ဦးဘမြစ်
ဦးဘမြစ်သည် မြေဆွခက်ရင်းလေးနှင့် ပန်းပင်များကြား ဟိုထိုးဒီဆွလုပ်နေသည်။ပေါင်းမြက်များကိုလည်း လက်ဖြင့်နှုတ်နေသည်။
ထိုပန်းပင်များကို သူစမ်းစိုက်နေသည်မှာ သိပ်မကြာသေးပေ။သိပ်တော့မဆိုး။သူ့ခြံထဲတွင်အပင်ငါးဆယ်တစ်ရာလောက်တော့
တပိုင်တနိုင်စိုက်ပျိူးထားသည်။ ထိုပန်းပင်မျိူး စိုက်လိုလျှင် ပန်းမျိူးဥဝယ်ရသည်။တစ်လုံးနှစ်ကျပ်လောက်ပေးရသဖြင့် အလုံးတစ်ရာခန့်
ဝယ်ထားသည်။ ပန်းပွင့်တွေခူးရောင်းပြီး မပွင့်တော့လျှင် မျိူးဥကိုတူးပြီးပြန်သိမ်းထားရုံသာ။ စိုက်လိုက်.မျိူးဥပြန်ဖော်လိုက်နှင့်
မျိူးဥတွေက တဖြည်းဖြည်း ကြီးထွားလာပြီး ပန်းပွင့်တွေကလည်း စွင့်စွင့်ကားကားနှင့် ဈေးပိုရလာသည်။ အပွင့်ချောလျှင်
သုံးကျပ်လောက်ရမည်ဖြစ်သဖြင့် ဦးဘမြစ်တစ်ယောက် သူ့ပန်းပင်လေးတွေကို အတော်ပင်ဂရုစိုက်နေလေသည်။
တကယ်တော့ ဦးဘမြစ်သည် ပိုက်ဆံအတွက် စိုက်ပျိူးနေခြင်းမဟုတ်ပေ။ တသက်ပျော်ချင်လျှင် သစ်ပင်စိုက်ပါစိုက်ပါ ဆိုသော
စကားကြောင့် သီးပင်စားပင်လေးများနှင့် ပန်းပင်များကို သူ့တစ်နိုင် စိုက်ပျိူးနေခြင်းဖြစ်သည်။တကယ်လည်းပျော်ရွှင်ရသည်ဟု
ခံစားရသည်။ သူ၏ကြိုးပမ်းအားထုတ်မှုကြောင့် အသီးအပွင့်အကျိူးအမြတ် မည်မျှပင်ရရှိစေကာမှု သူပျော်သည်။ မက်လည်း
မက်မောသည်။ ထို့ကြောင့်ပင် ဦးဘမြစ်သည် သူ့ဇနီးဆုံးပြီးကတည်းကပင် အိမ်ထောင်မပြုတော့ပဲ တစ်ဦးတည်းသောသမီးကလေး
မငွေမြိုင်ကို ထိန်းသိမ်းရင်း တဖက်ကလည်း အပင်စိုက်ဘာစိုက်နှင့်သူဝါသနာပါရာလေးများကို လုပ်၍ပျော်ရွှင်နေသူဖြစ်သည်။
ဦးဘမြစ်သည် ငယ်စဉ်ကပင် အပူအပင်မရှိ အကြောင့်အကြကင်းစွာ နေခဲ့ရသူဟု ဆိုရမည်။သူတို့မျိူးရိုးက မြေပိုင်ရှင်လယ်ပိုင်ရှင်
ကြီးတွေ။ ခေတ်တွေပြောင်းသွားခဲ့သော်လည်း ဦးဘမြစ်တွင် လယ်တွေ အတော်များများကျန်နေခဲ့သေးသည်။ထို့ကြောင့် သူတို့သားအဖ
အတွက် ပူစရာမလိုပေ…။သူမလုပ်နိုင်သော အခါတွင် စိတ်ချရသူများကို လယ်အငှားချ၍လုပ်စေသည်။ထို့အတွက် လယ်ထောက်ခအပြင်
လယ်ထွက်စပါးများ၏ တစ်ဝက်နီးပါး ကိုလည်းရသေးသည်။ သို့အတွက် စားဝတ်နေရေးသည် သူတို့သားအဖအတွက် ကောင်းစွာ ဖူလုံ
သည့်အပြင် အလှူအတန်းလေးများပင် မကြာခဏလုပ်နိုင်လေသည်။ထို့အပြင် ဦးဘမြစ်သည် သောကပွားတတ်သူ မဟုတ်ပေ။ တစ်စုံ
တစ်ဦးက ကြေကွဲဝမ်းနည်းစရာ ကိစ္စများကို လာပြောလျှင် ဦးဘမြစ်သည် အလိုက်သင့် နားထောင်ပေးပေလိမ့်မည်။အကြံဉာဏ်လေး
ဘာလေးပေးလိမ့်မည်။ သို့သော် သူတစ်ပါး၏ သောကဗျာပါဒများသည် သူ့စိတ်နှလုံးကို ဖိစီးလိမ့်မည်မဟုတ်ချေ။ ထို့အတူ သူ၏သောက
များကိုလည်း တစ်ပါးသူအားပြောပြမည်မဟုတ်ချေ။ သူကိုယ်တိုင်မေ့ဖျောက် ပစ်မည်သာ။ ဦးဘမြစ် ပြောသည့်စကားများတွင် သောက
အရိပ်အငွေ့ကို တခါတရံသာ တွေ့ရတတ်သည်။ ဥပမာဆိုရလျှင် –
“ကျူပ်အခုစိုက်ထားတဲ့ ပန်းပင်လေး တစ်ပင်နှစ်ပင် ပိုးစကိုက်နေတာ တွေ့ရတယ်ဗျာ”
ဟူ၍သာ။ တနည်းဆိုသော် ဦးဘမြစ်သည် အကောင်းမြင်သမားတစ်ဦးပင်။သို့သော် ဖြစ်ခြင်းရှိလျှင် ပျက်ခြင်းလည်းရှိသည်ဟူသော
သဘာဝဓမ္မကိုသူလုံးလုံးအမေ့ခံထားသည်။သူသည် ဖြစ်တည်ခြင်း၊ရှင်သန်ခြင်း စသည်တို့ကိုသာတွေးသည်။ထိုတရားတို့နှင့် ဆန့်ကျင်
ဘက်များကို သူ့စိတ်တွင် အတင်မခံချေ။ သေခြင်းတရားကိုပင်လက်မခံလို။သူ့ကိုသူ ထာဝရရှင်သန်နေမည့်အလား နေ့သစ်တိုင်းကို
ကြိုဆိုလျက်ရှိချေတော့သည်။
ဦးဘမြစ်သည် မြေဆွခက်ရင်းလေးကို ချ၍မတ်တပ်ရပ်လိုက်သည်။ ခါးကအောင့်သွားသည်။ ကုန်းကုန်းကွကွနှင့်သူလုပ်နေသည်မှာ
တော်တော်ကြာသွား၍ ဖြစ်ပေမည်။ သူဆက်မတွေးတော့ပဲ ထန်းကုလားထိုင်လေးရှိရာ လျှောက်လာပြီးခပ်ဖြည်းဖြည်း ထိုင်ချလိုက်သည်။
