နိဗ္ဗာန်သို့

ashinindakaApril 20, 20111min21513

သစ္စာလေးပါးမှာ နောက်ဆုံးသစ္စာက မဂ္ဂသစ္စာ တဲ့။
မဂ္ဂဆိုတာ လမ်း၊ သစ္စာဆိုတာ အမှန်တရား၊
ဒါ့ကြောင့် မဂ္ဂသစ္စာဆိုတာ လျှောက်လှမ်းရမဲ့လမ်းမှန်။

စဉ်းစားမိတာက
(မဂ္ဂ) လမ်း လို့အဓိပ္ပါယ်ရတဲ့ နောက်ပါဠိတစ်ပုဒ်က ပထ တဲ့။
ပထ – လမ်း။

ဒါကို
Romanized Letter နဲ့ရေးတော့ patha၊
ဒီ patha ရဲ့ နောက်ဆုံး a ကို ဖြုတ်လိုက်ရင် path ဖြစ်တယ်။
လမ်းကို ပါဠိလို patha အင်္ဂလိပ်လို path ပေါ့။
ဒီမဂ္ဂသစ္စာကို အရကောက်တော့ မဂ္ဂင်ရှစ်ပါးဖြစ်တယ်။
မဂ္ဂင်ရှစ်ပါးကို အင်္ဂလိပ်လိုဘာသာပြန်တော့
Noble Eightfold Path တဲ့။

မဂ္ဂသစ္စာကို အင်္ဂလိပ်လို
The Truth of the Way to the Cessatiion of Suffering တဲ့။
ဒီမဂ္ဂသစ္စာ (လျှောက်လှမ်းရမဲ့လမ်းမှန်) ဆိုတာ
ဗုဒ္ဓဘာသာတို့အတွက် ကျင့်စဉ်ကို ပြောတာပါ။
ဟိုတလောက ဒကာလေးတစ်ယောက်ကျောင်းလာတယ်။

သူပြောတယ်။
အခြားဘာသာဝင်ထဲက ဆရာကြီးတစ်ယောက်နဲ့တွေ့ကြောင်း၊
ဘာသာရေးအကြောင်းတွေ ဆွေးနွေးဖြစ်ကြောင်း၊
ဘာသာရေးဆရာကြီးဖြစ်လေတော့ သူယုံကြည်တဲ့ဘာသာရဲ့ ကျင့်စဉ်ဟာ
ဘာဖြစ်ပါသလဲ လို့ မေးဖြစ်ကြောင်း ပြောပါတယ်။
သူတို့ဘာသာမှာ ဘာသာရေးကျင့်စဉ် မယ်မယ်ရရ မတွေ့ရကြောင်း ဆက်ပြောပါတယ်။

မှန်ပါတယ်။
အလွန်ဆုံးသူတို့ဘာသာရေးမှာ ကျင့်စဉ်က သီလကျင့်စဉ်လောက်သာရှိတာပါ။
ဗုဒ္ဓဘာသာမှာ သီလ၊ သမာဓိ၊ ပညာလို့ ကျင့်စဉ်သုံးမျိုးရှိပါတယ်။ သုံးဆင့်ရှိပါတယ်။
သီလက အနိမ့်ဆုံးအဆင့်မှာပဲရှိတယ်။
သီလကို အခြေခံပြီး သမာဓိရအောင် တည်ဆောက်ကာ ပညာဉာဏ်ရအောင်လုပ်ရမှာ။

ဒီသီလ၊ သမာဓိ၊ ပညာ ဆိုတာကလဲ
သစ္စာလေးပါးထဲက အခုပြောတဲ့ နောက်ဆုံးသစ္စာဖြစ်တဲ့ မဂ္ဂသစ္စာလို့ခေါ်တဲ့
မဂ္ဂင်ရှစ်ပါးကို ပြောတာပါဘဲ။
ဒီမဂ္ဂင်ရှစ်ပါးကို
လမ်း
ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီလိုရေးပြီး post တစ်ခု တင်ခဲ့ဘူးပါတယ်။

