သရေခေတ္တရာမြို့ဟောင်းသို့ တစ်ခေါက်

manawphyulayApril 27, 20111min2329


သရေခေတ္တရာမြို့ဟောင်းသည် ပြည်မြို့အရှေ့တောင်ဘက် ငါးမိုင်ခန့်အကွာတွင် တည်ရှိသည်။ မြို့ဟောင်းရာသည် ဘဲဥပုံလည်းမက စက်ဝိုင်းပုံလည်းမကျသော အဝန်းအဝိုင်းပုံသဏ္ဌာန်ရှိ၍ တောင်မြောက်နှစ်မိုင်ခွဲခန့်နှင့် အရှေ့အနောက်နှစ်မိုင်ခန့် ကျယ်ဝန်းလေသည်။ ရန်ကုန်မှ ပြည်မြို့သို့ သွားသော မီးရထားလမ်းသည် သရေခေတ္တရာမြို့ဟောင်းကို အရှေ့တောင်မှ အနောက်မြောက်သို့ ဖြတ်သန်းသွား၍ ပြည်မှ ပေါက်ခေါင်းသို့ သွားသော မော်တော်ကားလမ်းကို မြောက်ဘက်မြို့ရှိးပေါ်သို့ ဖြတ်၍ ပြုလုပ်ထားသည်။ မြို့ဟောင်းအတွင်း၌ ယခုအခါ ရွာငယ်အများအပြားရှိ၍ မြောက်ဘက်ပိုင်းကမူ လယ်ကွက်များပြည့်နှက်နေ၏။ မှော်ဇာဘူတာရုံသည် မြို့ဟောင်း၏ ဗဟိုနေရာမှ အရှေ့မြောက်ယွန်းယွန်းတွင် တည်ရှိသည်။ ရှေးဟောင်းအဆောက်အအုံများသည် မြို့တွင်း၌သာမက မြို့ပြင်၌လည်း အနှံ့အပြားကျန်နေသေးရာ သရေခေတ္တရာထွန်းကားစဉ်က ထင်ရှားခဲ့သော မြို့ပတ်ဝန်းကျင် နယ်နမိတ်မှာ ကျုံးနှင့် မြို့ရိုးပတ်ရံသည် မြို့တွင်းထက် လေးဆခန့်မျှ ကျယ်ဝန်းကြောင်း သိနိုင်လေသည်။
မြို့တွင်းအလယ်ဗဟိုလောက်တွင် နန်းတော်ကုန်းဟုခေါ်သော စတုဂံအုတ်ရိုးကာရံထားသည့် ကုန်းမို့မို့ကို တွေ့နိုင်သေးသည်။ တောင်ဘက်မြို့ရိုး၏ အပြင်ဖက်တွင် အရှေ့ပျူတိုက်၊ အနောက်ပျူတိုက်၊ ဗိဿနိုးမြို့နှင့် ဗိဿနိုးမိဖုရားသင်္ချိုင်း ရာတို့ရှိလေသည်။ မှန်နန်းရာဇဝင်အဆိုအားဖြင့် သရေခေတ္တရာမြို့ကို သာသနာနှစ်တစ်ရာ့တစ်ခုနှစ်တွင် ဒွတ်တပေါင်(ဒွတတ္တပေါင်) မင်း ပဌမတည်ထောင်သည်ဟု ဆိုသည်။ မြို့တည်နန်းတည်ရာ၌ ကူညီစောင့်ရှောက်သော သူမြတ်ခုနှစ်ဦးမှာ ဂဝံပတေ့၊ ရသေ့၊ သိကြား၊ နဂါး၊ ဂဠုန်၊ စန္ဒီ၊ ပရမီသွာတို့ဖြစ်ကြသည်။ တကောင်းမင်းယောက်ဖတော် ရှင်ရသေ့သီတင်းသုံးသည်ကို အကြောင်းပြု၍ သရေခေတ္တရာမြို့ကို ရသေ့မြို့ဟု နောင်မှတွင်၏။ ပြည်မြို့ရွှေဆံတော်ဘုရားခြေရင်း၌တွေ့ရသော ကျန်စစ်သားမင်း၏ မွန်ကျောက်စာအလိုအားဖြင့် သရေခေတ္တရာမြို့ကို