အသစ်ဘယ်လို်ကောင်းကောင်း၊ အဟောင်းကိုတော့တလည်လည်ပါခင်ရယ်

padonmarOctober 8, 20111min30011

တက္ကသိုလ်တက်တုံးက သူငယ်ချင်း၊ အထက်တန်းကျောင်းတုံးက ကျောင်းနေဖက်၊ ဇာတိမြို့ကမိတ်ဆွေ စတာတွေနဲ့ နှစ်ပေါင်းများစွာကင်းကွာပြီးမှ ပြန်တွေ့တာမျိုးကို လူတိုင်းကြုံဖူးကြမှာပါ။ နေ့စဉ် ြမြင်နေကျသူတွေထက်ပိုပြီး ဝမ်းသာအားရဖြစ်ရသလို အတိတ်ရဲ့အရိပ်လေးတွေလည်းပြန်ပြောင်း အောက်မေ့သတိရ တ တတဖြစ်ဘူးကြမယ် လို့ထင်ပါတယ်။
အဲဒီလိုဘဲ ချောင်ကြိုချောင်ကြားရောက်နေတဲ့ ဓါတ်ပုံဟောင်းလေးတွေ၊ အမှတ်တရ ပစ္စည်းလေးတွေကို တွေ့မိတဲ့ခံစားချက်ကိုလည်းခံစားဘူးကြပါလိမ့်မယ်။
တစ်ရက် ကျွန်မရဲ့အဖိုးလေးဖွင့်ထားတဲ့ ့ဈေးဆိုင်ဘေးက ဖြတ်အလျှောက်မှာ အဖိုးလေးက ကျွန်မကိုလှမ်းခေါ်ပြီး ဒီမှာနင့်အမေအပျိုတုံးက အဖော်တွေနဲ့ရိုက်ထားတဲ့ဓါတ်ပုံဆိုပြီးပေး ပါတယ်။ အဲဒီအချိန်မှာ ကျွန်မအမေဟာအသက် ၆ဝ အရွယ်မှာကွယ်လွန်သွားခဲ့ပါပြီ။ အဖိုးလေးပေးတဲ့ အမေ့ဓါတ်ပုံလေးကို ဝမ်းသာအားရယူပြီး အဖော်တွေနဲ့အတူရိုက်ထား တဲ့ထဲက အမေ့ငယ်နုစဉ်ပုံလေးကို တမ်းတမ်းတတကြည့်ရပါတယ်။ သူတို့ငယ်စဉ်က ဝတ်စားဆင်ယင်မှုအတိုင်း ပဒုမ္မာအင်္ကျ ီပါး Disco လက်လိုလက်အထွက်လေးရဲ့အောက်မှာ ဇာဘော်လီရှေ့ခွဲကိုမြင်နေရပြီး ၊ တူတယ် ထမီအထက်ဆင်ကအပြားကြီးကြီး၊နောက်တွဲ ဆံထုံးမှာ ပန်းလေးပန်လို့ ပြုံးပြုံးလေးတွေ့ရတဲ့ကျွန်မအမေဟာ သူများတွေအတွက်အကျည်းတန်ချင် တန်မယ်၊ ကျွန်မအတွက်တော့ သိပ်လှနေပါတယ်။ ဒီဓာတ်ပုံလေးကို အမြတ်တနိုးသိမ်းပြီး ရင်းနှီးသူတိုင်းကို ထုတ်ထုတ်ကြွားရပါတယ်။
ဒီလိုအဖြစ်မျိုးအခြားသူတွေမှာလည်း တွေ့ဖူးပါတယ်။ လွန်ခဲ့တဲ့ ၁ဝ နှစ် ဝါးခယ်မ မြစ်ကူးတံတားဖွင့်ပွဲမှာ ဇော်ဝင်းထွဋ်နဲ့အဖွဲ့ဟာ လာအားပေးတဲ့ ပရိသတ်တွေ ပြောစမှတ် ဖြစ်လောက်အောင် ရေကုန်ရေခမ်းဖျော်ဖြေခဲ့ကြပါတယ်။ ဇော်ဝင်းထွဋ်ရဲ့အဖေ ဒေါက်တာကြည်ခင် ဟာ ဝါးခယ်မသားပါ။ ဇော်ဝင်းထွဋ်ရယ်လို့ နာမည်ကျော်ကြားမလာ ခင်ကတည်းက ဝါးခယ်မမြို့ရဲ့အမှတ်တရပွဲတွေမှာ မိခင်ဖြစ်သူထားနဲ့ အမြဲလာပြီး ဖျော်ဖြေခဲ့ပါတယ်။ သူအောင်မြင်လာချိန်မှာ သူ့အဖေမရှိတော့ပေမယ့် သူတို့ရဲ့ဇာတိမြေလို့ ဘဲယူဆပြီး အန်တီထား ရော ကိုညီထွဋ်ပါ ဝါးခယ်မပွဲတိုင်း မေတ္တာနဲ့ဖျော်ဖြေ ပေးလေ့ ရှိကြပါတယ်။ အဲ့ဒီတံတားဖွင့် ပွဲကတော့ ကိုညီထွဋ်နာမည်အတက်ဆုံးအချိန်လဲဖြစ် နေတော့ ဝက်ဝက်ကွဲအောင်မြင်ခဲ့ တယ် လို့ပြောလို့ရပါမယ်။ ဒီပွဲအပြီးမှာလုပ်တဲ့ ဝါးခယ်မအသင်းနှစ်စဉ်သက်ကြီးပူဇော်ပွဲနဲ့ ပညာရည်ချွန်ဆုပေးပွဲမှာ ဝါးခယ်မအသင်းက ကိုညီထွဋ်ကို ဂုဏ်ပြုလက်ဆောင်ပေးပါ တယ်။ ဒီလက်ဆောင်စီစဉ်သူက ဝါးခယ်မ ဦးရဲမောင်ပါဘဲ။ သူပေးတဲ့လက်ဆောင် ကတော့ ဝါးခယ်မမြို့ရဲ့ တချိန်ကနာမည်ကြီး မျိုးမြင့်ဓါတ်ပုံတိုက်ကရှာတွေ့တဲ့ ဒေါက်တာ ကြည်ခင်နဲ့ ထား မင်္ဂလာဆောင်ပြီးခါစက ဓာတ်ပုံကို ပုံကြီးချဲ့ပြီးလက်ဆောင်ပေးပါတယ်။ လက်ဆောင်ပေးတဲ့သူရော လက်ဆောင်ရတဲ့သူသာမက ပရိသတ်ပါ ပီတိဝေရတဲ့ ရှေးဟောင်းဓာတ်ပုံကလေးပါ။
ဒီနေ့ဒီအချိန်အတွက် အခုလက်ရှိပစ္စည်းတွေဟာ သူ့ပကတိတန်ဖိုးအတိုင်းသာ တန်ပေမယ့် နောင် ၁ဝ နှစ်၊ အနှစ် ၂ဝ ၊ အနှစ် ၃၀၊ အနှစ် ၄ဝ စသည်ကြာလာတဲ့အခါမှာ ပျက်စီးယိုယွင်းမှုမရှိအောင် ထိန်းသိမ်းနိုင်တာနဲ့အမျှ ပစ္စည်းရဲ့တန်ဖိုးဟာ ပိုလေးနက်လာ ပါတယ်။ နှစ် ၅၀၊ နှစ် ၁၀ဝ ဆိုရင်တော့ ရှေးဟောင်းပစ္စည်း Antique စာရင်းဝင်ဖြစ်ပြီး ဖန်မီးအိမ်လေး တုတ်ကောက်လေးကအစ တန်ဖိုးကြီးသွားတာ သတိပြုမိကြမှာပါ။
ကိုယ့်မိသားစုနဲ့ဆိုင်တဲ့ပစ္စည်းဟာ ကိုယ့်မိသားစုအတွက် အဖိုးမဖြတ်နိုင်တဲ့ အမွေ ပစ္စည်းဖြစ်သွားသလို၊ အများနဲ့ဆိုင်တဲ့ပစ္စည်း၊ သမိုင်းနဲ့ဆိုင်တဲ့ ပစ္စည်း၊ အနုပညာနဲ့ဆိုင်တဲ့ ပစ္စည်း၊ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ပစ္စည်းတွေဆိုရင် ပိုပြီးတော့တောင် မပျောက်မပျက်အောင် ထိန်းသိမ်းကြသင့်ပါတယ်။
အင်မတန် ခေတ်မီပါတယ်ဆိုတဲ့ U.S မှာတောင်မှ San Francisco ရဲ့ Tourist Attraction ထဲမှာ Victorian Houses ခေါ်တဲ့ ဝိတိုရိယခေတ်အဆောက်အဦတွေ ပါဝင်ပါတယ်။ ထိန်းလည်း ထိန်းသိမ်းထားကြပါတယ်။
တစ်ချိန်က ရန်ကုန်ဆေးရုံကြီး၊ အခုဗိုလ်ချုပ်အောင်ဆန်းဈေး ခေါ်တဲ့ စကော့ မားကက်၊ ဝန်ကြီးများရုံး၊ အခုပြန်ကြားရေးဝန်ကြီးဌာန အမြန်ချောပို့ E.M.S ရုံးဖွင့်ထားတဲ့ ဆိုရန်တိုဗီလာ အဆောက်အဦ၊ ဗဟိုတရားရုံး (ဟိုက်ကုတ်)စတာတွေကို ရှေးဟောင်းပစ္စည်းအဖြစ် သတ်မှတ်ပြီးတော့ မဖြိုမဖျက်ဘဲ ရှေးမူမပျက်ထိန်းသိမ်းဖို့ သတ်မှတ်ခဲ့တာတွေ့ရပါတယ်။ အဲဒါနဲ့ဆန့်ကျင်ဖက် သတင်းကတော့ ပုဂံဘုရားတွေကိုပြုပြင်မယ်ဆိုပြီး အလှူရှင်တွေ ခေါ်ပြုပြင်ခဲ့တာပါဘဲ။ အလှူရှင်တွေကလည်း ဘုရားပျက်ပြုပြင်ရင် ကုသိုလ်ရတယ် ဆိုပြီး ရွှေတွေချ ရှေးမူတွေ ပြင်ကြတော့ ရှေးဟောင်းလက်ရာတွေ ပျက်တဲ့ ဘုရားမှာ ပျက်ကုန်တာ နှမျောစရာ ပါဘဲ။
