ရပိုင်ခွင့်နှင့်တာဝန်

မောင်ဆန်းSeptember 7, 20111min41918

ကျွန်တော့်မိတ်ဆွေတစ်ယောက်မှာ အငှားကားလေး တစ်စီးရှိပါတယ် နေ့စဉ်ဝင်ငွေလေး ရနေတော့ ဘေးကကြည့်ပြီး သဘောလဲကျ အားလဲကျပေါ့ ကိုယ့်လဲ ဒါမျိုးလေးတစ်စီး ရှိရင် ကောင်းမှာလို့ တွေးမိတယ် ဒါပေမဲ့ သူရှင်းပြလို့ ယာဉ်မောင်းကို ထိန်းရတဲ့ကိစ္စ၊ပြင်ဆင်ရေးကိစ္စ၊ဟိုကိစ္စ ၊ဒီကိစ္စတွေ အကြောင်း ကြားရတော့လဲ အငှားကားပိုင်ချင်တဲ့ စိတ်လေး ပျောက်သွားရတယ် မိတ်ဆွေက အခု ကြုံနေရတဲ့ အခက်အခဲလေး ထပ်ပြောပြတာက….

သူက ဝန်ထမ်းပါ ရှိတဲ့ငွေလေးရယ်၊ လိုတာကို အတိုးနဲ့ချေးပြီး အငှားကားလေး ဝယ်လိုက်ပါတယ် အကြွေးမြန်မြန်ဆပ်ချင်တော့ နေ့စဉ်ရတဲ့ အုံနာခကို ရဲရဲတောင် မစားရဲပဲ စုနေရတဲ့ဘဝပါ သူကားလေးဝယ်ပြီး သိပ်မကြာဘူး အငှားကားတွေ မီတာတပ်  .. မတပ်ရင် ဖမ်းမယ်၊ဆီးမယ်၊နုတ်နုတ်လှီးမယ်ဆိုတော့ ကြောက်အားလန့်အားနဲ့ ခါတော်မီပေါ်လာတဲ့ ကုမ္မဏီတွေထဲက တစ်ခုမှာ မီတာ ပြေးတပ်လိုက်ရတယ် အဲဒီတုန်းက ပစ္စည်းဘိုး၊လက်ခ ၃ သိန်းကျတယ်  အစတော့ ဟုတ်သလိုလိုနဲ့ မြန်မာပြည်ထုံးစံ စီမံချက်ကာလတော့ စစ်ဆေး၊သတိပေး၊အရေးယူ ဘာညာနဲ့ ကျွန်တော်တို့တောင် ဂျာနယ်တွေ ၊သတင်းစာတွေမှာ ဖတ်လိုက်ရသေး ၊ စီမံချက်ကာလလဲ ပြီးရော ဒီအမိန့်သူတို့ပေးတာ မဟုတ်တဲ့အတိုင်း ဘယ်သူမှလဲ မစစ်၊ ဘယ်ကားသမားမှလဲ မီတာမဖွင့် ကြာတော့ မီတာတပ်ထားပါတယ် ဆိုတာတောင် မေ့တေ့တေ့ ဖြစ်ကုန် ကြရော သူ့မှာ  မီတာကိစ္စပြီးတော့ အင်ဂျင်ကဖောက်လာရော ဆေးခန်းပို့ ခွဲစိတ်လုပ်လိုက်တော့ သိန်းဂဏန်း ကုန် အဲဒီနောက်ပိုင်းတော့ ကုန်ကျစရိတ်လေး နဲလာပြီး စုဆောင်း အကြွေးဆပ်နိုင်လာလို့ ပျော်မယ်ကြံကာရှိသေး မီတာစီမံချက် က တစ်ရေးနိုးပြီး ပြန်စလာပြန်ရော မီတာတွေကိုစစ်မယ်  ပထမ အကြိမ် ဒဏ်ငွေ တစ်သောင်း တစ်ထောင့် ငါးရာကျပ် နဲ့ လိုင်စင် တစ်လ ပိတ်မယ်၊ ဒုတိယကြိမ် တွေ့ရင် ဒဏ်ငွေ သုံးသောင်း တစ်ထောင့် ငါးရာကျပ်နဲ့ လိုင်စင် သုံးလ ပိတ်၊ တတိယ အကြိမ် (CNG) ထုတ်ယူခွင့် ၁ လ ပိတ်သိမ်း အရေးယူမယ် ဆိုတော့ မှ ကားက မီးတာလေး ဖွင့်ကြည့်တော့ ဖွင့်လို့မရတော့ဘူး  မြန်မာ့နည်း မြန်မာ့ဟန် ထုရိုက်ကြည့်မရ နဲ့ ပထမတော့ ချက်ချင်းသွားမပြင်သေးပဲ စောင့်ကြည့်သေးတယ် ကြာလာတော့ ယာဉ်မောင်းက ကျွန်တော်တော့ မမောင်းရဲတော့ဘူးဆိုမှ သူတို့မီတာတပ်ခဲ့တဲ့ ကုမ္မဏီကို ပြေးရတယ် မီတာအထူးကုနဲ့တွေ့တော့ မှ အဖြေကရှင်းသွားတယ် မီတာကကောင်းတယ် မိုင်းလစ်ကြိုးမရှိလို့ မပြတာတဲ့ ( အင်ဂျင်ချတုန်းက ပျောက်သွားတာ ဖြစ်မှာပေါ့) အဲဒါဆို အစားထိုးလို့ရမလားဆိုတော့ မိုင်းလစ်ကြိုးတော့ အပိုမရှိဘူး နောက်တစ်လုံးအသစ်လဲမှ ရမယ် ဈေးတွေကျနေပါတယ် တစ်လုံးလုံးမှ နှစ်သိန်းထဲတဲ့ သေပြီဆရာလို့ အော်ရမဲ့ကိန်း……. တခြားကုမ္မဏီတွေမှာများ လဲလို့ရမလား စုံစမ်းကြည့်တော့ ကုမ္မဏီ တစ်ခုနဲ့ တစ်ခု သွင်းလာတဲ့ ပစ္စည်းက မတူဘူး ၊ ဒီပစ္စည်းက ဒီကုမ္မဏီ တစ်ခုထဲမှာပဲ ရှိတယ် ဒါ ခင်ဗျား ကံကောင်းတာတဲ့ တချို့ကုမ္မဏီဆို ဘဘကြီးတို့ရဲ့ ထောက်ခံအားပေးမှုနဲ့  ရက်ပိုင်းအတွင်း မီတာကုမ္မဏီထောင် သွင်း မြိုးမြိုးမြက်မြက်ကလေး ရောင်းပြီးတော့မှ စီမံချက်ကာလ ကလဲ မရှိတော့ ကားသမားတွေက ထပ်တပ်တာ၊လာပြင်တာလဲ မရှိတာနဲ့ ကုမ္မဏီတောင် ဖျက်လိုက်ပြီ မရှိတော့ဘူး ဆိုပဲ (ရိုက်ချက်ကတော့ ပြင်းတယ် သူများတွေလို ချည်တုတ်ရိုက်ရုံဆို သိနေမှာစိုးလို့ မေ့ဆေးပေးပြီးမှ ရိုက်တာနေမှာ J) အသစ်လဲ မလဲနိုင် မီတာမဖွင့်ရင်လဲ ရဲဖမ်းမှာ ကြောက်ရတော့ ကြုပ်ကျက်လိပါဦး ဆရာသမားတို့ရယ် ဆိုတော့မှ မြန်မာ့တီထွင်နိုင်စွမ်းကိုပြလိုက်တာ မီတာက ကားစမောင်းရင် ဖွင့်ထားလိုက် မသွားသေးဘူး မီပွိုင့်မှာ ရပ်နေတဲ့အချိန်မှ မီတာကတက်လာပြီး အလုပ်လုပ်မယ် မတော်တဆများ ကိုကိုရဲတွေနဲ့တွေ့ရင် သူတို့မစစ်ခင် နဲနဲခိုးရွှေ့လိုက် သူတို့စစ်တဲ့အချိန် မီတာကလဲ အလုပ်လုပ်နေမယ်၊သွားခဲ့တဲ့ ခရီးအတွက်လဲ ကုန်ကျစရိတ်ပြနေပြီ ကဲ မပိုင်လား တစ်ခုတော့ ရှိတာပေါ့ ဓါတ်ပုံရိုက်ပြီး ဖွမဲ့မမမျိုး စီးနေတဲ့အချိန် မစစ်ပါစေနဲ့လို့တော့ ဆုတောင်းပေါ့ နောက် ကျွန်တော်ကိုလဲ ပြောသေးတယ် မေးလို့သာ ပြောရတာ ဟိုရေးဒီရေး ရှောက်ရေးမနေနဲ့ဦးတဲ့ တကယ်လို့ ရေးချင်လဲ နာမယ်တွေ နံပတ်တွေတော့ ထည့်မရေးပါနဲ့ကွာ မတော် ရွာထဲလာပုန်းနေတဲ့ ရဲတွေ့ပြီး လမ်းကစောင့်ဖမ်းရင် အကြွေးလေး ထပ်တင်သွားပါဦးမယ်တဲ့…