ပဌမတည်ထောင်သော မင်းမှာ ဗိဿနိုးရသေ့ကြီးဖြစ်၏။ တည်ထောင်သောနှစ်မှာ မြတ်စွာဘုရားပရိနိဗ္ဗာန်စံယူတော်မူသောနှစ် သာသနာနှစ်၁နှစ်ဖြစ်၏။ ရသေ့ကြီးကို ကူညီစောင့်ရှောက်ကြသော သူမြတ်တို့မှာ ဂဝံပတေ့၊ သိကြား၊ ဝိသကြုံနတ်သားနှင့် နဂါးမင်းတို့ဖြစ်သည်ဟု ဆို၏။ ကျန်စစ်သားမင်း၏ကျောက်စာများအရ သရေခေတ္တရာကို သိသီတ်၊ (ဂြီက္ခတ်၊ ဂြီကွေတြာ) ဟူ၍လည်း ခေါ်တွင်ကြောင်း သိရလေသည်။ ရှေးဟောင်းသုတေသန အထောက်အထားများ အရမှာမူ သရေခေတ္တရာမြို့သည် ခရစ်နှစ် ငါးရာစုမှ ရှစ်ရာစုအတွင်း၌ ထွန်းကားကြောင်းသာ သိရှိရသေးရာ ထိုသို့ဖွံ့ဖြိုးတိုးတက်အောင် စတင်တည်ထောင်ရသော ကာလကို ထည့်သွင်းခန့်မှန်းသည်ဆိုပါမူ ခရစ်နှစ် နှစ်ရာစုထက် စောနိုင်မည်မဟုတ်ကြောင်း တွေ့ရသည်။
သရေခေတ္တရာတွင် ပျူလူမျိုး အများအပြားနေထိုင်ခဲ့ကြသည်။ ယင်းတို့ကို တိရ်စုလ်ဟူ၍လည်း အမည်တွင်ခဲ့ကြောင်း ကျန်စစ်သား မွန်ကျောက်စာတစ်ချပ်အရ ယူဆရသည်။ ပျူတို့ဒေသဟု ခေါ်ဆိုအပ်သော သရေခေတ္တရာနှင့် ဟန်လင်းမြို့ဟောင်းတို့မှ အိနိ္ဒယတောင်ပိုင်းအက္ခရာဖြင့် ရေးထိုးထားသောကျောက်စာများကို ထောက်၍ ပျူဘာသာနှင့် ပျူစာ သုံးနှုန်းရေးသားခဲ့ကြသည်ဟု ယူဆမှတ်သားကြရသည်။ သရေခေတ္တရာခေတ်၌ ရေးထိုးသော ပျူစာများမှာ အုတ်ချပ်များပေါ် ဂဏန်းနှင့် အမှတ်အသားများ၊ အုတ်ပုံနှိပ်ဘုရားများ(အုတ်ခွက်)ဘုရားနောက်ကျောမှ စာများ၊ ကျောက်စာများနှင့် ကျောက်အရိုးအိုးများပေါ်မှ စာတမ်းတို့ဖြစ်ကြသည်။ ယင်းတို့အနက် အချို့မှာ မှေးမှိန်ပျက်စီးနေ၍ အတိအကျဖတ်ရှုမရနိုင်ခြင်း၊ အချို့မှာ စာကြောင်းတိုကလေးများသာဖြစ်၍ အောကာင်းအရာမဖော်နိုင်ခြင်းနှင့် အချို့မှာ ပျူဝေါဟာရကျယ်ပြန့်စွာ မသိရှိသေးသဖြင့် အဓိပ္ပာယ်တိမ်မြုပ်နေခြင်းတို့ကြောင့် သမိုင်းအထောက်အထားရသင့်သလောက် မရနိုင်ချေ။