ဒါအပြင် အခုတလောကားဟောင်းတွေအပ်၊ ကားသစ်တွေသွင်းဆိုတဲ့ အစီအစဉ် လေးစတော့ ကားဟောင်းပိုင်ရှင်များအတွက် ဝမ်းသာစရာပါ။ ဒါပေမဲ့ အဲဒီကားတွေထဲမှာ ရှေးက Morris Minor လေးတွေ၊Mini Austin,Opel ,Fiat နဲ့Ford တွေ၊ Chevrolet တွေ စတဲ့ ကျွန်မတို့ မမွေးခင်က ကားအမျိုး အစားတွေကို ပိုင်ရှင်တွေက ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြုပြင်လာကြတာလေးတွေလည်း ပါပါတယ်။ဒီကားတွေ သံရည်ကျိုစက်ထဲ ရောက်သွားရင် ဘယ်လောက် နှမျောစရာကောင်းလိုက်မလဲ။
ကျွန်မတို့ငယ်ငယ်က လူရွှင်တော် ဦးသန်းနွဲ့နဲ့ ဦးမြင့်ဖေ သရုပ်ဆောင်တဲ့ ဦးရှံစား ဦးဒိန်းဒေါင်စီးတဲ့ကားလေးမျိုးတွေ့တိုင်း ဦးရှံစားကားလေးဟေ့လို့ ချစ်စနိုးပြောရတဲ့ (ကျွန်မစိတ်ထင် Mini Minor ကားဖြစ်မယ်ထင်ပါတယ်)ကားသားသားလေးတွေရော၊
အထူးသဖြင့် ့ဂျာနယ်တစ်ခုထဲမှာ ဖတ်လိုက်ရတဲ့ သင်္ကြန်မိုးရုပ်ရှင်ထဲက ကားကို ရီမြင့်ရုပ်ရှင်က ထည့်အပ်လိုက်တော့မယ်ဆိုတာကြားရတော့ တော်တော်နှမျောမိပါတယ်။ ဒါလေးတွေက အဟောင်းသက်သက်မဟုတ်ဘဲ အနုပညာမှတ်တမ်းဝင်၊ ယဉ်ကျေးမှု သမိုင်းဝင်တွေ ဖြစ်နေပါပြီ။ အရင်ခေတ်နဲ့ ပတ်သက်ပြီး မှတ်တမ်းတင် ဇာတ်ကားများ ပြန်ရိုက်ချင်ရင် (သို့) အမေရုပ်ရှင်လိုမျိုး၊ သင်္ကြန်မိုးရုပ်ရှင်လိုမျိုး ။ခေတ်ကို အရိပ်ထင်စေမယ့် ကားမျိုးတွေရိုက်ချင်ရင် သဘာဝကျကျ ဘယ်လိုရိုက်ကြအုံးမလဲ။
ပိုင်ရှင်တွေအနေနဲ့ သူတို့အခွင့်အရေးကို အဆုံးရှုံးခံပြီး ဒါလေးကိုပိုက်မထားနိုင်တာ ကိုယ်ချင်းစာပါတယ်။ ဒီနေရာမှာ ဖြစ်နိုင်ရင်တော့ နိုင်ငံတော်က တနည်းအားဖြင့် ပြန်ကြားရေးဝန်ကြီးဌာနက တာဝန်ယူပြီး အဲဒီသမိုင်းဝင်ကားလေးတွေ သံရည်ကျိုစက်ထဲ မရောက်ခင် ပြန်ဝယ်၊ ရုပ်ရှင်သမိုင်းပြတိုက်လိုမျိုးလုပ်ပြီးပြထားမယ်။ ရှေးခေတ်နဲ့ပတ် သက်တဲ့ ရုပ်ရှင်တွေရိုက်မယ့်သူကို အခနဲ့ငှားပေးမယ် ဆိုရင် ရှေးဟောင်းပစ္စည်းအမွေ အနှစ်တွေကို ထိန်းသိမ်းရာရောက်မယ်လို့ အကြံပြုချင်ပါတယ်။

