ၊ အမေရင်ဆိုင်နေရတဲ့ မပြေလည်မှုတွေကိုပဲ နားလည်မိပြီး အလုပ်ကောင်းကောင်းမလုပ်ဘဲ အရက်ပဲသောက်နေတဲ့ အဖေ့ကို ငြူစူပြစ်တင်ခဲ့တယ်။ စိတ်နာတယ်။ ဝေးဝေးကရှောင်တယ်။ တစ်ခုခုပြောရင်တောင် အရက်သောက်ပြီး လာမဆုံးမနဲ့လို့ ပြန်ပြောတယ်။ အရွယ်ရောက်လာပြီဖြစ်တဲ့ သမီးမိန်းကလေးကျွန်မရဲ့ ဝတ်ချင်စားချင်စိတ်တွေကို အမေ့ရဲ့မျက်နှာရိပ်အောက်မှာ မျိုသိပ်ချိုးနှိမ်ခဲ့တယ်။ ဆရာတစ်ယောက်ပြီးတစ်ယောက် ခေါ်သင်နေတဲ့ ပြိုင်ဘက်တွေကို ပညာဒါနသင်ပေးတဲ့ဆရာနဲ့အတူ ရင်ဆိုင်ခဲ့တယ်။ စိတ်အခန့်မသင့်တဲ့အခါတိုင်း ကျွန်မရဲ့မကျေနပ်မှုတွေဟာ အဖေ့ပေါ်ကို ပုံကျခဲ့တယ်။ နောက်ဆုံး တစ်ခါတစ်ခါ အဖေအရက်နာကျလို့ ဆေးခန်းပြ၊ ပိုက်ဆံကုန်တိုင်း အဖေမရှိတော့ရင်ကောင်းမယ်လို့တောင် တွေးမိခဲ့တယ်။
ပြသနာတစ်ခုကို အဖြေရှာသလို အဖေဘာကြောင့် အရက်သောက်တာလဲလို့ စဉ်းစားဖူးတယ်။ မသောက်ဘဲနေရင် ရရဲ့သားနဲ့ အရက်ကို ကြိုက်လို့က်ို ဆက်သောက်နေတာလို့ပဲ မြင်ခဲ့တယ်။ အဖေ့ရဲ့အရက်နံ့ကို မခံနိုင်လို့ အမေက အိပ်ယာခွဲအိပ်တာ၊ နောက်ပိုင်း တဖြည်းဖြည်းနဲ့ အဖေပိုသောက်လာတာ၊ အမေနဲ့အဖေ့ကြားက ခေါင်းမာအရွဲ့တိုက်မှုတွေ ပြင်းထန်လာတာကို ဆယ်တန်းကနေ တက္ကသိုလ်တက်တဲ့ကာလတစ်လျှောက်လုံး ကျွန်မ မသိတတ်ခဲ့ဘူး။ ကျွန်မ ငယ်လွန်းနေခဲ့တယ်။ ဒီအချိန်မှာ အဖေ့ကို ရှိစေချင်တယ်။ ကျွန်မ အဖေ့ကို နားလည်ပေးနိုင်နေပြီလေ။
အရက်သောက်ပြီး ငွေမရှာနိုင်ခဲ့တဲ့ အဖေဟာ အမေ့ဆီက အရက်ဖိုး လက်ဖြန့်တောင်းရင်း၊ ဂျာစီအကျႌအစုတ်လေးနှစ်ထည်ကို အလဲအလှယ်ဝတ်ရင်း လောကကြီးထဲက ထွက်သွားခဲ့တာပါ။ အဖေသာရှိနေရင် ဆိုတာရဲ့နောက်မှာ အဖေ့ကို ကျွန်မ ဖြည့်ဆည်းပေးချင်တာတွေရော၊ အဖေ့ဆီက ကျွန်မလိုချင်တာတွေရော အတွေးတွေအများကြီးနဲ့ပေါ့။ အခုလောလောဆယ် အဖေ့လက်ရာ ငါးရံ့ဆန်လှော်ဟင်းပူပူလေးကို တစ်ဝကြီးသောက်ပစ်လိုက်ချင်တယ်။
(၅) နှစ်ကျော်ခဲ့ပြီ အဖေ…။ အမေ တစ်ခါမှ ချက်မကျွေးခဲ့ဘူး…။ ။
Posted from WordPress for Android
24 comments
ဇီဇီ ခင်ဇော် (26102012)
August 15, 2014 at 9:48 am
မွန်မွန်လေးးး
😥
အဖေ့ ကို နားမလည်ခဲ့တာလည်း အပြစ်မဆိုသာပါဘူးး ညီမလေးရယ်။
ငယ်လည်း ငယ်သေးး သဘာဝချင်းမတူတဲ့ ယောင်္ကျား နဲ့ မိန်းမ သဘာဝမို့ နားလည်တတ်ဖို့ ဆိုတာ အချိန် အတော်ယူရတာပါပဲ။
😥
အဲဒီလို နောင်တမျိုး ထပ်မရချင်ဘူး ဆိုရင် ….
