ဆိုဆုံးမလွယ်ကူခြင်း To be obedient

weiweiDecember 19, 20101min33715

သောဝါစဿတာ
ဧတံ မင်္ဂလ မုတ္တမံ

ဆုံးမရလွယ်ကူခြင်းသည် မြတ်သော မင်္ဂလာဖြစ်၏။
ထုံးစံအတိုင်းပဲ ငယ်ငယ်တုန်းက အကြောင်းကို စဉ်းစားမိပါတယ်။ ကျွန်မတွေ့ဖူးကြုံဖူးသလောက်တော့ လူတော်တော်များများဟာ ဆုံးမရမလွယ်ပါဘူး။ ကိုယ့်လုပ်တာမှန်တယ် ကိုယ်ထင်တာမှန်တယ်လို့ ထင်နေကြလို့ ဆုံးမဖို့ဝေးလို့ ဝေဖန်မိရင်တောင်မှ မကြိုက်ကြပါဘူး။ တစ်ခုခုကို သိတဲ့သူက ပြောပြရင်လဲ သူကဘယ်လောက်သိလို့ ဆရာလုပ်တာလဲဆိုပြီးလဲ ထင်ကြပါတယ်။ ဝေးဝေးမကြည့်ပါနဲ့ အိမ်မှာ မိဘက သားသမီးကိုပြောရင်တောင် မိဘတွေကို သူတို့ခောတ်ကနဲ့မတူဘူး သူတို့မသိပဲဝင်ပါတယ်ဆိုပြီး စိတ်ဆိုးလေ့ရှိပါတယ်။
ကျွန်မ ကလေးတုန်းကတော့ ဆုံးမမှာကို မကြိုက်လို့ မခံချင်လို့ အတတ်နိုင်ဆုံး လိမ်မာအောင် ကြိုးစားပြီးနေခဲ့ဖူးပါတယ်။ အဲဒီလိုနေတဲ့ကြားထဲက အမြင်မတော်လို့ ဆုံးမတာကိုခံလိုက်ရရင် သေချာမှတ်ထားပြီး နောက်တစ်ခါမလုပ်မိအောင်သတိထားလိုက်ပါတယ်။ ကလေးတုန်းကတော့ မိဘ ဘိုးဘွားတွေကို ချစ်ခင်လေးစားတဲ့စိတ်ရှိနေတော့ သူတို့တွေနဲ့လဲ အဆင်ပြေပြေနေနိုင်ခဲ့ပါတယ်။

အဆင်မပြေခြင်းကတော့ ၁ဝ တန်းအောင်ပြီး ကိုယ့်ကိုကိုယ် လူကြီးလို့ထင်ချိန်မှာ စတင်လာပါတယ်။ အဲဒီအရွယ်မှာ ဆုံးမစရာတွေကလဲ များလာတော့ လူကြီးတွေက အမြင်မတော်ရင် ဆုံးမတယ်။ အဲဒီအချိန်မှာ ကိုယ်မှားတယ်လို့ မခံစားရတော့ ဆုံးမတာကို မကြိုက်တဲ့စိတ်စတင်ဖြစ်လာပါတယ်။ ကျွန်မက ဘာသာရေးလဲလိုက်စားတယ် စာတွေလဲ အများကြီးဖတ်နေပေမယ့် အသိတရားကတော့ မရပါဘူး။ နှိမ့်ချတတ်တဲ့စိတ်မရှိပဲ ပိုပြီးမာန်တက်မိတော့ ဆုံးမသူတွေနဲ့ ပိုပြီးအဆင်မပြေဖြစ်လာပါတယ်။ ကျွန်မဘွဲ့ရပြီးနောက် အလုပ်လုပ်ချိန်မှာ ကျွန်မဆီအလုပ်လာအပ်သူတွေနဲ့ ပြသနာစဖြစ်ပါတယ်။ ကျွန်မက မှန်တယ်လို့ထင်ပြီး ငြင်းနေတာပါပဲ။ အဲဒီလို ပြသနာတက်နေချိန်မှာ ကျွန်မညီမက ဝင်ေပြောလိုက်တယ်။ ”မမက ဆုံးမလွယ်ခြင်းဆိုတဲ့ မင်္ဂလာတရားတော်နဲ့ညီအောင် မနေတတ်ဘူးတဲ့။ အမိန့်နာခံတတ်အောင် လေ့ကျင့်သင့်တယ်တဲ့။” အဲဒီစကားနှစ်ခွန်းကို ကျွန်မ အခုထက်ထိ မမေ့တော့ပါဘူး။ သူကအငယ်ဖြစ်ပြီး ကျွန်မကို သတိပေးလိုက်တာပဲ။
အဲဒီအချိန်ကစပြီး အသိတစ်ခုရယ် သတိတစ်ခုရယ် ဝင်လာခဲ့ပါတယ်။

