ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၆ (ဝဏ္ဏပဘာ)

CourageFebruary 27, 20151min54913

ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၆

ဝဏ္ဏပဘာ

 

ရှင်မဟာရဋ္ဌသာရလို့ ဆိုလိုက်တာနဲ့ မြန်မာကျောင်းကိုတက်ခဲ့ဖူးတဲ့သူတိုင်း ရင်းရင်းနှီးနှီးကို သိရှိပြီးသားဖြစ်မှာပါ။ မောင်ကာကြီး ယုံပါတယ်။ “အိုဘယ့်ဘယ် ၊ အိုဘယ့်သမီးတော် ၊ ထင်ပေါ်ဘုန်းပျံ့သင်း။ အိုဘယ့်ဘယ် ၊ အိုဘယ့်သမီးတော် ၊ နတ်သော်ပုံမယွင်း ။အိုဘယ့်ဘယ်၊ အိုဘယ့်သမီးတော် ၊ စန္ဒောလနှယ်ဝင်း။”ဆိုတဲ့ ကဗျာကို အားလုံး အလွတ်ကျက်မှတ်ခဲ့ဖူးမှာပေါ့။ ပြီးတော့ ဆရာတော်ရဲ့ ကိုးခန်းပျို့ဆိုတာကလဲ လောကီ၊ လောကုတ္တရာ နှစ်ဖြာသောအကျိုးအတွက် လွန်စွာမှုတန်ဖိုးရှိတဲ့ ပျို့ကဗျာမှန်း အားလုံးလဲသိဖူးပြီးသားလေ။

အခြားသော အခြားသော မှတ်သားဖွယ်ရာ ဆရာတော်ရဲ့ လက်ရာတွေထဲကမှ မောင်ကာကြီး အခု တင်ပြချင်တာက “ဝဏ္ဏပဘာ”ဆိုတဲ့ ရတုလေးအကြောင်း။ ဆရာတော်ရေးသားခဲ့တဲ့ ဆုံးမစာတွေ အလှကဗျာတွေထဲကမှ ဒီကဗျာကို ဘာလို့ မောင်ကာကြီးပိုကြိုက်သွားရလဲ ဆိုတာက ခိုင်လုံတဲ့အကြောင်းပြချရှိပြီးသား။ ဆရာတော်ရဲ့ လက်ရာတွေထဲမှာ မောင်ကာကြီး အမှတ်မမှားဘူးဆိုရင် အချစ်ရေးနဲ့ ပတ်သက်တဲ့ကဗျာဆိုလို့ နှစ်ပုဒ်ထဲပဲရှိပါတယ်။ တစ်ပုဒ်က နှမလက်လျော့နေလေတော့ လို့ အသိများကျတဲ့ “ပုရေနိသင်”ချီ ရတုရယ် နောက်တစ်ပုဒ်ကတော့ ဒီ ဝဏ္ဏပဘာရယ်။ အဲ့ဒီ နှလုံးသားရေးရာ ကဗျာနှစ်ပုဒ်မှာမှ ဝဏ္ဏပဘာကိုပိုပြီး နှစ်သက်ခဲ့သလဲဆိုတော့ ဒီကဗျာဟာ ဆရာတော် ရဟန်းမဝတ်မှီ ၁၆နှစ်ကျော် အရွယ် နုနယ်တုန်းမှာ ရေးသားခဲ့လို့ပါ။ လူအဖြစ်နဲ့ ရေးတဲ့ အချစ်ကဗျာဆိုတော့ လူငယ်ဆန်ဆန် အလှဖွဲ့တွေ တင်စားမှုတွေက ပိုပြီးဆန်းသစ်တာပေါ့လေ။ ပုရေနိသင်ကျ ရဟန်းဘဝနဲ့ ရေးခဲ့တာဆိုတော့ “ဖန်လည်ရဟတ်၊ တပတ်ပတ်လျှင်၊ အနတ္တဒုက္ခ၊ အနိစ္စလည်း၊ နှလုံးပူစွ၊ ပေးလှူ စွန့်ကြ၊ သည်ဘဝတွင်၊ နှမလက်လျှော့၊ နေလေတော့”တို့ ဘာတို့ဆိုတဲ့ သံဝေဂသံ တရားသံတွေ နည်းနည်းနှောသွားတဲ့အတွက် မောင်ကာကြီးလို တဏှာရူးတဲ့ ငမူးတွေက သိပ်မကြိုက်ဘူး၊ ပြောရရင် ဟတ်မထိဘူးပေါ့ဗျာ။ ဒီလိုပဲပြောရမှာပေါ့။

အမှန်အတိုင်းပြောရရင်တော့ ဒီကဗျာနဲ့ပတ်ပြီးရေးမယ်လို့ ကြံလိုက်တဲ့အချိန်မှာ အရင့်အရင်က ရေးခဲ့ဖူးတဲ့ ကဗျာတွေအကြောင်းတွေနဲ့မတူ ရေးဖို့ အခက်အခဲနည်းနည်းရှိပါတယ်။ ဘာလို့လဲဆိုတော့ ဆရာတော်ဖွဲ့ထားတဲ့ လင်္ကာတွေနဲ့ ခေတ်အလိုက် ပြောင်းလဲသွားတဲ့ စကားလုံး အသုံးအနှုံးတွေကြောင့် စကားပြေသဘောရေးတဲ့အခါမှာ တော်တော့ကို ခေါင်းစားရပါတယ်။ မောင်ကာကြီးရဲ့ ခေတ်ဟောင်းစာပေနဲ့ ရင်းနှီးမှု နည်းရခြင်းက အဓိကဖြစ်မှာပေါ့။ ဆိုတော့ကာ ဒီဝဏ္ဏပဘာကို စကားပြေရေးရာမှာ အရင်ကလို ရှင်းလင်းချက် စကားပြေမဟုတ်ပဲ ခံစားမှု စကားပြေဆန်သွားနိုင်ပါတယ်။ မောင်ကာကြီးရဲ့ စကားလုံးအသုံးအနှုန်းဟာ ဆရာတော်ရှင်မဟာရဋ္ဌသာရ တစ်ဖြစ်လဲ မောင်မောက်ရဲ့ စကားတွေကိုသာ အခြေခံပြီး ရေးခဲ့တဲ့အတွက် စာမသွားခြင်း စကားပြေမဆန်ခြင်းများရှိပါက မောင်ကာကြီးကိုသာ အပြစ်တင်ကျပါကုန်။

ကဲ အခုတော့ ဝဏ္ဏပဘာလေးကို “အလိုလေး။ လှရက်နိုင်လွန်းလိုက်တာ၊ တင့်ရက်နိုင်လွန်းပေတာ၊ ယဉ်ရက်နိုင်လွန်းခဲ့တာ” ဆိုတဲ့ စကားလေးနဲ့ပဲ စဖွင့်လိုက်ပါပြီ။

ဝဏ္ဏပဘာ။“ဝဏ္ဏ”ဆိုတဲ့အဆင်း “ပဘာ”ဆိုတဲ့အရောင် ဒီနှစ်မျိုးစလုံးကိုပိုင်ဆိုထားတဲ့ အလွန်တစ်ရာမှ အသရေတင့်တယ်လှတဲ့ ဒီမိန်းကလေးဟာ ကျုပ်အတွက်တော့ အဆင်းရောအခြင်းပါ ပြည့်စုံသူလို့ ဆိုရမလားပဲ။ ကျုပ်အထင်တော့ အရွယ်ရဲ့ပျိုမြစ်ခြင်းကို ကျစ်လျစ်တဲ့ ကိုယ်ခန္ဓာဖွဲ့စည်းမှုတွေက ပိုပြီးတော့ ပေါ်လွင်စေခဲ့သလိုပဲ။ အဖြူရောင်ကြက်တောင်စီးကိုအသုံးပြုပြီး အမြိတ်အစို့လေးထွက်နေအောင် ထုံးထားတဲ့ဆံထုံးပိုင်ရှင် သူလေးကို ကြည့်ရတာလေ နတ်သမီးလေးတစ်ပါးအလားပါပဲ။ နုနယ်လှတဲ့သူ့ရဲ့အသားအရေတွေက အောင်မလေးလေး ဝါစိုင်ခဲကြီးပေပဲလား။ ကျုပ်တော့ဖြင့် ညှင်းနွဲ့နွဲ့လေး တိုက်နေတဲ့လေစိမ်းတွေ သူ့ကိုယ်ကိုထိမိ ခိုက်မိပြီး သူလေးရဲ့ ကိုယ်ပေါ် သွေးခြေတွေဥသွားမှာ စိုးမိပါရဲ့ဗျာ။ အောင်မယ် ကျုပ်ကဒီလိုမျိုးပြောလိုက်လို့ အလွန်ပိုတဲ့မောင်ပိုလို့ အထင်စောပြီးမပြောလိုက်ပါနဲ့ဦး။ ကျုပ်ကတစ်ကယ်ပြောတာဗျ။ သူ့ရဲ့အသားလေးတွေနုချက်ကတော့ဗျာ တစ်ခြားမဆိုထားနဲ့ လက်ဖျားလေးတွေကိုုပဲကြည့်။ အနီရင့်ရောင်၊ ကွမ်းသွေးနီရောင်၊ ဒန်းနီရောင် အိုဗျာ သက်တံ့ကြီးတစ်ခုလိုထင်ရလောက်အောင်ကို ယှက်ဖြာနေတဲ့သွေးကြော လေးတွေမြင်ရအောင်ကို နုနုညက်နေတာပဲ။ ကြိုင်မွှေးထုံသင်းလှတဲ့ ကတိုးနံ့သာရည်ရနံ့လေးကလည်း တစ်ခါတစ်ခါ လေပြေလေးနဲ့အတူ ကျုပ်ရဲ့ဂန္ဓာရုံကို သိမ်းပိုက်သွားလေရဲ့။ ကော့ညွတ်နေတဲ့ မျက်တောင်လေးတွေနဲ့အတူ သေးသွယ်လှတဲ့မျက်ခုံးလေးတွေက တိုင်းကျော်ပြည်ကျော် နန်းတွင်းသုံးပန်းချီဆရာကျော်ရဲ့ စုတ်တစ်ချက်ထက်ပိုပြီး ပိရိသေသပ်လှပနိုင်လွန်းလေတယ်။ ဗြဟ္မာ၊ နတ်သိကြားတို့ ဖန်းဆင်းအပ်တဲ့ ဒီရွှေစင်ရုပ်လေးမှာ အပြစ်ဆိုလို့ ပြောဖွယ်ရာတစ်စက်ကလေးတောင် မရှိအောင် ခြောက်ပြစ်ကင်းလိုက်တာ။ မှန်တစ်ချက်လိုပဲ အလှတရားကို ရှင်းရှင်းကြီး ထင်ဟပ်စေလိုက်တာ။

“နှစ်လိုဖွယ်ကောင်းလှတဲ့အပြုံး၊ အဓိပ္ပါယ်များစွာပါတဲ့အပြုံး၊ အပြုံးမမည်တဲ့အပြုံးနဲ့ သူလေးပြုံးနေပါလား။ သူဇာအလှရှင် သက်လျာခင်လေး ရယ် ပေါ်လွင်စွာပြုံးလိုက်စမ်းပါ၊ ရယ်ရွှင်စွာပြုံးလိုက်စမ်းပါ၊ ကြည်နူးစွာပြုံးလိုက်စမ်းပါ။ ဒီလို်ဆည်းဆာညိုမှာ မခို့တရို့အပြုံးလေးကိုပဲ မြင်နေရတာ အမောင် မဝင့်မရဲ ဖြစ် လွန်းလို့ပါနှမရယ်”။

