အချစ်မူးတဲ့ည (ဝတ္ထုတို အဖွဲ့)
အချစ်မူးည ကို ကဗျာပုံစံနဲ့ တင်ပြခဲ့ပြီးသားပါ ။ ဒါပေမဲ့ ပေးလာတဲ့ မှတ်ချက်လေး တွေမှာ ကဗျာကို သိပ်မထိမိဘူးထင်လို့ ဝတ္ထုပုံစံ နဲ့ ထိုးဇာတ်ခင်းပြချင်သေးလို့ပါ ။ အဲ့ဒိတော့ ကဗျာရေးသူဟာ ပြန်စဉ်းစားရပါတယ် ။ ဝတ္ထု ပုံစံ အဲ့ ဝတ္ထု တို အဖွဲ့ မှာဘာတွေလိုအပ်မလဲ ဆိုတာ ။ နိဿရည်း ဆရာတွေ အလိုအရတော့ ဝတ္ထုတိုဆိုတာ တစ်ထိုင်ထဲ ဖတ်နိုင်ရမယ် တဲ့ ။ အဲ့ဒါတော့ လက်မခံ နိုင်ပါဘူး ။ ဘာလိုဆို ဝတ္ထုရေးဆရာက အရေးအဖွဲ့ ကောင်းရင် အိုင်ကျင်း နိုင်ရင် စာမျက်နှာလေးငါးရာ ကိုတောင် တစ်ထိုင်ထဲဖတ်ခဲ့ ကြဖူးတာပဲ ။ နောက် အချိန်ကာလ ကတိုတောင်းရမယ်တဲ့ ။ အဲ့ဒါလည်း မဖြစ်နိုင်ဘူးထင်တယ်နော့ ။ ထားပါ ။နောက် ဘာရှိသေးလဲ ။ ဘာတဲ့ ‘ အဖွင့် မှာ ဧည့်ခန်းထဲမှာ ဆိုလား သေနတ် တစ်လက် ချိတ်ဆွဲထားတယ်လို့ ဖော်ပြမိရင် အဲ့သည့်သေနတ် ပစ်ဖောက်ပြီးမှ ဇာတ်လမ်းသိမ်းရမယ်ဆိုလား ‘ အဲ့သဟာက ပိုဆိုးသေးတယ် ။ ကျုပ်တို့ဗမာပြည်မှာက သေနတ်လိုင်စင်ရဖို့လွယ်တာမဟုတ် ဆိုတော့ကာ ဘိုးဘွားအမွေ အမှတ်တစ်ရ ချိတ်ဆွဲထားမ်ိရင် အဲ့သေနတ်က ပစ်လို့ရချင်မှရမှာပေါ့ ။ အပြင်မှာပဲဖြစ်ဖြစ် ရုပ်ရှင်ထဲမှာပဲဖြစ်ဖြစ်ပေါ့ ။ ဧည့်ခန်းမှာ စောင်းကောက်ကို အလှပြထားတာ ။ အိမ်ရှင်က အဲ့ စောင်း တီးတတ်ချင်မှ တီးတတ်မှာပေါ့ …. နော့ ။ နောက် ဘကုန်း ခြောက်လုံး လား အဲ့ အဲ့ဒါနဲ့ ညီအောင် အားထုတ်ကြည့်ပါမယ် ။ ကိုယ်ရေးမဲ့ ဝတ္ထုထဲက အကြောင်းအရာက ဘယ်မှာဖြစ်ခဲ့သလဲ ။ ဘယ်အချိန်ကလဲ ။ ဘယ်သူ တွေပါလဲ ။ စသည်ဖြင့်ပေါ့ဗျာ ။ ဒါပေမဲ့ ထိုးဇာတ်ဖြစ်တဲ့ အတွက် ဖတ်မိတဲ့သူများ ထပ်ဖြည့်တွေးကြဖို့တော့ထားခဲ့ ပါရစေ ။
နေရာက မြန်မာပြည်တွင်းတစ်နေရာ ပေါ့ဗျာ ။ နဲနဲ ထပ်ပေါရရင် မြို့တစ်မြို့နဲ့ အလှမ်းမဝေးတဲ့ အဝေးပြေးလမ်းမကြီးရဲ့ ဘေးက ခိုင်ခန့်မှု အသင့်အတင့်ရှိသေးတဲ့ တစ်ထပ်တိုက်ပုလေးဗျာ ။ အချိန်က ညနေ နေဝင်ကာစ ။ မိုးရာသီ ဖြစ်တဲ့အတွက် မိုးကလဲဖွဲဖွဲလေ ရွာနေပြီး လေက တော့ တစ်ချက်တစ်ချက်နဲနဲကြမ်းချင်တယ် ။ အဲ စောစောက ပြောတဲ့ တိုက်ပုလေးထဲမှာ ကိုမောင်မောင်လေး တစ်ယောက် တစ်ကိုယ်ထဲ ဇက်ရက်မင်းစည်းဇိမ်ခံနေတယ် ။ ဆက်တီ စားပွဲပေါ်မှာ ဂရင်း ရိုင်ရယ် အပြာပတ် ပုလင်းပြားလေးတင်ထားတာ ခုမှနှစ်ပက်စာလောက်ပဲလျော့သေးတယ် ။ ဖန်ခွက်ထဲမှာတော့ ရေရောထားပြီးသောက်လက်စ ။ ဆေးလိပ်ပြာခွက်ထဲမှာလဲ သောက်လက်စ မြန်မာပြည်ထွက်နံမယ်ကျော် ဆေးပေါ့လိပ်တိုက အခန့်သား ။ ကိုမောင်လေးကတော့ အမြည်းဖတ်လေးဝါးရင်း တီဗွီ စကရင်ပေါ်က ပုံရိပ်ကို ငေးကြည့်နေတယ် ။ ( ဒီနေရာမှာ သေချာ ချန်ပစ်ခဲ့တာက ဆေးပေါ့လိပ်နံမယ်နဲ့ စားနေတဲ့ အမြည်းအကြောင်း – ဘာလို့ထားခဲ့ရသလဲဆိုတော့ နေရာဒေ တစ်ခုနဲ့ တစ်ခု နံမယ်ကြီးတဲ့ ဆေးပေါ့လိပ် တံဆိပ်တွေမတူကြဘူး ။ အမြည်းကြတော့လဲ တစ်ယောက်နဲ့ တစ်ယောက် အကြိုက်မတူပြန်ဘူး ။ အဲ့တော့ စာရေးသူက နံမယ်တွေထည့်ရေးလိုက်ရင် စာဖတ်သူကို ဘောင်ခတ်လိုက်သလို ဖြစ်သွားမှာစိုးလို့ပါ ။ နောက် တီဗွီ စကရင်ပေါ်ကပုံရိပ်တွေ ဘာတွေဆိုတာ လွတ်လပ်စွာ တွေးထင်နိုင်အောင် ကွက်လပ်ထားခဲ့ပါတယ် )
အဲ့ နောက် ကိုမောင်မောင်လေးအကြောင်းနဲနဲ ပြောချင်သေးတယ် ။ ဒါမှ ရှေ့ဆက်ဖတ်မိတဲ့ သူတွေတွက် သိပ်စဉ်းစားဖို့မလိုအောင်ပါ ။ သူ့မှာက မိဘတွေမရှိတော့ဘူး ။ တစ်ယောက်ထဲသမား ။ ရှင်းရှင်းပြောရရင် အသက်က လေးဆယ်ကျော် လူပျိုကြီးတော့ မဟုတ်ရှာဘူး ။ သူ့မိဘတွေရှိစဉ်တုန်းက မိန်းကလေး တစ်ယောက်နဲ့ လက်ဆက်ပေးတာခံ ခဲ့ရဖူးတယ် ။ နောက် အကြောင်းမတိုက်ဆိုင်တာနဲ့ ကလေးတစ်ယောက်ရ အပြီးမှာ မျက်ရည်မသုတ်ပဲ လမ်းခွဲခဲ့ကြတယ် ။ ခုဆို ကိုမောင်မောင်လေးရဲ့ သမီးလေးတောင် ဆယ်နှစ်ကျော်ပြီ ။ သားအဖပေမဲ့ အနေဝေးတော့ သမီးက ဖအေကိုသိပ်မခင်တွယ်ဘူး ။ မိဘတွေ မရှိတဲ့နောက် ကိုမောင်မောင်လေး တစ်ယောက် သမီးနဲ့ အတူနေဖို့ ကြိုးစားသေးတယ် ။ မအောင်မြင်ဘူး ။ အဲ့ဒိတော့ သူ့ခမြာ မေတ္တာငတ်နေရှာတယ် ။ သမီးအရွယ်တွေဆိုရင် မေတ္တာ သက်ဝင်ပြီး လိုအပ်တာ ကူညီလေ့ရှိတယ် ။ မေတ္တာ သက်ဝင်တယ်လို့ သုံးထားတာနော် ။ သူ့သမီးနဲ့ အဆင်မပြေတော့ ဖခင်စိတ် နဲ့ သမီးအရွယ်လေးတွေ ကို ကူညီနေရှာတာပါ ။ အဲ့ထိထက်မပိုလောက်ပါဘူး ။ ပိုတယ်ဆိုရင်လည်း သူ့စိတ်ထဲ ဝင်ပူးကြည့်လို့ရတာမှမဟုတ်တာ ။ ဘယ်သိနိုင်မလဲနော့ ။
