ခရေပင်ကြီး

nainaiApril 30, 20111min1082

အရာအားလုံးတိတ်ဆိတ်နေ၏ ။
မျက်လုံးများဖွင့်လိုထားသော်

လည်း အမြင်အာရုံတွင် ဘာမှမထင်ဟပ်ခဲ့
ခြေလှမ်းများ၏ဦးတည်ရာအတိုင်း
စီးမြောရင်းစိတ်၏ခေါ်ဆောင်ရာသို့လိုက်ပါခဲ့မိ၏ ။

ကောင်လေး….နေကောင်းရဲ့လား…………

ကြင်နာစွာဖြင့်နှုတ်ဆက်သော ..သူ့အသံကြောင့်ပတ်ဝန်းကျင်ကိုသတိပြုမိလိုက်သည် ။
ငယ်စဉ်ကတည်းက….အကြိမ်ကြိမ် ရောက်ခဲ့ဘူးသောအရပ် …….
မရောက်တာကြာပေမယ့်
ယခုတိုင်မပြောင်းလဲသောနွေးထွေးမှုများဖြင့် နှုတ်ဆက်လာသူ ……..

ဟုတ်ကဲ့ ကောင်းပါတယ်ခင်ဗျာ…………..

ကျွန်တော်စိတ်ညစ်သောအချိန်တိုင်း ဒီနေရာလေးကို ရောက်ဖြစ်ခဲ့၏ ။
အထီးကျန်ဆန်သည်ဟု ခံစားရတိုင်း ရောက်ဖြစ်ခဲ့၏။
တစ်ချိန်က..ဒီနေရာလေးမှာ
ကျွန်တာ်ခံစားရသမျှကိုသူ့ကိုပြောပြနေခဲ့ဘူးသည်။

ကျွန်တော်ပြောသမျှကိုပြုံးပြီးနားထောင်ပေးတတ်သူ ။
ကောင်းသည်ဆိုးသည် မဝေဖန်တတ် ၊စကားနည်းသူတစ်ယောက်ဖြစ်ခဲ့သည်။
အကောင်းဆုံးနားထောင်ပေးခဲ့သူတစ်ယောက်ဖြစ်ခဲ့သည်။
နှစ်အတန်ကြာမှ….. စကားသံအချို့ကို သူ့ထံမှ ကြားခဲ့ရသည်။

သူပြောသောစကားကို နားဖြင့်မကြား နိင် …
အသည်းနှလုံး သက်သက်ဖြင့်သာ နားဆင်နိင်သည်။
သူသည်သဘာဝတရားနှင့်အညီ  အသက်ရှင်နေထိုင်တတ်သူ
…သူနှင့်ခင်မင်ခွင့်ရပြီးမှသဘာဝတရားကို ပိုပြီးအလေးအနက်ထားမိခဲ့၏ ။
ပိုပြီး နှစ်သက်မြတ်နိူးတတ်လာခဲ့သည်။

ကျွန်တော်ဖြတ်သန်းကြီးပြင်းခဲ့ရသော ဘဝထိုထိုကား ၂၄ နှစ်ဟူသော အချိန်ကာလ နှင့်မမျှအောင် ပင်ပန်းခဲ့၏ ။
ရှုပ်ထွေးခဲ့၏ ။
ဒီအတောအတွင်း သူ့ကိုမေ့ထားခဲ့မိ၏။
ယခုရောက်လာခဲ့ခြင်းမှာလည်းဘာကြောင့်မှန်းမသိပေမယ့် မသိစိတ်ထဲမှာ တစ်ခုခုဖြစ်နေခဲ့ခြင်း
ကြောင့်ဖြစ်မည်။
ကျွန်တော်က မေ့ထားခဲ့သော်လည်းသူကမူ မြင်မြင်ချင်းနှုတ်ဆက် ခဲ့သည်။
သူ၏နွေးထွေးမှုကြောင့်လည်း ကျွန်တော်စိတ်သက်သာရာရခဲ့၏။

သူကား…………

မိတ်ဆွေကောင်း  ပီသသူ
ကိုယ့်ကိုယ်ကိုရှက်မိသည်။

XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

ကြယ်ကလေးများ၏တေးသံကိုနားဆင်
ညအခါမှသာ တိတ်တိတ်လေးထုတ်လွှင့်တတ်သောပန်းတစ်ချို့၏
ရနံ့တို့ကိုစားသုံးရင်း မြက်ခင်းပေါ်လှဲအိပ်မိသည် ။
သဘာဝ၏အရသာကိုအပြည့်အဝခံစားရင်း
သူနှင့်စကားတွေအများကြီးပြောနေခဲ့မိသည်။

ကမာ္ဘကြီးပူနွေးလာမှုလည်းပါ၏၊ဘေဂျင်းအိုလံပစ်အကြောင်းလည်းပါ၏ ။
အထူးသဖြင့် သူမအကြောင်းကိုပိုပြီးပြောဖြစ်ခဲ့မိသည်။
ကျွန်တော့ခံစားမှုများကို လစ်လျှုရှုခဲ့ပြီး အရာရာတိ်ုင်းသူမစိတ်ကြိုက်ဖြစ်စေခဲ့ကြောင်း ၊
ဘယ်လောက်ချစ်မိကြောင်း ၊
မည်မျှမြတ်နိုးကြောင်း ၊
သူမကိုပြောပြချင်ခဲ့သော်လည်းမပြောပြဖြစ်ခဲ့သောစကားအခွန်းတိုင်းကို
ရင်ဖွင့်ပြောပြနေခဲ့မိသည်။

သူ ……ကျွန်တာ်မျက်နှာကိုစေ့စေ့ကြည့်ပြီးနားထောင်နေခဲ့သည်။
ဘာမှမပြောခဲ့…………

မည်မျှပြောနေခဲ့မိမှန်းမသိ………….
ကျွန်တော့်စကားများဆုံးသောအခါမှ
သူ……တစ်ခွန်း ချင်း ပြောလိုက်သည်…..

ကောင်လေး…မင်း..အသည်းကွဲနေပြီ…….

အထိတ်တလန့်ဖြင့် ကျွန်တာ့်ရင်ဘက်ကို ငုံ့ကြည့်လိုက်မိသည်။
ကျွန်တော့အသည်းနှလုံး နေရာမှာဘာမှမရှိ ဟာလာဟင်းလင်းဖြစ်သလိုခံစားရသည်။
အရာရာတိုင်း ခံစားချက်မဲ့သလိုခံစားရ၏။

သူသည် လူတွေအကြောင်းကိုကျွန်တော့်ထက်ပိုသိသူ
အတွေ့ အကြုံရင့်ကျက်သူ….
ကိုယ့်ကိုယ်ကို ညာလို့ရသော်လည်း သူကိုညာလို့မရခဲ့……….

XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

နွေခေါင်ခေါင်ကြီး ရုတ်တရက်….မိုးရွာချလိုက်တာ…..
ဖားတွေတောင်အော်ဖို့မေ့နေခဲ့တယ်လေ…..

ကောင်းကင်ကတစ်ပျော်တပါးခုန်ဆင်းလာကြတဲ့ မိုးစက်တွေက
အဖေါ်အပေါင်းအပြည့်နဲ့ ကျွန်တော့်ကိုလှောင်ပြောင်နေကြသလို….
အရာရာဟာစိုစွတ်လာခဲ့ပေမယ့် ကျွန်တော့်ရင်ဘက်ထဲမှာတော့ ခြောက်သွေ့နေခဲ့တဲ့ ညတစ်ညပေါ့ ။

XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

ကောင်လေး……………

ခေါ်သံကြောင့် သူ့ကိုမော့ကြည့်မိသည် ….
ကြင်နာလှစွာဖြင့်ကျွန်တော့်ကိုပြုံးပြီးကြည့်နေသော
ရင့်ကျက်လှသော သူ၏ဟန်ပန်တို့ကိုမြင်လိုက်ရသည်…
တဖန်  သူသည် အကြည့်ကိုတစ်နေရာသို့လွှဲလိုက်ပြန်သည် ။

ထိုနေရာသို့ကျွန်တော့် ကိုကြည့်စေချင်ကြောင်းမပြောပေမယ့် နားလည်လိုက်၏်….

ရေကန်ကြီးတစ်ခုပါ…..
အိပ်ပျော်နေသောကြာပန်းများဖြင့်ပြည့်နေသောကန်လည်းဖြစ်၏ ။
ညအချိန်တွင်အိပ်လေ့ရှိကြပြီး
နံနက်ခင်းရောက်မှအပြိုင်အဆိုင်ဖူးပွင့်တတ်သောသဘာဝကို
ငယ်စဉ်ကတည်းကသိပြီးဖြစ်သည်။
သူတို့အိပ်ရေးပျက်မည်စိုးသောကြောင့် နှုတ်မဆက်တော့ပါ ။
သေချာစွာစူးစိုက်ကြည့်မိတော့သည်။

တခဏအတွင်း
ရေကန်ထဲတွင်မိုးရေတို့က
လောဘတကြီးနေရာယူလာကြတော့သည်။

မိုးကား  မိုးပြေး… သို့သော်..သည်းလှ၏…

XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

မိုးတိတ်သွားပြီ….

ကြာပန်းတို့သည်
နောက်ထပ်မြင့်တက်လာသောရေမျက်နှာပြင်အထက်သို့ ရောက်ရန်မိမိတို့၏ရိုးတံတို့ကို ရှည်ထွက်လာစေရန်အားထုတ်ရပေတော့မည်။
မကြာခင်အာရုံတက်ပေတော့မည် ….

မိမိတို့၏ရိုးတံကိုရှည်ထွက်ရန် အားမထုတ်နိင်သောကြာပန်းတို့သည်. နောက်ထပ်ဖူးပွင့်ခွင့်ကိုရ
နိင်တော့မည်မဟုတ်တော့ပေ ။
ရေထဲတွင်ကျန်ခဲ့လျှင် ငါး ၊ လိပ် တို့၏အစာဖြစ်သွားနိင်သည်။
ကျွန်တော့၏ ဘဝသည် ကြာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင် ယခုခံစားနေရသော ခံစားချက်များ၊ အခက်အခဲများ၊ အချစ်၊အလွမ်းများ သည် ၊ မိုးရေစက်တို့ဖြစ်ပေလိမ့်မည် ။

ဘဝကို ဘယ်လိုဖြစ်စေချင်ပါသလဲ ?
ရေပေါ်မှာပွင့်မလား ?
ရေအောက်မှာ ကျန်ခဲ့မလား ?

ကျွန်တော် အံ့ဩထိတ်လန့်စွာ ၊ကျေးဇူးတင်စွာဖြင့် သူ့ကိုမော့ကြည့်လိုက် မိသည်….
( သူကား…………
ဘာမှမပြော….….. ထုံးစံအတိုင်း မိန့်မိန့် ကြီး  ပြုံးလျှက်နေ ၏ )

XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

ကသုက်ကရက်နှင့်ထပြန်သော ညဉ့်ငှက်တစ်ကောင် ၏ပြာယီးပြာယာနိ်င်မှု နှင့်အတူ ကျွန်တော်
ကြားလိုက်ရသည်ကား လူသံတစ်ချို့ ….
အိမ်မှလူများ ကျွန်တော့ကို လိုက်ရှာနေကြပေပြီ ။

မိုးရေများစိုရွှဲနေသော်လည်း ကျွန်တော်မချမ်းတော့ပါ …
မေ့လို့မရနိင်လောက်အောင်သိပ်ချစ်နေခဲ့သော်လည်း
သူမကို …..အဆိပ်သင့်အောင် မလွမ်းတော့ပါ ။

အရုဏ်သစ် နေမင်းကြီး အားကြိုဆိုရန် .ကြာဖြူတစ်ပွင့်လိုလွတ်လပ်စွာ ဖူးပွင့်မည်။
မျှော်လင့်ခြင်း ၊ တမ်းမက်ခြင်းကင်းစွာဖြင့် လွတ်လပ်စွာချစ်သွားမည်။
ပေါင်းဆည်းခွင့်ရှိရင်တော့ပေါင်းကြရမှာပေါ့
ကျွန်တော် အရှုံးပေးခဲ့ခြင်းမဟုတ်
ချစ်တတ်သွားခြင်းသာဖြစ်သည်၊
သဘာဝတရားကိုနားလည်သွားခြင်းသာဖြစ်သည်။
ဘဝဆိုတာက….အချစ်တစ်ခုတည်းမှမဟုတ်တာ
ရည်မှန်းချက်တွေ ၊အိမ်မက်တွေအတွက် အသက်ရှင်ကြရမှာပါ..
ကိုယ့်အတွေးနှင့်ကို်ယ် ကျေနပ်စွာပြုံးရင်း …………….

XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

ပြန်တော့မယ်နော်………………..
သူကား….ဘာမှပြန်မပြော….သူ၏ခန္ဓာကိုယ်မှ လွယ်ပိုးထားသော…
ခရေပန်းတချို့ကိုကျွန်တော့်အတွက်  ချွေချရင်း…..နှုတ်ဆက်လိုက်ပါသည်
ရေလိုအေးလို့ ပန်းလိုချမ်းမြေ့နိ်င်ပါစေ…..

XDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXDXD

ကျွန်တော် ချစ်တဲ့ခရေပင်ကြီးနဲ့ ကျွန်တော်မြတ်နိုးတဲ့ ကြာပန်းလေးတွေအကြောင်း၊ ကျွန်တော်သိပ်ချစ်သော ချစ်သူတစ်ယောက်အကြောင်း ကျွန်တော်ဘဝရဲ့ တစ်စိတ်တစ်ပိုင်း ကိုသရုပ်ဖေါ်ထားတာဖြစ်ပါတယ်။

2 comments

  • bigbird

    April 30, 2011 at 4:14 pm

    စိတ်ကူးယဉ်ဆန်ပေမယ့် အတွေးအခေါ်အရေးအသားကောင်းတယ်။
    ယူတက်ရင် သင်ခန်းစာလဲရပါသေး၏

  • kopauk mandalay

    May 1, 2011 at 11:30 am

    ခရေပင်နဲ့ကြာပန်းထံပါး
    တရံတစ်ခါဆီက
    တခန်းရပ် အလွမ်းဇာတ်ကိုပြောပြ
    ခံစားရသမျှ လျော့လို့လျော့ငြားပေါ့လေ။

    တခါကဆိုတော့ တခါကပေါ့……..
    ရက်စက်စွာ
    ချန်ထားရက်တဲ့ချစ်သူ
    ကျန်နေသူမှအလွမ်းတွေနဲ့
    ပန်းအကြွေခရေတွေ တစ်ပွေ့တစ်ပိုက်
    လူမိုက်လို့လဲ ဆိုချင်ဆိုပါတော့
    ကိုယ်ကတော့ ချစ်နေဆဲပါ
    မကြင်နာသူလေး…………….
    “ရေလိုအေးလို့ ပန်းလိုချမ်းမြေ့ပါစေ”လို့
    သွားလိုသူ ဖိုးချိုသီချင်းနဲ့
    နုတ်ဆက်ရင်း အလွမ်းတွေ ဝေလိုက်ပါတယ်နော်………………………….

Leave a Reply