ဘုရားရှင်ကျင့်ခဲ့တဲ့ (အလယ်အလတ်လမ်းစဉ်) မဇ္ဈိမပဋိပဒါကျင့်စဉ်မှာ
အချက် (၈) ချက်ရှိတယ်။
ဒါကို အင်္ဂလိပ်လို Noble Eightfold Path, Middle Way စသဖြင့်
အဆင်ပြေသလို ပြန်ဆိုကြတယ်။

(၁) သမ္မာဒိဋ္ဌိ
ဒီသမ္မဒိဋ္ဌိကို အင်္ဂလိပ်လို
Right View, Right Understanding စသဖြင့် ပြန်ဆိုကြတယ်။
မြန်မာလိုတော့ မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့ နားလည်မှုပေါ့။

နိဗ္ဗာန်သို့ ချီတက်သူ နိဗ္ဗာန်သို့လျှောက်လှမ်းသူတစ်ယောက်အနေနဲ့
ပထမဦးဆုံးမှန်ကန်တဲ့အမြင် (သမ္မာဒိဋ္ဌိ) (ခြေလှမ်း) ရှိကို ရှိရပါမယ်။

မှန်ကန်တဲ့အမြင်ရှိဘို့အတွက်
အမြင်မှန်ဘို့လိုအပ်တယ်။
အမြင်မှန်ဘို့အတွက် မှန်ကန်တဲ့နားလည်မှု ရှိဘို့လိုပါတယ်။
မှန်မှန်ကန်ကန်နားလည်ဘို့ဆိုတာ
ကိုယ့်ကိုယ်ကို နားလည်တာကို ပြောတာပါဘဲ။

Right Understanding is the understanding of oneself as one really is.

ကိုယ့်ကိုယ်ကို နားလည်တာဆိုတာ
ကိုယ့်မှာရှိနေတဲ့ သိအပ်တဲ့ရုပ်နဲ့ သိတတ်တဲ့စိတ်ကို
ပိုင်းပိုင်းခြားခြား တိတိပပ သိတာကို ပြောတာပါ။

ဒါကို စာပေစကားမှာတော့
နာမ်ရုပ်တို့ကို ပိုင်းခြား၍ သိတတ်သော(နာမရူပပရိစ္ဆေဒ) ဉာဏ်တဲ့။
ဒီမှန်ကန်တဲ့အမြင် မှန်ကန်တဲ့နားလည်မှုဟာ
မဇ္ဈိပဋိပဒါလမ်းစဉ်မှာ အဓိကသော့ချက်ပဲ။
The key-note of Buddhism is this right understanding.

(၂) သမ္မာသင်္ကပ္ပ
မှန်မှန်ကန်ကန်မြင်တတ်တဲ့ မှန်မှန်ကန်ကန်နားလည်မှုရှိတဲ့သူသာ
မှန်ကန်တဲ့အတွေးရှိမှာပါ။
မှန်ကန်တဲ့အတွေးကို ပါဠိလို သမ္မာသင်္ကပ္ပတဲ့။
အင်္ဂလိပ်လိုတော့
Right Resolutions, Right Aspirations, Right Ideas စသဖြင့်
အမျိုးမျိုးပြန်ဆိုကြတယ်။

ပါဠိ၊ အင်္ဂလိပ်တတ်ကျွမ်းတဲ့ ဆရာတော်တစ်ပါးက
မှန်ကန်တဲ့အတွေးဆိုတော့ Right Thoughts လို့ဘာသာပြန်သင့်တယ်တဲ့။

(၃) သမ္မာဝါစာ
မှန်ကန်တဲ့အတွေးအခေါ်ရှိတဲ့သူသာ မှန်ကန်တဲ့စကားကို ပြောမှာ။
မှန်ကန်တဲ့စကားကို ပါဠိလို သမ္မာဝါစာတဲ့။

