ထူးဆန်းသော ခရာကလေး အပိုင်း – (၃) ဇာတ်သိမ်း
မနက်ခင်းသည် သာသာယာယာပင် ကျော်လွန်သွား၏။ နေ့လည်ခင်း တစ်ချိန်လုံးကို
နှစ်ယောက်သားသည် ဂေါက်ကစား ခြင်းဖြင့် ကုန်လွန်စေရာ ညနေခင်းကျမှပင် တည်းခိုရာ
အင်းသို့ လမ်းလျှောက်ပြန်ခဲ့ကြလေသည်။
အင်း ၏ထောင့်ချိုးတစ်နေရာတွင် အရှိန်ဖြင့်ပြေးလာသော သူငယ်လေးတစ်ယောက်နှင့်တိုက်မိ
၍ ကာနယ်ကြီးခမျာ ပက် လက်လန် လဲလုနီးပါးဖြစ်သွားရာ စိတ်ဆိုးဆိုးဖြင့် သူငယ်လေး
လက်ကိုဆွဲ၍ အော်ဟစ်ကြိမ်းမောင်းတော့၏။ ဖြစ်ဖြစ်ချင်း ဒေါသထွက်မိသော်လည်း သူငယ်လေးမှာ
ကြောက်လွန်း၍ စကားပင်မဆိုနိုင်ကြောင်း သတိပြုမိ၍ အကြောင်းအရင်းကို လူကြီးနှစ်ဦးက မေးမြန်း
လေသည်။
“ဘယ့်နှယ်ဖြစ်လာတာတုန်း။ ဘာမြင်လို့လဲကွဲ့။ ဘယ်သူက မင်းကို ခြောက်လှန့်လွှတ်လိုက်တာတုန်း..။”
“ဟုတ်..ဟုတ်ကဲ့..ဦးလေး..အဲဒါကြီးက ပြတင်းပေါက်ကနေ ကျွန်တော့်ကို လက်ပြနေလို့..။ ကျွန်တော်
ကြောက်တယ်..။”
“ဘယ်ပြတင်းပေါက်တုန်းကွ..သေချာပြောစမ်းပါဦး..။”
“အင်း အပေါ်ထပ်က ရှေ့ပြတင်းပေါက်ပဲ..။”
သူငယ်လေးကို မေးခွန်းများမေးပြီး သိရသည်မှာ သူငယ်လေးသည် သူငယ်ချင်းများဖြင့် အင်းရှေ့ မြက်
ခင်းတွင် ကစားနေ ခဲ့ရာ အခြားအဖော်များ အိမ်ပြန်သွားချိန်တွင် အင်း အပေါ်ထပ်ပြတင်းကို လှမ်းကြည့်
မိသည်။ တစ်စုံတစ်ခုသည် သူ့ကို လက်ပြနေသည်ကို မြင်လိုက်သည်။ ဖြူဖြူအရာကိုသာ မြင်ရပြီး
မျက်နှာကိုကောင်းစွာ မမြင်ရချေ။ ဘာမှန်းမသိသော် လည်း အလွန်ထိတ်လန့်စရာကောင်းပြီး
လူတစ်ယောက်မဟုတ်နိုင်ဟု သူထင်ကြောင်း။
ကာနယ်ကြီးက သူငယ်လေးကို ရှင်းပြသည်။
“မဟုတ်တာကွယ်..မင်းကို တစ်ယောက်ယောက်က နောက်ပြောင်ပြီး ခြောက်လှန့်တာကွဲ့။
နောက်တစ်ခါဆို ခဲနဲ့သာထုကွ၊ သတ္တိခဲ အင်္ဂလိပ်ကလေးပဲကွာ ဟုတ်လား..။ အဲ..ခဲနဲ့မပစ်ချင်
ဘူးဆိုရင် အင်းက လူတွေကို သွားပြီး တိုင်ပေါ့ကွာ..။ ရော့..ဒီ မယ် ၆ပဲနိ..မင်းအတွက် မုန့်ဖိုး..။
