ချစ်ခင်ခဲ့ရပါသောအတိတ်တခု
(စိတ်ပူပေးသောကိုဘလက်ချောအတွက်)
ဗီလိန်ကိုရေးလို့ကိုဘလက်ချောကကျနော်ကိုစိတ်ပူပါသည်၊ကျနော်ဘာမှမဖြစ်ပါခင်ဗျား။ကျနော်သည်
စာရေးသောအခါတွင်စိတ်ကိုနှစ်၍ရေးတတ်ပါသည်။ကျနော့စာကိုကျနော့လက်တွေ့
ဘဝနှင့်ထင်ဟပ်၍စိတ်ပူပေးသူခုချိန်ထိနှစ်ဦးရှိသွားပါပြီ။ကိုဝင်းတော်လခါ ခေါ် ကိုမောင်ပေ နှင့်
ယခုကိုဘလက်ချောပါ။
လွန်စွာကျေးဇူးတင်ရပါကြောင်းဤနေရာတွင်မှတ်တမ်းတင်အပ်ပါသည်။
ကိုဘလက်တောင်းဆိုသောအဆောင်နောက်ဆုံးနေ့ကို
လက်ဆောင်ပေး၊ရေးသားပါမည်။ခံစားကြည့်တော်မူကြပါခင်ဗျား။
~~~~~~~~~~~(^^;)~~~~~~~~~~~~~
စာမေးပွဲကားပြီးလေပြီ၊ယခင်ကဆူဆူညံညံရှိခဲ့သောအဆောင်တခုလုံးလည်ရပ်ဝေးနေသူတချို့
သာကျန်တော့သဖြင့်တိတ်ဆိတ်လှပြီ။
မိမိအခန်းတွင်းတွင်လည်းတော်တော်များများရှင်းလင်းပြီးပြီဖြစ်၍
ယခင်လိုပြည့်ကြပ်မနေတော့။
ရုတ်တရက်ဖြတ်ကနဲကြည့်လိုက်မိသည်။
ရေအိုးလေး။အခန်းထောင့်ကရေအိုးလေးကငိုမဲ့မဲ့မျက်နှာလေးနှင့်ကြည့်နေသလိုပါလား။
မင်းနဲ့ငါအကြာကြီးတူတူနေခဲ့တာမှန်ပါတယ်။ဘယ်မှာဝယ်ဝယ်ရတဲ့မင်းကိုငါယူမသွားတာလို့၊တန်ဖိုးမထားတာလို့
မင်းပြောလိုက်သလား။
မျိုးမတူဇာတ်ခြားလူသားနဲ့သောက်ရေအိုးအမျိုးမှမတော်၊မခေါ်ချင်လို့ထားခဲ့တာလို့မင်းတွေးနေလားကွာ။
မဟုတ်ဘူးကွ။
ငါကိုမင်းကျေးဇူးပြုခဲ့သလို၊ဒီမှာရှိတဲ့နောက်လာမဲ့ငါ့ညီငယ်တွေအတွက်အောက်ဆုံးထပ်မှာငါလှူခဲ့မှာ။
မင်းကိုသန့်သန့်ရှင်းရှင်းရေချိုးပြီးတဲ့အခါပေါ့ကွာ။နော်လို့စိတ်ထဲကပြောလိုက်ရသော်လည်းစိတ်မကောင်း။
မျက်စိကိုအကြည့်လွှဲလိုက်တော့။သူလိုဘဲကိုယ့်ကိုကြည့်နေရှာတဲ့တပျက်စီးလေး။
သူကတော့
သခင်ရေ ကျနော်ကိုတော့လွှင့်ပစ်မှာပေါ့နော်လို့သနားစဘွယ်မျက်နှာငယ်လေးနဲ့ပြောနေသယောင်ယောင်။
အဖြေမပေးလိုတော့သဖြင့်အဆောင်အပြင်သို့ကြည့်လိုက်သည်။
ကံ့ကော်ပင်တန်း။
ဟုတ်သည်။မိမိတို့အဆောင်ရှေ့တွင်ကံ့ကော်ပင်တန်းတခုရှိသည်။ပွင့်ချိန်တွင်လွန်စွာမွှေးလှသောကံ့ကော်ပင်
တို့၏အရွက်စိမ်းစိမ်းများသည်လဲခုတော့ကြေကွဲနေသယောင် အကြည့်ကိုမြင်နေရသလို။
ဟား…………….