ဘုရားကြီးဘုရားအနီးမှ တွေ့ရှိရသော ကျောက်အရိုးအိုးလေးလုံးတို့၏ပတ်လည်တွင် ပျူစာတစ်ကြောင်းစီ ရေးထိုးပါရှိလေသည်။ ယင်းကျောက်စာများအရ သရေခေတ္တရာ၌ ဝိကြမမင်းဆက် စိုးမိုးအုပ်ချုပ်ခဲ့ကြောင်း သိရသည်။ သူရိယဝိကြမ၊ ဟရိဝိကြမနှင့် သိဟဝိကြမတို့၏ နတ်ရွာစံနှစ်နှင့် သတ်တော်များပါရှိရာတွင် နန်းစံနှစ်ကို မြန်မာကောဇာနှစ်အတိုင်းမှတ်ယူ တွက်ဆပါက ခရစ်နှစ်၆၈၈၊ ၆၉၅နှင့် ၇၁၈ ခုနှစ်တို့တွင် အသီးသီးနတ်ရွာစံကြသည်ဟု သိရှိနိုင်၏။ အရိုးအိုးစာတမ်းတစ်ခုမှာ သူရိယဝိကြမ၏ ဆွေမျိုး ကွယ်လွန်သည့်နှစ် ရေးထိုးထားလေရာ စာတမ်းလေးရပ်စလုံး ပေါင်းရုံးတွက်ဆပါက ဝိကြမမင်းဆက်သည် ခရစ်နှစ် ၆၇၃မှ ၇၁၈ ခုနှစ်အထိ အုပ်စိုးသည်ဟု ဆိုရပေမည်။ ထိုမင်းဆက်သည် သရေခေတ္တရာတည်ထောင်စက အုပ်စိုးသည့်မင်းဆက် ဟုတ်မဟုတ်ကိုမူ မသိသာချေ။ နတ်ရွာစံသက္ကရာဇ်များကို အတည်ပြုမှတ်ယူရပါက ထိုမင်းများထက် ရှေးကျသောမင်းများ ရှိခဲ့ဦးမည်ဟု မှန်းဆရပေသည်။ ဝိကြမမင်းတို့၏ ဘွဲ့အမည်များရှေ့၌ “တ္ဒးဗံး´´ ဟူသော ဂုဏ်ပုဒ်ပါရှိလေရာ ယင်းဂုဏ်ပုဒ်ကို မင်းကြီးဟူသော အဓိပ္ပာယ်သက်ရောက်ကြောင်း အခြားကျောက်စာများမှ အထောက်အထားတို့ နှင့် ယှဉ်၍ သိသာနိုင်လေသည်။ ဒွတ္တဗောင် ဟူသောအမည်မှာ`တ္ဒးဗံး´ မှ ရွေ့လျောလာသော ဝေါဟာရဖြစ်ဖွယ်ရာရှိသောကြောင့် သမိုင်းလာ ဒွတ္တဗောင်ဆိုသည်မှာ ပုဂ္ဂလိကဘွဲ့မည် မဖြစ်နိုင်ချေ ဟု ယူဆရ၏။ ဝိကြမမင်းဆက်သည် ပျူမင်းများဖြစ်သည်။ သို့မဟုတ် အိနိ္ဒယအနွယ်များဖြစ်သည်ကို အတိအကျမသိနိုင်ချေ။ နှောင်းခေတ်မြန်မာမင်းများသည် ပါဠိဘွဲ့မည်များခံယူကြသကဲ့သို့ ပျူမင်းများက အိနိ္ဒယဘွဲ့မည်ခံယူခဲ့ကြဟန် ရှိကြောင်း စဉ်းစားရန်ရှိသည်။
ဝိကြမမင်းဆက်အပြင် ဝါရ်မန်မင်းတို့ကိုလည်း ကမ္ပည်းစာများ၌ တွေ့ရသေး၏။ ထိုဝါရ်မန်မင်းတို့၏ အမည်များသည် အာရှ အရှေ့တောင်ဘက် နယ်တစ်လွှား၌ အတော်ပင်ထင်ရှားသည်။ သရေခေတ္တရာမြို့တွင်း ခင်ဘကုန်းမှ ရရှိသော ငွေဗောဓိမဏ္ဍိုင်ပလ္လင်ပတ်လည်၌ ဆင်းတုတော်ရုပ်ကြွပုံ လေးဆူအောက်တွင် ပျူအက္ခရာပျူဘာသာဖြင့် စာတမ်းတစ်ခု ရေးထိုးလျက်ပါရှိရာ ထိုစာတမ်းတွင် ကုသိုလ်ရှင်ဂြီပြဘုဝါရ်မနှင့် ဂြီပြဘုဒေဝီ အမည်များကို တွေ့ရှိရသည်။