ဣတိ္ထယတစ်ယောက်ရဲ့ အလှကို ငါးပါးသောအရာတွေနဲ့ တင်စားတက်ကျတယ်။ အရင်က ကျုပ်စဉ်းစားမိတယ်။ ဒီလိုမျိုးငါးပါးသောဂုဏ်တွေနဲ့ ပြည့်စုံတဲ့ အမျိုးသမီး တစ်ကယ်ရောအပြင်မှာရှိနိုင်ရဲ့လားလို့ပေါ့။ အခုတော့ ဒီလိုအမျိုးသမီးမျိုး တစ်ကယ်ရှိတယ်ဆိုတာကို ကျုပ်ယုံသွားပါပြီလေ။ တင့်တယ်သောအသားအရေ၊ ပြေပြစ်သောအရိုးအဆစ်၊ နုငယ်လှတဲ့အရွယ်၊ ရှည်လျားနက်မှောင်နေတဲ့ဆံပင် အိုဗျာ တစ်ချက်တစ်ချက်မှာ ပျံ့လွင့်လာတဲ့ ဆည်းလည်းမြည်သလို အသံလေးကအစ အားလုံးအားလုံးသော ကောင်းခြင်းတွေကို ကုန်လုံအောင်ပိုင်ဆိုင်ထားတဲ့ သူလေးက ကျုပ်ရဲ့မျက်စိရှေ့မှာ ရောက်နေပြီလေ။ မမြင်ဘူး မူးမြစ်ထင်မိတယ်လို့ပဲ ဆိုချင်လည်းဆိုပါတော့။ ကျုပ်ကတော့လေ မမွှေးစဖူးအမွှေးထူးတဲ့ နံ့သာရည်ကို လိမ်းကျန်ထားတဲ့ ဝင်းဝင်းညက် ဖွေးဖွေးဥအသားအရေပိုင်ရှင်လေးကို တစ်ကယ်ပဲစွဲလန်သွားမိပြီဗျာ။ တစ်ကယ်တန်းတော့ ဒီဆယ်နှစ်ကျော်၊ ဆယ်ကျော်သက်သူလေးရဲ့ ရူပနိကာယ်မှာ မိန်းမောသွားခဲ့တဲ့ကျုပ်အဖြစ်က ရယ်ချင်စရာကောင်းပါတယ်လေ။ ဖြူလွှတဲ့ကြိုးကလေးကို ကေသာထက်မှာ ရစ်ပတ်ဖွဲ့ခွေထုံးထားတဲ့ သူလေးကို လက်တွဲဖော် ကြင်ဖော်အဖြစ် သတ်မှတ်ခဲ့မိတာ ပိုပြီးတော့တောင် ရယ်စရာကောင်းနေမလားပဲ။ လှတယ်ဆိုတဲ့စကားထက်ပိုပြီး တင်စားရမယ့် ပြေပြစ်ညက်ညောသူလေး နွဲ့နှောင်းရှင်းသန့်သူလေးကို မြင်ရတာ နတ်သက်လျောလာတဲ့ သူပေလားထင်မိရဲ့။ ရေးရေးမြင်ရုံနဲ့ ပေါ်ပေါ်ထင် လွန်းလှတဲ့ ကျော့နိုင်ရှင်းနိုင်သူလေးပါ။ ဖြိုးမောက်တဲ့၊သေးသွယ်တဲ့၊ငွားစွင့်တဲ့ ကိုယ်ခန္ဓာကောက်ကြောင်းလေးတွေက ရှု့ချင်စဖွယ်အတိပေါ့။

ငယ်ရွယ်သူများသဘာဝ အဖော်တွေ အပေါင်းတွေနဲ့ ဆော့ကစားမှုပြုခြင်းဆိုတာ ဖြစ်မြဲဖြစ်ရာပါလေ။ လွတ်လပ်တဲ့ သူငယ်ဘဝကို ဟန်ဆောင်မှုကင်းစွာနဲ့ သူလေးလည်းဖြတ်သန်းနေလေရဲ့။ ပေါင်းဖော်တွေနဲ့ ဆော့ကစားနေလေရဲ့။ ပေါ့ပါးတဲ့လှုပ်ရှားမှုတွေနဲ့ မြူးထူးစွာ ဆော့ကစားနေတဲ့ သူလေးရဲ့ ဆံထုံးစုလည်းရစ်နှောင်ထုံးလေးဟာ ပြေလျော့စပြုလာလေပြီ။ ဒီဆံထုံးလေးကို တင်းကျက်သက်ရပ်စွာ ပြန်ထုံးလိုက်ပါနှမလေးရယ်။ ဒီအတိုင်းပဲတော့ မနေလိုက်ပါနဲ့။ ဆော့ကစားလိုစိတ်အပေါ် အာရုံရောက်ပြီး စုလည်းဆံထုံးလေးကို ပြန်ပြင်ထုံးသလို မထုံးသလိုတော့ မလုပ်လိုက်ပါနဲ့။ ကနွဲ့ကလျနိုင်လှတဲ့ နှမလေးရဲ့အသွင်အပြင်ကို ဒီအမောင် မကြည့်ရက်လို့ပါကွယ်။

အင်း သူလေးရဲ့အလှကိုပြောရမယ်ဆိုရင် ပင်ကိုအလှတစ်ခုတည်းနဲ့တင် မပြီးနိုင်သေးပါဘူးလေ။ သာမောဖွယ် အပြင်အဆင်တွေကလည်း သူလေးကို ဒေဝစ္ဆရာအလှနတ်ဖုရားမလေးအဖြစ် အသွင်ပြောင်းပေးနေတာပဲ။ ဂုဏ်မြင့်သူသာ ဂုဏ်ရည်မြင့်မျိုးပေမို့ သူလေးကလည်းလေ ပြင်တက် ဆင်တက်လွန်းလှပေတယ်။ ပြစ်မျိုးကင်းစင်တဲ့ လှထိပ်ခေါင်တင်တစ်ပါးရဲ့ ဆင်ယဉ်ထုံးဖွဲ့မှုတွေဟာ အတိုင်းသားကို မြင်သာနေရတယ်။ ခြူးပန်းနွယ်တွေကို အမြောင်းလိုက်စီချယ်ထားတဲ့ ရွှေရေးထမီရဲ့အထက်မှာ အဖိုးများစွာထိုက်တန်တဲ့ အာနီပုလဲစီ ရွှေခါးစီးကြိုးကို ဝတ်ဆင်ထားခြင်းကလည်း လိုက်ဖက်လှပေပ။    ဘယ်သူပြိုင်လို့လှနိုင်မှာလဲ။ ဇမ္ဗူတစ်ခွင်မှာပြိုင်သူရှုံးရမှာပေါ့။ သူ့လိုမျိုး သူလေးလိုမျိုး ဘိုးသိကြားစေတဲ့ နတ်မိမယ်တွေ ဘယ်မှာများရှိနိုင်ဦးမှာလည်းလေ။

အလိုလေး လေး။ ပင့်သက်တစ်ချက်ကိုရှိုက်ဖို့တောင် ကျုပ်မေ့သွားပါပေါ့လား။ နဂိုနေလှသူလေးရဲ့ အပြင်အဆင်အလှကို ကျုပ်ရှုမဝနိုင်ပေဘူး။ ကနွဲ့ကလျလှုပ်ရှားမှုတွေရဲ့နောက်မှာ ရိုးသားပွင့်လင်းမှုဟာ ကပ်လျက်ပါလာနေလေရဲ့။ အခုလို လွတ်လပ်စွာနေရတာကို သူလေး ပျော်နေတယ်။ သူလေး ပျော်တဲ့အတိုင်းလည်း နေနေတယ်။ ခုန်ပေါက်ဆော့ကစားနေတယ်။ မြူးတူးကာလှုပ်ရှားနေတယ်။ သူလေးရဲ့ ကပိုယိုလှုပ်ရှားမှုတွေဟာ တစ်ခါတစ်ခါ လျှပ်ပျက်သလို ဖြစ်သွားစေတယ်။ ရွှေအင်္ကျီ ဇာပဝါပါးက လှုပ်ရှားသွားတယ်။ အသက်ရှုသံမှားလောက်အောင် အလှအရားတွေ ကျုပ်စက္ခုကိုထင်ဟပ် လာနေတယ်။ သမရိုးကျမဟုတ်တဲ့ မြင်ကွင်းတစ်ခုက ကျုပ်သန္တာန်ကို မြားတစ်ဆင်းလို စူးဝင်လာနေတယ်။ ယခုဆိုနေလည်းစောင်းလာပြီ။ ဆည်းဆာဟာ ဝိုးတစ်ဝါးဖြစ်နေပြီ။ အလင်းရောင်တွေမှိန်နေလေပြီ။ ကျုပ် သူလေးကိုမြင်နေရတယ်။ မိုးနတ်သူဇာ လေးကို ကျုပ်တွေ့နေရတယ်။

အလိုလေးလေး အလိုလေး။ ကျုပ် သူ့အလှကို မြင်နေခဲ့ရတယ်။            ။

ဒီရတု တစ်ပုဒ်လုံးမှာ မောင်ကာကြီးရဲ့ ရင်ကို ဒိုင်းကနဲ့ ဝင်သွားစေတဲ့ စာကြောင်းက နောက်ဆုံးအပိုဒ်ရဲ့ အသိမ်းစာကြောင်း။ “ရွှေရင်ဖုံးတုံ့ မဖုံးတုံ့”ဆိုတာ။ မောင်ကာကြီးလေ ဒီစာသားကို ဖတ်မိတော့ ဘာကိုမြင်လို့ ဘာကိုထင်ရမလဲ။ ဘာကိုတွေးလို့ ဘယ်လိုမေးရမှန်းမသိအောင်ကို ဖြစ်သွားတာ။ ထင်ပါတယ်။ မောင်မောက်ကလေးကတော့ သူ့ အလှပဂေးလေးရဲ့ ချုံလွှာ ဇာပဝါပါးလေး လှုပ်ခတ်မှုကို ဆိုချင်တာဖြစ်မှာပါ။ သို့ပေသိ မောင်ကာကြီးလို့ တဏှာကြိုက်တဲ့ ငမိုက်တွေကတော့ ကိုယ်လိုရာ ကိုယ်ဆွဲတွေးတာ ဖြစ်မှာပေါ့။ တစ်ကယ်ပါဗျာ။ မောင်ကာကြီးစိတ်ထဲ တစ်ကယ်ကြီးကို အဲ့လိုထင်မိသွားတာ။ ဆရာတော် အဲ မောင်မောက်ကိုလဲ တော်တော်လေးစားသွားတယ်။ ကိုယ်မြင်တာကို မြင်တဲ့အတိုင်း ရေးတတ်ပါ့ လို့ပေါ့။

ဒီဝဏ္ဏပဘာဆိုတဲ့ တောင့်တဲ့တွန့်ရတုလေးနဲ့ပဲ အင်းဝခေတ်ရဲ့ စာဆိုကျော်တစ်ပါးဖြစ်သူ ဆရာတော်ရှင်မဟာရဠသာရကို ဂါရဝပါတယ်။ ဆရာတော်ရဲ့ ပညာဉာဏ်၊ ကဗျာဉာဏ် စာဉာဏ်ကိုလဲ ပူဇော်ပါတယ်။ ဆရာတော်ရဲ့ အနုပညာအမွေခံ သားတပည့်ဖြစ်တဲ့ မောင်ကာကြီးတို့ကိုလဲ စောင့်ရောက်ပေးပါ။ ဉာဏ်အလင်းရအောင်လဲ ပြသပေးပါလို့ တောင်းဆုပတ္ထနာပြုပါတယ် ဘုရား။

ကဲလေ ဒီမှာပဲ ဝဏ္ဏပဘာရဲ့အကြောင်းကို တော်ဦးစို့။ နောက် နောင်လဲ အခါသင့် အခွင့်သာရင် မောင်ကာကြီးအတွက် မှတ်မှတ်ရရဖြစ်စေတဲ့ ကဗျာတွေအကြောင်းကို ရေးသားပါဦးမယ်။ ဒီစာစုနဲ့ ပတ်သက်လို့ကတော့ မောင်ကာကြီးတစ်ယောက် ခံစားရသမျှကို ခံစားမိတဲ့အတိုင်း ရေးသားဖေါ်ပြထားခြင်းဖြစ်တဲ့အတွက် အမှားအယွင်းများရှိခဲ့ပါက အပြစ်မမြင်ပဲ “အော်… ဒီသူငယ် သူဉာဏ်မှီသလောက် ရေးထားတာပါလား” လို့ အချစ်ဝင်ပါကျပါဦးလို့။   ။ လွန်တာရှိရင် ဝန္ဒာမိပါ။

အနုပညာသည် အနုပညာအတွက်သာ ဖြစ်သည်

Courage

 

 

ဝဏ္ဏပဘာ

 

၁။ ဝဏ္ဏပဘာ၊ ကလျာဖူးစသစ်၊ ပျိုမြစ်မြစ်လျှင်၊ ကျစ်လျစ်တင့်စံပယ်၊ လှမျိုးကြွယ်သား၊ ဆံသွယ်မြမြိတ်စို့၊ ဆင်းရောင်ပျို့ကို၊ နတ်တို့ဆင်ထိုက်တန်၊ ဆင်းစုံကြန်သား၊ အလွန်ရပေခက်၊ ဖြူမြိတ်ရွက်နှင့်၊ လက်လက်လှထိ်န်ပြေး၊ ရွှေရည်ရေးသို့၊ ပျံ့မွှေးရွှေအင်္ကျီ၊ ရွှေထမီနှင့်၊ မျက်စီရွှေနားတောင်း၊ နွဲ့နွဲ့နှောင်းမူ၊ ရောင် မောင်း ကွမ်း ရည် သွား၊ သက်တင်လားသို့၊ လက်ဖျားဒန်းနီရောင်၊ လှတန်ဆောင်မူ၊ မျက်တောင်ကော့ညွတ်သေး၊ စုတ်ဖြင့်ရေးသို့၊ ကြိုင်အေးကတိုးရည်၊ ထုံမျိုးကြည်၍၊ နတ်ပြည်မိုးသူဇာ၊ ပျံ့သက်လှာသို့၊ ရှုသာတင့်စနိုး၊ လှခေါင်မိုးလျှင်၊ ပြစ်မျိုးမှဲ့မထင်၊ နတ်ရုပ်သွင်သို့၊ ဖြူစင်ရွှေရောင်ဝင်း၊ လှမှန်ကင်းကို၊ ညခင်းဆည်းဆာတွင်၊ ကျွန်ုပ်မြင်သည်။ ။ ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့။