နိဗ္ဗာန်ကို တက်လှမ်းလိုသူအဖို့
သမ္မာဝါစာ – မှန်ကန်တဲ့စကားကိုသာ ပြောဆိုသင့်ပါတယ်။
မုသာဝါဒ – လိမ်လည်လှည့်ဖြား မပြောကြားသင့်ပါဘူး။
ဒါ့အပြင် ဂုံးချော ဂုံးတိုက်တဲ့စကား၊ ကြမ်းတမ်းတဲ့စကား၊
အရည်မရ အဖတ်မရတဲ့စကားတွေကိုလဲ ရှောင်ကြဉ်ရမှာပါ။
သမ္မာဝါစာ – မှန်ကန်တဲ့စကားဆိုလို့
ကိုယ်ပြောတဲ့စကား မှန်ကန်နေရုံနဲ့ မလုံလောက်ပါဘူး။
နားဝင်ချိုနေရုံနဲ့ မလုံလောက်ပါဘူး။
သာယာနာပျော်ဖွယ်ကောင်းနေရုံနဲ့ မလုံလောက်ပါဘူး။
ကိုယ်ပြောလိုက်တဲ့စကားဟာ သူတစ်ပါးအတွက်
အသုံးတည့်ရပါမယ်၊ အကျိုးဖြစ်ထွန်းစေရပါမယ်။ အကျိုးရှိရပါမယ်။

What one utters is not only true, sweet and pleasant
but also useful, fruitful and beneficial.

(၄) သမ္မာကမ္မန ္တ
အပြောမှန်တာနဲ့ အလုပ်မှန်တာ ခွဲခြားလို့ မရပါဘူး။
ဘာ့ကြောင့်လဲဆိုရင် အပြောမှန်တဲ့သူသာ အလုပ်မှန်တတ်လို့ပါဘဲ။
အလုပ်မှန်တာကို ပါဠိလို သမ္မာကမ္မန ္တလို့ခေါ်တယ်။
အင်္ဂလိပ်လို Right Action ပေါ့။
အလုပ်မှန်တဲ့ အမှန်လုပ်တဲ့ ဒီ Right Action ဆိုတာ
တခြားထွေထွေထူးထူးမဟုတ်ပါဘူး။

မိုက်မဲမှု(မောဟ) ကြောင့် လောဘစိတ်၊ ဒေါသစိတ်တွေအခြေခံပြီး
သူ့တပါးအသက် သတ်ခြင်း၊ သူ့ဥစ္စာ ခိုးခြင်း၊
သူတပါးသားမယား ပြစ်မှားစော်ကားခြင်းတို့ကို မလွန်ကျူးဘူးဆိုရင်
Right Action ဖြစ်တော့တာပါဘဲ။
It deals with abstinence from killing, stealing and sexual misconduct.

(၅) သမ္မာအာဇီဝ
အတွေးအခေါ် မှန်၊ အပြောမှန်ပြီး အလုပ်မှန်တဲ့သူအတွက်
အကြံအဖန်စီးပွါးရေးလုပ်ငန်းကို လုံးဝ စိတ်မဝင်စားတော့ပါဘူး။
မှန်ကန်တဲ့စီးပွါးရေးလုပ်ငန်းနဲ့ပဲ သူ့ဘဝရပ်တည်တော့မှာ အမှန်ပါ။
မှန်ကန်တဲ့စီးပွါးရေးလုပ်ငန်းကို သမ္မာအာဇီဝလို့ခေါ်တယ်။
အင်္ဂလိပ်လို Right Livelihood ပေါ့။

ဒါနဲ့စပ်လို့ ဗုဒ္ဓဘာသာစာပေထဲမှာ
မလုပ်ရမဲ့စီးပွါးရေးလုပ်ငန်း ငါးမျိုးကို ပြဆိုထားပါတယ်။
(က) လက်နက်ရောင်းဝယ်မှု (Traiding in arms)
(ခ) လူကုန်ကူးမှု (Traiding in human beings)
(ဂ) သားငါးမွေးမြူရေး (Traiding in flesh)
(ဃ) အရက်၊ မူးယဇ်ဆေးဝါး (Traiding in intoxicating drinks)
(င)  အဆိပ် (Trading in poison)

(၆) သမ္မာဝါယာမ
သမ္မာဝါယာမဆိုတာ မှန်ကန်တဲ့ကြိုးစားအားထုတ်မှု။
အင်္ဂလိပ်လိုတော့ Right Effort တဲ့။

