ဘုရင့်ပုဆိုး တိမ်မီးခိုး
ပုံပြင်လေး တပုဒ်ပါ (ညက ကွန်နက်ရှင်မကောင်းလို့ တင်နေရင်းပြုတ်ကျသွားတာ တပိုင်းတစဖြစ်နေလို့ အဆုံးရောက်အောင်ပြန်တင်ရတာပါ)
ဟိုးရှေးရှေးတုန်းကပေါ့
တိုင်းပြည်တပြည်က ဘုရင်ကြီးတပါးဟာ အဝတ်ဆို အလွန်နှစ်သက်သတဲ့။ ကောင်းမွန်တဲ့ အဝတ်အစား၊ ခေတ်ပေါ် အဝတ်အစား၊ ဘရမ်းဒက်၊ ဈေးကြီးကြီး၊ နောက်ဆုံးပေါ် နိုင်ငံခြားဖြစ် အကုန်ကြိုက်သတဲ့။ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေ တော်တော်များများဟာလဲ ဘုရင်ကြီး အဝတ်ဖိုးနဲ့တင် ထက်ဝက်လောက်ကုန်သတဲ့။ သက်ဦးဆံပိုင်ဘုရင်ဆို တော့လဲ အားလုံးကကြောက်ရတာပေါ့။ ဘယ်သူမှ ဘုရင်ကြီးကို မပြောရဲဘူးပေါ့။ သွားပြောလို့ သဘောမတွေ့ရင် အသက်တောင် ဆုံးရှုံးရမှာဆိုတော့ ဘယ်သူမှ ဘုရင်ရဲ့ စိတ်အငြိုအငြင် မခံဘူး။
ဒါနဲ့ တနေ့မှာ လူလိမ်သုံးယောက်ဘုရင်ကြီးရဲ့နိုင်ငံတော်ထဲရောက်လာတယ်၊ တခြားတိုင်းပြည်က အဝတ်အထည် ကုန်သည်၊ ယက္ကန်းသည်တွေလို့ သူတို့ကိုယ်တိုင်သတင်းလွှင့်ထားတာပေါ့။ သူတို့အဝတ်အထည်ကလဲ ဘယ်မှာမှ မပေါ်သေးတဲ့ အဝတ်၊ ဘယ်တုန်းကမှလဲ မကြားဘူး မတွေ့ဘူးသေးတဲ့ အဝတ်ဆိုတော့ ဘုရင်ကြီးက စိတ်ဝင်စားတာပေါ့။ ဒီအဝတ်ကလည်း ရိုးရိုး အဝတ်မဟုတ်ဘူးလေ။ သူ့ဂုဏ်သတ္တိက ဒီအဝတ်ကို ကိုယ်ကျင့်တရားကောင်းတဲ့သူ၊ သိက္ခာသမာဓိ ရှိတဲ့သူ၊ ဘုရင့်အပေါ်သစ္စာစောင့်သိတဲ့သူ၊ လာဘ်မစားတဲ့သူစတဲ့ သူတော်ကောင်းတွေမှ မြင်ရတာ။
ဘုရင်ကြီးက စိတ်ဝင်စားလွန်းတော့ ဒီလူတွေကို ခေါ်တွေ့တာပေါ့။ ဘုရင်ကြီးက သူတို့အဝတ်ကို ပြခိုင်းတယ်။ ဒါပေမယ့် သူတို့က သူတို့ဆီမှာ လောလောဆယ် မရှိသေးကြောင်း၊ ဘုရင်ကြီး အလိုတော်များရှိရင် ယက်လုပ်ပေးနိုင်ကြောင်း လျှောက် တင်တာပေါ့။ ဒါနဲ့ ဘုရင်ကြီးကလဲ ချက်ခြင်း ယက်လုပ်ဖို့ ပြောတာပေါ့။ အဲဒီလူတွေကလဲ ယက္ကန်းစင်တစ်ခုနဲ့ နေရာ တစ်ခု စီစဉ်ပေးဖို့ တောင်းဆိုတာပေါ့။ ဘုရင်က လိုအပ်တာအားလုံးစီစဉ်ပေးတယ်။ ဆုတော် လာဘ်တော်တွေလဲ အများကြီးပေးတယ်။
အဲဒီလူတွေကလဲ အဝတ်ဟာ သာမာန်အဝတ်မဟုတ်တဲ့အတွက် အချိန်ယူရက်လုပ်လုပ်ရမည်ဖြစ်ကြောင်း အနဲဆုံးတော့ ခုနစ်ရက်ခန့်ကြာမည် ဖြစ်ကြောင်း၊ ရက်လုပ်နေစဉ် လာရောက်ကြည့်နိုင်ကြောင်းလျှောက်ထားကြတယ်။ ဘုရင်ကလဲ တိုင်းပြည်ကို ကြေညာထားတယ် ခုနစ်ရက်ပြည့်ရင် တိုင်းခန်းလှည့်မယ်ဆိုတဲ့အကြောင်း။ အဝတ်သစ်နဲ့ကြွားချင်နေတာလေ။ တိုင်းသူပြည်သားတွေကလဲ ဒီသတင်းကို ကြားတာပေါ့။