သရေခေတ္တရာမြို့ဟောင်းတစ်နေရာ ဖိုးခေါင်ကန်ကုန်းမှ တွေ့ရှိရသော မဏိတော် ကျိုးနေသည့် ကျောက်ဆင်းတုတစ်ဆူ၏ စမ္မခဏ်ပတ်လည်တွင် ပျူဘာသာနှင့် သက္ကတဘာသာရောစပ်ပြီး ရေးထိုးမှတ်သားလျက် ပါရှိရာ ဖတ်ရှုရနိုင်သမျှ စာကြောင်းများ၏ အဓိပ္ပာယ်ချူပ်မှာ ဇယစန္ဒြဝါရ်မန်နှင့် ဟရိဝိကြမ မင်းသား ညီနောင်နှစ်ပါး တို့သည် တစ်နေ့တည်းတွင် မြို့နှစ်မြို့တည်ကြောင်း၊ ထိုညီနောင်နှစ်ပါးတို့သည် ဂူဟဒီပအမည်ရှိသော ရဟန်းကြီး၏ အဆုံးအမ ဩဝါဒကို ခံယူ၍တစ်ဥိးနှင့် တစ်ဦးချစ်ခင်ရင်းနှီးစွာ နေထိုင်ကြကြောင်း ဖြစ်သည်။ သို့သော် ထိုမြို့များ၏ အမည်နှင့် အကျယ်အဝန်းကိုမူ မသိရချေ။
ပျူနိုင်ငံ၏မြို့တော်ဖြစ်သော သရေခေတ္တရာသည် အိနိ္ဒယတောင်ပိုင်းယဉ်ကျေးမှု လွှမ်းမိုးမှုကို အများဆုံးခံယူခံခဲ့ရသည်။ အထူးသဖြင့် အယူဝါဒဆိုင်ရာ ယဉ်ကျေးမှုတွင် လွှမ်းမိုးမှုအထင်ရှားဆုံးဖြစ်သည်။ ဟိနိ္ဒူအယူဝါဒ၊ မဟာယာနနှင့် ထေရဝါဒ ဗုဒ္ဓအယူဝါဒတို့သည် အပြိုင်အဆိုင်ထွန်းကားခဲ့ကြောင်း အထောက်အထားများစွာ တွေ့ရလေသည်။ မြို့တွင်း မြို့ပြင်၌ ဗိသုကာလက်ရာများဖြစ်သော ဗုဒ္ဓအယူဝါဒဆိုင်ရာ စေတီပုထိုးနှင့် ဂူဘုရားများတည်ရှိခဲ့ကြသည်နှင့် အမျှ အနုပညာလက်ရာမြောက်သော ကျောက်ဆစ်ရုပ်ကြွဆင်းတုများ နှင့် အုတ်ပုံနှိပ်ရုပ်ကြွဆင်းတုများကိုလည်း အမြောက်အများထုလုပ်ပူဇော်ကြသည်။ ထင်ရှားသော မြေစိုက်အုတ်စေတီများမှာ မြို့ရိုးအပြင်ဘက်ရှိ ဘောဘောကြီးဘုရား၊ ဘုရားကြီးနှင့် ဘုရားမာတို့ဖြစ်ကြသည်။ ဂူဘုရားများအနက် လေးမျက်နှာ၊ ဘဲဘဲနှင့် ဈေးဂူနှစ်ဆူတို့မှာ စိတ်ဝင်စားဖွယ်ရာ လက်ရာများဖြစ်ကြသည်။ သာသနာအဆောက်အဦးပေါင်းများစွာမှာ ကာလကြာမြင့်၍ ပြိုပျက်ပြီးနောက် အုတ်ကုန်းများအတိဖြစ်နေရာ ယင်းတို့ကို ရှင်းလင်းတူးဖော်ရှာဖွေရာ၌ သာသနိက ရှေးဟောင်းပစ္စည်းများ ပေါ်ထွက်လေ့ရှိသည်။ ထိုအနက် အုတ်ခွက်ခေါ်သော ပုံနှိပ်အုတ်ချပ်ဆင်းတု အမြောက်အမြားကို အနှံအပြားတွေ့ရှိရသည်။ ထိုအုတ်ခွက်တို့၏ မျက်နှာဖက်တွင် ဗုဒ္ဓရုပ်ပွားတော်ကို လည်းကောင်း၊ ဗောဓိသတ်ဘုရားလောင်းပုံကိုလည်းကောင်း ထုလုပ်ထား၍ အချို့တို့တွင် ရှေးဟောင်းနာဂရီ အက္ခရာဖြင့် `ယေဓမ္မာ ဟေတု ပြဘဝါ´ အစရှိသော ဂါထာ ရေးထိုးပုံနှိပ်ပါရှိ၏။ အချို့အုတ်ခွက်၏ ကျောဖက်တွင် ပျူဘာသာဖြင့် စာတမ်းတိုတိုအနည်းငယ်ပါရှိလေ့ရှိသည်။