နိဗ္ဗာန်သို့တက်လှမ်းလိုသူအတွက် နည်းမှန်လမ်းမှန် ကြိုးစားအားထုတ်ဘို့ လိုအပ်ပါတယ်။
ဒီခေတ်မှာ ဟိုနည်း ဒီနည်းနဲ့ နည်းတွေက နည်းတာမဟုတ်ဘူး။
နည်းမှန်ဘို့ အင်မတန်အရေးကြီးတယ်။
နည်းမှန်မှ လမ်းမှန်မှာပါ။
နည်းမှားနေရင် လမ်းမှားနေမှာ ဖြစ်တဲ့အတွက်
လိုချင်တဲ့ လျှောက်လှမ်းနေတဲ့ပန်းတိုင်ကို ရောက်မှာ မဟုတ်တော့ဘူး။

ဗုဒ္ဓစာပေမှာ မှန်ကန်တဲ့ကြိုးစားအားထုတ်မှုလေးမျိုးရှိတယ်။
(၁) ဖြစ်ပေါ်ပြီးတဲ့မကောင်းမှုအကုသိုလ်တွေကို ပယ်စွန့်နိုင်အောင် ကြိုးစားခြင်း၊
(၂) မဖြစ်သေးတဲ့ မကောင်းမှုအကုသိုလ်တွေကို မဖြစ်မိအောင် ကြိုးစားခြင်း
(၃) မဖြစ်ပြီးသေးကုသိုလ်ကောင်းမှုတွေကို ဖြစ်ပေါ်လာအောင် ကြိုးစားခြင်း၊
(၄) ဖြစ်ပြီးတဲ့ကုသိုလ်ကောင်းမှုတွေကို တိုးပွါးလာအောင် ကြိုးစားခြင်းဆိုပြီး
လေးမျိုးရှိပါတယ်။

မဇ္ဈိမပဋိပဒါ – အလယ်အလတ်လမ်းစဉ် ရှစ်ချက်ထဲမှာ
ဒီသမ္မာဝါယာမ (မှန်မှန်ကန်ကန်ကြိုးစားအားထုတ်မှု) ဟာ အင်မတန်အရေးကြီးပါတယ်။
သံသရာမှ ထွက်မြောက်ဘို့ နိဗ္ဗာန်ကို ရဘို့ ရောက်ဘို့အတွက်
ကိုယ့်အားကို အားကိုးပြီး ကိုယ်ကိုယ်တိုင် ကြိုးစားရမှာပါ။

ပေးကမ်းလှူဒါန်း၊ ဆုတောင်းနေရုံမျှနဲ့
နိဗ္ဗာန်ကို လုံးဝ မရောက်နိုင်ပါဘူးလို့ ဒီအချက်က ရည်ညွှန်းပါတယ်။

(၇) သမ္မာသတိ
မဇ္ဈိမပဋိပဒါ – အလယ်အလတ်လမ်းစဉ် ရှစ်ချက်ထဲမှာ
သမ္မာဝါယာမနဲ့ ကပ်လိုက်လာတာက သမ္မာသတိ (မှန်ကန်တဲ့သတိ) ပါ။
Right Mindfulness လို့ အင်္ဂလိပ်လို ဘာသာပြန်ကြတယ်။

ကိုယ် (body), ဝေဒနာ (feeling), စိတ် (thoughts), နဲ့ ဓမ္မ (mind-objects) လို့ခေါ်တဲ့ အာရုံလေးမျိုးအပေါ်မှာ မိမိရဲ့ သတိကို အမြဲမပြတ်တင်ထားတာကို (အမြဲသတိ ရှိနေခြင်းကို)
သမ္မာသတိ – မှန်ကန်သော သတိလို့ခေါ်ပါတယ်။

ကိုယ့်ကိုယ်ကို
လှတယ် တင့်တယ်တယ်လို့ မမှတ်ယူမိအောင်၊
ချမ်းသာတယ်လို့ မမှတ်ယူမိအောင်၊
မြဲတယ်လို့ မမှတ်ယူမိအောင်၊
အတ္တရှိတယ်လို့ မမှတ်ယူမိအောင်၊
အဆိုပါ အာရုံလေးမျိုးအပေါ်မှာ သတိအမြဲရှိနေရတာ။

Mindfulness on these four objects tend to eradicate the misconceptions
with regard to desirablity (subha), so-called happiness (sukha),
permanence (nicca) and an immortal soul (atta) respectively.

