ကြက်မတစ်ကောင်ရဲ့ခံစားချက်
ကြက်မတစ်ကောင်ရဲ့ခံစားချက် (ပြည်တွင်းလူကုန်ကူးမှု အကြောင်း)
ကျေးရွာတွေက ဆင်းဆင်းရဲရဲ အမျိုးကောင်းသမီးလေးတွေ ဘဝပျက်ရတဲ့အကြောင်းလေးကိုရေးထားတာပါ။ ဒုတိယပိုင်းမှာပါမဲ့ တကယ့်အဖြစ်မှန်လေးကိုအခြေခံပြီး ရှေ့ပိုင်းကိုအစာထည့်ထားပါတယ်။ အစာထည့်တယ်ဆိုပေမဲ့ အဲဒါတွေလည်းတကယ်ရှိပါတယ်။ ရွာသူများဖတ်မိလို့ မသင့်တော်တဲ့အသုံးအနှုန်းတွေပါခဲ့ရင် မေတ္တာဖြင့် ဖတ်ရှုအားပေးပါလို့ကြိုတင်တောင်းပန်ပါရစေ။
ကြောင်လတ်။
ကျမဟာ ကြက်မတစ်ကောင်ပါ။
တချို့ကပြောကြတယ်၊ ရှူးပေါက်တဲ့ ကြက်တဲ့၊တချို့ကတော့ ဖိနပ်စီးတဲ့ကြက်တဲ့။
သူတို့ကြိုက်သလိုပြောကြပါစေ၊ ကျမကတော့ ကျမကိုယ်ကျမ ကဗျာဆန်ဆန်လေးပြောချင်တယ်။
စိုင်းထီးဆိုင်ရဲ့သီချင်းကို ဖျက်ဆိုထားတဲ့ ဟိုသီချင်းကြားဖူးလားမသိဘူး၊
“နင်ဟာ…….အတောင်မပါတဲ့ကြက်ပါ…..ငါက …အမွှေးနှုတ်တဲ့ ကြက်ကုလားပါ”
အဲ့ဒီသီချင်းထဲက လို အမွှေးနှုတ်တဲ့ ကြက်ကုလားတွေကြာထဲက
အတောင်မပါတဲ့ကြက်ပေါ့၊ ဟင်း…ဟင်း…ဟင်း….
ဒီလိုပြောလို့ ကျမကို အရမ်းပျော်နေတယ်လို့မထင်လိုက်ပါနဲ့၊
ရောက်ရာဘဝမှာ စိတ်သက်သာအောင် ကြံဖန်ပြီးနေရတာပါ။
ရှင်တို့သိပါတယ်၊ကျမဘဝဟာ ယောက်ျားတကာရဲ့ရင်ခွင်မှာဝင်ပြီး
သူတို့အလိုကျ ပျော်တော်ဆက်နေရတယ်ဆိုတာ။
တချို့ယောက်ျားတွေက ကိုယ်ချင်းစာတရားရှိကြတယ်၊
သူ့လိုအပ်ချက် ကိုယ့်လိုအပ်ချက်အပြန်အလှန်ဖြည့်ပေးကြရတာလေ၊
ကိုယ်ကငွေလိုတယ်မလား၊ သူတို့လိုတာကို ကိုယ်ကပေးရတာပေါ့။
တချို့ယောက်ျားတွေက ကို်ယ်ချင်းစာစိတ်မရှိဘူး၊
သူတို့ငွေပေးထားရတယ်ဆိုပြီး အနိုင်ကျင့်ချင်ကြတယ်။
လူကို လူလိုမဆက်ဆံချင်ကြဘူး၊
သူ့ဆန်စားရင် ရဲရမယ်လေ၊ လိုက်လျောရတာပေါ့၊
တကယ်တော့ ကျမ ဒီဘကိုရောက်ရတာ မျိုးရိုးရှိလို့မဟုတ်ပါဘူး၊
ဝါသနာပါလို့လဲမဟုတ်ရပါဘူး။
ကျမငယ်ငယ်ရွာမှာနေတုန်းက သူငယ်ချင်းတွေကို ဟိုကောင်မ၊
ဟိုဖာသယ်မ လို့ဆိုပြီး မဲ့ကာရွဲ့ကာ ပြောတတ်တဲ့ ဝစီကြောင့်ဖြစ်ရတာပဲလား၊
အတိတ်က ဝဋ်ကြွေး မကင်းလို့ပဲလားမသိပါဘူး။
မရောက်ချင်ပဲ မထင်မှတ်ပဲရောက်ခဲ့ရတာပါ။
ပြန်တွေးလိုက်တိုင်းရင်ထဲမှာနင့်နေအောင်ခံစားရပါတယ်။
ကျမ သိပ်ချစ်ခဲ့ရတဲ့၊စွဲလမ်းခဲ့ရတဲ့ ချစ်သူရဲ့ ရက်စက်မှုတွေပေါ့။
ဒါပေမဲ့ ကျမသူ့ ကို ခုထိမေ့လို့မရသေးပါဘူး၊ တမ်းတလျှက်ရှိဆဲပါ။