သွား အိမ်ပြန်ပြေးပြီး လက်ဘက်ရည်သွားသောက်ချေ..။”
နှစ်ယောက်သား အင်း အရှေ့ဘက်သို့ ပတ်ပြီး မော့ကြည့်ရာ သူငယ်ပြောသော ပြတင်းပေါက်နှင့်
ထပ်တူကျသော ပြတင်း ပေါက်ကို တွေ့ရလေသည်။ ပက်ကင်၏ အခန်းမှ ပြတင်းပေါက်ဖြစ်လေ၏။
ပက်ကင်သည် အံ့အားသင့်လျက် ဆိုလေသည်။
“အဆန်းသား ခင်ဗျ..။ ကျွန်တော့်အခန်းတံခါး သေချာသော့ခတ်ထားခဲ့တာဗျ။ သော့ကလည်း
အိတ်ထဲမှာပဲ။”
လှေကားမှ တက်သွားပြီးကြည့်သောအခါ တံခါးမှာ ပိတ်လျက်သားပင်ရှိသည်။ အခန်းကို သော့
ဖွင့်ဝင်၍ လှည့်ပတ်ကြည့်ရှု ကြပြီး ပက်ကင်က –
“ကဲဗျာ..အားလုံး ပုံမှန်အတိုင်း အခြေမပျက်ပါဘူးဗျ..။”
“မောင့် အိပ်ယာက လွဲလို့ပေါ့လေ။” ကာနယ်ကြီးက ဝင်ပြောသည်။
“ဒါ ကျွန်တော့် အိပ်ယာမဟုတ်ဘူးခင်ဗျ။ ဒါပေမဲ့ တော်တော်တော့ ရှုပ်ပွတွန့်ကြေနေတာပဲ။”
ပက်ကင်သည် ခဏမျှ စဉ်းစားလိုက်ပြီး –
“အား..ဒီလိုဖြစ်မယ်ဗျ..အခန်းရှင်းတဲ့ ကလေးမက စောင်တွေ အိပ်ယာခင်းတွေကို ခုတင်ပေါ်မှာ
ခါလိုက် လွှားလိုက်လုပ် နေတုန်း သူငယ်ကလေးက လှမ်းမြင်တာဖြစ်မယ်။ ကလေးမ အလုပ်မပြီးခင်
တစ်ယောက်ယောက်က ခေါ်လို့ထွက်သွား တုန်း ခုမြင်တဲ့အတိုင်း ကျန်ခဲ့တာ ဖြစ်မှာပေါ့။”
ကာနယ်ကြီးက -“ ကောင်းပြီလေ..ဘဲလ် တီးပြီး သူ့ကို ခေါ်မေးကြတာပေါ့..။”
ကလေးမရောက်လာပြီး ပြောသည်မှာ အိပ်ယာများကို မနက်ခင်းကတည်းက အပြီးပြင်ဆင်ခဲ့ကြောင်း။
ပက်ကင်ထွက်သွား ပြီးနောက် ဤအခန်းထဲတွင် ဘယ်သူမှ မဝင်ခဲ့ကြောင်း နှင့် အင်း မန်နေဂျာ မစ္စတာ
ဆင်ပဆန်တွင်သာ သော့အပို တစ် ချောင်းရှိကြောင်း ရှင်းလင်းလေသည်။ မစ္စတာ ဆင်ပဆန် ရောက်
လာပြီး သူလည်း မဝင်ကြောင်းနှင့် အခြားမည်သူ့ကိုမျှ သော့ကို မပေးမိကြောင်း ပြောလေရာ ပက်ကင်
လည်း စိတ်ရှုပ်ထွေးပြီး အခန်းတွင်း ပစ္စည်းများကို သေချာစွာ စိစစ်ကြည့် ရှုလေ၏။ သူ၏ ပစ္စည်းများမှာ
သူထားခဲ့သည့်အတိုင်း ပုံစံပင်မပျက်ကြောင်း တွေ့ရလေသည်။ ကလေးမသည် အိပ်ယာကို သပ်ရပ်