ဆုံးမခြင်းကို အချိန်မရွေးခံယူသင့်သလို လိုက်လဲလိုက်နာသင့်ကြောင်း တခြားအသိတစ်ခုကတော့ အိမ်မှာအတူနေတဲ့ လူကြီးတွေကြောင့်ဖြစ်ပါတယ်။ ဗမာ့ထုံးတမ်း အစဉ်အလာအရ လူကြီးက လူငယ်ကိုဆုံးမပါတယ်။ လူငယ်က လူကြီးကို ဆုံးမလို့မရပါဘူး။ အဲဒီ့အတွက် တော်တော်စိတ်ညစ်ရပါတယ်။ ကျွန်မစိတ်နဲ့ဘယ်လိုမှ အမြင်မတော်တဲ့ ကျွန်မရဲ့ကြီးတော်ကို ဆုံးမချင်နေခဲ့ပါတယ်။ အကြံပေးသလိုမျိုးလေပျော့နဲ့ပြောဖူးပေမယ့် သူက လက်မခံပါဘူး။ ငါကလူကြီး ငါလုပ်ချင်တာလုပ်မယ်လို့ပဲပြောပြီး သူလုပ်ချင်ရာပဲ လုပ်နေပါတယ်။ အခုအချိန်အထိ အသက်ပိုကြီးလေ ပိုပြီးလုပ်လေ။ ပိုပြီးဆုံးမရခက်လေပါပဲ။ အဲဒါလို အမြင်မတော်တာကို သီးခံရတာက အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ တစ်နေ့တစ်နေ့ အကုသိုလ်ဖြစ်ရတာရယ် ကိုယ်တစ်ချိန်အသက်ကြီးလာရင် ဝဋ်လည်မှာကြောက်တာရယ်ကြောင့် သီးခံရပါတယ်။ ကျွန်မက စိတ်ပေါက်ပေါက်နဲ့ အသက်ကြီးရင် မလုပ်သင့်သောအချက်များဆိုပြီး စာအုပ်တစ်အုပ်တောင်မှ ချရေးထားခဲ့ဖူးပါတယ်။ အခုတော့ အဲဒီစာအုပ်လဲ ဘယ်ချောင်ထဲရောက်နေလဲမသိတော့ဘူး။ နောက်တစ်ခုဆုံးဖြတ်ထားတာကတော့ လူငယ်တစ်ယောက်က အမြင်မတော်လို့ပြောလာရင် ချက်ခြင်းလက်ခံပြီး သူပြောသလိုနေလိုက်ခြင်းဖြင့် လူငယ်တွေကိုစိတ်ချမ်းသာစေမယ်လို့ ဆုံးဖြတ်ထားခဲ့ဖူးပါတယ်။