ဟု တချက်ညီးလိုက်ရင်း သူငယ်ချင်းများရေးခဲ့ပေးသော အော်တိုစာအုပ်လေးကိုဖတ်မိသည်။
မရှိအတူရှိအတူနှင့်နေလာခဲ့ရသောချစ်သူငယ်ချင်းများ။
ငါးပိကြော်ပုလင်းငှါးသည်ဟုပြောကာယူသွားပြီးဘယ်တော့မှပြန်မတွေ့ရအောင်အစွမ်းထက်သော
“ပျောက်စေဆရာသူငယ်ချင်း”။
ရေချိုးရာနေရာရေကန်သို့ဘာတခုမှမပါဘဲလာပြီး သူများဆပ်ပြာ၊ရေလဲပုဆိုး၊မျက်နှာသုပ်ပုဝါတို့ကိုယူသုံးပြီး
ရေချိုးသွားတတ်သော”လှေထိုးသားသူငယ်ချင်း”
လေးထပ်မှရှူးရှူးပေါက်ချခြင်းကို ဝါးချမ်းမှာ ဝိုင်ယာကြိုးကိုချည်၊တစကို ပလပ်ပေါက်မှာထိုး ၊ကျလာသော
“ရှူးရှူးအတန်း”ကိုယင်းဓာတ်ရှိနေသောဝိုင်ယာနှင့် ဝါးချမ်းပြားသုံးပြီး လိုက်တို့ ကာ
အကျင့်မကောင်းသောကော်ရစ်ဒါမှရှူးရှူးသမားကိုဆုံးမတတ်သော”အသုံးချလျှပ်စစ်သုတေသနသူငယ်ချင်း”
အားလုံးနေရပ်ပြန်နှုတ်ဆက်ထွက်ခွါသွားကြပြီ။
ဟေမာနေဝင်း၏နှုတ်ဆက်သီချင်းကိုတယောက်ယောက်ကဂီတာတီးဆိုသံကြားသလိုခံစားမိသည်။
မောင်နှမဆောင်ဒင်နာများတွင်ဆိုလေ့ရှိသောဒီသီချင်း။ခုမဆိုချင်တော့၊မကြားချင်တော့။
လှိုက်တက်လာသောစိတ်တခုကိုငိုကြွေးဘွယ်ဖြစ်နိုင်သောသည်အနေအထားတွင် ဒီသီချင်းမကြားပါရစေနဲ့
အုန်းနော်။
အဆောင်အောက်ကိုဆင်းလိုက်သည်။လူမရှိသောတီဗီအခန်းကိုဖြေ၍ အဆောင်အပြင်ရောက်လာပြီ။
ကင်တင်းကိုသွားခဲ့ရသောဒီခြေလှမ်းများ၊သရဖီ၊နှင်းဆီ၊သဇင်၊အင်ကြင်းပတ်လည်လှဲ့ရှောက်ပြန်သံပေးခဲ့
ကြရသောဒီခြေလှမ်းများ၊သမိုင်းကောလိပ်ကျောင်းဝန်းမှအင်းလျားအထိ၊
အမိကျောင်းတော်ကြီးအထိလှမ်းခဲ့ရသောဒီခြေလှမ်းများ၊အားလုံးမရှိတော့ပြီ။
အိမ်မက်မဟုတ်သော်လည်းပြန်လည်ရယူဖို့မဖြစ်နိုင်တော့။
အသစ်အနေဖြင့်ဘဝထဲကိုရဲရဲရင့်ရင့်လျှောက်လှမ်းရန်ခြေလှမ်းသစ်များကိုပြန်ပြင်ဆင်ရတော့မည်။
သို့သော်….
တဦးပါးစပ်ထဲကမုံ့ကိုတဦးလုစားခွင့်ရှိခဲ့သောချစ်ခင်ရင်းနှီးမှုမျိုး ရပါမည်ဟု မည်သူအာမခံပါမည်နည်း။
ရှိသမျှပိုက်ဆံကိုသူငယ်ချင်းများအတွက်အနှမြှောအတွန့်အတိုမရှိသောအသိုင်းအဝိုင်းမျိုး
ရပါမည်ဟု မည်သူအာမခံပါမည်နည်း။
တဦးနေမကောင်းလျှင်တဦးပြုစုပေးတတ်ယုံ(မိသားစုပုံစံထက်မက) ကိုယ်ချစ်ခင်စွဲလန်းသောမိန်းကလေးကိုရသည်အထိ
ကိုယ်အားဉာဏ်အားဖြင့်အနစ်နာခံကူညီတတ်ကြသောသူငယ်ချင်းမျိုးရပါ
မည်ဟုမည်သူအာမခံပါမည်နည်း။
ဤသို့သောသူငယ်ချင်းအသိုင်အဝိုင်းမျိုးနှင့်မည်သူသည်ခွဲချင်ပါအံ့နည်း။
သို့သော်ခွဲရပေတော့မည်။
ဝေဿတရာမင်းကြီးသည်မိမိတိုင်းပြည်သို့
အပြန်နေခဲ့ရသောတောထဲကကျောင်းသင်ခမ်းလေးကိုကန်တော့သည်ဟု
မှတ်သားဘူးသည်။သဝိညာနကအသက်မဲ့ပင်ဖြစ်လင့်ကစားကျေးဇူးရှိသည်ဟုဆိုသည်။
မိမိလည်းမိမိနေခဲ့သောအခန်းလေးကိုနှုတ်ဆက်ကန်တော့ခဲ့ပါသည်ခင်ဗျား။အရိပ်ခိုခွင့်ရခဲ့လို့ကျေးဇူးပါခင်ဗျား။
အထုတ်အပိုးတွေကိုသယ်၍ကားပေါ်တင်နေရသောသည်မနက်သည်တုန်လှုပ်ချောက်ခြားဘွယ်အတိ။
ပြီးပြီ…………
သည်ရိပ်မြုံ၊ သည်အသိုင်းအဝိုင်းတွင်နေခဲ့ရသည်များ ဒီနေ့နိဂုမ်းချုပ်ပါပြီ။
အားလုံးကိုကျေးဇူးတင်စွာနှုတ်ဆက်ရင်း
လောကဓံတရားတို့နှင့်ပြည့်နှက်နေသောလတ်တွေ့ဘဝဆီသို့ခြေလှမ်း၊များစခဲ့ပါပြီ။
~~~ဝေးခဲ့ပြီ ပန်းခရမ်းပြာရေ တခါတရံ မှာ အိမ်မက်လို ပင်ညိုညိုရိပ်တွေ မြမျက်စိမ်းစိမ်းတွေ
ဘယ်ဆီမှာလဲမသိတော့ပါ~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အားလုံးကိုလေးစားပါသည်
မောင်သစ်မင်း
31 comments
windtalker
November 1, 2011 at 8:49 pm
ကစ်သို စာကို ဖတ်ရတော့
ရှူရှူးသမား တွေ ဟာ ခေတ်အဆက်ဆက် တက္ကသိုလ်များမှာ
မျိုးရိုး မတိမ်ကောဘူး လို ့မှတ်ချ ချမိသဗျာ
အဲဒီလိုမျိုး ဘော်ဒါတွေ ကြုံဖူးလို ့ပါ
ကစ်သို က မှ ၊ အလွမ်းပြေ ပြန်ကြည့်စရာ အော်တို စာအုပ်လေး ဘာလေး ရှိသေးတယ်
အနော်တို ့ဖြင့် ၊
“ အမူးရယ်မပြေဘူး ကျောင်းသားဘဝ ” ဖြစ်ခဲ့တာကလား ဗျ
thit min
November 2, 2011 at 11:38 am
အရက်ဆိုသည်မှာ…အံ့ဩမှုများနဲ့ဆန်းကျယ်သောအရာ
အရက်ဆိုသည်မှာ…ကိုပေ့ရဲ့နှလုံးသားထက်ကအရှင်သခင်
အရက်ဆိုသည်မှာ….အပေါင်းအသင်းများနဲ့သောက်ရခြင်းများစွာ
အရက်ဆိုသည်မှာ….စကားပြောကောင်းတဲ့အာရွှင်ဆေး ဆိုမလား
တကယ်ဆိုရင် …အရက်ဟာမသောက်ဘဲနဲ့ မမူးပါ
တကယ်ဆိုရင်…အရက်ဟာ အတူတူသောက်မှကောင်းတာ
ငါကိုယ်တိုင်အရက်ကိုတယောက်ထ.ဲ..မသောက်တတ်ပါ
တခါတလေမှာတော့.. ဘီယာဘဲကင်နဲ့ ….ဆုံဆည်းလိုက်ချင်လည်း…..