ခုချိန်မှာ အမေ့ကို အရင်ကထက် နားလည်နိုင်အောင် ပို ကြိုးစားပါကွယ်။
😥
လုံမလေးမွန်မွန်
August 15, 2014 at 10:02 am
ဟုတ်တယ်.. အမေ့ကိုလည်း အဲ့လိုဖြစ်မှာ အရမ်းကြောက်တယ်… နောင်တဆိုတာ နောင်မှ ရတတ်တာဆိုတော့.. အခုချိန်မှာ ကိုယ်ဘာလုပ်မိနေလဲကို မသိလိုက်မှာ ကြောက်တယ်.. 😥
•*¨နန်းတော်ရာသူ •*¨
August 15, 2014 at 10:18 am
အမွန့်ရဲ့အဖေအကြောင်းရေးတာတွေမဖတ်ချင်ဘူး စိတ်မကောင်းဖြစ်လွန်းလို့
အစ်မဆို ဖေဖေမရှိတော့ရင်ဆိုတဲ့အတွေး တွေးကိုမတွေးရဲတာ။
ဖေဖေနဲ့အိုပါးသာမရှိရင် အစ်မကတော့ ရပ်တည်တတ်မှာကိုမဟုတ်တာ အမွန့်ကိုတော့တကယ်ချီးကျူးပါတယ်။
အဖေအကြောင်းဖတ်ရတာ ဇာတ်နာတဲ့ရုပ်ရှင်တစ်ပုဒ်လိုပဲ ဝမ်းနည်းရတယ်
😥
လုံမလေးမွန်မွန်
August 15, 2014 at 1:35 pm
အမွန်လည်း ရေးမိတိုင်း မျက်ရည်ကျတယ်… ဒီအချိန်မှာ အရမ်းရှိစေချင်မိတာ.. 😥
manawphyulay
August 15, 2014 at 10:27 am
ဟုတ်တယ် ညီမလေး အမေနဲ့သာ အနေနီးတဲ့ သမီးတိုင်းဟာ အဖေ့ရဲ့ ရင်ထဲကို သေချာ မမြင်နိုင်ကြဘူးလေ။
အရွယ်ရောက်လာတဲ့ သမီးတိုင်းက အဖေကို ဆရာလုပ်ချင်လာတာ မနောတစ်ယောက်လည်း အပါအဝင်ပေါ့။
လုံမလေးမွန်မွန်
August 15, 2014 at 1:42 pm
ဟုတ်တယ် အစ်မရယ်.. ငါ လူကြီးဖြစ်လာပြီ.. နားလည်တတ်နေပြီ တွေးမိတာ.. တကယ်တော့ မဟုတ်ခဲ့ဘူး..
ကိုယ့်ရဲ့အမြင်တွေက တစ်ဖက်သတ်ပဲ ရှိခဲ့တာ.. 🙁
မွသဲ ( 1782011 )
August 15, 2014 at 10:49 am
မိဘတွေကို ကိုယ်တိုင်မိဘနေရာရောက်တာတောင် နားလည်နိုင်ဖို့ခဲယဉ်းနေတုန်းပါပဲ။ အမွန်နားမလည်နိုင်ဘူးဆိုတာဖြစ်သင့် ပါတယ် ငယ်သေးတာကိုး။ အဲ့တော့ ကျန်တဲ့အမေကို နားလည်နိုင်အောင်ကြိုးစားလိုက်ပေါ့
လုံမလေးမွန်မွန်
August 15, 2014 at 2:07 pm
ဟုတ်တယ် တီသဲရယ်.. အမေ့ကိုလည်း နားလည်အောင် ကြိုးစားရင်းနဲ့ နားမလည်နိုင်ဖြစ်နေတာ..
