ထူးဆန်းသော ခရာကလေး အပိုင်း – (၂)
“လက်တင် ဘာသာနဲ့ရေးထားတာကိုး..။ အင်း..အဓိပ္ပါယ်က လာနေတဲ့သူ ဘယ်သူလဲ ဖြစ်မယ်ထင်ပါ့။
ကိုင်း ဘယ်သူလဲ သိရအောင် မှုတ်ကြည့်ရတာပေါ့။”
ပက်ကင်သည် မိမိဘာသာ တစ်ကိုယ်တည်း ရေရွတ်ပြီး ခရာကလေးကို နှုတ်ခမ်းတွင်တပ်ကာ မှုတ်လိုက်
လေသည်။
ချက်ချင်းလိုပင် ရပ်လိုက်ပြီး ထွက်လာသောအသံကို အံ့အားသင့်ကာ သဘောကျလျက်ရှိ၏။ ခရာသံမှာ
စူးရှခြင်းမရှိ သော် လည်း အတော်ဝေးဝေးသို့ ပျံ့နှံ့ရောက်ရှိသွားပုံရသည်။ ရုတ်တရက် သူ့စိတ်ထဲတွင်
ထူးဆန်းသောပုံရိပ်များ ထင်ထင်ရှား ရှားပေါ်လာ၏။ အကာလ ညအခါတွင် မှောင်မဲလျက်ရှိသော နေရာ
တစ်ခု၌ လေများတဟူးဟူးတိုက်ခတ်လျက်ရှိပြီး အလယ်တွင် တစ်စုံတစ်ယောက်သည် အထီးတည်း
ရပ်လျက်ရှိသည့် ပုံရိပ်ပင် ဖြစ်လေသည်။ ထိုခဏ၌ လေပြင်းများ အပြင်တွင် တိုက်ခတ်လာသဖြင့်
ပက်ကင်၏ စိတ်ထဲမှ ပုံရိပ်များ ပျောက်ကွယ်သွားလေသည်။ လေတိုက်ပုံမှာ ရုတ်ခြည်း ဆန်လှသဖြင့်
ပက်ကင်သည် ပြတင်းမှ အပြင်သို့ကြည့်မိရာ ပင်လယ်ငှက်တစ်ကောင်ကောင်၏ အဖြူရောင်
အတောင် တစ်ဖက်ကိုပင် မြင်လိုက်မိသေး၏။
ပက်ကင်သည် ခရာမှ ထွက်လာသော အသံကို အလွန်စိတ်ဝင်စားကာ သဘောကျလျက်ရှိသဖြင့် နောက်
တစ်ကြိမ် ထပ် မှုတ်ပြန်၏။ ဤတစ်ကြိမ်မှာ သာ၍ကျယ်ပေသည်။ မည်သည့်ပုံရိပ်မှ ပက်ကင် စိတ်ထဲပေါ်
မလာသော်လည်း အလွန်ပြင်း ထန်သော လေသည် ပြတင်းမှတဆင့် အခန်းတွင်းသို့ဝင်ရောက် တိုက်
ခတ်လေရာ ဖယောင်းတိုင်မီးများ ငြိမ်းကုန်၏။ ပက် ကင်သည် ပြတင်းတံခါးကို ပိတ်ရန် အပြင်းအထန်
ကြိုးပမ်း၏။ သို့သော် လေပြင်းလွန်းသဖြင့် မတတ်နိုင်ချေ။ သူ့ တစ်ခန်း လုံး ဗြောင်းဆန်လျက်ရှိသည်။
ရုတ်တရက်ပင် လေသည် တိခနဲ ရပ်တန့်သွားပြီးနောက် ပြတင်းတံခါးများသည် အလိုအ လျောက်
ဂျိမ်းခနဲ ပိတ်သွားတော့သည်။ ပက်ကင်သည် ဖယောင်းတိုင်ပြန်ထွန်းပြီး မည်သည့်အရာများ ပျက်စီး
လေသနည်း ဟု အခန်းတွင်း လှည့်လည်ကြည့်ရှုရာ ဘာမျှ ပျက်စီးခြင်းမရှိကြောင်းတွေ့ရသည်။ ပြ
တင်းတံခါးများသည်ပင် တစ်စုံတစ်ရာ မပျက်စီးသဖြင့် အံ့ဩမိ၏။ သို့သော် အသံဗလံများကြောင့်