 

ဒီတပတ်ထုတ်တဲ့ weekly eleven ထဲမှာ မန္တလေးက ဆရာစိုးဘားဒိုင်ရဲ့ “ကောင်းကင်ပေါ်ကသွားတယ်..” ဆိုတဲ့ ဆောင်းပါလေး ပါလာတယ် ရန်ကုန်ကနေ မန္တလေးအပြန် လေယာဉ်စီးတုန်း ကြုံခဲ့ ရတဲ့ အတွေ့အကြုံလေး ရေးထားတာ ဝတ္ထုတို အရေးကောင်းတဲ့ဆရာ ရေးတဲ့ ဆောင်းပါးဆိုတော့ ဆောင်းပါးနဲ့ မတူပဲ ဝတ္ထုတို ဖတ်ရသလိုပဲ ကိုယ်ပါ လေယာဉ်ထဲပါသွားတယ် ဆရာစိုးက ဩဂုတ် ၂၈ ရက်နေ့ ရန်ကုန်ကိုလာ ၃ဝ ရက်နေ့ လေယာဉ်နဲ့ မန္တလေးကို ပြန်တယ် လေယာဉ်က မနက် ၈ နာရီ မင်္ဂလာဒုံကွင်းက တက်တယ် အလာတုန်းက ခရီးထက် ရာသီဥတုကကောင်းတော့ ခရီးစဉ်က အေးအေးဆေးဆေးပေါ့ နာရီဝက်လောက်နေတော့ လေယာဉ်မယ်ချောချောလေးတွေက မုန့်၊လက်ဖက်ရည်၊အအေးတွေ လိုက်တိုက်တယ် မုန့်ဗန်းလေးထဲက မုန့်ကိုယူပြီး စားမယ်လုပ်တုန်း မုန့်ဗန်းကအောက်ကိုလျှောကြ၊ လေယာဉ်ကြီးကလဲ ရုတ်တရက် အောက်ကိုစိုက်ဆင်းသွားတယ် ဝုန်း ဆိုတဲ့ အသံကြားရပြီးတော့  ခေါင်းပေါ်က အောက်ဆီဂျင်ပိုက်တွေ ပြုတ်ကျလာတယ် အပေါ်ကလေထွက်ပေါက်တွေက လေမထွက်တော့ဘူး လေယာဉ်မှူးက လေယာဉ်ထဲမှာ လေဖိအားပြသနာပေါ်တဲ့အတွက် မင်္ဂလာဒုံကွင်းကိုပြန်လှည့်မယ် ဘာမှ စိတ်မပူကြပါနဲ့ လို့ကြေငြာပေးတယ် လေယာဉ်မယ်လေးတွေကလဲ “ မပူကြပါနဲ့ရှင်”  ပေါ့ ဒါပေမဲ့ သူတို့ကိုယ်တိုင် စိတ်ပူနေတဲ့မျက်နှာက ဖုံးလို့မရဘူး ခဏကြာတော့ အထဲမှာ လေကပူလာတယ် အသက်ရှုလို့ မဝတော့ဘူး အဲဒါနဲ့ အောက်ဆီဂျင်ပိုက်ကို ယူတပ်ကြည့်တော့ အောက်ဆီဂျင်ကမထွက်ဘူး တချို့ဟာတွေက မကောင်းလို့ပါ ကောင်းတဲ့ဘက်က ဟာကိုယူတပ်ပေးပါ လို့ လေယာဉ်မယ်လေးတွေက လိုက်ပြောပေးတယ် လေယာဉ်ထဲက အပူချိန်က ကြာလေပိုပူလာလေဖြစ်လာတယ် ဘာကြောင့်ဖြစ်တာလဲ ဆိုတာမေးတော့ သူတို့ဖြေတဲ့အဖြေက ဟိုလိုလို ဒီလိုလို ကျွန်တော့်မှာ ဖတ်ရင်းနဲ့ မျက်စေ့ထဲ ကွက်ကွက်ကွင်းကွင်း မြင်ရင်း အသက်ရှုကြပ်လာတယ် ရေးထားတာလေး က ပေါ်လွင်လွန်းလို့ ဆရာ ရေးထားတာလေး ဖတ်ကြည့်ပါဦး “လေယာဉ်မယ်ကလေးက ကိစ္စတွေကို ရှင်းပြနေသည် ။ အောက်ဆီဂျင်ပိုက်တွေက အလုပ်မလုပ်တာကိုလည်း ပိုက်တွေကို ဆွဲဆွဲဆောင့်နေသည်။ ဒီလိုမျိုးအောက်ဆီဂျင်ပိုက်တွေ အောက်ကိုပြုတ်ကျလာတာကို သူတို့လည်း မကြုံဖူးသေးကြောင်း ပြောနေသည်။ အလုပ်မလုပ်သည့် အောက်ဆီဂျင်ပိုက်တွေကို ဆွဲဆွဲဆောင့်နေတာက ပိုက်သာပြုတ်ပြတ်ကုန်မည်၊ အောက်ဆီဂျင်ကထွက်မလာပေ။

တချို့ခရီးသည်တွေ လေတဖျပ်ဖျပ်ယပ်ခပ်နေရသည်။ တချို့က ရင်ဘတ်ကိုဖိနေပြီး၊ တချို့က နားပေါက်တွေကို လက်ဖြင့်ပိတ်နေကြသည်။ ကျွန်တော်တို့ ချွေးတွေပြန်လာသည်။ မွန်းကြပ်လာသည်။ အသက်ရှုမဝသလိုဖြစ်သည့် ခရီးသည်တွေက အနီးဆုံးလေဆိပ်ကိုမဆင်းဘဲ ရန်ကုန်ပြန်နေတာကို ပြောနေကြသည်။

အပေါ်က လေအေးထွက်နေသည့် အပေါက်တွေက လေလုံးဝမဝင်တော့ပေ။ လေယာဉ်ထဲတွင် လေနည်းနေပြီး အသက်ကိုလုရှူနေရသည်။ လူတွေက မျက်လုံးစုံမှိတ်ပြီး ပါးစပ်ကတတွတ်တွတ်ရွတ်နေကြသည်။ မင်္ဂလာဒုံလေဆိပ်ကိုဆင်းခါနီးကျတော့မှ လေပေါက်တွေက ခန လေထွက်လာပြီး အသက်ရှူရတာပြန်ပြီး အဆင်ပြေလာသည်။ လေယာဉ်ပြေးလမ်းပေါ် လေယာဉ်ဆင်းလိုက်တော့မှ ခရီးသည်တွေလည်း ဟင်းချနိုင်ရတော့သည် ” တဲ့

 