ရွှေတိုက်စိုး
August 15, 2014 at 10:50 am
အော်မွန်မွန်ရယ်……. သများတည်ငြိမ်နေတဲ့နှလုံးသားကို လာ ဆွလိုက်ပြန်ပြီ… ကျုပ်လဲ အဖေ အလွမ်းသမားပါပဲဗျာ… ဘဝမှ ရှုံနိမ့်မှု အနိုင်ကျင့်ခံရမှု ဖိနှိပ်မှုတွေ ခံရတိုင်း ကျုပ်အဖေကို ကျုပ် အရမ်းကို သတိရမိတယ်ဗျာ….
ကျုပ်ဘေးနားက သူများတွေ အဖေဖဖဖဖဖဖဖဖဖဖ လို.အားရပါးရခေါ်တိုင်း ကျုပ ်မျက်ရည်ဝဲခဲ့တဲ့ကောင်ဗျ….
အဖေတစ်ယောက်ရဲ ဘဝရပ်တည်မှုက သားသမီးတွေ အတွက် အလိုလိုနေရင်း အင်အားဖြစ်နေတယ်ဆိုတာတော့ အမှန်ပဲဗျ…..
နိုင်ငံတာဝန်တွေထမ်း အသက်လုပြီး အိမ်အပြေးပြန်လာပြီး သားရေ လို. ခေါ်ယူပွေ.ဖက်တက်တဲ့ ကျွန်တော် အဖေကို ဒီလို သာသာယာယာ အေးအေးချမ်းချမ်းအချိန်လေးမှာ ငါ့သားကြီး ရဲ. သမီး သူမြေးလေးနဲ. ဆော့ကစားနေတာကို မြင်ချင်လိုက်ပါဘိဗျာ…
အခုတော့ အဖေ့ကို လွမ်းရင်း အဖေနေရာရောက်နေတဲ့ ကျုပ် သားသမီးတွေအတွက် အသက်ရှည်ရှည်နေနိုင်အောင် ကြိုးစားရအုံးမယ်ဗျာ….
အော် အဖေ လို.မခေါ်ရတာ… နှစ်ပေါင်းအတော်ကို ကြားပြီပေါ့ဗျာ……………… 🙁
လုံမလေးမွန်မွန်
August 15, 2014 at 4:02 pm
ဟုတ်တယ်.. တစ်ခါလောက် ပြန်လိုချင်မိတာ.. ကိုယ်က ဖြည့်ဆည်းပေးနိုင်တဲ့အချိန်မှာ မရှိတော့ဘူးဆိုတဲ့အသိနဲ့ အတူတူရှိခဲ့ဖူးတဲ့ အချိန်တွေကို ပြန်လွမ်းမိနေတယ်.. 🙁
မဟာရာဇာ အံစာတုံး
August 15, 2014 at 11:14 am
ငယ်တုန်း အရွယ်မို့
အဖေ့ အပေါ်မှာ နားလည်မှု လွဲမှားခဲ့တာဟာ
အပြစ် မဆိုသာပါဘူးရယ် …
အခုလို အကျိုးအကြောင်း ဆင်ခြင်ပိုင်းခြားပြီး သိတတ်လာတဲ့ အရွယ်မှာ အဖေ မရှိတော့ပေမယ့် …
တစ်နှစ် တစ်ခါလောက် အိမ်မှာ အဖေ့အတွက် ရည်စူးပြီး ကုသိုလ်တွေ လုပ်ပေးပေါ့ …
ပြီးတော့ .. လက်ရှိ အမေ့ကိုလည်း နားလည်းပေး၊ ဂရုစိုက်ပေးပေါ့ …
လုံမလေးမွန်မွန်
August 15, 2014 at 4:03 pm
အတူတူ ဂရုစိုက်ပေးနော်.. 🙂
ခင် ခ
August 15, 2014 at 11:32 am
အစားပြန်မရသော ဆုံးရှုံမှုကို ပြန်တွေးမိရင် ပိုဝမ်းနည်းတတ်တဲ့သဘာဝရှိပေမယ့် မိဘကို တမ်းတခြင်းသည်က တစ်ခါမကရှိလည်း မရိုးနိုင်ဘဲ သတိရစဲပေါ့။
လုံမလေးမွန်မွန်
August 15, 2014 at 4:05 pm
အရမ်းသတိရနေရင် ကလေးလို အော်ငိုချင်မိတာ.. 😥
အလင်းဆက်(24/05/2011)
August 15, 2014 at 1:50 pm
ဘာပြောရမှန်းတောင်…မသိတော့ဘူး.. ။
ဖတ်ပြီး..နင့်နင့်နဲနဲ..ကြီး… ခံစားပြီး…ငိုင်ကျသွားတယ်ဟာ..
