လို၏…….မလို၏….
“လို၏ မလို၏ ”
သဘောကျသည်။ ကြိုက်သည်။ ဒီထက်ပိုပြောရမည်ဆိုလျှင်ဖြင့် အတုခိုးစရာ အတုယူစရာများ အပြည့်ရယ်။ နောက် ….နှစ်ခြိုက်စရာလေးများ တွေ့လျှင်ဖြင့် လိုက်၍ တုပ တတ်သည်။
ထို့ကြောင့်…..
”မင်းဟာ လွန်ကိုလွန်လွန်းတယ်ကွာ” ဟု မောင်က လေးခင်ကို ပြောတတ်သည်။
တခြား အခြားသော သူများကဖြင့် မည်သည့် အကြိုက် အမျိုးမျိုး၊ ဘယ်လို နှစ်သက်ပုံဖြင့် ကြည့်ကြသည်ကို လေးခင်မသိ။ လေးခင်အနေဖြင့် အိမ်တွင်း အလှဆင်မှု ၊ သပ်ရပ်မှုများ အတုယူစရာ များလွနိးသောကြောင့် ကိုရီးယားကားကို ကြည့်ဖြစ်သည်။ ရုပ်ရှင်၊ ဇာတ်လမ်းတွဲ မည်သို့သော ဇာတ်ကားဆိုစေ ချမ်းသာသူ၊ လူလတ်တန်းစား၊ နောက်ဆုံး ဆင်းရဲသူဖြစ်စေ အိမ်တွင်းပြင်ဆင်မှုများသည် သန့်ရှင်း သပ်ရပ်လှပေသည်။
လေးခင်ချီးကျုးလေတိုင်း မောင်က ရီတတ်လေသည်။ နောက်….ရုပ်ရှင်ထဲမှာမို့ ဆက်တင်တွေ နေမှာပါကွာဟု ပြောတတ်ပြန်လေသည်။ ဒါကို လေးခင်သည် မကျေနပ်၍ အမြဲခွန်းတုန့်ပြန်ဖြစ်သည်။
“မဟုတ်ဘူးမောင်….သူတို့ ရုပ်ရှင်တွေထဲမှာ လူကြီးလူငယ် အိမ်မှာ နေတဲ့ အခန်းဆို အဝတ်လေးနဲ့ တခုမဟုတ်တခုကို သုတ်နေတတ်တာ။ ဒါ တကယ်မဟုတ်ပဲတော့ ရုပ်ရှင်တိုင်း မပါလောက်ဘူး။”
အေးပါကွာဆိုတဲ့ သဘောနဲ့ မောင်က စကားနည်းရန်ဆဲ ခေါင်းတငြိမ့်ငြိမ့်နဲ့ ပြုံးနေတတ်သည်။
လေးခင် ဘယ်လောက် သဘောကျသလဲဆိုသည်မှာ လိုက်၍တုပ ပြင်ဆင်တတ်သေးသည်။
“မင်းဟာကလည်းကွာ နေရာတွေ ပြောင်းပြန်ပြီ မျက်စိလည်တယ်ကွ” ဟု မောင်က တခါတလေ ငြိုငြိုငြင်ငြင် ပြောတတ်တာကို စိတ်ကောက်ချင်ပေမဲ့ အိမ်ကို အလည်လာတတ်သူများက တခါလာတိုင်း မျက်စိမရိုးဘူး။ အမြဲ ဆန်းသစ်ပြီး နေချင်စရာလေးဟူသော စကားကို နှစ်ခြိုက်ကာ မောင့်စကားကို လစ်လျှုရှုပြစ်လိုက်နိုင်လေပြီ။
“ရူးကို ရူးလွန်းပါတယ်ကွာ” ဟု မောင်က လေးခင်ကို ထောပနာပြုပြန်လေသည်။
မိတ်ဆွေ အပေါင်းအသင်း အိမ်များသို့ အလည်အပတ် ရောက်ဖြစ်ခဲ့လျှင်သော်မှ အတုခိုးစရာများရှိလျှင် အတုခိုးမြဲ။ သပ်ရပ်လှပသော အိမ်များက ပြန်လာပြီ ဆိုမှဖြင့် တဖွဖွ ချီးကျူးတတ်သည်မှာ သုံးလေးရက်နှင့်မပြီး။
“မင်း အသန့်ကြိုက်တာတော့ ဟုတ်ပါတယ်ကွာ။ အခုဟာက လွန်လွန်းနေပြီ”ဟု မောင် ပြောတုန်းက စိတ်ဆိုးလိုက်တာ။ ဘာမှ မလုပ်တော့ဘူးဟု စိတ်ထဲတွင်တေးထားပေမဲ့ နောက်တော့လည်း မနေနိုင်ပြန် လုပ်မြဲ အတုခိုးမြဲပင်။
ကျျွန်မ ဗီဇကိုယ်က အိမ်လေးကို လှလှပပ သပ်သပ်ရပ်ရပ် နေချင်တာ ဖြစ်ပေမည်ဟု ကျွန်မ ထင်ခဲ့သည်။ သည်နောက်ကွယ်က အရာကို ကျွန်မ မေ့နေခဲ့သည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သည်နေ့မနက် အစောကြီးနိုးသည်။ အမှန်ဆိုလျှင် ညကတည်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ပါ။ ခရီးထွက်ရမည်မို့ ရထားအချိန်မမှီမှာ စိုးရိမ်ကာ စိတ်တထင့်ထင့်နှင့် အိပ်ရသလိုမျိုးနှင့်ဆင်တူသည်။ အိပ်မပျော်မဲ့ အတူတူ ဆက်၍ အိပ်မနေပဲ ခပ်စောစောပဲ အိပ်ရာထဖြစ်သည်။ ဘာမှ ထူးခြားသည့် အကြောင်း မဟုတ်ပါပဲနှင့် လေးခင်တယောက် တမနက်လုံး စိတ်စောနေသည်။ ညနေခင်းကို ဖြင့် ရောက်ချင်လှပေပြီ။
ပြီးခဲ့သည့် အပတ်က မြို့ထဲတွင် ငယ်သူငယ်ချင်းနှင့် အမှတ်မထင် ဆုံဖြစ်သည်။ ကျောင်းပြီးကတည်းက အဆက်အသွယ်ပြတ်ခဲ့ရသူမို့ ဝမ်းသာမဆုံးခဲ့ပါ။
ခဏလေး တွေ့ခဲ့ရသည်မို့ ပြောစရာ စကားများ မကုန်နိုင်အောင်ပင်။ ကိုယ့်ကိစ္စနှင့်ကိုယ် သွားစရာ ကိုယ်စီမို့ အားလပ်ရက်တွင် ဆုံရန် ချိန်းဖြစ်ခဲ့သည်။ နေရာက သူတို့ လင်မယားနှစ်ယောက် နေထိုင်ရာ အိမ်တွင်ဖြစ်သည်။
နုနုငယ်ဆိုသော နာမည်လေးနှင်လိုက်အောင် ဖြူဖွေး နုဖတ်ကာ လှပသူရယ်။ တင်ပါးကျော်ကျော် ရှည်သော ဆံပင်နှင့် လေးခင်တို့ ကျောင်းသူ ဘဝတွင် ခောတ်စားသော ဇောင်းပါတိတ် ရောင်စုံဖြင့် တနေ့တမျိုး မရိုးအောင် ကျော့ရှင်းလှပသူ။ အဝတ်အစား အရောင်နှင့် လိုက်ဖက်အောင် ခြေသည်း လက်သည်းကိုပါ တနေ့တမျိုး မရိုးအောင် မပျင်းမရိ ပြင်ဆင်တတ်သူမို့ သူ့အိမ်လေးသည်လည်း သူ့လိုပင် လှပသပ်ရပ်နေမှာ သံသယ ဝင်စရာကိုပင် မလိုအပ်ချေ။
မိမိအိမ်လေးကို အမြဲ သပ်ရပ်အောင် ကြိုးစားနေတတ်တဲ့ လေးခင်အတွက် သူ့ အိမ်လေးမှာ အတုယူစရာ အများကြီးရှိမှာပဲဟု တွေးရင်း ရင်ခုန်ရတာ အမော။
နုငယ်အိမ်လေး ဘယ်လောက်များ လှပနေလိုက်မလဲလို့ သိချင်မြင်ချင်စိတ်ဖြင့် တမနက်လုံး နုငယ်အိမ်ကို သွားဖို့ စိတ်စောနေခဲ့သည်။ ကြုံတောင့်ကြုံခဲ တက္ကသိုလ် တက်စဉ် တလျှောက်လုံး တွဲခဲ့သော သူငယ်ချင်းများနှင့်ပါ ဆုံရမည်မို့ တွေ့ချင်စိတ်ဖြင့် ရင်ခုန်လှပေသည်။ တမနက်လုံး အယောင်ယောင် အမှားမှားမို့ ဘာဖြစ်နေတာလဲဆိုတဲ့ မောင့် မျက်လုံးကို မကြာခဏ ဆုံဖြစ်သည်။ တွေ့ချင်လှပေပြီ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နုငယ်တို့ အိမ်သည် စည်ကားတဲ့ ရပ်ကွက်ကြီးတခု၏ လမ်းမကြီးဘေးမို့ အတော်ကို စည်စည်ကားကားရှိလှသည်။ လေးထပ် ကန်ထရိုက်တိုက်၏ လေးထပ်မှာ။ လှပသော ဝရန်တာလေးနှင့်မို့ နေပျော်စရာလေးပဲဟု မော့ကြည့်ရင်း တွေးမိသေးသည်။ အိမ်နားသိုံ နီးလေ ရင်ခုန်သံ မြန်လာ၍ လက်နှင့် ဖိထားရသည်။ လှေကား အတက်တွင် ခြေလက်များ တုန်နေ၍ မောင့်လက်ကို တွဲယူထားရသည်။
အထင်နဲ့ အမြင် ပါစင်အောင် လွဲပြီဟု သိလိုက်ရချိန်သည် ဖိနပ်ချွတ်တွင်ဖြစ်သည်။ ပြန့်ကျဲနေသော ဖိနပ်တွေ အောက်က မလှည်းတာ ကြာပြီဟု သက်သေခံနေသော သဲတွေ။ မသိမသာ သက်ပြင်းချရင်း အရင်လို လှမြဲ လှလျှက်ရှိဆဲ ကြိုနေသူကို ပြုံး ပြမိသည့် အပြုံးသည် ပီပြင်မှာတော့ မဟုတ်ချေ။ လေးခင်တို့ကို ဧည့်ခန်းတွင် နေရာချပေးပြီး နုငယ်တယောက် အနောက်ဖက်ကို ဝင်သွားပြီး မကြာမီ နုငယ် အမျိုးသားထွက်လာကာ မောင်နှင့် လေးခင်ကို ဧည့်ခံလေသည်။ အမျိုးသားနှစ်ယောက် စကားကောင်းနေစဉ် အိမ်ထဲကို မျက်စိအဝေ့မှာ အရာရာ စနစ်မကျ သည်မှာ သိသာလှပေသည်။ အိမ်အောက်မှ ကြည့်စဉ်က လှပနေသော ဝရန်တာသည် အခုမြင်ကွင်းမှာတော့ ဘာတွေမှန်းမသိ။ ဗရဘွေသတ်လို့။ အမည်းရောင် တီဗွီသည်လည်း လက်ရာတွေ အပြည့်။ ဖုန်မသုတ်တာပဲ ကြာ၍လား သုတ်ကိုပင် မသုတ်သည်လား။ EVD စက်ရှေ့ ကြမ်းပြင်တွင် အခွေတွေ ပြန့်ကျဲလျှက် တချို့ဆိုလျှင် အဖုံးတခြား ကိုယ်ထည်တခြားတွေ။ မီးကြိုးတွေသည်လည်း တို့လို့တန်းလန်း။ ကျလုလု စောင်းနေသော စားပွဲတင် ပြက္ခဒိန်။ အိမ်ရှင်တော့ မသိ လေးခင်မှာတော့ ကြည့်ရင်း အသက်ရှုကျပ်လာတော့သည်။