အောင် ထပ်မံပြင်ပေးပြီးနောက် ပက်ကင်တို့နှစ်ယောက်သည် လက်ဘက်ရည် သောက်ရန် အောက်
ထပ်သို့ ဆင်း သွားလေတော့သည်။
ယင်းနေ့ ညနေပိုင်း တလျှောက်လုံးတွင် ကာနယ်ကြီးက ထူးထူးခြားခြား နှုတ်ဆိတ်လျက်ရှိရာ
ထမင်းစားရာတွင်လည်း ကောင်း၊ ဖဲကစားရာတွင်လည်းကောင်း စကားမဆိုဘဲ ရှိသည်။
ကိုယ့်အခန်းကိုယ် ပြန်ကြသောအခါတွင် ကာနယ်ကြီး သည် ပက်ကင်အား –
“ညရေးညတာ အရေးအကြောင်းဆို ငါ့ကိုခေါ်လိုက်ပါ မောင်။”
“အိုး..ကျေးဇူးတင်ပါတယ်ဗျာ..ကာနယ်ကြီးကို ဒုက္ခမပေးပါဘူးဗျာ..။ အဲ..ကျွန်တော်ပြော
တဲ့ ခရာကလေး ကြည့်ဦး မလားဗျ။”
ကာနယ်ကြီးသည် ခရာလေးကို ဂရုတစိုက်ကိုင်တွယ်ကြည့်ရှုရင်း –
“ဒါလေးကို ဘယ့်နှယ်လုပ်မယ် မောင် စိတ်ကူးသလဲ။”
“အင်း..ကိန်းဘရစ်ချ် ပြန်ရောက်ရင် ဟိုက လူတွေကို ပြသေးတာပေါ့။ ပြတိုက် ပို့ထိုက်တယ်
ဆိုလည်း ပို့မှာပေါ့ ခင်ဗျာ။”
“ဒီမယ်..ငါ့ဟာဆိုရင် ပင်လယ်ထဲ လွှင့်ပစ်တာကြာပြီ မောင်..။ နို့ပေမဲ့ မောင်က တော့ ငါတွေး
သလို လုပ်မယ် မထင်ဘူးလေ..ကိုင်း ဂွတ်နိုက်။”
ပက်ကင်၏ ပြတင်းပေါက်များတွင် လိုက်ကာများမရှိချေ။ ယမန်နေ့ညက ပြဿနာမရှိသော်လည်း
ယနေ့ညတွင်မူ တိမ်စင် ၍ကြည်လင်လျက်ရှိသော ကောင်းကင်တွင် လမင်းသည် ထွန်းလင်း
လျက်ရှိနေပေရာ လရောင်ကြောင့် တရေးထနိုးမည်ကို ပက်ကင် စိုးရိမ်မိလေသည်။ ထို့ကြောင့်
စောင်တစ်ထည်ကိုယူ၍ လမ်းလျှောက်တုတ်နှင့် ထီးအကူအညီဖြင့် ပြတင်းပေါက် တွင် လိုက်ကာ
သဖွယ်ဖြစ်အောင် ကြံဖန်လုပ်လေသည်။ များမကြာမီ ပက်ကင်သည် အိပ်ယာထက်တွင် သက်
တောင့်သက် သာရှိစွာဖြင့် စာအုပ်တစ်အုပ်ကို ခဏမျှဖတ်လေသည်။ ထို့နောက် ဖယောင်းတိုင်မီး
များမှုတ်ကာ အိပ်စက်တော့သည်။
တစ်နာရီ သို့မဟုတ် ထို့ထက်မက ကြာသောအချိန်တွင် ကျယ်လောင်သောအသံတစ်ခုကြောင့်
ပက်ကင် လန့်နိုးလာသည်။ ချက်ချင်းလိုပင် လိုက်ကာအဖြစ်ကာထားသော စောင်မှာ အောက်ပြုတ်
