‘လူတစ်ယောက်က အချိန်မတန်ခင်မှာ သေဆုံးမယ်ဆိုရင် လူမှုဘဝအတွက်ဆုံးရှုံးမှု၊ မိသားစုအတွက်ဆုံးရှုံးမှု၊ တိုင်းပြည်အတွက်ဆုံးရှုံးနစ်နာမှုက စဉ်းစားကြည့်ရင်သိနိုင်ပါတယ်’ ဒေါက်တာတင့်ဆွေလတ် (ဆေးတက္ကသိုလ်(၂)ပါမောက္ခချုပ်)နှင့် တွေ့ဆုံမေးမြန်းခြင်း

ဦးကောက်April 18, 20111min1142

မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ကူးစက်ရောဂါမဟုတ်တဲ့ရောဂါတွေ ဖြစ်ပွားနှုန်း သိသိသာသာမြင့်တက်လာတယ်လို့ ကျန်းမာရေးပညာရှင်တွေက သတိပေးလာကြပါတယ်။ မြို့ပြနေထိုင်မှုပုံစံတွေ၊ စားသောက်မှုပုံစံပြောင်းတာစတဲ့ ကျန်းမာရေးနဲ့ မလျော်ညီတဲ့ နေထိုင်မှုပုံစံတွေကြောင့် ကူးစက်ရောဂါတွေထက် ဆီးချို၊ သွေးချို၊ နှလုံး၊ သွေးတိုး၊ နာတာရှည်၊ အဆုတ်ရောဂါစတဲ့ ကူးစက်ရောဂါမဟုတ်တဲ့ ရောဂါဖြစ်နှုန်းတွေ မြင့်လာတယ်။ တစ်ကမ္ဘာလုံး လူသေဆုံးမှုရဲ့ ၆ဝ ရာခိုင်နှုန်းဝန်းကျင်က ကူးစက်ရောဂါမဟုတ်တဲ့ ရောဂါတွေကြောင့် သေဆုံးရတာလို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ လက်ရှိ ကူးစက်ရောဂါမဟုတ်တဲ့ ရောဂါဖြစ်ပွားမှုအခြေအနေတွေကို ဆေးတက္ကသိုလ်(၂)ပါမောက္ခချုပ် ဒေါက်တာတင့်ဆွေလတ်အား တွေ့ဆုံမေးမြန်းခဲ့ရာ . . .  . .

Dr Tint Swe Lat

မေး    – လူတွေရဲ့ နေထိုင်မှုပုံစံပေါ် မူတည်ပြီး ဖြစ်ပွားနိုင်တဲ့ ရောဂါတွေကို သိပါရစေ။
ဖြေ    – ဒီရောဂါတွေကို ကူးစက်ရောဂါ မဟုတ်သော ရောဂါများ (non-communicable disease) လို့ ခေါ်ပါတယ်။ အဲဒီရောဂါအုပ်စုထဲမှာ အဓိကကျတဲ့ရောဂါတွေက နှလုံးသွေးကြောရောဂါများ၊ ကင်ဆာရောဂါများ၊ ဆီးချိုသွေးချိုရောဂါများ၊ နာတာရှည်အဆုတ်ရောဂါများ အဲဒီ ရောဂါလေးမျိုးကို အဓိကကျတဲ့ ကူးစက်မဟုတ်တဲ့ ရောဂါများလို့ခေါ်တယ်။ ကူးစက်ရောဂါများလို့ ခေါ်တဲ့အကြောင်းရင်းက အိပ်ချ်အိုင်ဗွီလို ဘက်တီးရီးယားတွေ၊ ရောဂါပိုးတွေ၊ ဗိုင်းရပ်စ်တွေက တစ်ဆင့်ကူးတာ မဟုတ်ဘဲ တစ်ယောက်ကတစ်ယောက် ကူးတာမဟုတ်ဘဲ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ unhealthy lifestyle တွေကျင့်သုံးကြတယ်။ အဲဒီကနေတစ်ဆင့် လူတွေက ဒီလိုရောဂါတွေ ဖြစ်လာကြတယ်။ ကူးစက်ရောဂါမဟုတ်ဘူးဆိုပြီး ပေါ့လို့တော့မရဘူး။ တစ်ကမ္ဘာလုံးမှာလည်း ပြဿနာ (global problem) ဖြစ်နေသလို အရှေ့တောင်အာရှမှာလည်း ဖြစ်နေတယ်။ မြန်မာနိုင်ငံမှာလည်း National Problem ဖြစ်နေတယ်။ လူတွေက သေချာမသိလို့သာ။ ဒီလေးခုကတော့ ကူးစက်ရောဂါမဟုတ်တဲ့ ရောဂါအုပ်စုထဲက အဓိကအကျဆုံး ရောဂါလေးမျိုးပေါ့လေ။ အတိုကောက်က N ရယ် C ရယ် D ရယ်၊ နောက်ထပ် ကူးစက်ရောဂါမဟုတ်တဲ့ ရောဂါတချို့ရှိသေးတယ်။ ဥပမာဆိုပါတော့ မျက်စိမမြင်ခြင်း၊ နားလေးခြင်းတို့ ဒါတွေကိုလည်း ကူးစက်မဟုတ်တဲ့ရောဂါလို့ ခေါ်ပါတယ်။

