ကျောချမ်းဖွယ် ကန်စွန်းပလိန်း

marblecommetAugust 22, 20141min44718

အကြောမျှင်လေးတွေ စိမ်းဖျော့ယှက်ဖြာနေပြီး ဖားဖားလျားလျားနှင့် ပြားချပ်နေတဲ့ ကွမ်းရွက်ကြီးများပေါ်သို့ ဖြူဖွေးလုံးဝန်းသည့် ထုံး တုတ်ကြီးမှ ထုံးစက်များကို တောက်ချလိုက်သောအခါ ကုလားမကြီးရဲ့ လက်ကောက်ဝတ်က ရွှေလက်ကောက်ကွင်းများ ရိုက်ခတ်သံက တချွင်ချွင် မြည်သွားတယ်။ ကျွန်တော် အတော့်ကို စိတ်မရှည် ဖြစ်နေပါပြီ။ တစ်ခုခု လုပ်စရာရှိရင်အမြဲ စိတ်လောကြီးတတ်တဲ့ ကျွန်တော့်စိတ်အလိုအရဆိုရင် ကျွန်တော် ဒေါကန်နေပြီ။ ဘာလို့ဆို ခါတိုင်းထက် ဒီနေ့က အတော့်ကို နောက်ကျနေပြီ မဟုတ်လား။ ကွမ်းသမားတွေနဲ့ ပေါင်းရသင်းရတာ အတော့်ကို ခက်တယ်ဗျာ။ ဒီကိစ္စကို အတော့်ကို သည်းခံရတယ်။ သူတို့နဲ့ အတူ ခရီးတစ်ခု သွားခါနီး၊ လာခါနီးဆိုပြီရင် ဘယ်တော့မှ အတူတကွ တစ်ဖြောင့်တည်း သွားရတယ်လို့ကို မရှိဘူး။
“ခဏလေး ကွမ်းထုပ်လိုက်ဦးမယ်ကွ…´
ဆိုတဲ့အဖြစ်မျိုး ကျွန်တော့်ဘဝမှာ ကိုးဆယ့်ကိုးသန်း ကြိမ်လောက် ကြုံခဲ့ဖူးပါပြီ။
+++
ဒီနေ့ ကျွန်တော်တို့ အရောင်းခရီးစဉ်က ခါတိုင်းလို ရန်ကုန်မြို့တွင်းမဟုတ်ဘဲ ပဲခူးဈေးကြီးအထိ သွားရောင်းရတာဆိုတော့ အပြန်လည်းနောက်ကျတယ်။ ရုံးပြန်ရောက်တော့လည်း ပစ္စည်းလက်ကျန်စာရင်း ပြန်စစ်၊ ငွေစာရင်း အပြီးသတ် ရှင်းတမ်းလုပ် ငွေပြန်အပ်၊ ဒေးလီးရီပို့ ရေးပြီး တင်ရ၊ နောက်ဆုံး ပိတ် အားလုံးပြီးစီးလို့ အရောင်းကားကို ခြံထဲသိမ်းဆည်းပြီးမှ အလုပ်သိမ်းရတာဆိုတော့ အခုပဲ ရ နာရီ ခွဲကျော်နေပြီလေ။ ဒီလောက် နောက်ကျနေတာကိုတောင် လှိုင်မြင့် ဆိုတဲ့ ကွမ်းသမား ငတိကြီးက ကွမ်းထုပ် ဦးမယ်လို့ ဆိုတယ်။ သူက တွေ့ကရာဆိုင်က ကွမ်းမျိုးကို စားတတ်သူလည်း မဟုတ်။ တော်တော့်ကို အလာကြီးတဲ့ ကွမ်းသမားပါ။ အခုလည်း ဆူးလေ မြို့တော်ခန်းမ ဘေးက ကုလားမကြီး ကွမ်းယာမှ ဆိုတာကြောင့် အလုပ်ရုံး ၃၅ လမ်းကနေ မြို့တော်ခန်းမကို တစ်ခေါက် ပတ်ကွေ့လာနေရသေးတယ်။
+++
ရန်ကုန် မီးသတ်ရှေ့ မြို့တော်ခန်းမဘက်အခြမ်းက တိုက်ဟောင်းကြီးရဲ့လှေကားရင်းမှာ သစ်သားဗန်းလေးချပြီး ကွမ်းယာရောင်းတဲ့ ကုလားမကြီးရဲ့ လက်ကောက်ဝတ် တစ်ဖက်တစ်ချက်မှာ အနည်းဆုံး တစ်ဖက်ကို ခြောက်ကွင်းထက်မနည်းတဲ့ ရွှေလက်ကောက်ကွင်းများရဲ့ အသံက ကျွန်တော့်ရဲ့ မစောင့်စားနိုင်တော့တဲ့ ဒေါသကို ပိုပြီး နှိုးဆွသလို ဖြစ်နေတာပါ။ ကုလားမကြီးကတော့ သူ့ရဲ့ လက်ချောင်း မည်းမည်းတုတ်တုတ်ကြီးများနဲ့ မထင်ရလောက်အောင်ဘဲ ထုံး၊ ဆေး၊ ကွမ်းသီး ပုံထားတဲ့ ကွမ်းရွက်တွေကို ယုယုယယ၊ သပ်သပ်ရပ်ရပ်၊ မြန်မြန်ဆန်ဆန်နဲ့ လိပ်ပြီးတော့ သူ့လက်ဖဝါး အပြားကြီးထဲ သိပ်ထည့်နေတာများဗျာ သိပ်ကျွမ်းကျင် လိမ္မာတဲ့ စန္ဒရားဆရာတစ်ယောက် သူ့ စန္ဒရားခလုတ်တွေကို ဘယ်ပြန်ညာပြန် ယိမ်းနွဲ့သိမ်းပိုက်နေတဲ့ အတိုင်း။ လှိုင်မြင့်က ကုလားမကြီး ယာနေတဲ့ ကွမ်းယာထဲက တစ်ယာကို လှမ်းယူလိုက်ပြီး ပါးစပ်ထဲ ထည့်မယ်လုပ်ပြီးမှ မစားသေးဘဲ အာခေါင်ကိုခြစ်ပြီး တံတွေးအရင်ထွေးပစ်လိုက်တယ်။ ပြီးတော့ ကျွန်တော့်ဘက်သို့ စကားပြောဖို့ ပါးစပ်ဟရင်း လက်ထဲက ကွမ်းယာကို ထုံးခါ နေပြန်တယ်။