11 comments

  • padonmar

    October 8, 2011 at 5:27 am

    မှတ်ချက် ၊Pooch ရဲ့ ကျွန်မရင်ထဲကရာဇဝင် မြို့တော်ကိုဖတ်ပြီး ရမိတဲ့ အတွေးဆက်လေးတွေပါ။

  • thit min

    October 8, 2011 at 5:46 am

    ဆရာမင်းသိင်္ခပြောသလိုပါပဲလေ။လူတိုင်းမှာ”နောက်ကြောင်းခံပုံဝတ္တ ုလေးတွေရှိစမြဲပါပဲ”ဆိုသလိုပါ။
    အတိတ်ကိုပြန်လွမ်းပြီးပြုံးမိလို့လက်ရှိစိတ်ဖိစီးမှုတွေကိုရော့ပါးစေနိုင်တဲ့နည်းကောင်းတခုလို့
    တောင်ဆိုချင်ပါတယ်ဗျာ။အေးရိပ်ကြီးမားလှတဲ့မိဘနဲ့ပတ်သက်တဲ့အတိတ်ကကြည်နူးစရာမျိုး
    ကတော့လှိုင်းခတ်လို့မဆုံးနိုင်အောင်ကြည်နူးရတော့မှာပေါ့ဗျာ။
    အနူမကူး၊အပူကူးဆိုတဲ့စကားကြားဘူးမှာပါ။
    ခုဟာကတော့
    “အတွေးလဲကူး၊အအေးလဲကူး၊အထူးဝမ်းသာ၊ချမ်းမြေ့စရာ”
    ပါပဲလို့။