မေး    – ဘာကြောင့် ဒီလိုရောဂါမျိုးတွေ ဖြစ်ပွားရတာလဲ။
ဖြေ    – ဒီလိုရောဂါဖြစ်တဲ့ အကြောင်းရင်း လေးခုရှိတယ်။ use of alcohol အရက်ကို အန္တရာယ်ဖြစ်လောက်အောင် သောက်သုံးခြင်း၊ ဆေးရွက်ကြီးသုံးစွဲခြင်း tobacco uses၊ unhealthy lifestyle ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှု နည်းပါးခြင်း အဲဒီလေးချက်ကြောင့်ဖြစ်တာ။ အဲဒါတွေက ဆင်းရဲခြင်းနဲ့ ပတ်သက်နေတယ်။ ဆင်းရဲခြင်းနဲ့ ဘယ်လိုပတ်သက်နေလဲဆိုတော့ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ချင်းအတွက် လူတစ်ဦးချင်းစီက ပိုက်ဆံသုံးတယ်။ ဘာမှမဟုတ်ဘူးလို့ တစ်ခါမှာမသိသာသော်ငြားလည်း တစ်လဆိုတဲ့ကာလမှာ ဆေးလိပ်သောက်တဲ့သူရဲ့ ဆေးလိပ်အတွက် ကုန်ကျစရိတ်၊ အရက်၊ ဘီယာ သောက်တဲ့သူအတွက် အရက်၊ ဘီယာအတွက် ကုန်ကျစရိတ်ကို ကြည့်မယ်ဆိုရင် သူတို့ဝင်ငွေထဲက အတိုင်းအတာတစ်ခုကို သုံးလိုက်ရတာပဲလေ။ အဲဒီငွေကိုသာ ကျန်းမာရေး၊ လူမှုရေးအတွက် သုံးမယ်ဆိုရင် အကျိုးရှိနိုင်တယ်။ အဲဒီပမာဏက မသေးဘူးပေါ့နော်။ ကျန်းမာရေးနဲ့  မညီညွတ်တဲ့ အပြုအမူတွေကြောင့် ပိုက်ဆံကုန်တယ်။ အဲဒီလိုအချက် လေးချက်ကြောင့် ရောဂါတွေဖြစ်လာပြီဆိုရင် ရောဂါကိုကုသဖို့ ပိုက်ဆံကုန်ကျတယ်။ ပြည်ပမှာကတော့ အာမခံကုမ္ပဏီတွေက စိုက်ထုတ်ပေးတာမျိုးရှိပေမယ့် ကျွန်တော်တို့ဆီမှာတော့ ကိုယ့်အိတ်ထဲကစိုက်ထုတ် ကုန်ကျရတာများတယ်။ ဒီရောဂါလေးမျိုးလုံးကလည်း ငွေကုန်ကြေးကျအများဆုံး ရောဂါတွေ ဖြစ်နေတယ်။ ဖြစ်ပြီဆိုရင်လည်း တစ်သက်လုံးကုသရတဲ့ နာတာရှည်ရောဂါတွေ ဖြစ်နေတယ်။ ရောဂါဖြစ်လို့ ဆေးရုံတက်ရသည်ဖြစ်စေ၊ အိမ်မှာနေရင်း ဆေးကုသရသည်ဖြစ်စေ အလုပ်ကနေ မကြာခဏ ပျက်ကွက်ရမယ်။ သူတို့တစ်ယောက်ထဲတင် ပျက်ကွက်တာ မဟုတ်ဘူး။ အဖေက ဆီးချိုဖြစ်လို့ ခြေထောက်မှာ အနာဖြစ်တယ်။ ဆေးရုံတက်ရတဲ့အခါ ထမင်းပို့ဖို့၊ စောင့်ဖို့အတွက် အမေတစ်ယောက် သားတစ်ယောက် သမီးတစ်ယောက်က လိုနေပြီ။ လုပ်ငန်းခွင်တွေ ကျောင်းတွေကနေ ပျက်ကွက်မှုတွေ များလာတယ်။ လုပ်ငန်းခွင်မှာ ပျက်ကွက်မှုတွေများလေ ဝင်ငွေနည်းလေပေါ့။ သူ အလုပ်လုပ်တဲ့နေရာမှာလည်း ဒီလိုပျက်ကွက်မှုတွေ ရှိလာတဲ့အတွက် သူတို့ရဲ့ productivity တွေ ကျလာတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေ US တို့ UK တို့မှာ ဆီးချိုရောဂါကိုကြည့်လိုက်ရင် အသက် ၆၅ နှစ်ကျော်မှ ဖြစ်တာများတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဖြစ်ရင်အသက် ၄၅ နှစ်ကနေ ၆ဝ ကြားထဲမှာ ဖြစ်တာများတယ်။ တကယ်အလုပ်လုပ်ရမယ့် အရွယ်မှာဖြစ်တာ။ ဒီရောဂါဖြစ်လို့ သေပြန်တော့လည်း ၆၅ နှစ် မတိုင်ခင်မှာ သေကုန်ကြရော။ အချိန်မတန်ခင်မှာ သေဆုံးခြင်းပေါ့။ လူတစ်ယောက်က အချိန်မတန်ခင်မှာ သေဆုံးမယ်ဆိုရင် လူမှုဘဝအတွက် ဆုံးရှုံးမှု၊ မိသားစုအတွက် ဆုံးရှုံးမှု၊ တိုင်းပြည်အတွက် ဆုံးရှုံးနစ်နာမှုက စဉ်းစားကြည့်ရင် သိနိုင်ပါတယ်။ အဲဒီလိုဝင်ငွေတွေကျ ဆင်းတာ၊ ကုန်ထုတ်စွမ်းအားတွေ ကျဆင်းတာတွေဖြစ်တဲ့အခါ ဆင်းရဲမှု (poverty) ကိုပိုပြီး ဖြစ်ပေါ်စေပါတယ်။ ငွေကုန်ကျမှုလည်း များတယ်၊ ဆင်းရဲမှုကိုလည်း တိုးပွားစေတယ်ဆိုတော့ National development ကို အဟန့်အတားဖြစ်စေတယ်။