လေဆိပ်ရောက်တော့ လေယာဉ်ထွက်ခွာဆောင်မှာ ပြန်စောင့်ရတယ် အဲဒီလေယာဉ် ပြန်ပြင်နေပါတယ် နောက်ထပ်တစ်နာရီခွဲလောက်ဆို ပြီးမယ်ထင်ပါတယ်တဲ့ ခရီးသည်တွေက အဲဒီလေယာဉ်နဲ့ ပြန်လိုက်ရမှာ ကြောက်နေကြပြီ တခြားလေယာဉ်နဲ့ ပြန်လိုက်ဖို့ စုံစမ်းတဲ့သူက စုံစမ်း ကားနဲ့ ပြန်ဘို့ စီစဉ်တဲ့သူက စီစဉ် ၊ သူတို့ ဝန်ထမ်းတွေကို အခြေအနေ မေးကြည့်တော့လဲ အဖြေကအတိအကျ မသိရ သူတို့အထင်ပဲကြားရတယ် ၊ လေယာဉ်ကို စောင့်နေရင်းနဲ့ ကော်ဖီလေး မုန့်လေးတော့ ကျွေးဖော်ရတယ် ဆိုလို့ တော်သေးရဲ့ လို့တွေးမိတယ် နောက် နေ့လည် တစ်နာရီလောက်မှ ခရီသည်တွေကို နှစ်သုတ်ခွဲပြီး တခြားလေယာဉ်နဲ့ ပြန်ပို့ပေးတယ် ၊ အင်း ဆရာစိုးဘားဒိုင် နောက်တစ်ခါ လေယာဉ်လက်မှတ် အခမဲ့ဆိုရင်တောင် စီးရဲပါတော့မလား ….

 

ဒီရက်ထဲ သတင်းစာတွေမှာ ရပိုင်ခွင့် နဲ့ တာဝန် ဆိုတဲ့ စကားလုံးလေး ခဏခဏ တွေ့မိတယ် အခုကိစ္စတွေနဲ့ ဆက်စပ်စဉ်းစားကြည့်မိတာ လူတစ်ယောက် အဖွဲ့အစည်းတစ်ခုက ထိုက်သင့်တဲ့ ရပိုင်ခွင့်ဆိုတာ ယူပြီး၊ရပြီးရင် သူကျေကိုကျေရမဲ့ တာဝန်ဆိုတာက ကပ်ရပ်ပါလာမှာပဲ ရသင့်တာလဲယူ ကျေသင့်တာလဲ ကျေဘို့လိုမယ် နိုင်ငံတကာမှာ တက်စီတွေ မီတာသုံးနေတာ ကြာပြီ မြန်မာပြည်မှာလဲ ကျင့်သုံးမယ်ဆိုတာ ကောင်းတဲ့ကိစ္စပါ အဲဒီကောင်းတဲ့ကိစ္စကြီးက အခုမှပဲ အားလုံး ဒုက္ခရောက်ပြီး မကောင်းတဲ့ကိစ္စ ဖြစ်နေရတယ် စကတဲက မြန်မာပြည်မှာ မီတာသုံးတော့မယ်ဆို ဆာဗေးလုပ် အစီအစဉ်ရေးဆွဲ တစိုက်မတ်မတ် အကောင်အထည်ဖော် ဒါမျိုးဖြစ်ရမယ် အခုတော့ တစ်ယောက်ယောက် က မင်းတို့တက်စီတွေ မီတာသုံးကြလေကွာ ဆိုတာနဲ့ တူ၊သားတွေ ကို ကုမ္မဏီအားချင်းထောင် အမြတ်များများနဲ့ရောင်း ယူချင်တာတော့ယူတယ်  ပြီးတော့ ဘာတာဝန်မှ မယူတော့ဘူး တချို့ကုမ္မဏီတောင် မရှိတော့ဘူး အကောင်အထည်ဖော်တာလဲ ကောက်ရိုးမီး ဒီမှာက စီမံချက်ဆိုတဲ့ စကားလုံးက မကောင်းတဲ့ဘက်မှာ တော်တော်တွင်ကျယ်နေပြီ လုပ်သင့်လုပ်ထိုက်တာဆို မှန်မှန်လေးအကောင်အထည်ဖော်ရမှာ အခုတော့ စီမံချက်ရှိမှပဲ လုပ်တတ်တော့တယ် ပွဲပြီးမီးသေပဲ တက်စီမီတာ တစ်ခုမှာတင် အလဟသာဖြစ်သွားရတဲ့  အချိန်၊ငွေကြေး နဲတာမဟုတ်ဘူး…

 

လေယာဉ်ကိစ္စကျတော့ ဒီဖြစ်စဉ်မျိုးဖြစ်တာ အဲဒီလေကြောင်းလိုင်းမှာရော မြန်မာပြည်မှာပါ အခုအကြိမ်က ပထမဆုံး အကြိမ်တော့ မဖြစ်နိုင်ဘူး ဒါပေမဲ့ အခုလို ကလောင်မထက်တော့ လူမသိသူမသိနဲ့ ပြီးသွားကြတယ် ခရီးသည်တွေက မြန်မြန်၊သက်တောင့်သက်သာ၊အန္တရာယ်ကင်းကင်း သွားချင်လို့ ပိုက်ဆံအများကြီးပေးပြီး လေယာဉ်စီးကြတာ ခရီးသည်ဘက် က ပေးလိုက်တာနဲ့ တန်တဲ့ဟာမျိုးတော့ ရသင့်ပါတယ် လေကြောင်းလိုင်းဘက်လဲ ရသင့်ရထိုက်တာ ယူပြီး သွားပြီ၊ ကျေသင့်တဲ့တာဝန်ကျေဘို့တော့လိုပါမယ် ၊ စက်ဆိုတာ ပျက်တတ်တဲ့ သဘာဝရှိတော့ အချိန်မရွေး ပျက်နိုင်ပါတယ် (နဂိုကတဲက မကောင်းလို့၊ ထိန်းသိမ်းမှုညံ့ဖျင်းလို့ဆိုရင်တော့ ပိုဆိုးနိုင်ပါတယ်) ဒါပေမဲ့ အရင်ကတဲက အောက်ဆီဂျင်ပိုက်တွေ ကောင်း၊မကောင်း ကြိုစစ်ထားဘို့မလိုဘူးလား ၊ လေယာဉ်ဝန်ထမ်းတွေက ကိုယ့်လေယာဉ်အကြောင်းကို သေသေချာချာ သိပြီး ခရီးသည်တွေ ကျေနပ်လောက်အောင် ရှင်းပြနိုင်တဲ့ အခြေအနေ မရှိသင့်ဘူးလား ၊ ကို်ယ့်ဘက်က အမှားဖြစ်ပြီးတဲ့နောက် ခရီးသည်တွေ စိတ်ကျေနပ်မှုရအောင် ကျွေးမွေး၊ဧည့်ခံ ဝန်ဆောင်မှု ပိုမပေးသင့်ဘူးလား ဆက်ပြောရင် အများကြီးရှိဦးမယ်..

