ကြာပန်းလေးတွေရဲ့ ဒဏ္ဍာရီ(၉)
ရုတ်တရက် လွင်ဦးက သူ့ညီလေးကို ဆွဲခေါ်ပြီး ကျင်းထဲခုန်ချသွားတော့ အားလုံးကြောင်ကုန်တယ်။ ဟင်..ဟာဆိုပြီ အော်လိုက်သံတွေဟာ သင်းချိုင်းထဲမှာ ပျံ့နှံ့လို့။ သူလည်း ရုတ်တရက် ဘာမှန်းမသိလိုက်ပါပဲ ဘာမှမလုပ်နိုင်အောင် ဆွံ့အ ထိန့်လန့်သွားတယ်။
“ဟ လုပ်ကြပါဟ…ကောင်လေးတော့ မလုပ်ကောင်းတာတွေလုပ်ကုန်ပြီ…..ဆွဲတင်ပါ…ဟ”
“ဟုတ်တယ် လုပ်ကြပါဟ…..ဆွဲတင် ကောင်လေးနှစ်ယောက်လုံးကို အရင်ဆွဲတင်ကြပါ..”
“ဘုရား ဘုရား ဘယ်လို ကောင်လေးတွေပါလိမ့်…..မကြောက်မရွံ့ ”
ဝိုင်းကြည့်နေကြတဲ့ လူတွေဆီက တစ်ယောက်တစ်ပေါက်ထွက်လာသံတွေက သောသောညံနေတယ်။သူ ကျင်းနားထိပြေးသွားလိုက်တယ်။ လွင်ဦးနဲ့ သူ့ညီလေးကို အပေါ်ဆွဲတင်ပြီးတော့ အပေါ်ရောက်တဲ့အခါ ရေတိုက်သူက တိုက်။ ယပ်ခတ်ပေးသူကပေးနဲ့ အခေါင်းကိုမြေမဖို့အားသေးဘူး။ လွင်ဦးတို့ညီအစ်ကိုကို လူကြီးတစ်ချို့က ပွေ့ခေါ်သွားကြတယ်။ ကောင်မလေးနဲ့ မိမိက မျက်လုံးကြီးပြူးပြီး ကြောင်နေကြတုန်း။ လိုက်ပို့ကြတဲ့ ကျောင်းသားတွေရော ကျောင်းသူတွေရော ဘာသံမှ မကြားရဘူး။ အရပ်ထဲကလူတွေကတော့ လွင်ဦးတို့ သားအမိတွေအကြောင်းကို ပြောနေကြတယ်။
သင်းချိုင်ကအပြန်မှာတော့ အားလုံးက တိတ်ဆိတ်နေကြတယ်။ မြောက်ဘက်ဆီမှာ မိုးအုပ်နေပြီ။ မကြာခင်မိုးရွာတော့မယ်။ မိုးရွာရင် သူတို့ သူငယ်ချင်းတွေပျော်ကြပါရဲ့။ခုတော့ မပျော်နိုင်သေးဘူး။ လွင်ဦး ဝမ်းနည်းနေတာကို မိုးက ကူပြီး ဝမ်းနည်းပေးနေတာလား။ မိုးစက်တွေ တစ်ပေါက်ပြီးတစ်ပေါက်ကျလာပြီ။ အမိုးမပါတဲ့ သူတို့ကားပေါ်ကလူတွေ မိုးရွာလို့ ပျော်နေကြတယ်။
“မိုးရွာရင် မိုးရေချိုးမယ် မေမေလာရင် နို့စို့မယ် ဖေဖေလာရင် အုန်းသီးခွဲစားမယ်”