တခါတလေတော့ အပြင်းဘဲ..ချ …ချင်တယ်။
(^^) ကိုပေ့အတွက် (အချစ်ဆိုသည်မှာ… သီချင်း ကာရာအိုကေမှာဖွင့်ပြီးအဲဒါဆိုလိုက်နော်)
windtalker
November 2, 2011 at 11:50 am
အခုတော့ အရက်မသောက်တာ ကြာပါပြီ ကစ်သိုရေ
သောက်ရင်လည်း တစ်လ နေမှ တစ်ခါ ထဲရယ်ပါ
ဘော်ဒါတော်တော် ဆုံမှ ၊ အရက်သောက်ဖြစ်တာပါ
ဘော်ဒါတွေ ဆုံဖို ့ဆိုတာကလည်း ၊ အလုပ်ကိုယ်စီနဲ ့ဆိုတော့
တစ်လ တစ်ခါ တောင် မသေချာတော့ဘူး ဗျ
ဘီယာလေးတော့ တစ်ပါတ် ၃ ရက် ၊ ၄ ရက်လောက်တော့ သောက်ဖြစ်တယ်ဗျ
အဲဒီ့ဘီယာကို ပါ ခပ်ကင်းကင်းနေနိုင်အောင် ကြိုးစားနေပါတယ် ဗျို ့
thit min
November 3, 2011 at 2:26 pm
စိတ်မရှိပါနဲ့ဗျာ။
စီးပွါးရေးမျိုးစုံလုပ်နိုင်သော။ဂေဇက်ကိုလည်းခွင့်ရက်မပျက်တက်နိုင်သော
ကိုပေကို အရက်အလွန်သောက်သူတယောက်လို့မထင်မိပါဘူးဗျာ။
သက်သက်ကျီစယ်တဲ့သဘောမို့ “ဆောရီး”လို့တောင်းပန်စကားဆိုပါရစေဗျာ။
koyinmaung
November 1, 2011 at 9:18 pm
တက္ကသိုလ်ကျောင်းသားဘဝဟာ
မိဘရဲ့လောင်းရိပ်အောက်ကနေ
ထွက်ခွါပြီးအပူပင်မရှိပညာရှာ
ချစ်သူရှာ ပုလင်းရှာ ရှာချင်တာရှာတဲ့
ပျော်ရွင်စရာ ဘဝပါဘဲလား….
အားပေးသွားပါတယ် ကိုသစ်မင်းရေ..
