ကျွန်မ၏ တပည့်ကျော် …

weiweiOctober 27, 20101min2347

လွန်ခဲ့တယ့် ၆ နှစ်လောက်တုန်းက ကျွန်မက အလုပ်နဲ့နီးတဲ့ ရန်ကုန်တိုင်း ကမာရွတ်မြို့နယ်ထဲက ရပ်ကွက်တစ်ခုမှာ နေခဲ့ဖူးပါတယ်။ အလုပ်ချိန်ပြင်ပ ညနေဘက်နဲ့ညဖက်မှာ ပတ်ဝန်းကျင်က ကလေးတွေကို စာသင်ပေးချင်တဲ့ စေတနာပေါ်လာတာနဲ့ နွေရာသီမှာ လက်လှမ်းမှီသလောက် ကလေးတွေစုလိုက်ပါတယ်။ အဲဒီအထဲက ၈ တန်းကျောင်းသားလေးတစ်ယောက်ကိုတော့ ကျွန်မ၏တပည့်ကျော်အနေနဲ့ အမြဲအမှတ်ရနေပါတယ်။ ပထမဆုံးသူနဲ့စတွေ့တယ့်နေ့မှာ ကျွန်မက သချင်္ာသင်ဖို့ သူ့အရည်အချင်းကို စပြီးစစ်ဆေးလိုက်ပါတယ်။ ဖတ်စာအုပ်ကို မကိုင်ပဲနဲ့ အပေါင်း အနှုတ် အမြှောက် အစား စပြီးစစ်ဆေးကြည့်တယ်။ ရိုးရိုး ဂဏန်းလေးတွေပေါင်းခိုင်း နှုတ်ခိုင်းတော့ တစ်ဆယ်မကျော်တယ့်အထိ အဆင်ပြေနေပါတယ်။ သူ့လက်နဲ့ခြေထောက်နဲ့မဆံ့တဲ့ ကိန်းဂဏန်းတွေကိုတောင် မပေါင်းတတ်ပါဘူး။ အဲဒါနဲ့ အမြှောက်စပြီးမေးကြည့်တယ်။ ၂ အလီထက်ကျော်သွားတာ တစ်ခုမှ သူမရတော့ဘူး။ အဲဒါနဲ့ အစားကို ထပ်မေးကြည့်တယ်။ အစားဆိုတာဘာမှန်းကို မသိဘူး။ ၄ ကို ၂ နဲ့စားရင် ဘယ်လောက်ရမလဲလို့ သူ့ကိုမေးလိုက်မိပါတယ်။ ကျွန်မရဲ့မေးခွန်းက တော်တော်လေးကို ခက်သွားပါတယ်။ စာရွက်အလွတ်ပေါ်မှာ ရေးပြပါတယ်။ ရှင်းလဲရှင်းပြပါတယ်။ သူသိနိုင်တယ့်နည်းမျိုးစုံနဲ့လဲ ရှင်းပြကြည့်တယ်။ ကျွန်မ မောင်ဝမ်းကွဲတစ်ယောက်က ဘေးကနေမြင်နေပြီး မနေနိုင်လို့ သူကပါ ဝင်ရှင်းပြပါတယ်။ အဖြေကလွဲပြီး ကျန်တာကို နည်းမျိုးစုံနဲ့ သူနားလည်အောင်ရှင်းပြကြပါတယ်။ ရှင်းပြလို့မောတော့ သူ့ကိုတစ်ယောက်ထဲ ထိုင်ခိုင်းထားပြီး အဖြေအမှန်ရမှပြန်ရမယ်ဆိုပြီး ဒီအတိုင်းထားထားလိုက်တာ မိုးချုပ်ပြီး ကျွန်မတို့အိပ်မယ့်အချိန်အထိ သူစဉ်းစားနေပေမယ့် အဖြေမရသွားပါဘူး။ သူကတော့ အဲဒီကထဲက ကျွန်မကို တော်တော်ကြောက်သွားပါတယ်။ ကျွန်မမောင်လေးက ကျွန်တော်နေ့ခင်းဘက်သူ့ကို သီးသန့်သင်ပေးမယ်ဆိုပြီး နေ့လည်ဘက်တွေ အိမ်ကိုခေါ်ပြီး တပည့်ကျော်ကို ၂ အလီကစပြီးသင်ပါတယ်။ ကျွန်မအလုပ်ကပြန်လာတိုင်း အားရတယ့်တိုးတက်မှုတော့ တစ်ခါမှ မကြားရဘူး။ ဒါပေမယ့် ကျွန်မတို့က လက်မလျော့ခဲ့ပါဘူး …