ဓါတ်ဘူးထဲမှ ရေနွေးကြမ်းကို ခွက်လေးတစ်ခုထဲသို့ ဖြည်းဖြည်းခြင်းလောင်းထည့်သည်။ထို့နောက် ဆေးပေါ့လိပ်ကလေးထုတ်ကာ
မီးညှိ ၍ဖွာလိုက်သည်။ လက်ဖက်ခြောက်ကျကျလေး ခပ်ထားသော ရေနွေးကြမ်းကိုတစ်ငုံစုပ်သောက်ရင်း သူစိုက်ပျိူးထားသော
အပင်လေးတွေကို ကြည့်နေလေသည်။ ကြည့်နေရင်းပင် ဦးဘမြစ်သည် သူ့ဖခင်နှင့်အတူငယ်စဉ်က အပင်လေးတွေ စိုက်ခဲ့ပုံကို
သတိရသွားသည်။ ပျော်စရာငယ်ဘဝကို ရုတ်တရက်သွားတွေးမိသဖြင့် သူ့မျက်နှာတွင် ပြုံးရိပ်ကလေး သန်းသွားသည်။
ထိုသို့ငယ်စဉ်တောင်ကျေးကလေးဘဝက စ၍အတိတ်ကိုပြန်တွေးရသသည်ကို ဦးဘမြစ် သဘောကျသည်။ကလေးဘဝ
အကြောင်းပြန်တွေးမိလျှင် သူကလေး ပြန်ဖြစ်သွားသည်။ လက်ရှိပစ္စုပ္ပန်ကို ခေတ္တမေ့သွားသည်။ကလေးတုန်းက ဦးဘမြစ်နှင့်
ယခုလူကြီး ဦးဘမြစ်သည် ဆက်စပ်နေသည်မဟုတ်ပါလော..။ထိုအတိတ် ကွင်းဆက်ကလေးများကို သတိရစရာ အမှတ်ရစရာ
ကြုံတိုင်း ပြန်လည်တွေးတောနေတတ်ရာ သူ့ဘဝသည် မနေ့တစ်နေ့က မွေးဖွားလာသကဲ့သို့ ခဏမျှသာ ရှိသေးသည်ဟု
ထင်မှတ်လျက် ရှိလေသည်။ ဦးဘမြစ်သည် မငယ်တော့ပါ။သို့သော် သူ့စိတ်သည်ကား နုပျိူလျက်ပင်ရှိသေးသည်။
သူ့ဘဝ သည်လည်း ဘာမျှအဆန်းတကြယ် မရှိလှချေ။ ဒီအရပ်မှာမွေး၍ ဒီအရပ်မှာပင်ကြီးသည်။ သူလိုကိုယ်လို လယ်ယာ
အလုပ်ကလေးလုပ်၍အိမ်ထောင်ကျသည်။ မုဆိုးဖိုဖြစ်ပြီးကလေးတစ်ယောက်နှင့် ကျန်ရစ်သည်။ ထိုမျှသာ။ သူ၏တနေ့တာ
လုပ်ငန်းများသည်လည်း မထူးခြားလှ။ နေ့တိုင်းလိုလို ထပ်တူထပ်မျှသာပင်။မနက်ငါးနာရီဆိုဦးဘမြစ် နိုးနေချေပြီ။ကိုယ်လက်
သုတ်သင်၊အပေါ့အပါးသွား၊ထို့နောက် ဘုရားရှိခိုး။ပြီးလျှင် သူ့သမီးပြင်ဆင်ပေးသော မနက်စာတစ်ခုခုစားသည်။အပြင်ခဏထွက်
လမ်းလျှောက်သည်။ ပြန်လာပြီးလျှင် သူ့စိုက်ခင်းကလေးကို လိုက်ကြည့်သည်။ တခါတရံ သူ့လို လူကြီးများတွေ့လျှင် စကားလေး
ဘာလေး ပြောကြသည်။ရေဒီယိုနားထောင်ချင်ထောင်သည်။ နောက်သူ့စိုက်ခင်းလေးထဲတွင် စိတ်ပါဝင်စားစွာ အလုပ်လုပ်သည်။
ပြီးတော့ နေ့လည်စာစား၍ တရေးတမော အိပ်သည်။ နိုးလာလျှင် စိုက်ခင်း လေးကိုကြည့်သည်။ ရွာထဲခပ်ဖြည်းဖြည်းလမ်းလျှောက်၍
သူတကာ ပြောဆိုကြသော သတင်းပလင်းတွေ နားထောင်သည်။ ပြန်လာပြီးလျှင် ခဏနားသည်။ ကိုယ်လက်သုတ်သင်သည်။
အသက်အရွယ်ကြောင့်ရေတော့သိပ်မချိူးရဲ။ ညစာကိုလည်း ဆန်ပြုတ် ဆွပ်ပြုတ်လောက်သာသောက်သည်။ နောက်ဆုံး ဘုရားရှိခိုး
အိပ်ရာဝင်။
ဦးဘမြစ်သည် စိုက်ခင်းထဲမှထွက်၍ ခြေလက်ဆေးကြောပြီး အိမ်ထဲသို့ဝင်သောအခါ သူ့သမီးမငွေမြိုင်ကို ကလေးတွေ
တရုန်းရုန်းနှင့် တွေ့လိုက်ရသည်။ ကလေးများကို ဈေးမှဝယ်လာသောမုန့်ပဲသွားရေစာများကျွေးနေခြင်းဖြစ်သည်။သူတို့သားအဖ
နှစ်ယောက်သာရှိသော အိမ်ကြီးမှာ ခြောက်ကပ်လှသဖြင့် အိမ်ကိုလာသော ကလေးများကို အားရဝမ်းသာ ကျွေးမွေးရခြင်းဖြစ်သည်။
မငွေမြိုင်ကလည်းအိမ်ထောင်မပြုတော့ပဲ ဖခင်ကြီးကိုသာ ကျွေးမွေးပြုစုနေခဲ့သည်။ ထို့အတွက် အိမ့်ဆည်းလဲ သည်မျှော်လင့်စရာမရှိ
ရပ်ရွာထဲက ကလေးတွေသည်သာ သူတို့သားအဖအတွက် အငှားဆည်းလဲလေးများပင်ဖြစ်သည်။ဦးဘမြစ်ကိုယ်တိုင်လည်း ကလေး
ချစ်သည်။ ကလေးတွေနှင့် ပြောဆို ပေါင်းသင်းဆက်ဆံရသည်မှာ လွတ်လပ်သည်။ ကိုယ့်စကား အရေးမထားလျှင်လည်း မျက်နှာပူ
စရာမရှိ။ လူရွယ်လူကြီးများသည်ဦးဘမြစ်တို့လိုအရွယ်များကို အရေးမထားတော့။ နေရာမပေးတော့။ဦးဘမြစ်သည် ကလေးတွေ
အနား မယောင်မလည်နှင့်သွားရပ်နေရာ ကလေးများက ဘကြီး၊ဘဘ စသည်ဖြင့် တစ်ယောက်တစ်ပေါက် ခေါ်ငင်၍ အရေးတယူ
ကြိုဆိုကြလေရာအဘိုးကြီးဦးဘမြစ်၏ မျက်နှာတွင်ဇရာ၏ သွင်ပြင်လက္ခဏာများ အတော်ပင်လျော့ပါးသွားဟန်ရှိသည်။