ဆိုတဲ့ သီချင်းကလေးကို သူက ဆိုချင်နေသေးတယ်။ လောလောလတ်လတ် အဖေဆုံးပြီးခါစ သူငယ်ချင်းကို အားနာလို့ မဆိုတော့ပါဘူး။ မိုးက သည်းလာတယ်။ သူတိုု့တွေလည်း ရွှဲစိုကုန်ပြီ။ သူတို့ရပ်ကွက်ကလေးထဲ ကားတွေဝင်နေပြီ။ လွင်ဦးတို့အိမ်ရှေ့မှာ လူတွေက ဇလုံကြီးထဲကရေတွေကို လက်ဆေးနေကြတယ်။ မိုးရွာရွာကြီးထဲမှာ လက်ဆေးနေကြတာကိုတွေ့ရတော့ သူသိချင်လာတယ်။ အဲဒါနဲ့ အဒေါ်ကြီးတစ်ယောက်ကိုမေးကြည့်တော့ သင်းချိုင်းကပြန်လာရင် အမှောက်ပယောဂတွေ ကပ်မပါလာအောင် လက်ဆေးရတယ်တဲ့။ သူတော့ နားမလည်ဘူး။ အများလုပ်သလို သူလည်း လိုက်လုပ်လိုက်ပါတယ်။ လွင်ဦးတို့ညီအစ်ကိုနှစ်ယောက်ရော ဘယ်ရောက်နေသလဲ။ လွင်ဦးရဲ့အမေကိုလည်းမတွေ့ရဘူး။ ဒါနဲ့ လွင်ဦးရဲ့ ဦးလေးတစ်ယောက်ကိုတွေ့တော့ မေးကြည့်လိုက်တယ်။
“မင်းသူငယ်ချင်းကတော့ ဟိုဘက်ဦးလေးတို့အိမ်မှာ သူ့အမေရောပဲ ဒီဘက်မှာထားရင် စိတ်မပြတ်နိုင်မှာစိုးလို့ ဟိုဘက်အိမ်မှာထားထားတာ….မင်းတို့လည်းအိမ်ပြန် ရေချိုးလိုက်ဦး ပြီး မှပြန်လာကြပေါ့ ဟုတ်လား သွားကလေး တော်ကြာ အအေးပတ်ပြီး ဖျားနေဦးမယ်”
မိမိနဲ့ ကောင်မလေး ဘယ်လိုပြန်သွားသလဲ သူမသိလိုက်ဘူး။ မီကျော်နဲ့ ဟိုနှစ်ကောင်ကတော့ သူ့ဘေးနားမှာရပ်လို့နေတယ်။
“ပြန်ကြရအောင် ချာလီ….ငါတို့လည်းပြန်မယ် ညနေမှ ပြန်လာမယ်လေ…..ဒါနဲ့အမေကလွှတ်ပါ့မလားမသိဘူး…”
“လွှတ်မှာပါ…လွင်ဦးကို နင့်အမေလည်းသိတာပဲ”
ဖိုးကျော့ပြောတာကို မီကျော်က ပြန်ပြောလိုက်တာပါ။
အိမ်ပြန်ရောက်တော့ သူရေအရင်ချိုးလိုက်တယ်။ ပြီးတော့ တစ်ရေးလောက်ကွေးလိုက်ချင်နေတယ်။ သူ့ကိုယ်က ခပ်နွေးနွေးရှိနေတယ်။ ဖျားချင်နေတာလား။ မဖျားပါနဲ့ဦး။ သူဖျားလို့မဖြစ်ဘူး။ ဒါဆိုရင် အမေပြန်မလာခင် ထမင်းတစ်အိုးလောက်တည်ထားပေးရင်ကောင်းမယ်။ ဆန်အိုးထဲကိုကြည့်လိုက်တော့ ဆန်က သိပ်မကျန်တော့ဘူး။ ဒီနေ့ညနေစာလောက်တော့ ကောင်းကောင်းလောက်ပါတယ်။ အပြင်မှာတော့ မိုးက စွေနေတုန်း။ အိမ်ရဲ့နေရာတစ်ချို့မှာ မိုးယိုထားလို့ အဖေက ရေခွက်ကလေးတွေနဲ့ မိုးရေခံထားတယ်။ ဒီနှစ်လည်း မိုးယိုတာကို မမိုးနိုင်ဘူးထင်တယ်။ မီးမွှေးပြီးတော့ ထမင်းအိုးရေဆေးတင်လိုက်တယ်။ မီးရဲ့အပူကြောင့်ထင်တယ်။ သူ့ကိုယ်ကလေး နွေးလာတယ်။ စောစောက ချမ်းနေသေးတယ်။ တစ်ချက်တစ်ချက် လေတိုက်လိုက်တော့ သူ ချမ်းလာသေးတယ်။ သူတစ်မှေးလောက်ငိုက်လိုက်သေးတယ်။ ထမင်းအိုးက ပွက်ချင်နေပြီ……။ ထမင်းအိုးပွက်နေလို့ သူ ယောက်မကိုင်မွှေနေတုန်းမှာ အမေပြန်ရောက်လာတယ်…..။
“သား နင့် သူငယ်ချင်းတော့ တော်တော်လေး စိတ်ထိခိုက်သွားတယ်ထင်တယ် စကားမပြောနိုင်သေးဘူး။ ညနေကျရင်သွားလိုက်ဦး…။”
“ဟုတ်ကဲ့အမေ….။အမေသား ထမင်းအိုးငှဲ့လိုက်တော့နော် သား အိမ်ပေါ်က ရေစိုနေတာတွေ အဝတ်ခြောက်နဲ့လိုက်သုတ်လိုက်ဦးမယ်”
“အေး အေးသွား”
သူ အမေနဲ့ ထမင်းအိုးကို ထားခဲ့ပြီး အိမ်ပေါ်တက်လာခဲ့တယ်။ သူ ကွေးချင်နေတယ်။ ဖျားချင်နေတာဖြစ်မှာ။ ဒီလိုဖျားချင်နေရင် ခေါင်းမူးတတ်တယ်တဲ့။ ကိုယ်ပူတတ်တယ်တဲ့။ သူ အိပ်ယာထဲဝင်ပြီး ဖျင်စောင်ကြမ်းကိုဆွဲခြုံကွေးလိုက်တော့တယ်။
×××××××××××
“သား ထဦး ရော့ ဆေးသောက်လိုက်ဦး”
အမေရဲ့ အသံကိုကြားလိုက်တယ်။ သူမျက်လုံးဖွင့်လိုက်တော့ အပြင်မှာမိုးတောင်ချုပ်နေပြီ။ သူ လွင်ဦးဆီကိုသွားရဦးမယ်။ ဒီအတိုင်းဆိုရင်တော့ မသွားနိုင် တော့ဘူးထင်ရဲ့။ သူ့ကိုယ်က ပူလောင်နေတယ်။ ဖျားနေပြီ။
“အမေ မိုးမိလို့ဖျားတာလား မသိဘူး”
“အေးပေါ့ဟဲ့ သေနာလေးရဲ့ မရှိဘူးဆိုဖြစ်ပြီ ဖျားရတာနဲ့ နာရတာနဲ့ ရော့ဆေးသောက်ပြီးရင် ပြန်အိပ်လိုက်…ရေသုတ်သွားမယ့် ကိုယ်တော် အသံမကြားတာနဲ့တက်ကြည့်လိုက်တာ အိပ်ယာထဲမှာ ကွေးလို့ “