အပေါ်ထပ်ရှိ ကာနယ်ကြီး လန့်နိုးသွားကြောင်း သူ့ခြေသံများ နှင့် သူ့တစ်ကိုယ်တည်း ပြောသံများ
အရ သိနိုင်ပေသည်။
အပြင်တွင် လေထန်တုန်းဖြစ်သည်။ သတ္တဝါတစ်ကောင် နာကျင်၍ အော်ဟစ် ညည်းညူသော အသံ
မျိုးမြည်လျက် ပက်ကင် တည်းခိုလျက်ရှိသော အင်းကို ထုရိုက် တိုက်ခတ်နေပုံမျိုးဖြစ်သည်။ ပက်ကင်
သည် အိပ်ယာထဲတွင် လှဲကာ လေတိုက်သံကို နားထောင်နေမိသည်။ စိတ်မခိုင် အသည်းငယ်သူ
များဆိုလျှင် တောင်တောင်အီအီ မသတီစရာတွေ တွေးကုန်တော့မှာ ဟု စဉ်းစားမိသည်။ သို့သော်
နောက်ဆယ့်ငါးမိနစ်အကြာတွင် စိတ်ခိုင်သောလူပင် ဤလေတိုက်သံကို ကြားချင်တော့မည် မဟုတ်
ကြောင်း သဘောပိုက်မိတော့၏။
မိမိ အိပ်၍မပျော်သကဲ့ ဘေးဘက်အနီးအနားမှ သူများလည်း အိပ်၍မပျော်ကြောင်း အိပ်ယာပေါ်တွင်
လူးလွန့်နေသော အသံများကို ထောက်ဆ၍ ပက်ကင် သတိပြုမိသည်။ ဘယ်ညာ လူးလွန့်နေသော
အသံတစ်သံမှာ အလွန်ပြတ်သားလှ သဖြင့် မိမိနှင့် နီးကပ်လှသည်ဟုပင် ပက်ကင် တွေးမိ၏။
တစ်ခါတစ်ရံ အိပ်မပျော်သော်အခါ အတင်းကြိုးစား၍ မျက်လုံးမှိတ်သည့်အခါ၌ မသာယာဖွယ် အနိဋ္ဌာရုံ
များ ပေါ်ပေါက် လာတတ်သည်တွင် ထိုပုံရိပ်များပျောက်ကွယ်ရန် မျက်လုံးကို ပြန်ဖွင့်ရသကဲ့သို့ ပက်ကင်
ခမျာမှာ မျက်လုံးမှိတ်တိုင်း ထူး ဆန်းသော ပုံရိပ်များ မြင်ယောင်လျက်ရှိလေသည်။ မျက်လုံးမှိတ်တိုင်း
ထိုရိပ်များကို တစ်ပုံစံတည်း တွေ့နေရ၏။ ပင်လယ် အတွင်းသို့ ဦးစိုက်ဆင်းလျက်ရှိသော လှိုင်းတား
နံရံများ ရှိသည့် ရှည်လျားသည့် ကမ်းခြေတစ်ခုတွင်ဖြစ်သည်။ ထိုကမ်းခြေ သည် ညနေကပင် သူ
လမ်းလျှောက်ပြန်ခဲ့သော ကမ်းခြေပင်ဖြစ်ကြောင်း ပက်ကင်သိ၏။ အတော်ခပ်ဝေးဝေးတွင် မဲမှောင်
သော ကောင်းကင်အောက်က ကမ်းခြေအတိုင်း ပြေးလွှားလာသော တစ်စုံတစ်ယောက်ကို မြင်မိ
သည်။ ထိုသူသည် ကမ်း ခြေအတိုင်းပြေးရင်း လှိုင်းတားနံရံများကို တစ်ခုပြီးတစ်ခု အရူးအမူးကျော်
တက်လျက်ရှိ၏။ နောက်ကိုလည်း ခဏခဏ လည်ပြန်ကြည့်ရာ မည်သည့်အရာကို ကြောက်လန့်၍
ဤမျှ ထိတ်လန့်တကြားဖြစ်နေရသနည်းဟု ပက်ကင်တွေးနေ၏။ ထိုသူ၏ မျက်နှာကို ကောင်းစွာမမြင်