အင်္ဂလိပ်စာကတော့ ပြောစရာလိုမယ်တောင်မထင်ပါဘူး။ I ဆိုတာဘာလဲ သူမသိပါဘူး .. He ဆိုတာလဲ သူမသိပါဘူး။ grammer သင်ဖို့ဝေးလို့ စာလုံးအားလုံးကို နှုတ်တိုက်ကျက်ဖို့တောင် တော်တော်ခက်နေပါတယ်။ ၈ တန်းအင်္ဂလိပ်စာထဲက The Necklace ကိုတော့ မှတ်မိကြမယ်ထင်ပါတယ်။ meaning အလွယ်ဆုံး ၅ ခုကို အသံထွက်မှန်အောင်တိုင်ပေးရတာ ၂ နာရီကြာပါတယ်။ နေ့ခင်းတစ်ခင်းလုံး ကျွန်မမောင်လေးက သူ့ကို ဝိုင်းကျက်ပေးပါတယ်။ ညနေ ကျွန်မအလုပ်ကပြန်တော့ သတ်ပုံခေါ်ပါတယ်။ သူက ခပ်ပြုံးပြုံးပဲ တစ်နေကုန် ကြိုးစားထားတာကိုး။ ကျွန်မမောင်လေးကလဲ ဘေးကနေထိုင်ကြည့်နေပါတယ်။ အဲဒီအထဲမှာ sun ဆိုတယ့် စာလုံးတစ်လုံးပါပါတယ်။ သူက sun ကို စာလုံးပေါင်းမှန်အောင်ရေးနိုင်ပြီးတော့ အဓိပါယ်ကို မေ့နေပါတယ်။ အဲဒါအချိန်မှာ ကျွန်မကလဲ မဆီမဆိုင်တယ့် မေးခွန်းတစ်ခုကောက်မေးလိုက်ပါတယ်။ son ဆိုတာဘာလဲလို့? သူကကြောင်တောင်တောင်နဲ့ ကျွန်မကိုကြည့်တယ်။ ကျွန်မမောင်လေးက မနေနိုင်တာနဲ့ သူ့ကိုထောက်ပေးလိုက်ပါတယ်။ မင်းက မင်းအဖေရဲ့ဘာလဲ? အဲဒါနဲ့သူက သတိရသွားပြီး သားတဲ့။ အဲဒါနဲ့ son သား ပေါ့။ အဲဒီအချိန်မှာ ကျွန်မက သူ့ကိုပြန်ပြီးတော့ ဒါဆို sun  ကရောဆိုတော့ .. သူ့မျက်နှာက ဝင်းပလာပြီးတော့ အသံအကျယ်ကြီးနဲ့ ဖြေထည့်လိုက်တာ … သမီးတဲ့ ….

ငိုအားထက် ရယ်အားသန်ခဲ့တဲ့ အဖြစ်အပျက်ကလေးပါ …

7 comments

  • unclegyi1974

    October 27, 2010 at 3:30 pm

    weiwei ရေးထားတာကိုအကြွင်းမဲ့ယုံပါတယ်
    ဖတ်တဲ့လူတွေလဲမယုံမရှိပါနဲ့
    ကျွန်တော်လဲကိုယ်တွေ့ပါ ကျွန်တော်တို့နားကကောင်လေး
    တယောက်လဲ ၈တန်းပါဘဲ သူ့နာမည်သူ
    eng/ လိုမရေးတတ်ပါဘူး
    ဒါမြန်မာနိုင်ငံပညာရေးစံနစ်ပါ စာမေးပွဲတော့စစ်ပါရဲ့
    နှစ်ကုန်စာမေးပွဲမှာအောင်ချက်မကောင်းရင်
    အထောင်းခံရတော့ အောင်ချက်ကောင်းအောင်
    အကုန်အအောင်ပေး ဆရာတွေလဲသက်သာပြီးအဆင်ပြေ
    ကျောင်းသားမိဘတွေလဲကျေနပ်
    ဘယ်လောက်ကောင်းတဲ့ပညာရေးပါလဲ

  • kopauk mandalay

    October 27, 2010 at 4:19 pm

    အဖြစ်မှန်ကတော့ ကလေးတွေကို ငါးတန်းကစပြီး အင်္ဂလိပ်စာသင်ရမယ်လို့ စနစ်သစ်ပြောင်းခဲ့တဲ့လူရဲ့အပြစ်တွေပါဘဲ။
    ဒီစနစ်ကိုထွင်ခဲ့တဲ့သူက ရှက်များရှက်တတ်ရင် အခုခေတ် တရုပ်ဇာတ်လမ်းတွဲထဲကလို
    “ကျနော်မျုးိကြီးသေသင့်ပါတယ်” လို့ပြောပြီး ခွေးခေါင်းစက်ထဲကို ဝင်သင့်တဲ့လူပါ။