သူ့ရဲ့ရင်ခွင်ထဲကို ပြန်ရောက်ရမယ့် တနေ့ကို ရူးမိုက်စွာမျှော်လင့်နေမိဆဲပါ။
ဒါပေမဲ့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူးဆိုတာကိုလည်းသိနေတော့
မွန်းကြပ်ပြီးအသက်ရှူမဝဖြစ်လာပါတယ်။
ယောက်ျားတကာရင်ခွင်မှာ အလုပ် လုပ်နေရတဲ့ ကျမလိုမိန်းမ မျိုးမှာ
အချစ်ဆိုတဲ့ ခံစားချက်တွေ မရှိဘူးလို့မထင်လိုက်ပါနဲ့။
ခပ်နောက်နောက်ပြောရရင် ကြက်မ မှာလည်း အသဲနဲ့ပါကွယ်..ဟင်း…ဟင်း…ဟင်း……
ကျမတို့မိသားစုက တောရွာတရွာမှာ နေပါတယ်၊
အဖေက လယ်သမားပါ၊ အမေကကောက်စိုက်ပျိုးနှုတ် ကောက်ရိတ်ပေါ့။
ကျမမှာမောင်လေးတစ်ယောက်ရယ်၊ ညီမထွေးလေးရယ်ရှိပါတယ်။
မောင်လေးက ငါးတန်းပါ၊ စာအရမ်းတော်ပါတယ်။ ညီမထွေးလေးက သုံးတန်းပါ။
ကျမ ခုနစ်တန်းနှစ်မှာ ကံကြမ္မာဆိုး ဟာ ကျမတို့ မိသားစုအပေါ် ကျရောက်လာပါတယ်။
ကျမတို့ပိုင်တဲ့လယ်ဆယ့်ငါးဧကဟာ စီမံကိန်းကြီးတစ်ခုကြောင့် အသိမ်းခံလိုက်ရပါတယ်။
လျော်ကြေးတွေ ပေးတယ်လို့ကြားလိုက်ရပေမဲ့ မယ်မယ်ရရ မရခဲ့ပါဘူး၊
ဒီလိုနဲ့အဖေဟာ လယ်စာရင်းငှားဘဝကိုရောက်ခဲ့ရပါတယ်။
အမေကလဲ အခစားကောက်စိုက်သမဖြစ်သွားရတယ်လေ။
ကျမကတော့ကျောင်းထွက်လိုက်ရတာပေါ့။
ဘာဖြစ်လို့လဲဆိုတော့ ယောက်ျားလေးလဲဖြစ် ၊စာလည်းတော်တဲ့မောင်လေးကိုပဲ
ထူးချွန်အောင် မြေတောင်မြှောက်ဖို့မိသားစုဆုံးဖြတ်ကြတယ်။
ကျမကတော့ အိမ်မှာ ချက်ပြုတ်လျှော်ဖွတ်တဲ့တာဝန်ကို ယူလိုက်ပါတယ်။
ဒီလိုနဲ့ရုန်းကန်ကြရင်းနဲ့ မောင်လေးဟာ အလယ်တန်းအောင်လို့
အထက်တန်းကိုတက်ရမယ်ဆိုတော့ ကျမတို့ရွာမှာ အထက်တန်ကျောင်းမှ မရှိတာ၊
မြို့ကိုလွှတ်ပြီး ကျောင်းထားရတော့စရိတ်ကကြီးပြီး ကျမပါဝင်ငွေရှာရမဲ့အဖြစ်ကိုရောက်လာပါတယ်။
ကျမအသက်ကလည်း ၁၆ နှစ်ရှိပြီလေ။
ဒီအချိန်မှာပဲ မြို့ နဲ့အဆက်အသွယ်ရှိတဲ့ အဒေါ်ကြီးတစ်ယောက်က
မြို့ကစတိုးဆိုင်တစ်ခုမှာဈေးရောင်းဖို့လူလိုတယ်၊ သူတို့အိမ်မှာပဲ နေ၊
စားပြီး စားရိတ်ညိမ်း လစာနှစ်သောင်းရမယ်ဆိုတော့ လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
မောင်လေးနဲ့လဲ တမြို့ထဲ ရှိနေမှာဆိုတော့ သူ့အတွက်အဆင်ပြေတယ်လေ။
ဒိလိုနဲ့ မြို့ ကိုရောက်ပြီး အလုပ်လုပ်ရတာအဆင်ပြေပေမဲ့ အဆင်မပြေတာတစ်ခုဖြစ်လာပါတယ်။