ကျေနပ်ပျော်ရွှင်မှုသည် ပီပြင်လာတော့သည်။ မကြာမီပင် အဘိုးကြီးသည် ကလေးများနှင့် စကားလက်ဆုံကျလျက်ရှိပေ၏။
သူသည် ကလေးများကို ပုံတိုပတ်စများ၊သူ၏ကိုယ်တွေ့ အထူးအဆန်းလေးများကို ပြောပြလျက်ရှိရာ ကလေးများ၏
စိတ်ဝင်တစား နားထောင်နေသော မျက်နှာများကို ကြည့်၍ အားရကျေနပ်လျက်ရှိလေတော့၏။ထိုခဏတွင် မငွေမြိုင်သည်
ဦးဘမြစ်အား ထမင်းစားရန် လာခေါ်လေသည်။ ဦးဘမြစ်သည် ကလေးများကို နှုတ်ဆက်၍ ထမင်းဝိုင်းသို့ ထသွားသည်။
ဦးဘမြစ်သည် စိတ်ကျေနပ်မှု အရှိန်ကြောင့်အတော်ပင် ထမင်းမြိန်လျက်ရှိသည်။ သို့သော်သူသည် မည်သည့်အခါမှ တနင့်တပိုး
မစားချေ။ ဝရုံလောက်သာစားသည်။ သူ၏ငယ်စဉ်ကတည်းက အလေ့အကျင့်ပင်။အဘိုးကြီးထမင်းစားပြီးသောအခါ မငွေမြိုင်သည်
သူ့အဖေကိုခေါ်လိုက်သည်။
“အဖေ…”
အဘိုးကြီးသည် တစုံတခု တွေးနေသဖြင့် သူ့သမီးခေါ်သံကို ရုတ်တရက်မကြားပေ။
“အဖေ…”
“ဟင်…ဟေ လုံမလေး ဘာတုန်း”
“ဟို… ကျွန်မတို့ တယ်လီဗေးရှင်းလေး တစ်လုံးလောက် ဝယ်မလားလို့”
ဦးဘမြစ်သည် တယ်လီဗေးရှင်းဟု ခပ်တိုးတိုးသံယောင်လိုက်နေသည်။
“ဟိုဟာလေ အဖေရဲ့…တောင်ပိုင်းက ကိုစိုးမြတို့ အိမ်က ဟာမျိူးလေ…အဖေတောင် အရင်က ဓါတ်ရှင်အသေးစားလေးလို့
ပြောသေးတယ်လေ…အဲ..အဲဒါ”
ယခုမှ သူ့မျက်လုံးထဲပေါ်လာသည်။ ရောင်စုံအရုပ်လေးတွေ လှုပ်ရှားနေသော ဖန်သားပြင်ပါသည့် ပုံးလေး။ တကယ့်အပြင်က
အသွေးအရောင်များအတိုင်း ဖြစ်သဖြင့် ထိုပစ္စည်းလေးကို တအံ့တဩသူငေးကြည့်ဖူးသည်။သူတို့ငယ်ငယ်တုန်းကတော့ ဒါမျိူးတွေမရှိ။
ဇတ်ပွဲတို့လောက်သာရှိသည်။ ထိုခဏမှာပင် ဇာတ်ပွဲအလွန်ကြိုက်သော သူ့အမေကို ဦးဘမြစ်သွားသတိရသည်။ အမေသာရှိလျှင်
ထိုပစ္စည်းလေးကိုသိပ်အံ့ဩပေလိမ့်မည်။ထို့အပြင် ဇာတ်ပွဲသွားကြည့်ရသော အပိုဒုက္ခတွေ ကင်းဝေးပြီး အိမ်မှာပင်အေးအေးဆေးဆေး
ကြည့်နိုင်မည်ဖြစ်၍ သိပ်သဘောကျပေလိမ့်မည်။အမေသည် သူများတကာတွေ ဆိုတာ၊ကတာဇာတ်ထုတ်ခင်းတာကို ကြည့်ချင်ယုံမျှသာ။
ကောင်းခြင်းမကောင်းခြင်းကို အမေမတွက်ချေ။ အစီအစဉ်မျိူးစုံလွှင့်ထုတ်နေသော ဤပစ္စည်းလေးသာဆိုလျှင်။ ဦးဘမြစ်သည်အတန်ကြာမျှ
တွေးနေသဖြင့် မငွေမြိုင်ကဆက်ပြောသည်။
“အဖေ့ ရေဒီယိုက အသံပဲကြားရတာ…အဲဒါဆို အသံရောရုပ်ရော ကြားရမြင်ရမှာ”
ဦးဘမြစ်က သူ့ရေဒီယိုလေးကို အလွန်မက်မောလေသည်။အရပ်ထဲက သူငယ်လေးတစ်ယောက်ထံမှ ပြန်ဝယ်ထားခြင်းဖြစ်သည်။
သို့သော်ဦးဘမြစ်သည် အသစ်အဆန်းဆိုလျှင်အလွန်စိတ်ဝင်စားသည်။ စူးစမ်းချင်သည်။
ထို့ကြောင့်
“အေးပါလုံမလေးရယ်… ဝယ်တာပေါ့… ဒါနဲ့ အဲဒါလေးက စပါးတစ်ရာလောက် ချောမယ်နဲ့တူတယ်ကွယ်…”
“အို ဒါလောက်လည်းမဟုတ်ပါဘူး အဖေရယ်…”
အမှန်တော့ မငွေမြိုင်သည် ထို တယ်လီဗေးရှင်းဟု ခေါ်သည့် ရုပ်သံစက်ကလေး ကိုဝယ်ချင်နေသည်မှာ အတော်ကြာပြီဖြစ်သည်။
မြို့နှင့် အဆက်သွယ်ရှိသော ကလေးတစ်ယောက်အား မေးမြန်း၍ဝယ်ဖို့ပင် ငွေထုတ်ပေးထားပြီးဖြစ်သည်။ သို့သော် ဖခင်ကြီးအား
တိုင်ပင်ရဦးမည် မဟုတ်ပါလား။ တကယ်တမ်းမှာမူ အသိပေးခြင်းသက်သက်သာတည်း။
=====================================
ဦးဘမြစ်သည် ရုပ်သံစက်ကို ကြာကြာမကြည့်ချေ။ အာရုံစိုက်ရသည့်အပြင် ငြိမ်ငြိမ်သက်သက်နှင့် အကြာကြီး
ထိုင်နေကြခြင်းကိုလည်းမနှစ်သက်သောကြောင့်ပင်.။ အဘယ်ကြောင့်ဆိုသော်ဦးဘမြစ်သည် ငယ်စဉ်ကပင်အားအားယားယား
မနေတတ်ချေ။ တစ်ခုမဟုတ်တစ်ခု လုပ်နေတတ်သည်။ ထို့ကြောင့် ရုပ်သံစက်ရှေ့တွင် ကြာမြင့်စွာထိုင်နေရခြင်းမှာ ပျင်းရိလေး
လံစေပြီး ကျန်းမာရေး ထိခိုက်မည်စိုးသဖြင့်အဘိုးကြီးသည် ကြာကြာမကြည့်ချေ။ သို့သော် သူစိတ်ဝင်စားတတ်သည့်နိုင်ငံတကာ