ရသော်လည်း အမူအရာ လှုပ်ရှားမှုကိုကြည့်ခြင်းအားဖြင့် မည်မျှကြောက်လန့်နေ ကြောင်းသိသာလှသည်။
ထိုသူကား အလွန်မောပန်းလျက်ရှိလေပြီ။ လှိုင်းတားနံရံများမှာ တစ်ခုထက်တစ်ခု ကျော်ရခက်ခဲ လာပုံရ
သည်။ နောက်တစ်ခု ကျော်မှ တက်နိုင်ပါ့မလား။ အဲဒါက တခြားဟာတွေထက် ပိုမြင့်တဲ့ပုံပဲ ဟု ပက်ကင်
သည် တွေး တောပူပန်လျက်ရှိ၏။ အဲ..ဟုတ်ပြီဟ..။ ထိုသူသည် လှိုင်းတားနံရံကို ဖက်တက်ပြီး သူ့ကိုယ်
ကို လှိမ့်ချပစ်လိုက်ရာ တစ်ဖက် သဲပြင်ပေါ်သို့ ဖုတ်ခနဲ ပြုတ်ကျသွားပြီးနောက် ပြန်၍မထနိုင်တော့ချေ။
ထိုသူကြောက်ရွံ့သောအရာကား ပေါ်မလာသေးပေ။ ခဏအကြာတွင် ဝေးလံသောနေရာမှ ပုံရိပ်တစ်ခု
ပေါ်လာ၏။ လျင် မြန်စွာရွေ့လျားလာခြင်းဖြစ်သည်။ ရှည်လျားသော ဝတ်ရုံကြီး တဖားဖားနှင့် တလွင့်လွင့်
လာနေပုံမှာ ဆန်းလှသဖြင့် ပက်ကင်သည် ထိုအရာကို နီးနီးကပ်ကပ်မြင်ချင်စိတ်ပင် မရှိချေ။ ထိုအရာ
သည် လက်များကို ဆန့်ထုတ်ကာ ခန္ဓာကိုယ်ကို သဲပြင်ထိလုနီးပါးကိုင်း၍ ကုန်းကုန်းကြီး ရေစပ်တိုင်
အောင်ပြေး၏။ နောက် ကမ်းဘက်သို့တဖန် ပြေးပြန်၏။ ယခုမူ တည့် တည့်ကြီး ကမ်းခြေတစ်လျှောက်
တဟုန်ထိုးပြေးပြန်ရာ ကြောက်မက်ဖွယ်ကောင်းအောင် လျင်မြန်လှသဖြင့် ပက်ကင်သည် ရင်တုန်သွား
သည်။ နောက်ဆုံးတွင် လက်ဦးပြေးလာသောသူ ပုန်းနေသော လှိုင်းတားနံရံနားသို့ ရောက်ရှိလာသည်။
ထို့နောက် ရေစပ်သို့ပြေး၏။ လက်များကို ဆန့်ထုတ်ပြီး လှိုင်းတားနံရံတည့်တည့်သို့ ပြေးလေတော့သည်။
ထိုနားသို့ရောက်တိုင်း ပက်ကင်သည် ဆက်၍မကြည့်ဝံ့တော့သဖြင့် မျက်လုံးဖွင့်လိုက်ရသည်ချည်း ဖြစ်လေ
သည်။ နောက်ဆုံး၌ ဖယောင်းတိုင်ထွန်း၍ စာအုပ်တစ်အုပ်ထုတ်ကာ ဖတ်ရန်စိတ်ကူးမိသည်။ မီးခြစ်ဆံကို
ခြစ်လိုက်သဖြင့် ဖျတ်ခနဲ ပေါ်လာသော မီးရောင်တွင် တစ်စုံတစ်ခုကို သူ့အိပ်ယာအနီး၌ ဖျတ်ခနဲ သတိပြုမိ၏။
ကြွက် တစ်ကောင်လား ဟု ပက်ကင် တွေးမိသောခဏတွင် ထိုအရာသည် ကြမ်းပြင်ကို ဖြတ်လျက် လှစ်ခနဲ
ကွယ်ပျောက်သွားလေတော့သည်။ မီးခြစ် ဆံမှာလည်း ရုတ်တရက်ငြိမ်းသွား၏။ ဒုတိယ မီးခြစ်ဆံကား
ကောင်းစွာတောက်လောင်သဖြင့် ဖယောင်းတိုင်ကို မီးညှိကာ စာအုပ်တစ်အုပ်ထုတ်၍ ဖွင့်ဖတ်တော့