သူတို့မှာသားတစ်ယောက်ရှိပါတယ်။တက္ကသိုလ်ကျောင်းသားတစ်ယောက်ပါ။
ကျောင်းတွေ မဖွင့်သေးလို့မြို့ကိုခဏပြန်လာနေတာပါ။
ပိုက်ဆံရှိသားသမီးဆိုတော့ စိန်နားကပ်အရောင်နဲ့ ပါးပြောင်ပြီး
အတော်ဆိုးသွမ်းပါတယ်။ကျမကိုရိသဲ့သဲ့ နဲ့ လူလစ်ရင် လစ်သလို လက်သရမ်းတတ်ပါတယ်။
ကျမကသူတို့အိမ်မှာနေရတာဆိုတော့ မြွေမသေတုတ်မကျိုး သည်းညည်းခံနေရတာပေါ့။
မကြိုက်တဲ့ပုံစံပြရပေမဲ့ အရမ်းကြီးလဲ မဆန့်ကျင်ရဲဘူးလေ။
တနေ့ ပြ ဿနာတစ်ခုပေါ်ပါရော။ ညဖက်သူပြန်လာရင် ကျမက တံခါးဖွင့်ပေးနေကျပါ။
သူတို့က အိမ်အပေါ်ထပ်မှာအိပ်တယ်လေ။ ကျမရယ် ထမင်းချက်အဒေါ်ကြီးရယ်၊
ကလေးထိမ်းကောင်မလေးရယ်က အောက်ထပ်နောက်ဖေးမှာအိပ်ကြတယ်။
အရင်ဆိုသူက ကိုးနာရီလောက်ပြန်လာနေကျပါ။ အဲဒီနေ့ ဆယ်နာရီကျော်မှပြန်လာတယ်။
အရက်လဲမူးလာတယ်။ ညနေကတည်းက သူ့အမေဆီမှာ သားသူငယ်ချင်းတွေကို
ကျောင်းပြန်မဖွင့်ခင်ကျွေးချင်လို့ဆိုပြီး ပိုက်ဆံကပ်တောင်းနေကတည်းက
ညကျရင် အိမ်ပြန် နောက်ကျမယ်ဆိုတာကို ကျမ သိနေပါပြီ။
ကျမတံခါးပြန်ပိတ်တဲ့အထိ စောင့်နေပြီး ညီမလေး အကိုကိုတွဲပါအုံးဆိုပြီး
ကျမပုခုံးကိုဖက်ပြီးလမ်းလျှောက်ပါတယ်၊ ကျမ တကိုယ်လုံးဖိန်းတိန်းရှိန်းတိန်းဖြစ်သွားပါတယ်။
လှေကားနားရောက်တော့ အပေါ်ကိုတက်မသွားပဲ ကျမ ပခုံးနှစ်ကိုဆွဲကိုင်ပြီး
သူ့ရင်ခွင်ထဲကိုဆွဲထည့်လိုက်ပါတယ်။ယင်ဖိုတောင်မသန်းဖူးတဲ့ အပျိုစင်ကျမ ရင်တွေတအားခုန်နေပါပြီ။
ဒါပေမဲ့ သတိကိုတော့ လက်မလွှတ်ပါဘူး။ သူ့ရင်ခွင်ထဲအလိုက်သင့်လေးဝင်လိုက်ရင်း
အမေကျမကိုတဖွဖွသင်ပေးလိုက်တာကို သတိရနေလိုက်ပါတယ်။
ကြောက်နေတဲ့စိတ်တွေကိုလည်း အားတင်းထားလိုက်ရင်းကျမ တိုက်စစ်ဆင်ဖို့ပြင်လိုက်ပါတယ်။
သူကလည်းပိုင်ပြီဆိုပြီးကျမပါးလေးကို စနမ်းလိုက်ပါတယ်။
အပျိုစင် ကျမ အူတွေအသည်းတွေ ပြောင်းဆန်သွားအောင်ခံစားလိုက်ရပြီး
အမေပြောတဲ့ ဗျူဟာအတိုင်းတိုက်စစ်ဆင်လိုက်ပါတယ်။
သူ့ရဲ့ ငယ်ပါဆိုတာကြီးကို မိမိရရကြီး ဆုပ်ကိုင်ပြီး အားရပါးရ ညှစ်ထဲ့လိုက်တာပါ။
အူးဆိုတဲ့အသံလို လို၊ ဝူးဆိုတဲ့အသံလိုလို မြည်သံတစ်ခု
သူ့ပါးစပ်ကခပ်အုပ်အုပ် ထွက်သွားပြီး ကျမကိုလွှတ်လိုက်ပေးလိုက်ပါတယ်။
ပြန်တွေးကြည့်ရင်းအသည်းတွေ တောင် ယားလာပါတယ်။
သူရဲ့ ငယ်ပါဆိုတာ ဟာ ကျမရဲ့ ငယ်နိုင်ဖြစ်သွားတာပေါ့၊ ခိ ခိ ခိ…..