အလုပ်မှာကျတော့လဲ အခြေအနေအရ ကြားလူဖြစ်နေပါတယ်။ လူငယ်လဲမဟုတ် လူကြီးလဲမဟုတ်ဖြစ်နေပါသေးတယ်။ ကျွန်မတို့က ပညာနဲ့အလုပ်လုပ်နေကြတာဆိုတော့ လူငယ်တွေကိုလဲ အထင်မသေးပါဘူး။ သူတို့က ကိုယ်မသိတာကို သိနေတတ်တာမို့လို့ပါ။ ဆွေးနွေးအဖြေရှာတဲ့နည်းလမ်းနဲ့ မသိတာချင်းဖလှယ်ပေးရပါတယ်။ သူတို့ကပြောလာရင်လဲ တလေးတစားနဲ့နားထောင်လေ့ရှိပါတယ်။ ကျွန်မကို အထက်က ခိုင်းလာရင် ဆုံးမလာရင်လဲ တရိုတသေနားထောင်လိုက်ပါတယ်။ လူကြီးတွေက ပညာရပ်ကိုတော့ သိပ်မသိကြတော့တာများပါတယ်။ ဒါပေမယ့် သူတို့က စီမံခန့်ခွဲရေးနဲ့ အတွေ့အကြုံက ကိုယ့်ထက်သာတာသေချာလို့ လေးစားမှုတစ်ခုရှိထားပြီး ရိုရိုသေသေနာယူနိုင်အောင် ကြိုးစားပါတယ်။

တကယ်တော့ ကျွန်မတို့တွေအားလုံးက တစ်နေ့ထက်တစ်နေ့ အသက်ကြီးလာကြပါတယ်။ သတိလက်လွတ်နေမိတာတွေလဲ များပါတယ်။ ဆုံးမမဲ့သူမရှိရင် ပိုပြီးဆိုးပါတယ်။ သူတော်ကောင်းတွေကတော့ ဆုံးမစကားကို အမြဲတမ်းအလိုရှိနေလေ့ရှိပါတယ်။ အရှင်သာရိပုတ္တရာ ကိုယ်တော်ကြီးတောင်မှ ရ နှစ်သားကိုယ်တော်လေးရဲ့ အဆုံးအမကို ဝမ်းသာအားရခံယူခဲ့တာက သာဓကပါပဲ။ အရှင်ရာဟုလာကလဲ ဆုံးမဩဝါဒများများနာကြားရပါလို၏လို့ နေ့တိုင်းဆုတောင်းခဲ့ဖူးပါတယ်။

ကျွန်မကိုယ်တိုင်က သတိလက်လွတ် တော်တော်ဖြစ်လေ့ရှိပါတယ်။ တစ်စုံတစ်ယောက်ကြောင့် သတိရသွားရင် အဲဒီလူကို အလွန်ကျေးဇူးတင်ပါတယ်။ တစ်ခါတစ်လေ ခဏလောက် စိတ်အခန့်မသင့်ဖြစ်မိပေမယ့် ဆုံးမရလွယ်ခြင်းဆိုတဲ့ မင်္ဂလာတရားတော်ကို သတိရလိုက်ရင် စိတ်ပြေသွားပြီး ဟုတ်ပါလား မှန်ပါလားဆိုတဲ့ အသိစိတ်နဲ့ ပြန်ဆင်ခြင်မိလေ့ရှိပါတယ်။ ကျွန်မရေးထားတဲ့စာတွေနဲ့ပတ်သက်ပြီး ဝေဖန်မယ် ဆုံးမမယ်ဆိုရင် ဝမ်းပန်းတသာနဲ့ကြိုဆိုမှာဖြစ်ပါတယ်။ အသက်ငယ်တာကြီးတာက အဓိက မဟုတ်ပါဘူး။ စေတနာကို အသိအမှတ်ပြုပါတယ်။

ဒီစကားလေးတစ်လုံးက လူမှုရေးပြသနာအများအပြားကို ပြေလည်စေနိုင်လို့ အမှတ်တရ စကားလက်ဆောင်ပေးလိုက်ရခြင်းဖြစ်ပါတယ် ….

