ကြာပန်းလေးတွေရဲ့ ဒဏ္ဍာရီ(၃)
သူတို့ အားလုံး အံ့ဩနေချိန်မှာ ကောင်မလေးက သူတို့ကို မြင်သွားတယ်။
“အယ်” ဆိုပြီး မျက်လုံးလေးပြူးပြီးကြည့်နေတယ်။ ပြီးတော့-
“နင်တို့ ဒီအခန်းကလား” မိမိက သွက်သွက်လက်လက်နဲ့ဝင်ဖြေတယ်။
“ဟုတ်တယ် ငါတို့အားလုံး ဒီအခန်းက ”
“ငါ နင်တို့နဲ့ ခင်လို့ရလား နင်တို့နဲ့ သူငယ်ချင်းဖြစ်ချင်တယ် ရမလား ..ဟင်”
ကျစ်ဆံမြီးလေးနှစ်ဖက်ကျစ်ပြီး သနပ်ခါးပါးကွက် ဝိုင်းဝိုင်းလေးနဲ့ ကောင်မလေးကို ဘယ်သူက မခင်ချင်ရှိမလဲ။
“ဟာ..ရတာပေါ့ ငါ့နာမည်က ချာလီ…ရဲခေါင်လို့လည်းခေါ်တယ်”
” ငါ့နာမည်က မိမိ….မိမိဝေဖြိုး”
“ငါ့နာမည်က လွင်ဦး”
“ငါ့နာမည်က ဖိုးကျော့…ဖြိုးကျော်လို့ခေါ်လည်းရတယ် ”
“ငါက မီကျော်…မီမီကျော်”
“ငါက ဖိုးလွင်….ဇော်လွင်လို့ခေါ်တယ်”
သူတို့တွေ မိတ်ဆက်ပြီးတော့ အပြုံးလှလှလေးနဲ့ကောင်မလေးက နာမည်ကိုပြောပြတယ်။
“ငါ့နာမည်က မြတ်နိုးသီရိတဲ့”
လှလိုက်တဲ့ နာမည်လေး။ ကောင်မလေးကြည့်ရတာ ပြည့်စုံမယ်ပုံ. အများ ဝတ်ထားတဲ့ အဖြူအစိမ်း ဝတ်စုံတွေနဲ့ ကောင်မလေးရဲ့ ကျောင်းဝတ်စုံက ခြားနားနေတယ်လို့ ခံစားရတယ်။ ဒီနေ့မှ အခန်းထဲမှာ အပေါ်လွင်ဆုံး မင်းသမီးကလေး ရောက်လာတယ်လို့ သူထင်မိတယ်..။
“မြတ်နိုးသီရိက ဘယ်သူနဲ့ထိုင်မှာလဲ မိမိတို့ မီကျော်တို့နဲ့လာထိုင်ပါလား”
“ဟင်…..သုံးယောက်တစ်ခုံထိုင်ရတာမလား မိမိတို့နဲ့ထိုင်တဲ့ တစ်ယောက်က နေရာဖယ်ပေးပါ့မလား”
မိမိနဲ့ မီကျော်က ရယ်တယ်။ ကောင်မလေးက မျက်လုံးလေး ကလယ်ကလယ်နဲ့ မိမိတို့နှစ်ယောက်ရယ်တာကို သဘောမပေါက်သလို ကြောင်တောင်တောင်နဲ့ ကြည့်တယ်။ မီကျော်က-
“မီကျော်တို့က နှစ်ယောက်တည်းထိုင်တာ မြတ်နိုးသီရိရဲ့”
“ဘာဖြစ်လို့လဲ မြတ်နိုးလည်းသိချင်တယ်”
” မိမိတို့က ပိုက်ဆံမှမရှိတာ”
ကောင်မလေး အံ့ဩသွားတယ်။
“ဟုတ်တယ်..ဟ ဒီအခန်းက ဘယ်သူမှ ငါတို့နှစ်ယောက်နဲ့ မထိုင်ချင်ကြဘူး ဆင်းရဲလို့တဲ့”
“ငါ ထိုင်မယ်…”
“ဟင်”