အခုမှသာ ရယ်နေနိုင်တာ အဲဒီတုန်းက နောက်ဖေးကိုခပ်မြန်မြန်လေးသုတ်ခြေတင်ပြေးလိုက်ရပါတယ်။
သူအပစ်နဲ့သူ ကျယ်ကျယ်လဲ မအော်ရဲ၊ နောက်ဖေးလဲလိုက်မလာရဲပဲ အပေါ်ထပ်ကိုတက်သွားပါရော။
ဒါပေမဲ့နောက်နေ့တွေမှာ ကျမကို အပစ်မရှိအပစ်ရှာ ပြီးပြဿနာလုပ်ပါတော့တယ်။
ဒါနဲ့ ကျမလဲ အိမ်နားဈေးဆိုင်ကဖုန်းနဲ့ ရွာက ဖုန်းတစ်လုံးကိုခေါ်ပြီးအမေ ကိုပြောပြတာပေါ့။
အမေကတော့ ပွဲစားအဒေါ်ကြီးကိုလွှတ်ပေးမယ်၊ သတိထားနေလို့ပြောပါတယ်။
တရက်နှစ်ရက်နေတော့ ပွဲစားအဒေါ်ကြီးရောက်လာပြီး ကျမကိုလှည့်ပတ်ခေါ်ထုတ်ပါတယ်။
ဒီလိုနဲ့ ကျမ ရွာပြန်ရောက်ခဲ့ပြီးထုံးစံအတိုင်းထမင်းချက် အဝတ်လျှော်အလုပ် ပဲ ပြန်လုပ်နေတာပေါ့။
ကျမတို့ရဲ့ဘဝကဆိုးပါတယ်၊ ကျမရဲ့ဝင်ငွေလျော့သွားတဲ့အပြင်
ကျမတစ်ယောက်စာ စားစရိတ်က အိမ်မှာပိုလာတဲ့အတွက် ပိုပြီးအကြပ်အတည်းဖြစ်လာပါတယ်။
အရင်က ကျမရဲ့ လခနဲ့မောင်လေးရဲ့ကျောင်းစရိတ်ကိုထိမ်းနိုင်ပေမဲ့ အခုတော့
မောင်လေးကျောင်းစရိတ်ပါအခက်အခဲဖြစ်လာပါတော့တယ်။
ဆွေမျိုးသားချင်းတွေကိုအကူအညီတောင်းရအောင်လည်း
တောင်မင်းကိုမြောက်မင်းမကယ်နိုင်တဲ့အခြေအနေမှာ
မြို့ပေါ်မှာပဲအလုပ်တစ်ခုရှာပြီးပြန်လုပ်ဖို့ အမေနဲ့ တိုင်ပင်ရပါတော့တယ်။
ဒါနဲ့ ပွဲစားအဒေါ်ကြီးကိုပြောပြတော့ မြို့ ကြီးတစ်ခုရဲ့ကာရာအိုကေဆိုင်မှာ
သီချင်းဆိုဖို့ လူရှာခိုင်းထားတယ်တဲ့၊ညည်းလုပ်ချင်လားလို့မေးတယ်။
ဝင်ငွေကတော့ လိမ်မာရင်လိမ်မာသလို မုန့်ဘိုးကောင်းကောင်းရတယ်လို့ပြောပါတယ်။
ကျမကတော့ သိနေပေမဲ့ အမေကဘာမှန်းမသိတော့ အကြမ်းဖျင်းရှင်းပြရပါတယ်။
အကြောင်းသိသွားတဲ့ အမေဟာ မျက်နှာညှိုးသွားပြီး ဘာစကားမှမပြောနိုင်တော့ ပဲ
ဟိုးအဝေးက ကွင်းပြင်ကြီးကိုပဲ အဓိပ္ပါယ်မဲ့ ငေးကြည့်နေပါတယ်။ နဖူးကြောရှုံ့လိုက်ပြီးတခုခုကိုအလေးအနက်စဉ်းစားနေပုံရပါတယ်။
သူမွေးထားတဲ့ သမီးပျို နုနုထွတ်ထွတ် လေးကို
မူးရူးနေတဲ့ ယောကျားတွေကြားထဲ လွှတ်ပြီးအလုပ် လုပ်ခိုင်းရမဲ့အရေးကို
အမေ တစ်ယောက်နေရာက နေပြီး ရှင်တို့ ဝင်ခံစား ကြည့်ကြစမ်းပါ။
အမေ့ရဲ့ရင်ထဲမှာ ဘယ်လိုသောကတွေနဲ့ ဒွိဟစိတ်တွေဖြစ်နေမလဲဆိုတာကို။
ကျမလည်း အမေဘယ်လိုဆုံးဖြတ်မယ်ဆိုတာကို သိချင်နေမိပါတယ်။
ခဏအကြာမှာ အမေဟာ ဟင်းးးးး ဆိုပြီးသက်ပြင်းရှည်ကြီးတစ်ခုကိုချလိုက်ပါတယ်။
ပြီးတော့ မှ စကားကိုတွေးတွေးဆဆနဲ့ တစ်လုံးချင်းပြောပါတယ်။
ဘယ်တတ်နိုင်ပါ့မလဲသမီးရယ်၊ သမီးလဲ အရွယ်ရောက်နေပြီပဲ၊
ဘုရားတရားကိုမမေ့နဲ့၊ သတိနဲ့ဝီရိယနဲ့အလုပ်လုပ်၊
ကိုယ့်ကို ကို နိုင်အောင်ထိမ်းပေါ့သမီးရယ် ကံစီမံရာပေါ့ လို့ပြောပြီး
လေးပင်စွာထထွက်သွားပါတယ်။ ကျမ အမေ့ရဲ့ ဆုံးဖြတ်ချက်ကို စိတ်မဆိုးပါဘူး၊
နားလည်နိုင်ပါတယ်ရှင်၊ ကိုယ်မချိ အမိသော်လည်းသားတော်ခဲ ဆိုတဲ့စကားပုံရှိတယ်မလားလေ။
ကေတီဗွီ ဆိုတဲ့ တောနက်ထဲက အားကြီးတဲ့ ကျားသတ္တဝါတွေ၊ ကောက်ကျစ်တဲ့ မြေခွေးတွေကိုုရင်ဆိုင်နိုင်ဖို့၊
ယုန်သူငယ်မလေးကျမ စိတ်ဓါတ်ခွန်အားတွေမွေးရပါတော့တယ်။
ရင်ဆိုင်နိုင်ဖို့ဆိုတာထက် လှည့်ပတ်ရှောင်တိမ်းနိုင်မဲ့ မာယာ တွေကိုပဲ အားကိုးရတော့မှာပါ။
ဒီလိုနဲ့ ကေတီဗွီ ဆိုတဲ့ တောနက်ကြီးထဲကို ကျမရောက်ခဲ့ရပါတယ်။
ပထမဆုံးကျမတွေ့ကြုံလိုက်ရတာကတော့ ကျမအတွက် အတော်ကိုစိတ်ပျက်စရာကောင်းပါတယ်။
ကျမက သက်ကြားအိုအဘိုးကြီးတစ်ယောက်ဘေးမှာထိုင်ရတယ်လေ။
သူတို့လာတဲ့ တဖွဲ့လုံးကတော့ အသက်ကြီးပိုင်းတွေပါ၊ လူလတ်တစ်ယောက်တော့ပါတာပေါ့၊
ဆိုလိုက်တဲ့ သီချင်းတွေက တခါမှမကြားဖူးတာတွေ၊ ကျမကိုလည်း မင်္ဂလာစုံတွဲသီချင်းတွေ
ရလားဆိုပြီးဆိုခိုင်းတယ်၊ ကျမလဲ ငယ်ကျွမ်းဆွေ တပုဒ်ပဲရလို့ ဆိုပေးလိုက်တယ်။
တော်တယ်ဆိုပြီး ကျမပါးကို နမ်းလိုက်သေးတယ်။ ဘာမှလည်းမဆိုင်ဘူး၊
တခြားသူတွေလှမ်းကြည့်လိုက်တော့လည်း ဒီလိုပဲ ဆိုတော့
ဒါအလုပ်သဘောအရဆိုပြီး သီးခံနေလိုက်ရတယ်။
အရက်နံ့ နဲ့ ရေမွှေးနံ့ကြားထဲမှာ ဘာမှန်းမသိတဲ့ အနံ့ တခုကလည်းထွက်နေသေးရဲ့၊
ဟိုကောင်မတွေပြောနေတဲ့ လူအိုစော်နံတယ်ဆိုတာ အဲဒါပဲဖြစ်မယ်ထင်တယ်။
ရင်တွေခုန်လိုက်တာလဲ တဒိုင်းဒိုင်းပေါ့၊သီချင်းစဆိုတော့ အသံတွေတုန်နေတယ်၊
ဆိုနေရင်းနဲ့သီချင်းထဲအာရုံရောက်သွားတော့ ကြောက်တာတွေပျောက်သွားလို့ တော်သေးတယ်။
သီချင်းတစ်ပုဒ်ဆိုပြီးတော့ လက်ထဲကို မုန့်ဘိုး ငါးထောင်ထည့်ပေးတယ်။
ကျမရဲ့ပထမဆုံးရလိုက်တဲ့ငွေကိုဆုပ်ကိုင်ရင်း ပျော်ရမလို၊
ဝမ်းနဲရမလိုဖြစ်နေတဲ့ ခံစားမှုကို ရှင်တို့ နားလည်အောင် ကျမ ပြောမပြတတ်ဘူး၊
မုန့်ဖိုးပေးပြီးတော့ အဖိုးကြီးနဲနဲဗူးထလာတယ်လေ။ တပတ်လောက် ကြာလာတော့ နဲနဲနေသားကျလာပါတယ်။
အဖိုးကြီးတွေနဲ့ ကျလို့ စိတ်ညစ်ရတာဆိုးတယ်အောက်မေ့တာ၊
