သမီးလေးရဲ့အလှတရား (၁)

Pearl MayJuly 28, 20111min2229

ကလေးတစ်ယောက်ရဲ့ ရိုးစင်းတဲ့အတွေးခေါ်လေးတွေကနေ ပေါက်ဖွားလာတဲ့ ဖြူစင်တဲ့ စိတ်အလှတရားတွေကို ကျမတို့ ပတ်ဝန်း ကျင်မှာ တွေ့ကြုံခံစားရမှာပါ။ တစ်ခါတစ်လေ သူတို့လေးတွေရဲ့အတွေးအခေါ်နဲ့ လောကကိုရှုမြင်ကြည့်ပုံက ကျမတို့ လူကြီးတွေရဲ့ အမြင်နဲ့ကွာခြားလွန်းပါတယ်။

ကျမအသက် ၂ဝ ကျော် ၊ ၁၉၉၈ ခုနှစ် ဒီဇင်ဘာလ ၃ဝ ရက် မနက် ၁ဝ နာရီမှာ ကျမရဲ့ပထမဦးဆုံး ချစ်စရာ တူမလေးကို ကျမ အမကြီးက မွေးဖွားပေးခဲ့တယ်။ ကလေးငယ်မရှိခဲ့ဘူးတဲ့ကျမတို့အဖို့ တကယ့်ကိုထူးထူးဆန်းဆန်း လက်ဆောင်တစ်ခုရရှိသလို ပျော်ရွှင်ခဲ့ကြတယ်။ သမီးလေး ၁ လ ကျော်ကျော်လောက်မှာ သူ့အမေကိုအနိုင်ကျင့်ပြီး ကလေးကိုအိမ်မှာပဲအပြီး မွေးစားသလို ယူထားလိုက်ကြတယ်။ သမီးအမေအိမ်နဲ့ ကျမတို့အိမ်ကနီးနီးလေးဆိုတော့ ပြသနာမရှိဘူး သူ့မိဘတွေလည်းအချိန်ပြည့်နီးပါး ကျမတို့အိမ်မှာပဲလာနေကြတာပေါ့။ အဲဒီအချိန်တုန်းက ကျမက ဟိုတယ် ဧည့်ကြိုလုပ်နေတော့ ဂျူတီက မနက် ၊ ညနေ ၊ ည အလှည့်နဲ့ဆင်းရတာကိုး။ ညနေဂျူတီဆိုရင် ၃ နာရီမှာ ဂျုတီစပြီး ည ၁၁ နာရီမှာ ဂျူတီပြီးတယ်။ ဖယ်ရီနဲ့ပြန်ရတော့ ည ၁၂ နာရီကျော်ကျော်လောက်မှ အိမ်ပြန်ရောက်တယ်။ အံ့ဩစရာကောင်းတာက အဲလိုကျမ ညဘက်ပြန်လာရင် ဖယ်ရီကား ရပ်သံကြားတာနဲ့ ကလေးကနိုးနေပြီး ကျမကိုကြိုတာ ၊ အဲဒါဆိုကျမကသူ့နားသွားပြီး ခေါင်းလေးကို ပွတ်ပေးပြီး မေမေ ပြန်ရောက်ပြီနော်လို့ပြောရင် ပြန်အိပ်သွားရော။ ကလေးစကားစတတ်ကတည်းက ကျမကိုမေမေ ၊ သူ့အမေရင်း ကို မေကြီးလို့ခေါ်တာခုချိန်ထိပဲ။ ဒီကလေးကို ကျမဘယ်လောက် ချစ်တယ်ဆိုတာ ဘယ်လိုပြောရမှန်းတောင်မသိဘူး ရင်ထဲအသည်းထဲကကိုချစ်တာ။ အဲဒီတော့ ပြောရမယ်ဆိုရင် အရမ်းအလိုလိုက်တယ်ပေါ့။ ကျမနဲ့ကျမအဖေကအဆိုးဆုံးပဲ။ မိုးတွေအရမ်းရွာနေတာတောင် ကလေးပူဆာ ရင်ထီးဆောင်းပြီးလမ်းလျှောက်ထွက်ပေးတတ်တာ။ ဂျယ်လီကို အထုတ်လိုက်ကြီးမှစားချင်တယ်ဆိုလို့ ကျမအဖေက အထုတ်အကြီးကြီးဝယ်ပြီး ကလေးကို တိတ်တိတ်လေး ကျွေးတာ။ ကလေးလိုအပ်သမျှကို လည်းရာနှုန်းပြည့်မဟုတ်တောင်ကိုယ့်အတိုင်းအတာ နဲ့ တတ်နိုင် သလောက်ဖြည့်ဆည်းပေးခဲ့တယ်။ ကျမအမေနဲ့အကိုက အဲလောက်အလိုလိုက်တာမ ကြိုက်ဘူး