အရက်လေး တစ်ငုံသောက်လိုက် အမြည်းဖတ်လေးကောက်ဝါးလိုက် တီဗွီ စကရင်ကိုကြည့်လိုက်နဲ့ ဇိမ်ယူနေတုန်းခဏ လမ်းပေါ်က ဆူဆူညံညံ အသံ ကြားတာနဲ့ အိမ်တံခါးအနီး မှာ အသင့်ဆောင်ထားတဲ့ လောက်လေးခွနဲ့ လောက်စာလေးငါးလုံးလောက် ဆွဲပြီး အိမ်အပြင်ထွက်လာခဲ့တယ် ။ ခုမှ သူသတိထားလိုက်မိတာက မိုးက ပိုသည်းလာနေပြီး လေကလည်း တော်တော်ထန်နေတာပဲ ။ ကြားနေရတဲ့အသံတွေက ခါတိုင်းလို ရန်ဖြစ်သံ ခွေးဟောင်သံတွေ မဟုတ်ဘူး ။ မိန်းကလေးတစ်ယောက်ရဲ့ ရန်တွေ့သံတောင်းပန်းသံတွေပါကြားလာရတယ် ။ ဘာတွေရန်တွေ့နေတယ် ။ ဘာကိုတောင်းပန်နေတယ် မိုးသံလေသံနဲ့ မသဲကွဲဘူး ။ ဒါနဲ့ ခြံဝင်းနံရံ ကို လောက်လေးနဲ့ လှမ်းပစ်လိုက်ပြီး
” ဘယ်သူတွေလဲကွ ဒီနားလာဆူနေတာ ! ”
ခပ်ဆတ်ဆတ်မေးလိုက်သံရဲ့ အဆုံး သုံးလေးယောက်လောက် ထွက်ပြေးသွားတဲ့ အသံကြားလိုက်ရတယ် ။ ပြေးသံ ခပ်လှမ်းလှမ်း ရောက်သွားမှ ဆဲဆိုသံနဲ့ အတူ ခဲ တစ်လုံး ဝင်းနံရံကိုလာမှန်တယ် ။ ဘယ်ရမလဲ ? ကိုမောင်မောင်လေးပဲ ။ ခဲလာတဲ့ ဖက်ကို လောက်လေးနဲ့ လှမ်းပစ်လိုက်ပြီး ဝင်းတံခါးပေါက်နားက ပြန်အလှည့်
” ဟို ဦးလေးကြီး အဲ့ အကိုကြီး ညီမကို ကူညီပါ ”
ဟိုက်ရော ။ စောစောက အကုန်ထွက်သွားတယ် ထင်နေတာ ဒီမှာ တစ်ယောက်ကျန်နေသေးပါရော ။ ဒါနဲ့ ကိုမောင်မောင်လေးက ခြံတံခါးနား အသာကပ်သွားပြီး
” ဘာကူညီရမှာလဲ မိန်းကလေး စောစော အဖွဲ့နဲ့ မင်းနဲ့ ပြဿနာဖြစ်နေတာလား ”
” ဟုတ် ……. ဟို ညီမကို ဒီမှာ တစ်ညလောက် နားခွင့်တောင်းချင်လို့ပါ ။ မိုးတွေလေတွေနဲ့ ဒီည မြို့ထဲပြန်ရင်လဲ ခုနက လူတွေနဲ့ ပြန်တွေ့နေမှာစိုးတယ် ။ တစ်ခြားသွားဖို့လဲ ကားရဖို့မသေချာဘူး ။ ခုတောင် တစ်ကိုယ်လုံ မိုးမိပြီး ချမ်းနေပီ ”
လမ်းမီးတိုင် အလင်းအောက်မှာ မိန်းကလေး တစ်ယောက် ရပ်နေတာတွေ့လိုက်ရပြီး အိတ်တစ်လုံးကို ဘေးမှာချထားတယ် ။ သေသေချာချာသဲသဲကွဲကွဲ မမြင်ရပေမဲ့ ဒီမြို့ထဲက မိန်းကလေးတစ်ယောက်ဖြစ်ပုံမရဘူး ။ ဒါပေမဲ့
” မဖြစ်ဘူး ထင်တယ် မိန်းကလေးရဲ့ ။ အိမ်ထဲမှာ ငါတစ်ယောက်ထဲ ရှိတာ ။ ပြီးတော့ အခု ငါ အရက်သောက်ထားသေးတယ် ။ ”