Koyin Sithu
November 1, 2011 at 9:30 pm
ဦးသစ်လည်း အလွမ်းနောက်ခံတွေနဲ့ပါလား…
တွေ့ဆုံကြုံကွဲ လူဘဝရဲ့ မမြဲခြင်းတရားထဲက တစ်ခုပါလား…
ဦးသစ် ဘာမှ မဖြစ်ပဲ အေးဆေးဖြစ်နေတာသိရတဲ့အတွက်
ဝမ်းသာပါတယ်ခင်ည…
thit min
November 2, 2011 at 11:43 am
ကိုရင်မောင်ရေ
ပြန်တော့မရချင်တော့ဘူးဗျို့။ ခုတိုင်းဘဲကောင်းပါတယ်။
ဖြတ်သန်းခဲ့ရတာမောပြီလေ။တူတူဘဲမဟုတ်လားဗျ။
ညီစည်သူရေ
အေးပါညီရေ့။ အပြစ်ကင်းတဲ့ချစ်ခြင်းနဲ့သစ်မင်းက အသဲစိုပြေ၊အမြဲအိုကေပါကွ။
blackchaw
November 1, 2011 at 9:57 pm
ကိုသစ်မင်းရေ။
ကျွန်တော်လည်း ကိုသစ်မင်းရဲ့ နောက်ဆုံးနှစ်ကိုဖတ်ပြီး
ပို့စ် တစ်ခုရေးဖြစ်သွားပါတယ်။ ဖတ်ကြည့်ပါဦးဗျာ။
thit min
November 2, 2011 at 11:44 am
မေခရေသောက်ညီအကို ၂ယောက်ပါလေ။
များများရေးပါဗျာ။ကိုဘလက်ကလက်စွမ်းထက်သူပါ။
Foreign Resident
November 1, 2011 at 10:08 pm
ကိုသစ်မင်းရေ
ရှုးရှုး ဓါတ်လိုက်တာ
တော်တော်ပျင်းသလားဗျ ။
thit min
November 1, 2011 at 10:16 pm
သူက ဒီလိုဗျ။
လာလိုက်ရပ်လိုက်မဟုတ်လား။
“ရှူးရှူးစီးကြောင်းရှိနေရင်” လိုက်တယ်ဗျာ။ရပ်ရင်မလိုက်တော့ဘူး။
အဲဒီအပေါ်ကကောင် သူ့ကိုသူဘာဖြစ်မှန်းမသိဘူးဗျ။
ငါကိုသရဲပူးတာလို့အော်တောင်အော်သေးတာ။
ဟာသ။
ဓာတ်လိုက်ချိန်မှာ သူရပ်သွားမှာဆိုတော့ တချက်ချက်တော့ဆောင့်တက်သွားမယ်ထင်ပါရဲ့။
ပြင်းမပြင်းတော့ သေခြာမသိဘူးခင်ဗျ။
သူ့ ရှူးရှူးCurrent နဲ့သူလိုက်တဲ့ဓာတ်။ လုပ်ကြည့်ပါလား။စိတ်ဝင်စားရင်။ဟဲဟဲ။(^^)
TTNU
November 1, 2011 at 10:39 pm
ဆရာသစ်ရေ
ဘာရေးချချ ရေးသမျှ စာတွေမှာ
တွေးဆစရာ တစ်ပုံ တစ်ပင် နဲ့ မို့၊
တို့ တစ်တွေ ငယ်ဘဝဆီက
ရယ်မောကာ ကွန်းခိုခဲ့ကြရာ၊
မချိတရိ ခံစား အလွမ်းများရဲ ့
အဓိပတိလမ်းက ခြေရာများ ရှိသေးတဲ့နေရာ၊
တက္ကသိုလ်ကျောင်းကငွေလဝန်းရေ လို့
လွမ်းတိုင်းတမ်းတ အောင်းမေ့ရတဲ့နေရာ၊
အဲဒီလောက် ကိုပဲ လှလွန်းပိုတဲ့ မြကျွန်းညိုကိုလွမ်းမိပါတယ်။
(အဲဒါ ရှင့်ကြောင့်) 🙁 🙁
thit min
November 2, 2011 at 11:47 am
မစွမ်းရင်းကလဲရှိသမို့ ကန်စွန်းခင်းကလဲညှိသဗျို့၊ပရိတ်သတ်ကြီးရေ(^^)
လေးစားစွာဖြင့်
မောင်သစ်မင်း
TTNU
November 2, 2011 at 9:50 pm
ဆရာသစ်ရေ
ငိုချင်ရက် လက်တို့ လုပ်ပါကွဲ့။ ကန်စွန်းခင်းတော့ မညိတော့ပါဘူးဟဲ့။
parlayar46
November 1, 2011 at 11:44 pm
လက်စွမ်းထက်လှချည့်လား ကိုသစ်မင်းရယ်…
ဒီပိုစ့်လေး အပြန်ပြန်အလှန်လှန်ဖတ်ပြီး
ခေါင်းဖြူခါစ အဖိုးကြီးတယောက်ဘာလုပ်မိတယ်ဆိုတာများ ခင်ဗျားသိရင်……
thit min
November 2, 2011 at 11:50 am
ရေးပါဘရားသာရာ
အောင့်ထားတာဘာမှမကောင်းဘူး။ဖွင့်ချလိုက်ပါဗျာ။
ဘရားသားရေ ပီအမ် ရေးနည်းပို့နည်းလေးကို ကျနော့ ဗီလိန်ပို့စ်မှာ ဘရားသားကော်မန့်ကိုဖြေထား
ပေးပါတယ်၊ကြည့်လိုက်ပါအုန်းခင်ဗျာ။
parlayar46
November 3, 2011 at 9:52 pm
အဲ ..တွေ့ပါပြီကိုသစ်မင်းရေ-
စိတ်ရှည်လက်ရှည်ပြောပြထားတာ ကျေးဇူးပါပဲ။
ကျွန်တော်က နည်းပညာတွေနဲ့ပတ်သက်ရင် အဲသလိုညံ့တယ်။
တက္ကသိုလ်မြေရဲ့အမှတ်တရလေးတွေ ကိုသစ်မင်းတို့ ကိုဘလက်တို့ရေးထားတာ လွမ်းမောဆွတ်ပျံ့ဘွယ်လေးတွေပါပဲ။ ကျွန်တော်လဲ အဲသလိုရေးတတ်ချင်လိုက်တာ..။
thit min
November 4, 2011 at 6:04 am
ကိုပါလေရာရေ……………..