မျက်စိရှေ့ အခန်းထဲက ကြိုးတန်းမှာ တို့လို့တွဲလန်းကျနေတဲ့ အဝတ်တွေ။ ဒါတွေကို ကြည့်ရင်း လေးခင်တယောက် အမေ့ကို မြင်ယောင်လာမိသည်။
“ကြည့်စမ်း မိလေးခင် ညည်း ဒီလောက် ရှုပ်ပွေနေတာကို နေနိုင်တယ်၊ အခုထစမ်း သိမ်းစမ်း”
အခန်းထဲဝင်လာလာခြင်း ပါးစပ်ကလည်း ပြော လက်မှလည်း တဆက်တည်း ဖြိုးဖြိုးဖျတ်ဖျတ် သိမ်းသွားသည်မှာ မြန်လှပေသည်။ တခါတခါ လေးခင် တွေးမိတတ်သည်။ အမေ အလုပ်လုပ်နေသည်မှာ အလုပ်လုပ်သည်နှင့်ပင်မတူ ကနေသလိုပင် သေသပ်ကာ ကြည့်လို့လှနေတတ်သည်။
“မိန်းခလေးတဲ့ နေနိုင်တယ် နေတတ်တယ်။ မိန်းခလေးဆိုတာ အရာရာသေသပ်နေမှ။ မျက်နှာ သနပ်ခါး ပေါင်းချေးကြောင်းနဲ့ မဖြစ်စေနဲ့။ အပေါ်ယံ ရွှေမှုန့်ကျဲဘဝ မဖြစ်စေနဲ့ ။ ကြားလား”
ပါးစပ်မှလည်း ပြော လက်မှလည်း လျှော်သင့်သည်များကို လျှော်ခိုင်း သပ်သပ်ရပ်ရပ် ခေါက်သင့်သည်ကို ခေါက်ကာ စနစ်တကျ ထားပေးတတ်သည်။
ကုတင်ခြေရင်းတွင် လုံချည်တွေ ပြီးစလွယ် တင်ထားလျှင် ဆူမဆုံးတော့ပေ။ များသောအားဖြင့် လေးခင်ကို စောင့်ကြည့်ကာ ခိုင်းတတ်ပေမဲ့ မခိုင်းချင်လျှင်တော့ သူ့ဘာသာ သေသေသပ်သပ် လုပ်ပေးသွားတတ်သေးသည်။
အစကတော့ ခိုင်းစရာမရှိ ရှာကြံ ခိုင်းသည်ဟု အမြင်လွဲကာ နှုတ်ခမ်းဆူချင်ပေမဲ့ ကြာတော့ လေးခင်ကိုယ်တိုင် ရှုပ်နေလျှင် မနေတတ်တော့ပေ။ ကြည့်စမ်း……. အခုမှ တွေးမိတယ် အမှန်ဆို လေးခင်အိမ်လေး သေသပ်လှပနေတာ လေးခင် တော်လို့မှ မဟုတ်ပဲ။ အမေ့ရဲ့ လေ့ကျင့်မှုတွေမှာ လေးခင် အသားကျနေတာပါလား။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“ဟဲ့…နင်ကလည်း ရောက်နေတာကို အထဲကို ဝင်မလာဘူး။ လာပါဟ တို့တွေ ဝိုင်းဝန်းပြီး ချက်နေကြတာ” အရင်ကြိုရောက်နေသူ သူငယ်ချင်းက လာခေါ်မှ မီးဖိုခန်းဘက်သို့ လိုက်ခဲ့သည်။ လမ်းလျှောက်ရင်း ခြေဖဝါးအောက်မှ ကြမ်းရှရှ ခံစားရ၍ ဒါတွေဟာ ဖုန်တွေဆိုတာ အသေအချာပါပဲ။
အိမ်ပေါ်လမ်းလျှောက်လို့ အဲ့သည့် ခံစားချက်မျိုး ခံစားရတိုင်း ပြောမဆုံးတတ်သော အမေ့ကို ထပ် မြင်ယောင်ပြန်ပါသည်။
လေးခင် တံပျက်စီး လှည်းပြီးပြီဆိုတိုင်း လှေကားမှ တက်လာကာ အပေါ်မရောက်ခင်သုံးထစ်အလို မျက်နှာနှင့်ကြမ်း တပြေးတည်း နေရာတွင်ရပ်ကာ ကြည့်တတ်သည်။ ရပ်လျှက်ကြည့်လျှင် မမြင်ရသော ဖုန်တွေသည် အမေ ထိုသို့ ကြည့်လျှင် ဘယ်နေရာ မလှည်းပဲ လတ်သွားသည်ကို ညာ၍မရချေ။ တံပျက်စည်း လှည်းသည်မှ အစ မလစ်ဟာအောင် သင်တတ်သော အမေ။
မီးဖို အဝင်တွင် လေးခင်တယောက် မတ်တပ်ရပ်ကာ ငိုင်နေမိသည်။
“မဖြစ်နိုင်ဘူး။ မဟုတ်ပါဘူး”
စိတ်ထဲတွင် အကြိမ်ကြိမ်ရေရွတ်နေပေမဲ့ မျက်စိရှေ့က မြင်ကွင်းကတော့ အတော်ကို ဖရိုဖရဲ နိုင်လှပေသည်။ အစဉ်အမြဲ လှပသေသပ်နေသူ၏ မီးဖိုချောင်သည် ဒီလို မျိုးပါဟု လေးခင် မယုံရဲပေ။ မျက်စိရှေ့ မြင်ရ၍သာ ယုံရပေမည်။ သူတပါးလာပြောလျှင်တော့ မနာလို၍ ပြောသည်ဟု လေးခင် ထင်မိမှာ မလွဲပေ။
“ ရီရီ.. ညည်း …ကြာဇံကြော်အိုး တူးမယ်နော်”
ဘေစင်တွင် တခုခု ဆေးကြောနေပုံရသော အမျိုးသမီးကလေးသည် နုငယ် သတိပေးစကားကြောင့် မီးဖိုပေါ်ရှိ ကြာဇံ ကြော်အိုးဆီ ပြေးကာ မီးဖိုပေါ်မှ အိုးကို ချလိုက်သည်။ ရီရီသည် နုငယ်ခေါ်ထားသော အဖော် မိန်းခလေး ဖြစ်ပုံရသည်။ မီးဖို နံရံမှာ အဝါရောင်စွဲနေသော ဆီကွက်များမှာ မြင်မကောင်းပေ။ ကြာဇံကြော်အိုးကို မွှေနေပုံကို ကြည့်ခြင်းဖြင့် ရီရီသည်လည်း အလုပ်တွင် သိပ်ကျွမ်းကျင်ပုံ မရပေ။
“ဟဲ့….ဝင်ခဲ့လေ”
မီးဖိုအလယ်တည့်တည့် ကန်လန့် ဖြတ် စားပွဲတွင်ဝိုင်း ထိုင်ကာ အသီးအရွက်များ သင်သူက သင် လှီးဖြတ်သူက လှီးဖြတ်နေကြသူများထဲမှ သူငယ်ချင်းက လှမ်းခေါ်မှ အသာအယာ ဟန်မပျက် ဝင်ထိုင်ရသည်။
ကူညီဖို့ ပြင်ရင်း သူငယ်ချင်းမ လှီးဖြတ်ထားသော ဂေါ်ဖီကို ထည့်ရန် စင်ပေါ်မှ ဇလုံကို ယူလိုက်စဉ် အကျင့်ပါနေသောစိတ်ကြောင့် ချွဲကျိကျိစေးကပ်ကပ် အတွေ့အထိကို ခံစားမိသည်။
“ကြည့်စမ်း လေးခင် ပန်ကန်ဆေးတာ မပြောင်ဘူး။ ကိုင်ကြည့်လို့ စေးကပ်ကပ်ဆို ဒါ ဆီမပြောင်လို့ပဲ သွား……ပြန်ဆေး”
နှုတ်ခမ်းဆူရင်း အမေ့ကို ပြန်ကြည့်နေတဲ့ မိမိကိုယ်မိမိ လေးခင် မြင်လာမိသည်။
“သမီးကို ချစ်လို့ ခိုင်းတယ်ဆိုတာ တနေ့ သမီး သိလိမ့်မယ်။”
ဘယ့်နှယ့်ကြောင့်မှန်းမသိ ဒီနေ့မှ အမေ့ အသံတွေ တောက်လျှောက်ကို ကြားနေမိသည်။
ဘေစင်ပေါ်မှ တို့လို့တွဲလန်း ချိပ်ထားသော ပြန်အသုံးပြုရန် ရည်ရွယ်ထားပုံရသည့် ကျွပ်ကျွပ်အိတ်တွေ။ အဝါရောင် အကျိတွေ စွဲနေသည့် ဘေစင်၊ ရှုပ်ပွနေသည့် ပစ္စည်း အထားအသို များသည် မကြည့်ချင် မြင်ချင်လျှက်သားမို့ စိတ်တွေ ရှုပ်ကာ ခေါင်းတွေ ငြီစီစီ ဖြစ်ကာ ရေငတ်လာသည်။
“ဘုရားရေ……ဒါ သောက်ရေခွက်”
ရေသောက်ရန် ရေခွက်ကို ကိုင်လိုက်တဲ့ အခိုက် ကျင့်သားရနေတဲ့ စိတ်ကြောင့် ရေခွက်ကို ကြည့်မိစဉ် လန့်မအော်မိအောင် အတော် သတိထားလိုက်ရပေသည်။ ချေးစွဲနေတဲ့ စတီးခွက်။ မဆေးတာကြာပြီလား ပြီးစလွယ်များ ဆေးသလား မဆိုနိုင် ရေခွက် နှုတ်ခမ်းသား တလျှောက် အပြင်ဖက် ခွက်အနားသတ် အလိပ်လေးအောက်ရှိ ချေးောကာင်းကြီးသည် ရှင်းလင်းကာနေပေသည်။ လက်ကိုင် အတွင်းဖက် ထောင့်မှာ ကပ်နေသော ချေးက ထုနှင့်ထည်နှင့်။ တံတွေးပဲ အသာမျိုချကာ ရေခွက်ကို မသိမသာ ပြန်ချထားလိုက်ရသည်။