ဟုတ်တယ်လေ ။ ဘယ်ကရောက်လာတဲ့ သူမှန်းမသိဘဲနဲ့ ခြံတံခါးအရမ်းဖွင့်မပေးပါဘူး ။ ကြောက်လို့တော့မဟုတ်ဘူး ။ လက်ရှိ မြန်မာနိုင်ငံရဲ့ ဥပဒေ အရ အရက်သောက်ထားတဲ့ အချိန် မိန်းကလေးတွေနဲ့ ရှောင်နိုင်ရင်အကောင်းဆုံးမဟုတ်လား ။ ပြီးတော့ သူပြောလိုက်တဲ့ စကားမှာလဲ အမှန်တွေချည့်ပဲ ။ ဒါပေမဲ့ ရွာကျနေတဲ့ မိုးရေ အောက်မှာ သောက်ထားတဲ့ အရက်ဓာတ်ပျောက်ပြီး သူကိုယ်တိုင်တောင် နဲနဲချမ်းစိမ့်စိမ့်ဖြစ်လာပီ ။ သာမာန်နေတဲ့ မိန်းကလေးတစ်ယောက်အတွက် ဘယ်လောက် ချမ်းရှာမလဲ ။ ကိုယ်ချင်းစာပါတယ် ။ ဒါပေမဲ့ မမူးသေးတဲ့ အရက်သမားတစ်ယောက်ရဲ့ ဆင်ခြင်တုံ့တရား သူမှာအပြည့်ရှိသေးတယ် ။ ဒါကြောင့် ငြင်းလိုက်တယ် ။ သူ့မှာ ငြင်းနိုင်တဲ့ အခွင့်အရေးလည်းရှိတယ် ။ ဒါပေမဲ့
ငြင်းလိုက်မိတာ မှားသွားလား ။ လူသားချင်းမစာနာရာရောက်သွားမလား ။ အတွေးတွေက ယောက်ယက်ခတ်သွားတယ် ။
့စောစောက ပစ်လားခတ်လားနဲ့ ဇောရှိနေလို့ သွေးပူနေပေမဲ့ ခုတော့မိုးနဲ့လေနဲ့ ကြားထဲ နေရထိုင်ရအဆင်မပြေချင်ဘူး ။ သိတယ်မဟုတ်လား ။ ကိုမောင်မောင်လေး အသက်က လေးဆယ်ကျော်လာပြီလေ ။ ခြံဝင်းအပြင်မှာ ရပ်နေတဲ့ ကောင်မလေးကတော့ တော်တော်ငယ်ဦးမယ်နဲ့တူရဲ့ ။ သဲသဲကွဲကွဲ မမြင်ရတော့ အသက်ကို ခန့်မှန်းဖို့မလွယ်ဘူး ဆိုပေမဲ့ အသံနေအသံထား အရတော့ အသက်သုံးဆယ်ပြည့်ဖို့ တော်တော်လိုဦးမှာပဲလို့ ကိုမောင်မောင်လေး တွေးလိုက်တယ် ။
” ကဲပါ အကိုကြီးရယ် ….. ဒီတစ်ညတော့ နားပါရစေ ။ တစ်ညလုံး မဟုတ်ရင် မိုးတိတ်သွားတဲ့အချိန် ပြန်သွားဆိုလဲ ပြန်ပါ့မယ် ။ ဒီမှာမိုးစက်တွေကြားထဲ တော်တော်အေးနေပြီနော် ။ ဒီခြံရှေ့ ညီမ သေသွားရင် အကိုကြီးရှင်းရမှာနော် ။ ဆိုင်ဆိုင်မဆိုင်ဆိုင် သက်ဆိုင်ရာကတော့ခေါ်မေးမှာသိလား ”
ကောင်မလေးက သူမရဲ့ နောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်တယ် ။ ဟုတ်တယ် ကိုယ့်ခြံဝင်းနဲ့ အနီးတစ်ဝိုက်လူသေမှု ဖြစ်ရင် အနဲဆုံး ခေါ်အမေးခံရမှာအသေအချာပဲ ။ ဥပဒေ က ဒီလို ရှိတာကိုး …… ။ ဒါပေမဲ့ ကိုမောင်မောင်လေး ကြက်သီးထ သွားတာက သူ့ကို အမေးခံရမှာကိုမဟုတ်ဘူး ။ သူ့ခြံရှေ့မှာ သေသွားရင် ဆိုတဲ့ စကား ခင်ဗျား တို့အလိုအတိုင်းပြောရရင်တော့ ‘ဟတ်ထိ’ သွားတယ်ပေါ့ ။ သနားလည်း သနားသွားတယ် ။ ဒါကြောင့် နောက်ဟာ နောက်ရှင်းဆိုပြီ း ခါးကြားက သော့ကိုယူပြီး သော့ဖွင့်ပေးလိုက်တော့တယ် ။