သည်။ နောက်ဆုံး အိပ်ချင်လာသောအခါ ပက်ကင်သည် ဖယောင်းတိုင် မီးမှုတ်ရန် မေ့လျော့သွားပြီး
အိပ်ပျော်သွားလေတော့သည်။ မနက်လင်းသောအခါ ဖယောင်းတိုင်မှာ အကုန်အစင်လောင်ကျွမ်းသွား
ကြောင်း တွေ့ရ၏။
နံနက်စာ စားပြီး အခန်းတွင်းရှိနေစဉ် အင်း မှ အခန်းသန့်ရှင်းရေးလုပ်သော ဝန်ထမ်းကလေးမတစ်ယောက်
သည် စောင်များ ကိုပိုက်လျက် ဝင်လာလေသည်။
“စောင်အပိုများ ထပ်ယူဦးမလားရှင့်။”
“အင်း..အေး..ကျေးဇူးပဲ။ တစ်ထည်လောက်တော့ ယူမယ်။ အအေးကလည်း ပိုလာသလိုပဲ။”
“ဘယ်ကုတင်မှာ တင်ထားလိုက်ရမလဲရှင့်။”
“ဘယ်လို…ဘာဖြစ်..ညက ငါအိပ်တဲ့ ကုတင်ပေါ့။”
“ဟုတ်ကဲ့ရှင့်။ ညက ကုတင်နှစ်လုံးစလုံးမှာ ဆရာ အိပ်တယ် ထင်လို့ပါ။ မနက်တုန်းက အိပ်ယာတွေကို
လာပြီး ပြင်ဆင် ရှင်းလင်း တုန်းက ကုတင်နှစ်လုံးစလုံးအတွက် လုပ်ပေးရလို့ပါ။”
ပက်ကင်လည်း အံ့အားသင့်လျက်ရှိ၏။
“ဟေ..တကယ်လား..အဆန်းပဲကွဲ့..။ ဒီစရောက်တော့ လက်ဆွဲအိတ်ကို အဲဒီကုတင်ပေါ်တင်ပြီး
ဖွင့်မိတာက လွဲလို့ ထိတောင် မထိမိပါဘူး။ နို့ပေမဲ့ မင်းအထင်က တစ်ယောက်ယောက် တကယ်အိပ်
ထားပုံပေါ့..ဟုတ်လား။”
“ဟုတ်ကဲ့..အိပ်ယာခင်းတွေရော၊ စောင်တွေပါ တွန့်ကြေ ရှုပ်ပွနေတာကိုး ဆရာရဲ့။ အိပ်မက်ဆိုးတွေများ
မက်မိသလားရှင်။”
“အလိုဗျာ..။ ကိုင်း ..မင်းအတွက် အလုပ်ပိုသွားရင်တော့ စိတ်မကောင်းပါဘူးကွယ်..။ အဲ.. ကိန်းဘရစ်ချ်က
မိတ်ဆွေ တစ်ယောက် လာဖို့ရှိတယ်။ သူ့ကို မျှော်နေတာပဲ။ သူလာရင်တော့ ဟိုဘက် ကုတင်မှာ အိပ်မှာပေါ့။
ဒါဆို အဆင်ပြေ သွားပြီ..။”
“ကိစ္စ မရှိပါဘူး ဆရာ။ ကျေးဇူးတင်ပါတယ်ရှင်။”
ကလေးမ ပြန်ထွက်သွားသောအခါ ပက်ကင် စဉ်းစားရင်း ကျန်ရစ်လေ၏။
ထိုနေ့၌ ဂေါက်ကစားရာတွင် အတော်ပင်ကြိုးစားသဖြင့် လက်ရည်အထိုက်အလျောက် တက်လာလေသည်။
ကာနယ်ကြီး သည်ပင် ပိုမိုရင်းနှီးလာဟန်ဖြင့် စကားခပ်များများ ဖြစ်လာသည်။ ကစားနေရင်း –
“ညတုန်းက တိုက်တဲ့လေက ပုံမှန်မဟုတ်ဘူးကွ။ တို့တွေဘက်တော့ တစ်ယောက်ယောက်က ခရာမှုတ်
ခေါ်လိုက်တာ လို့ဆိုကြမှာ။”
“ကာနယ်ကြီးတို့ နယ်ဘက်ကလူတွေ အဲဒါမျိုး ယုံကြတယ်လားဗျ။”