 

၂။ ပဉ္စကလျာ၊ ညိုပြာတင့်ဆင်းရောင်၊ ရွှေကြက်တောင်နှင့်၊ ဖြူရောင်ရေးထင်စွ၊ သွယ်ခွေချ၍၊ ထွန်းပကိုယ်ရောင်ဝင်း၊ ပြာနွဲ့ရှင်းမူ၊ ပျံ့သင်းနံ့သာပျောင်း၊ မမွှေးတောင်းတည့်၊ တင့်ကြောင်းဆင်းစံပယ်၊ ရှုချင်ဖွယ်တည့်၊ နိကာယ်ဆင်းရောင်မြေ့၊ ဆယ်နှစ်စေ့ကို၊ ကြံ၍သန်ရည်ထင်၊ မြင့်ကြာတင်ခဲ့၊ ပုံပြင်နတ်တူလျော၊ ပြာနွဲ့ချောလျှင်၊ တင့်မောလွန်ကျစ်လျစ်၊ ပုလဲနှစ်သို့၊ ပြေပြစ်တင့်ဆုံဆည်း၊ မိညက်ကြည်းသည်။ ။စုလည်းထုံးတုံ့ မထုံးတုံ့။

 

၃။ ဒေဝစ္ဆရာ၊ ပြင်လျာတင့်ဆင်းရောင်၊ ရွှေကြက်တောင်နှင့်၊ လှခေါင်ပြစ်မျိုးလွတ်၊ ပြာထွတ်ထွတ်လျှင်၊ ရစ်ပတ်ခြူးမြှောင့်စီ၊ ရွှေထမီနှင့်၊ အာနီသိန်းတန်မျိုး၊ ရွှေခါးကြိုးလည်း၊ စံမျိုးနေ့တိုင်းပင်၊ အမြဲဆင်၍၊ ကျွန်းတွင်ဇမ္မူလုံး၊ ပြိုင်တိုင်းရှုံးသည်၊ ပြစ်လုံးပင်းဝေးကွာ၊ မိုးသူဇာကို၊ ဆည်းဆာညရီတွင်၊ ကျွန်ုပ်မြင်သည်။      ။ ရွှေရင်ဖုံးတုံ့ မဖုံးတုံ့။

 

တောင့်တဲ့တွန့်ရတု                                                                                              ရှင်မဟာရဋ္ဌသာရ

 

13 comments

  • မြစပဲရိုး

    February 28, 2015 at 2:40 am

    ဒီ ကဗျာ ကိုလဲ သိပါတယ်။
    စာဆိုရှင်ရဟန်း ကို မသိ ရင် ရတန်းစာမေးပွဲ ပြန်ဝင် ဖြေရ မှာမို့ အတင်း ကို သိပါတယ်။ lol:-))

    ငယ်တုန်း က ဒီ ကဗျာဖတ်တော့ ရေးသူက ဘုန်းကြီး နာမယ်မို့ စိတ်ထဲ မှာ အတော်လေး ဝိဝါဒ ကွဲ လိုက်မိသေး။
    နောက်မှ မောင်ကာကြီး ရှင်းပြခဲ့သလိုဘဲ ရဟန်းဘဝ ကို မဝင်ခင်”မောင်မောက်” ဘဝ မှာ ရေးသွားခဲ့တာ သိလိုက်မှ ဟင်း ချနိုင်ခဲ့တယ်။
    ဒီလို တော်တဲ့ သူ ကို Professional စစ်စစ် အဖြစ် နဲ့ ဘဲ ထားချင်လို့ပါ။
    ဘုန်းကြီး က ဘုန်းကြီး အလုပ်လုပ် မှ Professional ဖြစ်မှာကိုး။

    ဒေါ်လေးတို့ တုန်းက ကျက်ရတာ ရှင်မဟာရဋ္ဌသာရ ၏ ” ရွှေစက်တော်သွားတောလား” ထင်တာဘဲ။
    ” နေခြည်ဝင်မြောက်၊ ဆည်းဆာရောက်သော်၊ မျောက်ကကြိုးခွေ၊ ဒေါင်းအိုးဝေနှင့်၊” ဆိုတာလောက်တော့ သတိရသေးတယ်။
    ကျန်တာတော့ မေ့ပြီ။
    ကဗျာ လေးတွေ အတွက် ကျေးဇူးပါ မောင်ကာကြီး။
    :))

  • Courage

    February 28, 2015 at 3:54 am

    ” ရွှေစက်တော်သွားတောလား” ကို တက္ကသိုလ်ရောက်တော့ သင်ခဲ့ရတယ်ဗျ။ ဒါမဲ့ အဲ့တုန်းကို ရှင်ဥတ္တမကျော်ရဲ့ တပေါင်းလဘွဲ့တောလားကို ပိုစိတ်ရောက်တော့ ရွှေစက်တော်သွားကို ကောင်းကောင်း မဖတ်ဖြစ်ခဲ့ဘူး။ ပြန်ရှာဖတ်လိုက်ဦးမယ်။
    ဟုတ်တယ် ဒေါ်လေးမြရေ။ လူအနေနဲ့ရေးခဲ့တဲ့ ရတုကို ရဟန်းနာမည်ကြီးနဲ့ မြင်ရတော့ နည်းနည်းမျက်စိလည်စရာပဲ။ ကျွန်တော် စာထဲမှာရေးခဲ့သလိုပါပဲ အချစ်အကြောင်းရတုထဲကမှ လူ့ဘဝမှာရေးတဲ့ဟာက လူဆန်ပြီး၊ ရဟန်းဘဝမှာ ရေးတဲ့ဟာက ရဟန်းဆန်တယ်ဆိုတာ ယှဉ်ဖတ်ကြည့်မှ ပိုသိသာခဲ့တာ။ နှမလက်လျော့ရေးတုန်းကလဲ မှတ်မိသလောက် ပဉ္စင်းမခံရသေးဘူးထင်တယ်။
    ဘာပဲဖြစ်ဖြစ်လေ ရဟန်းဖြစ်ပြီးမှ ရေးခဲ့သမျှတွေက လောကီ၊လောက္ကုတ္တရာ အကျိုးရှိမယ့် ရတုတွေပဲဆိုတော့ ဒေါ်လေးပြောသလို ဘုန်းကြီး အလုပ်လုပ်ခဲ့တယ်လို့ ဆိုရမလားပဲ 🙂

  • Mr. MarGa

    February 28, 2015 at 11:47 am

    စွဲသွားတဲ့ စာသားကတော့

    ရယ်ရွှင်ပြုံးတုံ့ မပြုံးတုံ့
    ရွှေရင်ဖုံးတုံ့ မဖုံးတုံ့ :mrgreenn:

    ဆက်ရေးပါဗျာ
    ဝဏ္ဏပဘာ ကို အခုမှ အကုန်ဖတ်ဖူးတာ
    ရှေးကဗျာတွေနဲ့ ဝေးတယ်ဗျ

  • အလင်းဆက်

    February 28, 2015 at 11:52 am

    ရှယ်လီတို့… တာရာမင်းဝေတို့… ရေးခဲ့တဲ့ကဗျာတွေအကြောင်းရော…
    .ပြောဦးမလားလို့… တွေးနေမိ..

    • naywoon ni

      February 28, 2015 at 6:53 pm

      အလက်​ဆင်​းက “ပါဆီဗစ်​ရှယ်​လီ” ကို​ပြောတာလား ?
      တို့ရဲ့ အသန်​့စင်​ဆုံးရယ်​​မောသံ​တွေမှာ
      ဒုက္ခ ​တွေ​ရောပြွန်​း​နေတယ်​

      ဆိုတဲ့ က​ဗျာ ဆရာ​လေ ။ ကိုယ်​က​တော့ ရှရှား ကဗျာ ဆရာ ​တွေပဲ ကြိုက်​တယ်​ ။ အာဏာရှင်​ လက်​​အောင်​မှာ ​နေရတာချင်​း တူလို့လား မသိဘူး ။ မာယာ ​ကော့စကီ တို့ ယက်​ဖ်​တူရှင်​ကို တို့ ကြိုက်​တယ်​ ။ မာယာရဲ့ ​ဘောင်​းဘီဝတ်​ မိုးတိမ်​ ကိုခု ဖတ်​​နေတာ ။ ဆရာ ​မောင်​သာနိုး ဘာသာပြန်​​လေ ။။

  • Kaung Kin Pyar

    February 28, 2015 at 12:52 pm

    အဟေးးး ဆရာခိုက်ရေးတဲ့ သေချင်းဆိုးမလေး တော့ နာ့ Wall ပေါ်မယ် ရှိတယ်…။ သင်ခဲ့ရတဲ့ ကဗျာတွေထဲမယ်တော့…သူတည်းတစ်ယောက် အစချီကဗျာကိုလောက် အလွတ်မှတ်မိတယ်…. ။ ရှေးက ကဗျာတွေကို ပြန်ဖတ်ချင်နေတာနဲ့ အတော်ပဲဖြစ်သွားတာ…။
    ဝဏ္ဏပဘာလေးအတွက် ကျေးဇူးပါ ကိုကာကြီးရေ…..

  • Courage

    February 28, 2015 at 3:37 pm

    – ဟုတ်ကဲ့။ ကြိုးစားပါဦးမယ် လေးလေး မာဃ။

    – ရှယ်လီက မျက်နှာဖြူစကားနဲ့ဆိုတော့ မဖတ်တတ်လို့ မခံစားတတ်ဘူးဗျ။ ဆရာတာရာမင်းဝေကတော့ “မျှော်”အကြောင်းကို ရေးမှာပါ ကိုအလင်းဆက်။

    – အနန္တသူရိယရဲ့ မျက်ဖြေလင်္ကာ ထင်ပါ့ ကောင်းကင်ပြာ (ဦးခေါ်ရမလား ဒေါ်ခေါ်ရမလားမသိလို့ ဒီလိုပဲခေါ်လိုက်တယ်နော့) ။ “ကြင်နာသနား၊ငါ့အားမသတ်၊ ယခုလွှတ်လည်း၊မလွတ်ကြမ္မာ” ဆိုတာကို အရမ်းကြိုက်တာ။ ခုမှသတိရတယ် အာ့အကြောင်းလေးလဲ ရေးဦးမှ။

  • kai

    February 28, 2015 at 3:48 pm

    http://www.kotawsarpay.com/2012/08/blog-post_636.html
    ရှင်မဟာရဋ္ဌသာရ၏ထေရုပ္ပတ္တိ
    မျှဝေသူ မင်းရဝေ(ကလေး)

    သျှင်မဟာရဋ္ဌသာရ အရှင်မြတ်သည် မြန်မာ့စာပေသမိုင်းစဉ်တွင် ထိပ်တန်းပညာရှင် တစ်ပါး ဖြစ်တော်မူ၏။ ဆရာတော်သည် မိမိမွေးဖွားရာဒေသကို ကိုးခန်းပျို့နိဂုံး၌-

    တောင်ကား ပင်းယ၊ မြောက်မှ စစ်ကိုင်း၊ ရံသိုင်းသာလှ၊ ရွှေအင်းဝ၌၊ နန်းကမြင်ထင်၊ မြို့လယ်ခွင်ဝယ်၊ သခင်ဘုရား၊ တည်ထားသာသနာ၊ သချင်္ာအမွန်၊ နှစ်ထောင်လွန်၍၊ အစွန် မြတ်မှု၊ ဆယ့်နှစ်ခုဝယ်၊ ဥတုဝဿ၊ မိုးလရှေးဖျား၊ နေသွားကရကဋ်၊ ခေါ်မှတ်ဝေါဟာ၊ အာ သဠှာ၌၊ ပညာပွားဘို့၊ ကုသိုလ်ပို့သား၊ ငါတို့ဖွားရာ၊ ချက်မြှုပ်ရွာသည်၊ ၊ အောင်ခြာပြည် ကြီး နားတောင်းတည်း။

