ဦးဝင်းမောင်နဲ့ မြစိမ်းတောင်ဆရာတော်တဲ့

လင်းဝေApril 6, 20111min21213

ချဲတို့ နှစ်လုံးထီတို့ မှာတော့ ဂဏန်းထွက်ပြီးမှ ဟို ချိုင်းမှာ ဒီလိုဆိုတယ်မဟုတ်လား၊ ဒီခွင်က ကွက်တိပဲ။ ဒီပါဝါ ဒီလိုချိန်းလိုက်ရင် တွေ့တယ်မဟုတ်လား။ ဒီဂဏန်းကို မွေးထားပါဆိုတာမတွေ့ဘူးလား။ ဘာညာ စသည်ဖြင့် လေအီးပေါက်လို့ လျှောက်ရွှီး ရမ်းတုပ်လုပ်တတ်တဲ့သူတွေကို “ပေါက်ဖော်” လို့ ခေါ်ကြ ရိကြပါတယ်။
သို့သော် အခုကြားရတာကတော့ ပေါက်ဖော်ညာရွှီးလားဘာလားမသိ။ လူတွေ ပေါက်ကရ လျှောက်ပြီး မငြင်းရဲအောင်လည်း မြစိမ်းတောင် ဆရာတော်ဆိုတာပါသေးတယ်။
မြန်မာများကလည်း ခက်ပါတယ်။ နည်းနည်းလေး မရွှီးနဲ့ အား… ဟုတ်လား ဒီလိုလား ဆိုပြီး ယုံကြည်လိုက်ချင်တာ ယားနေတာပဲ။

ဘာပြောနေမှန်းမသိတဲ့သူများ သိအောင် နည်းနည်းပြောပြပါမယ်။ မေးလ်ထဲကို ရောက်လာတာပါ။ ရေးသူက ဘယ်သူမှန်းသေချာမသိပါဘူး။ အောက်မှာတော့ ဦးဦးမှော်ဆရာတဲ့။
အဲဒီစာ မှာ ဦးဝင်းမောင်ဆိုတဲ့သူက မြစိမ်းတောင် ဆရာတော်ကို လျှောက်ထားချက်ဆိုပြီး

“ ဆရာတော်ဘုရားကြီးသို့ ၂၆-၂-၂၀၁၁ နံနက်၉း၁ဝအချိန်လျှောက်ထားချက် — လို့ အစချီပြီး
၂၀၁၁ ခု မတ်လလယ်လောက်ကစပြီး ငလျင်များတွေ လှုပ်မှာ ဖြစ်တဲ့အကြောင်း ဦးဝင်းမောင် မှ
သူ့ကို ကမ္ဘာစောင့်နတ်၊သာသနာစောင့်နတ်များက ဒီကိစ္စနဲ့ ပတ်သက်လို့ လာရောက်နှိုးဆော်တိုင်တွန်းမှုကြောင့်
ဆရာတော်အားလာရောက်လျှောက်ထားခြင်းဖြစ်ပါကြောင်း ”

ဆိုသွားပါတယ်။ ဖေဖဝါရီ လကုန်လောက်က လျှောက်တင်တာ အခုမှပဲ အားလုံးလှုပ်ပြီးမှပဲ သိရတော့တယ်။ ကဲပါ အကြောင်းကြောင်းတွေကြောင့် အချိန်မီ မတင်ပြနိုင်လို့ပါလို့ပဲ ဆိုကြလေဦးမလားမသိ။ အခုကတော့ အားလုံးထိပြီးမှပဲ ပေါက်ဖော် လာလုပ်နေတော့တယ်။ ဘာမှလည်း လူတွေအတွက် အသုံးမဝင်တော့ ပဲနဲ့ နောက်ဆက်တွဲ ကြောက်ရွံ့ထိတ်လန့်အောင် ဆက်ခြောက်သလိုတွေ လုပ်သွားသေးတယ်။