ရေးကြည့်ပါ…………..လို့လေးလေးနက်နက်ကြီးတိုက်တွန်းပါရစေ။
ကျနော်တို့တွေ ဘဝ ကိုရုန်းကန်ဘို့လိုအပ်တဲ့ စိတ်အဟာရ လိုပါတယ်။
ဖတ်ရတာက သူများချက်တာကို ဝင်စားရတဲ့အဟာရဆိုရင်
ကိုယ်တိုင်ရေးတာက ကိုယ်တိုင်ချက်တဲ့ဟာ ကို ကိုယ်ဟာကိုယ်စားရတဲ့သဘောပေါ့ဗျာ။
ရေးဖြစ်အောင်ရေးပါလို့။ပြောပြသလိုမျိုးရေးလို့ရတာဘဲမဟုတ်လား။
လေးစားစွာဖြင့်
comegyi
November 1, 2011 at 11:54 pm
ကိုသစ်ရေ့ ကျွန်တော်က ကိုသစ်တို့လို ရန်ကုန်တက္ကသိုလ်ကြီးကိုတက်ရောက်သင်အံဖို့မီလောက်တဲ့ ကံမပါလာခဲ့ဘူး ကျွန်တော့်အထက်က အမတော်တို့တက်ရောက်ခဲ့ရတာကိုသာအားကျခဲ့ရတာ ကျွန်တော်တက္ကသိုလ်တက်တဲ့ကာလ ရောက်တဲ့အခါမှာတော့ တက္ကသိုလ်များကို NEWS လုပ်ပစ်လိုက်ပါပြီ ဘယ်သူငယ်ချင်းက ယူဇနာဘယ်လောက်ဝေးတဲ့ အရှေ့အရပ်ဌာနေမှာ ၊ ဘယ်သူငယ်ချင်းတွေက တော့အနောက်မစ္ဇိုမဌာနီမှာ စသဖြင့် မြို့ပြနှင့်ဝေးရာကိုနေရာချခံလိုက်ရတဲ့အခါမှာတော့ တက္ကသို်လ်နောက်ခံဝတ္ထုတွေဘက်ကို လှည့်ပြီးတော့သာအာသာဖြေရပါတော့တယ်။ အထူးသဖြင့် ဆရာမင်းလူကို ဖက်တွယ်ခဲ့ရတယ်ပေါ့ဗျာ . .အဲဒိလိုဆရာဇဝနတို့ခေတ်ကနေ ဒီဘက်ခေတ်ထိ တက္ကသိုလ်နောက်ခံဝတ္ထုတွေကိုဖတ်လာခဲ့တဲ့လူတစ်ယောက်အတွက် ကိုယ်တက်ခဲ့ရတဲ့ကျောင်းကို ရင်မခုန်ခဲ့ရိုးအမှန်ပါ။ (အနုပညာဓာတ်ခံလေးရှိတဲ့အတွက် နည်းနည်းပါးပါးတော့ ကိုယ့်စိတ်ကူးနဲ့ကိုယ်ဖြစ်အောင်ခံစားခဲ့တာတော့ဝန်ခံပါတယ်) အဲဒီတော့ဗျာ ကို်ယ်တက်ခဲ့ရရမရရ အချိန်လေးရရင် ၊ အားရင် မိန်းထဲသွားတိုင် အင်းယားလေး သွားထိုင်ပြီး ငါတို့များတက်ခဲ့ရရင် ဘယ်လောက်တောင်ပျော်စရာကောင်းမလဲလို့ တစ်ခါတစ်ခါ စိတ်မကောင်းဖြစ်မိပါရဲ့ သို့သော်လည်း ပြောင်းလဲသွားတဲ့အကြောင်းတရားတစ်ခုကိုတော့ ဘာမှမပြောလိုတော့ပါ ကိုသစ်စာကိုဖတ်ပြီးကျွန်တော်လည်း လွမ်းသလိုဆွေးသလိုတလှပ်လှပ်ဖြစ်မိသွားတာတော့ အမှန်ပါပဲ။ ကြံဖန်ဝမ်သာရမယ်ဆိုရင်တော့ ကိုယ်တိုင်ရုပ်နဲ့ကျောင်းမတက်ခဲ့ရပေမယ့် စာအုပ်တွေရဲ့ကျေးဇူးကြောင့် စိတ်ကူးနယ်ပယ်နာမ်နဲ့တက်ခဲ့ရတယ်လို့ပဲ ကြံဖန်ဖြေသိမ့်မိတော့တယ် ကျေးဇူးပါကိုသစ်ခင်ဗျား……..
