လိုက်ကြမလား…. သွားစို့ကွယ်…
လိုက်ခဲ့ကြမလား ??
စိုစွတ်ခြင်းလည်း မဟုတ် ခြောက်သွေ့ခြင်းလည်း မမည်သော သစ်တောအုပ်ကလေးထဲ ကျွန်တော် သွားပါမည်။
စိမ်းစိုလတ်ဆတ်သော သစ်ပင်ကြီးများ၏အောက်မှာ သစ်တောလမ်းကလေး ကွေ့ကောက်ကောက်က တစ်ယောက်ယောက် လျှောက်နင်းလာဖို့ အမြဲတစေ ခွင့်ပြုနေသည့်ဟန်. . .
ထို့အပြင် ဤတောအုပ်ထဲသို့ စတင်ဝင်ရောက်လိုက်သည်နှင့် ပထမဆုံး ခံစားမိနိုင်သည့်အချက်မှာ ”ဤနယ်မြေသည် ဘာမဆို ဖြစ်ပျက်သွားနိုင်သော နယ်မြေဖြစ်သည်” ဆိုတဲ့ခံစားမှု။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ဟာ မွန်းကျပ်ပိတ်လှောင်နေသော ထိုထိုဤဤ မြို့ပြ လွှမ်းခြုံမှုအောက်မှနေ၍ ဆောက်တည်ရာမဲ့ ပြေးထွက်ချင်မိသူတွေပဲ မဟုတ်လား။
ပြေးလာသူမှန်သမျှကို ဆီးကြိုလင့်မည့် ဆိုင်းဘုတ်မရှိသော်လည်း ဤသစ်တောကလေးသည် လာသူတွေကို ဖိတ်ခေါ်ကြိုဆိုနေသယောင် ဖြစ်သည်။
တခါတရံမကသော ကာလများတွင် ကျွန်တော်တို့ဟာ ကြိုဆိုဖိတ်ခေါ်သူမရှိသော တနေရာရာရှေ့မှာ ရှက်ရွံ့သိမ်ငယ်စွာနဲ့ ရပ်နေခဲ့ရဖူးတာပဲ။
ဝင်လာခဲ့ပါ. . .တဲ့။ တောအုပ်ကလေးရဲ့ ခေါ်သံ မဟုတ်ဘူးဆိုပေမဲ့
သစ်ပင်သစ်ခက် အကိုင်းအလက်များကဖြင့် လှုပ်လှုပ်ခတ်ခတ်နဲ့ လာခဲ့ပါကွယ် ရယ်လို့ ခေါ်နေသည်ပဲ။
သွားကြစို့ပါကွယ်. . .
ဤသစ်တောအုပ်ကလေးထဲမှာ ငြိမ့်ငြိမ့်ကလေး စီးဆင်းနေသော စမ်းချောင်းကလေးတွေ ရှိမနေဘူးလို့ မင်း ပြောနိုင်မလား။
ဒါမှမဟုတ် အဲသည် စမ်းချောင်းကလေးကို ဟိုဘက်သည်ဘက် ဖြတ်သန်းသွားနိုင်ဖို့ရာ နွယ်ကြိုးများဖြင့် သွယ်တန်းထားသော တံတားကလေးတစ်စင်းရော မရှိပါဘူး လို့ မင်း. . ပြောဦးမလား. .
ဟင့်အင်းးး
ဤသစ်တောကလေးထဲမှာက ဘာမဆိုဖြစ်ပျက်သွားနိုင်သော အငွေ့အသက်များ လွှမ်းခြုံနေသည်ပဲလေ။
စမ်းချောင်းကလေးများ. . .
ထိုစမ်းချောင်းကလေး၏ ရေစီးသံကို ဂီတသံစဉ်တစ်ခုလို ခံစားရင်း တည်ကြည်စွာ ကူးခတ်နေမည့် ရောင်စုံ ငါးကလေးများ. . .