  • တညင်သား

    October 8, 2011 at 8:41 am

    ရုပ်ရှင်သမိုင်းပြတိုက်ရယ်လို့ မဟုတ်ပဲ ခောတ်အဆက်ဆက် အသုံးပြုခဲ့တဲ့ ကားများ ဆိုပြီး ပြခန်းတခု ဖွင့် ရင် တော်တော်ကောင်းမယ်ထင်ပါတယ် .. ဦးရှံစား ကားပုံစံမျိုးကို သစ်သားဘော်ဒီလေးနဲ့ သာကေတ နားမှာ တွေ့ဘူးတယ် ..တော်တော်ချစ်စရာကောင်းတယ် ကြည့်ရတာ …..ရှေးဟောင်း( Antique) စရင်းဝင်နိင်လောက်တဲ့ ကားများကို ထိန်းသိမ်းထားသင့်ပါတယ်….

  • ကြောင်ကြီး

    October 8, 2011 at 12:50 pm

    ပဒုမ္မာအကြံပြု
    ဒဂုံမှာဆန်လု
    ဗုံရှာမာန်ခု
    တုံခါနှံထုတော့
    သူပုန်ဟာရန်သူပေမဲ့
    ခုံသမာစံနု
    ယုံပါမကျန်ဘု
    နုံခြာဟန်မတုနိုင်
    ဖြုံကာဖန်စုပေးလိုက်ရပါတယ်..။

  • windtalker

    October 8, 2011 at 1:44 pm

    အန်တီပဒုမ္မာရေ
    မောင်ပေဘဲ မသိလို ့လားတော့ မသိဘူး
    ရှေးဟောင်းပစ္စည်းမှန်ရင် ဈေးကောင်းပေးဝယ်တဲ့
    လူတွေတောင် တော်တော်ရှားနေပြီဗျို ့
    ပြီးခဲ့တဲ့ ၂ လကျော်လောက်က
    ရွာသား တစ်ယောက်
    အင်းဂလိပ်တွေ မြန်မာကို သိမ်းပြီးကာစ က
    စထုတ်တဲ့ ပိုက်ဆံ ဒင်္ဂ ါး ပြားလေးတစ်ပြား ရလို ့
    ရောင်းဖို ့ဝယ်လက် လိုက်ရှာတာ
    ၂ လကျော် ကြာတယ်
    ပြီးခဲ့တဲ့ လကုန်ပိုင်းကမှ ၁သိန်းကျော် နဲ ့ရောင်းထွက်သွားတယ်

  • pooch

    October 8, 2011 at 6:07 pm

    ဒေါ်ဒေါ်ရေ သိပ်ကောင်းတဲ့ အတွေးလေးပါ။ သူများတိုင်းပြည်တွေမှာ ဇာတ်လမ်းတွေ နာမည် ကြီးလွန်းအားကြီးရင် ဇာတ်ကားထဲမှာ ပါသမျှ သုံးသမျှ အရာတွေ အားလုံးကို အမှတ်တရအနေနဲ့ ထိန်းသိမ်းထားတတ်ကြပါတယ်..
    ရှေးမူကို တန်ဖိုးထားတတ်တဲ့ အလေ့အကျင့်ကောင်းလေးတွေကို အားပေးရမှာပါ။

    မန်းလေးမှာ သိပ်မကြာခင်လောက် က သီပေါမင်းပါတော်မူတုန်းက နန်းထုတ်သွားတဲ့ အနောက်မုဒ်တံတားကြီးကို ဘာကြောင့်မှန်းမသိ မပြောမဆိုနဲ့ ဖျက်ချပစ်ကြတယ်။
    အဲ့ဒီတံတားက သမိုင်းတန်ဖိုးနဲ့ ကြည့်မယ်ဆိုရင် အဖိုးတန်လိုက်တာမှ။ ဖျက်လိုက်တော့လည်း ဘာအကျိုးမှလည်း ထူးမလာပဲနဲ့ ။ နှမြောလွန်းလို့ ပါ။