သရေခေတ္တရာတွင် ဗုဒ္ဓအယူဝါဒထွန်းကားခဲ့ကြောင်း လက်ရေးအထောက်အထားများကိုလည်းတွေ့ရ၏။ ၁၈၉ရ ခုနှစ်က သရေခေတ္တရာမြို့ဟောင်း၏ တောင်ဖက် ခုနစ်မိုင်ခန့်အကွာရှိ မောင်ကန်(သို့မဟုတ် လယ်ပေါ်ရွာ)မှ ရှေးဟောင်းစာ အရေးအသားပါရှိသော ရွှေချပ်လွှာနှစ်လွှာကို တွေ့ရှိရသည်။ ထိုရွှေချပ်လွှာနှစ်လွှာသည် စာသုံးကြောင်းရေး ပါဠိတော် ရွှေပေစာများဖြစ်ကြ၏။ အက္ခရာ အရေးအသားမှာ အိနိ္ဒယတောင်ပိုင်းမှ အက္ခရာများဖြစ်၍ စာသားတို့မှာ ဝိနည်းမဟာဝါပါဠိတော်လာ ယေဓမ္မာ ဟေတုပ္ပဘဝါ အစချီသည့် ဂါထာကို အစပျိုး၍ ဒီဃနိကာယ်ပါဠိတော်၊ မဇ္ဈမနိကာယ်ပါဠိတော်၊ အဘိဓမ္မာပိဋကတ်ဝိဘင်းပါဠိတော် စသည်တို့မှ ကောက်နုတ်ချက်တို့ကို ဆက်လက်ရေးသားထားခြင်းဖြစ်သည်။ ၁၉၁ဝ ခုနှစ် ပြည့်နှစ်တွင် ဘောဘောကြီးဘုရားခြေရင်း မြေကြီးများရှင်းလင်းရာ၌ တွေ့ရှိရသော သုံးပိုင်းကျိုး ကျောက်ချပ်ငယ်တစ်ခုမှာ အဘိဓမ္မာဝိဘင်းပါဠိတော်လာ ဗုဒ္ဓပါဝစနများဖြစ်ကြောင်း သိရလေသည်။ ၁၉၂၆ခုနှစ်တွင် ကုလားကန်ကုန်းရွာအနီး မောင်ခင်ဘလုပ်သော တောင်ယာနှင့် ကပ်နေသည့် အုတ်ကုန်းဟောင်းမှ တူးဖော်ရရှိသည့် ရွှေချပ်လွှာ၂ဝ ချပ်မှာလည်း ပဋိစ္စ သမုပ္ပါဒ ဒေသနာ အစရှိသော ပါဠိပိဋကတ်တော်မှ ကောက်နုတ်ချက်ကိုးခုပါရှိလေသည်။
ဗြဟ္မဏ(ဟိန္ဒူ) အယူဝါဒဆိုင်ရာ ကျောက်ဆစ်လက်ရာများမှာ များသောအားဖြင့် ဗိဿနိုးနတ်ရုပ်များ ဖြစ်လေသည်။
သရေခေတ္တရာတွ် ရွှေဆင်းတု၊ ကြေးဆင်းတု၊ ငွေဆင်းတု၊ ငွေစေတီ စသော အယူဝါဒဆိုင်ရာ ဝတ္ထုပစ္စည်းများကို သာမက အနုပညာလက်ရာပြောင်မြောက်သော ဝတ္ထုပစ္စည်း အမျိုးမျိုးကိုလည်း ပြုလုပ်သည်ကို တွေ့ရှိရ၏။ လေးထပ်ပြင်ဘုရား အနီးမှလည်းကောင်း၊ ဆင်မ ကိုးဝန်တင်ကုန်းနှုင့် မုန့်သည်မကုန်းတို့မှ လည်းကောင်း ဖော်ထုတ်ရရှိသည့် ကျောက်ပလ္လင်အပိုင်းအစများမှာ ကြာဖတ်ကြာလွှာများ၊ မှန်ကူကွက်များနှင့် အမွမ်းအပြောက်တို့ဖြင့် အဆန်းတကြယ်ထုလုပ်ထားလေသည်။ တံကဲများ၊ သပိတ်များ၊ အရိုးအိုးများ၊ ဌာပနာတိုက်ဖုံးသည့် ကျောက်ပြားများနှင့် ခြင်္သေ့ရုပ်များတွင်လည်း ကျောက်ဆစ်လက်ရာထူးချွန်ပုံကို တွေ့မြင်နိုင်သည်။ ရွံ့့စေးကို မီးဖုတ်၍ ပြီးစေသော ရုပ်လုံးရုပ်ကြွများကိုလည်း လူရုပ်၊ ဘီလူးရုပ်၊ တိရိစ္ဆာန်ရုပ်၊ ကြာပန်းဖော်သော အုတ်တိုင်များအသွင် ဖန်တီးပြုလုပ်ကြလေသည်။
အယူဝါဒဆိုင်ရာ ယဉ်ကျေးမှုမှအပ ပျူလူမျိုးတို့၏ နေထိုင်ဝတ်စားဆင်ယင်မှု ဓလေ့ထုံးတမ်းများနှင့် စပ်လျဉ်းသည့် ယဉ်ကျေးမှုသာဓကများကိုလည်း အတော်အသင့် ထုတ်ဖော်တွေ့ရှိရသည်။ ကျောက်မျက်ရတနာတို့ဖြင့်ပြီးသော လည်ဆွဲပုတီးများ၊ ငွေရေသောက်ဖလားများ၊ ငွေကွမ်းအစ်များ၊ ငွေနံ့သာဗူးများ၊ ငွေကြာပန်းများ၊ လိပ်ပြာရုပ်၊ ဟင်္သာရုပ်၊ ရွှေလက်စွပ်၊ ငွေလက်စွပ်များစသည်တို့ကို ထောက်ရှု၍ သရေခေတ္တရာ၏ စည်ပင်ဝပြောမှုနှင့် ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားမှုကို သိသာလေသည်။ ပျူလူမျိုးတို့သည် သေဆုံးသည့်အခါ မီးသင်္ဂြိုဟ်သည့် အလေ့အထရှိကြ၏။ မီးကျွမ်းပြီးသော အရိုးစများနှင့် ပြာတို့ကို မြေအိုးများတွင် ထည့်သွင်း၍ ထိုအရိုးအိုးတို့ကို အစုလိုက်အပြုံလိုက် မြှုပ်နှံ့လေ့ရှိကြသည်။ သာမန်အရပ်သူ အရပ်သားများအတွက် မြေအိုးများကို အသုံးပြု၍ မင်းစိုးရာဇာတို့အတွက် ကျောက်အိုးများကို အသုံးပြုကြောင်းလည်း သိသာသည်။ ပျူဒင်္ဂါးများဟု ခေါ်ဝေါ်သော အမှတ်လက္ခဏာများ ခတ်နှိပ်ထားသည့် ငွေပြားဝိုင်းများကိုလည်း သရေခေတ္တရာမြို့ဟောင်းနှင့် ပတ်ဝန်းကျင်တွင် တွေ့ရှိရ၏။ အမှတ်လက္ခဏာများမှာ သီရိဝစ္ဆပုံ၊ နေ၊ လနှင့် နက္ခတ်များပုံ၊ စကြာပုံ၊ ဝရဇိန်လက်နက်ပုံ၊ သမုဒ္ဒရာပုံ၊ စသည်တို့ဖြစ်၏။ ယင်းဒင်္ဂါးများမှာ ကျပ်ပြားအရွယ်၊ ငါးမူးစေ့အရွယ်၊ မတ်စေ့အရွယ်များ ဖြစ်ရာ ငွေကြေးအဖြစ် အသုံးပြုဖွယ်ရာ ရှိသည့်အပြင် အန္တရာယ်ကင်း အဆောင်အယောင်အဖြစ် လည်ဆွဲဆင်ယင်ကြောင်း သိသာလေသည်။

သရေခေတ္တရာမြို့ဟောင်းမှတစ်ဆင့် ဘောဘောကြီးဘုရားသို့လည်း သွားရောက်လေ့လာခဲ့ကြပြန်ပါတယ်။ မသိတာတွေ သိရှိရပြီး ဒီလို မောင်နှမတစ်စု စုစုစည်းစည်းတစ်ခါဖူးမျှ သွားရောက်ဖူးခြင်းမရှိသော်လည်း စည်းလုံးညီညွတ်ပြီး တစ်ဦးနဲ့တစ်ဦး ကူညီရိုင်းပင်းစွာ သွားရောက်ရ၍လည်း အလွန်ပျော်ရွှင်ကြည်နူးမိပါတယ်။ သမိုင်းကြောင်းတွေပါ ထည့်ရေးထားလို့ ဘောဘောကြီးတို့ ဘဲဘဲလေးတို့ ဘုရားအကြောင်းတွေ ဆက်လက်ရေးသားချင်သော်လည်း နေရာအခက်အခဲကြောင့် မတင်ပြတော့ပါဘူး။ နောင်မှ သမိုင်းကြောင်းများကို ဆက်လက်ရေးပြပါဦးမယ်။ အဲဒီမှတစ်ဆင့် ထိုခေတ်က အရိုးအိုးများနဲ့ သင်္ဂြိုလ်ကြသည့် ရှေးဟောင်းသချင်္ိုင်းများကိုလည်း ထပ်မံ သွားရောက်လေ့လာကြပြန်ပါတယ်။ နေက ပူပူ လျှောက်လိုက်ရတဲ့ ဘုရားတစ်ဆူနဲ့တစ်ဆူကြား ၁၅ မိနစ်လောက် လျှောက်ရတယ်။ လမ်းကတော့ မြေနီလမ်းကျဉ်းမှာ နွားလှည်းရာတွေနဲ့လမ်းဆိုတော့ ညီတဲ့နေရာ ညီပြီး မညီတဲ့နေရာ မညီဖြစ်နေတာပေါ့။ ဒါပေမယ့်လည်း တစ်ယောက်နဲ့ တစ်ယောက် စကြ နောက်ကြနဲ့ တစ်နေရာပြီး တစ်နေရာ လေ့လာမှတ်သားရတာဟာ အတော်ကို ဗဟုသုတအစုံရရှိခဲ့ပါတယ်။ ဒီကြားထဲ ညီလင်းဆက်တို့တွေ ရှေးခေတ်က အင်းကြင်းကျောက်လား ဘုရင်တွေ သုံးခဲ့တဲ့ပစ္စည်းဆိုပြီး လမ်းမှာ တူးစရာမပါ ဘာမပါနဲ့ လေ့လာဖို့ တူးယူခဲ့ကြပြန်ပါတယ်။ ပြီးတော့ လိုက်စနေပြန်တယ်။ ဒီကျောက်တုံးကို ကိုင်လိုက်ရင် ဆုတောင်းပြည့်တယ်တဲ့ သားဖြိုးက ပြောပြီး အတင်းကိုင်ခိုင်းပါလေရော။ ကျွန်မကတော့ အေးပါ မင်းတို့သာ ဆုတောင်းပြည့်အောင် သယ်ပြီး ကိုင်လာခဲ့လို့ ပြန်ပြောလိုက်တယ်။

