“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၁၈” (လုပ်ခွင်စည်းကမ်း နည်းလမ်းကျနသေချာ……………………..)

“ဖြတ်သန်းခဲ့သော ပလက်ဖောင်းများ ၁၈”

(လုပ်ခွင်စည်းကမ်း နည်းလမ်းကျနသေချာ……………………..)

ကျနော်တို့ လှိုင်းတေးသံသွင်း မှာ

ဆရာနှစ်ယောက်ရှိတဲ့အနက် ဆရာကြီးက ဝန်ထမ်း ထိန်းသိမ်းရေးကိုတာဝန်ယူပြီး

ဆရာကိုလှမောင်ကတော့ စက်ပိုင်းဆိုင်ရာတာဝန်ယူပါတယ်။

စက်ပျက်တာ ပြုတာကို ကိုလှမောင်ကလုပ်ပါတယ်။

အဲတော့ ကျနော်တို့က ဆရာကြီးနဲ့ဘဲအမြဲထိတွေ့နေရပါတယ်။

လူသစ်တစ်ယောက် ရောက်လာတယ်ဆိုရင် ဆရာကြီးက အလုပ်စည်းကမ်းတွေကို

သင်ပြပေးပါတော့တယ်။

 

ပထမဦးဆုံးသောသင်္ခန်းစာက မနက်(၈)နာရီ အလုပ်ရောက်အောင်လာမယ်။

စောလဲမလာနဲ့နောက်ကျလဲ မလာနဲ့။

နေ့လည်၁၂နာရီထိုးရင် ထမင်းစားပြန်လို့ရမယ်။

နေ့လည် တစ်နာရီထိုးရောက်အောင်ပြန်လာပါ။

ညနေ ၅နာရီထိုးရင်ပြန်လို့ရမယ်။

 

ဒုတိယ သင်္ခန်းစာက ဆေးလိပ်မသောက်ပါနဲ့။

မသောက်နဲ့ဆိုတာ ဆိုင်ထဲလဲမသောက်ရ။

အပြင်မှာလဲမသောက်ရ။

 

တတိယသင်္ခန်းစာက

အလုပ်လုပ်သူအချင်းချင်း ရန်မဖြစ်ရ။

စကားမများရ။

မိုက်မိုက်ရိုင်းရိုင်းဆဲဆိုမပြောရ။

အကျိုးမဲ့မငြင်းခုံရ။

 

အရေးအကြီးဆုံးသင်္ခန်းစာ ကနောက်ဆုံးမှပြောပါတယ်။

တကိုယ်ရေသန့်ရှင်းမူ့ ကို ဂရုစိုက်ပါ။

အဝတ်အစားကို သန့်ရှင်းသပ်ရပ်စွာဝတ်ပါ။

အဘိုးတန် မဟုတ်။

 

အိမ်သာတက်တဲ့အခါ

ရှူးရူးပေါက်ရင် ရေ (၃) ခွက်လောင်းပါ။

အီးအီးပါလျင် မိမိ အညစ်အကြေးကို မိမိ ရှင်းခဲ့ပါ။

ဆိုတဲ့ အခြေခံစည်းကမ်းတွေ စတင်ပြီး သင်ပေးပါတော့တယ်။

 

ကျနော်တို့အလုပ်ကိုရောက်တဲ့အခါ အလုပ်တက်မှတ်တမ်း စာအုပ်မှာလက်မှတ်ထိုးရပါတယ်။

မနက်(၈)နာရီမထိုးခင် ၅မိနစ် ၁ဝမိနစ်ပါတ်ဝန်းကျင်လောက်မှာ ဆိုင်တံခါးဖွင့်ပါတယ်။

(၈)နာရီထိုးတာနဲ့တစ်ပြိုင်နက် စာအုပ်ကို မင်နီတားလိုက်ပါတယ်။

တစ်ခါတစ်ရံနောက်ကျ ရင် တော့ဘာမှ မပြောပါဘူး။

တစ်ပါတ်အတွင်းမှာ သုံးရက်ထက်ပိုနောက်ကျရင်တော့

ဆရာကြီး က သီးသန့်ခေါ်ဆွေးနွေးပါတယ်။

ကျနော်တို့က ဆင်ခြေမပေးနိုင်အောင်သူကအရင်မေးတာပါ။

“အိပ်ယာထ နောက်ကျလို့လား”

“လမ်းမှာစက်ဘီးပေါက်နေလို့လား ပျက်နေလို့လား”

“သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်တာကြာသွားလို့လား”