ဘုရင်ကြီးကလည်း တအားစိတ်ဝင်စားတာဆိုတော့ သွားကြည့်တာပေါ့။ ရက်ယန်းစင်မှာလည်း တဖြောင်း ဖြောင်းနဲ့ရက်နေတာ။ ဒါပေမယ့် ဘာအဝတ်အထည်မှတော့ မတွေ့ရဘူး။ ဘုရင့်နောက်ပါ မူးမတ်တွေကတော့ အဝတ်ပုဆိုးဟာ အလွန်လှပကြောင်း ဘုရင်နဲ့ အလွန်လိုက်ဖက်မှာဖြစ်ကြောင်း သူ့ထက်ငါ ချီးမွမ်းကြတာပေါ့။ တကယ်တော့ သူတို့လဲ ဘာမှတွေ့ရတာမဟုတ်ဘူး၊ အမှန်အတိုင်း ပြောလိုက်ရင် သူ့တို့ရဲ့ အနေအထားက ဆိုးဆိုးဝါးဝါး ပြောင်းသွားနိုင်တယ်လေ။ ဘုရင်ကလည်း လာရောက်လျှောက် ထားတဲ့အချိန်ကတဲက အဝတ်ရဲ့ ဂုဏ်သတ္တိတွေ သိနေတာဆိုတော့ ဘာမှ မတွေ့ရဘူးဆိုရင် သူ့တယောက်ထဲ သိက္ခာကျတော့မယ် ကိုယ်ကျင့်တရားမရှိရာကြမယ်ဆိုတော့ ယက္ကန်းသမားတွေပြောတဲ့အတိုင်း ကိုင်ကြည့်လိုက် စမ်းကြည့်လိုက်ပေါ့။
ခုနစ်ရက်ပြည့်တော့ ယက္ကန်းသမားတွေက ဘုရင့်အတွက် ဝတ်လဲတော် ရက်လုပ်ပြီးသွားတဲ့အတွက် ဝတ်လဲတော်ဆက်ကြတာပေါ့။ ဘုရင်ကြီးရဲ့ဝတ်လဲတော်ချွတ် သူတို့ရဲ့ဝတ်လဲတော်ကို ဝတ်ပေးသလိုလုပ်တာပေါ့။ ဘုရင်ကြီးလဲ ဘာမှတော့မတွေ့ရဘူး ဒါပေမယ့် ငြိမ်နေရတာပေါ့။ ဒါနဲ့ အဲဒီဝတ်လဲတော်နဲ့တိုင်းခန်းလှည့်တာပေါ့။ ပြည်သူတွေကလဲ အဝတ်အကြောင်းသိနေတော့ ဘာမှမပြောရဲကြဘူး။
သွားရင်း သွားရင်းနဲ့ ကလေးများကစားနေတဲ့ နေရာ ရောက်တော့ ကလေးတွေက ဝိုင်းအော်ကြတာပေါ့ ဘုရင်ကြီး ဂွေးတန်းလန်းနဲ့ ရူးနေပြီဟေ့လို့ ဝိုင်းအော်ကြတော့မှ ဘုရင်ကြီးလဲ ရှက်ပြီး ထွက်ပြေးပါလေရော။
အဲဒီဘုရင်ကြီး ဘယ်နိုင်ငံရောက်သွားလဲဆိုတာတော့ ဘယ်သူမှ မသိတော့ဘူးတဲ့။
5 comments
dream
March 24, 2011 at 2:38 am
ဉာဏ်မရှိတော့ လူလိမ်ခံရတာပေါ့
bigcat
March 24, 2011 at 3:34 am
မြန်မာပြည်မှာတော့ နေပူတောကို ထွက်ပြေးပြီး မြေအောက်ထဲဝင်နေတယ်လေ။
ယောလေး
March 24, 2011 at 4:16 am
ကိုယ်ပိုင်အတွေးအခေါ်မရှိတော့လဲ……
davit
March 24, 2011 at 4:41 am
အဲဒိဘုရင်ကြီး မြန်မာနိုင်ငံထဲကိုရောက်လာတာ ဘယ်သူမှမသိလိုက်ကြဘူးပေါ့………
nature
March 30, 2011 at 5:00 pm
ခုခေတ်သာဆိုအကုန်ဆွဲစိခံရမှာ။ဘုရင်ဖြစ်ပြီးဒီလောက်အရလား၊