မေး    – ဒီရောဂါတွေ ဖြစ်ပွားနှုန်း များလာတာတွေအပေါ် သတိပြုမှုအပိုင်းကိုလည်း သိပါရစေ။
ဖြေ    – အခု တစ်ကမ္ဘာလုံးက ဝိုင်းပြီး အာရုံစိုက်လာတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်ကစပြီး သတိပြုမိလာကြပြီ။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လိုက်ပြီးဆော်ဩလာတယ်။ ဒီရောဂါတွေကို ဒီအတိုင်းလွှတ်ထားလို့ မရဘူး ဝိုင်းပြီးကာကွယ်ကြမှဖြစ်မယ်လို့ လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်ကတည်းက ပြောလာခဲ့ပေမယ့် လှုပ်ရှားမှုတွေက မနှစ်ကနဲ့ ဒီနှစ်မှာ ပိုပြီးများလာခဲ့တယ်။ စက်တင်ဘာလမှာ ကုလသမဂ္ဂမှာ အဆင့်မြင့်ဆွေးနွေးပွဲရှိတယ်။ နိုင်ငံတွေက ဒီရောဂါ တစ်ခုတည်းကိုပဲ ဆွေးနွေးမယ်။ အဲဒီလို ဆွေးနွေးဖို့အတွက် နိုင်ငံတိုင်းက ကိုယ့်ရဲ့အခက်အခဲပြဿနာကို တင်ပြဖို့လိုတယ်။ ကုလသမဂ္ဂမှာ ဒေသကြီးခြောက်ခု ခွဲထားတော South East Asia Region အနေနဲ့လည်း ဆွေးနွေးမယ်။ ဒီ Region အနေနဲ့လည်း မြန်မာနိုင်ငံကလည်း တင်ပြရမယ်။ တင်ပြဖို့ အစည်းအဝေးနှစ်ခုလုပ်ခဲ့တယ်။ မတ်လဆန်းမှာ ဂျကာတာမှာ အစည်းအဝေးကြီးတစ်ခုလုပ်ခဲ့တယ်။ အစည်းအဝေးလုပ်ပြီးတော့ ဂျကာတာကနေ ဒီရောဂါနဲ့ပတ်သက်တဲ့ ကြေညာစာတမ်း ထုတ်ထားတယ်။ မတ်လလယ်မှာ နယူးဒေလီမှာ နိုင်ငံတွေကဝန်ကြီးတွေ၊ NGO တွေ၊ ဒီရောဂါနဲ့ဆိုင်တဲ့သူတွေ အစည်းအဝေးလုပ်ပြီး နယူးဒေလီကြေညာစာတမ်း ထုတ်ထားတယ်။ ဧပြီလ ၂၈ ရက် ၂၉ ရက်မှာလည်း မော်စကိုမှာ ပထမအကြိမ် တစ်ကမ္ဘာလုံးဆိုင်ရာ ဝန်ကြီးများအဆင့် ဆွေးနွေးပွဲလုပ်မယ်။ အဲဒီမှာလည်း မြန်မာနိုင်ငံက တက်ရောက်ဆွေးနွေးမယ်။ အဲဒါလည်း မော်စကိုကြေညာစာတမ်း ထွက်မယ်။