“နာရီပျက်နေလို့လား နာရီကနောက်ကျနေလို့ လား  “

လု့ိတစ်ခုခြင်းပြောပြီးရင်

“ မနက် ၈ နာရီ အရောက်အလုပ်လာရတာ သိပ်ခက်ခဲနေလား” ဆိုတဲ့မေးခွန်းတွေ

ကိုဆက်တိုက်မေးပါတော့တယ်။

အဲတော့ မညာ ရဲဘဲ ဘာကြောင့် နောက်ကျတယ်ဆိုတာကို အမှန်အတိုင်းဝန်ခံရပါတော့တယ်။

ဆရာကြီးနဲ့တွေ့ရမှာကြောက်တော့ အလုပ် ကို ဂရုတစိုက်အချိန်မှန်အောင်လာတဲ့အလေ့အကျင့်

က အလိုလို ရ သွားပါတယ်။

ဆရာကြီးဆီမှာနေရင်းနဲ့  အချိန်ကို အလေးအနက်ထားတဲ့အကျင့်ကိုရသွားပါတယ်။

နာရီဝက်လောက်စောပြီးအလုပ်ကို ရောက်လာရင် လဲ မလာခဲ့နဲ့လို့ပြောပါတယ်။

“မင်းတို့စောရောက်လာရင်လဲ ငါ့ အချိန်ထဲက

မင်းတို့ကိုပေးလိုက်ရ တာ” လို့ပြောတတ်ပါတယ်။

“မင်းတို့ဆီကအချိန်ကို ပိုမလိုချင်သလို ငါ့ အချိန်ထဲက မင်းတို့ယူသွားတာလဲမဖြစ်စေချင်ဘူး  “လို့

ပြောပါတယ်။

ဆရာကြီးရဲ့ သီအိုရီကတော့ မပိုကြေး မလိုကြေးပါဘဲ။

 

နောက်ဆရာကြီးကဆေးလိပ်သောက်တာလုံးဝမကြိုက်။

အကျိုးမဲ့သောအလုပ်လို့သတ်မှတ်ထားပါတယ်။

“ပိုက်ဆံကုန် အလုပ်ရှုပ် ကျန်းမာရေးထိခိုက် တစ်ခုမှကောင်းတာမရှိ”

လို့အမြဲပြောလေ့ရှိပါတယ်။

ဆေးလိပ်သောက်တာက ကိုယ်တစ်ယောက်ထဲတင်မဟုတ်ဘဲ

ပါတ်ဝန်းကျင်က လူတွေကို ပါ ဒုက္ခပေးတဲ့အလုပ် ဆိုပြီး အမြဲပြောပါတယ်။

အဲတော့ ဆေးလိပ်သောက်ရင် မသောက်ဘို့အမြဲဆုံးမပါတယ်။

ဆရာကြီးဆီ ရောက်စကတော့ ကျနော်ဆေးလိပ်မသောက်ပါဘူး။

နောက်တော့ သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင်း

နေ့လည်ထမင်းစားပြီးချိန်မှာ တစ်လိပ် စသောက်ဖြစ်လာပါတယ်။

ဆေးလိပ်သောက်ပြီးရင် ဗလရှင်ဆေးပြားလေးငုံထားတော့

အနံ့မထွက်တော့ ဆေးလိပ်သောက်မှန်းမသိသာပါဘူး။

နောက်ကြာမှ သိလာတဲ့ အချက်က ဆေးလိပ်ဆိုတာ

လျော့ သွားတယ်မရှိ တစ်နေ့ ထက်တစ်နေ့

တိုး တိုး ပြီး သောက်ချင်လာတတ်တဲ့ အမျုးိအစားထဲမှာပါတယ်ဆိုတာကိုပါ။

 

နောက်တစ်ချက် လက်ဖက်ရည်ဆိုင်ထိုင်တာလဲမကြိုက်ပါ။

အလုပ်မရှိအကိုင်မရှိအားနေသောသူများ လုပ်လေ့ရှိသောအလုပ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာ ကျနော်က ဆေးလိပ်မသောက်။

လက်ဖက်ရည်ဆိုင်တော့အမြဲထိုင်ပါတယ်။

ဆရာကြီးကတစ်ကိုယ်တော် နေတတ်သူ။

ကျနော်တို့က အပေါင်းအသင်းများနဲ့လက်ဖက်ရည်ဆိုင်ထိုင်

ရောက်တတ်ရာရာပြော လို့ အချိန်များကိုကုန်လွန်စေသူ။

အတွေးအမြင်တွေမတူကြ။

ဒါပေမယ့်ဆရာကြီးကလက်ဖက်ရည်ဆိုင်ထိုင်တာကို

မကြိုက်လို့ပြောပေမယ့် အတင်းအကျပ်တားမြစ်တာတော့မရှိ။

ဆေးလိပ်သောက်တာကိုတော့တင်းတင်းကျပ်ကျပ်တားမြစ်ပါတယ်။

နေ့လည်အလုပ်ပြန်ဝင်တဲ့အခါမျိုးမှာ ဆေးလိပ်သောက်တတ်သူများကို

စစ်ဆေးလေ့ရှိပါတယ်။

ပါးစပ်ဟ ပြီး “ဟား “ဆိုပြီးလုပ်ခို်င်းပါတယ်။

ဆေးလိပ်နံ့ရတယ်လို့ထင်ရင် ပါးစပ်ကို သေချာဆေးခိုင်းပါတယ်။

ဆူလဲဆူပါတယ်။

အဲတော့ နေ့လည်အလုပ်ပြန်ဝင်ချိန် ဆေးလိပ်များသောက်ထားရင်

ပါးစပ်ကိုသန့်ရှင်းပြီးမှ ဆိုင်ကိုလာပါတယ်။

ဆေးလိပ်မကြိုက်သလို ကွမ်းစားတာဆို ပိုတောင်မှ အပြောခံရပါတယ်။

အရည်မရ အဖတ်မရ ပါးစပ်ညစ်ပတ်တယ်ပြောပါတယ်။

နောက်ဆေးလိပ်သောက်တဲ့သူ အိမ်သာတက်ရင် အနံ့ဆိုးတွေ

အမြဲကျန်တတ်တော့ ရေ ပိုလောင်းရမယ်လို့ ဆိုပါတယ်။

လူသစ်တစ်ယောက် အိမ်သာတက်ပြီးရင်ဆရာကြီးက လိုက်စစ်ဆေးတတ်ပါတယ်။

လက်ကိုင်ပုဝါကို နှာခေါင်းမှာစီးပြီး အိမ်သာထဲဝင်ကြည့်တာပါ။

မသန့်ရှင်းဘူးထင်ရင် ပြန်ခေါ်ပြီးသန့်ရှင်းခို်င်းပါတယ်။

 

နောက်ပြီး ကျနော်တို့ကို သင်ပေးတာ တစ်ခုရှိပါသေးတယ်။

ကိုယ့်ရှေ့ကလူက အိမ်သာတက်ပြိး သန့်ရှင်းအောင်လုပ်မသွားရင်

ကိုယ်က သန့်ရှင်းအောင်လုပ်ပေးလိုက်ပါ။

တစ်ချို့ က ရှေ့ ကလူ ကရေလောင်းမသွားရင်နောက်ကလူကပါ မလောင်းတော့ဘူး။

အဲလို အမှားခြင်း အညံ့ခြင်းမပြိုင်ပါနဲ့။

အဲလိုမှာတော့ ဘယ်မှာဘဲအိမ်သာတက်တက် သန့်ရှင်းအောင်

လုပ်ပေးတတတ်တဲ့ အကျင့်လေးရသွားပါတယ်။

အဲဒီမှာနေစဉ်ကာလကတော့ ဆရာကြီး အကဲပိုလွန်းတယ် ထင်မိပါတယ်။

ဒါပေမယ့် ခရီးသွားတဲ့အခါ တို့

စားသောက်ဆိုင်မှာ တို့

လူအများကြီးနဲ့ရုံးတစ်ရုံးထဲမှာ တို့ အလုပ်လုပ်ရတဲ့အခါတို့မှာ

ကိုယ့်တာဝန်ကိုယ်မယူတဲ့ သူတွေနဲ့ ကြုံရတဲ့ အခါ

ညစ်ပတ်နံစော်နေတဲ့ အိမ်သာတွေ ကို တွေ့ တိုင်း

ဆရာကြီး ဆုံးမစဉ်က  အကဲပိုလွန်းတယ်လို့ ထင်မိတာကို

နောင်တရ မိပါတယ်။

ဒါပေမယ့် ဆရာ ကြီး မွေးမြုပေးခဲ့ တဲ့ အကျင့်ကောင်းလေးတစ်ခုကတော့

အခုချိန်ထိ ကျနော်ရ ခဲ့ ပါတယ်။

ဘယ်နေရာရောက်ရောက် ကိုယ်အသုံးပြုတဲ့ အိမ်သာမသန့်ရှင်းရင်

သန့်ရှင်းအောင်ရေလောင်းပေးတဲ့ အကျင့် လေးပါဘဲ။

ဒီလိုလုပ်ပေးတာ က ကုသိုလ်ရဘို့ ဘာဘို့ မျှော်လင့်ချက်တွေကြောင့်မဟုတ်ပါဘူး။

နောက်လာမယ့် လူကို ကိုယ့် လို မခံစားရစေချင်လို့ပါဘဲ။

 

နောက်ဆရာတို့နဲ့ နေစဉ်ကာလမှာ ဆရာတို့ ပါးစပ်က ရို်င်းရိုင်းစိုင်းစိုင်းပြောတာ

တစ်ခါမှ မကြားဘူးခဲ့။

အမြဲတမ်းယဉ်ယဉ်ကျေးကျေး သိမ်သိမ်မွေ့မွေ့။

အဲဒီမှာကျနော်အတော်လေးဒုက္ခရောက်ပါတော့တယ်။

မီးခြစ်စက်မှာနေစဉ်ကာလ ကအလုပ်သမားတွေတဲ့

ဆဲဆိုပြီးပြောတာက ယဉ်ကျေးမူ့တစ်ခုလိုဖြစ်နေပေမယ့်

ဒီပညာတတ်အသိုင်းအဝိုင်းမှာတော့ ရိုင်းစိုင်းတယ်လို့မြင်ကြပါတယ်။

အဆဲလေးနဲ့ပြောတတ်တဲ့ အကျင့်ကို မနည်းပြင်ယူရပါတယ်။

 

နောက်ဆရာကြီးက အကြောင်းအရာတစ်ခု ကို ငြင်းပယ်တဲ့အခါမှာ

ခို်င်လုံတဲ့အကြောင်းပြချက်နဲ့ ငြင်းပယ်မှ လက်ခံပါတယ်။

ကိစ္စတစ်ခုကိုပြောတဲ့အခါမှာ ငါ့စကားနွားရ ငြင်းပယ်တာကို မနှစ်သက်။

အဲတော့ ကျနော်တို့ အခြင်းခြင်း အကြောင်းမဲ့ ငြင်းခုန်တာကို လက်မခံ။

မင်္ဂလာတရားတော်နဲ့ မညီဘူးလို့ဆိုပါတယ်။

 

ဆရာကြီးက ဆရာတော်ဦးဝိစိတ္တကိုကြည်ညိုသလို ဆရာတော်ကြီးဟောကြားခဲ့တဲ့

ဆဌကသုတ္တံ ကို အမြဲ ညွှန်းလေ့ရှိပါတယ်။

ဆရာကြီးအမြဲပြောလေ့ရှိတာက သူ ဗုဒ္ဓဘာသာ ကို မိရိုးဖလာအရ ကိုုးကွယ်တာမဟုတ်ဘဲ

အရှင်ဂေါတမဗုဒ္ဓရဲ့ တရားတွေကို လက်ခံယုံကြည်လို့ သာ  ဗုဒ္ဓဘာသာကို ကိုးကွယ်တယ်လို့

အမြဲပြောပါတယ်။

ဆရာကြီးအကြိုက်ဆုံးကတော့ ဗုဒ္ဓဘာသာမှာ ကန့်သတ်ပိတ်ပင်မူ့ အနည်းဆုံးဖြစ်လို့ပါတယ်။

ကန့်သတ်ပိတ်ပင်တာနဲ့ချုပ်ချယ်တာ မတူဘူးလို့လဲပြောပြပါတယ်။

ကန့်သတ်ပိတ်ပင်တယ်ဆိုတာ ဟိုမေးခွန်းမမေးရ ဒီမေးခွန်းမမေးရ ဆိုတာမျိုးပါ။

ဗုဒ္ဓဘုရားကတော့ “ဇာတိ (အသက်) ၏ အစကိုသော်၄င်း အဆုံးကိုသော်၎င်း မမေးပါနှင့်

အချှီးအနှီးတည်း” လို့ဆိုတဲ့မေးခွန်းကလွဲရင်ကျန်တာ ကြိုက်သလိုမေး

ကိုယ် ယုံခြင်မှယုံ ကိုယ့်ဆင်ခြင်ဉာဏ်နဲ့ ကိုယ်စဉ်းစားလို့ ဆို တာကို သိပ်သဘောကျပါသတဲ့.။