တကယ်က လူငယ်ခြေတက်ဆိုတဲ့ကောင်တွေနဲ့ တွေ့မှ တော်တော်ကိုကြောက်မိတယ်။
လူငယ်ခြေတက် ဆိုတာသိတယ်မလား၊ ခြေတင် တက်တာမဟုတ်ဘူး လက်ကလည်းတကယ်သွက်တယ်။
နှာခေါင်းသရမ်းရုံတင်မဟုတ်ဘူး၊ လက်ကပါ ကြမ်းတယ်။
အရှိန်တက်လာတဲ့အခါကျတော့ အကုန်ထပြီးတွဲ ကကြတာလေ။
သူများတွေ အကုန်ထတော့ ကျမလည်းထရတာပေါ့။
မျက်နှာချင်းဆိုင်လိုက်တော့ မှ တချို့ကောင်တွေ အရက်နံ့ အပြင်
ပါးစပ် ကလည်းနံသေးတယ်၊ ဝမ်းချုပ်တယ်နဲ့ တူပါတယ်။
ရင်ခြင်းအပ်ပြီးဖက်ကရတော့ အတွေ့အကြုံနည်းတဲ့ ကျမ သတိတောင်မေ့ချင်သလိုဖြစ်သွားတယ်။
ဒါပေမဲ့ အမေ့ရဲ့စကားသံတွေ ကိုကြားယောင်ပြီး ကျမ ကိုယ့်ကိုထိမ်းနိုင်ခဲ့ပါတယ်။
အကြိမ်ရေများလာတော့ ရိုးသွားပြီး သိပ်စိတ်မလှုပ်ရှာတော့ပါဘူး။
ဒီလိုနဲ့ ကျမတို့အခေါ် ဘိုင်တွေရလာပါတယ်၊ ဘိုင်ဆိုတာ အဲဒီလူတွေလာရင်
ကျမကို ဘိုင်နိမ်းနဲ့ခေါ်တာပါ၊ ကျမ အလှည့်မစောင့်ရပါဘူး၊ ကျမအတွက် ပြန်သွင်းလို့ရတဲ့
အအေးတစ်ဗူးလည်းယူခွင့်ရတယ်လေ၊ မုန့်ဘိုးအပြင်ကိုရတာ၊
ဘိုင်မခေါ်တဲ့သူတွေက ဧည့်သည်ကျေနပ်မှ အအေးဗူးမှာလို့ရတာ။
အဲဒီဘိုင်တွေထဲက တစ်ယောက်ကတော့တော်တော်ဆိုးပါတယ်၊
အစပိုင်းကတော့မဆိုးပါဘူး၊ ညင်ညင်သာသာလေး ဖက်ပြီး သီချင်းဆိုပါတယ်။
သူက ဂျေညီညီတို့ ထူးအိမ်သင်တို့ သီချင်းကိုအရမ်းပိုင်တာ
ကျမလည်း သူ့ အဆိုမှာမျောပြီး သူ့ရင်ခွင်ထဲဝင်၊ သူ့ပခုံးလေးမှာခေါင်းလေးမှီပြီးတော့ သာယာနေမိတာပေါ့။
ကျမလည်းအသွေးအသားနဲ့ တည်ဆောက်ထားတဲ့ မိန်းကလေးတစ်ယောက်လေ။
သူကနမ်းရင်လည်း ပါးလေး နဖူးလေးကို ဖွဖွလေးနမ်းတာ၊ ကျမကို သူများထက်မုန့် ဖိုးလည်းပိုပြီးပေးတယ်။
နောက်တော့ သူနဲ့ အပြင်ကိုလိုက်ခဲ့ဖို့စည်းရုံးပါတယ်။ မုန့်ဖိုးသုံးသောင်းပေးပါမယ်တဲ့။
ကျမလည်းသူငယ်ချင်းကိုပြောပြတော့ အတွေ့ အကြုံရှိနေတဲ့ သူက
နဲနဲတင်းထားသူ အရမ်းတောင်းဆိုလာရင်၊ ငါးပုလင်းလောက်တောင်း၊လို့ပြောပါတယ်၊
ငါတို့ အလုပ်က ဒီလိုလုပ်မှ ငွေမြက်မြက်လေးရမှာ၊လို့လည်းပြောတယ်။
ဒါပေမဲ့ကျမလက်မခံခဲ့ပါဘူး၊ အမေ့ရဲ့စကားကိုပဲ သတိရပြီး ကျမကို ကျမ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
သူလာရင်တော့ အလိုက်အထိုက်တွဲနေခဲ့ပါတယ်။ သူလည်းကျမဆီကိုအလာတဖြည်းဖြည်းကျဲလာပါတယ်။