အောက်က.. ကဗျာ စာသားလေးတွေက…ပို ထိရောက်တယ်.. ။
လုံမလေးမွန်မွန်
August 15, 2014 at 4:06 pm
မရှိတော့မှ ပိုသိလာတာဟ..
pooch
August 15, 2014 at 2:20 pm
အဖေလို့မခေါ်ရတာတောင် နှစ် ၂ဝ နီးပါး ရှိနေပြီ
ပြီးခဲ့ တဲ့ ဧပရယ်ကလည်း ဒုတိယအဖေလို့ တင်စားလို့ ရတဲ့ အမေ့ရဲ့ အကိုအကြီးဆုံး ဦးကြီးက ခွဲသွားတယ်။
ခုအိမ်မှာ ကိုယ်က လူကြီး လုပ်နေရတယ် မွန်မွန်
အမေရယ် အဒေါ်ရယ် ညီမ လေး ၄ ယောက်မှာ ကိုယ်က အကြီးဆုံး
လာသမျှဘေးတွေ ကိုယ်က ချည်းပြေးပြေးတွေ့နေရတယ်။
လောကဓံရယ် ဘဝခါးခါးရယ် တခါတလေ ကော်ဖီနဲ့မျှောချပလိုက်တယ်.
အမစိတ်ညစ်တတ်တယ် စိတ်ဓာတ်ကျတတ်တာကို တော်တော်များများ
ဘေးနားကလူတွေက မယုံကြဘူး 🙁
လုံမလေးမွန်မွန်
August 15, 2014 at 4:08 pm
ဦးဆောင်နေရတာ အရမ်းပင်ပန်းနေတဲ့ တစ်ခါတစ်လေ.. တစ်ယောက်ယောက်ကို အားကိုးတကြီး မှီပစ်လိုက်ချင်တယ်..
sorrow
August 15, 2014 at 4:48 pm
တချိန်က အဖေဆိုတာ သူရဲကောင်းကြီး .. ခုတော့ နှစ်နဲ့ချီ နေမကောင်းလို့ လူရောစိတ်ရောထောင်းထောင်းကြေ ..အလုပ်လဲမလုပ်နိုင်တော့တဲ့ဘဝမှာ တခုခုဆို ကျော့်ရင်ဘတ်ဝင်ပြီး ဝမ်းနည်း မျက်ရည်ကျတတ်နေတဲ့ ..အရိုးပေါ်အရေတင်.
(တချိန်က ပေါင်နှစ်ရာလောက် လူထွားကြီးရယ်ပါ)…ဆောရိုးတို့ ရာထူးတက်ပုံများ … ။ သို့သော်လည်း ခမ်းနားဆဲ … ခန့်ညားဆဲ..ခုလဲ သူရဲကောင်းကြီးပါပဲ.. ။ …
လုံမလေးမွန်မွန်
August 15, 2014 at 6:02 pm
အားကျမိပါတယ်အေ… ဟိုဓာတ်ပုံလေးကို မျက်လုံးထဲက မထွက်ဘူးရယ်…
sorrow
August 15, 2014 at 5:00 pm
အဖေဆိုသည်မှာ
1) သူ့ကောင်မလေး ( ကျော့်အမေဖြစ်လာမည့်သူ ) ကို နောက်ပြောင်သည်ဟုဆိုကာ SSA စခန်းကို ဓါးထမ်းပြီး တပ်မဟာမှုးကို စိန်ခေါ်သည့် ရဲရဲတောက် ကျောင်းအုပ်ဆရာ
2) မြေပဲဆီအစစ် ငါးပိသာပုလင်းကို သူ့အမျိုးသမီး ( ကျော့်အမေ ) စားစေချင်လို့ ရန်ကုန်မှ ပြင်ဦးလွင်သို့ လေယာဉ်နှင့်သယ်သော လူကြီး
3) နေမကောင်းသည့်ကြားမှ သူ့အမျိုးသမီး လာမည့်လမ်းကို သာစေချင်သည် ဟုဆိုပြီး ဓါးကောက်ထရမ်းရင်း ..ခါးဆစ်ရိုးနှစ်ရိုးလွဲသွားသောသူကြီး
4)သားသမီးအတွက် မုန်ညင်းချဉ်တဖတ်ကိုသာ ဟင်းလုပ်ပြီး … ကျပ်မပြည့်သည့်သားကို GM ကြီးဖြစ်အောင်အထိ တွန်းတင်သည့် အာဂအမျိုးသား