ဆိုဆုံးမရ လွယ်ကူခြင်းသည် မင်္ဂလာတစ်ပါးဖြစ်၏ ………

15 comments

  • thethtet87

    December 19, 2010 at 8:10 am

    ကောင်းတဲ့စာတစ်ပုဒ်ပါဘဲ။ကျွန်တော်ကိုတိုက်ရိုက်ဆုံးမလိုက်သလိုပါဘဲ။ကျွန်တော်ကနည်းနည်းခေါင်းမာတယ်။
    နောက်ကိုမင်္ဂလာတရားတော်နဲ့အညီနေပါမယ်။ကျေးဇူးတင်ပါတယ်

  • ဆူး

    December 19, 2010 at 2:01 pm

    ဘာသာရေး အဆုံးအမ နဲ့ ယှဉ်တွဲ နေထိုင်တာ အကောင်းဆုံး ဖြစ်မယ် ထင်တယ်။
    လူတွေက အတ္တတွေများနေကြတော့.. အများပိုင်လိုနေရာမှာတောင် ငါပြောသလိုလုပ်.. လုပ် လုပ် ဆိုပြီး အော်နေကြတယ်… လူတွေ အတ္တကြည့်ပြီး တော်တော် ပူလောင်နေကြတာဘဲ လို့ မြင်မိတယ်။
    အသက်အရွယ်နဲ့ အချိန်အခါ နေရာဒေသတွေနဲ့ ပတ်သတ်ပြီး ဘဝကြီးက တဖြေးဖြေး သင်ပေးသွားမှာပါ။
    အများနဲ့ လိုက်ရောညီစွာ မနေနိုင်ရင်တော့ အလိုလို အပြင်ရောက်သွားတတ်တာ သဘာဝကြီးပါဘဲ။

  • MaMa

    December 20, 2010 at 2:16 am

    အင်း အပြောလွယ်သလောက် အလုပ်ခက်ပါတယ်။ သူများဆုံးမတာ နာခံဖို့ ကိုယ့်ကိုကိုယ် အမြဲသတိပေးနေရင်းကဘဲ နာခံလွယ်သူ ခုထက်ထိ ဖြစ်မလာသေးပါဘူး။

  • နွယ်ပင်

    December 20, 2010 at 4:54 am

    မဝေရေ စာမူလေးက တော်တော်ကိုကောင်းပါတယ် .. နွယ်ပင်လဲ သတိလက်လွတ်နေတဲ့ လူထဲမှာပါမယ်ထင်ပါရဲ့ . ဒါပေမဲ့လေ အခုတော့ တက်နိုင်သလောက် ကြိုးစားကြည့်နေပါတယ် . မဝေပြောသလို တစ်ခါတစ်လေတော့လဲ သတိလက်လွတ် တော်တော်လေးကိုဖြစ်လို့ မနည်းလိုက်ဖမ်းနေရတာပါပဲ .. ဘယ်လိုပဲဖြစ်ဖြစ် ဒီစာမူလေးအတွက် မဝေကိုကျေးဇူးတင်ပါတယ် . သဘောကျလို့လဲ ကူးယူသွားပါတယ် … ခွင့်ပြုမယ်လို့ထင်ပါတယ်နော် ..

  • weiwei

    December 20, 2010 at 5:06 am

    ဝမ်းသာအားရကို ခွင့်ပြုပါတယ် .. 🙂

  • Tettoe Aung

    December 20, 2010 at 9:39 am

    We have to be careful. There’s a very fine line between ‘obedience’ and ‘mindless or blind obedience’. You may remember the images of ordinary American soldiers, on orders of their officers, brutalizing and humiliating jailed Iraqi prisoners, even taking photos of their acts. They said they were ‘obeying their orders’. As Asians we are prone to fall into that trap of ‘obeying without questioning’. This habit has to be corrected when one lives in countries where ‘democratic values’ are the norm. I know it’s from Mingala Suttra, “Khanti ca savacassata samamnan ca dassanam kalena dhamma-sakaccha etam mangala uttamam” but you will also have to reconcile with the teachings from Kalama Suttra. When Buddha said to Kalamas that, “Yes, Kalamas, it is proper that you have doubt, that you have perplexity, for a doubt has arisen in a matter which is doubtful. Now, look you Kalamas, do not be led by reports, or tradition, or hearsay. Be not led by the authority of religious texts, nor by mere logic or inference, nor by considering appearances, nor by the delight in speculative opinions, nor by seeming possibilities, nor by the idea: ‘this is our teacher’. But, O Kalamas, when you know for yourselves that certain things are unwholesome (akusala), and wrong, and bad, then give them up… And when you know for yourselves that certain things are wholesome (kusala) and good, then accept them and follow them. Instead of teaching obedience for the sake of obedience, that is ‘mindless obedience’ we should teach children to have a inquiring mind – allowing them (with patience) to question why they are to obey what they are told. That’s the difference between the military and civilian life. If they were ordered from ‘AphaeGyi’ then and now the soldiers have no qualms about committing murder as they did in Christies Island. Hanna Arendt mentioned in her book about Eichmann as regards to the banality of evil that the detestable Nazi Eichmann was not a ‘monster’ but was simply obeying orders that the Jews in his concentration camp be put to death in the camp’s gas chambers. Eichmann was simply a bureaucrat obeying orders, like bureaucrats everywhere. Obedient for the sake of obedience alone is not all right.