`ခွီးပဲကွာ…ဘီးဂျေး နင့်ဟာက မဟုတ်တော့ဘူး နာနတ်သီးဆိုင်ကို နောက်က လိုက်ခဲ့တော့´
ကျွန်တော်က စိတ်မရှည်စွာ ပြောရင်း လှည့်ထွက်လာတော့ ငတိက ကွမ်းယာကို ပါးစပ်ထဲသို့ ဂျွတ်ကနဲ့ ထည့်ဝါးလိုက်ရင်း တခိခိ ရယ် ကျန်ခဲ့တယ်။
+++
လူ ဆိုတဲ့ သတ္တဝါဆိုတာကလည်း တူရာ တူရာ စုတတ်ကြတာကိုးဗျာ။ ဒါက အထူးပြောစရာမလို။ မြာသမားက မြာသမားချင်းစု။ ဖဲသမားက ဖဲသမားချင်းစု။ အရက်သမားက အရက်သမားချင်း စုတတ်ကြတာ ဘာမှ မဆန်း။ ဒါက လူ့ သဘာဝ။ သည်ကြားထဲကမှ ယမကာ သမားတွေရဲ့ စုဖွဲ့မှုကျတော့ လောကမှာ အလွယ်ကူဆုံး။ အမြန်ဆုံးနဲ့ ဖွဲ့နှောင်မှု အကောင်းဆုံးလို့ ဆိုလိုက်ချင်တယ်ဗျာ။ အခြား သန်ရာ သန်ရာ ဝါသနာအိုးတွေဆိုတာက မိမိတို့ ဝါသနာ ပါရာအကျင့်ကို တစ်ယောက်နှင့် တစ်ယောက်မှန်းဆနိုင်ဖို့ အရင်ဆုံး လေ့လာရ၊ စူးစမ်းရ၊ စပ်စုရသေးတယ် မဟုတ်လား။ ဒါကြောင့် သူတို့က စုစည်းနိုင်ဖို့အတွက် သင့်တင့်တဲ့ အချိန်တစ်ခုတော့ လိုသေးတယ်။ အဲဒီလို အချိန်တစ်ခုရမှ သင်းက ဂလိုကိုး ဆိုတဲ့ ဘဝင်ချင်းငြိ ရင်ချင်းထိကြပြီးတော့မှ တံငါနားနီးတံငါ မုဆိုးနားနီး မုဆိုးဖြစ်သွားကြတာ။
သို့ပေသိ ရွှေယမကာသမားတွေကျတော့ ဒီလို မဟုတ်ဘူး ကိုယ့်ဆရာရေ့…။ မြွေမြွေချင်း ခြေမြင်တယ် ဆိုတာ ဘာဟုတ်သေးလဲ။ အချင်းချင်း ဒီလောကသားချင်း တွေ့ကြပြီဆိုတာနဲ့ ပြိုင်ဘက်ရဲ့ အကဲကို ချက်ချင်းရိပ်စားမိပြီးသားပဲဗျာ။ ဒင်း ဒီလောသား ဟုတ်မဟုတ်ကို အချင်းချင်း ရုပ်ကို အကဲစမ်းလိုက်ရုံနဲ့ ၉၉ လေး ၁ လေး မှန်အောင်မှန်းနိုင်ကြတယ်ဆိုတာ ယုံမလားဗျာ။ အဲဒီထဲကမှ မှားသွားတဲ့ ၁ လေး ဖြစ်သွားခဲ့တယ်ဆိုရင်တောင်မှ အဲဒီ အမှားက အတော့်ကို ပိရိသေသပ်လွန်းတဲ့ ခွက်ပုန်းဝိဇာ တစ်ယောက်တစ်လေပဲ ဖြစ်မယ်လို့ လောင်းရဲတယ်ဗျာ။ (အဲ…ဒါပေမဲ့ ခြေစွမ်းခြေစ အစစ်အမှန်ကို အတိအကျ မှန်းနိုင်ဖို့ကတော့ တစ်ဝိုင်း(သို့)နှစ်ဝိုင်းလောက်တော့ ချစ်ကြည်ရေး အကဲစမ်း ကြည့်ဖို့တော့ လိုပါတယ်။)