 

အခုလိုပြောဖြစ်တာ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေ ၊ကုမ္မဏီတွေ၊ လေကြောင်းလိုင်းတွေ ကို အပြစ်တင်တဲ့သဘောမဟုတ်ပါဘူး ၊ ဖြစ်ပြီးခဲ့တာတွေက  ပြန်ပြင်လို့တော့ မရနိုင်ဘူး ၊ သက်ဆိုင်တဲ့ လူတွေရော ၊အလားတူလူတွေရော ဒီအဖြစ်အပျက်တွေကနေ  သင်ခန်းစာတွေ ကောင်းကောင်းယူနိုင်မှ နောက်ထပ် ဒါမျိုးအမှားတွေ ဖြစ်မလာမှာပါ မယူတတ်ရင်တော့ ဆရာသန်းထွန်း စကားနဲ့ပြောရရင် ငတုံး၊ငအတွေ ဖြစ်နေဦးမှာပဲ ..

အားလုံး ရသင့်တာလဲယူ ကျေသင့်တဲ့တာဝန်လဲ ကျေစေချင်ပါတယ်…

18 comments

  • killer

    September 7, 2011 at 10:10 pm

    ပို့စ်ကို ဖတ်နေရင်းနဲ့ အသက်ရှုရတာ ကျပ်သလိုဖြစ်လာတယ် ၊ တစ်ကယ် ဖြစ်ခဲ့တဲ့အဖြစ်အပျက် ဆိုတာ
    သေချာတယ်ပေါ့နော် ။ မလွယ်ပါလားကိုယ့်လူရယ် ၊ လေယာဉ်စီးရမှာ တောင်ကြောက်လာတယ်ဗျ ။ 🙁

  • zawmaung

    September 7, 2011 at 10:41 pm

    အားလုံး ရသင့်တာလဲယူ ကျေသင့်တဲ့တာဝန်လဲ ကျေစေချင်ပါတယ်…
    So do the almost all of the service center in Myanmar. Before you buy the goods , the girls said , we have all spare and service engineer available . When something wrong, no spare , out of stock , no more production , out of date , wait for 3 months etc etc.

  • မီးမီး သော်

    September 7, 2011 at 10:47 pm

    အမလေးနော်။လေယဉ်တော့ မစီးရဲပါဘူး။ဘယ်နားကမှ ခုန်ဆင်းလို ့မရနဲ ့ခက်ပါတယ်။ကားလေးနဲ ့ဘဲအေးဆေးကောင်းပါတယ်။

  • hmee

    September 8, 2011 at 12:01 am

    ဖတ်ပြီးတော့ စိတ်ထဲမှာ တမျိုးကြီးပဲ။ ပြန်လာရင် ကမ္ဘာတပတ်ကို စီးရဦးမှာပါလား။ တွေးရင်း ကြောက်သွားပြီ။ နောက်လည်း ဆရာစိုးလို ကလောင်စွမ်းတွေ ထက်ကြပါစေ။

  • kai

    September 8, 2011 at 3:48 am

    အရေးအသားလေးကြိုက်တယ်ဗျာ…။
    ပုံနှိပ်သတင်းစာထဲ .. Op-Ed ကဏ္ဍမှာတောင်ထည့်သုံးချင်မိတယ်..။
    ဒီတခေါက်ကတော့.. မနေ့တနေ့ကပဲ..ထွက်သွားတာမို့.. မမှီလိုက်ဖူး..။ စောင့်ဖတ်ဦးမယ်..။
    နောက်တခေါက်အတွက်…။ 🙂

    • nozomi

      September 8, 2011 at 9:18 am

      သူကြီး မနောက်နဲ့နော်..