နောက်ဒုတိယပိုင်း ဆက်လက်ရှုစားပါ ပေါ့ဗျာ ။ ဇာတ်သိမ်းမလား မသိမ်းသေးဘူးလားတော့ အာမ မခံနိုင်ဘူးနော် ။
နေဝန်းနီ
9 comments
htet way
September 18, 2014 at 7:50 pm
စိတ်ဝင်စားလာပြီကဗျာဆရာ။ဆက်ရေးလေဗျာ
” မဖြစ်ဘူး ထင်တယ် မိန်းကလေးရဲ့ ။ အိမ်ထဲမှာ ငါတစ်ယောက်ထဲ ရှိတာ ။ ပြီးတော့ အခု ငါ အရက်သောက်ထားသေးတယ် ။ ”
” ကဲပါ အကိုကြီးရယ် ….. ဒီတစ်ညတော့ နားပါရစေ ။ တစ်ညလုံး မဟုတ်ရင် မိုးတိတ်သွားတဲ့အချိန် ပြန်သွားဆိုလဲ ပြန်ပါ့မယ် ။ ဒီမှာမိုးစက်တွေကြားထဲ တော်တော်အေးနေပြီနော် ။
ကိုယ့်ဆရာ …..ဇာတ်ရှိန်ကမြှင့်နေပြီ။
ကိုပေါက်(မန္တလေး)
September 18, 2014 at 10:54 pm
ကိုေ နကြီး ကျုပ် သိနေတယ်နော်
ဇီဇီ
September 19, 2014 at 7:37 am
ဟဲ့။
ဘယ်နဲ့။
ဆြာနီ ဟို ဂရုထဲ မလာဘူးမှတ်တာ ဒီမှာ ကယ်တင်ရှင်ဖစ်နေတာလား??
ဟေးဟေးးး
:s:
pooch
September 19, 2014 at 9:31 am
အယ် အဘနီ
အချစ်မှာ စောတယ် နောက်ကျတယ် ကြီး
တယ် ငယ်တယ် မိုးရွာတယ် နေပူတယ် မရှိပါဘူး
မတော်တဆနဲ့ မျက်စိလည်လမ်းမှား တိုက်တိုက်ဆိုင်ဆိုင် ဆိုက်ဆိုက်မြိုက်မြိုက်ကို တွေ့တတ်ပါတယ်
ဇာတ်သိမ်းလှပါစေလို့ :mrgreenn:
manawphyulay
September 19, 2014 at 10:45 am
မိုးစဲသွားရင် အကိုကြီးအိမ်က ရှိတာလေးတွေ ပြောင်သွားပြီသာမှတ်….
hmee
September 19, 2014 at 11:03 am
ဇာတ်လမ်းထွင်ပြီး ဘတ်သွားရင် ကုန်တော့မှာပဲ။ 🙂
kyeemite
September 19, 2014 at 3:16 pm
.ဂီတာတစ်လက်
.အရက်ကတစ်စည်
.မိန်မလှလေးကတစ်ယောက်
.ဗမာရုပ်ရှင်တွေထဲပါနေကျဇတ်လမ်းမျိုးလေးပဲ :))
မြစပဲရိုး
September 20, 2014 at 3:41 am
ပိတ်သတ်ကြီး ထင်တာ အင်မတန် ရိုးစင်းကြောင်း ကို
မထင်တာတွေ ရေးပြီး ဇာတ်သိမ်းပြလိုက် စမ်းပါ အဘနီ ရာ။
ဥမပါ-
တစ်ည တည်း ခ သိန်းတစ်ရာ တန် ချက်လက်မှတ်ကြီးဘဲ ရေးပေးသွားသွား
စိန်ထုတ် ကြီး ဘဲ ချန်ပေး သွားသွား။
lol:-))))))))
Mr. MarGa
September 23, 2014 at 5:24 pm
အပေါ်မှာ ရှိသမျှ ဇာတ်သိမ်းပုံ အကုန်နီးပါး စုံပြီ
အဲ့တော့ အဘနီ ဘယ်လိုသိမ်းမလဲ