  • weiwei

    December 20, 2010 at 9:55 am

    အကြောင်းအရာတစ်ခုကို အနဲငယ်ပဲဆွေးနွေးရုံနဲ့တော့ အပြည့်အစုံမဖြစ်နိုင်ဘူးပေါ့ … ကျွန်မက နဲနဲလေးပဲရေးလိုက်တာပါ … ကျွန်မကျင်လည်နေတဲ့ ပတ်ဝန်းကျင်မှာ စိတ်ချမ်းချမ်းသာသာနဲ့ အဆင်ပြေပြေနေနိုင်ခဲ့တဲ့ အကြောင်းအရာတစ်ခုကို ဝေမျှပေးတဲ့သဘောပါပဲ … အခုလို ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ် … ကျွန်မတွေးတဲ့ ရှုဒေါင့်ကနဲနဲတော့ ဘောင်ကျဉ်းတယ် …

  • မိုက်ကယ်ဂျော်နီအောင်ပု

    December 20, 2010 at 4:04 pm

    ဟုတ်တယ်ဗျ ဒီပို ့စ်တက်လာကတည်းက တစ်ခုခုတော့ ပြောကြလိမ့်မယ်လို ့ ထင်မိသား
    ကိုယ်သန်တဲ့ဘက်ကတွေးကြလို ့လဲရတယ်လေ
    အမိန် ့နာခံတာရယ် ဆိုဆုံးမလွယ်တာရယ်ဆိုတာက လိုင်းမခွဲထားလိုက်လို ့ပါ
    ပို ့စ်တင်တဲ့သူက ဘာသာရေးအဆုံးအမကို မှီပြီးပြောထားပုံရပါတယ်
    ဒီမှာ ထင်ထင်ရှားရှားရှိအောင် ပြထားသင့်တာက ပုဂ္ဂိုလ်ရဲ ့ဉာဏ်ရည်ဉာဏ်သွေးကို အထူးပြုရမှာပါ
    အဆုံးမခံတယ်ဆိုတာထက် မိမိ/သူတစ်ပါး၏ ပြောဆိုမှု ကို မှန်၏ မှား၏ ကို ခွဲခြားတတ်မှု ့ဆိုတဲ့ ခွဲခြားနိုင်တဲ့ဉာဏ် လို ့ဆိုမလား အဲ့ဒါပါ
    ရဟန်းတာကြီးက အဆုံးမခံလိုက်တာထက် ကိုရင်လေးထောက်ပြတာဟာ မှန်၏ ဆိုတာကို ခွဲခြားတတ်ပြီးသည့်အလျှာက်
    ( ငါ ) ဟူသော မာန်မာနကို ဖြုတ်ချပြတဲ့သဘောရှိမှာပါ ဒါက အကျဉ်းချုံးပြောတာပါ။

  • weiwei

    December 20, 2010 at 4:23 pm

    ကိုအောင်ပု ထောက်ပြတာတွေ မှန်ပါတယ် … ကျွန်မကလဲ ကျွန်မရဲ့ အသိဉာဏ်နေရာကနေရေးလိုက်တာပါ … ငါ ဆိုတဲ့ မာန်ကြောင့် အဆင်မပြေမှုတွေကြုံရချိန်မှာ နှိမ့်ချတတ်တဲ့စိတ်ရယ် … အကောင်းဘက်က ရှုတတ်တဲ့စိတ်ရယ် ဆိုဆုံးမမှုကို အကောင်းအဆိုးခွဲခြားပြီး လက်ခံနိုင်တဲ့စိတ်ရယ် … အဓိကအပိုင်းကတော့ အသိဉာဏ်ပါပဲ ….

    အမိန့်နာခံတတ်မှုဆိုတာကတော့ အလုပ်ခွင်နဲ့ ဆိုင်ပါတယ် …
    အသေးစိတ် ရှုဒေါင့်အမျိုးမျိုးက ရှင်းရင်တော့ တော်တော်ကျယ်ပြန့်သွားမယ် ထင်ပါတယ် … ပါဝင်ဆွေးနွေးပေးကြမယ်ဆိုရင်တော့ ကျေးဇူးတင်ပါတယ် ..

  • Tettoe Aung

    December 21, 2010 at 5:27 am

    No, please don’t get me wrong. I don’t mean to criticize. All I want you to know is that we should never be dogmatic. I know ‘criticism’ is easy but if we want to nurture ‘democratic principles’ in our daily life then we must be open to debate on anything. This is in accordance with Buddhist principles too, isn’t it? When it comes to ‘upbringing’ I was a rebel and I was not an easy, or obedient child. I cannot stand ‘injustices’ in any form or shape – even if they are practiced by my parents. When it was my turn to be a parent and bringing my children in a different environment I cannot expect ‘blind obedience’ from them. They have to be convinced why they should behave this way, why they need to do this way and so on. That was also the way how children were taught at school. As for Buddhism, the freedom of thought allowed by Buddha is unheard of elsewhere in the history of religion. According to the Buddha, man’s emancipation depends on his own realization of Truth, and not the benevolent grace of the god or any external power as a reward for his obedient good behaviour. Man is his own master, and there is no higher being or power that sits in judgement over his destiny. Isn’t Burma in such a bad state because the ethos of the military is “I want water and I don’t want the excuse there’s hole in the bucket.” How many of us as public servant have to carry the guilt just because we did not have the courage to confront any illegal or wrongdoing of our superiors? Not everybody has the courage to take matters into his or her own hands. Until we have that courage to liberate ourselves or free ourselves of fear then our ‘mindless obedience’ would go on. Saul Alinski and Steve Biko both said to free yourselves one has to free his own mind first. Thanks for a good piece of food for thought.

  • weiwei

    December 21, 2010 at 5:59 am

    I totally understand what u meant. I also like justice as I was a Libra born. I’ve never accepted blind obedient. I just tried to explain win-win-situation for both sides. I only mean everybody whether they are old or young should have right opinion and should accept the truth.
    Thank you very much for your kind discussion.

  • Tettoe Aung

    December 21, 2010 at 10:50 am

    The use of terms ‘win-win’ have now become the buzz word for business. But it’s actually the politics of compromise. They say the art of diplomacy is as such that everybody in negotiations thought they have the ‘best of the deal’. We have to thank you for initiating the discussions in the first place.

  • manawphyulay

    December 21, 2010 at 12:27 pm

    ဟုတ်ပါတယ်။ အသက်ကြီးလာလေ လူတွေနဲ့ ဆက်ဆံရလေ ပိုပြီး ကိုယ့်ကိုယ့်ကိုယ် ဆုံးမနေရတာနဲ သည်းခံခြင်းတရားပါ တိုးလာတော့တာပါပဲလေ……

  • nyimalay

    December 23, 2010 at 8:30 am

    ဒီစာမူလေးအတွက် မဝေကိုကျေးဇူးတင်ပါတယ် ……….
    သူများဆုံးမတာ နာခံဖို့ ဆိုတာအပြောလွယ်သလောက် အလုပ်ခက်ပါတယ်။
    တက်နိုင်သလောက် ကြိုးစားကြည့်ပါမယ်။ 🙂

Leave a Reply