      ကျွန်တော့်ဘာသာ နေရင်အကောင်းသား သူကြီးအိပ်မက်တွေ ပေးပြီးရင် ကျွန်တော့်မှာ အိပ်လို့ မပျော်တော့ဘူး 😀

      ရွာထဲမှာ လည်ပတ်၊လေ့လာခွင့်၊ကိုယ့်ပြောချင်တာလေး တွေ ပြောခွင့် ဆိုတဲ့ ရပိုင်ခွင့်တစ်ခု ယူထားတော့ ရွာသားတစ်ယောက် ကျေရမဲ့ တာဝန်ကျေဘို့ ကြိုးစားနေရုံပါ

  • MaMa

    September 8, 2011 at 7:29 am

    စာဖတ်ပြီး ကိုယ်လည်း “ကောင်းကင်ပေါ်ကလိုက်သွားလိုက်မိတယ်..”
    (လူတွေက မျက်လုံးစုံမှိတ်ပြီး ပါးစပ်ကတတွတ်တွတ်ရွတ်နေကြသည်။) ကို ဖတ်မိတော့ ရီလိုက်မိတယ်။
    နောက်တော့ ကိုယ်လည်း ခုရက်ပိုင်း လေယာဉ်နဲ့ ခရီးသွားခါနီးမှာ ဖတ်ရလို့ မျက်လုံးပြူး ရင်မောသွားပါကြောင်း…..
    လူတိုင်း နေရာတိုင်းမှာ ရပိုင်ခွင့်နှင့်တာဝန် ကို တွဲပြီး နားလည်ကြမယ်ဆိုရင် ပြဿနာတွေ အတော်နည်းသွားမယ်။

  • blackchaw

    September 8, 2011 at 9:32 am

    ဒီဆရာရေးပြသလို အတွေ့အကြုံ ကနေ သင်ခန်းစာယူပြီး
    မတော်တဆအခြေအနေ တွေအတွက် ကြိုတင်ပြင်ဆင်မှု တွေ လုပ်ဖို့လိုပါတယ်ခင်ဗျာ။
    နောက်တစ်ခါ ဒီလိုကြုံလာရင် ဘာလုပ်မလဲဆိုတာ မျိုးပေါ့။
    ဆရာ စိုးဘားဒိုင် ဆောင်းပါးထဲမှာ နီးရာလေဆိပ်ကို မဆင်းပဲ ရန်ကုန်ကိုပြန်လှည့်တာ
    ဘာကြောင့်လဲဆိုတာ သိသူများရှိရင် ပြောပြကြပါဦး။

  • nozomi

    September 8, 2011 at 2:03 pm

    Killer ရေ တကယ်ဖြစ်ခဲ့တာပါဗျာ မြန်မာပြည်မှာ ဒါမျိုးဘယ်တော့မှ ဖြစ်မှာမဟုတ်ဘူးတော့ မတွေးလောက်ပါဘူးနော် 😀

    မော်မော်သီးတို့ မမှီ တို့ မန်းထားတာလေး ဖတ်မိမှ ကြားဖူးတဲ့ ဟာသလေး တစ်ခု သတိရတယ် …
    “ ကံကောင်းတော့ လေယာဉ်နဲ့ ခရီးသွားခွင့်ရတယ် ဒါပေမဲ့ ကံဆိုးချင်တော့ လေယာဉ်ကပျက်ကျတယ် ကံကောင်းချင်တော့ လေထီးပါလာတယ် ကံဆိုးတော့ လေထီးကမပွင့် ဒါပေမဲ့ ကံကကောင်းနေသေးတော့ ကောက်ရိုးပုံပေါ်ကျတယ် အဲ ဒါပေမဲ့ ကံလေးနဲနဲဆိုးသွားတော့ အပ်ပေါ်ကို” ဆိုတာလေးပါ

    လေယာဉ်နဲ့ ခရီးသွားရတာ ကြောက်ဘို့ကောင်းတယ်လို့ ထင်ရပေမဲ့ သေဘို့ကံပါလာရင် အိမ်ထဲမှာ ကိုယ့်ဘာသာ နေရင်း အိမ်ပေါ်ပျက်ကျတဲ့လေယာဉ်ကြောင့် သေတာလဲ ရှိပါတယ် ၊ ကမ္ဘာမှာ လေယာဉ်ပျက်လို့သေတဲ့ သူထက် တခြားယာဉ်တွေကြောင့် သေတဲ့သူက ပိုများပါတယ် ၊ မမ လဲ စီးစရာရှိတာစီးပါ ဘာမှ မဖြစ်ပါဘူး ကျွန်တော် အာမခံပါတယ်

    blackchaw မေးတဲ့ မေးခွန်းကတော့ သက်ဆိုင်တဲ့ သူတွေ ဖြေရင် ပိုတိကျနိုင်တာပေါ့ ကျွန်တော် ဉာဏ်မှီသလောက် စဉ်းစားကြည့်ရတာတော့ ဖြစ်တဲ့ အချိန်မှာ မန္တလေး တို့ နေပြည်တော်တို့ က အနီးဆုံး ရန်ကုန်ကတော့ နဲနဲလှမ်းသေးတယ်လို့ ဆရာစိုးကပြောတယ် ခရီးသည်တွေ ပြောသလို မန္တလေး တို့ နေပြည်တော်တို့ ဆင်းလိုက်ရင် မြန်မြန်တော့ ရောက်မယ် ဒါပေမဲ့ နောက်ပိုင်းကိစ္စ အခက်အခဲတွေ တွေ့လာနိုင်တယ် သူတို့ရဲ့ လေယာဉ်ကို ပြင်နိုင်တဲ့ ကျွမ်းကျင်ဝန်ထမ်း စက်ကိရိယာက ရန်ကုန်မှာပဲ ရှိမယ်ထင်တယ် ရန်ကုန်ပြန်တဲ့ အထိ အန္တရာယ် မရှိနိုင်ဘူးလို့ ဆုံးဖြတ်ခဲ့ကြလို့ ရန်ကုန်ပြန်ခဲ့တယ်လို့ ထင်ပါတယ်