“ဟုတ်တယ် နင်တို့နဲ့ ငါလာထိုင်မယ် နင်တို့က ငါရဲ့ သူငယ်ချင်းတွေပဲ လာ…နင်တို့ခုံဘယ်နားမှာလဲ ”
ကောင်မလေးက လက်ကမ်းပေးတယ်။ မိမိက ကောင်မလေးရဲ့ လက်ကို မရဲတရဲကိုင်လိုက်တယ်။ မိမိက-
” တကယ်လား..ဟင် ငါတို့နဲ့ နင်တကယ်ထိုင်မှာလား ..ဟင်”
“တကယ်ပေါ့ မြတ်နိုးလို့ပဲ ခေါ်ပါဟယ် နင်တို့ရဲ့ နာမည်ကိုလည်း ငါက အတိုကောက်ပဲခေါ်မယ် ကြိုက်လား”
“ကြိုက်တယ်”
မိမိနဲ့ မီကျော်က အပျော်ကြီးပျော်လို့။ မိမိနဲ့ မီကျော် ထိုင်တဲ့ခုံက ရှေ့ဆုံးတန်းရဲ့နောက် သုံးခုံမြှောက်မှာ။ ကောင်မလေးက မိမိတို့နဲ့ အဖွဲ့ကြသွားပြီး စကားတွေပြောနေလိုက်တာ ပျော်ပျော်ပါးပါး။ သူလည်း ကောင်မလေးကို ခင်သွားတယ်။ သူမှ မဟုတ်ပါဘူး။ ကျန်တဲ့ သူ့သူငယ်ချင်းတွေလည်း ခင်သွားကြတယ်။
အဲဒီနေ့မှာပဲ နောက်ထပ် အံ့ဩရတဲ့ အဖြစ်ကရှိသေးတယ်။ မြတ်နိုးရဲ့ အမေက ကျောင်းဆရာမတဲ့။ သူတို့အဖွဲ့ကို မုန့်ဝယ်ကျွေးတဲ့ အန်တီကြီးက ဆရာမတဲ့။ သူတို့ပျော်ကြတယ်။ ပျော်ဆို အန်တီဆရာမက သူတို့အတန်းကို အတန်းပိုင်ဆရာမအဖြစ် တာဝန်လွဲပြောင်းယူရမှာမို့လို့ပဲ။
“ဒေါင်…..ဒေါင်…ဒေါင်..ဒေါင်”
မုန့်စားဆင်း ခေါင်းလောင်းခေါက်ပြီ။ အားလုံးသော ကျောင်းသားတွေ ပုရွတ်ဆိတ်အုံကို ရေလောင်းလိုက်သလို အုံကြွတက်လာတယ်။ သူတို့အဖွဲ့လည်း အခန်းပြင်ကို ထွက်ရင်း ဝရံတာမှာ ရပ်ကြည့်နေကြတယ်။ ဒီနေ့ မုန့်ဖိုးက သူရယ် မိမိရယ် ပဲပါတာ။ အားလုံးရှိတာက ခြောက်ယောက်။ မုန့်ဝယ်စားရင် ခြောက်ယောက် မလောက်ငဘူး.။ မိမိမှာပါတာက ငါးကျပ်၊ သူ့မှာပါတာ တစ်ဆယ်၊ ပေါင်း ဆယ့်ငါးကျပ်။ မာကလားသီး ဥဖြူသီးတောင် တစ်လုံး သုံးကျပ်။ ခြောက်ယောက်ဆို သုံးကျပ်လိုနေတယ်။ ခေါက်ဆွဲသုပ်ဝယ်စားရင် တစ်ယောက် တစ်လုပ်ပဲ စားရမှာ။ ရေခဲချောင်းဆိုရင် တစ်ချောင်းကို ငါးကျပ်။ မရသေးပါဘူး။ သူ ဘာသွားဝယ်မလဲလို့ မိမိတို့က စောင့်မျှော်နေကြတယ်။
“နင်တို့ မုန့် မဝယ်စားကြဘူးလား”
” ဟင်…..အင်း ဟီးဟီး မုန့်ဝယ်စားမလို့ တွက်နေတာ”
“တွက်နေတာ ဘာတွက်တာလဲ..”
