Sometimes people just need a hug.
“သူ ဘာဖြစ်နေတာလဲ။”
မော်လီက ရှေ့နည်းနည်းကိုင်းပြီး ပန်းခြံထဲကခုံပေါ်မှာ တစ်ယောက်တည်းထိုင်နေတဲ့ သနားစရာမိန်းကလေးကို ထပ်ချောင်းကြည့်လိုက်တယ်။ ပြီးတော့ နားရွက်လေးတွေပါ ခါသွားတဲ့အထိ ခေါင်းကို ခါယမ်းလိုက်တယ်။
“ဘယ်သိမှာလဲ ရော့ကီရဲ့။ သူ့ကြည့်ရတာ တော်တော်ဝမ်းနည်းနေပုံပဲ။”
“ငါတို့ သူ့နားသွားကြည့်ရင် ကောင်းမလား။ တစ်ခုခု လုပ်ပေးနိုင်မလားလို့လေ။”
မော်လီက သူနဲ့ ရော့ကီတို့ ထိုင်နေကြတဲ့ သစ်ပင်နောက်နားလေးကနေ ပတ်ထွက်လိုက်တယ်။ ကောင်မလေးကို သေသေချာချာ လှမ်းမြင်ရပြီ။ သူ့အမြင်အာရုံက သိပ်အကောင်းကြီးမဟုတ်ပေမယ့်လည်း ကောင်မလေး ငိုထားမှန်းတော့ သိတယ်။ အကြားအာရုံကလည်း ကောင်းလွန်းလို့ ကောင်မလေးရဲ့ တရှုံ့ရှုံ့အသံကိုတောင် ကြားနေရတယ်။
“အေး သွားရအောင်။”
သူတို့ကိုယ်ပေါ်က အမှိုက်တွေကို ခါထုတ်လိုက်ပြီး နှစ်ယောက်သား ကောင်မလေးနား ကပ်သွားလိုက်တယ်။ အနားရောက်သွားတော့မှ ကောင်မလေးက တကယ်ကို ငိုထားတာပဲ။ မြင်ရတဲ့သူတို့ပါ မျက်လုံးလေးတွေ ဝိုင်းတက်လာတဲ့အထိ ရင်ထဲနာကျင်လာရတယ်။ မော်လီဆို မျက်ခုံးလေးတွေ ပင့်ကြည့်နေပုံလေးက ခံစားသမျှ ရင်ဖွင့်လို့ရပါတယ်လို့ ပြောနေသလိုပဲ။
ရော့ကီက ကောင်မလေးရဲ့ ပေါင်ပေါ် ခေါင်းလေးတင်လိုက်တယ်။ မော်လီက ခုံတန်းရှည်ပေါ် ခုံတက်ပြီး ကောင်မလေးပုခုံးပေါ် သူ့ပါးလေးမှီထားလိုက်တယ်။ ကောင်မလေးက ရုတ်တရက် အံ့ဩပျော်ရွှင်သွားပြီး ရယ်သံလေးတွေ ထွက်လာတယ်။
“ဟော ဒါ ဘယ်က ကလေးလေးတွေတုန်း။”
ကောင်မလေးက ရော့ကီကို ခေါင်းလေးပွတ်ပေးတယ်။ ရပ်လိုက်ရင်လည်း ရော့ကီက သူ့လက်ဖဝါးကြီးနဲ့ ကောင်မလေးလက်ကို သွားသွားတို့တယ်။ ကောင်မလေးက ရယ်ပြီး ထပ်ပွတ်ပေးပြန်ရော။ မော်လီကတော့ ကောင်မလေးပေါင်ပေါ် ဖြည်းဖြည်းတက်ထိုင်ပြီး မျက်နှာနဲ့လည်ပင်းကို လျှာနဲ့လျက်နေတယ်။ ကောင်မလေးက သဘောတွေကျပြီး ပြုံးနေတာပဲ။
ဒီလို သူတို့အတူတူ ထိုင်နေရင်းမှာပဲ ကောင်မလေးက မတ်တပ်ရပ်လိုက်ပြီး သူတို့ကို ပြောတယ်။
“ကျေးဇူးအများကြီးတင်ပါတယ် ကလေးတို့ရေ။ မင်းတို့ကြောင့် တကယ်ကို ပျော်ခဲ့ရပါတယ်။ ကဲ ကလေးတို့ အိမ်ပြန်တော့နော်။ ဒီလို ချစ်စရာကောင်းတဲ့ ကလေးတွေမှာ ပိုင်ရှင်ရှိတယ်ဆိုတာ ငါသိပါတယ်ကွယ်။ သွားတော့နော်။”
အမြီးလေးတွေနန့်ရင်း၊ ခုန်ပေါက်ပြေးလွှားရင်း ပန်းခြံကိုဖြတ်လို့ သူတို့တွေ အိမ်ပြန်လာခဲ့ကြတယ်။ တကယ်လို့ ကောင်မလေးသာ သူတို့စိတ်ထဲကစကားကို ကြားနိုင်ခဲ့မယ်ဆိုရင် သူတကယ် အံ့ဩသွားမှာပဲ။
“တစ်ခါတစ်လေမှာ လူတွေဟာ နှစ်သိမ့်ပွေ့ဖက်မှုလေးပဲ လိုအပ်တာပါ။”
Sometimes people just need a hug. ကို ဘာသာပြန်ရေးသားထားသည်။