  • pan pan

    September 9, 2011 at 8:59 am

    တက္ကစီခတွေ ဈေးကြီးတယ်
    ကားသမားတွေကလည်း အုံနာခတက်လို့ ငြီးတယ်
    အုံနာတွေကလည်း အထက်ကဆိုခဲ့သလို ငြီးတယ်
    စီးတဲ့လူတွေခမျာလည်း ရတဲ့ဝင်ငွေနဲ့ တက္ကစီစီးဖို့ရာ လုံးဝမတတ်သာတော့မှ စီးဖို့ စဉ်းစားရတော့တယ်
    ဒီငွေတွေ ဘယ်သူယူသွားလဲကွယ်……….၊၊၊၊ 🙁
    ————————————————————————-
    လေကြောင်းလိုင်းမှာလည်း နိုင်ငံခြားက ပစ္စည်းအသစ်လေးများ အစိုးရကဝယ်လိုက်ရင် လေတပ်ကို မြန်မာ့လေကြောင်းက ဦးစားပေးနေရတယ်
    သူတို့က အရင်ယူချင်တာ
    ခုဟာကတော့ ဘယ်လေကြောင်းလိုင်းလဲတော့ မသိဘူးပေ့ါ
    အဲ…မြန်မာ့လေကြောင်းကတော့ လေယာဉ်အပိုပစ္စည်းကအစ လေယာဉ်တစ်စင်းလုံးအထိ
    ဦးစားပေးအဆင့် နောက်ဆုံးရောက်နေပါတယ်
    ပြုပြင်ရတဲ့ အင်ဂျင်နီယာတွေလည်း တခါတခါ စိတ်ညစ်ရပါတယ်

    • nozomi

      September 9, 2011 at 10:35 am

      ပန်ပန် က မြန်မာ့လေကြောင်းနဲ့ နီးစပ်တဲ့သူထင်တယ်

      “လေကြောင်းလိုင်းမှာလည်း နိုင်ငံခြားက ပစ္စည်းအသစ်လေးများ အစိုးရကဝယ်လိုက်ရင် လေတပ်ကို မြန်မာ့လေကြောင်းက ဦးစားပေးနေရတယ်
      သူတို့က အရင်ယူချင်တာ” ဆိုတဲ့မြန်မာ့လေကြောင်းက အတွေ့အကြုံလေးတွေလဲ လုပ်ပါဦး

      • pan pan

        September 9, 2011 at 11:03 am

        နီးစပ်တယ်ဆိုတာလည်း အဖေကမြန်မာ့လေကြောင်းကဆိုတော့ အဖေပြောပြလို့ သိရတာပါ
        အလုပ်ထဲမှာ ဘယ့်နှယ့်ကဘယ်လိုဆိုတာ ပြောပြပါတယ်
        ဟိုတလောကလည်း လေယာဉ်အသစ်တစ်စီးဝယ်လိုက်တာ လေတပ်ကယူသွားပါတယ် (ATRအမျိုးအစားတဲ့၊ လက်ရှိအဲပုဂံတို့မှာ ပျံနေတဲ့လေယာဉ်မျိုးပါပဲ၊ ဘေးမှာ ပန်ကာနှစ်ဖက်က အပြင်ထုတ်ထားတယ်၊ လေယာဉ်အရွယ်သေးတယ်)
        တချို့အပိုပစ္စည်းတွေလည်း တခြားကလိုအပ်တာရှိရင် မြန်မာ့လေကြောင်းလေယာဉ်က ဖြုတ်ခိုင်းလို့ အဖေဒေါခီးဖူးပါတယ်
        လေယာဉ်တခုခုဖြစ်ရင် တာဝန်ယူထားတဲ့လူက အဓိကဆိုတော့…
        တခါတလေလည်း အဖေငြီးပါတယ်
        ပစ္စည်းမလုံလောက်လို့တဲ့
        လေယာဉ်က ဘယ်နှစ်စီးပဲရှိတာကို ဘယ်နှစ်စီးကပျံလို့မရဘူး ဘာညာနဲ့….
        အဖေပြောတာနဲ့ လေယာဉ်တောင် မစီးရဲတော့ဘူး :mrgreen:
        (ပြီးတော့ အင်ဂျင်နီယာမှူးကြီးရာထူးထိပဲ ရနိုင်ခွင့်ရှိတဲ့အကြောင်းလည်း ပါတယ်၊ ဒီထက်မြင့်တဲ့ရာထူးတွေကို လေတပ်ကနေ အရပ်ဘက်ပြောင်းလာတဲ့ ဗိုလ်မှူးတွေ ရပါတယ်၊ ဒါကလည်း တစ်ကြောင်းပေ့ါလေ..)