ထိုငါးကလေးများနှင့် ထိုစမ်းချောင်း. . .
ထိုစမ်းရေဂီတ. . စသည်တို့ကို နီးကပ်စွာ နားဆင် ခံစားကြည့်နိုင်ဖို့ရာ သွယ်တန်းထားသော ကြိုးတံတားကလေးများ. . .
အဲသည်နောက် နွယ်ကြိုးပေါ်မှာ ဖြတ်ပြေးသွားတတ်သော ရှဉ့်ငပေါကလေးများ. . .
သစ်ပင်ကိုင်းဖျားတွေဆီမှာ နားနေရင်းဖြင့် တီတီတာတာ အော်မြည်နေမည့် ကျေးငှက်ကလေးများ. . .
အဲသည်အရာတွေ အကုန် ရှိမနေဘူးလို့ ဘယ်သူမှ မပြောနိုင်ပေမဲ့
“အဲဒါတွေမက ရှိနေနိုင်တယ်”လို့တော့ ကျွန်တော် ပြောနိုင်ပါသည်။
ဘဝရဲ့ ခါးသီးနာကျင်ဖွယ်ရာသော ခံစားချက်တွေကို ပိုက်ထွေးလို့. . .လောကကြီးကို တိုင်တည်ကာ ငိုကြွေးချင်လာတဲ့ အခါမျိုးမှာ . . .
ကိုယ့်ကို အစစအရာရာ နားလည်ပေးပြီး”ဒီလိုပါပဲကွယ်. . ဘဝဆိုတာ. . .”ရယ်လို့ . . . အားပေးနှစ်သိမ့်ပေးမယ့် ချစ်သူတစ်ယောက်ဖြစ်ဖြစ် လိုအပ်လာတဲ့အခါ. . .
ဤသစ်တောအုပ်ကလေးက စိတ်အစဉ်ကို ခဏတာဖြစ်ဖြစ် အပူတွေနဲ့ ဝေးရာမှာ သိမ်းထားပေးနိုင်မှာ. . .
ကျွန်တော်ဆိုလျှင် . . .
အတုန်းအရုန်း လဲကျသွားစေနိုင်သည့် အခက်အခဲတွေနဲ့ ကြုံရတဲ့အခါမျိုးမှာ ကျွန်တော့်
မေမေ၏ ရင်ခွင်ကို ပြေးဝင်ပြီး တခါတရံငိုကြွေး ၊ တခါတရံတော့လည်း ပင့့်သက်အခါခါရှိုက် . . အဲသည်လိုနဲ့ လောကဓံ၏ အလစ်အငိုက် တိုက်ခိုက်မှုကြောင့်
ဒဏ်ရာဒဏ်ချက်များစွာ. . . .
ဖြစ်ပွား. . . .
အဲသည်နောက် ပြန်လည် ကုစား. . .
အဲသည်အခါမျိုးမှာတော့
ကျွန်တော့် မေမေက. . .
“သားရယ် ဒီလိုပါပဲ ကွယ် . . . လောကဆိုတာ. .. . .” ရယ်လို့ ကျောကို သပ်ကာသပ်ကာနဲ့ပေါ့. . .
အားပေးနှစ်သိမ့်ခဲ့တာ. . . .
အခုတော့ အိမ်မှာ ကျွန်တော့်ကို
.နွေးထွေးစွာ ပြုံးပြနေမယ့် ကျွန်တော့်ကို နားလည်သော. . . .
ထို့အပြင် နှစ်သိမ့်ပေးနိုင်စွမ်းသော ကျွန်တော့်မေမေ အပြင် . . .
သစ်တောအုပ်ကလေးလည်း
ရှိနေပြီ။
ဘယ်လောက် ကောင်းလိုက်သလဲကွယ် ။
ယုံနိုင်ပါ့မလား. . . .
ဤ သစ်တောအုပ်ထဲ
.ခြေကို တလှမ်းချင်း တဖဝါးချင်း ချမိရင်းနဲ့ပဲ တဖြည်းဖြည်း သိလိုက်ရတာတစ်ခု . . .