“ညည်း မသန့်ရှင်းလို့ကတော့ အိမ်လာတဲ့ ဧည့်သည် ရေတောင် သောက်မှာ မဟုတ်ဘူး။ သူ့တံတွေးပဲ သူမျိုချပြီး ပြန်သွားမယ် သိထား”
မှန်လိုက်တဲ့ အမေ့စကား။ လေးခင် ရေတောင် မသောက်ချင်တော့ပေ။ တခြား အလုပ်တွေ ဝိုင်းကူ လုပ်မည် ကြံပြန်တော့လည်း တခုမှ အဆင်မပြေ။ ချွဲကျိကျိ စေးကပ်နေတဲ့ လက်ခုတွေ။ ညစ်ထေးနေတဲ့ လက်သုတ်ဝတ်တွေသည် အကူရှိနေလျှက်နှင့်သော်မှ မခိုင်းတတ် မလုပ်တတ်သော နုငယ် အကြောင်းတွေကို လေးခင်ကို အိတ်သွန်ဖာမှောက် ပြောပြနေသလိုပင် ရှိချေတော့သည်။
ဘာအလုပ်မှ လုပ်မရမည့် အတူတူ အိမ်ရှေ့တွင် ဟန်မပျက် ပြန်ထိုင်နေရန်သာ ရှိတော့သည်။ အိမ်ရှေ့ မထွက်ခင် ခြေထောက်တွင် ကပ်နေသော ဖုန်တွေကိုလည်း ဆေးကြောချင်လှသည်။ ရေချိုးခန်းထဲ ခြေအချမှာ လန့်အော်မိမည်ကို အတင်းထိန်းလိုက်ရသေးသည်။ နောက်….ဒါ လူတွေ တစ်ကိုယ်ရည် သန့်ရှင်းရေး လုပ်ဖို့ ရှိနေတဲ့ ရေချိုခန်းဟု မယုံနိုင်အောင်ပင်။ ကြွေဘေစင် အဖြူရောင်သည် အဝါရောင်ဘဝသို့ ပြောင်းနေလေပြီ။ ရေခွက်အတွင်းမှ အမည်းကြောင်းကြီးသည် ထင်းလို့။ နံရံပေါ်ရှိတန်းမှ တံဘက်သည် အစက မည်သည့် အရောင်ဟုပင် ခန့်မှန်း၍ မရနိုင်သော် ဘဝသို့ ရောက်နေချေပြီ။ အဝါရောင် ချိုးအပြည့်နှင့် အိမ်သာ ကမုတ်ခွက်ဘဝသည်လည်း သနားစရာကောင်းလှပေသည်။ ဘယ်လိုတွေ နေ နေပါလိ်မ့်ဟု တွေးရင်း ကတုန်ကရင်နှင့် အိမ်ရှေ့ ထွက်လာတော့ မောင်သည် နုငယ် အမျိုးသားနှင့် စကားကောင်းတုန်း။
အခုမှ လေးခင်တယောက် အမေ့ ကျေးဇူးတွေ တသီတတန်းကြီး ပေါ်လာပေတော့သည်။
“ဒီမှာ သမီး အကျင်္ ီလျှော်ရင်လေ ကုတ်ကို လက်သည်းလေးနဲ့ ကုတ်၊ နောက် လက်ဖျားတွေ….ရင်ဘတ်နဲ့ ကျောကို သေချာ ပွတ်လျှော်။ တွေ့လား ဒီမှာ အိတ်ထောင်…ဟောဒီလို ပြောင်းပြန်လှန်ပြီး ရေခွက်ထဲ ထည့်လှုပ်လိုက် အိတ်ထောင်ထဲက အမှိုက်တွေ ထွက်သွားလိမ့်မယ်။ သမီး ဘော်လီကို အမေ လျှော်ပြမယ်။ ကြည့် ……….. ကြိုးကိုတွေ့လား သေချာ လက်သည်းလေးနဲ့ ကုတ်။ နောက် ခါးနေရာ ချိုင်းအောက် သေသေချာချာ ပြောင်အောင်လျှော်။ မဟုတ်ရင် ချေးစွဲပြီး ဝါကုန်ရင် ကြည့်မကောင်းတော့ဘူး”
အလုပ်လုပ်ရင်း သင်ပေးတတ်သော အမေ။ အကျင်္ ီလျှော်တိုင်း ကုတ်ရလွန်း၍ လေးခင် လက်မမှ လက်သည်းလေးသည် စောင်း၍ပင် နေပေပြီ။ စဉ်းစားကြည့်မှ အမေသည် အားလုံးကို စနစ်တကျ သင်ပေးသွားတာဖြစ်သည်။
“သမီး…….လေးခင် အကျင်္ ီတွေကို ပြောင်းပြန်လှန်ပြီးမှလှမ်း……နေပြင်းလွန်းတယ် ဖြူကုန်မယ်။”
အမေ့ဟာက ပိုကို ပိုလွန်းသည်ဟု စိတ်ထဲတွင် ပြောမိခဲ့သေးသည်။ နွေကျောင်းပိတ်ရက်တွင် အနားမပေးပဲ သင်တန်းပေးနေတာနဲ့ပဲ တူတယ်ဟု ငြိုငြိုငြင်ငြင် ဆိုခဲ့မိသေးသည်။
လေးခင် အမဝမ်းကွဲဆိုလျှင် စားနေတုန်း ထမင်းကုန်တာတောင် ထထည့်သူမဟုတ်ပေ။ ဘေးမှ တယောက်မှ အမြဲ လိုက်လုပ်ပေးရလေသည်။ လေးခင်း အားပါးတရ ပြောတုန်းက အမေက လေးခင်ကို ပြုံး၍ကြည့်ကာ သမီးက အားကျလို့လားဟု မေးသည်။ မကွယ်မဝှက်ပဲ အားကျကြောင်း ခေါင်းငြိမ့်ပြကာ ကြီးကြီးက မမလေးကို သိပ်ချစ်တာပဲနော်ဟုပြောတော့ အမေ ရီလေသည်။ သမီးကိုလည်း အမေက သိပ်ချစ်ပါတယ် သမီးရယ်ဟု လေးခင်ခေါင်းက ဆံပင်လေးကို သပ်တင်ပေးရင်း ခပ်တိုးတိုးဆိုသည်။ သမီးကို အမေ ဘယ်လောက် ချစ်လည်း တနေ့ သမီး သိလာပါလိမ့်မယ် အမေ ပြောတုန်းက လေးခင် သိပ်နားမလည်ပါ။
“မိဘတိုင်းက ကိုယ့်သားသမီးကို ချစ်တာကြည့်ပါပဲ သမီးရယ်။ ချစ်ပုံချစ်နည်း မှန်ဖို့ပဲလိုတာပါ။ ချစ်လွန်းလို့ ငြိုငြင်မှာ စိုးတာနဲ့ပဲ သားသမီးကို နှစ်ရာတော့ မရောက်စေခြင်ဘူး။ ဒီမှာ သမီးရဲ့ ဘယ်လောက် ချမ်းသာပါစေ ရန်သူမျိုး ငါးပါး တခါဖျက်စာ မရှိပါဘူး။ အမေတို့ အနေနဲ့ အကူ ဌါးနိုင်တာမှန်တယ် ဒါပေမဲ့ အမေ့သမီးလေး ရေသာခိုချင်တဲ့စိတ် ပေါ်မယ် ဘဝကို လျှော့တွက်မှာတော့ အမေ မလိုလားဘူး။ ကိုယ်က ဘယ်လို ဘဝ ရောက်မယ်ဆိုတာ မပြောနိုင်ဘူး။ မိဘအိမ်မှာ နေသာလို့ နေတာ ကိစ္စမရှိပေမဲ့ ကိုယ့်ဘဝနဲ့ကိုယ် ဖြစ်လာတဲ့အခါ ကိုယ့်ထမင်း ကိုယ်ချက်စားပြီး ကိုယ့်တကိုယ ်စာလောက်လေးကိုပဲဖြစ်ဖြစ် မိမိကိုယ်ကိုယ် တာဝန်ယူနိုင်တဲ့သူ ဖြစ်စေချင်တယ်။ ယောက်ကျားပဲဖြစ်ဖြစ် မိန်းမပဲဆိုဆို ပညာတွေ မိုးပျံအောင် တတ်နေပါစေ ဒါလောက်တော့ တာဝန်ယူနိုင်ရမယ်။ တယောက်ယောက်ကို မှီမှ ရပ်တည်နိုင်တာမျိုး အမေ မလိုလားဘူး။ တနေ့ သမီး အိမ်ထောင်ကျတော့ အသုံးဝင်လာပါလိမ့်မယ်။ ကိုယ်က ကံပါလို့ ပဒေသာရာဇ်နဲ့ ညားပြီး အစေခံ တထောင်ထားနိုင်စေဦးတော့ သမီးတတ်ထားတော့ သူများညာတာ မခံရဘူးပေါ့။ ပြောင်းပြန် စားနိုင်ရုံဘဝမို့ အကူမဌါးနိုင်တဲ့ ဘဝဆိုလည်း သမီး ဘယ်တော့မှ ကသီလင်တမဖြစ်တော့ဘူးပေါ့။ ချစ်ခင်သူတွေ့လို့ အိမ်ထောင်ကျခဲ့ရင် ကိုယ့်တာကို လုံတာပေါ့။ သမီး…… ယောက်ကျားဆိုတာ ချင်ခင်တုန်း အပြစ်မဝင်ပေမဲ့ ပစ်ချင်လာရင် ဇီးစေ့လောက် အပြစ်ကို မြင့်မိုရ်တောင်လောက် လုပ်ပြစ်တတ်ကြတယ်။ သူများဘဝကို တာဝန်မယူနိုင်ရင်သော်မှ အနည်းဆုံး ကိုယ့်ကိုကိုယ်တော့ တာဝန်ယူနိုင်တဲ့သူမျိုး အမေ့သမီးလေးကို ဖြစ်စေချင်တာပါပဲ။ တနေ့ သမီး အမေ့ နေရာရောက်ရင် အမေ့ကို နားလည် လာပါလိမ့်မယ်။ ”
လေးခင်တယောက် အမေ့အသံကို ပြန်လည် ကြားယောင်ရင်း ဘေးခုံမှာ ထိုင်နေတဲ့ သမီးလေးကို ရုတ်တရက် တင်းနေအောင်ဖက်လိုက်တော့ သမီးက လေးခင်ကို နားမလည်သလို မော့ကြည့်ရှာသည်။ မောင်လည်း စကားပြောရင်း အမူအရာပျက်နေသော လေးခင်ကို ဘာဖြစ်နေတာလဲ ဆိုတဲ့ အကြည့်နှင့် လှမ်း၍ မေးလေသည်။