thit min
November 2, 2011 at 12:00 pm
ပြောပုံကငယ်တယ်ပေါ့(^^)
ဟုတ်ကဲ့ပါ။
ကျောင်းသားတွေပျော်ပျော်ရွှင်ရွှင်အပူအပင်ကင်းစွာတတ်ခဲ့ရတဲ့ရွှေရောင်နေ့ရက်များစွာကို
ကျနော်တို့ပိုင်ဆိုင်ခွင့်ရခဲ့ဘူးပါတယ်(ကံကောင်းစွာလို့ဆိုရလေမည်လား)
ပြန်ရောက်လာမည့်အဲဒီလိုအချိန်မျိုးကို မျှော်လင့်ကြီးစွာရှိနေခဲ့တာကြာပါပြီ။
ဖြစ်လာမယ်လို့ယုံကြည်လျှက်ပါ။
ကြောင်ကြီး
November 2, 2011 at 11:40 am
အတိတ်ဆိုတာ…..
အဆွေးဓာတ်ခံ
ရှိသူအတွက်
လွမ်းမောစရာ၊
နာကြည်းချက်
ရှိသူအတွက်
ခံပြင်းစရာ၊
မဟုတ်တရုတ်
လုပ်ခဲ့သူအတွက်
ပူလောင်စရာ၊
တရားဓမ္မ
တည်သူအတွက်
မရှိတဲ့အရာ၊
သတိရှိသူအတွက်
သင်ခန်းစာ
ယူစရာ၊
ရွှေထီးဆောင်း
ခဲ့သူအတွက်
စာမြုံ့ပြန်စရာ၊
နှစ်လုံးသုံးလုံး
ထီသမားအတွက်
နမိတ်ယူစရာ၊
စရာစရာ
အမျိုးမျိုးအထွေထွေ
ဆရာတွေ
မှာခဲ့ပေမဲ့
ဘယ်သူဘာပြောပြော
တရုတ်ကြီး
အတွက်ကတော့
အတိတ်ဆိုတာ
နာမည်တခုမျှသာ..။ 😮
thit min
November 2, 2011 at 12:04 pm
ကဗျာတွေကစာအုပ် ၁ဝ အုပ်စာလောက်ရှိရော့မယ်။
သူကြီးကို “မန်းဂေဇက်-ကြောင်ကဗျာများ-ပေါင်စရာလား” ဆိုတဲ့ခေါင်းစဉ်နဲ့
စာအုပ်ထုတ်ခိုင်းပါလားဗျ။
ba gyi
November 2, 2011 at 11:47 am
ရင်ကိုထိ ပြီး ငြိစေပါ၏၊
ဦးချစ် နှင့် အရှည်ကြီး ဆိုင်မှာတစ်လှေထည်းစီးခဲ့ကြသူချင်းဖြစ်လေမလား။
တစ်ဆယ်တန်မြေပဲတစ်ထုပ်နှင့်တစ်မတ်တန်လ္ဘက်ရည်တစ်ခွက်သောက်၊တစ်နေကုန်လမ်းလျှာက်၊
ပေါက်တတ်ကရတွေသောရင်း- ရွက်ခြောက်တွေပေါ်အရောက် ကူကူး ကူကူး ဆိုတဲ့အသံတွေ သိပ်သတိယတယ်ဗျာ။
thit min