(၈) သမ္မာသမာဓိ
မှန်မှန်ကန်ကန်ကြိုးစားပြီး သတိရှိလာတဲ့သူအဖို့
မှန်ကန်တဲ့သမာဓိတရားရရှိလာမှာ မလွဲပါဘူး။
မှန်ကန်တဲ့သမာဓိကို သမ္မာသမာဓိလို့ခေါ်တယ်။ Right Concentration တဲ့။

သမာဓိရလာရင်တော့ ကိုယ့်ကိုယ်ကို အမှန်အတိုင်းသိမြင်လာမှာပါ။
ကိုယ်ကို်ယ့်ကို အသုဘကောင်ကြီးဆိုတာ သဘောပေါက်လာမှာပါ။
သစ္စာလေးပါးကို တကယ်သိလိုသူ၊ နိဗ္ဗာန်ကို ရလိုသူ၊ မျက်မှောက်ပြုလိုသူ
မည်သူမဆို
မဇ္ဈိမပဋိပဒါကျင့်စဉ်ဖြစ်တဲ့  ဒီအချက် (၈) ချက်ကို ကျင့်ရမှာပါ။

13 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 20, 2011 at 7:11 pm

    ( နိဗ္ဗာန် ဆိုတာကို ငြင်းခုန်နေကြတယ် မြင်ဘူးတာလဲမဟုတ်ဘူး )
    ဆိုတဲ့ စကားကို အမှတ်ရမိပါတယ် ဘုရား
    တကယ်လည်း နိဗ္ဗာန် ဆိုတာကို တော်ရုံစာပေတွေလေ့လာရုံနဲ ့သိနိင်မည်မထင်မိပါ ( မိမိအထင်)
    ဒါကြောင့် နိဗ္ဗာန် ဆိုတာကို ရံခါ သမန်ကာရှန်ကာ ပြောကြတာကို မဖြစ်စေလိုပါ
    ဒါပေမယ့်တစ်ယောက်နှင့်တစ်ယောက် နားလည်ပုံတော့ တူမည်မထင်ပါ
    တပည့်တော်ကတော့ သံသယဖြစ်လာတာနဲ ့
    ရဟန္တာတွေရဲ ့ဓာတ်တော်တွေကို ပြေးပြီးမြင်ပြစ်ခဲ့ရတာပါဘဲဘုရား
    ပြောလို ့သာပြောတာပါဘဲ
    လူသာမန်တို ့သိနိုင်ရင်
    ဘုရားဆိုတဲ့အရာက ဘယ်လေးနက်နိုင်တော့မှာလဲလေနော

  • ashinindaka

    April 20, 2011 at 10:09 pm

    ဟုတ်ပါ့ ဒကာအောင်ပု။ နားလည်ဘို့ ခက်ခဲတယ်။

    • kosicca

      April 21, 2011 at 4:30 am

      နားလည်ရခက်ရင် ဘုရားက အချိန်ကုန်ခံပြီး ဟောပါ့မလား။ မိမိနားလည်ရခက်တိုင်း အားလုံးကို လိုက်ပြီးတော့ မခက်စေချင်ပါ။ ဘုရားက လူနားလည်နိုင်တဲ့ တရားတော်တွေပဲ ဟောတယ်လို့ ယုံကြည်ပါတယ်။ တပည့်တော်ကတော့ နားလည်လွယ်အောင် ကြိုးစားနေပါတယ်။

  • nature

    April 21, 2011 at 3:50 pm

    မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတွေဟာ တန်ဖိုးမဖြတ်နိုင်လို့တရားရတနာလို့ခေါ်တာပါ။ လွယ်ကူတာတွေ ပါသလိုခက်ခဲနက်နဲတာတွေလဲပါပါတယ်။