တပျော်တပါး စုစားတဲ့ အစားတွေလည်း စားမဝင်ခဲ့ဘူး။ ပြန်ခါနီး သန့်စင်ခန်းဘက် ထွက်သွားတဲ့ မောင့်ကို ပြန်ထွက်အလာမှာ ဘယ်လို ဖြစ်လာမလဲ ဆိုတဲ့ သိချင်စိတ်ဖြင့် လေးခင် သတိထားပြီး ကြည့်နေမိသည်။ မောင်ကတော့ ဘာမှ အထွေအထူး မရှိတဲ့ ပကတိမျက်နှာနှင့်မို့ လေးခင်တယောက် မိမိကသာ လွန်နေပါသလောဟု တွေးနေမိသည်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အိမ်အပြန်လမ်းတလျှောက် သမီးကိုသာ တင်းနေအောင် ဖက်ထားမိသည်။ မျက်စိထဲတွင် အမေ့အရိပ်တွေသာ မြင်ယောင်နေမိသည်။ မောင် နှင့် အိမ်ထောင်ကျကာ မောင့်နောက် လိုက်လာတော့လည်း တခုမှ ကသီလင်တမဖြစ် အရာရာနိုင်နိုင်နင်းနင်း ရှိနေသည်မှာ လေးခင်တော်လို့ မှ မဟုတ်ပဲ။ အားလုံးသည် သာတောင့် သာယာနှင့် သက်တောင့်သက်သာ ရှိလှသည်မှာ မိမိတော်လွန်း၍မဟုတ်ကြောင်း လေးခင် ဝန်ခံရပေမည်။ ကိုရီးယားကားထဲမှ သပ်ရပ်နေတဲ့ အိမ်တွေကို သဘောကျကာ အတုခိုးတာတွေသည် လေးခင်ရဲ့ဗီဇ မဟုတ်ပဲ အမေ့၏ အလေ့အကျင့်တွေသာ ဖြစ်ကြောင်း လေးခင်တယောက် နားလည်လာပေသည်။
တချို့ တချို့တွေသည် မိမိတကိုယ်စာလေးသာ သန့်တတ်ကြောင်း သည်ကနေ့ လေးခင် ကြုံခဲ့ရပေပြီ။ လေးခင် အခုတော့ အမေ့ကို ကျေးဇူးတင် မဆုံးပေ။
အိမ်ပြန်ရောက်တော့ အတော်ပင် ညဉ့်နက်လှပေပြီ။ မောင်တယောက် ရေချိုးခန်းသို့ ဝင်ကာ ကိုယ်လက် သန့်စင်နေသည်မို့ ထုံးစံအတိုင်း မောင်လဲလှယ်ဝတ်ရန် ပုဆိုးအကျင်္ ီထုတ်ကာ ကုတင်ပေါ်တင်ပေးထားခဲ့သည်။ မောင် ထွက်လာသောအခါ သမီးကို သန့်စင်ပေးရန် လေးခင်တို့ သားအမိ ရေချိုးခန်းသို့ ဝင်ခဲ့လေသည်။ ရေချိုးခန်း အဝတွင်ရပ်ကာ အထဲကို ကြည့်လိုက်မိတဲ့ အခိုက် ဖွေးဖွေးဖြူနေသော ကြမ်းပြင်ကြွေပြားများကို ကြည့်ကာ လေးခင် စိတ်ထဲတွင် ညစ်ညူးခဲ့ သမျှ လန်းသွားသလိုလို ကျေနပ်လှပေသည်။
စိတ်ထဲတွင် ကျေနပ်ရင်း ထိတ်ခနဲထင့်သွား၍ ကမုတ်ဆီ အကြည့်မှာ သူက လက်ခနဲ ပြန်နှုတ်ဆက်သလိုလို။ တန်းပေါ်မှ သမီး၏ တဘက် ပန်းရောင်ကလေးကိူယူကာ သမီးကို သုတ်ပေးပြီး အခန်းထဲ ပြန်ဝင်ခဲ့သည်။ ထူးထူးဆန်းဆန်း မောင်တယောက် ကုတင်ပေါ်တွင် ခေါင်းအုန်းပေါ်တွင် မှောက်လျှက် ငြိမ်နေသည်။ သေသေချာချာ ကြည့်မှ ခေါင်းအုန်းကို တရှုံရှုံနမ်းနေကြောင်းတွေ့ရသည်။ ထူးဆန်းပေစွ။
ခေါင်းအုန်းကို ပွေ့ကာ ထလိုက်ရင်း ကုတင်ပေါ်တွင် ထိုင်လျှက် မောင်သည် လေးခင်ကို ပြုံးလျှက် ကြည့်နေရင်း စကားဆိုပါသည်။
“မောင်လေ…..အရင်တုန်းက အရာရာအဆင်ပြေနေတာမို့ လေးခင် ကျေးဇူးကို သတိမထားမိဘူး”
မောင် ဘာကို ဆိုလိုပါလိမ့်လို့ တွေးမရတာမို့ အသာအယာ မောင်ပြောတာကို ဆက်လက် နားထောင်နေမိသည်။
“ဒီနေ့ ….နုငယ်တို့အိမ် အလည်သွားမိမှ မောင်လေ လေးခင် ကျေးဇူးကို သိလာတာ။ ကြည့်စမ်း ….မွှေးနေတဲ့ အကျင်္ ီတွေ…အိပ်ရာတွေ ..ဒါတွေဟာ လေးခင် အစွမ်းတွေ။ ခုနက ရေချိုးခန်းထဲက ကြွေပြားတွေ…ရေခွက်တွေ ပြောင်လက်နေတာ လေးခင် လုပ်အားတွေ။ မောင့် မိန်းမ ဘယ်လောက် အဖိုးတန်လဲ။ အိမ်မှာ မောင်လေ တခါမှ သဲနင်းမိတဲ့ ခံစားချက် မခံစားဘူးဖူး။ မီးဖိုထဲလည်း အားလုံး စနစ်တကျ။ ခဏခဏ နေရာ ပြောင်းတတ်လို့ မျက်စိလည်သွားတာလေး တခုပဲ ပြောစရာရှိတယ်”
စကား အကောင်းပြောနေရင်းက ဖေါက်လာလို့ မျက်စောင်း တချက် ထိုးလိုက်မှ ရီရင်း စကားကို ဆက်လေသည်။
“တကယ်ပြောတာ မောင်ဟာ ဇီဇာကြောင်တတ်သူ မဟုတ်ပေမဲ့ နုငယ်လိုမျိုးနဲ့သာ ညားခဲ့ရင် မောင် သည်းခံနိုင်မယ်မထင်ဘူး။ မောင် ကတိပေးတယ် လေးခင် အသန့်ကြိုက်တာ အတုခိုးကာ လိုက်လုပ်တာတွေကို မောင် မဝေဖန်တော့ဘူးကွာ။ လေးခင် စိတ်ကြိုက်သာ လုပ်ပေတော့။ “
စကားပြောရင်း ဘေးကိုလာရပ်တဲ့ သမီးလေးကို ဖက်ထားရင်း စကားဆက်ပြန်ပါတယ်။
“တခုပဲ မောင် ပြောချင်တယ်။ မောင်တို့ သမီးလေးကိုလေ…လေးခင်နဲ့တူအောင် ပြုစုပျိုးထောင်ပေးမယ် မဟုတ်လားဟင်…”
ကြည့်စမ်း……..လေးခင် တယောက်တည်း မဟုတ်ပဲ မောင်လည်း သိခဲ့ မြင်ခဲ့တာပါလား။
“မဟုတ်ဘူး …မောင်……. မဟုတ်ဘူး……ဒါ…လေးခင် အစွမ်းအစတွေ မဟုတ်ဘူး။ ”
ခေါင်းတရမ်းရမ်း လည်တခါခါနှင် အလောသုံးဆယ် ငြင်းနေသော လေးခင်ကို ကြည့်ပြီး မောင်ကတော့ နားလည်နိုင်မည် မဟုတ်ပေ။
အမေ့ကျေးဇူး ဆိုတာကို မောင ်နားလည်အောင် နောက်များမှ ရှင်းပြတော့မည်။
အခုတော့ အိပ်တော့မည်။
ညည့်နက်လှချေပြီ။
ူ
44 comments
hmee
November 12, 2014 at 8:35 am
မနည်းကို ကြိုးစားပြီး တင်လိုက်ရပါသည်။ ပို့စ်တခု တင်ဖို့ ၂ရက် အချိန်ယူရပါကြောင်း သဂျီးရှင့်။
surmi
November 12, 2014 at 8:50 am
မမှီပို့စ်တွေကတော့ တကယ့်လက်ရာကောင်းတွေဘဲဗျာ ။
ပေးချင်တဲ့မက်ဆေ့ချ်ကို လှလှပပလေးပြသွားတာအားကျလှတယ်ဗျို့ ။
ပြီးတော့ ဒီလိုလေးလဲ သဘောပေါက်သွားတယ်
“” မူရင်းကောင်းမှမိတ္တူကောင်းမည် “” လို့ ။ 🙂
hmee
November 13, 2014 at 7:53 am
ကျေးဇူးပါ ဦးဆာ။ အိမ်ထောင်မှုမနိုင်တာတွေ မြင်ရတာများလို့ မနေနိုင်ဘူး ရေးမိတော့တာ။ 🙂
အလင်းဆက်
November 12, 2014 at 8:51 am
မနက်စောစောက တီးရှော့ထဲက wifi free နဲ့ ဝင်နေတာတော့
ဂဇက်က ရှလွတ်ရှလွတ်နဲ့ပဲ။
အခု အန်တီမှီပိုစ့်ကိုတော့
ဖုန်း အင်တာနက်နဲ့ ဖွင့်ဝင်လာတာ။
စာတွေ ဖတ်လို့ရဖို့ မည်းမည်းကြီးကနေ ဖြူလာတဲ့အထိကို
ငါးမိနစ်လောက် အဝိုင်းလည်တာ ထိုင်ကြည့်နေရတယ်။
ဝင်ရတော်တော်ခက်နေပါတယ်။
ဆိုတော့ . . .
ပိုစ့်တင်တဲ့သူကိုလည်း ကိုယ်ချင်းစာမိပါတယ်။
နောက်. . .ဒီပိုစ့် စာတွေ သေချာမဖတ်ရသေးဘူးဗျ။
အေးအေးဆေးဆေး ဖတ်ဖို့ save လုပ်ထားတယ်။
လောလောဆယ် ပိုစ့်တင်ထားတာကို ကြည့်လိုက်တာ
copy/paste ဖြစ်နေသေးတယ်။
အဲ့ဒါလေးးး
ကြုံတဲ့ မော့မော့ တယောက်ယောက်
ဝင် ပြင်ပေးကြပါဦး။
:k:
hmee
November 13, 2014 at 7:57 am
ဆက်ဆက်ရေ လုံးဝ တင်မရလို့ ဆက်ဆက်ဆီမေးလ်နဲ့ ပို့မယ်ကြံ။ gtalk ကဖွင့်မရ။ ဒုက်ခ တော်တော်များသွားတာ။
ကေဇီ
November 12, 2014 at 9:18 am
မွမွမှီ။
ပြောချင်တာလေးတွေ ပြောခွင့်ပြုပါ။
:k:
ကျနော် ရေးချင်တဲ့ ပုံစံမျိုးကို ရသမြောက်အောင်ပေးသွားတဲ့ အတွက် အင်မတန် အားကျ ချီးကျူးမိပါတယ်။
:chit:
ကျနော် လေ …..