“တစ်နယ်လုံး ယုံကြတယ်ဆိုပါတော့ကွာ..။ အေး..တောသူတောင်သား အပြော ဆိုလို့ တလွဲချည်း မမှတ်နဲ့
မောင်။ ငါ့ အတွေ့အကြုံအရတော့ အမှန်တစ်ခုခုတော့ အမြဲပါတတ်တာ။”
ကစားပွဲကို ဆက်လက်ကစားနေသဖြင့် စကားစ ခဏပြတ်သွားသည်။ အတန်ကြာမှ ပက်ကင်က ဆိုသည်။
“ကျွန်တော့် အမြင်လည်း ပြောသင့်တယ်ထင်လို့ ပြောရဦးမယ်။ ကျွန်တော့် အယူအဆကတော့ ခိုင်ခိုင်မာမာပဲ။
ဒါမျိုးဟာ တွေ၊ သဘာဝလွန်တာတွေ လုံးလုံးမယုံဘူး ခင်ဗျ။”
ကာနယ်ကြီးက အံ့အားသင့်ပုံနှင့် ထပ်မေးသည်။
“အလို..မောင် ပြောပုံက သရဲတွေ၊ တစေ ္ဆတွေ အဲဒါမျိုးတွေရော ပါသပေါ့လေ။”
“အကုန်ပေါ့ခင်ဗျာ။” ပက်ကင် ဆက်ပြောသည်။
“ဒီမယ် ကာနယ်ကြီးရဲ့၊ အရာရာတိုင်း အတွက် ဖြေရှင်းချက်တစ်ခုတော့ ရှိသဗျ။ တကယ်တော့ ညတုန်းက ခရာ
ကလေးတစ်ခုကို ကျွန်တော်မှုတ်ကြည့်တယ်။ လေကလည်း ကျွန်တော့်ခရာသံကြားလို့ အဖြေတစ်ခုခုပြန်ပေးတဲ့
ပုံမျိုး။ ဒါပေမဲ့ဗျာ..ဒါက-”
ကာနယ်ကြီးက ရုတ်တရက်ရပ်၍ ပက်ကင်ကို စိုက်ကြည့်ရင်း မေးသည်။
“မောင် ခရာမှုတ်လိုက်တယ် ဟုတ်လား..။ ဘယ်လိုခရာမျိုး မှုတ်လိုက်တာတုန်း။ ဪ..မောင့် အလှည့်၊
ရိုက်လိုက်ပါဦး။”
ပက်ကင်သည် ဂေါက်သီးကို ရိုက်ပြီးမှ တမ်ပလာ ဝတ်ကျောင်းပျက်ထဲမှ ခရာဟောင်းကလေး ကောက်ရပုံကို
ကာနယ်ကြီး အား ပြောပြလေသည်။
“အေး..ငါဆိုရင် အဲဒီလိုဟာမျိုးကို ဂရုတစိုက်နဲ့ ကိုင်တွယ်ကြည့်မှာပဲ။ အဲဒါကို တမ်ပလာ(ဝတ်ကျောင်း
သူရဲကောင်း) တွေ ဘာအတွက်သုံးတယ် ဆိုတာ ဘယ်သူသိမှာလဲ။ အင်မတန် ကြောက်စရာကောင်းတဲ့
လူတွေလေ။”
ထို့နောက် ကာနယ်ကြီးနှင့် ပက်ကင် တို့နှစ်ယောက်သည် တမ်ပလာ ဝတ်ကျောင်းနှင့်ပက်သက်၍
ခေတ်ဟောင်း အမြင်၊ ခေတ်သစ်အမြင်များ အကြောင်း ပျော်ပျော်ကြီး ဆွေးနွေး ငြင်းခုန်ကြလေသည်။
17 comments
မြစပဲရိုး
October 29, 2014 at 2:21 pm
အဖော်လာ အိပ်ပေး ရုံ ဘဲ လား။
အတော် သဘောကောင်းတာဘဲ။
မှုတ်တဲ့ Tone ပေါ်မှာ များ Action ယူမှာလားမသိ။
စိတ်ဝင်စားစရာ မို့ မြန်မြန်လေး ထပ်တင်ပေးပါ မောင်ဘလှိုင် ရေ။
မောင်ဘလိူင်
October 29, 2014 at 4:33 pm
အဖော်လာအိပ်ပေးရုံမကဘူး အရီးရေ..