ဒါကြောင့်လဲဗုဒ္ဓဘာသာဝင်အဖြစ်နဲ့နေတာလို့ဆိုပါတယ်။

ဆရာတော်ဦးဝိစိတ္တပြန်လည်မိန့်ဆိုခဲ့တဲ့ အတိုင်း

“ ဆင်ခြင်မှ သိတယ် “ဆိုတဲ့ ဘုရားဟောအတိုင်းကျင့်ကြံနေထိုင်သူဖြစ်ပါတယ်။

ဆရာကြီးနဲ့အနေကြာလာတော့ ကျနော်စိတ်ထဲမှာ ဘာသာတရားနဲ့ပါတ်သက်ရင်

ပကတိအတိုင်းမြင်နိုင်အောင်ကြိုးစားလာပါတယ်။

သာသနာတော်အကျိုးကို တကယ် သယ်ပိုးထမ်းရွက်နေတဲ့ဆရာတော်တွေဆိုရင်

စိတ်ထဲက လေးစားမိသလောက် သင်္ကန်းဝတ်ရုံဝတ်ထားပြီးအကျင့်သီလမရှိသူတွေ

ကိုတော့ မကြည်ညို မကိုးကွယ်ပါ။

ဒါပေမယ့်  ကိုယ်ယုံကြည်တာ ကို ကိုယ်စိတ်ထဲမှာထားပြီး အခြားသူရဲ့ ယုံကြည်မူ့ကိုတော့

မဖျက်ဆီး  မကန့်ကွက်ပါ၊

လူဆိုတာကိုယ့် အတွေး ကိုယ့် ယုံကြည်ချက်နဲ့ကိုယ် ရှင်သန်နေထိုင်ကြတယ်လို့ခံယူထားလို့ပါ၊။

 

ဆရာကြီး က ဆိုင်ကဝန်ထမ်းအချင်းချင်း ငြင်းကြခုံကြတာကိုလက်မခံ။

တစ်ယောက်နဲ့တစ်ယောက်ငြင်းခုံနေလို့ အမှန်တရားဆိုတာဖြစ်မလာ။

ငြင်းရင်းခုန်ရင်းနေ တစ်ယောက်နဲ့တစ်ယောက်မသင့်တင့်ရင်

တစ်ယောက်နဲ့တစ်ယောက်တွက်ကပ်တဲ့အတွက်

လုပ်ငန်းကို မသိ မသာ ထိခိုက်စေတယ်လို့ဆိုပါတယ်။

 

ကျနော်လှိုင်းတေးသံသွင်းမှာအလုပ်လုပ်ခဲ့မိတာကျနော့်ရဲ့နောင်အနာဂါတ်အတွက်

လေ့ကျင့်သင်ကြားပေးတဲ့ကျောင်းတစ်ကျောင်းကိုတက်ခဲ့ရတယ်လို့

နောက်မှာ သိလာပါတယ်။

စည်းနဲ့ကမ်းနဲ့နေတတ်လာတယ်။

အတွေးအခေါ်တွေပွင့်လာတယ်။

ဗဟုသုတတွေတိုးလာတယ်။

အမှန်အတိုင်းဝန်ခံရရင်တော့ အဲဒီအချိန်ကာလကအင်မတန်စိတ်ညစ်ခဲ့ပါတယ်။

အချုပ်အနှောင်နဲ့နေ ရတယ် မလွတ်လပ်လို့ တွေးမိပါတယ်၊

နောင် အခြားအလုပ်တွေကိုကျနော်ပြောင်းလုပ်တဲ့အခါ

လူပေါင်းများစွာနဲ့လက်တွဲပြီးလုပ်ခဲ့ရတဲ့အခါမှာ

တစ်ဦးတစ်ယောက်ခြင်းစီ က စည်းကမ်းထိန်းသိမ်းမူ့မရှိတဲ့အခါ

တစ်ဦးတစ်ယောက်ခြင်းဆီက ဆင်ခြင်မူ့မရှိတဲ့အခါမှာ

လုပ်ငန်းတစ်ခုမှာမလိုလားအပ်တဲ့အနှောင့်အယှက်တွေ

ဖြစ်လာတာကို တွေ့လာရပါတယ်။

ဝန်ထမ်း ၃၀-၄ဝ ကျော်ရှိတဲ့ဌာနတစ်ခုမှာ

အလုပ်တက်ချိန်နောက်ကျလို့ အလုပ်ဖင့်နှေးတာတွေ

အိမ်သာသုံးပြီး ကိုယ့်ကိစ္စ ကိုယ်မရှင်းခဲ့တော့ နံစော်ညစ်ပတ်နေတာတွေ

အလုပ်ခွင်ထဲမှာ ဘာ မဟုတ်တဲ့ကိစ္စနဲ့ငြင်းကြ ခုန်ကြပြီး ရန်တွေဖြစ်စကားပြောအဆင်မပြေတော့