အမေတွေ အဒေါ်တွေနဲ့ နေတုန်းက အိမ်မှာ ဘာ မှ မလုပ်ခဲ့ရပါဘူးးး
ဒါပေမဲ့ ပစ်စလတ်ခတ်ဖြစ်မသွားဖူးဘူးးး၊
ဘာလို့ ဆို ဘာမဆို သူများ အပြောခံရမှာ ကြောက်တဲ့ စိတ်နဲ့ တတ်အောင် (အနည်းဆုံးတော့ ဆရာလုပ်နိုင်အောင်) နေခဲ့လို့။
:mrgreenn:
မိန်းမတို့ တတ်အပ်တယ် ဆိုတဲ့ အရာတွေထဲကမှ…..
အိမ် အလှဆင် ရှင်းလင်းတာ တစ်မျိုးတည်းကိုပဲ ဝါသနာလည်း ပါ၊ အမြင်လည်း ရှိအောင် လုပ်ခဲ့တယ်။
ဘယ်အိမ်သွားသွားးး…………………..
ဘယ်နားမှာ ဘယ်လိုထားပြီး
ဘယ်လို ရွှေ့ပြီး
ဘယ်ဟာတွေ ရှင်းလိုက်ရင် ကောင်းသွားမှာပဲ ဆိုတဲ့ စိတ်နဲ့
ရင်းနှီးရင် ရင်းနှီးသလို
အပြောရော လက်ရော အပါ လုပ်ပေးခဲ့ဖူးတော့
အမျိုးတွေထဲမှာ ကို ကျနော်တို့ သား အမိ ၂ ယောက်ကို
သန့်ရှင်းရေးသမ တွေ အမှတ်နဲ့ အိမ်လာရှင်းပေးပါဦး ခေါ်ကြတာ။
အဲလို ဆရာ လုပ်တဲ့ အပြောတွေနဲ့လည်း မတော်လိုက်ရတဲ့ ယောင်းမတွေနဲ့ ပြသနာတက်ဖူးရဲ့။
:mrgreenn:
မရသေးဘူး အိမ်မှာ လာ စီမံခန့်ခွဲချင်နေတာ ဆိုတာမျိုးနဲ့။၊
ဆရာ လုပ်တာ များသွားတယ်ထင်ပါ့။
တံမျက်စည်း ဖြောင့်အောင် မလှည်းနိုင်တဲ့၊ ပန်းကန် ပြောင်အောင် မဆေးနိုင်တဲ့ သူတွေကို နားမလည်ဘူးး
:k:
ကျန်တာတွေကတော့ ပျင်းတာရော ဝါသနာမပါတာရောနဲ့ အဖြစ်လောက်ပဲ တတ်တယ်။ ဟိဟိ
:mrgreenn:
ဒါကြောင့် …..
အချက်အပြုတ်
အချုပ်အလုပ်
အဖွတ်အလျှော်
သန့်ရှင်းရေး အလှဆင် တတ်တဲ့ အမျိုးသမီးတွေကို အထင်ကြီးတယ်။
မွမွမှီ စာလေးဖတ်ရင်း ဂျာနယ်ကျော် မမလေး ရဲ့ “သူမ” ကို သတိရတယ်။ ကျနော့ စံပြ မိန်းမ ဖြစ်ခဲ့ဖူးလို့။
ပညာ/ပိုက်ဆံပဲ ရှာတတ်ပြီး တခြားဘာမှ သုံးမရတဲ့ အရည်အချင်းရှိတယ် အထင်ခံ ရသော
မိန်းမ တစ်ယောက်မှ ရင်ဖွင့်သွားသည်။
:kwi:
pooch
November 12, 2014 at 12:45 pm
တီချယ်တခါက ပြောဖူးတယ် ဂျာနယ်ကျော်မမလေးရဲ့ သူမကို ဖတ်ပြီး အိမ်အလုပ်တွေကို သိမ်းကျုံးပြီး လုပ်ချင်လာတာတဲ့
အရမ်းလွှမ်းမိုးမှုရှိတယ်တဲ့
မမှီရေ ကျမက အသန့်အပြန့်ကြိုက်တယ် ဒါပေမဲ့ လေးခင်ခြေဖျားတော့ မှီမယ်မထင်ဘူး
သန့်သန့်ပြန့်ပြန့် သပ်သပ်ရပ်ရပ်ရှိနေရင် တော်ပါပြီ
အချက်အပြုတ်ကတော့ စားပဲ စားတတ်တာ
တခြားသော စိတ်ဝင်စားတဲ့ hobby တွေက များလွန်းလို့
အပေါင်းသင်းတွေကိုလည်း အချိန်ပေးရသေးတယ်
အမေက အရေးကြီးတယ်ဆိုတာလည်း ဟုတ်လိမ့်မယ်
အိမ်မှာကတော့ အမေဘယ်လိုသိပ်သိပ် ကိုယ်အိပ်မှ ပျော်မယ်ဆိုတဲ့ တီချယ့် ဆောင်ပုဒ်လိုပဲ
အမေဘယ်လိုပြောပြော ကျမက စိတ်ပါမှ ထတတ်တဲ့သူမျိုးဆိုတော့လေ
ကျမလို သမီးမျိုးမွေးထားတဲ့ အမေ့ကို တခါတခါတော့လည်း အားနာသား
ကျမကြောင့် အမေ့ဂုဏ်ကို အရောင်မတင်နိုင်တာ
မိန်းမမပီသော မိန်းကလေး မွေးထားတဲ့ အမေတော့ ကျမကြောင့် အရှက်ရတော့မှာပဲ
အိမ်ထောင်တခုကိုရော ရေရှည်တကယ်ထိမ်းသိမ်းနိုင်ပါ့မလားပဲ အားနာစရာ
အာကြောင့် ပိုနေမြဲ ကျားနေမြဲပဲ နေတော့မယ်လို့ :mrgreenn:
ဝင့်ပြုံးမြင့်
November 13, 2014 at 4:41 am
.မယ်ပုက မအားသေးလို့ အပျိုကြီး လုပ်တော့မယ်လို့ ပြောနေတာပါ။
hmee
November 13, 2014 at 8:16 am
အမေက အဲ့လို လူမျိုးဆို သမီးက နေသာတုန်းနေပေမဲ့ ကိုယ့်အလှည်ကြရင် မသိစိတ်မှာ ကျင့်သားရနေတော့ လုပ်တတ်မယ် ထင်တယ် ပုချ်ရေ။
hmee
November 13, 2014 at 8:05 am
ဇီဇီရေ တချို့တွေက စေတနာနဲ့ မထိုက်တန်ဘူး။ ကိုယ်က ရှင်းပေးတာကို နေရာလွဲလို့ ဆိုြပြီးပြောသေး။ ရှုပ်ရှုပ်ခတ်နေမှ နေတတ်သူတွေ မြင်ဖူးပါများလို့ နေတတ်သလိုပဲ အခုနေတော့တယ်။ မကြည့်ချင်ရင် မမြင်ချင်ယောင်ဆောင်တတ်နြေပြီ။ ကို်နဲ့ သက်ဆိုင်တဲ့ နေရာလေးပဲ သန့်တော့တယ်။ 🙂
Mr. MarGa
November 12, 2014 at 10:49 am
ငယ်ငယ်က (အလယ်တန်းကျောင်းသားဘဝက) စာတစ်အုပ် ဖတ်ခဲ့ရတယ်
ဂျာနယ်ကျော်မမလေးရဲ့ ရင်နင့်အောင်မွှေး ပါ။
အဲဒီကတည်းက
မသိစိတ်ထဲမှာ “မော်” နဲ့ “ဒေါ်စောမိ” တို့ သားအမိ ရဲ့ နေပုံထိုင်ပုံတွေ ဝင်သွားတာ
အခုထိပဲဗျာ
စံ တစ်ခု အနေနဲ့ကို တွေးမိသွားတဲ့ အထိ
ဆိုတော့ကာ
ထိုသို့သော မိန်းမသား များကို လေးစားပါကြောင်း
hmee
November 13, 2014 at 8:09 am
မမှီမှာ အဲ့ဒီ စာအုပ်ရှိတယ်။ အရမ်းကြိုက်တယ်။ ရုပ်ရှင်ကြတော့ မကြိုက်ဘူး။ ခင်သန်းနုမှာ ဒေါ် စောမိ မာန်မျိုး မပါဘူး။ နေအောင် ဇာတ်ရုပ်ကို ဖြေလိုက်တာ မကြိုက်ဘူး။ မော်ကိုတော့ ကြိုက်လွန်းလို့ တံခါးတွေ ဖုန်သုတ်တိုင်း သတိရတယ်။ 🙂
weiwei
November 12, 2014 at 11:19 am
ဒါက အခုတလော ကျွန်မစိတ်ထဲ ဖြစ်နေတာတွေနဲ့ တော်တော်လေးကို တိုက်ဆိုင်နေပါတယ် ..
ကျွန်မက အိမ်မှာမိဘတွေနဲ့နေတုန်းကဆိုရင် တံမြက်စည်းတောင်မကိုင်ခဲ့ဖူးသလောက်ပါပဲ .. အမေက အားလုံးလုပ်ပေးခဲ့ပါတယ် .. ဒါပေမယ့် အမေက အမြဲတမ်း သင်ပေးခဲ့တယ် .. ဆုံးမပေးခဲ့တယ် .. မိန်းကလေးဆိုတာ အိမ်မှုကိစ္စတွေကို ဘယ်လိုစီမံရမယ်ဆိုတာ သူလုပ်နေရင်းနဲ့ ပြောပြခဲ့တယ် .. သမီးအနေနဲ့ အခုလုပ်ဖို့မလိုပေမယ့် လုပ်တတ်ထားရမယ် .. သိထားရမယ်လို့ ပြောခဲ့တယ် ..
ညစ်ပတ်တယ်ဆိုတာကို သိခွင့်မရခဲ့လောက်အောင်ဖြစ်ခဲ့တော့ ဘာမှမဟုတ်ပါဘူး .. အမေက အပိုတွေပြောနေတာလို့တောင်ထင်ခဲ့ဘူးပါတယ် ..
ဒါပေမယ့် ပထမဆုံး စပြီး သိခဲ့တာက တက္ကသိုလ်ကျောင်းတက်ဖို့ အဆောင်မှာ သွားနေတုန်းကပေါ့ .. ကျွန်မအတွက် မလုပ်တတ်ဖူးဆိုတာ မရှိသလို ဘယ်လိုလုပ်ရမယ်ဆိုတာ သိပြီးသားမို့လို့ သန့်ရှင်းသပ်ရပ်အောင် အကောင်းဆုံးထားနိုင်ခဲ့တယ် .. ဒါပေမယ့် အဲဒါကို အရည်အချင်းလို့လဲ မသိခဲ့ဘူး .. အားလုံးဒီလိုပဲလို့ကို ထင်ခဲ့တာ .. နောက်တော့မှ သူများအခန်းတွေသွားကြည့်မိတော့မှ .. မမှီရေးပြသလိုမျိုးတွေ အများကြီးဆိုတာ သိခဲ့တယ် ..