မေး    – ဒီရောဂါတွေကို ကြိုတင် ကာကွယ်လို့ရော ရနိုင်ပါသလား။
ဖြေ    – ဒီရောဂါကာကွယ်ရေးအတွက် ဘာလိုသလဲဆိုရင် ရောဂါဖြစ်နေတဲ့သူတွေ၊ သူတို့ မိသားစုတွေတင်မကဘဲ ဒီနိုင်ငံမှာ နေထိုင်တဲ့သူတွေ အားလုံးနဲ့ သက်ဆိုင်တယ်။ လူတိုင်းရဲ့ကိစ္စဖြစ်တယ်။ ကျန်းမာရေးမဟုတ်တဲ့ တခြားကဏ္ဍတွေ အားလုံးနဲ့ဆိုင်တယ်။ ဘာကြောင့်လဲဆိုရင် ကျန်းမာရေးဝန်ထမ်း သက်သက်နဲ့တော့ ဒီရောဂါကာကွယ်ရေးကို ထိထိရောက်ရောက်လုပ်နိုင်မှာ မဟုတ်ဘူး။ ရောဂါဖြစ်စေတဲ့ အချက်လေးချက် ဘာကြောင့်ဖြစ်လဲဆိုရင် Globalization တစ်ကမ္ဘာလုံးအနှံ့ လွှမ်းခြုံလာမှု၊ တစ်နိုင်ငံကအစားအသောက်က တစ်နိုင်ငံကို ချက်ချင်းရောက်လာတယ်။ ဆက်သွယ်ရေးတွေ ကောင်းလာတော့ VZO တွေ chatting တွေ ချက်ချင်းရောက်လာတယ်။ globalization၊ Urbanization  မြို့ပြတွေတိုးချဲ့လာပြီး ဆောက်လာတာ။ အဲဒါကတော့ ဖွံ့ဖြိုးတိုးတက်ခြင်းရဲ့ ပြယုဂ်ပေါ့။ မြို့ပြတွေမှာ အဆောက်အအုံတွေအများကြီး ဆောက်တယ်။ ဓာတ်လှေကားတွေ တပ်တယ်။ တစ်နေရာက တစ်နေရာကို သွားတော့လည်း ဘယ်သူမှ လမ်းလျှောက်မသွားဘူး။ ကားစီးပြီး သွားကြတယ်။ ကိုယ်လက်လှုပ်ရှားမှု နည်းလာတယ်။ မြို့ပြမှာနေတဲ့အတွက် စားသုတ်သုတ်သွားသုတ်သုတ် ဖြစ်လာတော့ ဘယ်သူမှအစားအသောက်ကို သေချာချက်မစားတော့ဘူး။ လွယ်လွယ်ရတဲ့ အစားအသောက်တွေ စားလာတယ်။ ဥပမာ- ဟမ်ဘာဂါလို အရာတွေစားတယ်။ အဲဒီမှာ ငန်တာ၊ ချိုတာ၊ အဆီများတာတွေ ပါတယ်။ ဒါကြောင့် မြို့ပြကလူတွေက ငန်တာ၊ ချိုတာ၊ အဆီများတာ ပိုစားလာကြတယ်။ unhealthy lifestyle ပေါ့။ အသီးအရွက် စားသုံးမှုတွေနည်းလာတယ်။ industrialization သက်သောင့်သက်သာပဲ သွားကြတယ်။ coca cola civilization အချိုရည်သောက်တဲ့ အလေ့အထ များလာတယ်။ မြန်မာ့ယဉ်ကျေးမှုမှာ မရှိတာတွေ ပိုစားလာကြတယ်။ မြို့မှာ ဟော့ဒေါ့တို့၊ ဟမ်ဘာဂါတို့ လူတိုင်းစားသလို တောမှာလည်း  fast food တွေ ပိုစားလာကြတယ်။ ဒါကြောင့်ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေစားဖို့၊ ကိုယ်လက်လှုပ်ရှားမှုတွေ ပိုလုပ်ဖို့ ပတ်ဝန်းကျင်တစ်ခုဖန်တီးပေးဖို့လိုတယ်။