အမေက အပြစ်တင်တယ်။ ဒါပေမယ့် ခါတိုင်းလိုတော့ ဆူဆူပူပူမရှိဘူး။ ဒီလိုဖျားရင် သူ့ကို အမေက ဂရုစိုက်တတ်တယ်။ စားချင်တာတွေစားရတယ်။ ကော်ဖီမစ်သောက်ရတယ်။ မုန့်စားရတယ်။ ကြက်သားကြော်ကျွေးတယ်။ ဒီလိုရက်ကျမှစားရလို့သူလည်း ပျော်ပါတယ်။ ဖျားနေလို့ အိမ်အလုပ်တွေ ဘာမှ မလုပ်ရဘူး။ မခိုင်းဘူး။ သူ အိပ်ယာထဲပြန်ကွေးနေလိုက်တယ်။ ဟိုကောင်တွေတော့ သူမလာလို့ ပြောနေကြရော့မယ်။ နောက်နေ့မှပဲ ဖျားနေလို့မလာနိုင်တာကိုပြောပြရတော့မယ်။ မိုးကလည်း ခုထိကိုမတိတ်သေးဘူး။ အမေက မီးဖိုထဲမှာ တကုတ်ကုတ်နဲ့ဘာတွေလုပ်နေမှန်းမသိဘူး။ သေချာတာက ဆန်ပြုတ်နေပြီဆိုတာပါပဲ။ အဖေကတော့ အရက်ပုလင်းလေးနဲ့ မိုးအေးအေးမှာ ငြိမ့်နေပြီ။ အမေ မီးဖိုထဲကထွက်လာပြီး သူ့ကို ဆန်ုပြုတ်လာတိုက်တယ်။ ပြီးတော့ ဆေးတစ်ခွက်သောက်ပြီး သူပြန်အိပ်လိုက်ပါတယ်။
သူဘယ်လောက်အိပ်ပျော်သွားတယ်မသိဘူး စကားသံတွေကြောင့်နိုးလာရတယ်။ သူမျက်လုံးကိုခပ်ဖြေးဖြေးဖွင့်ကြည့်တော့ အမေက စပါးလုံးကောက်ရင်း အဖေနဲ့ စကားပြောနေတာကိုး။
“ရှင့် သားတော့ ဖျားနေပြီ ။ အဲဒါ မနက်ဖြန် မှ မသက်သာရင် ဆေးခန်းပြရမှာ ရှင့်ဆီမှာ ပိုက်ဆံရှိသေးလား။”
“မရှိဘူး အညို ။”
“ကျမလည်း ဈေးရောင်းရတာ အမြတ်က သိပ်မကျန်ဘူး။ မနက်ဖြန်မှ မသက်သာရင်တော့ ဆေးခန်းပြရအောင် လက်စွပ်ကလေး ဒေါ်ပုကြီးဆီမှာ သွားထားလိုက်ဦးမယ်…”
“မင်းပဲ ကြည့်လုပ်ကွာ ငါလည်း ဒီကောင်နေမကောင်းတာကို မသိဘူး။ မိုးမိလာတာမလား…။မင်းသားကိုက ပျော့ပါတယ် အညိုရာ”
“အောင်မယ် ကျမသားများ ရှင်ကပြောရသေးတယ်…။ရှင်ကရော နေမကောင်းလိုက်နဲ့ငြီးလိုက်ငြူလိုက်တာ ချူသံကိုပါလို့ ဟွန်းမပြောလိုက်ချင်ဘူး”
အမေနဲ့အဖေ ဒီနေ့တော့ စကားအေးအေးလူလူပြောလို့ပါလား။ သူပျော်ပါတယ်။ အိပ်ယာထဲကနေ လူကြီးတွေပြောနေတာကို သူ ခိုးနားထောင်ရတာတောင် ခပ်ပျော်ပျော်ရှိလာတယ်။ သူ ဒီနေ့ည စာမကျက်ရတော့ဘူး။ မနက်ဖြန်ရော ကျောင်းတက်နိုင်ပါ့မလား။ မျက်လုံးတွေက အိပ်ချင်နေတယ်။ တဖြည်းဖြည်းနဲ့ သူ ဘာမှမသိတော့ပြန်ဘူး။