ကိုယ့်ဂုဏ်ကိုယ်ဖော်ရရင် ကျွန်မက မီးဖိုချောင်စီမံခန့်ခွဲမှု နိုင်နင်းပါတယ် .. ၄ ယောက်အတူ နေခဲ့ရတဲ့အဆောင်မှာ ၄ ယောက်စာ စားသောက်မှုအားလုံးကို စီမံပေးခဲ့ဖူးတယ် ..
ဒါပေမယ့် ကျောင်းခန်းထဲက ယောက်ျားလေးတွေက အပြင်ပန်းအပြင်အဆင်ကိုပဲကြည့်ကြတာဆိုတော့ ကျွန်မတို့ ၄ ယောက်ထဲမှာမှ အိမ်ထောင်မှုမနိုင်နင်းဆုံးနဲ့ ဝါသနာမပါဆုံး ခပ်လှလှမိန်းကလေးကို ဝိုင်းကြိုက်ကြပါတယ်။ ရယ်တော့ရယ်ရသား …
ကျွန်မကြီးတော်အမြဲပြောဖူးတာက မိန်းမတစ်ယောက်အရည်အချင်းသိချင်ရင် မီးဖိုချောင်နဲ့ ဘုရားစင်ကို ကြည့်ရတယ်တဲ့ …
အခုတလော ကိုရီးယားဇာတ်လမ်းတစ်ခုကို သဘောကျနေတာ KBS က တနင်္လာ အင်္ဂါ လာတဲ့ဇာတ်လမ်း.. အရမ်းကို သန့်တဲ့အပြင်အဆင်နဲ့ မင်းသားမင်းသမီးတွေကရဲ့ အဝတ်အစားတွေကလဲသန့်ပြန့်နေတာပဲ .. အဲလိုမျိုးနေချင်လိုက်တာလို့ အိမ်မှာပြောမိလို့ အမေကတော့ ကိုယ့်ကိုကိုယ်ပဲ အရင်သန့်အောင်နေပါအုန်းလို့ ငေါ့ပြောတယ် .. ကျွန်မက အိမ်ကိုသန့်ရှင်းချင်ပေမယ့် လူကတော့ အဝတ်အစားခပ်စုတ်စုတ်နဲ့ ရေချိုးရမှာလဲ အတော်ပျင်းတတ်လို့ … 🙂
hmee
November 13, 2014 at 8:14 am
ဟုတ်တယ် မဝေရေ။ ဒါ တကယ်ကြုံခဲ့တာ။ ကျွန်မကတော့ ကျင့်သားရနေလို့ ချောင်ချို ချောင်ကြားအကျန် လှည်းကျင်းတတ်လို့ သူများအိမ်သွားလို့ သဲနင်းမိရင်မခံစားနိုင်ဘူး။ ပြောသာပြောရတာ ရွာထဲက လူတွေ ကျွန်မကို အိမ်ကို အလည်မခေါ်တော့ရင် ဒုက်ခ။ 🙂
weiwei
November 13, 2014 at 3:50 pm
မနေ့က အိမ်ပြန်ရောက်တော့ ကိုယ့်အိမ်ကိုယ်ပြန်ကြည့်ပြီး ခုံအောက်တွေမှာ ဖုန်တွေ တွေ့လို့ရယ်ချင်မိသေးတယ် .. မှီ့ကို အိမ်အလည်ခေါ်လို့ မဖြစ်သေးပါဘူးလေလို့တွေးပြီး ပြုံးမိသေးတာ …
တော်တော်ဆိုးတဲ့ဖုန်တွေက အပေါက်တွေ ဘယ်လောက်ပိတ်ထားပိတ်ထား ဘယ်ကနေ ဝင်လာမှန်းမသိဘူး …
hmee
November 17, 2014 at 9:54 am
မဝေတော့ လန့်နြေပြီ။ 🙂
kyeemite
November 12, 2014 at 1:36 pm
.မမှီစာလေးဖတ်မိတော့ ကိုယ့်အိမ်ကိုယ်မျက်စေ့ထဲမြင်လာတယ်
.နုငယ်တို့ အိမ်အခင်းအကျင်းဖတ်ရတာ ကျုပ်အိမ်ကိုရေးဖွဲ့ထားသလိုပဲ
.ကျုပ်အိမ်ကတောင်နဲနဲပိုရှုပ်မယ်ထင်မိတယ်
.ကလေးနှစ်ယောက်ကလည်းကျောင်း…မဒမ်မိုက်ကလည်းမိုးလင်းမိုးချုပ်ဈေးဆိုင်နဲ့အလုပ်ရှုပ်
.အိမ်ကူလည်းမရှိ..စိတ်ရှုပ်စရာချည်းပါပဲ :p:
hmee
November 13, 2014 at 8:19 am
ဦးကြီးမိုက်ရေ အိမ်ကြီးရှင်လည်း နေပူတော်မှာ အဲ့လိုပဲ။ အလုပ်မအားတော့ မလုပ်နိုင်ဘူးလေ။ ပိတ်ရက်က မရှိသလောက်။ မိုးချုပ်မှ ပြန်ရောက်တာများလို့ ကျွန်မတို့ သားအမိတွေ အလည်သွားရင် နှစ်ရက်လောက် ရှင်းယူရတယ်။ ပင့်ကူတွေ နဲ့ အတူနေငလား မေးယူရတယ်။ 🙂
kai
November 12, 2014 at 1:36 pm
မြန်မာပြည်မှာတုံးက.. မေမေပြောလေ့ရှိတာကတော့…
အိမ်တအိမ်ရဲ့အိမ်ထောင်မှုအခြေအနေသိချင်.. သောက်ရေအိုးနဲ့ခွက်ကြည့်ရတယ်ဆိုပဲ..
ဒီခေတ်ရေသန့်ဗူးတွေနဲ့ ဘယ်လိုရှိတယ်မသိ…။
ယူအက်စ်မှာတေ့ာ.. ငွေရှာနိုင်တာကသာ.. အဓိကလို့ထင်မိတယ်..။
ငွေရှိရင်.. အလိုအလျှောက်စက်တွေတော်တော်များများက.. အိမ်မှုကိစ္စတွေလုပ်တယ်လေ..။
နောက်ဆို.. ရိုဘော့တွေသုံးမယ်လို့.. သိပ္ပံမဂ္ဂဇင်းမယ်တွေ့တယ်..။
သိပ်မလိုတော့.. နောက် ၁ဝနှစ်အတွင်း…တဲ့..။ :k:
kai
November 12, 2014 at 1:40 pm
ကျန်ခဲ့လို့..
အိမ်မှုကိစ္စတွေတော်တော်များများက.. အနောက်နိုင်ငံနဲ့တိုးတက်တဲ့နိုင်င့ကမိန်းကလေးတွေတင်မက.. ယောကျာ်းတွေကိုပါ.. မိဘကသင်တာထက်.. အလုပ်ကသင်ပေးလိုက်တာများတယ်..။
ကျောင်းသားဘဝထဲက..ငွေလိုလို့..အချိန်ပိုင်းထွက်လုပ်ကြတော့.. အလုပ်ထဲ.. သင်ပြီးသားဖြစ်တာပဲ..
အချိန်ပိုင်းအလုပ်လက်ခံတာ.. စားသောက်ဆိုင်တွေများသမို့.. အစားအသောက်အခင်းအကျင်း..သန့်ပြန့်မှုအကုန်.. တနှစ်၂နှစ်လောက်ဆို.. ပြန်လန်နေအောင်တတ်ကုန်ကြတယ်ထင်…။ :k:
Iris
November 13, 2014 at 5:27 am
သူကြီးပြောတာဟုတ်တယ်။ အလုပ်ရယ်ပတ်ဝန်းကျင်ရယ်ကသင်ပေးလိုက်တာ များတယ်။ ကိုယ့်အဝတ်အစားတောင်လျှော်မဝတ်တတ်ခဲ့သူတွေ။စားပွဲပေါ်ကထမင်းဟင်းအဆင်သင့်စားတတ်ခဲ့သူတွေ..ကိုယ့်ဘာသာကိုယ်ရပ်တည်ရတော့ အကုန်လုပ်တတ်သွားတယ်။
ဒါပေမဲ့ ဒီက လူတွေရဲ့ အမြင်ကတစ်မျိုး..တစ်ခါတစ်လေ အလုပ်ကနားချင်လို့ ဒီအပတ်ငါ့ သန့်ရှင်းရေးအလှည့် အိုတီမဆင်းတော့ဘူးလို့ပြောရင်..ဘာလို့သန့်ရှင်းရေးတွေကိုယ်တိုင်လုပ်နေသလဲ..သန့်ရှင်းရေးလုပ်မဲ့အန်တီခေါ်လီုက်ပေါ့တဲ့…ကိုယ်နားမဲ့အချိန်ကို ပိုက်ပိုက်နဲ့ဝယ်နေသလိုပဲ။
Yae Myae Tha Ninn
November 12, 2014 at 3:24 pm
ရေအိမ်လဲ ပါပါတယ်.. တဂျီးရဲ့.. အနော်ဆို အရင်ဆုံး အိမ်တအိမ်ကိုသွားရင် ရေအိမ်သွားတက်တယ်.. 🙂
hmee
November 13, 2014 at 8:27 am
တခါသုံး ခွက်ဆိုရင်တော့ မပြောတတ်ဘူး။ ရေခွက်နဲ့ဆို ညစ်နေဦးမယ်ထင်တယ်။ စက်တွေက သန့်ရှင်းရေးတော့ လုပ်ပေမဲ့ ပဒါသကြအောင်တော့ ပြင်ဆင် ခံစားပေးနိုင်မှာ မဟုတ်ဘူး။ 🙂 သဂျီးရေ အချိန်ပိုင်းအလုပ် အဲ့ဒါတော့ သဘောကျတယ်။ အစ်စရေးမှာတုန်းက စားသောက်ဆိုင်မှာ မိန်းခလေးတွေ စားပွဲထိုးတယ်။ တက်ကသိုလ် ကျောင်းသူတဲ့ ခပ်တည်တည်ပဲ။ ကိုယ့်အလုပ် ကိုယ်လုပ်တာ အောက်မကျဘူး။ ဒီမှာဆို စားပွဲ ထိုးဆို အထင်သေးတတ်ကြတယ်။ ကိုယ်တွေလည်း စားပွဲ ထိုးအလုပ် မလုပ်ဝံ့ဘူး။ သူ များတွေ ဆီမှာလို ဘယ်တော့များ ယုံကြည်ချက်နဲ့ အလုပ်လုပ်နိုင်မလဲ။