November 2, 2011 at 11:55 am
**တစ်ဆယ်တန်မြေပဲတစ်ထုပ်နှင့်တစ်မတ်တန်လ္ဘက်ရည်တစ်ခွက်သောက်၊**
ဈေးကကွာလှချည်လား တမတ်တဆယ်ဆိုလို့။
ဟုတ်ကဲ့ ကျနော်တို့ကယမ်းဘီလူးနဲ့ ကိုအောင်ရင့်ဆိုင်မှာထိုင်တာများပါတယ်။
ပြောရင်း ကိုအောင်ရင့် အားလူးကတ်တလိတ်စားချင်လိုက်တာ။
ယမ်းဘီလူးရေခဲသုတ်နဲ့ပေါ့။အီကိုကင်တင်းပေါ့ခင်ဗျာ။
ကျေးဇူးပါဘရားသားရေ။
weiwei
November 2, 2011 at 1:58 pm
ကျွန်မကတော့ တက္ကသိုလ်နဲ့ပတ်သက်တဲ့အတိတ်တွေကို မေ့ထားခဲ့ပါတယ် … ပြန်တွေးရင် မောလွန်းလို့ပါ …
thit min
November 2, 2011 at 2:05 pm
ကျနော်လည်းတူတူပါဘဲ။
ပြောရရင် “စိတ်”မအားတာဗျ။
ကျနော့အလုပ်သဘောကပြင်ဆင်မှုတွေလိုတဲ့ဟာမျိုးလေ။
စိတ်နဲ့အရင်တွေးရတယ်ပေါ့နော်။
ခုဟာက ကိုဘလက်ရဲ့ တောင်းဆိုမှုအတွက်ရေးလိုက်တာပါ။
ဘာဘဲရေးရေး အကြောင်းအရာလေးတခုကိုချဲ့ရေးတတ်တဲ့ကျနော်မလို့နဲနဲလွန်သွားသလားဘဲ။
kyeemite
November 2, 2011 at 4:11 pm
စွယ်တော်ရိပ်…အလွမ်ပြေလေးလဲလုပ်ကြပါအုံးဗျို့….
alinsett
November 2, 2011 at 8:14 pm
သိပ်ကောင်းပါတယ်…ကိုသစ်မင်း
ကိုယ်လည်း အဲဒီလို စာမျိုးလေးတွေ ကြိုက်တယ် ။
နုပျို လန်းဆန်းတဲ ့အရေးအသားလေးကို ချီးကျူး ပါတယ်။
thit min
November 3, 2011 at 5:14 am
ကဲ ရေးကြမယ်ဗျာ ပေါင်းပြီးတော့ နော့ ကိုကြီးမိုက် ကယ်
ကျေးဇူးပါ ကိုအလင်းဆက်ရေ၊အမြဲအားပေးနေတာကိုအမှတ်ရရရှိလျှက်ပါ။
ကိုပေါက်(မန္တလေး)
November 2, 2011 at 10:11 pm
အတိတ်ဆိုတာ
ပြန်တွေးရင်မော
မောရင်းနဲ့ပျော်
ပြန်လိုချင်သော်လည်း
မရနိုင်တဲ့အရာတစ်ခုပါဗျာ။
thit min
November 3, 2011 at 9:43 am
အိုင်ဒီယာတခုကိုတွေးပြီးရေးတတ်လို့ပါ။
အတိတ်ဆိုတာကိုတော့ ပြန်မလိုချင်တော့ပါဘူး။
ခါးသီးလှလွန်းလို့ပါ။ကိုပေါက်ရေ။
ခုအတိုင်းဘဲကောင်းပါတယ်ဗျာ။