လုပ်ငန်းကိစ္စတွေမှာအစေးမကပ်ဘဲပညာပြကြတာတွေ

(ဥပမာ မန်ယူ ကြိုက်တဲ့သူနဲ့ အာကြီးကြိုက်တဲ့သူ မတည့်တာ

ချဲလ်ဆီးကြိုက်တဲ့ကောင်နဲ့လီဗာပူးမကြိုက်တဲ့ကောင်မတည့်တာ)

ကိုမြင်လာတဲ့အခါမှာ

ဆရာကြီးဘာကြောင့်ဒီလိုစည်းကမ်းတွေချခဲ့လဲဆိုတာကို

တဖြည်းဖြည်းသိလာပါတယ်။

ကျနော်ကိုယ်တိုင်လဲ အလိုလိုစည်းကမ်းရှိတဲ့ဝန်ထမ်းတစ်ယောက်ဖြစ်မှန်းမသိဖြစ်နေတယ်ဆိုတာ

နောင် အခြားအလုပ်တွေကိုပြောင်းလဲလုပ်ကိုင်တဲ့အခါမှသာသိလာပါတယ်။

ဒီမှာအလုပ်လုပ်ရင်းမှသာ အစိုးရအလုပ်နဲ့ပုဂ္ဂလိက အလုပ်

ဝင်ငွေဘာကြောင့် ကွာခြားနေတယ်ဆိုတာကိုလဲသိလာပါတော့တယ်။

 

 

ဆက်လက်ဖော်ပြပါမည်

 

ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး

25-9-2014

 

 

 

 

8 comments

  • Mr. MarGa

    October 2, 2014 at 11:03 am

    စည်းကမ်း ဆိုတာကို
    လိုက်နာဖို့ တင် မဟုတ်ဘဲနဲ့
    ဘာကြောင့် ဆိုတဲ့ အကြောင်းရင်း ကိုပါ နားလည်အောင် လုပ်ပေးလိုက်တဲ့သူပါလား…

  • မှန်တယ် ဃဃ ရေ

    မြန်မာပြည်မှာတော့ ဆောင်ပုဒ်တွေ အိမ်အနှံ့ နေရာအနှံ့ကပ်ထားတာမြင်နေရ တယ်

    လက်တွေ့ ကျင့် သုံးသူ မရှီ

  • kyeemite

    October 2, 2014 at 3:48 pm

    .ဒီပလက်ဖောင်းကတော့ “စည်းကမ်းပလက်ဖောင်း” ပေါ့
    .သွန်သင်မှုကိုတော်တော်သဘောကျမိတယ်ဗျာ
    .ကျုပ်အဖို့ ဘဝမှာစည်းကမ်းနဲ့ပါတ်သက်တဲ့ အဓိက ဆရာကြီးကတော့“အဖေ”ပါပဲ
    .တစ်စက်ကလေးမှခြွင်းချက်မပေးဘူးဗျ….

    • ကိုမိုက်ရေ

      ကျနော်အဖေ အုပ်ချုပ် နည်းက တစ်မျုးိ ဗျ

      နောက်အပိုင်းတွေမှာအ ဖေ ကျ နော်ကို ထိန်းကျောင်းခဲ့ပုံ ကိုလဲ ရေး ပြ ပါအုံးမယ်

  • ကေဇီ

    October 2, 2014 at 3:54 pm

    ဖတ်လို့ကောင်းလိုက်တာ။
    စကားမစပ်
    စီးကရက်တို့ ဆေးလိပ်တို့က သောက်ပြီး ဖြတ်ရခက်သလားဟင်?

    :a:

    • ခင် ခ

      October 2, 2014 at 9:38 pm

      လွယ်တယ်လို့လည်း မဟုတ်
      ခက်တယ်လို့လည်း မဆိုသာ

    • စွဲလမ်းနိုင်သောအရာမှန်သမျှ

      ဖြတ်လို့ ခက်တယ် ဇီဇီ

      ဘယ်သူ့ကိုများဖြတ်ခိုင်းမလို့ လဲအေ့

Leave a Reply