ဖောက်သည် ရလာတဲ့ ကျမအတွက် ကတော့ဝင်ငွေက ပုံမှန်လေးရှိလာပါတယ်။
လှလှပပ ဝတ်နိုင်စားနိုင်လာတဲ့အပြင် အိမ်က မိဘတွေနဲ့ မောင်လေးကိုလည်း
ကောင်းကောင်းထောက်ပံ့နိုင်ခဲ့ပါတယ်။
အမေ့ ကိုလဲ မကြာမကြာဖုန်းဆက်ပြီး အဆင်ပြေကြောင်းပြောရင်း
အမေ့ရဲ့အဆုံးအမနဲ့ မေတ္တာပို့တာလေးတွေခံယူရင်း ကျမဘဝကို လျှောက်လှမ်းနိုင်ခဲ့ပါတယ်။
ပွဲစားအဒေါ်ကြီးကိုတောင်ကျေးဇူးတင်နေမိပါသေးတယ်။
တနေ့မှာ ကျမ ပြဿနာတက်ပါတယ်။ လူငယ်တအုပ်ရောက်လာပြီးသောင်းကျန်းပါတယ်။
မူးလည်းမူနေတော့ အတူကကြရင်းနဲ့ အရမ်းဆိုးလာပါတယ်၊
ကျမသည်းညည်းမခံနိုင်တော့တဲ့အဆုံးတွန်းလွှတ်လိုက်ပါတယ်။
စာပွဲပေါ် ဖင်ထိုင်ရက်လဲပြီး ဝရုန်းသုန်းကားဖြစ်ကုန်ပါတယ်။
ကောင်တာထိုင်နေတဲ့ မိန်းမ က ဧည့်သည်ကိုသည်းညည်းမခံဘူးဆိုပြီးကျမကိုဆူပါတယ်။
ကျမက သူဆိုးတာကို စိတ်ဆိုးဆိုးနဲ့ ပြန်ပြောတော့
ညည်းက ဘာအဆင့်ရှိလို့လဲ၊ ညည်းလုပ်စားနေတာဘာလဲဆိုတာသိရဲ့လား၊
တောမှာထမင်းငတ်နေတဲ့ကောင်မကများ လူပါးဝလို့၊ ကြီးကြီးကျယ်ကျယ် လုပ်မနေနဲ့
ဒီအလုပ် လုပ် ရင် ဒါတော့ခံနိုင်ရမှာပေါ့လို့ပြောပါတယ်။
ကျမကလည်း တောမှာနေလဲ ထမင်းတော့ငတ်မသေဘူး။ ငွေရှာတာပေမဲ့ အောက်တန်းတော့ မကျဘူး၊
လို့ပြောတော့ ကျန်တဲ့ကောင်မတွေက မျက်စောင်းထိုးပြီးမကြည် ကြည့် နဲ့ ဝိုင်းကြည့်ကြတယ်။
ညည်းမလုပ်နိုင်ရင် မနက်ဖန်ထွက် လို့ရတယ်၊ ညည်းရဲ့ ကျန်နေတဲ့ တပတ်စာ
ဆက်ရှင်ကြေးတော့မရဘူးလို့ပြောတယ်။
ကျမလည်းပွဲစားအဒေါ်ကြီးကိုဖုန်းလှမ်းဆက်ပြီး သူလာခေါ်တဲ့ ရက်မှာ ကျမလုပ်အားခ ကျန်တဲ့ငွေ တောင်မယူတော့ပဲနဲ့ အလုပ်ကထွက်လိုက်ပါတယ်။
9 comments
windtalker
December 9, 2011 at 8:39 pm
စိတ်ဝင်စားစွာနဲ ့ဖတ်မိတယ်ဗျာ
ကိုကြောင်လတ် ဘယ်လို ရေးထားသလဲ ဆိုတာ
တော်တော်လေးကို ပြည့်ပြည့်စုံစုံ ဖတ်ရတယ်ဗျို ့
အပြင်မှာ တစ်ယောက်ယောက်ကို ဗျူးပြီးရေးထားတယ် မှတ်တယ်
နောက်ဆက်တွဲလေးကို စောင့်နေပါတယ်နော်
amatmin
December 9, 2011 at 9:51 pm
ဦးကြောင်လတ် ရေ..ကြောင်တကောင်ရဲ့ ခံစားချက်ပြီးတော့ ကြက်တကောင်ပေါ့နော်..
တကယ်ပဲဗျာ ဦးဖတ်တီးရေးတာ ဖတ်ပြီးရင်တော့ ကေတီဗွီ များသွားဖြစ်ရင်ကောင်မလေးခေါ်ဖို့အတော်စဉ်းစားရမယ်.. 🙂
ခက်ခဲတဲ့ဘဝ တွေကိုနားလည်ခံစားစေချင်တဲ့ စေတနာကို ပို့စ်ထဲမှာ မြင်မိလို့ပါဗျာ..