        • ကြောင်ကြီး

          September 9, 2011 at 11:45 am

          ပန်ပန့် အဖေက လေကြောင်းလိုင်းကလား။ ကိုကြောင်ကြီးလည်း လေယာဉ်မှူးပါပဲကွယ်။ သာမန်လေယာဉ်တော့ မမောင်းဘူး၊ ဂျမ်ဘိုဂျက်လေယာဉ်ပျံကြီးမှမောင်းတာ။ အချိန်တိုင် လေယာဉ်ကော့ပစ်မှာထိုင်ပြီး စက်ဖွင့်၊ လီဗာနင်း၊ ဂီယာထိုး အရှိန်ယူပြီး ဝေါကနဲ့ ပျံတက်ရုံပါပဲကွယ်။ အတက်နဲ့အဆင်းသာ စတီယာရင်ကိုထိန်းပြီး နဲနဲဂရုစိုက်ရတယ်။ ကျန်တဲ့အချိန်တွေမှာတော့ အော်တိုပေးထားရုံပဲ။ သိချင်ရင် ကိုကြောင်ဆီကို ပီအမ်နဲ့ တိုက်ရိုက်ဆက်သွယ်နော်၊ သိသမျှ အိပ်သွန်ဖာမှောက် ပြောပြပေးမယ်…။ ပန်ပန်လေးအတွက် သီးသန့်….။ 😳

  • zawmaung

    September 9, 2011 at 11:04 am

    Myanmar airways is now under the management of Kambawza Bank .

  • nozomi

    September 9, 2011 at 1:02 pm

    ကိုဇော်မောင် ပြောတဲ့ Myanmar airways is now under the management of Kambawza Bank ဆိုတာက MAI ပါ သူက ဘန်ကောက် စင်ကာပူသွားနေတဲ့ လေကြောင်းလိုင်း ပန်ပန်ပြောတာက MA သူက အစိုးရလေကြောင်းလိုင်း ပြည်တွင်းသွားနေတာ

  • etone

    September 9, 2011 at 1:58 pm

    ဒီ အဖြောင်ယူကတော့ … etone ကိုလာ ခလုတ်တိုက်ပြန်ပြီနော် 🙁
    ပါ့ဘလစ်ချ်နေရာမှာ ကိုယ့်လိပ်ပြာကိုယ်လုံအောင်နေလျှင် ဓါတ်ပုံရိုက်ပြီး ပို့စ်တင်ချင်တာတောင် တင်လို့မရတဲ့ အဖြစ်ပါပဲ … ။

    မီတာ ကိစ္စကလည်း ဖွဲမီးလိုပါပဲ … ။အတင်းတပ်ခိုင်းလိုက် … သေချာလိုက်မစစ်လိုက်နဲ့… အတော့်ကိုရယ်နေရတယ် … ။ ဟိုတနေ့က MRTV 4 မှာ ကြည့်လိုက်ရတယ် … မီတာမတပ်တဲ့ယဉ်တွေကို စက်တင်ဘာလဆန်းကစပြီး ဖမ်းမယ် ဘာညာနဲ့ … ဟုတ်မဟုတ်တော့ စောင့်ကြည့်ရမယ်…. ။

    • nozomi

      September 9, 2011 at 2:17 pm

      နေရာတိုင်းမှာ စူပါလေဒီ အီးတုံး ရှိတယ်
      မဟုတ်တာ ဘယ်သူမှ မလုပ်ကြနဲ့
      လူကောင်းကိုစောင့်ရှောက်မယ် မကောင်းတဲ့သူကို ကြည့်မရဘူး ဆိုတာ ကြေငြာပေးတာပါ 😀

  • pooch

    September 9, 2011 at 6:50 pm

    အဲ့ဒီ ဆရာစိုးဘားဒိုင်ရဲ့ ဆောင်းပါးလေးကို ကျမလည်း ဖတ်လိုက်ရတယ် . သေချာတာကတော့ အဲ့ဒီနေရာမှာ ကိုယ်သာဆိုရင် သေနိုင်ပါတယ်။ အကြောက်လွန်ပြီးတော့ပါ။ ဦး nozomi ရေ ကားမီတာတင်မဟုတ်ဖူးရှင့်။ နေရာစုံ နယ်ပယ်အစုံမှာ စီမံချက် အမျိုးမျိုးနဲ့ ပါ။ မီတာဆိုလို့ ကိုယ်တွေ့ ကြုံရတာလေး ပြောရအုန်းမယ်။ စီမံချက် စီမံချက်ဆိုပြီး စက်မှုလုပ်ငန်းတွေမှာ လုပ်ငန်းမီတာတွေကို လိုက်စစ်တဲ့ သကာလ ကိုယ်တွေရဲ့ လုပ်ငန်းကိုလည်း ဝင်စစ်ပါလေရောလား ။ အကောင်ရေ ပိုသုံးတာလည်း မရှိ ၊ လိမ်လည်မှုလည်း မရှိ ၊ ပါဝါမီတာလည်း ရှိတဲ့အခါ ဘာပြောသလဲဆိုတော့ အခုလာစစ်တဲ့ လူကြီးများကို ဧည့်ခံဖို့ အလှူငွေလေး ၃ သိန်းလောက်ထည့်ပါတဲ့ ။ ဘာတတ်နိုင်မှာလည်း ရှင် ။ပေးရတာပေါ့။ ကိုယ်တင်လားဆိုတော့ လုပ်ငန်းတူများလည်း တချို့ လွတ်ပြီး တချို့လည်း အဲ့ဒီလိုပါတဲ့။မနှစ်လောက်ကပါ။ ဒီရှေ့လျှောက်လည်း ဘယ်လို စီမံချက်တွေ လာမယ် မသိပါဘူး။ ဘယ်လိုစီမံချက်တွေပဲ လာလာ သက်ရောက်မှုကတော့ ကိုယ်လို သူလို နဖူးကချွေးခြေမ ကျအောင် လုပ်ကိုင်စားသောက်နေရတဲ့ ပြည်သူတွေ အပေါ်မှာပါပဲ။

Leave a Reply