    ဟု စပ်ဆိုပြခဲ့သဖြင့် သာသနာသက္ကရာဇ် ၂ဝ၁၂-ခု၊ မြန်မာနှစ် ၈၃ဝ-ပြည့် ဝါဆိုလအတွင်း ရတနာ ပူရ အင်းဝမြို့အလယ်၌ ဖွားမြင်တော်မူကြောင်း သိရှိရ၏။ နေ့ရက်အတိအကျကိုမူ အမှတ်အသား မရှိခဲ့ပေ။ အချို့က ဝါဆိုလပြည့် ဗုဒ္ဓဟူးနေ့ဖွားဟု ဆိုကြသည်။ ဤအဆိုမှာ ဥတုဝဿ၊ မိုးလရှေးဖျား၊ နေသွားကရကဋ်၊ ဟူသော အဖွဲ့ကို ထောက်၍ ဆိုလိုဟန် ရှိသည်။ ထိုအဖွဲ့ကို ထောက်ရှုလျှင် လပြည့်နေ့ မဖြစ်နိုင်ပေ။ လပြည့်ကျော် တစ်ရက်နေ့သာ ဖြစ်နိုင်၏။ မိုးဥတုကို ရေတွက်ရာ၌ လပြည့်ကျော်တစ်ရက်နေ့မှ စ၍ ရေတွက်ရသည်။ ထို့ကြောင့် မိုးလရှေးဖျား ဟူသော ပုဒ်ကို ထောက်၍ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့သော်လည်းကောင်း ဖြစ်မည်။ သို့မဟုတ် ထိုရက်နောက်ပိုင်း ရက်အနည်းငယ်အတွင်း ဖြစ်နိုင်သည်။
    ဆရာတော်၏ အဖမျိုးရိုးနှင့် ပတ်သက်၍လည်း ကိုးခန်းပျို့ နိဂုံးမှာပင်-

    တလိုင်းပြည်လုံး၊ ယူကျုံးပိုက်ထုပ်၊ ထီးအုပ်သာငြိမ်၊ စည်းစိမ်ထူပြော၊ နတ်နှင့်လျော သား၊ သျှင်စောပုတူ၊ လှိုက်ဆူကျော်ရှိန်၊ ပုသိမ်မင့်မြေး၊ စဉ်ရှေးဘရိုး၊

    ဟူ၍ စပ်ဆိုပြခဲ့၏။ ထိုအဖွဲ့အရ ရာဇဝင်လမ်းကြောင်းကို ပြန်ပြောင်းကြည့်ရှုလျှင် ဟံသာဝတီ ရာဇာဓိရာဇ်မင်း၏ သမီးတော် သျှင်စောပု၌ ဗညားဓမ္မရာဇာနှင့် ဗညားရန်ဟူ၍ မောင်တော်နှစ်ပါး ရှိသည်။ နောင်တော် ဗညားဓမ္မရာဇာသည် ရာဇာဓိရာဇ် မရှိသည့်နောက် ဟံသာဝတီ၌ မင်းပြုနေ ၏။ ညီတော် ဗညားရန်သည် ဒလ၊ ဒဂုံ၊ ပုသိမ်တို့ကို စိုးပိုင်၍ ဘုရင်ငယ်ပြုလုပ်နေခဲ့သည်။ ထိုဗညာရန်မှ မွေးဖွားသော ဗညားအိမ်သည်လည်း ပုသိမ်မြို့ကို စိုးအုပ်နေခဲ့ပြန်သည်။ သျှင်စောပုသည် တူတော်သူ ဗညားအိမ်အား သမီးတော် နဲတကာသင်နှင့် စုံဖက်တော်မူစေသဖြင့် တူသမက် နှစ်ချက်တော် ဖြစ်ပေသည်။ ထိုသျှင်စောပု၏ သမီးတော်နှင့် တူသမက်တို့၏ မြေးဖြစ် သော ဓမ္မပါလအမတ်သည်ကား ဆရာတော် သျှင်မဟာရဋ္ဌသာရ၏ မွေးဖခင်ပေတည်း။ ဆရာတော်သည် မိခင်ဘက်မှ အမျိုးအနွယ်ကိုလည်း ကိုးခန်းပျို့နိဂုံးမှာပင် အောက်ပါ အတိုင်း ဖွဲ့ဆိုတော်မူခဲ့၏။

    တို့မိမျိုးလည်း၊ သတိုးမင်းဖျား၊ တရားစောင့်သုံး၊ ရန်လုံးထွင်ချွေ၊ ရွှေမြေအင်းဝ၊ တည်စနန်းသီး၊ ပြည်ထောင်ကြီး၏၊ သမီးမြစ်ရင်း၊ နွယ်မယွင်းသည်၊ စည့်ကွင်း မလိမ်လှည့် တောင်းတည်း။

    ဖော်ပြပါ အဖွဲ့ကို ထောက်၍ ဆရာတော်၏ အမိအနွယ်မှာ သက္ကရာဇ် ၇၂၆-ခုနှစ်တွင် ရတနာပူရ အင်းဝမြို့နန်းကို စတင် တည်ထောင်တော်မူသော သတိုးမင်းဖျား၏ အနွယ်တော်ဖြစ် ကြောင်းကိုမူ ဧကန်သိရှိကြရ၏။ သို့ရာတွင် အနွယ်အဆက်ကိုကား တိကျစွှာ မရေးဆိုနိုင်ကြပေ။ ပညာရှင်အချို့က သမီးမြစ်ရင်း ဟူသော ပုဒ်ကို ထောက်၍ ဤသို့ ဆိုမိန့်ကြ၏။ သတိုးမင်း ဖျား၏ အလယ်နန်းမိဖုရားမှာ စောမင်းညို ဖြစ်၏။ ထိုစောမင်းညိုမှ သမီးတော်စောနန်းကို ဖွား မြင်သည်။ သမီးတော် စောနန်း၏ မြစ်သည် ဆရာတော် သျှင်မဟာရဋ္ဌသာရ၏ မိခင်ဖြစ်ပေသည်။
    စာဆိုတော်များ အတ္ထုပ္ပတ္တိကျမ်းကို ပြုစုသော ကျမ်းဆရာ၏ အဆိုအရ ဆရာတော် သည် သတိုးမင်းဖျား၏ အနွယ်တော် ဖြစ်ကြောင်းမျှကိုသာ အတည်ပြုဖော်ပြထား၏။ ဤသို့ အတည်မပြုနိုင်ခြင်းမှာလည်း ကိုးခန်းပျို့ နိဂုံးလာ သမီးဖြစ်ရင်း ဟူသော ပုဒ်၌ မူကွဲများတွင် အရီးမြစ်ရင်း၊ နွယ်မယွင်း ဟုလည်းကောင်း၊ ဦးရီးမြစ်ရင်း နွယ်မယွင်း ဟုလည်းကောင်း အသီးသီး ရှိနေကြသောကြောင့် ဖြစ်သည်။
    မှန်နန်းတော် စနုဆောင်အတွင်း ပညာရှင် ၁၃-ဦးတို့ ရေးသားကြသော မှန်နန်းရာဇဝင်
    တော်ကြီး၊ ပထမတွဲ၌-

    သတိုးမင်းဖျားမှာ သားတော် သမီးတော် ရှိသည်ဟု စာပေမတွေ့။ ရာဇဝင်သစ်၌ ကျောက်စာ၊ ဟတ္ထိပါလနိဂုံးများကို ညွှန်း၍ သမီးရှိဟန်ဆိုသည်မှာလည်း မည်သည့်ကျောက် စာဟူ၌ အတပ်မဆို။ ဟတိ္ထပါလနိဂုံးတွင်လည်း အချို့သော မူတို့၌ သမီးမြစ်ရင်းဟူ၍လည်း ကောင်း၊ အရီးမြစ်ရင်းဟူ၍လည်းကောင်း၊ ဦးရီးမြစ်ရင်းဟူ၍လည်းကောင်း အသီးသီး ရှိကြ သည်ဖြစ်၍ သမီးရှိ၏ဟု မုချမသိသာသည်။

    ဟု ရေးသားထားပြီးလျှင် သတိုးမင်းဖျားတွင် သမီးမရှိသည့် အဆိုကို အတည်ပြုသကဲ့သို့ ရှိ၏။ အထက်ပါ အဆိုသုံးချက် ခြားနားမှုတို့ကို ယူ၍ မိမိတို့ သဘောသင့်သရွေ့ ဖွင့်ဆိုရေး သားထားကြသည်။ ကဗျာသာရတ္ထသင်္ဂြိုဟ်ကျမ်း၌-

    သတိုးမင်းဖျားအရီးတော်၏ မြစ်တော်ရင်း စောနန်းတို့ သင့်မြတ်ရာတွင် ပြည်စုန်ဘုရင် မဟာသီဟသူရ နန်းတက်နှစ် သက္ကရာဇ် ၈၃ဝ-ပြည့်တွင် အဝရွှေမြို့တော်၌ သျှင်မဟာရဋ္ဌ သာရကို ဖွားမြင်တော်မူသည်။

    ဟူ၍ အရီးမြစ်ရင်းပုဒ်အရ ဖွင့်ဆိုရေးသားခဲ့သည်။ ထိုအရီးတော်အနွယ်ဆိုသော စကားကို လေ့လာပြန်လျှင်လည်း သတိုးမင်းဖျား၏ ဖခင်မှာ တကောင်းမြို့စား သတိုးဆင်ထိန်းဖြစ်၏။ ထို သတိုးဆင်ထိန်း၏ နှမသည် အရီးတော် ဖြစ်ရပေမည်။ သို့ရာတွင် သတိုးဆင်ထိန်း၏ နှမနှင့် စပ်လျဉ်း၍ စာဟောင်းပေဟောင်းများ၌ အမှတ်အသား မတွေ့ရပေ။ သို့ဆိုလျှင် အရီးမြစ်ရင်း ဆိုသော စကားသည်လည်း သေချာလှသည် မဟုတ်ချေ။
    တစ်ဖန် ဦးရီးမြစ်ရင်း ဟူသော ပုဒ်အတိုင်း အနွယ်တော်ကို ရှာဖွေပြန်လျှင် မှန်နန်း ရာဇဝင်တော်ကြီး၌-

    တစ်စီးရှင်သားတော် မင်းစောယွမ်းသည် မြို့တည်ပြီးလျှင် သီရိအသင်္ခယာဟူသော အမည်ကို ခံ၍ မြောက်ဘက်တစ်လွှားကို မင်းပြုတော်မူ၏။ သားတော် သမီးတော်ကား မိဖုရားကြီးတွင် သမီးတော် စိုးမင်းကိုယ်တော်ကြီး တစ်၊ မောင်တာ် ကျစွာမင်း တစ်၊ ညီတော် နော်ရထာမင်းရဲ တစ်၊ ရာဇဝင်ကြီး၌ မင်းရဲမင်းကြီးဟု ရှိ၏။ ညီတော် တရဖျားငယ် တစ်၊ ပေါင်း လေးပါးတည်း။

    ပါရှိပေသည်။ သတိုးမင်းဖျားသည် အစ်မတော် စိုးမင်းကိုယ်တော်ကြီးမှ မွေးဖွားသူ ဖြစ်၏။ စိုးမင်း ကိုယ်တော်ကြီးတွင် မောင်တော် သုံးယောက်ရှိသဖြင့် သတိုးမင်းဖျားမှာလည်း ဦးရီးတော် သုံးယောက် ရှိခဲ့ပေသည်။ သို့ဆိုလျှင် ဆရာတော် သျှင်မဟာရဋ္ဌသာရသည် ဦးရီးမြစ်ရင်း၊ နွယ် မယွင်း ဟူသော စကားအရ မည်သည့်ဦးရီးတော်မှ ဆင်းသက်လာသနည်းဟု မေးသင့်ဖွယ်ရာ ဖြစ်ရပြန်လေသည်။
    ထိုကြောင့် ဆရာတော်၏ အမိမျိုးရိုးမှာ သတိုးမင်းဖျား မင်းတရား၏ အနွယ်တော် ဖြစ်ကြောင်းကိုသာ ဧကန်အားဖြင့် မှတ်သားထားရပေဦးတော့မည်။ ဆရာတော်၏ ငယ်နာမည်မှာ မောင်မောက် ဖြစ်၏။ ဆရာတော်ကိုယ်တိုင်ကလည်း မိမိငယ်နာမည်ကို အထူးသဖြင့် လျှို့ဝှက်၍ ကိုးခန်းပျို့ နိဂုံးတွင် ဆိုလေဟန် ရှိ၏။ ထိုငယ်နာမည်ကို ဖော်ပြသော လျှို့ဝှက်စာစာပိုဒ်မှာ

    ဧကက္ခရ၊ ကောသကျမ်းလာ၊ အဝဂ်ရာဝယ်၊ ဥစ္စာဝါစက၊ တတ်စွမ်းလှ၍၊ အတ္ထပြဲ့ပြဲ့၊ ဟောဖွင့်ချဲ့သည်၊ ၊ ဘက်မဲ့ အဘယ်သဒ္ဒါနည်း။

    ဟူ၍ ဖြစ်၏။ ထိုစကားပိုဒ်မှ ဧကက္ခရကောသကျမ်းလာ အဝဂ်အရာဝယ် ‘ ဥစ္စ ‘ အနက်ကိုဟော သော သဒ္ဒါသည် ‘ ရာ ‘ ဖြစ်၏။ ရာသည် ဥစ္စဝါစက ဥစ္စအနက်ကို ဟော၏။ ဥစ္စဟူသော ပါဠိ ကို မြင့်ခြင်း၊ မောက်ခြင်း၊ မြင့်မောက်ခြင်း ဟု ပြန်ဆိုရ၏။ ဆရာတော်သည် ဤဥစ္စဝါစကသဒ္ဒါ ဖြင့် မောင်မောက်ဟူသော မိမိငယ်နာမည်တော်ကို ဝှက်ဆိုမိန့်တော်မူခြင်း ဖြစ်တန်ရာလေသည်။
    သျှင်မဟာရဋ္ဌသာရလောင်းလျာ မောင်မောက်သည် ဘုရင်မင်းမြတ်၏ နန်းတော်သို့ ဖခင်ကြီးနှင့်အတူ လိုက်ပါ၍ နေလေ့ရှိခဲ့၏။ ဘုရင်မင်းခေါင်ကိုယ်တိုင်လည်း မောင်မောက်အား တစ်အူတုံဆင်း ညီငယ်ရင်းကဲ့သို့ အောက်မေ့၍ ချီးမြှောက်တော်မူခဲ့၏။ ငါးနှစ်သားအရွယ်မှာပင် ထီးမှုနန်းရာတို့ကို ကျွမ်းကျင်ခြဲ့ပီဟု ဆိုနိုင်၏။ ထို့ကြောင့် မိမိရေးသားသော ပျို့နိဂုံးများတွင်- ရွှေနန်းတော်ထက်၊ ငါးနှစ်သက်က၊ လေ့ကျက်ခဲ့မြောက်၊ (ကိုးခန်း) ရတနာပူရ၊ ပြည်မတန်ဆောင်၊ တံခွန်ထောင်သား၊ မင်းခေါင်လက်ထက်၊ ပျိုရွယ်သက် က၊ ဝမ်းထွက်စတေ၊ မှတ်သောထွေဖြင့်၊ စာပေသင်ကာ၊ နေလှည့်ရာတွင်၊ (သံဝရ) စသည်ဖြင့် ထည့်သွင်းရေးစပ်ခဲ့၏။
    ဤတွင် နှောင်းခေတ်ရေးစာစောင် အမှတ်အသားတို့၌ ရှစ်နှစ်သားအရွယ်တွင် ဒုတိယ ဘုရင်မင်းခေါင်ထံတွင် သားအမှတ်မွေးမြူပါရန် ပေးဆက်အပ်နှံကြောင်း အဆိုပြုကြလေသည်။ ထိုအဆိုကို မဖြစ်နိုင်ကြောင်း စာဆိုတော်များအတ္ထုပ္ပတ္တိတွင် ရှင်းလင်းထားသည်။ ¤င်းတို့ အဆိုအရ ကိုးခန်းပျို့ နိဂုံးတွင်

    ရှစ်နှစ်တည်းက၊ ခမည်းတော်မင်း၊ မယ်တော်နှင်းသား၊ အရင်းအချာ၊ ငါ့တကာနှင့်၊ ငါသာရဟန်း၊ လူဝယ်ပန်းသို့၊ ရွှင်လန်းမချိုး၊ လွန်မြတ်နိုးလျက်၊

    ဟူသော စကားကို ကိုးကား၍ ဆိုလေဟန် ရှိ၏။ ထိုစကားကို ရှင်းဦးအံ့။ ဒုတိယဘုရင်မင်းခေါင် အဖသည် သက္ကရာဇ် ၈၃၂-ခုနှစ်တွင် မင်းဖြစ်သော ရတနာမြစည်းခုံဒါယကာ မင်းတရားကြီိး ဖြစ်သည်။ ထိုမင်းတရားကြီး၏ အဖဖြစ်သော ဒုတိယမင်းခေါင်၏ ဘိုးတော်သည် သက္ကရာဇ် ၈ဝ၄-ခုနှစ်တွင် မင်းဖြစ်သော ထူပါရုံဒါယကာ နရပတိကြီး ဖြစ်၏။ ထိုနရပတိ၏ သမီးတော် တွင်းသင်းစား ရွှေအိမ်သည်နှင့် မိဖုရားမောင်တော် ပခန်းစား သီဟပတေ့ကြီး၏သား ဥဇနာ ဟုလည်းတွင်သော သီဟပတေ့ငယ်နှင့် စုံဖက်ရာတွင် ဖွားမြင်သည့် သမိးတော်ကို ရှစ်နှစ် အရွယ်ကပင် ဘိုးတော်နရပတိကြီးသည် ဒုတိယဘုရင်မင်းခေါင်နှင့် စုံဖက်ပေးတော်မူသည်။
    ဒုတိယမင်းခေါင်လည်း ထိုအခါက ခုနစ်နှစ်ကျော် ရှစ်နှစ်အရွယ်မျှသာ ရှိပေသေးသည်။ ဤသည်ကို ရည်၍ ဆရာတော်သျှင်မဟာရဋ္ဌသာရက နန်းထက်သမီး၊ စောင့်စည်းသီလ၊ ဒါန ဖြည့်ဆည်း၊ ရှစ်နှစ်တည်းက၊ ခမည်းတော်မင်း၊ မယ်တော်နှင်းသား၊ ဟူ၍ စပ်ဆိုခဲ့ခြင်း ဖြစ်ပေသည်။ ဆရာတော်သည် မိမိကိုယ်ကို ရည်ညွှန်း၍ စပ်ဆိုခဲ့ခြင်းမဟုတ်ပေ။ ထို့ကြောင့် ဆရာတော်လောင်းလျာ မောင်မောက်ကို မင်းတရားထံ မွေးစားရန် အပ်နှံသည်ဟူသော အဆိုမှာ လျော်ကန်တော့သည် မဟုတ်ကြောင်း တင်ပြထားလေသည်။ သို့ရာတွင် ဘုရင်မင်းခေါင်သည် မောင်မောက်အား ဝမ်းထွက်သားကဲ့သို့ ချစ်ခင်ယုယစွာ စောင့်ရှောက်ကြောင်းကိုကား ဖော်ပြခဲ့ပြီးသော အဖွဲ့များဖြင့် ထင်ရှားလေသည်။
    ဤသို့ ဘုရင်မင်းခေါင်က ချစ်ခင်ယုယစွာ စောင့်ရှောက်ခဲ့သည်မှာလည်း တစ်နွယ်ငင် တစ်စဉ်ပါဆိုသကဲ့သို့ ဖြစ်၏။ မောင်မောက်ဖခင် အမတ်ကြီးမှာလည်း ပြည်စုန်မင်း သီဟသူနှင့် မိဖုရားကြီးတို့အပြင် သားတော် ဒုတိယမင်းခေါင်နှင့် မိဖုရားတို့ကလည်း လက်သုံးတောင်ဝှေးသဖွယ် အားကိုးအားထားခြင်း ခံရသူ ဖြစ်သည်။ တစ်ဖန် မောင်မောက်၏ မိခင်ကြီးမှာလည်း ရာဇအနွယ် ပါသူပင် ဖြစ်သောကြောင့် နန်းတွင်းနန်းပြင် သွားလာဝင်ထွက်ရေး၌ ဦးစားပေးခြင်း ခံထားရသူ ဖြစ်သည်။ ထိုအကြောင်းတို့ကို ဖွင့်ဆို၍ ဆရာတော်ကိုယ်တိုင် ဘူရိဒတ်ဇာတ်ပေါင်းခန်းပျို့၌
    ဤသို့ ဖွဲ့ဆိုတော်မူခဲ့၏။