ကိုပေါက်(မန္တလေး)
December 9, 2011 at 10:51 pm
ကြောင်လတ်ရေ
ရိုက်သတ်ပြီးမှချက်
ကျက်မစားရတဲ့အသား
ငါမစားတော့ဘူးဟေ့။
ဆူဖြိူးဝတုတ်
အမွှေးနုတ်စရာမလိုတဲ့ကြက်
ချက်စရာမလိုတဲ့ကြက်
နေ့စဉ်ရက်ဆက်
မချက်ဘဲ အအစိမ်းစားမယ်………………… လို့
ရွာထဲမှ နူးဘာအဖွဲ့ဝင်များက ကြေငြာသွားပါကြောင်း။
ကြောင်လတ်
December 10, 2011 at 12:03 am
ကိုပေါက်ရေ…….
စားနိုင်တဲ့သူတွေ စားကြပါစေ၊ စားစရာသတ္တဝါ စားတာ မမှားပါ၊ စားတတ်ဖို့ပဲလိုတာပါ။
အမတ်မင်းရေ……..
ကေတီဗွီသွားရင် ကောင်မလေးတွေတော့ခေါ်ပါ၊ မုန့်ဘိုးလေးပေးပါ၊ သူတို့ ကဒါနဲ့ ရပ်တည်နေကြတာပါ၊စေတနာထားပြီးကောင်းကောင်းဆက်ဆံတတ်ဖို့ပဲလိုပါတယ်။
ကိုပေ……….
ဗျူးထားတာမဟုတ်ပါ၊ကျနော်ကေတီဗွီကို လူငယ်တွေနဲ့လဲသွားဖူးတယ်၊ လူကြီး ကြီးတွေနဲ့လဲသွားဖူးတယ်၊အဲဒီမှာတွေ့ကြုံမြင်တွေ့ရတာကို အဲဒီကောင်မလေးနေရာမှာကျနော်ဝင်နေကြည့်ပြီး ဖြစ်တတ်တာတွေနဲ့ ချဲ့ရေးထားတာပါ၊
ဒုတိယပိုင်းမှာ ကေတီဗွီ တကျော့ပြန်ဝင်လာဦးမှာ။
အဲဒီက အဖြစ်ကတော့ကျနော်အမှတ်တမဲ့သိခဲ့ရတဲ့တကယ့်အဖြစ်လေးပါနေပါတယ်။
windtalker
December 10, 2011 at 11:04 am
အဲဒါ မိန်းပွိုင့်ဘဲ
အဲဒီ အမှတ်တမဲ့ သိခဲ့ရတဲ့ အဖြစ်လေး ကို မြန်မြန်ရေးပေးပါဗျို ့
ကျုပ်ဘော်ဒါ ဖွန်ဇာနည် ဆိုတဲ့ ငတိ က အဲဒါမျိုးဆို သိပ်စိတ်ဝင်စားတာဗျ
inz@ghi
December 10, 2011 at 11:14 am
အပေါ်ပိုင်းကျ အကောင်းမန့်ပီး အောက်ကျမှ ကျုပ်ကို သမတော့တာပဲ…
ဘယ်ကတည်းက မျက်မုန်းကျိုးနေသည် မသိ …
🙁
ကြောင်ကြီး
December 10, 2011 at 12:05 pm
ငွေ ငွေ ငွေ…. လောကမှာငွေ…..
naywoonni
December 10, 2011 at 1:05 pm
နောက်ထပ်တက်လာဦးမလားစောင့်နေတာ…။ မစောင့်နိုင်တော့ဘူး …။ ထမင်းဆာလှပြီ…။ ကြန်တော့မယ်…..။
ကြောင်လတ်
December 10, 2011 at 1:37 pm
ကိုနေရေ ကွန်ကမကောင်းဘူး။စာတွေလဲအကုန်မဖတ်နိုင်တော့ဘူး။ဖတ်ပြီးလဲ မမန့်နိုင်တော့ဘူး၊ တခုတခုပြောင်းဖို့ အကြာကြီးပဲ၊ မနက်စောစောလည်းမထနိုင်တော့လို့ ဒွတ်ခရောက်နေတယ်၊ မျက်လုံးတွေလည်းအရေတလဲ့လဲ့ဖြစ်လာပြီဗျ။
ဆရာဇာဂီ ဘာတွေ မကျေမနပ်ဖြစ်နေတာလဲ။
အကိုကြောင် အဲဒီငွေကိုခက်ခက်ရှာရတဲ့အကြောင်းလေးအခုတင်တော့မယ်။
ကိုပေ ပထမတော့ ဒုတိယပိုင်းမှာအဆုံးသတ်ဖို့ပဲ။ ဒါပေမဲ့ မြန်မာနင်းပြားမိန်းကလေးတွေ ငွေ ကို ခက်ခက်ခဲခဲ ရှာ ရတဲ့အကြောင်းလေးထပ်ဖြည့်ချင်လို့ မိန်းပွိုင့်ကို တတိယပိုင်းမှပဲဆက်ဖတ်ပါလို့။