  • maungmoenyo

    April 22, 2011 at 3:23 am

    တပည့်တော်နားလည်ရသလောက်ကတော့ နိဗ္ဗာန် ဆိုတာ အို၊နာ၊ သေခြင်းကင်းရာအရပ်ပါ။ တနည်း “မရှိ” (သို့) “မဲ့” ခြင်းပါ။ နိဗ္ဗာန်ဆိုတာ နဲ့ လူ တရာမှာ တရာ့တယောက်ေ လာက်က မိုးပေါ်မော်ကြည့်ကြပါတယ်။ ချုတ်ရာအရပ်ဖြစ်လို့ သံသရာပြတ်ပါပြီ။ နောက်တဖန် သံသရာမလည်တော့တာမို့၊ အိုနာသေဘေးလဲမရှိတော့ပါဘူး။
    ဗုဒ္ဓ ဟာ သဗ္ဗညုဉဏ်ကိုရသူ တဦးတည်းသောလူသားပါ။ သူသာလျင်နိဗ္ဗာန်ဆိုတဲ့ အရပ်ကိုထင်ရှား သက်သေထူခဲ့နိုင်သူပါ။ ဒီဘဝကို လေးသချေင်္နဲ့ကမ္ဘာတစ်သိန်းကျင့်ခဲ့ရသူမို့ ဒီလိုသက်သေထူနိုင်တဲ့ပါရမီ ရှိခဲ့သူပါ။
    ုအဘိဓမ္မာ ဟာထင်သလိုနားလည်ရလွယ်တဲ့ တရားမဟုတ်ဆိုတာ ယုံကြပါဗျာတို့။ သောတာပန်နံ့တောင်ရရလွယ်ရို့လားလို့…….။

  • bigcat

    April 22, 2011 at 3:33 am

    ကမ္မဌာန်းဆရာများ ပြောလေ့ရှိတဲ့ သိပယ်ဆိုက်ပွား နဲ့ဆိုင်လို့ မေးလျောက်ပါရစေ အရှင်ဘုရား။ သိရုံနဲ့ မပြီး၊ ပယ်နိုင်မှ မဂ်ညဏ်ဆိုက် ဖိုလ်ဝင်စား (သို့မဟုတ်) ညဏ်လမ်းကြောင်းဆိုက်ပြီး ဆက်လက်ပွားများရင် မဂ်ဖိုလ်ရမည်ဟု နားလည်ပါသည်။ ပယ်နိုင်မှ ညဏ်ဖြစ်မှာဖြစ်လို့ မပယ်ခင်အထိ သီလ၊ သမာဓိ သာရှိသေးပြီး ပယ်စွန့်တော့မှ ပညာဖြစ်ပါသည်။ ဖြစ်ပျက်နေသေးသ၍ ဝိပဿနာသမာဓိ (သို့) သတိပဌာန်သာရှိသေးပြီး တောက်လျောက်အပျက်မြင်၍ သူ့အဆင့်လိုက် ပညတ်အဖြစ်များကို စွန့်မှသာ ဝိပဿနာဖြစ်သည်ဟု နားလည်ပါသည်။ ဒီလိုဆို သဂျီးခဏခဏပြောသလို ဖြစ်ပျက်တရားမရှုဘဲ အပျက်မြင်နိုင်သည့် (ကုသိုလ်၊ အကုသုလိုလ် ပညတ်တရားများပယ်စွန့်သည့်) အခြားနည်းလမ်းများ ရှိနိုင်ပါသလား။

    သဂျီးမှာလည်း အဖြေရှိရင် ပြောစေလိုပါသည်။ သဂျီးက နိဗ္ဗာန်ဆိုတာ မရှိဘူး၊ ပစ္စုပ္ပန်မှာ စိတ်ထားတတ်ဖို့ပဲ လိုရင်းလို့ ဆိုချင်တာများလား… နိဗ္ဗာန်ရှိတယ် မရောက်သေးတာဆိုရင် ဘယ်လိုနည်းနဲ့ သဂျီးတို့က ရောက်ဖို့ရှိတာလည်း… သိလိုလှပါသည်။

    • kai

      April 22, 2011 at 4:32 am

      သဂျီးတို့..သဂျီးတို့လို့. မလုပ်ပါနဲ့ကွယ်..။
      သဂျီးကဘယ်ဂိုဏ်းဝင်မှ မဟုတ်ရပါဘူး..။
      အခုတော့.. ခေတ်နဲ့အညီ… နတ်ပြည်နဲ့ငရဲပြည်တွေပါတဲ့ ၃၁ဘုံတွေကြား…လူကုန်ကူးတဲ့… ပွဲစားလုပ်မလား စဉ်းစားနေပါတယ်..။
      ဆိုတော့ ..ဘုံပွဲစားဂိုဏ်းထောင်ဖြစ်ချင်ထောင်ဖြစ်မှာပေါ့… 🙂

      နိဗ္ဗာန်မရှိဘူးလို့လည်း မပြောမိပါဘူးး။
      ကမ္ဘာ့ဘာသာကြီးတိုင်း.. လူတိုင်း.. ကိုယ့်နည်းကိုယ်ဟန်နဲ့ နိဗ်တွေဗာန်နေကြတာပါပဲ..။

      ဆိုတော့..
      နိဗ္ဗာန်ဆိုတာ.. ရှာနေတောင့်တနေရတဲ့အရာမဟုတ်ပါဘူး..။
      ဘာလုပ်ဖို့ပဲလိုသလည်းဆိုတာ့.. ဘုရားပြောတဲ့လမ်းအတိုင်းလျှောက်ယုံပါပဲ..။ သူ့အလိုလို ..တလံမျှလောက်သော ခန္ဓာထဲဆိုက်ရောက်လာတာပါ..။
      မဂ္ဂ ကိုမြန်မာလို ပြန်တော့.. လမ်းတဲ့..။

      တကယ်တော့ .. လူရှင်လျှက်ကြီးလည်း နိဗ္ဗာန်ဆိုက်နေနိုင်ပါတယ်…..တဲ့..။

      • bigcat

        April 22, 2011 at 4:48 am

        အဲဒါဆိုလည်း ဘယ်နည်းဘယ်ပုံ ရောက်မှာလဲ ပြောလေဗျာ။ လူတိုင်းက ကိုယ့်ဟာ ဘုရားဟောဆိုနေတာ့ တိတိကျကျ ပြမှဖြစ်မယ်ဗျို့….

  • ဆူး

    April 22, 2011 at 4:47 am

    သဂျီး ဖားအောက်မှာ ၃လ လောက် တရားထိုင်မလား ရွာသားတွေ ဝိုင်းစပွန်ဆာပေးမယ် ဘယ်လိုလဲ.. ဝါတာကာလာ ဂိုဏ်းမှာ လိုအပ်တာ ထပ်ဖြည့်လို့ရအောင်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 22, 2011 at 8:56 am

    ဘာရယ်တော့ဟုတ်ဘူးဗျ
    တစ်လောက တစ်ညမှာ …
    ကိုယ်က နောက်နေ ့မနက်လေးနာရီ ကိစ္စတစ်ခုနဲ ့စောစောအိပ်ရာကထဘို ့ရှိနေတယ်
    ကိုယ်ကလည်း အိပ်ယာဝင်နောက်ကျလေ့ရှိတယ်
    အိပ်ယာဝင်နောက်ကျရင်တော့ နောက်နေ ့စောစောပြဿနာတက်နိုင်တယ်
    ဖြစ်ပုံက အဲ့သည်နေ ့ နေ ့လည်ကလည်း ကိုယ်နဲ ့သိပ်မတည့်တဲ့ ကော်ဖီတွေသောက်ထားတယ် သောက်ပြီးအိပ်ပျော်ဘူး
    ဒါနဲ ့အလမ်းပေးပြီး စောစောအိပ်ယာဝင်တယ်
    ( ၁ ) ကိုယ့်ရဲ ့ဆန္ဒက အိပ်ပျော်သွားဘို ့
    ( ၂ ) အိပ်ပျော်ခြင်းကိုအားမပေးတဲ့ ကော်ဖီတွေကို သောက်ထားလိုက်မိပြီနော်
    ( ၃ ) အိပ်ယာထဲကို ဝင်ပြီးအိပ်တာနဲ ့ဘာကိုမှ မစဉ်းစားဘဲ အိပ်တာ
    လုံးဝအိပ်လို ့မပျော်ဘူး
    ဒီနေရာမှာ မဆီမဆိုင် တစ်ခုကိုသွားပြီးသတိရမိပါလေရဲ ့
    လူတွစာဖတ်ပြီးပြောကြတဲ့ သေပြီးနောက် နိဗ္ဗာန်ဆိုတာကို မမျှော်နဲ ့ဘာကိုမှ မကြံစည်နဲ ့ဆိုတာကိုပါ။
    နံပါတ် တစ်ကို နိဗ္ဗာန်လို ့သဘောထားပါမယ်
    နံပါတ် နှစ်ကို ကုသိုလ် အကုသိုလ် လို ့သဘောထားပါမယ်
    နံပါတ် သုံးကို ပညာ လို ့သဘောထားပါမယ်
    နံပါတ်တစ် နိဗ္ဗာန်ကို စိတ်ညွှတ်ပြီး နံပါတ်သုံး ပညာနဲ ့ဘာကိုမှ မကြံစည်ဘဲ အိပ်စက်ပေမယ့်
    နံပါတ်နှစ် အကုသိုလ်ကံကြောင့် ဘယ်လောက်ပညာကြီးပါစေ အိပ်စက်လို ့မရခဲ့ဘူးဆိုတာကို
    ပေါက်ပေါက်ရှာရှာကြုံကြိုက် တွေးတောမိတော့
    လုပ်ခြင်တာတွေလုပ် နောက်ပြီး ဘာမှ အာရုံမညွှတ်နဲ ့ပွဲပြတ်တယ်ဆိုတဲ့သဘောကို
    လုံးဝ လက်မခံနိုင်အောင်ဖြစ်ခဲ့ရပါတော့တယ်
    တစ်ယောက်နဲ ့တစ်ယောက် ပေါက်ပုံခြင်းတော့ တူမည်မထင်

  • တညင်သား

    April 23, 2011 at 2:14 am

    ကိုအောင်ပုကိုတော့ မလေးစားပဲမနေနိင်ဘူး …အလေးပြုပါတယ်

  • phyo1980

    April 23, 2011 at 11:11 am

    နိဗ္ဗာန်ကိုရောက်ဖို့နေနေသာသာ၊နိဗ္ဗာန်ဆိုတာဘယ်လိုအရာလည်းသိအောင်မြင်နိုင်တဲ့ ဉာဏ်စဉ်ရှိအောင် မကျင့်ကြံဘဲနိဗ္ဗာန်ဆိုတဲ့အရာကိုမသိနိုင်ပါဘူး၊မမြင်နိုင်ပါဘူး။မိမိကိုယ်တိုင်ကျင့်ကြံအားထုတ်မှူ့မရှိဘဲ စာဖတ်ရုံ
    နဲ့ တရားနာရုံနဲ့တော့နိဗ္ဗာန်ကိုမမြင်နိုင်ပါဘူး။ကျွန်တော်တို့တွေအားလုံးကပိဋိကပ်သုံးပုံကိုအာဂုံဆောင်ချင်တာလား ဒီသံသရာကြီးကနေလွတ်ချင်တာလား။

  • whowho

    April 24, 2011 at 4:51 am

    အင်း နိဗ္ဗာန်အကြောင်းတွေ ပြောနေကြတာ ဖတ်ရလို့ ဆရာတော် တစ်ပါး ပြောတာလေး သတိရမိပါရဲ့။
    ခင်ဗျားတို့ လောဘဖြစ်တဲ့အခါ၊ ဒေါသဖြစ်တဲ့အခါ စိတ်မှာ ဘယ်လို နေသလဲ လို့ မေးပါတယ်။
    စိတ်မှာ ပူလောင်တာပေါ့ဘုရား။ ဆင်းရဲတာပေါ့ဘုရား။
    အဲဒီလောဘတွေ၊ ဒေါသတွေ ပျောက်သွားတော့ရော ဘယ်လို ခံစားရလဲတဲ့။
    အဲဒီတော့ ပူလောင်မှုပျောက်ပြီး ငြိမ်းအေးတာပေါ့။ ချမ်းသာတာပေါ့ဘုရား။
    အေး အဲဒါက တဒင်္ဂနိဗ္ဗာန်ခေါ်တယ်ကွဲ့။ မှတ်ထားကြ။ တခြားသွားရှာနေလို့ ရမလား။ ကိုယ့်ရင်ထဲကိုယ်
    ရှာရမှာကွဲ့။ အဲဒါလေးအမှတ်ရလိုက်လို့ မျှလိုက်ပါတယ်။

Leave a Reply