သတင်းများ၊ဟာသဇာတ်လမ်းများနှင့်အခြားသော ဖျော်ဖြေရေးအစီအစဉ်လေးများကိုမူ ခဏတဖြုတ် ထိုင်ကြည့်တတ်လေသည်။
တစ်နေ့သောမနက်ခင်းတွင် ကျောင်းပိတ်ရက်ဖြစ်သဖြင့် ကလေးတစ်စုသည် ဦးဘမြစ်အိမ်တွင် လာရောက် ဆော့
ကစားနေကြသည်။ ထို့ပြင် သူတို့ကြိုက်သော ကာတွန်း အစီအစဉ်မှာဤမနက်ပိုင်းတွင်လာမည် ဖြစ်သဖြင့်ကလေးများသည်
ကာတွန်းကားစောင့်ရင်း ဆော့နေကြလေသည်။ ဦးဘမြစ်တို့ သားအဖသည် ကလေးမျးကို တော်ရုံတန်ရုံဆူပူကြိမ်းမောင်းခြင်း
မရှိချေ…။အလိုလည်းလိုက်သဖြင့် ကလေးများမှာထင်သလိုသောင်းကျန်းနေကြလေတော့သည်။
ဦးဘမြစ်သည် မနက်စာထမင်းကြမ်းနည်းနည်းစားပြီးနောက် ကုလားထိုင်တစ်လုံးတွင်ထိုင်ကာ ကလေးများဆော့နေ
သည်ကို ကြည့်နေလေသည်။ထိုအချိန်တွင် ကလေးနှစ်ယောက်သည်စင်ပေါ်တွင်တင်ထားသော တရုတ်ကြွေပန်းအိုးကိုကြည့်
ကာ မပီမသ ပြောဆိုနေသည်ကို ဦးဘမြစ်ကြားရလေသည်။ သူနားစိုက်ထောင်ကြည့်သည်။
“တက်ပု…အဲဒီပန်းအိုးလေး သိပ်လှတာပဲ”
တက်ပုဆိုသောကလေးသည် ပန်းအိုးကိုသေချာလှမ်းကြည့်ပြီး
“အေးကွ…ခွေးနီရ အိုးပေါ်မှာအရုပ်တွေနဲ့ နဂါးရုပ်လားဘာရုပ်လားမသိဘူး”
ကလေးများသည် ပန်းအိုးကို အလွန်စိတ်ဝင်စားနေလေသည်။ ဦးဘမြစ်သည် ဘာမျှမပြောပဲ ဆက်ကြည့်နေလေ၏။ ထိုအချိန်တွင်
တက်ပုလေးသည်ပန်းအိုးကို စင်ပေါ်မှ ယူရန်ကြိုးစားလေသည်။ ခွေးနီက ခုံတစ်လုံးရှာပေးသည်။ဦးဘမြစ်မဟန့်။ဆက်ကြည့်နေသည်။
တက်ပုက ပန်းအိုးကို မမှီမကန်းလှမ်းဆွဲသည်။ခုံကိုထိန်းပေးထားသော ခွေးနီက တက်ပုကို မော့ကြည့်သည်။ မှီလုမှီခင်ဖြစ်နေသဖြင့်
အားမလိုအားမရဖြစ်ကာသူထိန်းထားသော ခုံကို ဆတ်ခနဲဆွဲလိုက်မိ၏။ ထိုအချိန်တွင် တက်ပုလက်ထဲ၌ ပန်းအိုးမှာ ဖျတ်ခနဲ ပါသွားသည်။
သို့သော် ဟန်ချက်ပျက်သွားပြီး ဖြစ်ရကား အတော်အတန် အလေးချိန် စီးသော ပန်းအိုးလေးသည် တက်ပုလက်ထဲမှချောထွက်သွားချေပြီတည်း။
ဦးဘမြစ်သည် လေထဲတွင် ချာလပတ်လည်နေသော ပန်းအိုးလေးကို လှမ်းကြည့်နေသည်။ ကလေးများကလည်း ပါးစပ်အဟောင်း
သားများနှင့် လိုက်ကြည့်နေကြလေသည်။ ထို့နောက်တွင်ကား ပန်းအိုးလေးသည် ကြမ်းပြင်နှင့်ရိုက်ကာ အစိတ်စိတ်ကွဲသွားလေသည်။
အကွဲအစအနများသည် ကြမ်းပြင်အနှံ့အပြား ပြန့်ကျဲလျက် ရှိတော့သည်။ဆူဆူညံညံ အသံကြားသဖြင့် မငွေမြိုင် မီးဖိုခန်းထဲက
ထွက်လာသောအချိန်တွင် ကလေးများသည် မငွေမြိုင်ကိုဝိုင်းကြည့်နေကြသည်။ တက်ပုနှင့်ခွေးနီကား ပန်းအိုးကွဲဘေးတွင် ထိုင်မလို
ထမလိုဖြစ်နေကြသည်။ မငွေမြိုင်သည်ကလေးများကို တချက်မာန်မဲလိုက်သည်။ တစ်ဖက်တွင်ထိုင်နေသော သူ့အဖေကို
ရုတ်တရက်တွေ့လိုက်သဖြင့်-
“ဟင်…အဖေဒီမှာရှိသားနဲ့ ကလေးတွေကို တစ်ချက်မဟန့်ဘူးလား”
မငွေမြိုင်အသံက အပြစ်တင်သံလေးစွက်နေသည်။ ထို့နောက်ကလေးများကို ဗျစ်တောက်ဗျစ်တောက် ပြောဆိုလျက်ရှိသည်။
ဦးဘမြစ်မှာမူ လေးထဲတွင်လည်နေသော ပန်းအိုးလေးကိုသာမြင်ယောင်လျက်ရှိသည်။ လက်ရာမြောက်၍
လှပသော ပန်းအိုးလေးသည် လေထဲတွင်ရှိနေသော ခဏအထိ သူ့ပကတိအတိုင်း လှပမြဲ။ သို့သော် ကြမ်းပြင်နှင့်ရိုက်ပြီး
အစိတ်စိတ်အမွှာမွှာ ဖြစ်သွားချိန်တွင်မူ သူ့အလှတရားကို စွန့်ရချေတော့သည်။သူ့အသုံးဝင်မူ၊လူတို့အမြတ်တနိုး
ထားမူတို့ကို စွန့်ရချေတော့သည်။ အမှိုက်ဖြစ်သွားချေပြီ။ မျက်စိတမှိတ်အတွင်းမှာပင် ပြောင်းလဲမူကမြန်လှပေသည်။
ဦးဘမြစ်သည် လှပသော အကောင်းပကတိ ပန်းအိုးလေးနှင့်အစိတ်စိတ်ဖြစ်နေသော ပန်းအိုးလေးကို သူ့စိတ်ထဲတွင်
ယှဉ်ကြည့်နေသည်။ ထိုခဏမှာပင် ပုန်းလျှိူးနေသော အကြောက်တရားတမျိူးက သူ့နှလုံးတွင်းမှ စိမ့်ထွက်လာသည်ဟု ခံစားရသည်။