    ကူဋာဂါရ၊ ဂေဟကြငှန်း၊ ပွင့်ရွှေနန်းနှင့်၊ မည်မှန်းအဝ၊ ပုရိန္ဒဟု၊ စွဲထသန္ဓေ၊ တို့ချက် ေြ<ွကသား၊ မင်းနေပြည်သာ၊ ထိုနေရာဝယ်၊ သမ္ဘာမျိုးချ၊ ငါတို့ဘလည်း၊ ဓမ္မပါလ၊ ဗြဟ္မဏသို့၊ စာဂစွန့်ကြဲ၊ ကုသိုလ်ရဲလျက်၊ ဝမ်းထဲဖြောင့်စင်း၊ ဂုဏ်သတင်းတည့်၊ လှိုင်ခြင်းရနံ့၊ ပန်းနှယ် ပျံ့မျှ၊ လောက်ငံ့သောက်စား၊ မကုန်အားသား၊ ပုဏ္ဏားဇော်ဂီ၊ မှီခိုရဟန်း၊ ကူးသန်းလားလာ၊ ချိုင့်ဝှမ်းရာဖြင့်၊ သဒ္ဓါပြန့်ပြန့်၊ စိတ်မတွန့်တည့်၊ ရှည်သန့်လက်ကြီး၊ ပေးမငြီးဟု၊ မြှောက်ချီး သာဓု၊ ယခုတိုင်အောင်၊ လူ့ဘောင်ပြောပ၊ ချီးမွမ်းကြ၏။ ရှေးကစီလျဉ်၊ မင်းစဉ်မင်းဆက်၊ မပျက်စွဲသုံး၊ ဤထုံးဤနည်း၊ ဤသို့တည်းဟု၊ သိပ်သည်းနတ်ရွာ၊ သိမြင်မှာလည်း၊ လိုရာမကျန်၊ တတ်ပွန်ကျယ်ဝန်း၊ အဆန်းဆန်းသား၊ ဂဏန်းဟူးရား၊ ကိုးပါးနဝင်း၊ တြင်းသုံးခု၊ ရှစ်ခုဂြိုဟ် ပြေး၊ ကောင်းြ<ွကယ်ရေးနှင့်၊ ရန်ဘေးဥပဒ်၊ စက်သွားဖြတ်သို့၊ မချွတ်မှန်အောင်၊ ကျေးဇူး ဆောင်သား၊ မင်းခေါင်မင်းဖျား၊ မင်းနှစ်ပါးတို့၊ မှတ်သားယုံကြုံ၊ မြတ်နိုးတုံသည်၊ ၊ စုပုံ လက်သုံး တောင်ဝှေးတည်း။ မောင်မောက်သည် ငယ်ရွယ်စဉ်မှ စ၍ နန်းတွင်သူ နန်းတွင်းသား ပညာရှင်များထံမှ လည်းကောင်း၊ ဖခင်ဓမ္မပါလအမတ်ကြီးထံမှလည်းကောင်း၊ စာပေကဗျာစသော နည်းနာနယတို့ကို လေ့လာမှတ်သားခဲ့ရ၏။ အထူးသဖြင့် စာပေသင်ကြားရာ ဆရာကား နောင်တော်ရင်းဖြစ်သော သျှင်ဝရစက္ကပါလဖြစ်သည်။ မောင်မောက်သည် နောင်တော်ရင်းထံ၌ သင်ရိုးကျမ်းစာ အဖြာဖြာတို့ ကို ဂရုပြု၍ လေ့လာသင်ကြားခဲ့သည်။ သို့ဖြင့် ကျောင်းတွင် ပညာသင်၍လည်းကောင်း၊ ဖခင်ကြီး နှင့် အတူ နန်းတော်တွင်းသို့ လိုက်၍လည်းကောင်း လည့်လည်ပျော်မြူးနေခဲ့လေသည်။ တစ်နေ့သောအခါ မောင်မောက် ၁ဝ-နှစ်သားအရွယ်တွင် ဖခင်ဖြစ်သူနှင့်အတူ နန်း တော်တွင်းသို့ လိုက်ပါသွားလေသည်။ ထိုအချိန်တွင် နန်းတော်တွင်း၌ အိမ်ရှေ့မင်း မဟာသီဟသူ၏ တောင်ဆောင်စံ မြောက်သားတော်သမီး သျှင်စိုးမင်း၊ မြောက်ဆောင်စံ တန်ဆောင်းရှင်ခံ မြောက်သားတော်သမီး မင်းလှမြတ်နှင့် မင်းဘုန်းထွတ်တို့ကို နားထွင်းမင်္ဂလာ ဆင်ယင်တော်မူနေ ခိုက်ဖြစ်၏။ ထိုအချိန်တွင် အိမ်ရှေ့မင်းတရားက မောင်မောက်၏ ဖခငြ်ကီးအား သမီးတော်သုံးပါး နှင့် စပ်ဆိုင်ရာ မင်္ဂလာရှိသော ကဗျာလင်္ကာတု်ိ့ကို ဖွဲ့ဆိုလျှောက်ထားရမည်ဟု မိန့်တော်မူ၏။ ထိုအခါ မောင်မောက်က ဖခင်အစား ကျွန်တော်မျိုး ဖွဲ့ဆု်ိလျှောက်ထားပါရစေ၊ ဟု လျှောက်ထား ၍ ရုတ်တရက် စပ်ဆို လျှောက်ထားလိုက်သည်။ အိုဘယ့်ဘယ် ၊ အိုဘယ့်သမီးတော် ၊ ထင်ပေါ်ဘုန်းပျံ့သင်း ၊ အိုဘယ့်ဘယ် ၊ အိုဘယ့်သမီးတော် ၊ နတ်သော်ပုံမယွင်း ၊ အိုဘယ့်ဘယ် ၊ အိုဘယ့်သမီးတော် ၊ စန္ဒောလနှယ်ဝင်း ၊ မောင်မောက်သည် ညီညွတ်သော ကာရန်ဝကျဖြင့် မှူးမတ်ဗိုလ်ပုံတို့ အလယ်တွင် ရဲ့ဝံ့စွာ စပ်ဆု်ိ၍ လျှောက်တင်လိုက်ရာ ပရိသတ်အပေါင်းမှာ ဝမ်းမြောက် အံ့ဩစွာ မောင်မောက်၏ ပညာစွမ်းကု်ိ ချီးမွမ်းထောမနာကြကုန်၏။ မောင်မောက်သည် နောင်တော် သျှင်ဝရစက္ကပါလအထံ၌ စာပေသင်ကြားနေရာမှ ဆက်လက်၍ သီဟိုဠ်ရောက်ဘုန်းတော်ကြီးထံတွင်လည်း စာပေများကို နည်းခံသင်ကြားပြန်လေ သည်။ ဤသည်ကို ရည်၍ ဘူရ်ိဒတ်ဇာတ်ပေါင်းပျို့ နိဂုံး၌ ရဋ္ဌသာရ၊ လဒ္ဓသရော်၊ နွတ္ထခေါ်သား၊ သူတော်သွေးရည်၊ ငါတုံသည်လည်း၊ ဖြောင့် ကြည်သဒ္ဓါ၊ နောင်ဆရာလျှင်၊ သမ္ဘာရင့်လှည့်၊ ညီတပည့်ဟု၊ မပြည့်ပေါ်တင်း၊ ထဲဝမ်းတွင်းက၊ ချစ်ခြင်းတမူ၊ မတူစသာ၊ နည်းနာသင်ထွေ၊ အခြေရမြောက်၊ ကြံ့ကြံ့ထောက်၍၊ ရောက်ပေါက် သိဃိုဠ်၊ ကျေးဇူးဟိုသား၊ ပုဂ္ဂိုလ်မည်သီး၊ ထေရ်ဘုန်းကြီးဝယ်၊ မှီးခဲ့လက်လွတ်၊ ြ<ွကင်းမဲ့တတ် သား၊ သူမြတ်တု်ိ့ထံ၊ ထုံးစံရမိ၊ အပြည့်ကြည့်လျက်၊ ဟု ဖွဲ့ဆိုထားလေသည်။ မောင်မောက် ထပ်ဆင့်ဆည်းကပ်ခဲ့သော သီဟိုဠ်ရောက်ဘုန်းတော်ကြီး ဆိုသည်မှာ သက္ကရာဇ် ၇၉၁-ခုနှစ်က ဓာတ်တော် ငါးဆူနှင့်အတူ အင်းဝသို့ သာသနာပြု ြ<ွကရောက်လာသော သီရိသဒ္ဓမ္မာဘိလင်္ကာရနှင့် သီဟဠမဟာသာမိ မထေရ်နှစ်ပါးကို ရည်ညွှန်းဟန်တူပေသည်။ ထိုနှစ်ပါး ကို သီဟိုဠ်ရောက်ကြီး သီဟိုဠ်ရောက်ငယ်ဟူ၍ မှတ်သားကြသည်။ ထိုအရှင်နှစ်ပါးတွင် မောင်မောက် နည်းခံသင်ကြားခဲ့သော ဆရာမှာ သီလဂုဏဝန်၊ ထေရ်မွန်ပုဂ္ဂိုလ်၊ သိန်းဃိုဠ်ရောက် ကြီး၊ သံဃာ့ထီးကို၊ ဟု ကိုးခန်းပျို့ နိဂုံး၌ စပ်ဆိုသည်ကို ထောက်၍ အကြီးဖြစ်သော သျှင်သဒ္ဓမ္မာ ဘိလင်္ကာရ မထေရ်ကိုပင် ဆိုရမည် ဖြစ်ပေသည်။ ထိုသီဟိုဠ်ရောက် ဘုန်းတော်ကြီးထံ၌ ခိုမှီးနေစဉ် အသက် ၁၆-နှစ် အရွယ်တွင် 'သာကီယဟု၊ တေဇကျော်ဟိုး ' အစချီ ဘူရိဒတ်လင်္ကာကြီးကို ရေးသားစပ်ဆိုလေသည်။ ထိုအကြောင်းကို ကိုးခန်းပျို့ နိဂုံး၌ သိန်းဃိုဠ်ရောက်ကြီး၊ သံဃာ့ထီးကို၊ ခိုမှီးငြမ်းထောက်၊ ထိပ်ထက်ဆောက်မှ၊ ဆယ့် ခြောက်နှစ်ရွယ်၊ နှစ်ဆယ်အတွင်း၊ လေးနှစ်ြ<ွကင်းဝယ်၊ မကင်းဝါသနာ၊ ဆက်တိုင်းပါ၍၊ ပညာ မြင်သိ၊ စွမ်းသတ္တိဖြင့်၊ ဘူရိဒတ္တ၊ ဆိုစပြီးမြောက်၊ ဟု ဖွဲ့စပ်ထားရာ ဘူရိဒတ်လင်္ကာကြီးကို ၁၆-နှစ်အရွယ်မှ စတင်ရေးသားခဲ့ပြီး ၂ဝ- အတွင်း လေးနှစ်တာကာလ၌ ရေးသားခဲ့သည်ဟု ဆိုပေသည်။ မောင်မောက်သည် မည်သည့်ခုနှစ်တွင် သာမဏေဘောင်သို့ ဝင်ရောက်ခဲ့သည်ဟု အမှတ်အသား မတွေ့ရပေ။ ဘူရိဒတ်လင်္ကာကြီးကို ရေးသားချိန်တွင်အမူ လူ့ဇာတိ လူ့အဖြစ်နှင့် သာ ရှိနေပေသေးသည်။ သံဝရပျို့ နိဂုံး၌ ခပ်သိမ်းဒါန၊ အနန္တကို၊ ဓမ္မအလှူ၊ အောင်သောဟူသည်၊ စိတ်ယူတည်ဘိ၊ လူ့ဇာတိက၊ ဘူရိဒတ္တ၊ ဆိုစပြီးမြောက်၊ ဟု ရေးဖွဲ့ထားသောကြောင့် မောင်မောက်သည် ၁၆-နှစ်အရွယ် လူပျိုပေါက်သည်အထိ သျှင်သာမဏေဘောင်သို့ မဝင်ရသေး ကြောင်း ထင်ရှားသည်။ စာဆိုတော်များအတ္ထုပ္ပတ္တိကျမ်း၌မူ မောင်မောက်သည် ၁၉-နှစ်ကျော် ၂ဝ-တွင်း၌ လူ့ဘဝ လူ့ဇာတိမှ တစ်ခါတည်း ရဟန်းဘောင်သို့ တက်ရောက်ခဲ့သည်ဟု မှတ်ချက် ချထား၏။ သို့ရာတွင် ခိုင်လုံသော အထောက်အထား မတွေ့ရပေ။ သျှင်မဟာရဋ္ဌသာရလောင်းလျာ မောင်မောက်သည် ၁၆-နှစ်အရွယ်၊ သို့မဟုတ် ထို့ထက် ပိုလွန်သည့် အရွယ်အထိ နန်းတော်တွင်း၌ ကျက်စား ပျော်ပါးနေခဲ့ရသောကြောင့်လည်းကောင်း၊ ' ဝဏ္ဏပဘာ ' နှင့် ' ပုရေနိသင် ' စသော ရတုများကို ရေးစပ်ထားသောကြောင့်လည်းကောင်း နှောင်းခေတ် သုတေသီတို့၏ အတွေး၌ သျှင်မဟာရဋ္ဌသာရ၏ ဘဝကဏ္ဍသစ်တစ်ခုကို ဖော်ထုတ် ခဲ့ကြသည်။ ဤသည်မှာ သျှင်မဟာရဋ္ဌသာရ၏ အချစ်ရေးကိစ္စပေတည်း။ သျှင်မဟာရဋ္ဌသာရ၏ ဘဝသည် နန်းသူတို့အလယ်တွင် ထင်ရှား ကျော်ကြားခဲ့၏။ ကဗျာလင်္ကာ စာဆိုတော်လေးဖြစ်သောကြောင့် နန်းတွင်းသူ အလှကလေးများက ပျူငှာအခွင့် အရေးပေး၍ မြတ်နိုးမိကြမည်။ ထိုအထဲတွင် သျှင်မဟာရဋ္ဌသာရနှင့် နှစ်ကိုယ်တူ ရည်မျှ၍ ချစ် ခဲ့ရသူမှာ ' ဝဏ္ဏပဘာ ' ခေါ် လှကလျာ ဖြစ်ခဲ့ပါသည်။ သျှင်မဟာရဋ္ဌသာရလောင်းလျာသည် ကဗျာဆရာ ဖြစ်သည့်အလျောက် ဝဏ္ဏဘာ၏ အလှကို လင်္ကာဖြင့် ကုံးသီခဲ့၏။ ရတုဖြင့် ရေးစီခဲ့၏။ ဆရာတော်သည် ဝဏ္ဏပဘာ၏ အလှသရုပ်ကို တောင့်တဲတွန့်ရတုပိုဒ်စုံဖြင့် ဖော်ထုတ်လှစ်ပြခဲ့၏။ ထိုရတုမှာ လူ့အဖြစ် လူ့ဇာတိကပင် ချစ်သူ၏ အလှကို ခြယ်မှုန်းခဲ့သည်ဟု ယူဆရ၏။ အဘယ့်ကြောင့်ဆိုသော် ' ပုရေနိသင် ' ချီရတုတို့၌ ရဟန်းဘဝဖြင့် စပ်ဆိုရာ အထိန်းအချုပ်ဖြင့် စပ်ဆိုခဲ့သည်။ ဝဏ္ဏပဘာအဖွဲ့မှာကား ချစ်သူ၏ အလှကို အားကုန်ခြယ်မှုန်း၍ သီကုံးဖွဲ့ဆိုခဲ့ခြင်း ဖြစ်၏။ ထို့ပြင် မျက်စိအောက်တွင် ရှုမြင်ရသည့်အတိုင်း ဖွဲ့ဆိုခဲ့ခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် ဝဏ္ဏပဘာရတုကို ငယ်စဉ်လူ့ဘဝက ရေးသားခဲ့သည်ဟု ယူဆစရာ ရှိပေသည်။ ဤသို့ဖြင့် သျှင်မဟာရဋ္ဌသာရလောင်းလျာသည် ရဟန်းပြုရန် အချိန်အရွယ်သို့ ရောက် ရှိလာခဲ့၏။ ထိုအခါ ကျွန်းတွင် ဇမ္ဗူလုံး၊ ပြိုင်တိုင်းရှုံးသည်၊ ပြစ်လုံးကင်းစင်ကွာ၊ မိုးသူဇာကို ပစ်ခွာထားခဲ့ရတော့မည်။ တစ်ချိန်ကဆိုလျှင် ဝဏ္ဏပဘာ လှကလျာ ငယ်ကျွမ်းဝင်နှင့်၊ သို့ပင်တာရှည၊် ပျော်ရမည်ဟု လည်း မှတ်ထင်ခဲ့မိသဖြင့် ခက်မတစ်ထောင်၊ ပညောင်စောင့် နတ်၊ ရှင်နတ်မြတ်ကို ပင် ခိုင်မြဲစေမှုအတွက် သက်သေပြုခဲ့ကြဖူးသည်။ ဘယ်သို့ပင် ချစ်စထုံး နှောင်၊ ပျော်ရအောင်ဟု ရည်ရွယ်ထားပါသော်လည်း သာသနာတော်ရေးအတွက် ရဟန်းဘောင် သို့ တက်ရောက်ရတော့မည့် အခါတွင် ချီတုံ ချတုံ အာရုံထွေပြားလျက် စိတ်သောက ပွားခဲ့ရပေ သည်။ ဤသို့ သာသနာရေးက တစ်ဖက်၊ အချစ်ရေးက တစ်ဖက်နှင့် စိတ်ဝိတက်များပြားနေ ရချိန်တွင် ငြိ်မ်သက်စွာ စိတ်ကို ထိန်းသိမ်းတော်မူလျက် သာသနာ့ဝန်ထမ်း ရဟန်းမြတ်ဘဝနှင့် မာတုဂါမတို့သည် မအပ်စပ်စွတကား၊ ဟု တရားသံဝေ ယူတော်မူချေ၍ သာသနာရေးကို အနိုင် ပေးခဲ့ရှာသည်။ ဝဏ္ဏပဘာ၊ ကလျာဖူးစသစ်၊ ပျိုမျစ်မျစ်ကို ကြေကွဲစွာ ခွဲခွာတော်မူ၍ ရဟန်းဘဝ ကိုသာ ရယူတော်မူခဲ့သည်။ ထိုအကြောင်းကို ရဟန်းဘဝ ရယူတော်မူပြီးသည့်နောက်၌ စပ်ဆိုတော်မူသော ' ပုရေနိသင် ' အစချီ ရတုပိုဒ်စုံတွင်- ပုရေနိသင်၊ ဆက်တိုင်းကြင်၍၊ အိမ်ရှင်အစစ်၊ ငယ်ကျွမ်းချစ်နှင့်၊ ထပ်ရစ်လက်သင်၊ ထုံးစတွင်၌၊ သွေးငင်ကြမ္မာ၊ ဝါသနာကြောင့်၊ ဆရာမိဘ၊ ကွပ်ဆုံးမလည်း၊ ချစ်စထုံးနှောင်၊ ပျော်ရအောင်ဟု၊ သန်ကောင်မဟူ၊ အတူယှဉ်နွှဲ၊ သန်လွဲမခန့်၊ အသက်စွန့်၍၊ ဝေဓွန့်ခရီး၊ ချုံကြီးတောအုံ၊ ဝါးရုံဝါးစေး၊ သစ်ကျားဘေးကို၊ မတွေးဆံဖျား၊ မလေးစားတည့်၊ တရားသံဝေ၊ အောက်မေ့ချေသော်၊ ကြေးရွှေဂဟေ၊ မစပ်ချေသို့၊ စာပေတတ်ပွန်၊ ဓမ္မခန်နှင့်၊ ကျမ်းဂန် သိမြောက်၊ ပဉ္စင်းရောက်က၊ ထပ်လှောက်ကြင်ဖွယ်၊ ရှေးသောနှယ်ကို၊ ၊ အဘယ်ကြိုးရှာ ပေတော့မည်။ ဟု ဖော်ပြတော်မူခဲ့သည်။ သျှင်မဟာရဋ္ဌသာရသည် မိမိကိုယ်ကို တရားချ၍ ရဟန်းဘဝကို ရယူခဲ့သော်လည်း အလွမ်းဖြေ မပြေနိုင်ခဲ့ရှာပေ။ ထို့ကြောင့်လည်း စိတ်ပြေရာ ပြေကြောင်း အောက်မေ့၍ လူလည်း တစ်ထွေ၊ ရေလည်းတစ်ခြား၊ ဖျားလည်းတက်သက်၊ ကြောက်မက်ချင်ဖွယ်၊ ပင်လယ်ချောင်းမြောင်း၊ မကြီးတောင်းတည့်၊ ဆောင်းဆောင်းဆိုင်းဆိုင်း၊ ပြိုင်းရရိုင်းတည့်၊ မှိုင်းမှိုင်းအုပ်ထွေ၊ ဝေဝေမို့မို့၊ ညို့ရရို့နှင့်၊ မြသို့ရှိန်းရှိန်း၊ ခပ်သိမ်းတောတောင်၊ ကုန်အောင်ပတ်ကုံး၊ မျှော်မဆုံး သည့် ရခိုင်တောင် ကုန်းဒေသဆီသို့ ခရီးထွက်ခဲ့လေသည်။ ရခိုင်ပြည်သို့ ရောက်ရှိသည်တွင် ' နှစ်ကူးလည်၍၊ မိုးစည်ပျံ့ ပျူး၊ ' အစချီ ရတုပိုဒ်စုံကို ရေးသားတော်မူသည်။ ထိုမှတစ်ဖန် စက်တော်ရာ ဒေသသို့ ဘုရားဖူးရန် ြ<ွကရောက်ခဲ့ပြန်သည်။ ထိုဒေသသို့ ြ<ွကချီတော်မူရင်း တောင်တောင်ရေမြေ သာယာပုံ၊ ငှက်တိရစ္ဆာန်တို့၏ ဖိုမယှက်နွှဲ ပျော်ပွဲဝင်နေ ကြပုံတို့ကို ဖွဲ့နွဲ့၍ တောလားလင်္ကာကို စီကုံးတော်မူသည်။ သျှင်မဟာရဋ္ဌသာရသည် အသက် ၁၆-နှစ်အရွယ် လူပျိုငယ်ဘဝက ရေးသားခဲ့သော ဘူရိဒတ်လင်္ကာကြီးကိုလည်း ရဟန်းအဖြစ်ရောက်မှ အပြီးသတ် ရေးသားနိုင်လေတော့သည်။ ထိုအကြောင်းကို ဘူရိဒတ်လင်္ကာကြီး နိဂုံး၌ မည်ပင်ရဋ္ဌ၊ သာရအစစ်၊ ဆယ့်ခြောက်နှစ်လျှင်၊ တက်သစ်အရွယ်၊ လူငယ်သော်က၊ ဆိုစတင်းလင်း၊ ြ<ွကင်းဘိသောအား၊ ဆန်းပြားနည်းနာ၊ အဖြာဖြာလျှင်၊ လင်္ကာယတိ၊ စောင်း သို့ညှိ၍၊ ဘူရိဒတ္တ၊ နဂရပဝေ၊ ခေါ်ထွေအမည်၊ အပိုင်းသည်ကား၊ သာကြည်ချမ်းမြေ့၊ ဤ တွင်ရွေ့လျှင်၊ စေ့စေ့စုံစုံ၊ အပြီးကုန်၏၊ ဟု မှတ်သား ဖွဲ့ဆိုတော်မူခဲ့၏။ သက္ကရာဇ် ၈၅၆-ခုနှစ်၊ အသက် ၂၆-နှစ် အရွယ်၌ ဘူရ်ိဒတ်လင်္ကာကြီး၏ အဆက်ဖြစ် သော ' ဘူရိဒတ်ဇာတ်ပေါင်းပျို့ ' ကိုလည်း ရေးသားစီရင်တော်မူပြန်သည်။ ထိုအချိန်တွင် အင်းဝ မြို့တော်၌ သီတင်းသုံးကြသော ရဟန်းပုဂိ္ဂုလ်အချို့သည် သျှင်မဟာရဋ္ဌသာရနှင့် သျှင်မဟာသီလ ဝံသတို့အား ကဗျာလင်္ကာစသည်တို့ကို ဖွဲ့ဆိုတော်မူကြသဖြင့် ' သာချင်းသည်များ ' ဟူ၍ သတ်မှတ်ခေါ်ဝေါ်ကြဟန် ရှိပေသည်။ ထိုစဉ်အခါက ဗုဒ္ဓသာသနာအမြင်ဖြင့် ရှုကြည့်ပါမူ ဤသို့ပင် ရှုမြင်ကြမည်သာ ဖြစ်သည်။ သို့ရာတွင် တစ်ဖက်မှ အပြစ်တင်သကဲ့သု်ိ့ ချီးမွမ်းထောမနာ ပြုသူတွေ လည်း အများအပြားပင် ရှိချေမည်။ ယခုဖော်ပြခဲ့သော အချက်အလက်များနှင့် စပ်လျဉ်း၍လည်း ရှေးဟောင်းစာပေများ၌ များစွာ တွေ့ရခြင်း မရှိပေ။ တွေ့ရှိရသော စာဟောင်းအမှတ်အသားများတွင်လည်း သျှင်မဟာ ရဋ္ဌသာရ၏ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ ဆိုလောက်ဖွယ်သော အကြောင်းများကို မတွေ့ရ ပေ။ သို့ရာတွင် ထိုခေတ်၏ တွေးခေါ်ယူဆချက်အရဆိုလျှင် ရဟန်းပုဂိ္ဂုလ်အချို့၏ အာရုံ၌ နှစ်မြို့ နိုင်မည် မဟုတ်ချေ။ ကုန်းဘောင်ခေတ်ပိုင်းမှာပင် သင်္ကန်းရုံမှု၊ တင်မှု အသေးအဖွဲကိစ္စလေးမှ စ၍ သာသနာပိုင်နှင့်တကွ ရဟန်းပညာရှင်များ အတိဒုက္ခရောက်ခဲ့ကြရသည်။ ထို့ထက် ရှေးကျ သော အင်းဝခေတ်တွင်မူ သျှင်မဟာရဋ္ဌသာရတို့ လုပ်ဆောင်ချက်များသည် အဘယ်မှာလျှင် ခမ်းနား၍ မလာဘဲ ရှိပါမည်နည်း။ သျှင်မဟာရဋ္ဌသာရ၏ လုပ်ဆောင်ချက်အပေါ်၌ မနှစ်သက်ကြောင်းကို ဖော်ပြသော ရှေးဦးစွာ တွှေ့ရသည့်စာမှာ သာလွန်မင်းတရားလက်ထက် အမှတ်အသား ဖြစ်သည်။ သက္ကရာဇ် ၉၉၇-ခု၊ တန်ဆောင်မုန်းလဆန်း ၁၂-ရက်၊ သောကြာနေ့တွင် ရည်မှုံနှင့် အောင်မြတ်ကို စေတော်မူ ၍ တောင်ဖီလာဆရာတော်ထံ လျှောက်တင်ရာ၌ ပြည်တွင် မဟာဓမ္မသာမိဘုန်းတော်ကြီးကို ဘိုးတော်မင်းတရားကြီး ပင့်တော်မူသော အခါ ရဋ္ဌသာရသူမြတ်တွင် တပည့်ခံတော်မူဖူးသလောဟု မေး၏။ မကြိုက်၍ မခံပေသည် ဟု ဆိုသည်။ ဘယ့်ကြောင့် မကြိုက်သနည်းဟု မေးသော် သူမြတ်တို့သည် စာပေကျမ်းဂန် မူကား တတ်၏။ ဝတ္ထုကံကျောင်းကို နေ၍ စည်းစိမ်းချမ်းသာ များလှသည်။ မထေရ်သင်္ဃ ရာဇာအကျင့်သာ ဖြစ်သည်။ စာပေနာသည့် တပည့်တို့သည် ဒုကုဋ်တင်၍မျှ မနာကုန်။ ထို့ကြောင့် မကြိုက်၍ မခံပေသည်ဟု ဆိုသည်။ ဟူ၍ သာလွန်မင်း အမေးပု်ိဒ်တွင်လည်းကောင်း၊ သျှင်ဓမ္မသာမိသည် သျှင်ရဋ္ဌသာရ၌ တပည့်မခံဆိုရာမှာလည်း အရှင်ရဋ္ဌသာရတို့သည် ရပ်မအသုံးအဆောင်ကို သုံးဆောင်သည် ဖြစ်သောကြောင့် မခံလေသည်။ ဟူ၍ တောင်ဖီလာဆရာတော် အဖြေပိုဒ်တွင်လည်းကောင်း တွေ့ရှိရလေသည်။ ဖော်ပြပါ အကြောင်းရပ်တို့ကို ကောက်ချက်ချလျှင် သျှင်မဟာရဋ္ဌသာရသည်- ၁၊ ဘုရင် မင်းမြတ်များ လှူဒါန်းသော ပြည့်စုံသည့်ကျောင်း၌ နေထိုင်ခြင်း၊ ၂၊ စာပေပို့ချစဉ် စာလိုက်တပည့်တို့သည် ဒုကုဋ်တင်၍ မလိုက်ခြင်း၊ ၃၊ ရပ်မအသုံးအဆောင်၌ ပါဝင်သည့်ဟု လူတို့သမုတ်သော စာပေများကို ဖွဲ့ဆိုခြင်း တို့ကို အဓိကအားဖြင့် တွေ့မြင်ရပေသည်။ ထိုအကြောင်းကိုပင် ထပ်လောင်း၍ သက္ကရာဇ် ၁၁၂၃-ခုနှစ်တွင် လက်ဝဲနော်ရထာက တောင်တွင်းခင်ကြီးဖျော်အား လျှောက်ထားသောကြောင့် ဖြေဆိုရဖူးသည်။ တစ်ဖန် သာသနာ လင်္ကာရစာတမ်းကို ရေးသားသော မဟာဓမ္မသင်္ကြံ၏ စာအုပ်၌လည်း ထိုအကြောင်းကိုပင် ဖောက်သည်ချ ရေးခဲ့ပြန်သည်။ သို့ရာတွင် မူလစကားအတိုင်း မဟုတ်တော့ဘဲ ပြည်မဟာဓမ္မသာမိ နေရာတွင် စစ်ကိုင်းသျှင်တိသာသနဓဇဟူ၍ ရေးသားထား၏။ အခြား အဓိပ္ပာယ်ကား အားလုံးတူ သည်။ ထို့ပြင် အပိုမှတ်သားချက်များလည်း ပါဝင်လာခဲ့ပြန်သည်။ သာသနာလင်္ကာရစာတမ်းကျမ်း တွင် အောက်ပါအတိုင်း ရေးသားထားသည်။ သက္ကရာဇ် ၈၄၂-ခုနှစ်၊ ရှမ်းဈေးလမ်းမအရှေ့၊ မနော်ရမ္မံဥယျာဉ်နှင့် မနီးမဝေးတွင် ဒုတိယဘုရင်မင်းခေါင်လက်ထက် သိမ်တော်သမုတ်ရသည်။ သိမ်မြောက် ဘုရားလည်းတည် သည်။ ထိုသိမ်ကို ဒုတိယဘုရင်မင်းခေါင်သိမ်ဟု တွင်သည်။ ရွှေစည်းခုံတောင်က သိမ်ကိုကား ပထမမင်းခေါင်သိမ်ဟု တွင်သည်။ ဒုတိယမင်းခေါင် သိမ်သမုတ်သည့်ကာလ အခြားသင်္ဃာ များက သာချင်းသည်တို့ ပါလျှင် ငါတို့ မလာမလိုက်ပြီဟု ဆိုသောကြောင့် သျှင်သီလဝံသနှင့် သျှင်ရဋ္ဌသာရတို့ သိမ်သမုတ်ရာ မပါဝင်ရဟူ၍ ဆရာစဉ်ဆက် ဥဒါန်းစည်ရှည် ပြောဆိုကြ သည်။ အထက်ပါစကားကို သတိထား၍ လေ့လာလျှင် ချွတ်ယွင်းချက်များကို တွေ့ရမည် ဖြစ်၏။ ထိုရေးသားချက်အရ ၈၄၂-ခု၊ ဒုတိယဘုရင်မင်းခေါင်လက်ထက် သိမ်သမုတ်သည် ဟု ဆိုလိုရင်း ရှိ၏။ ၈၄၂-ခုနှစ်တွင် သျှင်မဟာရဋ္ဌသာရသည် ရဟန်းဘောင်သို့ ရောက်နိုင်သော အရွယ်လည်း မဟုတ်သေး။ ဆရာတော်သည် ၈၃ဝ-ပြည့်ဖွား ဖြစ်၍ ၁၂-နှစ်အရွှယ်မျှသာ ရှိပေသေးသည်။ သို့မဟုတ်ဘဲ သက္ကရာဇ် ၈၄၂-ခုနှစ်တွင် နန်းတက်သော ဒုတိယဘုရင်မင်းခေါင် လက်ထက် ဟုဆိုလျှင် လက်ခံသင့်သကဲ့သို့ ရှိ၏။ သို့တိုင်အောင် ရဟန်းငယ်ကလေးမျှသာဖြစ် သော သျှင်ရဋ္ဌသာရအား သက်တော် ဝါတော်ကြီးမားသော ဆရာတော်ကြီးများက အလေးဂရုပြု ကာ ဖယ်ရှားနေလမ့်မည် မဟုတ်ပေ။ ဖော်ပြခဲ့ပြီးသော ပြဿနာများကိုသာ စာဟောင်းပေဟောင်းများ၌ အမှတ်အသား တွေ့ရသေးသည်။ ရှင်မဟာရဋ္ဌသာရနှင့် သျှင်မဟာသီလဝံသတို့နှင့် စပ်လျဉ်း၍ နှောင်းခေတ်စာပေ နယ်မြေတွင် အတည်မပြုလောက်သော အရေးအသားများကား မြောက်မြားလှစွာကုန်၏။ထိုအရေး အသားတို့သည်လည်း ယုံကြည်ဖွယ်ရာ တန်ဆာဆင်၍ ရေးသားခဲ့ကြသဖြင့် အတော်ပင် တွင်ကျယ် လျက် ရှိခဲ့၏။ သို့ရာတွင် နှုက်နှုက်ချွတ်ချွတ် လေ့လာသူ ပညာရှင်တို့သည်ကား စစ်၍ စစ်၍ ယုံကြည်ကြလေသည်။ မည်သို့ရှိစေ သျှင်မဟာရဋ္ဌသာရတို့ ခေတ်တွင် စာပေဖွဲ့နွဲ့မှုကို ယုံကြည်ကိုးစားသူလည်း ရှိမည်။ ပယ်မြစ်ကန့်ကွက်သူလည်း ရှိမည်။ ဤသည်မှာ လောကနိယာမ သဘောအရ ဖြစ်သည်။ သျှင်မဟာရဋ္ဌသာရဆရာတော်ကလည်း ဤကဲ့သို့ ချီးမွမ်းခြင်း၊ ကဲ့ရဲ့ခြင်းသဘောကို သိတော်မူသည် သာတည်း။ သို့သော်လည်း ဘုရားလူ့ဘ၊ မုနိန္ဒလျက်၊ မိန်းမယောက်ျား၊ လူ့စကားဖြင့်၊မကြား စကောင်း၊ မနာတောင်းကို၊ အကြောင်းဆောင်သွေး၊ ဟောတုံသေး သဖြင့် ချီးမွမ်းမှု၊ ကဲ့ရဲ့မှုတို့ကို ကြည့်ရှုတော် မမူအားဘဲ လူ့အကျိုး လူ့စာရိတ္တအတွက် အတွေးလည်း မပျက်ခဲ့။ အရေးလည်း မပျက်ခဲ့။ ဆိုရေးရှိက ဆိုအပ်သည်သာ ဖြစ်ပေသည်။ ဤကဲ့သို့ ဇာတ်တော်ကြီးများကို ဖွဲ့ဆိုရာမှာလည်း ပညာရှင်ကြီးများအတွက်ဟူ၍ ဝန် ခံတော် မမူပေ။ စာကြီးပေကြီးများကို မဖတ်ရှုနိုင်သူ နုနယ် ငယ်ရွယ်သူများအတွက် အထူးအားဖြင့် ရည်ညွှန်းရေးသားထား၏။ ဆရာတော်သည် ငါ၏ စာသည် ငါ့အောက် အသိပညာငယ်သော နုနယ်သူများအတွက် အသ်ိပညာပြန်ပွားကာ အမှောင်ခွင်း၍ အလင်းကို ဆောင်နိုင်ပါစေ၊ ဟူ သော စေတနာဖြင့် ရေးသား ဖွဲ့ဆိုခဲ့ခြင်း ဖြစ်ပေသည်။ ဆရာတော်ကလည်း- လူတို့နားတွင်း၊ မိုက်မလင်းကို၊ ဝင်းဝင်းထွန်းညီး၊ Óဏ်ဆီမီးဖြင့်၊ မှောင်ကြီးကင်း ပျောက်၊ ငါ့စာရောက်က၊ ငါ့အောက်ပညာ၊ နုသေးစွာသား၊ သမ္ဘာမပြန့်၊ လူအဝှန့်အား၊ စိတ် ပြားပညာ၊ ပွားပါလိမ့်မည်၊ သူတို့ရည်၍၊ သာကြည်ရွှင်လန်း၊ လင်္ကာညွှန်း - ရပါကြောင်း ဝန်ခံတော်မူခဲ့လေသည်။ ဤဘူရိဒတ်လင်္ကာကြီးနှင့် ဘူရိဒတ်ဇာတ်ပေါင်းပျို့တို့ကို ရေးသားပြီးနောက် ပြည်သူအများတို့သည် ဆရာတော်၏ Óဏ်ရည်အစွမ်းကို လေးစားကြည်ညိုကြသည်။ ဘုရင်နှင့် မှူးမတ်အသိုင်းအဝန်းမှလည်း ဆရာတော်၏ စာများကို အင်းဝရွှေနန်းတော်ကြီး အတွင်း၌ စာပွဲ သဘင်ခံ၍ ကြားနာကြပြီးလျှင် ရွှေပန်း၊ ငွေပန်း၊ ရွှေပေါက်ပေါက်၊ ငွေပေါက်ပေါက်တို့ဖြင့် ကြဲမြှောက်ကာ ကောင်းချီးနုမော် သာဓုခေါ်ကြလေသည်။ ဆရာတော်သည် ရဟန်းဘဝကို ရယူခဲ့ပြီးသည့်နောက် မိမိဘဝကို စာပေ၌သာ မြှုပ် နှံထားခဲ့၏။ ယင်းသို့ မြှုပ်နှံကာ စာပြုလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်တော်မူရင်း တပည့် စာသင်သားများကိုလည်း စာပေပို့သခြင်း အလုပ်များကို မလစ်ဟင်းစေဘဲ ဆောင်ရွက်နေသည် ဖြစ်ကြောင်းကို - စိတ်ပြားဝေခွဲ၊ ကြံနှိုက်နဲလျက်၊ စာပွဲခံခံ၊ စာအံသောင်းသောင်း၊ တပည့်ပေါင်းကို၊ ဖြားယောင်းပစ္စည်း၊ ဖြည့်သိမ်းဆည်း၍၊ ဟောနည်းသွယ်ပြား၊ ရှင်တော်ကြားသို့၊ နားပါးဝင် ကြောင်း၊ သင်လိုက်ရှောင်း၏၊ မကောင်းဝန်တို၊ အကုသို်လ်ကား၊ ၊ ငါ့ကို မချစ် ပစ်စေ သော။ ဟု ဇာတ်ပေါင်းခန်းပျို့ နိဂုံး၌ စပ်ဆိုတော်မူလေသည်။ ဤသို့ စာပေပြုစုခြင်း၊ ပို့ချခြင်းတို့ကို လုပ်ဆောင်လာရသောအခ