    တခါတခါကျတော့လည်း ဘယ်လို နားလည်ရမှန်းကိုမသိဘူး။ မသိတာလား ဂရုမစိုက်တာလား၊ သာမန်ပြည်သူတွေတောင် သမိုင်းတန်ဖိုးနားလည်ရင် ဆိုင်ရာများက ပိုတောင်နားလည်သင့်သေးတယ်။

  • padonmar

    October 8, 2011 at 7:19 pm

    ကိုမှတ်ကဗျာလေးအတွက် ကျေးဇူးပါ၊
    တညင်သား နဲ့ Pooch အားဖြည့်ပေးလို့ ကျူးဇေး၊
    သူမျာတိုင်းပြည်ရဲ့ ကားပြတိုက် link လေး ဒီမှာပါ၊
    http://www.heritage-motor-centre.co.uk/gallery/car-collection/
    ဦးကြောင်နော် တကယ် ဒဂုံမှာ ဆန်လုကြရင် ဦးကြောင် အခါပေးတယ်လို့ စွပ်စွဲကြလိမ့်မယ်၊ဒို့မပါဘူးနော်၊
    မောင်ပေရဲ့ အန်တီတို့ လူမျိုးကိုက ရှေးဟောင်းပစ္စည်း တန်ဖိုးမထားတတ်ကြဘူးလို့ ပြောရင် လွန်အံ့မထင်၊
    အသစ်အသစ်သုံးနိုင်မှ ခေတ်မီတယ်ထင်တယ်၊
    နောက်ပြီးအနုပညာလက်ရာ ပန်းချီကားတွေ ဈေးကောင်းပေးဝယ်ရင် အဲဒါ နိုင်ငံခြားသားဘဲ။

  • MaMa

    October 8, 2011 at 8:39 pm

    ဟိုးတုန်းက ရိုက်ထားတဲ့ အတိတ်ကအရိပ်ကို ဖော်ပြပေးတဲ့ဓာတ်ပုံဟောင်းလေးကတော့
    (လူအများအတွက်မဟုတ်ပဲ ကိုယ့်အတွက် သီးသန့်) တန်ဖိုးမဖြတ်နိုင်တဲ့ ဝမ်းသာကြည်နူးမှုကို ပေးစွမ်းနိုင်ပါတယ်။ အဲ- ဒါပေမယ့် လူအများနဲ့ဆိုင်တဲ့ ရှေးဟောင်းပစ္စည်းတွေကိုတော့ တန်ဖိုးထားရကောင်းမှန်းတော့ မသိသေးဘူး။ 🙁

  • အဟောင်းဆိုတာ အကောင်းကနေဟောင်းသွားတာပါဘဲ၊
    ဟောင်းတာနဲ့အမျှ အစားထိုးမရဘူးဆိုတဲ့ တန်ဘိုးက တက်တက်လာပါတယ်။

  • unclegyi1974

    October 8, 2011 at 11:06 pm

    အဟောင်းနားလည်သူတွေကအဒေါ်ရမယ်ဆိုတာသိလို့မအပ်လောက်ပါဖူး
    ရုပ်ရှင်ရိုက်တာလောက်ကကွန်ပြူတာခေတ်မှာသိပ်အခက်အခဲမရှိလောက်ပါဖူး
    သို့သော်လည်းပေါ့လေလုပ်နိုင်ရင်တော့ကောင်းတဲ့အကြံပါပဲ

  • padonmar

    October 9, 2011 at 12:19 am

    unclegyi အဒေါ်ရဘို့က မောင်ပေပြောသလို စိတ်ဝင်စားတဲ့သူနည်းနေပြီလေ၊ဘယ်လောက်ရမလဲမသေချာဘူး၊
    သေချာတာက ကားအပ်လိုက်ရင် ပါမစ်ရောင်းစားလို့ရမယ်၊

Leave a Reply