ကျလျက်ရှိကြောင်း သတိပြုမိသည်။ လရောင်သည် သူ့အိပ်ယာပေါ်သို့ ထင်ထင်လင်းလင်း ဖြာကျ
လျက်ရှိ၏။ စောင်ဖြင့် ပြန်ကာရမည်လော၊ ကြိုးစား၍ ပြန်အိပ်ရမည်လောဟု မိနစ်အတော်ကြာ
တွေဝေစဉ်းစားရင်း လှဲနေမိသည်။
ရုတ်တရက် ကုတင်ပေါ်ထထိုင်ကာ မျက်လုံးကို အစွမ်းကုန်ပြူးရင်း ကြိုးစား၍ နားစိုက်ထားမိသည်။
တစ်ဖက် ကုတင်မှ အသံတစ်ခုကြား၍ ဖြစ်၏။ ကြွက်များလားဟု စဉ်းစားသည်။ ဟော..ကြားပြန်ပြီ။
စောင်များအောက်တွင် တစ်စုံတစ်ခုသည် ရွေ့လျားနေပြီး ကုတင်ပင် တုန်လာလေရာ ကြွက်မဖြစ်နိုင်
ကြောင်း သဘောပေါက်၏။ ကြွက်သည် ဤမျှ မလုပ်နိုင်တန်ရာ။
တစ်ဖက်ကုတင်ပေါ်တွင် ပုံစံတစ်ခုသည် စောင်ပုံအောက်မှ ရုန်းကြွထွက်လာသည်ကို မြင်သည့်
အချိန်၌ ပက်ကင်၏ နှလုံး သွေးများ ရပ်တန့်သွားပြီဟု ခံစားလိုက်ရလေသည်။ ပက်ကင်သည့်
သူ့ကုတင်မှ ခုန်ထကာ ပြတင်းပေါက်နားရှိ တုတ်ကို ပြေးဆွဲမည်ပြုရာ တစ်ဖက်မှ ထိုအရာသည်
ကုတင်ပေါ်မှ လှစ်ခနဲ လျှောဆင်းလာပြီး လက်များကို ဆန့်ထုတ်၍ ပက်ကင် နှင့် တံခါးကြားတွင်
မားမားရပ်လျက်ရှိ၏။
ပက်ကင်ကား ခြောက်ချားတုန်လှုပ်လျက် စိုက်ကြည့်နေမိသည်။ ထိုအရာကို မထိမိပဲ တံခါးသို့
သူရောက်နိုင်မည်မဟုတ် ကြောင်းတွေးမိသောအခါ တစ်ကိုယ်လုံး အေးခဲမတတ် သွေးပျက်မိလေသည်။
ထိုအရာကား ရွေ့လျားစပြုလာသည်။ ကိုယ်ကိုကုန်း၍ ဝတ်ရုံအောက်တွင် ဖုံးကွယ်ထားသော လက်
များဖြင့် ကြမ်းပြင်ကို စမ်းသပ်လျက်ရှိရာ ထိုအရာသည် အမြင်အာရုံရှိပုံမရဟု ကြောက်လန့်သည့်ကြားမှ
ပက်ကင်တွေးမိလေ၏။ သူအိပ်ခဲ့သော ခုတင်ကို ထိမိရာ အိပ်ယာပေါ်သို့ လက်များဖြင့် လိုက်လံစမ်း
နေပုံကိုကြည့်နေရင်း ပက်ကင်တစ်ယောက် ဆတ်ဆတ်တုန် အောင် ကြောက်လန့်လာလေသည်။
ကုတင်ပေါ်၌ ဘာမျှမရှိကြောင်း သိသောအခါ ထိုအရာသည် လရောင်အောက်သို့ တရွေ့ရွေ့တိုးလာလေ
သည်။ ပထမဆုံး အကြိမ်အဖြစ် ပြတ်သားစွာမြင်ရသောအချိန်တွင် ပက်ကင်ဦးနှောက်ထဲ မှတ်သားမိ