    • kai

      February 28, 2015 at 4:12 pm

      ဆောရီး…
      အရှည်ကြီးပဲ..။ တနေရာထဲ..မှတ်တမ်းကျန်..ရှာရလွယ်အောင်.. ကူးတင်ပေးလိုက်တယ်..။

      ဆိုတော့..

      ၄။ မစ်စ်အိန်ဂျလီနာ၊ ဆင်ကာဖြင့်လှသယောင်၊ ရွှေရောင်ဆံကေနှင့်၊ သေခေါင်ယစ်မျိုးထွဋ်၊ ပြာကလပ်လွတ်လျှင်၊ ဂလုဂွပ်မြိုမှောက်သည်၊ အံဖတ်တသီသီနှင့်၊ ဝေရီငမူးမျိုး၊ လူတောမတိုးလည်း၊ စံမျိုးနေ့တိုင်းပင်၊ အမြဲတင်၍၊
      မြောက်ကျွန်းတွင်လူတလုံး၊ ထိုင်တိုင်းရုန်းထသည်။ နှစ်လုံးဝင်းတောင်ပူစာ၊ သစ်စရင်မွှာကို၊ သန်းခေါင်ညနီယွန်ရောင်တွင်၊ အကျွန်ုပ်မြင်သည်။ ။ ရင်ခုန်ဂျိန်းတုတ်.. ဂျိန်းဂျိန်းတုတ်…။

      နောက်တာနော..။ နိုက်ကလပ်က အဖြူမလေးတယောက်သို့အမှတ်တရ..။ :k:

      • Courage

        February 28, 2015 at 5:57 pm

        “အရီးရွှတ်ဖတ်”(ငိုသံ)။ :'(

        ရန်ကုန်ပြန်ချင်တယ်။ အိန်ကျလီနာကို တွေ့ချင်တယ်။

  • padonmar

    March 4, 2015 at 11:02 am

    မောင်ကာကြီးရေ
    ကျေးဇူးတင်တယ်။အန်တီလည်း မလတ်လိုပဲ ရှင်မဟာရဋ္ဌသာရ က မိန်းကလေး အလှဘွဲ့ရေးတယ်ဆိုတော့ ဘဝင်မကျဖြစ်နေတာ။ကျေးကျေးပါ။ပြန်ရေးဖွဲ့တာလေးလည်း ကောင်းပါတယ်။

    • Courage

      March 5, 2015 at 2:02 am

      ကျေးဇူးပါ အန်တီ ပဒုမ္မာ

  • Shwe Ei

    March 5, 2015 at 3:30 pm

    -ရှေးခေတ်လူတွေ စကားတန်ဆာဆင်တဲ့နေရာမှာ တော်တော်လေး .. -လိမ္မာကျွမ်းကျင်ကြတာမြင်ရတော့…ကိုတွေဘဲ တော်တော်လေး ညံ့နေသလား..တွေးမိတယ်..
    -မြန်မာလူမျိုးဖြစ်တာချင်းတူတူ..စာကြီးပေကြီး ရေးနိုင်ဖို့မပြောနဲ့…ဖတ်နိုင်ဖို့တောင် -အတော်လေးခက်နေသလားလို့ 🙂

Leave a Reply