မေး    – ဒီရောဂါတွေဖြစ်ပွားမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အနေအထားက ဘယ်လိုရှိပါသလဲ။
ဖြေ    – ဒီရောဂါအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေတဲ့ နိုင်ငံ ၂၃ နိုင်ငံမှာ မြန်မာနိုင်ငံပါတယ်။ လာအို၊ ကမ္ဘောဒီးယားတို့က ရှေ့ရောက်ပြီးကျွန်တော်တို့က နောက်ရောက်သွားတယ်။ အဲဒီတော့ အရေးတကြီးလိုအပ်တဲ့နိုင်ငံမှာ ကျွန်တော်တို့ပါတယ်။ အစားအသောက်ဆိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ကြီးကြပ်ပေးဖို့လိုသလို ဆေးလိပ်မသောက်ဖို့ဆိုလည်း Law တစ်ခုထုတ်ပြီး တိတိကျကျထုတ်ပြန်ရမယ်။ ပြီးရင် ကြီးကြပ်ရေးယူရမယ်။ ကျန်းမာရေးကဏ္ဍအတွက် လူတိုင်းသည် ပါဝင်ဖို့ အရေးကြီးတယ်။ လူတစ်ဦးချင်း ကာကွယ်ဖို့ လိုအပ်သလို ကျန်းမာရေးဝန်ထမ်းတွေလည်း ပါဝင်ဖို့လိုအပ်တယ်။ ကဏ္ဍပေါင်းစုံကလည်း ကျန်းမာရေးအတွက် ပါဝင်ပေးဖို့လို အပ်ပါတယ်။

မေး – ဖြည့်စွက်ပြောကြားချင်တာများရှိရင် ပြောပေးပါ။
ဖြေ – ဒါတွေ ကာကွယ်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ သူများနိုင်ငံတွေနည်းတူ Public Health Foundation ရှိဖို့လိုတယ်။ ပြည်သူ့ကျန်းမာရေးနဲ့ဆိုင်တဲ့ Foundation တစ်ခုထူထောင်ဖို့ လိုအပ်ပါတယ်။ South East Asia Region မှာတော့ တော်တော်များများ ထောင်ပြီးနေပြီ။ ထိုင်းမှာဆို အရမ်းအောင်မြင်နေပြီ။ အဲဒီလို Foundation တစ်ခုရှိဖို့ လိုအပ်ပါတယ်။ ကျန်းမာရေးကို အသိပညာပေးဖို့လိုသလို လူတစ်ဦးချင်းသိဖို့လည်း လိုအပ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မြန်မာနိုင်ငံမှာ ဆီးချိုရောဂါ သုံးရာခိုင်နှုန်းပဲရှိမယ်လို့ ခန့်မှန်းထားပါတယ်။ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ၁၁ ဒသမ ၈၄ ရာခိုင်နှုန်း ရှိပါတယ်။ အခုဆိုရင် အဲဒါထက် များနေပြီ။ ဒါနဲ့ပတ်သက်လို့လည်း ရန်ကုန်တိုင်းဒေသကြီးမှာ  Survey လုပ်ထားသလို ၂၀၀၉ မှာ မြန်မာနိုင်ငံမှာလည်း survey လုပ်ထားပါတယ်။ ဒါကြောင့် အဘက်ဘက်ကကာကွယ်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။

Eleven Media Group မှ ကူးယူဖော်ပြသည်။

2 comments

  • winkyawaung

    April 19, 2011 at 3:11 am

    ကျွန်တော်တို့ မြန်မာတွေ ကျန်းမာရေးအသိပညာဘက်ကို မလှည့်နိုင်တာကြာပါပြီ..။ အထူးကျေးဇူးတင်ပါတယ်။

  • မမလေး

    April 25, 2011 at 12:37 pm

    အိမ်အမှတ် ၂၇ဝ ၊ ပြည်လမ်း ၊ ဒဂုံစင်တာနောက် ၊ ကောင်းမြတ်မွန်ဆေးခန်း ။ ဉာဏ်ပူဇော်ခ ၅၀၀ဝ ပါ ။ ဦးတင့်ဆွေလတ် နဲ့ ကုသချင်ရင် လိပ်စာပါ . . .

Leave a Reply