×××××××××××××××××××
သူ့ရှေ့မှာ လွင်ဦးတို့ ညီအစ်ကိုနှစ်ယောက်။ ပြီးတော့ လွင်ဦးရဲ့အဖေ။ လွင်ဦးက သူ့အဖေရဲ့လက်ကိုဆွဲလို့ သူ့ကိုပြုံးပြုံးကြီးကြည့်နေတယ်။ ဒီနေ့ပဲ လွင်ဦးရဲ့အဖေဟာ မြေကြီးထဲရောက်သွားတာပါ။ အံ့ဩခြင်းနဲ့အတူ သူပါးစပ်က ထုတ်မမေးနိုင်သေးဘူး။ ဘေးပတ်ဝန်းကျင်ကလည်း မှောင်မည်းနေတယ်။ ကောင်းကင်မှာ လ လည်းမရှိဘူး။ ကြယ်တွေလည်းမရှိဘူး။ သူ ့ ကိုယ်ခန္ဓာကလည်း ပေါ့ပါးနေပြီး လေဟာနယ်ထဲမှာ လွင့်နေတယ်လို့ ခံစားရတယ်။ တော်တော်ကြာမြင့်သွားလိုက်၊ တော်တော်ကြာ နှိမ့်သွားလိုက်နဲ့ သူ့ရင်ကို အေးခနဲ ဖြစ်ဖြစ်သွားသေးတယ်။ လေထဲမှာ အနံ့တစ်မျိုးကိုလည်း ရှူလိုက်မိသေးတယ်။ သနပ်ခါးနံ့လိုလို၊ စံပယ်နံ့လိုလို။ သူ လွင်ဦးတို့သားအဖဆီကိုသွားချင်တယ် ။ သွားလို့မရဘူး။ လက်လှုပ်ကြည့်တယ်။ ခြေထောက်တွေကိုလှုပ်ကြည့်တယ်။ မရဘူး။ သူ အော်ခေါ်ဖို့ကြိုးစားလိုက်တဲ့အခါ ပါးစပ်က အသံထွက်မလာဘူး အတင်းအော်ကြည့်တယ်။မရဘူး။ လွင်ဦးတို့နဲ့ဝေးသွားလိုက် နီးလာလိုက်ဖြစ်နေတယ်။ တစ်နေရာမှာ မိမိနဲ့မီကျော်ကိုတွေ့လိုက်တယ်။ သူ့ကို ဂရုမစိုက်ဘူး။သူက
“မိမိ ငါလေ ချာလီ မီကျော် ငါပါ နင့် သူငယ်ချင်းလေ”
လို့ပြောတာတောင် မကြားသလိုလိုနဲ့ သူတို့ချင်းစကားပြောရယ်မောနေကြတယ်။ ဖိုးကျော့နဲ့ ဖိုးလွင်ကလည်း ပိုက်ဆံထုတ်ကစားနေတယ်။ သူ့ကို ရှိတယ်လို့မထင်ကြဘူး။ သူ စိတ်တိုလာတယ်။ သူတို့ကို စကားပြောတော့လည်း ပြောလို့မရဘူး။ သူ ငိုချင်လာတယ်။ ဟော ရှေ့မှာ အမေပါလား။ ဈေးခြင်းတောင်းလေး ရွက်လို့။ အမေ..သားလေ…။
သူပြေးလိုက်သွားတယ်။ အမေက သူ့ကိုမမြင်ဘူး။ အိမ်ထဲဝင်သွားတယ်။ သူပြေးလိုက်တယ်….။
“အမေ အမေ နေပါဦး သားကို စောင့်ဦးလေ.. အမေ အမေ”
အမေက သူခေါ်တာကိုမကြားဘူး။ သူအသံကုန်ခြစ်ပြီးအော်ခေါ်လိုက်တယ်။
“အမေ…..”