  • weiwei

    October 27, 2010 at 4:43 pm

    ကိုပေါက် .. တစ်ခုခုတော့လွဲနေပြီထင်တယ် .. အခုခေတ်က သူငယ်တန်းကနေစပြီး အင်္ဂလိပ်စာသင်ရတာပါ … a b c d ကို ကျွန်မတပည့်ကျော်က အားလုံးမှန်အောင်မရေးနိုင်ပါဘူး … သူရေးတဲ့ရေးနည်းကလဲ သိပ်ကိုဆန်းပါတယ်။ b ကို အပေါ်ကနေစဆွဲတယ်။ b နဲ့ ေ ရေးတာ သိပ်မကွဲပါဘူး … ကျွန်မက သူ့ကို သူငယ်တန်းလိုသဘောထားပြီး a b c d ကနေ စသင်ရတာဆိုတော့ စဉ်းစားသာကြည့်ပါတော့ …. သူနေတယ့်ကျောင်းကတော့ ကမာရွတ်မြို့နယ်က နဲနဲတော့နံမည်ရှိတယ့် အထက်ကျောင်းတစ်ကျောင်းပဲ … သူက အတန်းထဲမှာ အညံ့ဆုံးမဟုတ်ပါဘူး .. သူ့နောက်မှာ ကျောင်းသား အယောက်တစ်ရာလောက် ထပ်ရှိနေသေးပါတယ် ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    October 27, 2010 at 4:55 pm

    ဘာတွေဖြစ်နေကြတာတုန်း kopauk mandalay ပြောတာက
    ကျွန်တော်တို ့ဦးလေးတွေ ကျောင်းနေတုန်းက
    ငါးတန်းရောက်တဲ့အခါမှစပြီး အင်္ဂလိပ်စာ စသင်ရတာကို ပြောပုံရပါတယ်
    အင်္ဂလိပ်စာဆိုတာ ဒီလိုရေးရတယ်လေ
    A B C D E F G
    H I J K L M N O
    P Q R S T U V
    W X Y Z
    cat ကြောင်ကြီး
    dog ခွေး
    gas ဂက်ဖြည့်သည် လေ
    ဒါလေးများ

  • bigcat

    October 27, 2010 at 11:43 pm

    အစကတော့ မဝေဝေဆီမှာ သင်္ချာနဲ့ အင်္ဂလိပ်စာ လာသင်အုံးမလို့ပဲ၊ ဒါပေမဲ့ မဝေရဲ့မောင်ကလည်း ဝင်ကူတယ်ဆိုတော့ ကြော်ငြာတဲ့သူကယောက် တကယ်သင်ပေးတဲသူက တယောက်ဖြစ်နေမှာဆိုးလို့ လက်လျှော့လိုက်ပါတယ်။

  • thidakywewa1

    October 28, 2010 at 1:34 am

    မဝေ ကိုချီးကျူးပါတယ် စိတ်ရှည်လို့လေ ။သီတာသာဆိုရင် ဒေါသထွက်နေ လောက်ပြီ။ တကယ်လေးစားပါတယ်။

  • weiwei

    October 28, 2010 at 2:09 am

    ဇာတ်လမ်းကအစပဲရှိသေးတာလေ … ကျွန်မတို့သူ့ကို ၅ လ သင်ပြီးချိန်မှာ လက်မြှောက်အရှုံးပေးလိုက်ကြတယ် … လက်မြှောက်လိုက်ရတဲ့ အဓိကအကြောင်းရင်းကတော့ ကျောင်းမှာ ဒီကောင်လေးက စာမေးပွဲအောင်တယ့်အပြင်အမှတ်တွေလဲ ၇ဝ နီးပါးတော့ အေးအေးဆေးဆေးရနေတော့ ကျွန်မတို့ကို ပိုလွန်းတယ်လို့ သူထင်လာပုံရတယ်။ သူဖြေခဲ့တဲ့ အဖြေလွှာကိုကြည့်ရင် ကျွန်မက တစ်မှတ်တောင်မှ ပေးမှာမဟုတ်ပေမယ့် သူ့ဆရာမက အမှတ်တွေအများကြီးပေးထားတာပဲလေ။ ၈ တန်းစာမေးပွဲလဲ အောင်သွားပါတယ်။ သူနဲ့အဆက်အသွယ်မရှိတော့လို့ ၁ဝ တန်း အောင်မအောင်တော့ မသိဘူး။ တကယ်တော့ ကျွန်မက ဆရာမအစစ်မဟုတ်ပါဘူး။ သူ့ကြောင့်လဲ နောက်ပိုင်းကလေးတွေကိုစာသင်ပေးရမှာ ကြောက်လာပါတယ်။ ပြန်စိတ်ပါလာရင်လဲ သူငယ်တန်းကိုပဲ သင်တော့မယ်လို့ ဆုံးဖြတ်ထားတယ်။

Leave a Reply