တစ်ခါ ဦးအောင်မြင့်ဆိုသူ တစ်ယောက်ပေါ်လာပြီးတော့ ဘိုးမင်းခေါင်ကပြောတယ် ဆိုကာ

“မြစိမ်းရောက်ဆရာတော်ဘုရားသို့ လျှောက်ထားရန်ခိုင်းပါကြောင်း၊မြစိမ်းတောင်ရှိ အဆောက်အဦးများခိုင်ခန့်စွာ
တည်ဆောက်ထားရန်ဆန်ဆီဆားဆေး များစုဆောင်းထားရန် လျှောက်ထားခိုင်းကြောင်း။
ယခုသူမလာခင်တပည့်တော်မှ ကြိုတင်လျှောက်ထားခြင်းဖြစ်ပါကြောင်း၊ ၂၀၁၃ ခု
ဖေဖေါ်ဝါရီ ၁၄၊၁၅၊၁၆ ရက်များမှာ ကမ္ဘာကြီးသည်လည်ပတ်မှုရပ်ဆိုင်းပြီး
အမှောင်ကျမည်ဖြစ်ပါကြောင်းစသည်ဖြင့်လျှောက်ထားပါသည်။ ဆရာတော်ဘုရားကြီးမှ
ဒကာကြီး လျှောက်ထားချက်များဖြစ်နိုင်ပါကြောင်းပြန်လည်မိန့်ကြားပါသည်။ ” တဲ့။

ကဲ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကိုပါ အဆင်အခြင်မဲ့ဖြစ်အောင်ရေးသားသွားတာပဲ။ ကိုယ်ကပြောချင်ရာ ရွှီးချင်ရာ ရွှီးတာ အပျော်လျှောက်လုပ်တာဖန်တီးတာကိစ္စမရှိပါဘူး။
သို့သော်လည်း ဘုန်းကြီးတွေကို ပါ နုံနဲ့သူ ပုံစံပေါ်အောင် လုပ်တာတော့ မကောင်းပါဘူး။ ကမာ္ဘကြီးလည်တာဘာဖြစ်လို့ရပ်မှာတုန်း။ ရပ်သွားရင် ကော တစ်ခြမ်းပဲမှောင်မှာပေါ့။
ဘယ်ဘက်အခြမ်းတုန်း မပါဘူး။ နောက် ၃ရက်တည်း ဘာဖြစ်လို့ ရပ်သွားရတာတုန်း။ ( ဆီပြတ်သွားလို့လား…ဟားးဟားး )

နောက်ဆက်ပြီး နောက်ထပ် အနှစ်နှစ်ဆယ် ကြာရင် တဲ့ ကမာ္ဘပေါ်မှာ ဗုဒ္ဓဘာသာတစ်မျိုးကိုပဲကိုးကွယ်လို့ တကမာ္ဘလုံးကိုလည်း အုပ်စိုးသူတစ်ဦးတည်းကပဲ အုပ်ချုပ်ဦးမှာပါတဲ့။ ကဲ ဒါကတော့ ခေတ်သစ်အမြင်နဲ့ ကမာ္ဘ့အကြောင်းတွေးခေါ်နားလည်နိုင်သူတွေဆိုရင်တော့ ဘယ်လိုမှ ဖြစ်နိုင်ချေမရှိတာကို ရှင်းရှင်းမြင်နိုင်မှာပါ။ အခုလို အချိန်မျိုးမှာ ကမာ္ဘ့ယဉ်ကျေးမှုတွေ၊ ဘာသာရေး အစွဲအလန်းတွေက ခိုင်မာစွာ ရှိနေကြပြီးဖြစ်သလို သူ့ဘာသာ သူ ပြည့်စုံသော အကြောင်းပြချက်တွေနဲ့ ရပ်တည်နေလာကြတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်လို့ အခုလို အချိန်တိုတိုအတွင်းမှာ ကွယ်ပျောက်သွားဖို့ဆိုတာတော့ မဖြစ်နိုင်ပါဘူး။ နောင် အနှစ် နှစ်ရာ(၂၀၀) ဆိုရင်တော့ မပြောတတ်ဘူးပေါ့လေ။
တိုင်းပြည်တွေ ပေါင်းစည်းတာတော့ ဟုတ်ပါတယ်။ တကမာ္ဘလုံးကို တစ်ယောက်တည်းတော့ စီမံအုပ်ချုပ်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး၊ အနှစ်နှစ်ဆယ်အတွင်းမှာတော့ သိပ်သေချာတာပေါ့။