ကိုပေါက်(မန္တလေး)
November 13, 2014 at 4:07 pm
မမှီရေ
မမှီရေးတာဖတ်လိုက်
ကော်မင်းကိုဖတ်လိုက်
ပျောက်သွားလိုက်နဲ့ မမန်းလိုက်ရ
ဖဘမှာတော့မန်းလိုက်သေးတယ်
ဝင်ရတာလွယ်လို့
တကယ်တော့ ရှေးမြန်မာအိမ်ဦးစီးမိခင်တွေက( အထူးသဖြင့် သမီးတွေကို )
တကိုယ်ရေ သန့်ရှင့်မူ့ကနေ မိသားစုလိုက်သန့်ရှင်းရေး ကအိမ်ရှင်မတာဝန်ဆိုတာသိအောင်
စနစ်တကျဖြစ်အောင်သင်ကြားပေးခဲ့ကြတာပါ။
အရင်ကတော့ မြန်မာမိသားစုဖွဲ့တည်ပုံမှာ အိမ်ထောင်ဦးစီးကငွေရှာ
အိမ်ရှင်မက အလုပ် လုပ်စရာမလို အိမ်ထောင်ကို ထိန်းသိမ်းစောင့်ရှောက်ရုံပါဘဲ။
စီးတဲ့ရေ ဆည်တဲ့ ကန်သင်းပေါ့။
အခုခေတ်မှာတော့တစ်ယောက်ထဲ ရှာလို့ မလောက်တော့ အိမ်ရှင်မတွေကိုယ်တိုင် ငွေထွက်ရှာရတော့
ထိုင်စားရတဲ့လူလောက်တော့ အိမ်ကိုမထိန်းသိမ်းနိုင်တော့ပါဘူး။
နောက်တစ်ချက် အခုခေတ် ကလေးတွေမှာ မနက်မိုးလင်းက မိုးချုပ်
ကျောင်းသွားကျူ ရှင်တက်နဲ့ အချိန်ကုန် မိဘတွေကလည်း ငွေဘဲရှာနေရတော့
သမီးမိန်းကလေးပေမယ့် အိမ်ထောင်ထိန်းသိမ်းမူ့ ကို အရင်လို သင်မပေးနိုင်တော့။
နောက်ပိုင်းမှာ အိမ်မှာတင်ချက်ပြုတ်မစားဘဲ အလွယ်ဝယ်စားလိုက်ကြတော့
ချက်တာ ပြုတ်တာ မတတ်လဲ ဘာမှအရေးမကြီး။
အချို့တွေအိမ်ထောင်ပြုမယ်ဆိုရင် မိန်းကလေးက ငါဟင်းမချက်ဘူးနော် ဆိုပြီး စာချုပ်ကြတာကိုလဲ တွေ့ရပါတယ်။
ဒီတော့ အိမ်ရှင်မကလဲ အပြင်ထွက်လုပ်ရတာမှန်ပေမယ့် အိမ်သန့်ရှင်းရေး တာဝန်ကိုယူသင့်ပါကြောင်း။
အိမ်ရှင်ထီးများကလဲ ငါ အိမ်ထောင်ဦးစီးဘဲဆိုပြီး အလုပ်ပြန်လာတာ နဲ့ အင်တာနက်ထိုင် ဘောလုံးပွဲကြည့်မယ့်အစား
အိမ်အလုပ်ကို ကူလုပ်သင့်ပါကြောင်း
မွေးထားတဲ့သားသမီးများကိုလည်း ငယ်စဉ်ကတည်း က ကိုယ်အဝတ်ကိုယ်လျှော်
ကိုယ်အိပ်ယာကိုယ်သိမ်း ကိုယ်နေတဲ့ အခန်းကိုယ်ရှင်းဆိုပြီး အလေ့အကျင့်လုပ်ပေးထားခဲ့ရင်
………………………………………………………………………………
…………………………………………………………………
hmee
November 16, 2014 at 7:25 am
လေးပေါက်ရှင့် ကျွန်မ သူငယ်ချင်းက ပြောဖူးတယ် လင်မယားနှစ်ယောက်လုံး တဌာနတည်း တခန်းတည်း။ အလုပ်လုပ်ရတာခြင်း အတူတူ ငါက အိမ်ပြန်ရောက်ရင် မီးဖိုချောင်ဝင်ရတယ် သူက သတင်းစာ ဖတ်နေတယ်။ မတရားဘူး လေ ဒါနဲ့ သူ့ကို အခု တာဝန်တွေ ခွဲ ပေးထားတယ်တဲ့။ တခါတလေလည်း အခြေ အနေပေါ် မူတည်ပြီး စာချုပ်ချုပ်သင့်တယ်။ 🙂
တညင်သား
November 12, 2014 at 10:09 pm
သန့်သန့် ရှင်းရှင်းနေတယ် ဆိုတာ အပြောလွယ်သလောက် အတော်ပင်ပန်းတဲ့အလုပ်ပဲ.. ခိုယီးရားတွေ တော်ပါပေတယ် ဒါကလဲ ဘက်ပေါင်းစုံက ပြည့်စုံနေတော့ သန့်ရှင်းသပ်ရပ်စွာ နေဖို့အတွက် အထောက်အကူ ဖြစ်စေတာပေါ့ တကယ်လဲ အလုပ်လုပ်ကြပါတယ်…
hmee
November 13, 2014 at 8:30 am
ဟုတ်ပါတယ် တညင်သားရေ။ ချမ်းသာတဲ့ နိုင်ငံမို့ စားဝတ်နေရေး မစဉ်းစားရတာကြောင့်လည်းပါမယ်။
uncle gyi
November 12, 2014 at 10:37 pm
လိုတာပေါ့မမှီရယ်
ဒါပေမဲ့အခုခေတ်ကလေးမတွေက
အပြင်အလုပ်လုပ်ရတယ်အကြောင်းပြပြီး
ကို်ယ့်အိမ်အလုပ်ကျမလုပ်ချင်ကြဖူး
အိမ်ဖော်နဲ့ပြီးတာများတယ်
မြန်မာများကလည်းအတုခိုးတာ
တလွဲချည့်
နည်းပေးလမ်းပြလွဲနေကြတယ်ထင်ပါတယ်
ဘာလိုတယ်ပြောရမလဲ
ပင်ကိုအသိလား
လေ့လာမှုလား
စာဖတ်အားလား
ဆုံးမသွန်သင်မှုလား
ပတ်ဝန်းကျင်လား
hmee
November 13, 2014 at 8:33 am
အားလုံးပဲလို့ ဆ်ုရမလိုပါပဲ။ ဒါပေမဲ့ သားသမီးဆိုတာ မိဘတွေရဲ့ အမူအကျင့်ကို မသိမသာရော သိသိသာသာရော အတုယူတတ်တာမို့ မိဘတွေက အရေးကြီးဆုံး ထင်တာပဲ။
အောင် မိုးသူ
November 13, 2014 at 2:06 pm
အိမ်မှာဆိုလည်း ခဏခဏနေရာပြောင်းတယ် အဲသည်ဝါသနာတော့တူတယ်
hmee
November 16, 2014 at 1:16 pm
ဒါဆို နေရာပြောင်းထားတာကို မြေ့ပြီး အရင်နေ
ရာကို ယောင်ယောင်ပြီးသွားဖူးမှာပေါ့နော်။ 🙂
ဂျက်စပဲရိုး
November 13, 2014 at 3:17 pm
ဒါလေး ဖတ်မိပြီး မရှင်းတာ တစ်လ လောက် ရှိပြီ ဖြစ်တဲ့ အနော့် အခန်းလေး ဒီ စနေ တော့ ရှင်းဦးမည် ဖြစ်ပါကြောင်း…..
(လောလောဆယ်တော့ တစ်ယောက် စိတ်ပြောင်းသွားပြီ လို့ ဝမ်းသာ လိုက်ပါ အန်တီမှီ 😀 )
မြစပဲရိုး
November 15, 2014 at 11:56 pm
သာဓု၊ သာဓု၊ သာဓု
ဘယ်လောက်ခံမဲငင်။ lol:-)))
Ma Ma
November 13, 2014 at 4:42 pm
ကိုယ်လည်း ကြုံဖူးတယ် မှီရေ။
အိမ်ဝယ်တုန်းက အိမ်ရှင်အမလှလှကို ကြည့်ပြီး သူ့အိမ်တော့ သပ်ရပ်သန့်ရှင်းနေမှာပဲလို့ ထင်ခဲ့မိတာ။
အိမ်ပြောင်းတော့မှ တအိမ်လုံး အမှိုက်ပုံလို ရှုပ်ပွကျန်ခဲ့ပြီး ဂျပိုးတွေ ရှင်းလိုက်ရတာ။
ကြမ်းတွေ တိုက်လိုက်ရတာ။
အဲ
.
.
.
.
.
.
.
.
အဲဒါ ဟိုးအရင်တုန်းက။
ခုတော့လည်း စိတ်သွားတိုင်း ကိုယ်မပါနိုင်။
အသက်ကလေးက ထောက်လာတော့…..
ဒူးနာ ခါးနာ အကြောတက် ကိုယ်ခါးခြေလက်နာကျင်ကိုက်ခဲနေတာနဲ့ပဲ အချိန်ကုန်နေတာနဲ့….