သည်မှာ အသဲအူတုန်အောင် ကြောက် စရာကောင်းလှသည် ဟူသည့် အချက်သာတည်း။ နောင်တစ်
ချိန် ပြန်တွေးမိသောအခါ မသတီဖွယ် ကြေမွလိမ်ရှုံ့ လျက်ရှိ သော ကြောက်မက်ဖွယ် အဝတ်ဖြူမျက်နှာ
ကြီးကိုသာ စွဲမြဲနေတော့သည်။ ထိုမျက်နှာကြီး၏ အမူအရာကို သူဖော်ပြနိုင်စွမ်း မရှိချေ။ သို့သော်
ရူးသွပ်မတတ် ခြောက်ချားစေသည်ကား အမှန်ဖြစ်၏။
ထိုမျက်ခွက်ကြီးကို ကြာရှည်စွာ ကြည့်နေရန် အချိန်မရပါ။ ထိုအရာသည် ကြောက်မက်ဖွယ်ရာ
ဖျတ်လတ်မှုဖြင့် အခန်းထဲ တွင် ဇတ်ခနဲ ဇတ်ခနဲ ရွေ့လျားရင်း လိုက်လံစမ်းသပ် အာရုံခံနေသော
ကြောင့် ဖြစ်ပေသည်။ တစ်ချီတွင် ထိုအရာ၏ ဝတ်ရုံ အနားစသည် ပက်ကင်၏မျက်နှာကို ပွတ်
တိုက်မိသွားရာ ပက်ကင်သည် ထိတ်လန့်တကြား ထအော်မိလေသည်။ ချက်ချင်း ပင် သူ့ရှေ့သို
ရုတ်ခနဲ ခုန်ပေါက်ရောက်ရှိလာတော့သည်။ နောက်ခဏ၌ကား ပက်ကင်သည် ပြတင်းပေါက်မှ
နောက်သို့ ကိုယ်တစ်ပိုင်းလန်ထွက် လျက် အသံကုန် အကြိမ်ပေါင်းများစွာ အော်ဟစ်နေတော့သည်။
အဝတ်မျက်နှာကြီးသည် သူ့မျက် နှာကို ထိလုနီးပါးတိုးကပ်လာလျက်ရှိရာ သတိလစ်တော့မည်ကဲ့
သို့ ရှိတော့၏။
နောက်ဆုံးစက္ကန့်တွင် ကာနယ်ကြီးသည် တံခါးကို တအားဆောင့်ကန်ဖွင့်ဝင်လာရာ အသဲထိတ်ဖွယ်
မြင်ကွင်း အချိန်မီက လေး မြင်လိုက်ရလေသည်။ သူသည် ထိုအရာထံသို့ ရောက်သောခဏ၌
ပက်ကင်သည် ရှေ့သို့လဲကျကာ တွန့်ကြေလျက် ရှိသော စောင်ပုံပေါ်၌ မေ့မျောနေပြီ ဖြစ်၏။
ကာနယ်ကြီးသည် မည်သည့်မေးခွန်းမျှ မမေးဘဲ အခြားသူများအား အခန်းတွင်းမှ နှင်ထုတ်ကာ
ပက်ကင်ကို ကုတင်ပေါ် ပြန်တင်၍ စောင်နှင့်ထွေးထားသည်။ ထိုညကုန်၍ မနက်လင်းသည်
အထိ ကာနယ်ကြီးသည် ပက်ကင်အခန်းတွင် စောင့် ပေးသည်။
နောက်တစ်နေ့မနက် မစ္စတာ ရော်ဂျာတစ်ယောက် အင်းသို့ရောက်သောအခါ အံ့အားသင့်
စရာနှင့်ကြုံရလေသည်။ အ ဘယ်ကြောင့်ဆိုသော် ပက်ကင်တစ်ယောက် နွေးထွေးစွာ ကြိုဆို
နေသောကြောင့်ပင်တည်း။ သူတို့သုံးယောက်သည် ပြီးခဲ့သော အဖြစ်အပျက်ကို အတန်ကြာမျှ