အဲဒီ ဦးဝင်းမောင် ဆိုတာလည်း ဘယ်သူမှန်း ဘယ်ကမှန်းသေချာမရေးပဲ နာဂစ်မဖြစ်ခင်ကတောင် ပါသေးဆိုပဲ။ အချင်းချင်း နောက်ကြ ပြောင်ကြဆိုရင် လည်း အောက်ဆုံးမှာ နောက်တာနော် လို့ ပိတ်ပေးဖို့ကောင်းပါတယ်။ ဒီစာတွေ လက်ခံရသူ ဖတ်ရသူ အများစုက လူငယ်တွေဖြစ်လေတော့ သေချာ မစဉ်းမစားနဲ့ လျှောက်ယုံပြီး ပေါက်ကရတွေဖြစ်မှာ စိုးတယ်။ အခြေအမြစ်မရှိ စာတွေဖတ်ပြီး ဆင်ခြင်တွေးခေါ်မှု အားနည်းမှာ စိုးတယ်။ ဒါကြောင့် ရှင်းပြ ရေးပြလိုက်ပါတယ်။
လက်ဆော့တတ် ရွှီးတတ်ကြသူတွေ များတဲ့ လောကကြီး မှာ တွေ့ကရာလျှောက်မယုံကြပါနဲ့ အမျိုးကောင်းသား အမျိုးကောင်းသမီး တို့။ ဆင်ခြင်တွေးခေါ်မှုကို လေ့ကျင့်ပြီး ရင့်သန်နိုင်ကြပါစေ။

13 comments

  • PaukPhaw

    April 6, 2011 at 1:49 pm

    ကျနော်ရမ်းမတုတ်ပါဘူးဗျာ
    ဂယ်ကြောတာ ပါ

  • unclegyi1974

    April 6, 2011 at 2:52 pm

    ကမ္ဘာကြီးကိုတယောက်တည်းအုပ်စိုးမယ်ဆို
    ကိုယ်တို့တိုင်းပြည်ကဖြစ်ဖို့များမယ်နဲ့တုူတယ်နော်

  • weiwei

    April 6, 2011 at 3:01 pm

    ကျွန်မတို့ ဗမာတွေက ဗဟုသုတနဲကြတယ် .. စာဖတ်အားလဲ နဲတယ် … စဉ်းစားဆင်ခြင်နိုင်အားလဲ နဲတယ် …
    ချင့်ချင့်ချိန်ချိန် စဉ်းစဉ်းစားစား ယုံကြည်ကြရင် ကောင်းမယ်နော် ….

  • ဆူး

    April 6, 2011 at 3:34 pm

    စာများများ ဖတ်သင့်တယ်။ စဉ်းစားချင့်ချိန် တတ်တဲ့ စာတွေ များများ ဖတ်သင့်တယ်။ အချစ်ပြီးရင် အချစ် ရေးတဲ့ စာမျိုး မဟုတ်ဘဲ.. တခြား ဗဟုသုတ ပါတဲ့ စာတွေ ဖတ်မယ်ဆိုရင် တော်တော် တိုးတက်လာလိမ့်မယ်။

  • ငှက်ကြီး

    April 6, 2011 at 3:56 pm

    တော်သေးတာပေါ့ …ကမ္ဘာကြီးဘယ်နေ့ပျက်လိမ့်မယ်လို ့မရေးထားလို့။
    ဟာသပဲ။

  • nature

    April 6, 2011 at 4:22 pm

    ဒါဟာဗေဒင်နက္ခတ်တွေနဲ့တွက်ပြီးပြောတာလဲဖြစ်နိုင်ပါတယ်။ ကမာ္ဘကြီးလည်တာရပ်မယ်တို့ တစ်ဦးတည်းအုပ်ချုပ်မယ်တို့ဆိုတာ ယုံကြည်စရာအကြောင်းမရှိပါ၊ မြန်မာပြည်မှာ ဘုန်းကြီးတွေပြောရင် တဝက်လောက်က လွယ်လွယ်ယုံတတ်ကြလို့ ခေါင်းစဉ်တတ်ကြတာဖြစ်မှာပါ။

  • MaMa

    April 7, 2011 at 1:20 am

    (နောက်ထပ် အနှစ်နှစ်ဆယ် ကြာရင် တဲ့ ကမာ္ဘပေါ်မှာ ဗုဒ္ဓဘာသာတစ်မျိုးကိုပဲကိုးကွယ်လို့ တကမာ္ဘလုံးကိုလည်း အုပ်စိုးသူတစ်ဦးတည်းကပဲ အုပ်ချုပ်ဦးမှာပါတဲ့။)
    ၁။ ကမာ္ဘကြီးကို တစ်ယောက်တည်း အုပ်ချုပ်မယ်ဆိုတာ စကြာဝတေးမင်းပေါ်မယ်လို့ ဆိုလိုတာပေါ့။
    ၂။ ဗုဒ္ဓဘာသာ တစ်မျိုးတည်းကိုပဲ ကိုးကွယ်မယ်ဆိုတာ စကြာဝတေးမင်း ပေါ်တဲ့ခေတ်မှာ လူတွေအားလုံးဟာ တရားနဲ့အညီ နေထိုင်ကျင့်ကြံတယ်ကို ဆိုလိုတာ ဖြစ်မှာပါ။ တက်ကပ် ဆုတ်ကပ်တွေကြောင့် ဖြစ်မှာပေ့ါ။ ဒါပေမယ့် ဒီလောက် နှစ်အပိုင်းအခြားနဲ့ ဖြစ်ပါ့မလားတော့ မသိဘူး။