ကလေးကို ဖျက်ဆီးနေ ကြသလိုပဲတဲ့။  ကျောင်းနေရင်သူများကိုဗိုလ်ကျလိမ့်မယ်တဲ့။ အကိုကဆိုအမြဲပြောတာ တစ်နေ့ကျရင် အဖေနဲ့နင်နဲ့ နားရွက်အကိုက်ခံရလိမ့်မယ်တဲ့။ အဲလိုပြောရင် ကျမအဖေကလုံးဝမခံနိုင်ဘူး ။ မင်းစောင့်ကြည့်ပါကွာ ၊ ငါ့မြေးလေးကအရမ်းလိမ္မာမှာကွ ၊ ငါသိတာပေါ့လို့ပြန်ပြန်ပြောတတ်တယ်။ ဒီလိုနဲ့သမီးလေး ကြီးပြင်းလာတာ အခုဆိုရင်သမီးလေး (၇) တန်းတောင် ရောက်နေပြီ။ သိကြတဲ့အတိုင်း အခုခေတ်ကလေးတွေကစကား အရမ်းတတ်ကြတာလေ။ သမီးလေးလည်းအပါအဝင်ပေါ့ ၊ တစ်ခွန်းတစ်ခွန်းပြောလိုက်ရင် လူကြီးတွေ ပါးစပ် အဟောင်းသားနဲ့ ဘာပြန်ပြောရမှန်းမသိဘူး။ သမီးလေး သူငယ်တန်းစတက်တော့ ကျမအဝေးမှာ အလုပ်သွား လုပ်ဖို့အကြောင်းဖန်လာတယ်။ ကျမမှာခရီးမသွားခင်အိပ်လို့မပျော်ဘူး ၊ ငါဒီကလေးနဲ့ခွဲပြီးနေနိုင်ပါ့မလား ၊ သမီးလေးရော ငါမရှိရင် အဆင်ပြေပါ့မလားနဲ့ ကိုယ့်ဟာ ကိုယ်တွေးပြီးစိတ်မချနိုင်ဘူး၊ တကယ်တော့ ကိုယ်ကအဖြစ်သည်းနေတာ။ ကလေးကသူ့မိဘအရင်းနဲ့ အဘိုးအဘွားနဲ့နေခဲ့ရမှာလေ။ ဘာမှစိတ်မချစရာအကြောင်းမရှိဘူးပေါ့နော။ ကလေးကတော့ ကလေးပဲ။ အဲလောက်ခံစားချက် ရှိတာမဟုတ်ဘူး ။ သွားခါနီး နှစ်ရက်လောက်အလိုမှာ ကျမ ကလေးကို ခေါ်ပြီးမေးတယ် ။ သမီးလေး မေမေသွားရင်ငိုမှာလားဆိုတော့။ သူပြန်ပြောတဲ့စကားမှာ ကျမတောင်ငိုရမလို ရီရမလိုဖြစ်သွားတယ်။ သူပြောတာက မေမေကဘယ်လိုဖြစ်စေချင်သလဲ ငိုစေချင်ရင်ငိုပါ့မယ် ရီစေချင်ရင်ရီပါ့မယ်တဲ့။ တကယ်တမ်း ကျမခရီးသွားတဲ့နေ့မှာတော့ လေဆိပ်မှာ ကျမခြေထောက်ကိုဖက် ကျမကိုမော့ကြည့်ပြီး မေမေ ရယ် လဂျန် (လေယာဉ်ပျံ) ကြီးစီးပြီး ဟိုးအဝေးကြီးကိုမသွားပါနဲ့လားတဲ့။ဘာပြောကောင်းမလဲ ကျမလေဆိပ်မှာ ဟီးချငိုတာ၊ ခရီးကို Cancel လုပ်လို့လဲမရ ၊ အလုပ် contract မှာ ၂ နှစ် အတွက်ဆိုင်းထိုးပြီးပြီ ။ ပြီးတော့ ဗီဇာ ၊ လေယာဉ်လက်မှတ် ကိုလည်း agent ကတဆင့်ဟိုဘက်ကအကုန်ပို့ထားတာဆိုတော့ မသွားရင်လျော်ရမှာ။ လျော်လည်းမလျော်နိုင်ဘူးဆိုတော့  ကျမမှာ မျက်ရည်စက်လက်နဲ့လေယာဉ်ပေါ်တက်ရတာ။ အဲဒီမှာ ဆုံးဖြတ်ချက်ကတော့ချပြီးပြီ ၂  နှစ်ပဲ။ contract ကိုလုံးဝ extend မတိုးတော့ဘူးလို့။ (နောက်ပိုင်းကျတော့နေသားကျသွားလို့ contract extend လုပ်ခဲ့ပါတယ်။ )

ဆက်ရန်..

9 comments

  • nozomi

    July 28, 2011 at 4:09 pm

    အဲဒီလို အဒေါ်မျိုး တစ်ယောက်လောက်ရရင် လိုချင်သား

    • pan pan

      July 29, 2011 at 10:25 am

      အဲလိုအဒေါ်မျိုးက အပျိုကြီးတွေဖြစ်နေတာများတယ်
      သူတို့ကပိုသည်းကြတယ်

  • MOEPWINTPHYU

    July 28, 2011 at 5:14 pm

    ဟုတ်တယ် ငယ်ငယ်က အဒေါ်နဲနေဘူးတယ်သူတိုက ပိုအလိုက်ပြီး အမေတွေထက်ပိုချစ်တယ်လိုထင်ခဲတာ
    ဒါပေမဲ အသက်ကြီးတဲအချိန်မှာအမေကိုပဲ ပိုချစ်မိတယ်

  • hmee

    July 28, 2011 at 7:50 pm

    @moepwintphyu ရေ အဲဒါကြောင့် စကားပုံတခုပေါ်လာတာပေါ့။ ဝမ်းနှင့်မလွယ် သားမမယ် အမိတော်လည်း သားတော်ခဲဧ။် တဲ့။

  • ဆူး

    July 28, 2011 at 10:13 pm

    ဒီ အန်တီလေးက တော်တော် အချစ်ပိုတယ် ပြောရမှာပဲ..
    ကလေးဆိုတာမျိုးက သိပ်သိတာ.. လက်သာရင် ပိုကပ်တယ်။
    ဆက်ရန်ကို စောင့်ဖတ်နေမယ်နော်။

  • weiwei

    July 29, 2011 at 9:43 am

    ငယ်ငယ်တုန်းကဆို ကြီးဒေါ်အပျိုကြီးက အမေ့ထက်တောင်ပိုချစ်နိုင်ခဲ့တာပေါ့ … ဘယ်သူက အမေအရင်းလဲလို့တောင် ဇဝေဇဝါတွေးခဲ့ရဖူးတယ် … ဒါပေမယ့် အမေက အမေပါပဲ … ကြီးဒေါ်ဘယ်လောက်အလိုလိုက်လိုက် အမေ့ကိုပဲ ပိုခဲ့တယ် ..
    အခုတော့ ဝဋ်လည်မှာစိုးလို့ တူမတွေကို အရမ်းမချစ်တော့ဘူး … 😛

  • pisikway

    July 29, 2011 at 11:39 am

    အားငယ်သွားပြီကွယ်။ ဒါပေမယ့်သမီးလေးရဲ့အလှတရား ကိုအဆုံးထိရေးပြီးသား ဖြစ်နေလို့ဆက်တင်လိုက်ဦးမယ်နော်။ 🙂

  • moonpoem

    July 29, 2011 at 1:19 pm

    ဆက်တင်ပါ ဖတ်လို့ကောင်းပါတယ် အားပေးနေတယ် အစ်မေ၇

  • kai

    July 29, 2011 at 3:37 pm

    အမျိုးသမီးတိုင်းဟာ..မိခင်စိတ်ရှိသူတွေမို ့…ကလေးတွေကို… ပိုချစ်တတ်ကြတယ်ထင်တာပါပဲ..။
    သမီးလေးတယောက်.. ဝမ်းနဲ့လွယ်ပြီးမွေးကြည့်ပါလား..။ ပိုလို့တောင်ချစ်စရာကောင်းဦးမယ်….။
    မွေးပြီးသားဆိုရင်တော့ ခွင့်လွှတ်နော..အဲ..စင်ဂယ်ဆိုရင်လည်း ဆောရီး..။ 🙂

Leave a Reply