နောက်တစ်ပိုင်းမှာ ဆက်လက်ဖတ်ရှုပါ… အဟီး 😀
မမချွိ
October 29, 2014 at 2:30 pm
ဟမ်မငေးးး
မှုတ်များမှုတ်ကြည့်လိုက်သေးးးး
:g:
အမလေ ….
သရဲကားတွေ အကြည့်များ သရဲ ဝတ္ထုတွေ အဖတ်များပြီး
လမ်းမှာတွေ့တဲ့ ဘာပစ္စည်းမှ မကောက်ရဲသလိုဖြစ်တာ။
စိန်တုံးကြီးများတွေ့ရင်တော့ ဘာဖြစ်ဖြစ် ကောက်လာမိမလားပဲ။
ဟိ။
:k:
မောင်ဘလိူင်
October 29, 2014 at 4:39 pm
ကျွန်တော်တော့ ငယ်ငယ်က တွေ့ကရာအကုန်ကောက်ပြီး အိမ်ကို သယ်လာလို့
အဖေက အမြဲဆူတာပဲ။ တစ်ခါတုန်းက ကြေးနဲ့လုပ်သလား မသိတဲ့ လက်စွပ်က
လေး တစ်ကွင်းကောက်ရလို့ လက်မှာစွပ်လိုက်မိတယ်။ ညအိပ်တော့ မချွတ်မိဘဲ အိပ်
လိုက်တာ မနက်ကျတော့ ဘယ်လိုမှ ချွတ်မရတော့ဘူး။ အဲဒါ အဖေက သံညှပ်တဲ့ ကပ်
ကြေးနဲ့ ညှပ်ထုတ်ပစ်ရဘူးတယ်။ ဘုရားဝန်းကြီးတစ်ခုထဲက ဘီလူးအင်းတစ်ချပ်ရလို့
လှတယ်ဆိုပြီး အိမ်ယူလာတာ။ အိပ်မက်ထဲမှာ လာလာတောင်းနေလို့ ပြန်သွားထားရ
ဘူးသဗျ။ နောက် သိမ်ငုတ်လုပ်တဲ့ စကျင်ကျောက်တုံးတို့၊ အခေါင်းလုပ်လို့ပိုတဲ့ သစ်သား
စတို့၊ သပိတ်ကွဲတို့၊ ဓာတ်လုံးတို့ အများကြီး..။
kyeemite
October 29, 2014 at 2:32 pm
.ပထမပိုင်းတောင်မေ့တေ့တေ့ ဖြစ်နေပြီကိုဘလှိုင်ရ
.မြန်မြန်လေးဆက်ဆွဲပါဗျို့ 🙂
မောင်ဘလိူင်
October 29, 2014 at 4:40 pm
ဆက်ဆွဲနေပါပြီး ဦးလေးမိုက်..။ :k:
Wow
October 29, 2014 at 4:29 pm
ပထမလင်… လင့်ကလေးတောင် မေ့နေဘီ
မောင်ဘလိူင်
October 29, 2014 at 4:42 pm
ပထမပိုင်း လင့် လေး အပေါ်ဆုံးမှာ ထည့်ပေးထားပါတယ်
အစ်မ ဝါး ..။
Yae Myae Tha Ninn
October 29, 2014 at 4:49 pm
ရုပ်ရှင်ညွှန်းတွေလဲ ပြန်တင်ပါ.. ကျွန်တော်က မောင်ဘလှိုင်လောက် မစုံတော့ ဆက်တောင် မတင်ဖြစ်တော့ဘူး… 🙂
Ma Ma
October 29, 2014 at 10:16 pm
ငယ်ငယ်က မြစ်ထဲမှာ ရေဆင်းချိုးရတော့ ငှက်ပျောတုံးစီးရတာ (တာယာကွင်းတွေ စီးရသလို) ဇိမ်ရှိလို့….