ဆွေးနွေးပြောဆိုလျက်ရှိ၏။ ဤသို့အခြင်းအရာမျိုးကို အိန္ဒိယတွင် သူတစ်ခါ ကြုံဖူးကြောင်း
ကာနယ်ကြီးက ပြော၏။ ထိုအရာမျိုးတွင် ခန္ဓာကိုယ်ဟူ၍ မရှိသော်လည်း အိပ်ယာခင်းကဲ့သို့
အဝတ်များ အောက်မှ တိုးထွက်ကာ ပုံစံတစ်ခု လုပ်ယူနိုင်ကြောင်းဆိုလေသည်။ စကားဝိုင်းပြီး
သော် ကာနယ်ကြီးသည် ခရာလေးကို ယူလာပြီး သန်မာသော လက်များဖြင့် တအားလွှဲကာ
ပင်လယ်ထဲသို့ လွှင့်ပစ်လိုက်လေတော့သည်။ စောင်နှင့် အိပ်ယာခင်း များကိုလည်း အင်း
အနောက်ဖက်တွင် မီးရှို့ပစ်လိုက်သည်။
ပါမောက္ခ ပက်ကင်၏ တစ်ချိန်က ခိုင်မာခဲ့သော အမြင်အယူများကား ယခုအခါ လျော့ရဲအားနည်း
ခဲ့လေပြီ။ သူသည် ထိတ် လန့်လွယ်သော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားကြောင်း တွေ့ရ
သည်။ တံခါးပေါက်တွင် ချိတ်ထားသော ကုတ်အင်္ကျ ီ ရှည်ကို ရုတ်တရက် မြင်ရုံမျှဖြင့်လည်းကောင်း၊
ဆောင်းနှောင်း မနက်ခင်းတွင် ကွင်းပြင်အတွင်း ဖြုတ်ခနဲတွေ့လိုက်သော စာခြောက်ရုပ်ကို မြင်ရရုံ
မျှဖြင့်လည်းကောင်း တစ်ရက်ထက်ပိုသော အိပ်ပျက်ညများကို ကြုံရရှာတော့သည်။
12 comments
Mr. MarGa
October 30, 2014 at 5:59 pm
ခရာကို မှုတ်လိုက်တော့
ခရာထဲ ပိတ်နေရာက ထွက်လာတာ ဖြစ်နိုင်တယ်
ပြန်မဝင်တတ်တော့ လုပ်မိလုပ်ရာ လုပ်တယ်ထင်ရဲ့ :mrgreenn:
ဘာသာပြန် အတွက် ဗရာဗို ပါ လို့ 🙂
မောင်ဘလိူင်
October 30, 2014 at 6:03 pm
မြန်လှချည်လား ဦးမာဃ..တင်ပြီးရုံရှိသေး အဟေးဟေး
Mr. MarGa
October 30, 2014 at 6:16 pm
ကွန်မန့် တွေ့လို့ ထိုင်စောင့်နေတာလေ :mrgreenn:
မမချွိ
October 30, 2014 at 6:09 pm
အဲ့ ခရာကြီး
တဂျီး ပေးပစ်လိုက်ပြီးရော။
အတွေးအမြင်တွေ ပြောင်းလဲသွားအောင်။
:kwi:
မောင်ဘလိူင်
October 30, 2014 at 11:30 pm
သူဂျီးဆို ရှေးဟောင်းပစ္စည်းဆိုပြီး အီးဘေးမှာတင်မလား၊ ခရာမှုတ် သရဲခေါ်ပြီးရုံသွင်းပြမလား..တစ်ခုခုပဲ ☺