ဦးဘမြစ်သည် အာရုံလွှဲသည့်အနေဖြင့် အပြင်ကိုထွက်လာသည်။ ခြံတံခါးပေါက်မှ ထွက်ခါနီးတွင် သူ့ပန်းခင်းဘက်ကို
ကြည့်ဖြစ်အောင်လှမ်းကြည့်မိလိုက်သည်။ မနေ့တနေ့က ထိုပန်းပင်များသည်ပန်းပွင့်တွေကိုယ်စီနှင့် ဝေစာနေခဲ့သည်။
လှပနေခဲ့သည်။ ယနေ့တော့ ထိုပန်းပွင့်များ မရှိတော့ပြီ ဖြစ်သဖြင့် အရုပ်ဆိုး အကျည်းတန်လျက်ရှိသည်။ ပန်းတွေခူးရောင်းပြီးပြီဖြစ်
၍ ဒီအပင်တွေကိုရှင်းရဦးမည်ဟု ဦးဘမြစ်တွေးလိုက်သည်။ရုတ်တရက်ပင် သူတုန်လှုပ်ရပြန်သည်။ဘာကြောင့် ဒီလိုအတွေးတွေကို
လျှောက်တွေးနေရတာပါလိမ့်ဟု သူ့ကိုယ်သူပြန်မေးမိသည်။
ဦးဘမြစ်သည် တရားရှိသူမဟုတ်သော်လည်း ငယ်စဉ်ကပင် ဘုန်းကြီးကျောင်းတွင် ပညာသင်ကြားလာခဲ့သဖြင့် နားရည်တော့
ဝနေခဲ့သည်။သို့သော် ဝေဖန်သုံးသပ်ဆင်ခြင်ခြင်းကိုမူဘယ်သောအခါမှကပင် မပြုခဲ့ချေ။ အသက်လေးရလာတော့လည်း ဘုရား
သွားကျောင်းတက်လုပ်သည်။ ဥပုသ်စောင့်သည် ပုတီးစိတ်သည်။တရားဆွေးနွေးခြင်းကိုမူမလုပ်ချေ။ ဘာဝနာတရားအားထုတ်ဖို့
ဆိုသည်မှာ ပို၍ပင်အလှမ်းဝေးသည်။ ဘာကြောင့်ဆိုသည်ကိုတော့ သူ့ဟာသူပင် ရေရာစွာမသိချေ။ ဦးဘမြစ်သည် ဟိုတွေး
သည်တွေး တွေးရင်း ရွာပြင်လမ်းလေးကိုရောက်လာသည်။
ထိုလမ်းကလေးမှာ အုပ်ဆိုင်းသည်။မှိုင်းညို့သည်။တဖက်တချက်တွင် မန်ကျည်းပင် ကုက္ကိုလ်ပင် ပိတောက်ပင်
သရက်ပင် စသောအပင်ကြီးများရှိသည်။လမ်း၏ဘယ်ဘက်တွင် ဆုံးစမထင်သောလယ်ပြင်ကြီးရှိသည်။ ထိုလယ်ကွင်းပြင်ကြီးကို
ပျပျသာမြင်ရသော တောင်တန်းများက အနားသတ်ထားသည်။ ထိုမြင်ကွင်း၊ ထိုရှုခင်း တို့သည် သူ့တစ်သက် အပြောင်းအလဲမရှိချေ။
သူငယ်စဉ်တောင်ကျေး ကလေးဘဝမှစ၍ နွားကျောင်းရင်း၊ ငှက်ပစ်ရင်း ထိုရူခင်များကို အမြဲငေးကြည့်ခဲ့ဖူးသည်။ တောင်တန်းပျပျ
၏တစ်ဖက်မှာ ဘာရှိပါလိမ့်ဟု တွေးတောခဲ့ဖူးသည်။ ထိုဝေးကွာသော အတိတ်တို့သည် ပစ္စုပ္ပန်နှင့်တိုက်ရိုက်ချည်နှောင်သွားမိသည်။
လေကလေးတဖြူးဖြူးတိုက်ခတ်လာပြန်ရာ ဦးဘမြစ်၏ ရင်တွင်း၌ ကြည်နူးသောစိတ်သည် တဖြည်းဖြည်း ပြည့်ဝလာတော့သည်။
ထို့နောက်ဦးဘမြစ်သည် အလွန်ကြီးမားသော ပုန်းညှက် ပင်ကြီးကို လှမ်းကြည့်မိသည်။ ထိုအပင်ကြီးသည်လည်းသူ့ဘဝ၏
အမှတ်တရများကိုသိသည့်အလား ယိမ်းနွဲ့ကာ နှုတ်ခွန်းဆက်နေသည်ဟု ထင်လာသည်။ ထို ခဏမှာပင် ဦးဘမြင့်သည် မြစိမ်းရောင်
သစ်ရွက်များကြားတွင် တိတ်တဆိတ် ပုန်းခိုနေသည့် ပုန်းညှက်ပွင့်များကို မသိမသာရှာဖွေလျက်ရှိလေသည်။ထိုပုန်းညှက်ပွင့်များ
ကိုခူးကာမည်သူ့ကို သူပေးခဲ့ပါသနည်း။ ရုတ်တရက် သူ့မျက်နှာတွင် ပြုံးရိပ်ကလေးထင်လာသည်။ ထိုအပြုံးရိပ်သည်သူ၏ငယ်ဘဝ
က ရူးသွပ်မူများကို သရော်ခြင်းပေလော။ သို့တည်းမဟုတ် နှလုံးကြည်မွေ့ဖွယ် အကြောင်းလေးများကိုသတိရမိ၍ပေလော ဆိုသည်
ကို မည်သူမျှ သိနိုင်မည်မထင်ချေ။
အတိတ်၏စိတ်အလျဉ်ကို ပြန်လည်ဆက်စပ်မိသောကြောင့်လည်းကောင်း၊ အတိတ်၏အရိပ်များကိုဖော်ထုတ်ရန်အားပေးနေသော
အတိတ်နှင့်ဆင်တူသည့်ပတ်ဝန်းကျင်အခြေအနေကြောင့်လည်းကောင်း ဦးဘမြစ်၏စိတ်သည် အတိတ်နှင့်ပစ္စုပ္ပန်ကြား လူးလာခေါက်ပြန်
လျက် ရှိလေသည်။ ထို့ကြောင့်သူသည် ကြည်နူးခြင်း၊လွမ်းဆွတ်ခြင်း၊ပျော်ရွှင်ခြင်း စသော ဒေါမနဿ၊သောမနဿ ပေါင်းစုံတို့သည်
လုံးထွေးရောယှက်လျက် ခဏတွင်းမှာပင်မည်သည့်ခံစားမှုဖြစ်ပေါ်နေကြောင်းမသိနိုင်လောက်အောက်ပင်တည်း။
ဤသို့ဖြင့် ဦးဘမြစ်သည် ရွာထဲသို့ပြန်လျှောက်လာလေသည်။ သို့သော်သူသည် လက်ရှိဘဝနှင့် ရုတ်တရက်ကင်းကွာနေ
သကဲ့သို့ ဖြစ်နေသည်။ အကြောင်းမှာ သူ့ရှေ့တွင်လျှောက်လာသော လူတစ်ယောက်သည် သူ့မိတ်ဆွေသူငယ်ချင်းတစ်ယောက်ပေလားဟု
အသာရပ်ကာ စူးစိုက်ကြည့်နေသည်။ ဦးဘမြစ်သည် နေရောင်ကို လက်ကလေးနှင့်ကာကာ ကြည့်ရင်း ထိုလူမှာသူထင်သောလူဖြစ်ကြောင်း
သေချာသွားလေသည်။ ( အမှန်မှာ ထိုလူသေဆုံးခဲ့သည်မှာ နှစ်အတန်ကြာခဲ့ချေပြီ)ဦးဘမြစ်သည် ပြုံးလိုက်ပြီးတစုံတခုပြောရန်ဟန်ပြင်လိုက်
သည့်ခဏမှာပင် ထိုလူက သူနှင့် လေးငါးပေအကွာသို့ ခပ်မြန်မြန်ရောက်လာသည်။ ဦးဘမြစ် မျက်မှောင်ကျူံ့သွားသည်။ ထိုလူသည်
သူ့မိတ်ဆွေမဟုတ်။ ထို သူထင်မြင်သော သူ့မိတ်ဆွေနှင့် လုံးဝပင် ရုပ်ချင်းမဆင်သည့် ရွာထဲမှ လူငယ်လေးတစ်ယောက် ဖြစ်နေသဖြင့်
ဦးဘမြစ် အံ့အားသင့်သွားသည်။ ဘယ်လိုဖြစ်ပါလိမ့်၊သူ့မျက်လုံးတွေ မကောင်းတော့ပြီလော ဦးဘမြင့်သည် ထိုလူငယ်လေးကို
မှတ်မိသွားပြီဖြစ်သော်လည်းနာမည်ကိုမူ ရုတ်တရက်မေ့သွားသကဲ့သို့ စဉ်းစားမရဘဲ ဆွံ့အလျက်ရှိလေသည်။ ထိုလူငယ်လေးက-
“ဘဘကြီး … ဘယ်ကပြန်လာတာလဲ”
“ဪ … ဟိုဘက်ကပါကွာ…”
ဦးဘမြစ်က ပြီးစလွယ်ပင် သူလာခဲ့ရာလမ်းကို မေးထိုးပြလိုက်သည်။
“ဪ …ဒါနဲ့ဘဘကြီးရေ ဦးလေးခင်တစ်ယောက်ဆုံးသွားလို့တဲ့…အဲဒါကျွန်တော်သွားကူမလို့…”
“ဘယ်ကဦးလေးခင်လဲကွ…”
“ဟာ..ဘဘကြီးကလည်း ဦးလှခင်လေ…သူက XXXXXXXXXXX XXXXXXXXXX ”
သူသိသွားပြီ…ထိုလူငယ်လေးမှာ ရွာထဲတွင် သာရေးနာရေးမှန်သမျှကို ကူညီတတ်သူ ဖိုးကျော်သူ ဆိုသောကောင်လေးဖြစ်သည်။
ယခုဆုံးပြီးဆိုသော ဦးလှခင်ကိုလည်းသူကောင်းကောင်းသိသည်။ဦးလှခင်၏ အဖေအမေအဘိုးအဘွား အားလုံးကိုသူသိသည်။
ထိုခဏမှာပင် သူအတိတ်ကိုပြန်တွေးမိပြန်လေသည်။ ထိုအခါမှ ဦးလှခင်တော်တော်ငယ်သေးကြောင်း စဉ်းစားမိသည်။ နေမယ်ဆို
အများကြီးနေလို့ရသေးတာပဲ ဟု တွေးမိသည်။ယခုဆုံးရှာပြီတဲ့။ တတိယအကြိမ်မြောက်တုန်လှုပ်ရပြန်သည်။ ဒီနေ့မှ ဘယ်လိုဖြစ်
တယ်မသိဘူးဟု စိတ်ထဲတွင် ပြောလိုက်မိသည်။စိတ်ရှုပ်ထွေးစွာဖြင့် အိမ်သို့ဦးဘမြစ် ပြန်လာသည်။ အိမ်ထဲမှာ တိတ်ဆိတ်နေ
သည်။ ကလေးတွေလည်းမတွေ့ရပေ။ သူထိုင်နေကျ ထန်းကုလားထိုင်ပေါ်မှာထိုင်ချလိုက်ပြီး ဆေးလိပ်ခွက်ကိုလှမ်း ဆွဲသည်။
ဆေးလိပ်တစ်လိပ်မှ ကောင်းကောင်းမရှိဖင်စီခံနားရောက်နေသည့် အတိုလေးတွေသာရှိသည်။ ဘာမှန်းမသိပဲ
သူစိတ်တိုချင်လာသည်။ သူ့သမီးကိုအော်ခေါ်လိုက်သည်။
“လုံမလေးရေ…သမီး…
….. …………………..
ဟဲ့…ငွေမြိုင် ”
မငွေမြိုင် အပြေးရောက်လာသည်။ နောက်သူ့ဖခင်ကို-
“အဖေ ဘာဖြစ်လို့လဲ…”
“အဖေ့ကို ဆေးပေါ့လိပ်သွားဝယ်ပေးစမ်းကွယ်”
“ဟင် အဖေကလုပ်ပြီ…ဆေးလိပ်တွေ သိပ်မသောက်ပါနဲ့ဆိုတာကို ပြောမရဘူး…
မနက်ကလည်းသောက်သွားသေးတယ်မဟုတ်လား အဖေအသက်ရွယ်နဲ့အဲဒါတွေ
မကောင်းဘူး…ကျန်းမာရေးထိခိုက်မယ်….XXXXXXXXXXXXXXXXXXXXXXXXX”
ဦးဘမြစ်သူ့သမီးမျက်နှာကိုစိုက်ကြည့်လိုက်သည်…။မငွေမြိုင် ထထွက်သွားသည်။ ဒါတောင် မကြားတကြားပြောနေတုန်း။
ဦးဘမြစ်မျက်လုံးတွေကို မှိတ်ထားလိုက်သည်။ ယနေ့အဖြစ်အပျက်တွေက စိတ်ထဲရောက်လာသည်။ ထိုအတွေးတွေကို မောင်း
ထုတ်လိုက်ပြီး အခြား တောင်တောင်အီအီ လျှောက်တွေးနေသည်။မရပေ။ ခံတွင်ချဉ်လာသည်။ ဆေးလိပ်ကို အလွန်တောင့်တ
လာသည်။သူ့သမီးပြန်မလာသေး။ ဦးဘမြစ်တစ်ယောက်စိတ်တိုလာသည်။ ဆေးလိပ်သောက်လို့ ကျန်းမာရေးထိခိုက်တာ
သူသိသည်။ သို့သော် အာသာပြေလေးမှ မသောက်ရလျှင်တော့ပိုအသက်တိုလိမ့်မည်ဟု ဦးဘမြစ် ယူဆသည်။
ဒါကလည်း သူ့အယူအဆသက်သက်သာ။ အမှန်တော့ ကျန်းမာရေးထိခိုက်မှာစိုးသဖြင့် ဆေးပေ့ါလိပ် တစ်လိပ်ကို
နှစ်ရက်လောက်သောက်သည်။ တွေးရင်းပင် ခံတွင်းပိုချဉ်လာသည်။
အတန်ကြာတော့ မငွေမြိုင်ပြန်လာသည်။ ဦးဘမြစ်မှာ မျှော်ရသူဖြစ်သဖြင့် ပိုကြာသည်ဟု ထင်လေသည်။ ဆေးလိပ်ကိုလှမ်းယူရင်း-
“လုံမလေးတို့များ သွက်သွက်လက်လက်ကိုမရှိပါ့လား…နှေးတုံ့နှေးတုံ့နဲ့ ….
အရင်ကဒီလိုမဟုတ်ပါဘူး …. ဘယ့်နှယ့်ကွယ် ဆေးပေါ့လိပ်လေးဝယ်ခိုင်းတာ
ဒီလောက်ကြာရလား…”
မငွေမြိုင်သည် သူ့ဖခင်ကို ပါးစပ်ဟကာ တအံ့တဩကြည့်နေလေသည်။ ပြီးမှ-
“အောင်မလေး အဖေရယ်…အဖေ့အသက်က ဘယ်လောက်တုန်း..ဟင်…သမီးအသက်ကဘယ်လောက်တုန်း
ခု အဖေက ကိုးဆယ့်ခွန်ထဲမှာ … နော် … သမီးက နောက်နှစ် နှစ်ဆို ရှစ်ဆယ်ပြည့်တော့မှာ …အဖေရဲ့
အောင်မလေး ဒီအသက်ဒီအရွယ်က ဘယ်မှာလာပြီး ဖျတ်လတ်တော့မလဲ…ဟင်…ဘယ်လိုလုပ်ပြီး သွက်လက်
တော့မှာလဲ…XXXX XXXX XXXX”
ဦးဘမြစ်သူ့သမီးပြောသံကို မကြားတစ်ချက် ကြားတစ်ချက်ဖြစ်နေသည်။ စတုတ္ထအကြိမ်မြောက် တုန်လှုပ်ခြင်းတွင်မှု
သူ့စိတ်နှလုံးအတွင်းတွင် ဖိနှိပ်ထားခဲ့သော ဇရာ၊ဗျာဓိ၊မရဏတည်းဟူသောတရားတို့သည် ပွင့်ကန်ထွက်လာခဲ့လေသည်။
ဦးဘမြစ်သည် ဆေးပေါ့လိပ်ကိုကိုက်ကာ ငေးငိုင်နေတော့သည်။
23 comments
မောင်ဘလိူင်
July 21, 2011 at 11:52 am
စာကြောင်း စီတာ ကို ့ရိုးကားယားတွေ ဖြစ်ကုန်တယ်။ သည်းခံပြီး ဖတ်ကြပါဗျာ..။
ogre
July 21, 2011 at 1:19 pm
ကောင်းလိုက်တဲ့အရေးအသားဗျာ
ဖတ်ရင် ဦးဘမြစ် ကိုမျက်လုံထဲမှာပုံပေါ်လာစေတယ်
pan pan
July 21, 2011 at 1:51 pm
လုံမလေးဆိုလို့ ၁၅၊ ၁၆ မြီးကောင်ပေါက်လေးမှတ်ပါတယ်
အသက်အတော်ရပြီကိုး
တယ်လီဗေးရှင်းလိုချင်လို့ မြို့နဲ့အဆက်အသွယ်ရှိတဲ့“ကလေး”ဆိုလို့ နည်းနည်းထူးဆန်းနေလို့
ခုမှ “အော်….ဂလိုကိုး” ဆိုတာမျိုး
moethidasoe
July 21, 2011 at 1:54 pm
ကောင်းချက်က ဇာတ်ဆုံးခါနီးမှ ၉ရ ၇၈ ဆိုတာ ရောက်မှ ဪ .. မေ့တတ်တာ .. မျက်စိမှုန်တာ .. ဒါကြောင့်ကိုးလို့ .. တချက်က ၉ရ အထိ ဆေးလိပ်သောက်တုန်း .. ဘာမှ သိပ် မဖြစ်သေး ဆိုလို့ တခြားလူတွေ လိုက်လုပ်မှာတော့ စိုးရိမ်တယ်
မောင်ဘလိူင်
July 21, 2011 at 2:03 pm
တကယ့်အဖြစ်ကို စိတ်ကူးလေးနည်းနည်းစွက်ပြီး ရေးပါတယ်။
ကျွန်တော်တို့ ရွာမှာ တကယ်ရှိခဲ့တဲ့ အဘိုးကြီးပါ။ ကျွန်တော့်
အဘွားရဲ ့ဦးလေး တစ်ယောက်ဆို အင်မတန် ပေတေ နေခဲ့တာ။
ဒါပေမဲ့ အသက် ကိုးဆယ်ကျော်မှ ဆုံးတယ်။
hmee
July 21, 2011 at 3:11 pm
ဖတ်လို့ ကောင်းတယ်။ သားအဖနှစ်ယောက်ပုံစံ မြင်မိတယ်။ စိတ်ထဲမှာ အဖိုးကြီးက ၅၀၊၆ဝ လောက်ပေါ့ သမီးကတော့ ၃ဝကျော် အပျိုကြီးလောက်တွက်တာ နောက်ဆုံးမှ အော်..ဆိုပြီး ။
meelay
July 21, 2011 at 3:54 pm
ပေပေတေတေနေတဲ့သူတွေက ပိုပြီး အသက်ရှည်တတ်ကြတယ် ………. 🙂
နွယ်ပင်
July 21, 2011 at 4:03 pm
ဇာတ်လမ်းကို ရေးထားတာ ဖတ်လို့ကောင်းတယ် အဆုံးရောက်မှ လုံမလေးအသက်က ကိုရေးပြထားတာလဲ ကောင်းပါတယ် …
taicun
July 21, 2011 at 6:56 pm
အေးဗျာ..၊ဇရာအကြောင်းရေးထားတာဘုန်းကြီးတရားနဲ ့တောင်ကောင်းပါတယ်၊
ဒါနဲ ့..ဆေးလိပ်အကြောင်းပါလို ့ မော်စီတုန်းရဲ ့ သမိုင်းကားတွေထဲမှာသူဟာဆေးလိပ်နဲ ့ပါးစပ်
ပြတ်တယ်လို ့ကိုမရှိဘူး၊ဒါပေမယ့်သူအသက်တော့မတိုဘူး၊ကျနော့မှာဖြင့် တခါတလေ တနေ ့ကို
တဗူးလောက်သောက်မိရင်သေမလားအောက်မေ့ရတယ်၊
unclegyi1974
July 21, 2011 at 10:37 pm
ဇာတ်သိမ်းမှအသက်အမှန်ရေးလို်က်တာက
ဒီဇာတ်လမ်းရဲ့ဝှက်ဖဲလို့ပြောချင်ပါတယ်
လှပါတယ်
ဆူး
July 21, 2011 at 11:05 pm
တကယ် ရှိတဲ့ အဘိုးကြီး ဆိုရင် အသက်ရှည်တယ်နော်..
ကြောင်ကြီး
July 22, 2011 at 8:15 am
ကောင်းလိုက်တဲ့စာဗျာ။ အကျွနုပ်ကြောင်ကြီးလဲ လူ့ဘဝကြီးကို သက်တမ်းပြည့်နေရမယ်ဆိုရင် ဦးဘမြစ်လို ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာစွာ ဖြတ်ကျော်သွားရပါလို၏..။
True Answer
July 22, 2011 at 9:06 am
အားပေးပါတယ်ဗျို့။ ဆရာကြီး ရွှေဥဒေါင်း၊ ဒဂုန်ရွှေများတို့ ရေးဟန် နဲ့ တူတယ် ထင်ပ။
weiwei
July 22, 2011 at 10:22 am
ဇာတ်လမ်းအဆုံးသတ်လေးကောင်းတယ် …
aungnng87
July 22, 2011 at 12:32 pm
တယ်ကောင်းတဲ့အရေးအသားလေးဘဲ။စာရေးဆရာကြီးဖြစ်သွားရင်ရွာသားတွေကိုမမေ့ရဘူးနော်။
Khon Yenaung
July 22, 2011 at 3:55 pm
ဖတ်လို့ ကောင်းပါတယ်။အရေး အသားလဲ ကောင်းတယ်။
အဖေ(၉၇) သမီးက (၈၀) ဆိုတော့၊ တောသဘာဝ (၁၆)နှစ်မှာ အိမ်ထောင်ကျ၊ (၁၇)နှစ်မှာ ကလေးအဖေ ဖြစ်တာကိုး။
(၉၇)အထိ တစ်ယောက်တည်း ရွာရိုးလျှောက်နိုင်တုန်း၊ စိတ်ကူးယဉ်နိုင်တုန်း၊
ဆေးလိပ် သောက်တုန်း။ တီဗွီ ကြည့်တုန်း တဲ့လား။
နဲနဲ တော့ လျှော့ပါအုန်း။
ဗမာပြည် စံနှုန်း နဲ့ မကိုက်လို့ပါ။
မောင်ဘလိူင်
July 25, 2011 at 12:00 pm
ဗမာပြည် စံနှုန်းနဲ ့ဘယ်လို မကိုက်တာလဲ ခင်ဗျာ..
ကို ခွန်ရဲနောင် လုပ်ပါဦး။ ကျွန်တော်က တစ်ကယ့်အဖြစ်နဲ ့စိတ်ကူးကွန် ့မြူးတာလေး
ပေါင်းစပ်လိုက်တော့ အိုဗာများ နည်းနည်းကျသွားသလား မသိဘူးနော်..။
Mr. MarGa
October 30, 2014 at 5:29 pm
အဆုံးကို ရောက်မှ
ဪ…. လို့ ဖြစ်သွားတယ်
🙂
Ma Ma
October 30, 2014 at 10:45 pm
ဒီပိုစ့်ကို ဖတ်ဖူးတယ်။
ဘယ်တုန်းက တင်တာလဲ၊ ဘယ်သူရေးတာလဲ မသိပေမယ့် အကြောင်းအရာကို မှတ်မိနေတယ်။
အမေရှိတုန်းက သားအမိတွေ အဲလိုကိစ္စမျိုး မကြာခဏဖြစ်တတ်လို့
အမေ့ကိုတောင် ဒီပိုစ့်အကြောင်းပြောပြဖူးသေးတယ်။
kyeemite
October 31, 2014 at 1:33 pm
.သိပ်ကိုကောင်းတဲ့ဝတ္ထူလေးပဲဗျ…သဘာဝလည်းကျတယ်
.ကျုပ်လည်းတစ်ယောက်တွေ့ဖူးသဗျ..သူငယ်ချင်းရဲ့အဖိုး
.ကျုပ်တွေ့တုန်းက ၈၅လောက်ရှိရောပေါ့..ကိုယ်တိုင် ကိုင်းထဲဆင်းထွန်ယက်တုန်း..ကျန်းမာပါ့
.တောတောင်တွေထဲနေလို့ပိုကျန်းမာပုံရတယ်…စားတော့လည်းခြံထွက်သီးနှံလပ်လပ်ဆတ်ဆတ်ပေကိုးဗျ
.အသက်ကြီးလာရင်တော့အဲ့လိုနယ်ဖက်မှာခြံလေးဝန်းလေး .သစ်ပင်ပန်းမာလ်လေးတွေစိုက်ရင်းနေချင်လှသဗျာ
.ဒီပို့စ်လေးကို တင်တုန်းက ဘယ်လိုကျော်သွားတယ်မသိ..ခုမှပြန်ဖတ်ရတယ်…ဗရာဗိုပါကိုဘလှိုင်ရေ 🙂
မောင်ဘလိူင်
October 31, 2014 at 4:56 pm
ကြာလှပါပကော ဦးလေးမိုက်ရေ..ဇူလိုင် ၂၁ရက် ၂၀၁၁ လို့ ပို့စ် မှာ ထိုးထားသဗျ..။ ကွ ျန်တော်တော့ သေချာ မမှတ်မိ
တော့ဘူး။
manawphyulay
November 1, 2014 at 10:14 am
အင်း အရေးအသားကတော့ အတော်ကောင်းတယ်။ ပြောရရင် ဆင်ဖြူကျွန်းအောင်သိန်းရဲ့ ရေးနည်းရေးဟန် ပုံစံမျိုးပါပဲ။ ဒါပေမယ့် တောဓလေ့ တောစရိုက်ကို ပုံဖော်ရမှာ လုံမလေး ခေါ်တာ အဆင်ပြေပေမယ့် ရှေးခေတ်ရဲ့မူကို တောပုံစံရေးမယ်ဆိုရင်တော့ အဖေဆိုတဲ့အသုံးအနှုန်းနဲ့ အဘဆိုတာ ပိုပြီး ဖတ်ရတာ အာတွေ့ပါတယ်။ အမေကို အမလို့ သုံးနှုန်းတာလည်း တောရဲ့ဓလေ့တစ်ခုပါပဲ။ တောရွာတွေမှာ ခုချိန်ထိ အဖေကို အဘ၊ အမေကို အမလို့ သုံးစွဲနေဆဲပါပဲ။
ကိုဘလှိုင်ရေ… စိတ်မဆိုးနဲ့နော် စိတ်ထဲရှိတာလေး ချပြကြည့်မိတာပါရှင်။
အလင်းဆက်
November 1, 2014 at 7:09 pm
စာကသာ ဆုံးသွားတယ်…
အတွေးစလေးက…ဆက်သွားနေတယ်…
အခုမှ ဖတ်ဖြစ်လေခြင်း….