+++++++++

အဲဒီလို တူရာစုကြတဲ့ ယမကာလုလင်ချင်းထဲကမှ ကျွန်တော်နဲ့ လှိုင်မြင့်က နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ စွယ်တော်လို၊ နှစ်ပြားပေါင်းမှ တစ်ရံဖြစ်တဲ့ ခုံဖိနပ်လို၊ နှစ်ချောင်းပူးမှ တစ်ချောင်းမည်တဲ့ အီကြာကွေးလို လို့ပဲ ဆိုပါတော့။ ရုံးမှာ အရောင်းဝန်ထမ်း ယောက်ျားလေးချည်းပဲ အယောက်တစ်ဆယ်ကျော် ရှိကြတဲ့အထဲမှာ အားလုံးက ဇိုးသမားတွေချည်း မဟုတ်ကြသည့်တိုင်အောင် အနည်းဆုံး ဗျစ်ရည်ကလေးဖြစ်ဖြစ်လောက်တော့ ပွဲတွေ့ဖူးကြသူတွေချည်းပါ။ အစိမ်းတွေ မဟုတ်ကြပါဘူး။ ဒါပေမဲ့ ဒီအထဲကမှ ကျွန်တော်နဲ့ လှိုင်မြင့်လောက် ဘယ်သူတွေကမှ ဝီရိယ မရှိကြဘူး။ နောက် အကြောင်းတစ်ချက်က စာဂျပိုးဖြစ်ကြချင်းတူတာရယ်၊ ကျွန်တော်က စာတိုပေစလေးတွေလည်းရေး၊ နောက် ကျွန်တော် အလွန်လေးစားရတဲ့ အမျိုးသားစာပေဆုရ စာရေးဆရာကြီးတစ်ယောက်နဲ့ သူနဲ့က သားတပည့်လိုဖြစ်နေတာကို သိလိုက်ရတာရယ်ကြောင့်လည်း ပါပါတယ်။ သူအရင်နေခဲ့တဲ့ တောင်ဥက္ကလာပ အိမ်နဲ့ ဆရာကြီးရဲ့ အိမ်က ဘေးချင်းကပ်ဖြစ်နေတော့ ဒီ လှိုင်မြင့်ဆိုတဲ့ ငတိဟာ ဆရာကြီးကြောင့် စာပေတွေဖတ်ရ၊ စာပေလောကသားတွေနဲ့ ငယ်ငယ်ကတည်းက နီးစပ်ခဲ့လေတော့ ကျွန်တော်နဲ့ အလုပ်ထဲမှာ တွေ့ကြတဲ့အခါ ဒီလူနှစ်ယောက် မတွဲမိဘူးဆိုတာ ဖြစ်နိုင်စရာကို အကြောင်းမရှိဘူး မဟုတ်ပါလားဗျား။ (နောက်တော့ သူနဲ့ ပတ်သက်ပြီး အဲဒီဆရာကြီး အိမ်ကို ကျွန်တော်ပါ ရောက်သွားဖူးတယ်။ ပြီးတော့ ကျွန်တော် နောက်ထပ် အလုပ်တစ်ခု ပြောင်းပြန်တဲ့အခါ အဲဒီ အလုပ်သစ်မှာ တိုက်ဆိုင်စွာပဲ ဆရာကြီးရဲ့ သားတော်မောင်နဲ့ ထပ်တွေ့ကြရလို့ ပုလင်းဘော်ဒါ ခွက်ပြိုင် ထပ်ဖြစ်ခဲ့ကြသေး။ ကြုံရင် ရေးပါဦးမည်)
ဆိုရင်တော့ လှိုင်မြင့်နဲ့ ကျွန်တော်က အလုပ်ချိန်အတွင်းရော အလုပ်ချိန်ပြင်ပပါ လင်မယားထက်ကို သစ္စာကြီးကြတဲ့ သူရာဘရားသားတွေ ဖြစ်လို့သွားကြတာလည်း မဆန်းပါဘူးလေ။ ကျွန်တော် အခုလို ပြောနေရတာတွေက အရေးမကြီးပေမဲ့ နောက်ပိုင်းမှာ အရေးကြီးတဲ့အကြောင်းကို ရောက်တဲ့အခါ သူ့ဟာနဲ့သူ ဆက်စပ်မှု လေးတွေရှိနေလို့ ရေးပြနေရတာပါခင်ဗျား။
++++++++++
ဒီနေ့လည်း ကျွန်တော်တို့နှစ်ယောက်ရဲ့ ပယင်းရောင်ညနေခင်းကို ခင်းကျင်းဖို့ ကိစ္စမှာ အကြောင်းကြောင်းကြောင့် နောက်ကျခဲ့လေတော့ ကျွန်တော်က ဂဏာမငြိမ် စိတ်တိုနေမိတာပေါ့လေ။
ကျွန်တော် နာနတ်သီးဆိုင်ကိုရောက်တော့ နာနတ်သီး သည်လေးက အထူးပြောစရာမလိုပါဘူး။ နေ့တိုင်း ဝယ်နေကြဆိုတော့ နာနတ်သီး တစ်ခြမ်းကို အနေတော်စိပ်ပြီး သံပရာသီး ညှစ်၊ အိတ်နဲ့ ထည့်ပေးတယ်။ အဲဒီ နာနတ်သီးက ကျွန်တော်တို့ အသုံးအနှုန်းအရဆိုရင် ဂုဏ်ရှိန်ကြီးမားတဲ့ ညနေခင်း ဝိုင်းအတွက် သက်သတ်လွတ်အမြည်းပေါ့ခင်ဗျာ။ အဲဒီအချိန် လှိုင်မြင့် ရောက်လာတော့ ကျွန်တော်တို့ရဲ့ ခံတပ်စခန်းဖြစ်တဲ့ 7 Store ကို ချီတက်ခဲ့ကြတယ်။
ကျွန်တော်တို့ 7 Store ကို ရောက်တော့ ကာတွန်းဆရာဝိုင်းနဲ့ စာရေးဆရာကြီးတို့ဝိုင်းက အတော့်ကို မှည့်နေကြပါပြီ။ ပြောရဦးမယ်။ ကျွန်တော်တို့ ထိုင်ကြတဲ့ 7 Store ဆိုတာ အခု 7 Store ရှိတဲ့ ဆိုင်ဘေးက အခန်းကျဉ်းလေးကို ဘားအဖြစ် အဲဒီ စတိုးကပဲ တွဲဖွင့်ထားတာပါ။ အရက်က ဝီစကီနဲ့ ရမ် နှစ်မျိုးပဲ ရောင်းတယ်။ အမြည်းဆိုရင်လည်း အကြော်အလှော်မရဘူး။ အာလူးကြော်၊ ငါးမုန့်ကြော်၊ ဆိတ်မွှကြော်လိုမျိုး ရယ်ဒီမိတ်အထုတ်ပဲရတယ်။ ကိုယ်စားချင်တဲ့ အမြည်းမျိုးကို အပြင်က ကြိုက်သလို ဝယ်ယူစားလို့ရတယ်။ ပြောရရင်တော့ ဆိုင်က အရက်ဆိုင်တစ်ဆိုင်နဲ့ မတူဘူး။ မိသားစု ၊ သူငယ်ချင်းတစ်စု ဝိုင်းသောက်နေကြတဲ့ ပုံစံမျိုးမို့ ကျွန်တော်တို့ အကြိုက်တွေ့နေမိတဲ့ဆိုင်ပေါ့။ ဒီဆိုင်က ကိုးနာရီဆို ပိတ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့တွေက ရှစ်နာရီခွဲတာနဲ့ အစာပိတ်ဝိုင်းသိမ်းကြဖို့ ကိုယ့်အသိစိဓာတ်နဲ့ကိုယ် ပြင်ဆင်ရတယ်။ ဒီဆိုင်က တစ်နေ့လုံးနေလို့မှ လူနှစ်ဆယ် သုံးဆယ်ထက်လည်း ပိုမဝင်ဘူး။ ဒါကြောင့် ဖောက်သည် အချင်းချင်းကလည်း အထူးရင်းနှီးနေကြပြီးသားပေါ့ဗျာ။ ဆိုင်မှာကစားပွဲထိုးရယ်လို့လည်း မရှိဘူး။ ဆဲဗင်းစတိုးက ဝန်ထမ်းဖြစ်တဲ့ ကိုစိုးနဲ့ ကိုမျိုးညီအစ်ကိုကပဲ လိုသလို လာချပေး၊ ပက်ချိန်ငှဲ့ပေး လုပ်ပေးတာပါပဲ။ ဆိုင်ရဲ့ ပုံမှန် ဖောက်သည်တွေကတော့ ကျွန်တော်တို့နှစ်ယောက်ရယ်၊ ဘာသာပြန်စာရေးဆရာကြီးတစ်ယောက်နဲ့ ပန်းချီဆရာအဘ တစ်ယောက်ရဲ့ဝိုင်းရယ်၊ ကာတွန်းဆရာ သုံးယောက်ဝိုင်းရယ်၊ နောက် နိုင်ငံခြားပြန် အင်္ဂလိပ်စာ ဆရာကြီးတစ်ယောက်ရယ်၊ ဆဲဗင်းစတိုးဘေးမှာ ဆိုင်ခန်းနဲ့ရောင်းတဲ့ မုန့်ဟင်းခါးဆိုင်ပိုင်ရှင် အစ်ကိုရယ် တို့က ပင်တိုင်ပါပဲ။ ဒီဆိုင်ရဲ့ ဖောက်သည်တွေအကြောင်းနဲ့ သူတို့ရဲ့စရိုက်ကို သတ်သတ်ရေးမှ အဆင်ပြေမှာ ဖြစ်ပေမဲ့ အကြမ်းဖျင်းတော့ နည်းနည်း ပြောပြချင်သေးတယ်။ အဲဒီ ဖောက်သည်ဝိုင်းတွေမှာ ပန်းချီဆရာကြီးက ခါးတောင်းကို မြောင်နေအောင်ကျိုက်ပြီး တင်ပါးပြောင်ကြီးနှစ်ဖက်ကို တဖျန်းဖျန်းရိုက်ပြီး တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့နဲ့ ကွေးနေအောင်က၊ စာရေးဆရာကြီးက ခုံကို တဒေါက်ဒေါက်ခေါက်ပြီး စည်းချက်လိုက်နေပြီဆိုရင်၊ ကာတွန်းဆရာအုပ်စုက တစ်ယောက်မျက်နှာတစ်ယောက် တစိမ့်စိမ့်ကြည့်ရင်းကို ရယ်သံ တဟားဟားထွက်လာမယ်၊ ပြီးရင် တစ်ယောက်သော ဆံပင်ရှည်ရှည် မျက်မှန်ပုလင်းဖင်နဲ့ ကွမ်းကလေးမြုံထားပြီး အဲဒီ မြုံထားတဲ့ ကွမ်းလေးပြုတ်ကျလာလုမတတ် ပြုံးတုံ့တုံ့နဲ့ ဘေးဝိုင်းတွေကို အမြည်းလိုက်ပြီး ဝေငှပေးနေပြီဆိုရင်(အဲဒီ မိတ်ဆွေကတော့ ဆိုင်ကယ်အက်ဆီးဒင့်ကြောင့် ကွယ်လွန်ခဲ့ရှာပါပြီ)၊ ဘိလပ်ပြန်ဆရာကြီးကလည်း စက်သေနတ်ပစ်သလို ဘိုလိုတွေ တရွှီးရွှီး မှုတ်နေပြီဆိုရင်၊ မုန့်ဟင်းခါးဆိုင် အစ်ကိုကြီးက အကြော်ဟင်းရည်ပန်းကန်များကို တစ်ဝိုင်းချင်း လိုက်လံ ဒါန ပြုနေပြီဆိုရင်တော့ အဲဒီ ဆဲဗင်းစတိုးဟာ မကြာခင် ချုပ်ငြိမ်းတော့မယ် နိမိတ်ပုံအဖြစ် အစာပိတ် ခွက်များကို စီရင်နေကြပြီဆိုတာပါပဲဗျား။ အခု ကျွန်တော်တို့နှစ်ယောက် ဆိုင်ကိုရောက်တဲ့အချိန်ဟာ အဲဒီ အချိန်ရောက်လု နီးနီးဖြစ်ပြီးတော့ အားလုံးက မှည့်လုလု ဖြစ်နေကြပြီလေ။
`မောင်ရင်တို့ တယ်နောက်ကျသကိုး…´(ပန်းချီအဖွဲ့)
`ဗျိုး ဘရားသားတွေ ခင်ညားတို့ ဒီနေ့ ဝီရိယနည်းသဗျား´(ကာတွန်းအဖွဲ့)
`ဟေး ..ဂိုင်း…ဝီစကီခွက်တွေက သင်တို့ကို စိတ်ဆိုးနေကြပြီ´(ဘိလပ်ပြန်ဆရာကြီး)
`ဘူးသီးလား ငါးဖယ်လား ရဲဘော်(မုန့်ဟင်းခါးသည်)
`ဆရာတို့ ဝီလား ဝရမ်လား´(ကိုစိုး)
ခွက်ပြိုင်ကြီးများအားလုံးက ကျွန်တော်တို့ နှစ်ယောက်ကို မှည့် လုလု အသံတွေနဲ့ ချစ်ခင်စွာ နှုတ်ဆက်ကြပါတယ်။ ကျွန်တော်တို့ကလည်း ပြန်နှုတ်ဆက်ကြတယ်။ ပြီးတော့ သူတို့ မှည့်နေတဲ့ အနေအထားအရရယ် ဆိုင်ရဲ့ စံတော်ချိန်အရရယ်ဆိုရင် ကျွန်တော်တို့ အနေနဲ့ သူတို့ကို အမီလိုက်ဖို့ အချိန်မလုံလောက်တော့ဘူး။ ဒါကြောင့် လှိုင်မြင့်က
`ပက်နဲ့ပဲ ဆွဲကြမယ်ကွာ မင်း ဒီည ငါ့အိမ်လိုက်ခဲ့ အိမ်မှာ ဆက်ကစ်မယ်´
ကျွန်တော်ကလည်း အင်းပေါ့ဗျာ။ ဒီနည်းကလွဲလို့ ဘာရှိသေးလဲ။ ဒီဘဲကြီး အိမ်ဆိုတာလည်း ကျွန်တော့်အတွက် အထူးအဆန်းမှ မဟုတ်တော့တာ။ ဆိုရရင်တော့ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ချစ်လှစွာသော ဆဲဗင်းစတိုးမှာ ဒီနေ့ညနေခင်းရဲ့ အာသာရမ္မက်ကို စွန့်လွှတ်ပစ်ခဲ့ရတဲ့အတွက် အိမ်မှာ အပီ ဆက်ကိုင်မယ်ဆိုတဲ့ အသစ်တစ်ဖန်သော အားမန်နဲ့ မောင်းတင်ပြီးတော့ လှိုင်မြင့် လက်ရှိနေတဲ့ ကံဘဲ့ မီးရထားလိုင်း အိမ်ရာ.ကို ချီတက်ခဲ့ကြတယ်။
`ဟေ့လူ ဘီးဂျေး…ကျုပ်တို့ ရိက္ခာက …´
`အာ…ထုံးစံအတိုင်း လမ်းထိပ်ဆိုင်မှာ ဝင်ဆွဲမယ်လေကွာ´
လမ်းမီးညိုညစ်ညစ်နဲ့ အမှောင်စပ်ခါး ညတစ်ညမှာ ကျွန်တော်တို့နှစ်ယောက် အိမ်ကို အမြန်ဆုံးနည်းနဲ့ ခရီးနှင်နေကြပါတယ်။ ဒါပေမဲ့ဗျာ အဆင်မပြေခြင်းတွေက အဖော်အပေါင်းနဲ့ လာတယ်ဆိုတာ ရက်ရက်စက်စက် မှန်တယ်ဗျာ။ လမ်းထိပ်က အန်းကူရဲ့ ယမကာ ဖျော်ရည်မျိုးစုံက မည်သည့်အကြောင်းမှန်းမသိ ဒီနေ့ တိတိပပ ဆိုင်ပိတ်ထားလျက် ဖြစ်နေပါလေကောဗျာ။ ဒီအချိန်မှာ လှိုင်မြင့်ရော၊ ကျွန်တော်ပါ အသံမထွက်နိုင်အောင် ငိုင်သွားတယ်။ ဒီတော့ ကျွန်တော့် မူရင်းဒေါသက သူ့ဆီကို ပြန်ရောက်သွားပြီးတော့ အရာရာ ခင်ဗျားလေးတိလေးကန် လုပ်လွန်းအားကြီးလို့ ဒီလိုဖြစ်ရတာလို့ အပြစ်တင်ဖို့ သူ့ကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာ လှိုင်မြင့်ဆီက မြင်လိုက်ရတဲ့အပြုံးက ထူးဆန်းလွန်းလို့ ကျွန်တော်အခုထိ ကို မမေ့နိုင်သေးဘူး ကိုယ့်ဆရာတို့ရေ့။