pooch
October 31, 2014 at 9:56 am
ရုံသွင်းပြစားဖို့ ပိုနီးစပ်လောက်တယ် သူကြီးက
ပြီး မှ ဟောလီးဝုဒ်ထိ ခေါ်ပြီး ဇာတ်လမ်းတွဲတွေ ထုတ်ချင်ထုတ်နေမှာ
မီလျံနာ ဘစ်ဇစ်နက်ဆိုပြီး :loll:
မနေ့ညက ကွကိုယ်အိပ်ခါနီး ဒီပိုစ့်ကြီး ဖတ်မိပြီး အိပ်မရဘူး
ဒီနှစ် ဆောင်းဝင်စောတော့ ရာသီကလည်း အေးစက်စက်ကြီး :((
ကေဇီ
October 31, 2014 at 9:59 am
ပု ရယ်။
ညက သများက အိမ်မက်မက်တာ။
:g:
ကိုဘလှိုင်ကို ဟုတ်ဘူးနော်။
အဲဒီ စောင်ပုံကြီးထဲက အဟွာကြီးကို။
:a:
Wow
October 31, 2014 at 10:02 am
အဟွာလေ တရဲကားတွေထဲမှာတော့ အိုက်လိုလွင့်ပစ်လဲနောက်နေ့ အယင်နေရာပြန်ရောက်နေတတ်တာမိုးလေ :kwi:
kyeemite
October 31, 2014 at 10:28 am
.စိတ်ဝင်စားစရာဇတ်လမ်းကောင်းလေးပါပဲ..ဘာသာပြန်တဲ့လေသံက …ဆရာကြီးရွှေဥဒေါင်းလေသံ
မြစပဲရိုး
November 1, 2014 at 3:36 pm
မနေ့ညက တီဗီ မှာ Halloween နေ့မို့ ဟိုးတုန်းက Casper သရဲကား လေးပြန်ပြတယ်။
မောင်ဘလှိုင် ရဲ့ မင်းသား လို ထုတ်ချင်းပေါက်မြင်လို့ ရတဲ့ ဖြူဖြူ ကိုယ်လေး နဲ့ ပေါ့။
သူ့မြင်တိုင်း လူတွေ က ကြောက်လို့ ပြေးကြတာ။
တကယ်တော့ သူက အင်မတန် မိတ်ဆွေ လိုချင်နေတဲ့ ကောင်လေးပေါ့။
ဒီ ဇာတ်လမ်းထဲ က ပုဂ္ဂိုလ် ခမျာလဲ သူငယ်ချင်း လိုချင်လို့ အနားမှာ အိပ်နေတာ ဖြစ်ချင်ဖြစ် နေမှာ ကို ကွယ်။
Casper လေးကတော့ မနက်စာ တောင် လုပ်ကျွေး လိုက်သေး။
ဟန်ကျရော။
lol:-)))
စိတ်ဝင်စားဖို့ ကောင်း တဲ့ ဇာတ်လမ်းလေးတွေ နဲ့ မကြာမကြာ ဝင်လာဖို့ Request လုပ်ပါရစေ မောင်ဘလှိုင်။
ကျေးဇူးပါနော်။
မောင်ဘလိူင်
November 2, 2014 at 4:01 pm
ဒီဇာတ်လမ်းကို ယူကျုမှာ ရှာကြည့်လို့ရသဗျ။ bbc ကဇာတ်လမ်းတိုကလေး ရိုက်ထားတာ။ oh! Whistle I will come to you my lad.
အလင်းဆက်
November 5, 2014 at 10:24 am
ဒီစာမူကို ဖတ်ရုံမျှနဲ့….
:k: