Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မင်းတုန်းမင်းနှင့် ငါးခြောက်ပြား ကို အခြားတစ်ဖက်မှ အမြင်

လင်းဝေMarch 31, 20111min60114

မောင်သစ်ဆင်းရဲ့ ကြောက်စိတ် ဆောင်းပါးကနေ တင်ပြထားတာကို တစ်လောက

*ကြောက်စိတ်* (မောင်သစ်ဆင်း)

ကြိမ်လုံးအကြောင်းစဉ်းစားမိတိုင်း အထက်တန်းကျောင်းသားဘဝတုန်းက ကြုံခဲ့ရတာလေး
တစ်ခုကို အမြဲသတိရနေမိပါတယ်။ မြန်မာစာ အချိန်မှာ ပင်ရင်း စကားပြေ
လက်ရွေးစင်ထဲက မင်းတုန်းမင်းနှင့် ငါးခြောက်ပြား ဆောင်းပါးကို သင်ပြီးစပေါ့။
မင်းတုန်းမင်းငယ်ရွယ်စဉ် မောင်လွင်ဘဝက စံကျောင်း ဆရာတော် ဆီမှာ
ပညာသင်ကြားခဲ့ရတယ်။

တစ်နေ့မှာ အင်းသားကြီးငကြူးက ငါးခြောက်ပြားကြီး တစ်ပြားလာပြီး လှူတယ်။ ဆရာတော်က
ငါးခြောက်ကို သိပ်ကြိုက်ပါသတဲ့။ ကျောင်းမှာကလည်း
ငါးခြောက်ပြတ်လပ်နေချိန်ဖြစ်တော့ ဆရာတော်က မောင်လွင်ကို ကျက်သရေခန်းထဲမှာ
သေသေချာချာ သိမ်းခိုင်းလိုက်ပါတယ်။ နောက်တစ်နေ့ ဆရာတော် ဆွမ်းဘုဉ်းပေး တဲ့အခါ
မောင်လွင်ကို ငါးခြောက် ဖုတ်ခိုင်း တော့ ငါးခြောက်က ရှာမတွေ့တော့ဘူး။

ဆရာတော်ကတော့ လက်ဆေးပြီးနှမ်းဆီမွှေးမွှေးနဲ့ ရောက်လာမယ့် ငါးခြောက်ဖုတ်ကို
စောင့်နေတာပေါ့.။ မောင်လွင်မှာ ဘယ်လိုမှ ရှာဖွေ မေးမြန်းစုံစမ်းလို့မရဘဲ
ဗျာများနေခိုက် ဟဲ့…… ငလွင်မရသေးဘူးလား လို့မေးလိုက်တော့
ညှိုးညှိုးငယ်ငယ်နဲ့ပဲ ငါးခြောက်ပြားကြီး ပျောက်ဆုံးသွားတဲ့အကြောင်း တင်လျှောက်
ရတော့တယ်။ ငလွင်……လာခဲ့ လို့ ထားဝယ်ကြိမ်ကို ဆွဲပြီး ခေါ်လိုက်တဲ့
ဆရာတော်အသံက ကျောင်းသား အားလုံးရဲ့ နှလုံးသားကို ကန့်လန့်ဖြတ်ဝင်သွားပါသတဲ့။

ဟဲ့…ငလွင် နင်ဟာ ဘုရင့်သား၊ အကြောင်း ညီညွတ်ရင် နိုင်ငံကို
အုပ်ချုပ်မင်းလုပ်ရမယ့်သူ။ ဒီလိုလူက ငါးခြောက်ပြား တစ်ချပ်ကိုတောင်
လုံခြုံအောင် မစောင့်ရှောက်နိုင်ရင် နိုင်ငံကို နင်ဘယ်လို လုံခြုံအောင်
လုပ်နိုင်တော့မှာလဲ လို့မိန့်ပြီး အချက်ပေါင်း များစွာ ရိုက်နှက်ဆုံးမပါသတဲ့။

ဒီဆောင်းပါးကို သင်ပြီးတော့ ဆရာက သင်ရိုးထဲက မေးခွန်းတွေကို ဖြေခိုင်းပါတယ်။
မေးခွန်း တစ်ခုက စံကျောင်း ဆရာတော်၏ ဆုံးမမှုကို သင်လက်ခံပါသလား လို့
အဓိပ္ပါယ်မျိုးပေါက်တဲ့ မေးခွန်းပါ။ နောက်တစ်နေ့ မြန်မာစာအချိန်ရောက်တော့ ဆရာဟာ
အတန်းထဲကို ခြေသံပြင်းပြင်းနဲ့ဝင်လာပါတယ်. အဖြေလွှာ တွေကို စားပွဲပေါ်
ဘုန်းခနဲမြည်အောင် ပစ်ချလိုက်ပါတယ်။

ဆရာ့မျက်နှာက နီပြီးတင်းလို့။ တစ်တန်းလုံးကို ဝေ့ဝဲပြီးကြည့်တယ်။ တစ်တန်းလုံး
ကလည်း ငြိမ်လို့။ ဆရာ ဘာဖြစ် လာတာပါလိမ့်လို့ တွေးနေကြပုံပဲ။ ဆရာက
ကျောင်းသားတစ်ယောက်ရဲ့နာမည်ကို ခေါ်ပြီး အတန်းရှေ့ ထွက်ခိုင်းပါတယ်။
နောက်ဆုံးခုံက ကျောင်းသားတစ်ယောက်ထွက်လာပါတယ်။ ဆရာက အဖြေလွှာတစ်ရွက်ကို
ဆွဲထုတ်ပြီး အဲဒီကျောင်းသားကို ပေးလိုက်တယ်။ ဒါ မင်းအဖြေလား ဟုတ်ပါတယ် ဆရာ၊ အေး
တစ်တန်းလုံး ကြားအောင် ဖတ်စမ်း နည်းနည်း အံ့ဩနေပုံနှင့် ကျောင်းသားက
သူ့အဖြေကို ဖတ်ပါတယ်။

မှတ်မိသလောက်ဆိုရင် စံကျောင်းဆရာတော်ရဲ့ ဆုံးမပုံကို မကြိုက်ကြောင်း။
ဆရာတော်ရဲ့ အဲဒီအချိန်က စိတ်ခံစားမှုဟာ တပည့်ကို လမ်းညွှန်ချင်စိတ်ထက်
မိမိအလွန်တရာ ကြိုက်နှစ်သက်တဲ့ ငါးခြောက်ဖုတ်ကို ဘုန်းမပေးရတဲ့အတွက်
ဖြစ်ပေါ်လာတဲ့ ဒေါသစိတ်ကပိုပြီး ကြီးမားနေနိုင်ကြောင်း၊ ပြီးတော့ ဒီကိစ္စဟာ
ဒီလောက် ရိုက်နှက် အပြစ်ပေးစရာမလိုကြောင်း၊ နားဝင်အောင်ဆုံးမလျှင်
ရပါလျှက်နှင့် သေရာပါ အမာရွတ်ထင်အောင် ရိုက်နှက်ခြင်းဟာ ဒေါသစိတ်ကြောင့် ဟု
သံသယဖြစ်စရာရှိကြောင်း။

ဘုရားသားတော် တို့မည်သည် ရသတဏှာဖြစ် ဆွမ်းဘုဉ်း မပေးသင့်သည်ကို
သတိရသင့်ကြောင်း၊ ဆရာကိုယ်တိုင်က ဤဝိနည်းကို မထိန်းသိမ်းနိုင်ပါဘဲ တပည့်ကို
ဆုံးမခြင်းမှာ စဉ်းစားဖွယ်ဖြစ်ကြောင်း၊ အသားနာမှ အရိုးစွဲမှတ်မည်လို့ထင်ပြီး
ပြင်းပြင်းထန်ထန် အပြစ်ပေးဆုံးမခဲ့ပေမယ့် မင်းတုန်းမင်း လက်ထက်မှာ
အောက်မြန်မာနိုင်ငံ တစ်ခုလုံးကို အင်္ဂလိပ် လက် ထိုးပေးလိုက်ရတဲ့အတွက်
ဒီဆုံးမနည်းဟာ မအောင်မြင် နိုင်ကြောင်း၊ အဲဒီလိုတွေ ဖြေထားတာဗျ။

တစ်တန်းလုံးက တခိခိနဲ့ရယ်ကြတယ်၊ သူတစ်ကြောင်းဖတ်လိုက်၊ ခိခနဲ
ကျိတ်ရယ်လိုက်ကြနဲ့။ ဆရာကတော့ ကျောင်းသားတွေရယ်လေ ဒေါသထွက်နေလေပါပဲ။ ကျောင်းသား
ဖတ်သွားပြီးတော့ ဆရာက သူ့ကိုမေးတယ်။ မင်း ငါ့ကို နောက်တာလား
ဟာ…….မဟုတ်ပါဘူး ဆရာ၊ ကျွန်တော် မေးခွန်းကို ဖြေတာပါ ကဲအားလုံး သူဖြေတာကို
လက်ခံကြသလား၊ တစ်ယောက်စီ မေးမယ်၊ ကဲ….မင်းကစ၊ သူဖြေတာ မှန်သလား၊ မှားသလား။

ပထမဆုံး အမေးခံလိုက်ရတဲ့ ရှေ့ဆုံးခုံက ကျောင်းသားဟာ ရုတ်တရက် ဘာဖြေရမှန်း သိပုံ
မရဘူး။ အဖြေရှင်ကျောင်းသားကို ကြည့်လိုက် ၊ ဆရာ့ကို ကြည့်လိုက် ဘေးဘီကို
ကြည့်လိုက်နဲ့။ ကျွန်တော့် စိတ်ထဲမှာတော့ အဲဒီကျောင်းသားရဲ့
အဖြေကိုကြိုက်နေတယ်။ ကျွန်တော်လည်း သူ့လိုခံစားမိတာပဲ။ ဒါပေမယ့် သူ့လို
မဖြေတတ်ဘူး။

သူ့လို ထောင့်စေအောင် မမြင်တတ်ဘူး။ ပြီးတော့ သူ့လို မဖြေရဲဘူး။ တစ်တန်းလုံး
လိုလိုလည်း ကျွန်တော့်လိုဘဲထင်တယ်။ သူတို့ မျက်နှာတွေကို ကြည့်ရင် သိသာပါတယ်။
ဟေ့ကောင်…….ဖြေလေကွာ ရှေ့ဆုံးက ကျောင်းသားခမျာ တုန်သွားပါတယ်။
အဖြေရှင်ကျောင်းသားကို တစ်ချက်ခိုးကြည့်ပြီး ခေါင်းငုံ့ချ လိုက်တယ်။

တကယ်တော့ ဆရာကမှန်သလား၊ မှားသလားဆိုတဲ့ မေးခွန်းနှစ်ခုကို မေးနေတယ် ဆိုပေမယ့်
အမူအရာ၊ လေသံ၊ ဖန်တီးထားတဲ့ ဝန်းကျင် အငွေ့အသက်တွေက မှားတယ်လို့ ဖြေစမ်း၊
မဖြေရင် ကြိမ်လုံး လို့ပြောပြီးသား ဖြစ်နေပါပြီ။ ဆရာက ကျောင်းသားတွေကို
လိမ်နေသလို သူတရားပါတယ် ဖြစ်အောင် သူကိုယ်တိုင်လည်း ပြန်လိမ်နေတာပါ။

ဒါကို အဲဒီကျောင်းသားလည်း သဘောပေါက်ဟန်တူပါရဲ့။ သူဖြေတာ မှားပါတယ် ဟုတ်ပြီ၊
နောက်တစ်ယောက် မှား….အဲ…မှားပါတယ် နောက်တစ်ယောက် မှားပါတယ်
တစ်ယောက်ပြီးတစ်ယောက် မေးလာလိုက်တာ ကျွန်တော့်အလှည့်ရောက်လာပါတယ်။ ကျွန်တော်
ထရပ်လိုက်ပါတယ်။ အသက် တစ်ချက် ပြင်းပြင်း ရှူလိုက်တယ်။ မှားပါတယ်၊
အဖြေရှင်ကျောင်းသားကို မကြည့်ရဲပါဘူး။

ခေါင်းငုံ့ပြီး ခုံပေါ်က စာအုပ်ကိုပဲ စိုက်ကြည့် နေမိတယ်။ ထူူးခြားတာက
ကျောင်းသားအားလုံးလည်း ဒီလိုပါပဲ။ လူကုန်သွားတော့ ဆရာက အဲဒီကျောင်းသားကို
နောက်ပြောင်မှုနဲ့ အတန်းထဲမှာ ရိုက်ပါတယ်။ ကြိမ်လုံးသံ တစ်ချက်ကြားရတိုင်း
ကျွန်တော့် ခန္ဓာကိုယ် တစ်နေရာမှာ နာနာသွားသလိုပဲ။

ကျွန်တော်ကိုယ်တိုင် အရိုက်ခံနေရသလိုပဲ။ တစ်တန်းလုံးလည်း ကျွန်တော့လိုဘဲ
ခံစားနေရမှာကပါ။ အဲဒီကျောင်းသားဟာ ကျောင်းပြောင်းသွားပါတယ်။
ကိုယ့်ထင်မြင်ချက်ကို ပွင့်ပွင့်လင်းလင်း ပြောရဲတဲ့ သူငယ်ချင်းတစ်ယောက်ကို
ကျွန်တော်တို့ ဆုံးရှုံးလိုက်ပါတယ်။ ဆရာမှာ ဒီလိုတပည့်မျိုး
ဆုံးရှုုံးလိုက်ပါတယ်။

ကျောင်းမှာ အဲဒီလို ကျောင်းသားမျိုး ဆုံးရှုံးလိုက်ပါတယ်။ အဲဒီက
ဆန့်တွေးလိုက်ရင်တော့ နိုင်ငံပေါ့ခင်ဗျာ။ ဒါဆုံးရှုံးမှုပါ။ ဘာဖြစ်လို့
ကျွန်တော်ဟာ ခံစားမှုချင်း တူပါလျှက်နဲ့ သူ့လို မဖြေရဲခဲ့တာလဲ။ ဖြေရဲသူ
ရှိလာတာတောင် ကျွန်တော်က ဘာဖြစ်လို့ သူမှန်တယ်လို့ မပြောရဲခဲ့တာလဲ။
အာရုံထဲမှာတော့ ငယ်စဉ်ကတည်းက ကြုံကြိုက် ဆုံစည်းခဲ့ရတဲ့ ကြိမ်လုံးတွေ၊
ကြိမ်လုံးတွေ၊ ကြိမ်လုံးတွေ………။ ခက်ထန်တဲ့ အမူအရာတွေ။ ။

အဲဒီလို ကျွန်တော်တို့ရဲ့သွေးထဲမှာ အကြောက်မျိုးစေ့တွေ ပွားများလာပြီး
အရွယ်ရလာတာနဲ့အမျှ ကြောက်သီးတွေ တတွဲတွဲ၊ ကြောက်ပွင့်တွေ တဝေဝေနဲ့။
လုပ်ငန်းခွင်ထဲမှာ ပြုပြင် ပြောင်းလဲဘို့ လိုအပ်တဲ့ ပြသနာတွေ၊ အခက်အခဲတွေ
ရှိရင်လည်း ကျွန်တော်ဘာမှ မပြောရဲဘူး။

အပြုဘက်က မြင်ပြီးပြောင်းလဲပစ်လိုက်ရင် အကျိုးရှိမယ်ဆိုတာ သေသေချာချာကြီး
သိမြင်နေပါလျှက်ကနဲ့ အထက် လူကြီးမကြိုက်မှာစိုးလို့ ကျွန်တော်ဘာမှ
အကြံမပြုရဲဘူး။ ကျွန်တော့ဆီက အကြံ၊ အတွေး၊ အမြင်၊ သဘောထားတွေကိုလည်း ဘယ်သူကမှ
မတောင်းကြဘူးလေ။

သင်ခဲ့ရတဲ့ ပညာတွေ စာအုပ်ထဲ ပြန်သွားလည်း သွားပေရော့ပေါ့။ ဟောဒီ ပရောဂျက်ဟာ
ဘယ်နေရာမှာ မှားနေတယ်လို့ ကျွန်တော် မြင်ပေမယ့် ဒါဟာ ပြောရမယ့် ကိစ္စလို့
ကျွန်တော် မထင်တော့ဘူး၊ တဖြည်းဖြည်းနဲ့ အဲဒါ ကျွန်တော်မှန်တယ်လို့ ထင်လာတယ်။

ကျွန်တော့အထက် အဆင့်ဆင့်၊ အောက်အဆင့်ဆင့်က လူတွေအာလုံးက ဒါကို မှန်တယ်
ထင်လာကြရင်ဖြင့်……ဌာန မနာဘူးလား တိုင်းပြည်မနာဘူးလား၊ ပညာရပ်အမြင်နဲ့
ကြည့်ရင် တစ်ကမ္ဘလုံးနဲ့ လူသားအားလုံး နာပါတယ်။ ဒါပေမယ့်……. ကျွန်တော်
အိမ်ပြန်ရောက်တော့ အကြီးကောင်ရဲ့ ငိုသံပြဲကြီးကို ကြားရပါတယ်။

သူ့အမေ လက်ထဲမှာ တုတ်တစ်ချောင်းနဲ့…….ဘယ်လိုဖြစ်နေကြတာလဲကွာ
ဘယ်လိုယ်ဖြစ်ရမလဲ၊ တော့်သားက အိမ်စာပြီးအောင် မလုပ်ဘဲ ကမြင်းတာလေ၊
ပန်းကန်တစ်လုံး ကွဲပြီ ဘာဖြစ်လဲကွ၊ ကလေးဆိုတာ ဒီအရွယ်မှာ တော် စာအုပ်ထဲက ဟာတွေ
လာပြောမနေနဲ့၊ ပန်းကန်တစ်လုံး ဘယ်လောက် အောက်မေ့လို့လဲ၊ ရှင့် ဝင်ငွေက
ဘယ်လောက်…. ရွယ်ထားတဲ့ တုတ်အောက်ကနေပြီး သားကြီးက အကြောက် မျက်လုံးများနဲ့
ကျွန်တော့်ကို အားကိုးတကြီး ကြည့်နေရှာပါတယ်။ ဒါပေမယ့် ဖေဖေ့မျက်လုံး တွေကလည်း
သားရဲ့ မျက်လုံးတွေလိုဘဲ ဖြစ်နေတာ ကြာပါပြီကောလား သားရယ်…….။

14 comments

  • eros

    March 31, 2011 at 12:39 pm

    ကလေးကို ရိုက်နှက် ပြောဆိုဆုံးမခြင်းဖြင့် အကျိုးထူးလာမည် မဟုတ်ပါ။ ကလေးငယ်တိုင်းသည် ၎င်းတို့၏ အမြင်အတိုင်း ထုတ်ဖော်ပြောဆိုခွင့်ရှိရပါမည်။ ကလေး၏ အဖြေမှာ မမှားပါ။ သူ့ အနေဖြင့်သော် လည်းကောင်း သို့မဟုတ် အဖြေသည် လည်းကောင်း လုံးဝမှန်မည် ဖြစ်ပါသည်။ အကယ်၍ လမ်းကြောင်းသွေဖီနေပါက မေးခွန်းများမေး ဆွေးနွှေးခြင်းဖြင့် လမ်းကြောင်း တည့်မတ်ရမည် ဖြစ်သည်။အထက်ပါပြဿနာများသည် မြန်မာနိုင်ငံတွင် လူထုတွင်းတွင် CRC (Child Rights) awareness ကလေးသူငယ်အခွင့်အရေး သဘောပေါက်နားလည်မှု နည်းပါးခြင်း၊ parental education နည်းပါးခြင်း၊ child center based approach, child center based teaching အသုံးချမှုနည်းပါး သောကြောင့်ဖြစ်သည်။ မင်းတုန်းမင်းကိစ္စ အသာထားပြီး ယခု ကိစ္စဝေဖန်ကျပါစို့။ ဘာအကျိုးအမြတ်ရသနည်း။ eros အနေဖြင့် မမြင်ပါ။ အရိုက်ခံရသော ကလေးအနေဖြင့် စိတ်ဒဏ်ရာ၊ အရှက်ကွဲမှု ရမည်။ ပွင့်ပွင့်လင်းလင်း ဖော်ပြ၊ ပြောဆိုရဲသည့် စိတ်မရှိတော့ပေ။ ဦးဆောင်နိုင်မှုစွမ်းရည် မရှိနိုင်တော့ပေ။ ကိုယ်စွမ်းကိုယ်စ တုံးသွားပေမည်။ ဟန်ဆောင်မှုများလာခြင်း၊ ပြန်မပြောနားမထောင် ဖြစ်လာခြင်း ဖြစ်လာနိုင်ပါသည်။ အခြားအတန်းတွင်းရှိ ကလေးငယ်များ သည်လည်း ပွင့်ပွင့်လင်းလင်း ဖော်ပြ၊ ပြောဆိုရဲသည့် စိတ်မရှိတော့ပေ။ ကိုယ်စွမ်းကိုယ်စ တုံးသွားပေမည်။ဖွံ့ ဖြိုးတိုးတက် မှုမရနိုင်ပေ။ ထိုကလေးများ ကြီးပြင်းလာသောအခါ သူနှင့်သူ့ ပတ်ဝန်းကျင် သည် မတိုးတက်နိုင်တော့ပေ။ လူကြီးသည် အတွေ့အကြုံ ပညာအားဖြင့် ကလေးထက် သာနိုင်သော်လည်း အမြဲလမ်းကြောင်း မမှန်နိုင်ပေ။ ကလေးအမြင်ကို လည်းနားထောင်ရန်လိုပါသည်။ မိမိ အတွေးအခေါ် ခံယူချက် ကို အတင်း ရိုက်သွင်းသောလုပ်ရပ် သည် မအောင်မြင်နိုင်ပေ။ မိုက်မဲသောလုပ်ရပ် ဖြစ်ပါသည်။ အခြားအမြင်များအားဖိတ်ခေါ်ပါသည်။ သူကြီး Child rights convention အကြောင်း ပေါ့ပေါ့ ပါးပါး စာစုလေးရေးချင်ပါတယ် ရမလား။ မှတ်ချက်။ ။ မြန်မာနိုင်ငံသည် ကလေးသူငယ် အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် (Child Rights Convention)ကို လက်မှတ်ရေးထိုးထားသော နိုင်ငံဖြစ်သည်။

    • kai

      March 31, 2011 at 10:59 pm

      ရေးစေချင်ပါတယ်ဗျာ..။
      မြန်မာပြည်မှာ အရိုးစွဲနေတဲ့..
      စစ်တပ်မှာ အထက်ကအောက်ကို ပါးချဆုံးမနိုင်တဲ့ ဖက်ဆစ်စိတ်ဓါတ်..။ ဘုန်းကြီးက ..ကြိမ်နဲ့ဆော်နိုင်တဲ့.. အထူးအခွင့်အရေး..
      အဲဒါတွေပါ.. ပါအောင်ချုံရေးစေချင်တာပါပဲ..။

  • nature

    March 31, 2011 at 4:26 pm

    ခလေးတွေရဲ့အမြင် ကိုလေ့လာပြီး ဒီခလေးဟာဘယ်လို သဘောထားမျိုးရှိတယ်၊ ဘယ်လိုဆုံးမသင့်တယ်ဆိုတာလေ့လာဘို့ သိဘို့ လိုမယ်ထင်ပါတယ်။ ဆရာတွေကလည်း ဒီလောက်ကြီး မရိုက်သင့်ဟုယူဆပါသည်။

  • ယောလေး

    April 1, 2011 at 3:43 am

    မြန်မာလူမျိုး 75% ရဲ့စိတ်ထဲမှာတော့ ရိုက်နှက်ဆုံးမမှ ရမယ်ဆိုတဲ့စိတ်က သံမှိုရိုက်ထားသလို စွဲကပ်နေပြီ ….

  • unclegyi1974

    April 1, 2011 at 4:28 am

    ကိုလင်း ရေးသွားတဲ့အကြောင်းအရာစိတ်ဝင်စားဖို့
    အတော်ကောင်းပါတယ်
    ဆရာကမေးကျောင်းသားကဖြေ
    တကယ်ဖြစ်ခဲ့တာဆိုအတော်စိတ်ဝင်စားဖို့
    ကောင်းပါတယ်
    ဖြေတဲ့ကျောင်းသားကလည်းအတွေးအ
    တော်ကောင်းပါတယ်
    ်ပုံမှန်အတွေးကဖောက်တွေးနိုင်တဲ့သူပါ
    အမှန်ကပိုတွေးနိုင်အောင်အားပေးတဲ့လမ်းစ
    တွေဖွင့်ပေးရမှာ
    ဆရာကိုယ်တိုင်ကလမ်းပိတ်ထားတာ
    သူကိုယ်တိုင်လည်းလမ်းပိတ်ခံထားရတဲ့သူ
    ဖြစ်ဖို့သေချာပါတယ်
    မြန်မာနိုင်ငံစာသင်ကြားရေးမှာဒီလိုတဖက်ပိတ်
    သင်ကြားရေးတွေနိဂုံးချုပ်သင့်နေပါပြီ
    စာပေသင်ကြားရေးမြင့်မားလာခြင်းဖြင့်
    တိုင်းပြည်ပိုမိုမြင့်မားလာပါစေ

  • char too lan

    April 1, 2011 at 8:30 am

    အဲ့ဒါမျိုးပေါ့ မှတ်သားဖူးပါတယ်
    – ကိုယ်မှန်တယ် ဆိုတိုင်း လက်သီးလက်မောင်းတန်းနေလို့မရဘူး မှားတဲ့သူတွေများနေရင်/မြင့်နေရင် မှန်တဲ့လူကခဏလောက်တော့ ငြိမ်ပေးရတယ်။
    – ပုထုဇဉ်လို့ ကိုယ့်ကိုယ်ကိုဝန်ခံနေသေးသမျှ အမှန်တရားအကြောင်းကို နဲနိုင်သမျှ နဲအောင်ပြောပါ တဲ့
    ကျနော်ပြောတာဟုတ်ဘူး MHM (c.c.c) ဆိုတဲ့ စာရေးဆရာပြောတာ 🙂

  • padonmar

    April 1, 2011 at 2:42 pm

    ဒီဆောင်းပါးကို ကြောက်စိတ်စာအုပ်ထဲမှာဖတ်ရကတည်းက ကြိုက်ပါတယ်၊
    ကိုယ်လည်းအဲဒီကျောင်းသားလိုတွေးမိတာပဲ။ကံကောင်းသွားတာက ကိုယ့်ဆရာတွေက အဲဒီလို ဆရာမျိုးမဟုတ်ခဲ့ဘူး။ဟုတ်ရင်လည်း ဆရာမေးတဲ့အခါ မှားပါတယ်ဖြေတဲ့တစ်တန်းလုံးထဲ ပါမှာပဲ၊
    free from fear ခုထိမရှိသေးပါဘူး၊
    ကြောက်စိတ် ၂၊၃၊၄ တွေလည်းရရင် ပြန်ဖတ်ချင်ပါတယ်၊

  • inz@ghi

    February 5, 2012 at 3:24 pm

    ခုမှတွေ့လို့ ခုမှ မန့်ပြီဗျို့ …

    သင်ရိုးညွှန်းတမ်းထဲ ထည့်ရမယ့် ပိုစ့်ခည…

    ကလေးတွေကိုသင်မယ့် သင်ရိုးညွှန်းတမ်း တော့မဟုတ်..
    ဆြာတွေကို သင်ရမယ့် သင်ရိုးညွှန်းတမ်းပါဗျ…

    ခင်တဲ့
    ဂီ..

  • TTNU

    February 5, 2012 at 3:50 pm

    ဆရာအတတ်သင်သိပ္ပံ။ ပညာရေးကောလိပ်၊ပညာရေးတက္ကသိုလ် သင်တန်းဆင်း
    ဆရာ/ဆရာမများအတွက် သင်တန်းပို့ချချက်ထဲမှာကိုက

    “ကျောင်းသူ/သား၏နှလုံးသားဖြူဖြူတွင် အာဃာတအစွန်းအထင်းထင်မကျန်စေရ”
    “ကြိမ်သုံးပြီး ဆရာ/မရဲ ့ဒေါသကို မဖြေပါနှင့်”
    “ကလေး စိတ်အနာရစေမည့် အသုံးအနှုံး၊ အပြုအမူမျိုးတို့ကို ရှောင်ကြဉ်ပါ”

    စသဖြင့်သော ပို့ချချက်တွေပါပါတယ်။
    ကျမတို့တိုင်းပြည်မှာ Teacher Training မတက်ရသေးဘဲ ဆရာ/မဖြစ်သွားကြသူတွေ
    မဆလခေတ်မှာအလွန်များရှိခဲ့ပါတယ်။ ၂၀၀၁-၂ လောက်အထိ သင်တန်းပြန်ပေးလို့ကို
    မဆုံးခဲ့ပါဘူး။

    ဆိုတော့ ကျမပြောပြချင်တာက (ဆြာတွေကို သင်ရမယ့် သင်ရိုးညွှန်းတမ်းပါဗျ…) ထဲမှာ
    ပါပြီးသားပါဆိုတာရယ်။ မ..တစ်ထောင်သားဆရာ/မတွေ တစ်ချို ့ ရက်စက်တာရယ်။
    ကိုယ်တိုင်က ကြိမ်ပြပြီး ( မရိုက်ဘူးနော်) တပ်လှန့်ခဲ့တာရယ်။
    :mrgreen:

    • inz@ghi

      February 5, 2012 at 4:04 pm

      လေးစားစွာ ဖတ်မှတ်သွားပါသည် တီချာကြီးရယ်….

      တီချာကြီးတို့လို အတွေးအမြင် ကျယ်ပြန့်တဲ့ ဆြာ ဆြာမတွေ များစေချင်လှပါတယ်ဗျာ…။
      ကျနော်တော့ အသားနာအောင် လုပ်တာ အကြောက်တရားနဲ့ ဆုံးမတာ ကို လုံးလုံး…
      မနှစ်သက်ပါဘူး တီချာကြီးရယ်….။

      (အထွန့်တက်တယ်ဆိုပီး ခေါင်းခေါက်ချင်မလား မသိ…)
      ဟီး ….

      စကားမစပ် တီချာကြီးရေ ….မောင်ဂီ .. နန်းကြီးသုတ် စားချင်တယ် …တအားပဲ….
      ၇၃လမ်းထဲမှာ မောင်ဂီ အမျိုးလို ခင်တဲ့ အိမ်ရှိရဲ့… သည်တခါ လာလည်ဖြစ်ရင်
      အဲ့မှာ တည်းမယ် မှတ်တယ်ဗျ…….ထူးထူးခြားခြား ပြောရရင် မန်းလေး မြို့က
      ဆိုက်ကား စီးလို့ တယ်ကောင်းတာကိုဗျာ….
      (၃လပိုင်းလာဖြစ်ရင် တီချာကြီးကို လာကန်တော့ ပါရစေခင်ဗျား …)

      လေးစားစွာ…
      ခင်တဲ့
      ဂီ

      • TTNU

        February 5, 2012 at 6:58 pm

        လာပါ၊အိမ်ဝင်ပါ၊ လိုက်ဝယ်ကျွေးမှာပေါ့။
        ဘာစားမလဲ၊ ဘာသောက်မလဲ။ 😆

  • kai

    February 5, 2012 at 4:33 pm

    မင်းတုန်းမင်းနဲ့…ငါးခြောက်ပြားမှာကတည်းကပေါ့…
    နှစ်ရာချီကြာတဲ့..သမိုင်းသက်သေလေ…။

    အဲဒီဟာက.. ဓလေ့ထုံးစံဖြစ်နေပြီး.. ဒါကို.. ရိုးရာအစဉ်အလာဆိုတဲ့.. စိတ်မှိုင်းနဲ့..ရောသမမွှေတဲ့အခါ…
    အခုမြန်မာပြည်ကို မြင်နေရတာလို့.. ထင်နေမိတယ်..

    ရွာကျောင်းဆရာတော်က.. ရွာသားတွေကြိမ်နဲ့ဆော်.. ထုထောင်းပြီး ကိုယ်ထိလက်ရောက်ဆုံးမနိုင်တဲ့.. တရားဥပဒေပေါ်က..အခွင့်အရေးပေးထားတာကို.. အရင်ဆုံးပြင်ယူရမယ်လို့.. မြင်မိတယ်…။
    ဟိုးးးးအောက်ခြေကနေ.. ဟိုးးးးးးးးဘုရင့်နေရာအထိ..ဟန်ချက်ပျက်နေခဲ့တာ…။

    “တရားဥပဒေပေါ်မှာ မည်သူမှမရှိစေရ…။”
    No man is above the law and no man is below it: nor do we ask any man’s permission when we ask him to obey it.
    Theodore Roosevelt

    အင်မတန်အရေးကြီးပါတယ်…။
    ဒါပေမဲ့.. မြန်မာပြည်မှာလေ….။ 😥

  • Swal Taw Ywet

    February 5, 2012 at 11:56 pm

    Teacher Training is the most important for the education system.
    To get good learning outcome for our country’s future, Need to invest in Teacher Training.
    With respect,
    Swal Taw Ywet.

  • Pearl May

    February 6, 2012 at 11:40 am

    ဒီပို့စ်ကို အလွန်ကြိုက်ပါတယ်။ အခုတူမလေးတက်နေတဲ့ကျောင်း ကလေးတွေကိုမရိုက်ရ နစ်နာအောင် မပြောရဆိုပြီး အမိန့်ထုတ်ထားတယ်တဲ့။

Leave a Reply