5) သမီးဖုန်းမက်ဆေ့မှ ကောင်လေးကကြူသည့် မတ်ဆေ့ဖတ်မိပြီး ထမင်းမစားနိုင်အောင် သဝန်တိုသည့် အချစ်ကြီးသည့် လူသား
မွေးချင်သေးသလား ဒယ်ဒီ….တိုင်းသိပြည်သိ…ဖွပြီ….အဟိဟိ
zarzarhtwe
August 15, 2014 at 9:05 pm
ညီမရဲ့ပိုစ့်က တကယ်ကို ငိုချင်လက်တို့ပါ မွန်မွန်ရေ
အမလည်းအဖေချစ်ပဲလေ ငယ်စိတ်နဲ့ အဖေအရက်သောက်တာကို အပြစ်တင်ခဲ့တယ်
သားအဖ၂ယောက်က အစားအသောက်ကြိုက်တာ စားတာတွေကလည်းတူတူပဲ။အဖေကဟင်းချက်လည်းအရမ်းကောင်းတာ။
သောက်ပြီးရင်လည်းမူးရမ်းတာမျိုးမရှိပေမယ့် မြင်နေရတာ စိတ်ဆင်းရဲတယ်။နောက်တော့မိဘတွေနဲ့ ခွဲပြီးတခြားမှာ
အလုပ်သွားလုပ်။၈နှစ်ကြာမှ တခါ ၂လလောက်အတူနေတုန်း သောက်နေတာမြင်တော့ ပြန်စိတ်ညစ်နဲ့ပဲ။မဆုံးခင်၃နှစ်လောက်မှ
အရက်ပြတ်တယ်။ခုတော့ ၂နှစိပြည့်တော့မယ်လေ။လေဆိပ်ထဲကို သူ့ရဲ့ အိတ်ကြီးကို စောင်းစောင်းနဲ့ လွယ်ပြီးပြန်သွားတာကို
မျက်စိထဲကမထွက်ဘူး။
မြစာကလေး (23122011)
August 16, 2014 at 1:54 am
လုံမ ရေ
အဖေ့ ကို သတိရ တဲ့ အကြောင်းလေး က ချစ်ဖို့ကောင်းလိုက်တာ။
တစ်ဘက် က ကြည့် ရင် တနည်း လက်တွေ့မှာ အကောင်းဆုံး ကို ရင်ဆိုင်ဖို့ ဆိုရင် အရက်စွဲ နေတဲ့ အဖေ့ ခမျာ မရှိနိုင်တော့ ဘူး။
အချိန်ကြာတာ နဲ့ အမျှ သူ့မှာ ရှိတဲ့ ရောဂါ က ပိုဆိုးလာမယ်။
စိတ်ဓာတ်ရေးရာ ကျဆင်းလာမယ်။
ဘေးက လူ တွေ နဲ့ အပြန်အလှန် အမြင်မတူ တာတွေ ပြသနာတွေ ဖြစ်လာမယ်။
ဒီလို အဖြစ် တွေ နဲ့ သမီး အဖေ ကို ဆက်မရှင်သန် စေချင်ပါနဲ့ လုံမ ရယ်။
သူ့ခမျာ ဆက်ရှိ နေရင် သမီး ဆီက ဒီလို လွမ်းတဲ့ စကား ကြားရမှာ မဟုတ်ဘူး။
အခုတော့ ဒီစကား ကြားရတာ သူ သဘောကျ နေမှာပါ။
နောက် ဘဝ တစ်ခု ရှိမယ်ဆိုရင် လဲ အဲဒီ မှာ သူ ပိုပြီး ကောင်းတဲ့ အခြေ ရှိနေ မှာပါ။
မဟုတ်လား။
ဒီတော့ အများ ပြောသလို လက်ရှိ အနားက ကိုယ့်ကို တစ်ချိန်လုံး စောင့်ရှောက်လာတဲ့ အမေ ကိုသာ ပိုပိုပြီး စိတ်ချမ်းသာ အောင် ပုံထားလိုက်ပေါ့။
စိတ်ရင်း မှန်တာပြောတာနော်။ ကိုယ့် တူ လေးမို့ ပင်း ပြောတာမဟုတ်ဘူး။
မောင်အံ လို သူငယ် ကို သား တော် ရတော့ မှာမို့ လုံမ အမေ စိတ်ကျေနပ် နေမှာပါ။
kyeemite
August 16, 2014 at 2:02 pm
😥 😥 😥 ဘွတူဖြစ်နေပါပြီ…ကျန်နေသေးတဲ့ အဖေ့ချစ်သူကိုသာ ဂရုစိုက်ပေးနေပါတယ်မွန်မွန်