“အန်တီရေ ချာလီ သတိရလာပြီ”
ဒါ ဘယ်သူ့အသံလဲ။ ကြားဖူးပါတယ်။ မိမိ အသံလည်းမဟုတ်။ မီကျော့်အသံလည်းမဟုတ်။ သူ မျက်လုံးဖွင့်ကြည့်တော့ သနပ်ခါး ပါးကွက်ကျားနဲ့ ကောင်မလေး။ ဒါဆို အိပ်မက်နေတာပေါ့။ စောစောက အိပ်မက်ထဲက သနပ်ခါးနံ့က ကောင်မလေးဆီကရတာပေါ့။ သူ့အနားမှာ မိမိနဲ့မီကျော်၊ ဟိုနှစ်ကောင် လူစုံတက်စုံရှိတယ်။ ဒီဘက်လှည့်ကြည့်တော့-
“ဆရာမ”
“သား သတိရပြီလား လှဲနေသား သားအမေရှိတယ် ။ အိပ်မက်ဆိုးတွေမက်နေတယ်ထင်တယ်..အော်လိုက်တာ အကျယ်ကြီးပဲ”
“ဆရာမ ကျနော့်အိမ်ကိုလာတယ်..ဟုတ်တယ်ဆရာမ အိပ်မက်ထဲမှာ အမေကိုလိုက်ခေါ်တာ ခေါ်လို့မရလို့ အော်လိုက်တာ”
“အိပ်မက်ကို အိပ်မက်လို့ပဲမှတ်နော်..သား မထ နဲ့လှဲနေ”
အမေ ရောက်လာတယ်။ အမေ ငိုထားတယ်ထင်ပါရဲ့။
“ကျေးဇူးတင်လိုက်တာ ဆရာမရယ် ….ထ သား ဆေးသောက်လိုက်ဦး အမေဖြင့် စိတ်ပူလိုက်ရတာ။။အိပ်လို့တောင်မရဘူး။ရော့ ဒါအရင်စား ပြီးရင် ဆေးသောက်လိုက်”
“စိတ်ချသွားရပါပြီ..ကဲ ကျွန်မလည်းပြန်လိုက်ဦးမယ်..သမီး ပြန်ကြရအောင်”
“ဟဲ့ နင်နေကောင်းအောင်နေနော် နင့်အတွက ်ငါ စာတွေ ကူးထားပေးတယ်….ပြန်ဦးမယ်နော်”
ကောင်မလေးကို သူ ပြုံးပြလိုက်တယ်။
“ကျေးဇူးတင်လိုက်တာ ကောင်မလေးရယ်”
ဆက်ရန်
သော်ဇင်(လွိုင်ကော်)
24th-Sep-2011
3 comments
chitsu
September 25, 2011 at 1:52 pm
ဇာတ်ကဘယ်တော့သိမ်းမှာလည်းဟင်
အရှည်ကြီးပဲနော်ဇာတ်လမ်းက
ဖတ်ရတာစိတ်ရှည်ရှည်နဲ့စောင့်ရတယ်
Shwe Ei
September 25, 2011 at 6:38 pm
နောက်တယောက်တခုခု ထပ်ဖြစ်အုံးမှာလား။ ဇာတ်နာတာများနေဘီနော်။
hmee
September 25, 2011 at 9:10 pm
အပိုင်း (၈)ကို ဖတ်တာ စိတ်မကောင်းလိုက်တာ။ ဒါနဲ့ အပိုင်း(၉)ကို တဆက်တည်း ဖတ်လိုက်ပြီး ရင်မောသွားပါတယ်။ ဆင်းရဲတဲ့ ဘဝများ နေမကောင်းတောင် မဖြစ်ရဲသလောက် ကုစရာမှ မရှိတာကိုး။ မတ်တတ်စာပဲ ရှိတယ် တုံးလုံးစာ မရှိဘူးဆိုတာ ဒါမျိုးနေမှာ။ မြင်ဖူး ကြားဖူးတယ် ပိုက်ဆံပေးကုရင် ပျောက်တဲ့ရောဂါကို ကုစရာငွေမရှိလို့ မသေသင့်ပဲ သေရတာတွေလေ။