ကျွန်တော့်မှာ ရှိနေတယ်။
လာ . . . .
ကျွန်တော်နဲ့ လိုက်ခဲ့။
လမ်းမှာ ကျွန်တော် ပြောပြမှာပေါ့။
zzzzzzzzzzzzzzzzzzzzzzzzzzzzzzz
(တီးတိုးသံ)
လူသားရေ. . .
မင်း. . . ရခဲ့ဖူးတဲ့
ဒဏ်ရာဒဏ်ချက်တွေကို
ထိုင်ရေတွက်နေမယ့်အစား. . . မီးစာကုန် ဆီခမ်းတော့မယ့် . . .
အဲ့ဒီ မီးခွက်ကလေးကိုမှိတ် . . .
ခပ်မြန်မြန် အိပ်ချလိုက်ပါတော့ကွယ်…
လူသားရေ. . .
အဲ့သည်နောက် . .
နှိုးစက်ကြီးက ကိုယ့်ကို မနှိုးခင်. . . ကိုယ်ကအရင် နှိုးစက်ကိုနိုးပြီး. . .
နှိုးစက်ကို ဆက်အိပ်စေ. . .
မင်းအတွက် . . .
မင်းကိုယ်တိုင် ဖန်တီးတဲ့ . . .
လန်းဆန်းတက်ကြွခြင်းတွေနဲ့ အမှောင်ညဆီက. . .
နိုးထ လွန်မြောက်ပါစေတော့. . .
zzzzzzzzzzzzzzzzzzzzzzzzzzzzzzz
(ရေရွတ်သံ)
.ကြည့်စမ်း!!!!!!!!
ဒီသစ်တောအုပ်ကလေးက. . . စကားတစ်ခွန်းတလေများ ခပ်မြန်မြန် ပြောလိုက်လေသလား. . .. . .
. . . . .
. . . . .
. . . . .
zzzzzzzzzzzzzzzzzzzzzzzzzzzzzzz
Alin Z @ Maung Thura
2015, May – 26 ( 16 : 22 )
8 comments
မြစပဲရိုး
May 30, 2015 at 2:04 pm
လိုက်တော့လိုက်ချင်သား။
သို့ပေမဲ့ နားဒုက္ခ ရောက်ရှာမဲ့ အရေး တွေးပြီး လိုက်တော့ဝူး။
lol:-)))))
Alinsett @ Maung Thura
May 30, 2015 at 2:10 pm
သစ်တောကလေးက…စကားတွေ ပြောချင်နေတာလေး တစ်ခုပဲ….
:k:
တောင်ပေါ်သား
May 30, 2015 at 4:30 pm
သစ်တောတွေက ရှိသေးလို့လား 😛
Alinsett @ Maung Thura
May 31, 2015 at 4:21 pm
ရှိသေးတယ်… ရှိသေးရခြင်းက …ထပ် ခုတ်ပစ်ဖို့…
lu lu
June 2, 2015 at 3:30 pm
သစ်တောဆိုရင် ခရိုနီကြီးတွေ လိုက်မယ်တဲ့
Alinsett @ Maung Thura
June 2, 2015 at 6:38 pm
သစ်တောကို ချစ်တဲ့သူတွေ စု ပေါင်းပြီး ထိရောက် သေချာတဲ့ အားနဲ့
သစ်တောကို အမျိုးဖြုတ်နေတဲ့ ခရိုနီတွေကို တိုက် ထုတ်သင့်
ခင်ဇော်
June 2, 2015 at 9:28 pm
ကံကောင်းးပါစေ ဆက်ဆက်ရေ တဲ့..!!
Alinsett @ Maung Thura
June 3, 2015 at 6:11 pm
ကံကောင်းဖို့ လုပ်လိုက်အုန်းမယ် မမဂျီးရေ
😆