” ဒီမှာလေ ရှိတာက ခြောက်ယောက်ပေါင်း ဆယ့်ငါးကျပ် မုန့်ဝယ်စားရင်မလောက်ဘူး။ အဲဒါ တွက်နေတာ ဈေးပေါတာ ဘာရှိလဲလို့”
“အဲဒါများ ငါရှိသားပဲ မုန့်ဆိုင်ဘယ်နားမှာရှိလဲ နင်တို့ကို မုန့်ဝယ်ကျွေးမယ်”
“တကယ်”
“တကယ်လား..ဟင်”
မိမိနဲ့ မီကျော်က မရှက်နိုင်အောင် ပွင့်ပွင့်လင်းလင်းမေးကြတယ်။
“တကယ်ပေါ့ နင်တို့နဲ့သူငယ်ချင်းဖြစ်ရတဲ့အတွက် မုန့်ဝယ်ကျွေးတာ လာ နင်တို့လည်းလာလော မြန်မြန်”
ကောင်မလေးက မိမိနဲ့ မီကျော်ရဲ့ လက်ကိုဆွဲပြီး ရှေ့ကနေ စ..ပြေးတယ်။ သူတို့လည်း ပြေးလိုက်တာပေါ့။ သဘောကောင်းပုံရတဲ့ ကောင်မလေးက အဲဒီနေ့က မုန့်တွေ ဝယ်ကျွေးလိုက်တာမှ အများကြီး။ တစ်နေ့တည်း မုန့်သုံးမျိုးလောက်စားရတာ အဲဒီနေ့ပဲရှိသေးတယ်။ မုန့်စားရင်း သူသိချင်တာတွေ ကောင်မလေးကို မေးရတယ်။
“နင့် အမေက ဆရာမဆို အတန်းပိုင်လုပ်မှာဆို ဒီနေ့မလာပါလား”
“အင်း ဒီနေ့က အရင်ကျောင်းမှာ မေမေ့ကို ကန်တော့ပွဲ နုတ်ဆက်ပွဲလုပ်ပေးလို့ မလာတာ။ ငါက အရင်ပြောင်းပြီး စာနောက်ကျမှာစိုးလို့ လာတက်တာ”
“ပျော်စရာကြီး နင်တို့က ပိုက်ဆံရှိမှာပေါ့နော်”
” ပြောတတ်ဘူး ငါလိုချင်တာ မရတာတော့မရှိသေးဘူးဟာ…ဘာပူစာစာ ရတယ် အဲဒါ ပိုက်ဆံရှိတာလား ဟင်..”
ကောင်မလေးက မေးတော့ သူဖြေရခက်သွားတယ်။
“အဲဒါရှိတာပေါ့ ဟ…”
“မိမိတို့အားလုံးက ဆင်းရဲတယ် မြတ်နိုးရဲ့။ အဲ….ဒါနဲ့ မြတ်နိုး တစ်ရက်ကို မုန့်ဖိုး ဘယ်လောက်ရလဲ..ဟင်”
” တစ်ရာ..”
“တစ်ရာ..” များလိုက်တာ။ သူတို့များ တစ်ရာတန်ကို ကိုင်တောင်မကိုင်ဖူးသေးဘူး။
“မိမိတို့ရော ဘယ်လောက်ရလဲ”
“ငါး……..ငါးကျပ်ထဲပါ”
ကောင်မလေး အသံတိတ်သွားတယ်။
“ဒါတောင် မရ တစ်ရက်၊ ရ တစ်ရက်..ဟ ဒီနေ့ဆိုကြည့် ချာလီနဲ့ မိမိပဲ ပါတာ.ငါတို့အိမ်က ဒီနေ့ မုန့်ဖိုးပိတ်တယ်…ကံကောင်းလို့ အဆော်မခံရတာ မြတ်နိုးရဲ့” လွင်ဦးက ဝင်ပြောလိုက်တယ်။
ကောင်မလေးအတွက် ဒီနေ့အဖို့ အံ့ဩစရာတွေချည်း ကြားနေရတဲ့ နေ့ဖြစ်မယ်။ပြည့်စုံခြင်းမရှိတဲ့ သူတို့ အဖွဲ့ကြားမှာ ဒီကောင်မလေး ဘယ်လောက်ကြာကြာ ပျော်နိုင်မှာပါလိမ့်။ အတန်းထဲမှာရှိတဲ့ ပိုက်ဆံရှိသားသမီးတွေက သူတို့ကို ဆေးဖော်ကျောဖက်မလုပ်ကြဘူး။ အဖြူ အစိမ်း ခပ်နွမ်းနွမ်းလေးတွေ နှစ်စဉ်ဝတ်နေရတဲ့ သူတို့ကို