  • etone

    April 7, 2011 at 2:19 am

    မနေ့ကတည်းက အဲ့ဒီစာ အ ီးမေလ်းထဲမှာ ဝင်ကတည်းက ဖွချင်နေတာ ကြာပြီ ကော်နက်ရှင် မကောင်းတာနဲ့ ဝင်လို့ မရလို့ ဦးလေး လက်ဦးသွားတယ် မှတ် 😀
    ရယ်စရာ တော်တော်ကောင်းတယ် … သူတကယ်သာ သေချာရင် ဘာလို့ ထိထိရောက်ရောက် သတိ မပေးခဲ့တာလည်း … သူခိုးပြေးမှ ထိုးကွင်းထနေတယ် … ။ သူက ဘယ်လို လူမျိုးမို့ ဒီလို ပြောမဲ့လူတွေ ရှိတာလည်း … လုံးဝကို မယုံပါဘူး ။ ဘယ်သူ လက်သရမ်းလိုက်လည်း မသိဘူး ။

  • bigcat

    April 7, 2011 at 2:42 am

    အများကြီးဖြစ်နိုင်တယ်ဗျို့။ အဲဒီစာကို လူတချို့က စာရွက်မဟုတ်ဘဲနဲ့ စာရေးလို့ရတဲ့ အရောင်တလင်းလင်း ဖြစ်နေတဲ့နေရာမှာ ဝေဖန်ကဲ့ရဲ့ကြလိမ့်မယ်လို့ ကျုပ်လည်းအိမ်မက်ထဲမှာ တလောတုန်းက မြင်မိတာ ပြောမလို့ဘဲ၊ မယုံကြမှာစိုးလို့….

  • sniper2011

    April 7, 2011 at 4:53 am

    ပြောချင်နေတာကြာပြီ။
    ဟုတ်တယ်ဒါမျိုးတွေကမြန်မာပြည်မှာအရင်ကတည်းကရှိနေတာ။ဝိုင်းရေးကြပါ။

  • zawinaing

    April 7, 2011 at 5:41 am

    လာပြန်ပြီ နောက်တမျိုး………ထွင်လုံးတွေ……. ..
    ဒီပေါက်ဖော်နဲ့ ဟိုပေါက်ဖော် ဘာကွာလဲဟင်
    ဟိုပေါက်ဖော်ကြီး ဖွတာတော့ဟုတ်လောက်ဘာဘူးနော်…….
    😀

  • winkyawaung

    April 7, 2011 at 5:59 am

    အင်း.. တိုက်ကြီးက မြစိမ်းတောင်ဆရာတော်ဘုရားကတော့ ဝိပဿနာတရားတွေကို အလေးထား ဟောကြားပေးနေတာပါ။ အဲဒီဆရာတော်ကို ဆွဲထည့်ထားတယ်နော်..။

  • moethidasoe

    April 7, 2011 at 10:02 am

    နည်းနည်း ကြောင်တတ်တဲ့ လူတွေ ရှိလေရဲ့ .. သူတို့ခမျာမှာ ကိုယ်သာလျှင် အသိဆုံးလို့ အထင်ရောက်နေသူတွေပါ .. ဒီလိုလူမျိုးတွေရဲ့ လက်ချက်လဲ ဖြစ်နိုင်တယ် ..
    နောက်တစ်ခုကတော့ .. တမင်သက်သက် ရွှေပေလွှာလိုလို ရေးတတ်တဲ့လူတွေပါ .. အီးမေးလ် လေးလာအောင် လုပ်တတ်တဲ့ လူတွေလို့ မှတ်ယူလိုက်ရင် သူ့ အကုသိုလ်က ကိုယ့် အကုသိုလ် မဖြစ်လာတော့ဘူးပေါ့ ..

Leave a Reply