`လာကွာ ယောက်ဖ ဘာမှ မပူနဲ့ အိမ်မှာ ရိက္ခာ အကောင်းစားရှိတယ်´
ဆိုပြီး အိမ်ဘက်ကို ဇုတ်ဇုတ် ဇုတ်ဇုတ်နဲ့ ထွက်သွားရော။ ကျွန်တော်က မယုံသလိုလို ဖြစ်မိပေမဲ့ သူ့ရဲ့မျက်နှာက ထူးဆန်းတဲ့အပြုံးကြောင့် အကြံအစည်တစ်ခုခုတော့ ရှိရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူ့နောက်က လိုက်ခဲ့ရတာပေါ့။ သူ့ အိမ်ရောက်တော့ အမေကြီး(ကျွန်တော်လည်း လှိုင်မြင့်ခေါ်သလို သူ့အမေကိုအဲဒီလိုပဲ ခေါ်တယ်)က ခြင်ထောင်ထဲ တောင် ဝင်နေပါပြီ။ အိပ်တော့မအိပ်သေး။
ရောက်ရောက်ချင်း ကျွန်တော်တို့ နောက်ဖေး မီးဖိုချောင်ကို တန်းဝင်လိုက်ကြတယ်။
ကျွန်တော်က အုပ်ဆောင်းကို ဖွင့်လိုက်တော့ ဘဲဥဆီပြန်ချက် နှစ်လုံး။ ငါးရံ့ခြောက်ဆီဆမ်းတစ်ခွက်နဲ့ ပဲကုလားဟင်းတစ်ခွက်။ ဒါပေမဲ့ ကျွန်တော့်အတွက် ဒါတွေက အရေးမကြီး ဒါတွေက ဟင်းစားတွေပဲ။
`ဟေ့လူ ..ရိက္ခာကော ရိက္ခာ…´
လှိုင်မြင့်က တစ်ချက် တည်သွားပြီး
`အမေကြီး ကျွန်တော်တို့ အဖေကြီးဆီက ပုလင်း ခဏ ချေး လိုက်မယ် …မနက်ဖြန် ပြန်တင်ထားမယ် အမေကြီးရာ နော်….´
ဘယ့်နှယ့် အဖေကြီးတုန်း။ ကျွန်တော်မသိဘူး။ သူ့အဖေဆုံးတာ ကြာပြီပဲ။ လှိုင်မြင့် ပြောပြောဆိုဆို အိမ်ရှေ့ခန်းကို ထွက်သွားတယ်။ ခြင်ထောင်ထဲက အမေကြီးကတော့ ဖေ -း မ သားလေးတွေ လို့ လှမ်းဆဲသံ သဲ့သဲ့ကိုတော့ ကြားလိုက်တယ်။ လှိုင်မြင့် နောက်ဖေးခန်းထဲကို ပြန်ဝင်လာတော့ လားလားဗျာ။ ရက်လေဘယ် ဝမ်းလီတာ တစ်လုံး စူစူငွားငွား ကြီးဗျာ။ လှိုင်မြင့်ကတော့ မင်းသားကြီးတစ်ယောက်ရဲ့ အိုက်တင်နဲ့ သူ့သွားမည်းမည်းတွေကို အစွမ်းကုန်ဖြဲပြလို့။ ငါ မပိုင်လားဆိုတဲ့ စတိုင်ပေါ့ဗျာ။ ဒါနဲ့ ကျွန်တော်တို့နှစ်ယောက်လည်း အနီရောင် အကျီနဲ့ ဒီ စကော့တလန်ကောင်မကို ဝိုင်း ချွတ်လိုက်ကြတာ တစ်ဝက်ကျော် ကျိုးသွားတဲ့အချိန်လည်းရောက်တော့ ယမကာသမားတို့ ထုံးစံအတိုင်း သူ့စကားကိုယ်မကြား ကိုယ့်စကား သူမကြားနဲ့ အော်ကြီးဟစ်ကျယ် ဖြစ်လာကြပြီပေါ့။ သောက်လို့ အကောင်းဆုံးအချိန်နဲ့ ချစ်ခြင်းမေတ္တာ အပြည့်ဝဆုံးအချိန်လို့လည်း ပြောလို့ရသပေါ့ဗျာ။ ဒီအချိန်မှာ တစ်ယောက်သဘောထား တစ်ယောက် ထောက်ခံဖို့ ဝန်မလေး။ ကတိတစ်ခု ပေးပစ်လိုက်ဖို့ ဝန်မလေး။ စကားတစ်ခွန်း ပြောပစ်လိုက်ဖို့ ဝန်မလေးတဲ့ ပွိုင့်အော့နိုးရတမ်း အချိန်လေးပေါ်မှာ ကျွန်တော်တို့နှစ်ယောက် မှည့်မျောစီးဝင်နေမိကြပြီဆိုပါတော့။ ဒီတော့မှ ကျွန်တော်က ခုနက သိချင်တာလေးတစ်ခုကို မေးရတယ်။
`ဟေးလူ..ဘီးဂျေး…ခုနက ဘယ်အဖေကြီးဆီက ပုလင်းသွားချေးတာတုန်း အားနာစရာကြီးဗျာ´
`အားနာစရာမလိုပါဘူးကွာ….အိမ်ကပါပဲ…ကိုကြီးကျော်လေ….´
`အမ်…………´
လွှတ်လှဗျာ။ လှို်င်မြင့်တို့အကွက်က။ သူတို့ အမေကြီးရော သူတို့ အိမ်သားတွေက ကိုကြီးကျော်ရော၊ အမေဂျမ်းရော ကိုးကွယ်ကြတာဗျ။ အဲဒါ ငတိ လှိုင်မြင့်က အရက်ဖိုး ရိက္ခာ ပြတ်ပြတ်သွားတိုင်း ခဏခဏ ချေးသောက်ဆိုပဲ။ အေး ချေးပြီးရင်တော့ နောက်နေ့ ပြန်ဆပ်ရင်ဆပ် မဆပ်ရင် လှိုင်မြင့် အိမ်ပေါ်က ခေါင်းနဲ့ဆင်း ဆိုပဲ။ သူတို့ အမေကြီးကတော့ အဖေကြီးခေါ် ကိုကြီးကျော်ကို အရင်က ရမ်လောက် ဝီစကီအညံ့စားလောက် ဆက်တာ။ ဒီနေ့မှ ထူးထူးခြားခြား ပွဲခလေးတစ်ခု အဆင်ပြေလို့ ရက်လေဘယ် ဆက်ထားတာမှ ကျွန်တော်တို့နှစ်ယောက်က အဖေကြီးမုတ်ဆိတ်မှာ ပျားလာစွဲမိတာကိုးဗျ။ ကျွန်တော် တော်တော်ရွှင်မြူးသွားတယ်။ နဂိုကတည်းကမှ အဆင်မပြေမှုကြားက ရက်လေဘယ်ဆိုတဲ့ ပြန်လည်ပေါက်ဖွားလာတဲ့ ပျော်ရွှင်မှုကို အငမ်းမရ လက်ခံ သိမ်းပိုက်နေချိန်မှာ လောဘကဒီလောက်နဲ့ မရပ်နိုင်ဘူး ဖြစ်လာတယ်။
`ဟေ့လူ ဒါနဲ့ဆို အမြည်းတစ်ခုခု လိုဦးမယ်ဗျာ…အရက်ကို သူ့ဂုဏ်နဲ့သူ သင့်တော်အောင် ပေါင်းသင်းတဲ့သဘောပေါ့´
ကျွန်တော်တို့ရဲ့ အသံတွေ ဘယ်လောက် ဆူညံနေမလဲဆိုတာ အဲဒီအချိန်က တော့ ကိုယ့်ကိုယ်ကိုယ် ဘယ်သတိထားမိမလဲဗျာ။ လှိုင်မြင့်က သူ့အမေကို လှမ်းမေးတယ်။
`အမေ ဘာအမြည်း ရှိသေးလဲ´
`နင်တို့ဖာသာ ကြည့်ပါလား ဒယ်အိုးထဲမှာ ကန်စွန်းပလိန်းရှိတယ်´

ဟား ကျွန်တော်ဝန်ခံတယ်ဗျာ။ ကျွန်တော်မှားသွားတယ်။ ခုနက သိုးဆောင်းစကားပုံတစ်ခုကို အထင်ကြီးမိပြီး အဆင်မပြေမှုတွေက တစ်ခုတည်းမလာဘူး ဘာညာ။ ပြောမိတယ်။ အကြိမ်တစ်သိန်း တောင်းပန်တယ်ဗျာ။ အမှန်က လောကကြီးမှာ အလှအပဆိုတာ မြင်တတ်ရင် နေရာတိုင်းမှာ ရှိတယ်ဆိုတာ ကျွန်တော် ယုံပါပြီ လောကကြီးခင်ဗျား။ ကျွန်တော့်ရဲ့ ရွှင်မြူးမှုဟာ သုံးရာ့ခြောက်ဆယ် ဒီဂရီလုံး မြောက်တက်လည်ပတ်သွားတယ်။ လှိုင်မြင့်ကတော့ ကာယကံရှင်ပီပီ ဖြည့်ဆည်းပေးရလို့ ပျော်ရွှင်နေတဲ့ မျက်နှာနဲ့ တဟဲဟဲပေါ့လေ။ ကျွန်တော်က ကျွန်တော့် ပျော်ရွှင်မှုကိုဆက်ပြီး ခြယ်သ မွမ်းမံတဲ့အနေနဲ့ ကဗျာဆရာပီပီ အိပ်နေတဲ့ အဒေါ်ကြီးကို အကျယ်ကြီး လှမ်းပြောမိပါတယ်လေ။
`အမေကြီးရေ့…ဒီနေ့တော့ ကျေးဇူးပဲ တကယ် ကျေးဇူးပဲ..အဖေကြီးကိုရောပေါ့…အဲဒါဗျာ…ကန်စွန်းပလိန်းဆိုတာက အမေကြီးရဲ့ ……….သူ့ချည်းပဲနဲ့ စာရင်တော့ မှိုကလေး ဘာကလေး ထည့် ကြော်ထားရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့…တံခွန်နဲ့…နဲ့….´

အဲဒီအချိန်မှာဗျာ အဒေါ်ကြီးခမြာ သူ့ ရက်လေဘယ်တစ်လုံးကို အဖေကြီးဆီက အဓမ္မချေးငှားပြီး အားမနာလျှာမကျိုး နွားငတ်ရေသောက် သောက်လုံးကြီးနေလို့ အတော့်ကိုအောင့်အီးသည်းခံနေပုံရတဲ့အပြင် အလိုက်အကန်းဆိုးမသိ ပြောလိုက်တဲ့ ကျွန်တော့် စကားကြောင့်…

`အေး…..မှိုကလေးနဲ့ပါ စားချင်သပ ဆိုရင်လည်း ….
တော်တို့ရဲ့ (…)ကိုသာ ဖြတ်ပြီး ထည့် ကြော်စားလိုက်ကြတော့ဟေ့….´
တဲ့ခင်ဗျား….။ ကဲ အကောင်း ကြိုက်ချင်ဦးဟဲ့ ဒီ ပါးစပ်…ငါနော်…။
…………………..
စာကြွင်း။ ။ လှိုင်မြင့်က အဖေကြီးကို နောက်တစ်နေ့မှာ လိမ္မော်ဖြူဘီအီးတစ်လုံး ပြန်လည် အကြွေးဆပ်လိုက်သည်ဟု သိရှိရပါကြောင်း။

18 comments

  • Lucifer

    August 22, 2014 at 3:06 pm

    ကြက်သီးကူထသွားပါကြောင်း… :mrgreen:

  • surmi

    August 22, 2014 at 3:15 pm

    ဟားဟား ကိုကြီးကျော်တော့ ချေးမိပြီမှားဖြစ်သွားပြီ
    လိမ္မော်ဖြူဆိုတော့လေ 🙂

    • marblecommet

      August 22, 2014 at 3:18 pm

      အူးဆာက ကိုကြီးကျော်ဘက်က
      ရှေ့နေလိုက်တာလားဗျာ….ဟင်….

  • ဦးကျောက်ခဲ

    August 22, 2014 at 3:15 pm

    ကွက်ကွက်ကွင်းကွင်း မျက်စေ့ထဲမြင်ယောင်လာအောင် ရေးတတ်ပါပေ့ ကိုရင်ကမ်းရယ်…
    အဟတ်စ်… ခင်ဗျားရဲ့ပို့စ်ကို ဖတ်ပြီး သုရာညနေခင်းတွေကိုလည်း လွမ်းသွားတယ်…
    အဟိ… “ကြက်မြစ်လိုလို ဟိုသင်းလိုလို” ဆိုတာကိုလည်း သွားသတိရမိတယ်ဗျို့…
    :k:

    • marblecommet

      August 22, 2014 at 3:20 pm

      ကျော်တို့ ကိုယ်တွေ့က ဆြာကျောက်စ်ကို ဘယ်မီ ပါ့မလဲဗျာ….
      ဆြာကျောက်စ်ရဲ့ အတွေ့အကြုံများ ….
      နောင်လာနောက်သားများ အလို့ငှာ မဝေငှဘူးဆိုရင်တောင်
      နှစ်ကိုယ်သုံးကိုယ်ကြားလေးများ ကြားချင်မိသားခင်ဗျ…
      ဟိဟိ….

  • marblecommet

    August 22, 2014 at 3:16 pm

    ခိခိ……
    ဝိုင်းကူ ကြက်သိန်း ထပေးတာ ကျေးကျေးပါဗျာ….
    …..
    အသံကြောင့် ဖားသေ……
    ကိုယ့်ပေါင်ကိုယ်လှန်ထောင်း…
    တစ်သက်လုံး အပြောမတတ် အဆိုမတတ်….
    အကြောင်းဒေ….
    နောက်များလည်း ရေးဦးမလားလို့…..ဟင့်…..

  • Mr. MarGa (12512)

    August 22, 2014 at 3:20 pm

    ခွီးးးး
    ဒီစာဖတ်ပြီး
    ကွမ်းဝါးချင်လာတယ်
    တကယ်.. :mrgreen:

  • marblecommet

    August 22, 2014 at 3:22 pm

    သကြားက ကွမ်းသမားလား ဟမ်…….

    • Mr. MarGa (12512)

      August 22, 2014 at 3:26 pm

      ဘယ်ကလာ.. မဟုတ်ရပါဘူးဗျာ
      မနက်က ကွမ်းယာဆိုင်သွားခဲ့ရတာနဲ့ ခီညား စာနဲ့ တွဲမိပြီး အဲလိုအတွေး ပေါ်လာတာဗျ
      🙂

  • kyeemite

    August 22, 2014 at 3:58 pm

    ကိုကမ်းရေ..“ မြွေမြွေချင်း ခြေမြင်တယ်” ဆိုလို့လန့်တောင်သွားတယ်..ငါ့ခြေသူသိနေပါလားဆိုပီး..ခိခိ :k:
    ခီများရေးပြတော့ကွက်ကွက်ကွင်းကွင်း မြင်လာသဗျာ…ကျုပ်လည်းနောက်ပိုင်းဘယ်သူ့အိမ်မှလိုက်မသောက်တော့ဘူး…ခီများလိုဖြစ်မစိုးလို့..ခိခိ…ကိုယ်တွေကလည်း မှည့်ပဟေ့ဆို ကိုယ်ဗော်လယွန်းကိုယ်ထိန်းနိုင်တာမဟုတ်…ဆိုင်မှာပဲကောင်းတယ် :k:

  • ဇီဇီ ခင်ဇော် (15102012)

    August 22, 2014 at 4:01 pm

    ပိုက်လုံးကြီး နား က အရက်ဆိုင်ရော သောက်ဖူးသလားးးး
    ဟိ။
    ကန်စွန်းပလိန်း ကောင်းတယ် ဆိုလို့။

    :mrgreen:

  • sorrow

    August 22, 2014 at 4:01 pm

    အတည်ပြောရရင် ကိုကမ်းကြီးစာတွေဖတ်ပြီးရင် ကျော်စာရေးချင်စိတ်ပျောက်ရပါတယ်… ကွကိုယ် သိမ်ငယ်လွန်းလို့ … လေးစားအားကျရပါကြောင်း

  • ခင် ခ

    August 22, 2014 at 4:17 pm

    ( `အမေကြီးရေ့…ဒီနေ့တော့ ကျေးဇူးပဲ တကယ် ကျေးဇူးပဲ..အဖေကြီးကိုရောပေါ့…အဲဒါဗျာ…ကန်စွန်းပလိန်းဆိုတာက အမေကြီးရဲ့ ……….သူ့ချည်းပဲနဲ့ စာရင်တော့ မှိုကလေး ဘာကလေး ထည့် ကြော်ထားရင်တော့ အတိုင်းထက်အလွန် တံခွန်နဲ့…တံခွန်နဲ့…နဲ့….´)

    ရ လေ လို လေ အို တ စ္ဆေ ဆို သော လူ့ သ ဘာ ဝ လို့ဘဲပြောရမလား အ လိုက် ကန်း ဆိုး မ သိ ဟုဘဲဆိုရလေမလားဗျာ။

  • ဗုံဗုံ

    August 22, 2014 at 4:23 pm

    မမကမ်​းရယ်​ ​ဗေဒင်​မ​ဟောပါနဲ့​တော့
    စာဘဲ​ရေးပါ…

  • မြစာကလေး (23122011)

    August 22, 2014 at 9:39 pm

    အရီး က တစ်ခါတစ်ခါ ထူ လို့ မေးတာနော်။
    အဲဒီနေ့ က မှိုကန်စွန်း ကြော် စားလိုက်ခဲ့လိုက်တယ်လား 🙄
    တစ်ချို့ စားချင်ပြီ ဆို မရမက လုပ်စားတတ်လို့လေ။

    အရီး အသိကလေး ကတော့ ကျောင်းမှာ လဘက်သုတ် စားကြဖို့ ဇလုံ လိုလို့ဆိုပြီး သူ့ဟာသူ အိမ်မှာ ရှိတဲ့ နတ်စင်က နတ်အုန်း နဲ့ ငှက်ပျောသီး တွေ ကို ဘေးချပြီး
    အဲဒါတွေ ထည့်တဲ့ ဇလုံကြီး ကျောင်းကို “မ” သွားတာ။ :-)))

  • alinsett

    August 23, 2014 at 6:36 pm

    ယမကာလုလင်ချင်းထဲကမှ ကျွန်တော်နဲ့ လှိုင်မြင့်က နှစ်လွှာပေါင်းမှ တစ်ရွက်ဖြစ်တဲ့ စွယ်တော်လို၊
    နှစ်ပြားပေါင်းမှ တစ်ရံဖြစ်တဲ့ ခုံဖိနပ်လို၊ နှစ်ချောင်းပူးမှ တစ်ချောင်းမည်တဲ့ အီကြာကွေးလို လို့ပဲ ဆိုပါတော့။….

    ဆိုတဲ့ စကားလုံးလေးတွေနဲ့…..
    ဖတ်ရတာ… အဆင်ပြေလိုက်တာမှဗျာ.. ။

    ဆရာမင်းလူလို အရေးအသားမျိုးလို ့….ထင်မိတယ် ။

  • ဦးကြောင်ကြီး

    August 24, 2014 at 1:13 am

    အချို့ဟာတွေက မှိုနဲ့ တူဝူး.. ငှက်ပျောသီးလိုလို သခွားသီးလိုလို.. နင့်ဟာဂေါ ဘာနဲ့တူလဲ ကကမ်းဝီး..

  • Nyo Win

    August 25, 2014 at 10:32 am

    ကိုယ့်ဘာသာကိုယ် ဟတ်ဘစ်ကျူရယ် ဖြစ်နေတဲ့ အလေ့အထကခင်ဗျားရေးမှ
    ရုပ်လုံးကြွပိုလှလာတယ်…ကိုကြီးကျော်သနားပါတယ်..ကြုံရင်ချေးအုံးမှ .. 😀
    ဟေ့လူကိုကမ်း..ကမ်ဘဲ့ရောက်ရင်လှည့်ဝင်အုံး……..

Leave a Reply