အထင်သေးတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြတယ်။ လွယ်အိတ်နွမ်းနွမ်းလေးတွေမှာ အရောင်မရှိတော့ဘူး။ နေရောင်စားသွားလို့ အရောင်ဖျော့နေတဲ့ လွယ်အိတ်တွေထဲမှာ သုံးကျပ်တန် ဗလာစာအုပ်ကြမ်းကြမ်းကြီးတွေရှိတယ်။ ခဲတံ ပုတို လေးတွေရှိတယ်။ ခြောက်ယောက်ပေါင်းမှ ကျောင်းကြီးဖတ်စာ သုံးစုံတည်းပိုင်ဆိုင်တယ်။ ဒါတောင် အတန်းပိုင်ဆရာမကို မျက်နှာငယ်ကလေးတွေနဲ့ မနည်းတောင်းပန်ပြီး ဝယ်ထားရတာ။ နှစ်ယောက်တစ်အုပ်ဝိုင်းကြည့်ရတဲ့ သူတို့ကို လှောင်ထေ့ထေ့ အပြုံးတွေက အမြဲနှိပ်စက်တယ်။ ခုလို မုန့်စားဆင်းချိန်တိုင်း ခေါင်းချင်းဆိုင်ပြီးမှ မုန့်ဝယ်စားရတဲ့ သူတို့ ဒီနေ့ ပျော်ပါတယ်။အဲဒါဟာ ကောင်မလေးကြောင့်ဆိုတာ သေချာတယ်။
“နောက်နေ့တွေ နင်တို့ မုန့်ဖိုးမပါလဲ ငါရှိတာပဲ ငါ ဝယ်ကျွေးမှာပေါ့”
အဲဒီလို ကောင်မလေးကပြောတော့-
“နေ့တိုင်း မြတ်နိုးဆီက ကပ်မစားပါရစေနဲ့ မြတ်နိုးရယ် မိမိတို့ မုန့်စားချင်လို့ မြတ်နိုးကို ပေါင်းတယ် ထင်နေကြပါဦးမယ်…”
“ဘာဖြစ်လို့လဲ ဘယ်သူတွေက ထင်မှာလဲ…..ဟင် ..ဘယ်သူတွေက ထင်မှာလဲ ဟင်လို့”
ဆက်ရန်
သော်ဇင်(လွိုင်ကော်)
15th-Sep-2011
5 comments
MaMa
September 15, 2011 at 9:25 pm
အဲဒါကြောင့် အရွယ်တူ ကလေးတစ်ယောက်ကို ဇာတ်လမ်းအစထဲက ထည့်ထားတာကိုး။ 😀
zaw min
September 15, 2011 at 9:29 pm
အင်း…အရှိန်လေးတော့ရလာပြီ…ဆက်ပြီးတော့ လုပ်ထားအုံးနော်…ပြည်တွင်းပြည်ပ အားပေးနေတာနော်..
နီလေး
September 16, 2011 at 9:20 am
အားပေးနေပါတယ် အပိုင်းဆက်ကို စောင့်မျော်လျက် ဝန်ထမ်းသားသမီးက အပြင်မှာတကယ်ကော အဲလောက်မုန့်ဖိုးရလို့လားလျှော့လျှော့ပေါ့ပေါ့ ၅ဝဆိုတော်သေး ခုက ၁၀ဝကြီးများတောင်ဆိုတော့ နည်းနည်းများ များနေသလားလို့ပါ စိတ်မဆိုးနဲ့နော် ဝေဖန်တာကို
manawphyulay
September 16, 2011 at 11:33 am
ဘယ်ခေတ်က ရတာလဲဟင်… မုန့်ဖိုးက ကလေးတွေတောင် ၁ဝ ပဲရတာကို သူက ၁၀ဝ ရတဲ့ဆိုတော့ သူ့အဖေက သင်္ဘောသားဖြစ်ရမယ် အဟဲ
Shwe Ei
September 16, 2011 at 4:43 pm
တကယ့်ဖြစ်ရပ်မှန်ကို ရေးထားသလိုခံစားရတယ်။ အားပေးနေပါတယ်။ ရှေ့ကပို့စ်တွေမမန်းတော့ဘူး။ အားလုံးဖတ်ပီးသွားလို့ ကောင်းပါတယ်လို့ဘဲပြောချင်ပါတယ်။