တစ်နေ့တော့ မြစ်ထဲမှာ မျောလာတဲ့ ငှက်ပျောတုံးကြီး ဆယ်ပြီး အိမ်ပြန်သယ်လာတာ လမ်းမှာတွေ့တဲ့ လူကြီးတွေက ယတြာချေထားတာကြီး သွားလွှင့်ပစ်လိုက်ပြောလို့ …..
ယတြာဆိုတာလည်း ဘာမှန်းမသိပဲ ကြောက်ကြောက်နဲ့ နှမျောတဿ ၃ကြိမ်ရွတ်ပြီး ရေထဲသွားပြန်မျှောလိုက်ရတယ်။
အလင်းဆက်
October 30, 2014 at 11:00 am
အရင်တုန်းက တင်ပြပေးခဲ့တဲ့ အခြေအနေမဲ့ သန်းကြွယ်သူဌေးတုန်းက..ရေးဟန်နဲ့ မတူတော့ဘူးနော်။
ဒီဇာတ်လမ်းနဲ့… ဒီ ဘာသာပြန်ပုံ ဝါကျဖွဲ့ပုံက…ပို ဖတ်လို့ကောင်းတယ်။
မောင်ဘလိူင်
October 30, 2014 at 1:05 pm
အဲ..သန်းကြွယ်သူဌေးတုန်းက ဖလက်ရှ် ဘက် ပုံစံနဲ့ ရေးတာ ဆိုတော့ မူရင်းအာဘော် မိအောင်
အားထုတ်ကြည့်တာပါ။ ဒီ ဝတ္ထုတိုကျတော့ မူရင်းက နောက်ခံပြောဟန်နဲ့။ အဲဒါကို မကြိုက်လို့ ဆရာ
ကြီး ရွှေဥဒေါင်းတို့၊ ဒဂုန်ရွှေများတို့စတိုင်လ် မှီးပြီး ရေးကြည့်တာ။ကိုယ်ပိုင်ဟန်တော့ မရှိသေးဘူး။
ထင်သလို ရေးကြည့်တာပဲ။ ကိုယ်ပိုင်ဟန် အနီးစပ်ဆုံး ဆို ဟိုးတုန်းက ရေးဖူးတာရှိတယ်။
http://myanmargazette.net/56749
kai
October 30, 2014 at 2:36 pm
ကဘလှိုင်.. မှာထားတဲ့ဓားကောက်ကလေးအိမ်ရောက်နေပြီဗျို့..
သေးပေမယ့်.. လေးသဗျ..။
လူကြုံစောင့်နေတယ်..။
ဒေါ်လာ၁၀ဝတန်ကို ၂၄ကာရက် ရွှေအစစ်နဲ့လုပ်ထားတဲ့.. ရွှေဆိုင်းလိုဟာတွေလည်းရောက်နေပြီ..
မင်းသိင်္ခရဲ့မနောမရလက်ဆောင် စာအုပ်ဖတ်ပြီး.. ဥုံဖွ.. မန်းပေးထားတယ်..
ရွာ့ရဲ့စာရွေးဖတ်ထဲ.. ဆုရသူတွေပေးဖို့ပါ..။
အဲဒါကိုရတဲ့သူ.. ဒေါ်လာတွေ..ရွှေတွေ.. ဝင်လာမစဲ..တသဲသဲဖြစ်စေသတည်း.. ဖြစ်စေသတည်း… လို့…။ :k:
မမချွိ
October 30, 2014 at 2:59 pm
ဟွာလေ။
အဲဒီ ရွှေပြားက ကဗျာဆု ရော အကျုံးဝင်လားဟမ်?
မဝင်ရင် ဖတ်ရွေးကို မိုက်ကြေးခွဲမယ်၊ ဓားမြတိုက်မယ်။
:boss:
ခုခိ ခိခု
:k:
pooch
October 30, 2014 at 3:49 pm
ဖတ်ရင်းနဲ့ ကျောချမ်းတာ
မြန်မြန်ရေးပါဗျို့ :mrgreenn:
Mr. MarGa
October 30, 2014 at 5:15 pm
မေ့တေ့တေ့တောင် ဖြစ်နေပြီ
နောက်ခါ သိပ်မခြားပါနဲ့ဗျိုးး
:mrgreenn:
မောင်ဘလိူင်
October 30, 2014 at 5:42 pm
စိတ်မကောင်းပါဘူးကွယ်..ခုအပြီး ရေးတင်ပြီး ဖြစ်ပါကြောင်း။