9 comments

  • weiwei

    April 27, 2011 at 4:28 am

    တင်ပြီးသားကြီးကို ပြင်တင်ထားတယ်နော် …
    http://myanmargazette.net/39208/creative-writing

    တစ်ခုသိချင်တာက မနောဖြူလေးနဲ့ လှယမင်းက တစ်ယောက်ထဲလား ??

    • bigcat

      April 27, 2011 at 4:45 am

      ကျနော်လည်း suspect ဖြစ်တယ်၊ မေးမလို့။ မနော တယ်လီဖုံးနံပါတ်သိရင် အသိပေးသင့်တယ်။ ဟိုတခါ သူ့အကောင့် hack အလုပ်ခံရတယ် ပြောတယ်မဟုတ်လား။

  • KoNyeinChan

    April 27, 2011 at 5:15 am

    (အသက်ကြီးလာလို ့ မေ့တတ်လာတာကြောင့်)
    မတင်ဘူးသေးဘူးထင်ပြီး နှစ်ခါတင်မိတယ်လို ့ဘဲထင်မြင်မိပါကြောင်း… 😛

  • moethidasoe

    April 27, 2011 at 5:34 am

    အခုမှ ဖတ်မိတော့ အသစ်ပေါ့ ..
    တက္ကသိုလ်ဘုန်းနိုင် ရဲ့ တစ်ပြည်သူမရွှေထားက ပြည်မှာ ဇာတ်တည်ထားတာ .. အဲဒီဝတ္ထုကို အသည်းစွဲခဲ့တယ် .. ပြည်ကို ရောက်ဖူးတာ ၁ဝ ကြိမ်မက ရှိပေမယ့် အခုထိ မြို့ဟောင်းကို မရောက်ခဲ့သေးဘူး .. ဒီ စာကို ကူးယူခွင့်ပြုပါ .. ဒီတစ်ခေါက် ပြည်ကို ရောက်ရင် လှည့်လည်ကြည့်တဲ့အခါ အထောက်အကူရမယ် ထင်လို့ပါ

  • piti

    April 27, 2011 at 5:35 am

    သရေခေတ္တရာမြိ ု့ဟောင်းကို ကျနော် ရောက်ဖူးပေမဲ့ သမိုင်းကြောင်းကို သေချာမသိဘူးဗျ
    ဘာပဲပြောပြော တင်ပေးလို့ ကျေးဇူးပါ

  • manawphyulay

    April 27, 2011 at 6:07 am

    ပြန်သိမ်းပေးပါမယ်။ ဒီတစ်ခါတော့ မနောကိုယ်တိုင် တင်မိလိုက်တာပါရှင်။ မဝေ မသိလို့မေးတာလား သိရဲ့နဲ့မေးတာလားဟင်….

  • weiwei

    April 27, 2011 at 7:00 am

    သိချင်လို့မေးတာပါ … မနောရေးတဲ့ပို့စ်တွေက လှယမင်း hlayamin blog ထဲကဟာတွေဆိုတော့ ကလောင်ကွဲတွေရှိသေးလားလို့ပါ … သူများတွေ သံသယကင်းအောင်လို့ မေးကြည့်တာပါ …

  • kai

    April 27, 2011 at 9:20 am

    အရင်အဟောင်းက … ပုံတွေမပါတာမို ့..အဲဒါကို ဖျက်ပေးလိုက်ပါတယ်..။
    ဒီစာတွေကို မနောဖြူကိုယ်တိုင်ရေးလို့ယူဆပြီး သေသေချာချာလုပ်ထားတယ်ထင်တာမို ့.. ပွိုင့်ပြန်မနှုတ်ထားပါဘူး..။
    ဒီလိုရေးတာမျိုးဆို… သတင်းစာကတောင် စာမူဝယ်ဖို့စဉ်းစားပါတယ်..။

    ဒီလိုမျိုးစာတွေ… ဆက်ရေးပါခင်ဗျား…။

Leave a Reply