လူလည်း အမှိုက်ပုံကြား ရောက်နေသလိုပဲ။ :'(
မြစပဲရိုး
November 16, 2014 at 12:02 am
ချစ်မမ
အပျိုကြီး များ ကြွက်သိုက် ထဲ ဝင်နေနေ ဘူသူ့ ကို ဂရုစိုက် နေရမှာတုန်း ဟေ့။
သူတို့များ ကုသိုလ်ကံ ကောင်းလိုက်လေခြင်း လို့ အားကျနေပါကြောင်း။ :))
အခု တော့ ဟင်းချက်သွားလိုက်ဦးမယ်။ ဒွတ်ခ။ (ခွက်ဒစ် – မွသဲ) 🙄
hmee
November 17, 2014 at 3:55 pm
အသက်ကလေးရလာတော့ ဒီလိုပါပဲ။ 🙂 မမရေ ဘယ်လောက် အသန့်ကြိုကြိုက် ကလေးရှိလာရင် သူတို့ ဖွတာကို သိမ်းရတာ ကြာတော့ ဒဏ်မခံနိုင်တော့ဘူး။ ကိုယ်ကသိမ်းလိုက် သူတို့က ဖွလိုက်နဲ့ အခုတော့ ကြည့်ပဲ ကြည့်နေရတယ်။ ဧည်သည်လာမယ်ဆို ကြိုြပြီး သတိပေးလို့ အိ်မ်ကြီးရှင်ကို မှာထားရတယ်။ 🙂
padonmar
November 15, 2014 at 9:19 pm
မှီရေ
နယ်မှာအဖေနဲ့ သားအဖ နှစ်ယောက်ထဲနေတုံးက စီးပွားရေးလည်း လုပ်နိုင်တယ်။အိမ်ကိုလည်း သစ်သားကြမ်းခင်းပြောင်နေအောင် ဖယောင်းနဲ့တိုက်နိုင်တယ်။ဈေးဝယ် ထမင်းဟင်းလည်းချက်နိုင်တယ်။အိမ်မှာ ပန်းအိုးလှလှလည်း ထိုးနိုင်တယ်။ကိုယ်ဝတ်ချင်တဲ့ အကီင်္ျလည်း ကိုယ့်ဖာသာကိုယ်ချုပ်နိုင်တယ်။ဟော်ဘီတွေ ခေတ်စားရာ တက်တင်း၊မက်ခရာမီ၊တချောင်းထိုး လိုက်လုပ်နိုင်တယ်။
အပျိုစင်မဂ္ဂဇင်းထဲပါသမျှ မုန့်လုပ်နည်းတွေ စမ်းလုပ်နိုင်တယ်။
တီဗွီကလာတဲ့ ပေါင်ချိန် အခန်းဆက်လည်း ကြည့်နိုင်တယ်။
စာအုပ်အငှားဆိုင်မှာ အသစ်အသစ်ထွက်သမျှလည်း ငှားဖတ်နိုင်တယ်။
အဲဒီ မိန်းမပီပီ ကိစ္စတွေ အကုန်လုပ်နိုင်ခဲ့တယ်။မှီရဲ့ လေးခင်ကိုမီမယ်ထင်ပါရဲ့။
အခု ရန်ကုန်မှာ လာနေတော့ အဲဒီတုံးက ကိုယ် ဘယ်ပျောက်သွားပါလိမ့် လို့ ခုထိုင်တွေးနေမိတယ်။
ကိုယ်လည်း နုငယ်ဖြစ်သွားတာလား။
အင်တာနက်နဲ့ ယာဉ်ကြောပိတ်ဆို့ကပဲ အရင်တုံးက တယောက်ကို ဖျောက်ပြီး ပဒုမ္မာ လုပ်ပစ်လိုက်တာလား မတွေးတတ်တော့ပါဘူးကွယ်။
မြစပဲရိုး
November 15, 2014 at 11:59 pm
အင်တာနက် ကတော့ သေချာပါ့ အစ်မဒုံ။
ကိုယ့် တာဝန် ကို ဖျက်ဖို့ ဆွဲနေတဲ့ အရာပေါ့။ lol:-))
hmee
November 17, 2014 at 4:03 pm
အမရေ အင်တာနက်က ပြောင်းပြစ်တာ သေချာတယ်။ 🙂 အခုတောင် ကွန်မန့်ကလေး ပြန်ပေးဖို့ အရေး အတော် အချိန်ယူရတယ်။ ဖဘဆို လိုက်လုပ်မရ ကွန်မန့ဆို ဝေးရော။ အမတို့ ရေးထားတာတွေ့ပေမဲ့ ပြန်ရေးလို့ကိုမရဘူး။ 🙂
မြစပဲရိုး
November 15, 2014 at 11:54 pm
ဒီမှာတော့လေ။
သူလဲ မိဘ လက်ထဲ ဘာမှ မလုပ်၊ ကိုယ်လဲ မိဘ လက်ထဲ ဘာမှ မလုပ်။
ဒီတော့ နှစ်ဦးပေါင်းချိန် division of labour ပါဘဲ။
ကိုယ်က နေ့တိုင်း ဟင်းချက်တယ်။ ပန်းကန်ခွက် ဆေးတယ်။ ကလေးကျောင်းပို့ ကြို တယ်။
တစ်ပါတ်တစ်ခါ သူ က Floor တွေ သန့်ရှင်းရေးလုပ်၊ မီးဖို ကို ပြောင်အောင်တိုက်။။
ကိုယ်က အဝတ်လျှော်၊ မီးပူတိုက်။
အိမ်သာ ရေချိုးခန်း က ခွဲထားပြီး ကိုယ်သုံးတာ ကိုယ်ရှင်း။
အမှန် တကယ် ထင်တာပြောရရင် လူတစ်ယောက် ရဲ့ တာဝန်ယူတတ်မှူ၊ တာဝန်ကျေပြွန် လိုမှု စိတ် နဲ့ ဆိုင်မလားဘဲ။
ဒီ တာဝန် တွေ ငါ လုပ်ရမှာ လို့ သိ ရင် ဒါတွေ ကို စိတ်ပါသည် ဖြစ်စေ၊ မပါသည် ဖြစ်စေ ပြီးမြောက် အောင်လုပ်ရမှာ မဟုတ်လား။
မိဘ အနေနဲ့ ကလေး ကို တာဝန်ယူတတ်မှု စိတ်ဓာတ် မွေး ပေးလိုက်နိုင်ဖို့ က ပိုပြီး အရေးကြီးမယ် ထင်တာပါဘဲ။
တစ်ချို့ လဲ အမေ ကသင်ပေးလိုက်တာဘဲ။ ဒါပေမဲ့ သူတို့ စိတ်က တာဝန်ယူစိတ်ကင်းတော့ ကိုယ့်ဟာကိုယ်တောင် တာဝန်မယူတော့ဘဲ ဖြစ်သလို အမှိုက် ထဲ နေနေတတ်သူ တွေ ရှိတာ မြင်ဖူးတယ်။
တစ်ချို့ တော့ မိဘ အိမ်မှာ ဘာမှ မလုပ် ၊ အဆောင်လဲ နေရော ကိုယ့်ဟာကို သန့်သန့်ရှင်းရှင်း နေကျင့် လုပ်တတ်တာလဲ မြင်ဖူးတယ်။
ကိုယ့် အမြင်လေး ဝင်ဆွေးနွေးတာပါ မှီ ရယ်။
စာရေးကောင်းသူ ရေး တာမို့ အင်မတန်ဖတ်လို့ ကောင်းပါတယ်။
မှီ့ အမေ က သူ့ သမီး ကို တာဝန်ကျေတတ်အောင် စိတ်သွင်းပေးခဲ့တာလဲ ပါမှာပါ။
:))
hmee
November 17, 2014 at 4:24 pm
ဟုတ်ပါတယ် အရီးရေ တာဝန်ယူတတ်တဲ့ စိတ်ကိုမွေးမြူပေးစေချင်တာပါ။ သားနဲ့သမီးလည်း ငယ်သေးပေမဲ့ တချို့ အရာလေးတွေ ခိုင်းပေးတယ်။ မေ့မေ့ကို ကူညီနော်လို့လေ။ သမီးက အခုဆို မလုပ်စေချင်လို့ပြောရင် မီးမီးက မေ့မေ့ကို ကူညီတာလေတဲ့။ 🙂 ကြုံတုံး ကြွားရမယ် 🙂 အရီးရေ အမေကလေ အညာသူမကြီးပေမဲ့ သားသမီးတော့ တကယ်ထိန်းတတ်တယ်။ သားသမီးထိန်းတာမှာ အတန်ပညာနဲ့ မဆိုင်ဘူး မိဘရဲ့ ပါးနပ်မှုက ပိုအရေးကြီးတာ။ ကျွန်မတို့ ညီအမ ၅ယောက်လုံးကို သေသေချာချာ ထိန်းပေးခဲ့တာကို ကြာလေ ပ်ိုသိလာလေပါ။း ကျွန်မတို့လို တောကနေ ြမြို့မှာကျောင်းတက်သူ အများစုဟာ အိမ်ပြန်ရောက်ရင် အောက်ခြေ လွတ်တာများတယ်။ အမေကတော့ ဒီနေ့ ရွာပြန်ရောက် ညနေ အိမ်အလုပ်လုပ်ပဲ။ ြမြို့မှာ စီးတဲ့ သားရည်ဖိနပ်တွေ သိမ်း သူဝယ်ထားတဲ့ ဖော့ဖိနပ်ပြောင်းစီး ထမီ တိုတို ဝတ်ခိုင်းြပြီးထောင့်စေ့အောင်ခိုင်းတာမို့ လူတိုင်းက အောချတယ်။ အိမ်အလုပ် တောအလုပ် အကုန်ခိုင်းတာ တနွေလုံး ခိုင်းတာမို့ ကျောင်းဖွင့်ချိန်ဆို မဲမဲတူးနေရော။ အခုလည်း အိမ်ကို လာရင်ပြောတတ်တယ်။ ထမင်းချက် အဝ။တ်လျှော်တာ အလုပ်လို့မပြောနဲ့တဲ့။ ညည်းတို့ ရေမခပ်ရ မီးမမွှေးရပဲ အသင့်ချက်ရတာပါအေတဲ့လေ။ အခုလည်း အသက် ၆၀ကျော် ၇ဝနားနီးပေမဲ့ အလုပ်လုပ်တုံး။ အမေ့ဆီ အလည်ပြန်ရင် ကျွန်မ အသက်၄ဝ အမေ့လို မလုပ်နိုင်ဘူး။ 🙂
ဦးကျောက်ခဲ
November 16, 2014 at 9:11 pm
မမှီရေ အတော်အတူယူဖွယ်ကောင်းတဲ့ လေးခင်ပါပဲ…
ကျောက်စ်တို့မောင်နှမတွေလည်း ငယ်ငယ်ထဲက ဂျာနယ်ကျော်မမလေးရဲ့ ဝထ္ထုတွေစွဲမိတာမို့…
အိမ် ညစ်ပတ်ပေစုတ်နေရင် စားမဝင် အိပ်မပျော် အသက်ရှူတောင်ကြပ်တယ်…
လူပြိုဂျီးဘဝ အခန်းကိုလာလည်သူတွေ ချီးမွမ်းကြပေမယ့် ၊ ကွယ်ရာမှာတော့ ဇီဇာကြောင်သတဲ့… အဟီး
:k:
hmee
November 17, 2014 at 5:06 pm
ဦးကျောက်ရေ ကျွန်မ ဇီဇာကြောင်တမှ အကျီ င်္လှန်းရင် ငယ်စဉ်ကြီးလိုက်လှန်းတတ်တယ်။ ြပြီးရင်ချိပ်ပ်တွေကို တဖက်တည်းချိပ်ရုံမက အက ျီ င်္တွေကို အားလုံး တညီတညာတည်း လှည့်ထားတယ်။ တခါတလေ အိမ်ကြီးရှင်က အလုပ်တွေ ကူညီရင် ကျွန်မက အဲ့လို ဇီဇာကြောင်ပြီး ပြောလို့ ကိုယ့်ဘာသာကိုယ်ပဲ လုပ်တော့တဲ့လေ။ 🙂
Crystalline
November 17, 2014 at 1:51 pm
အိမ်မှာလည်း ဧည့်သည်များ လူများတဲ့အချိန်ဆို ကိုယ်နေချင်တဲ့အနေအထားရဖို့.. တော်တော်ပင်ပန်းတယ်.. သူတို့ဖွသမျလိုက်ရှင်းနေရလို့.. မအားတဲ့အချိန်တွေမှာတော့.. ကိုယ်မမြင်ချင်တဲ့အနေအထားကြောင့် စိတ်ပင်ပန်းရပြန်… ကိုယ်ကပဲ ဇီဇာကြောင်လွန်းတယ်ဖြစ်နေတယ်.. :((