ဘဲဥ တစ်လုံး၏ မူဝါဒ
(တစ်)…..။ ။
ကလောင်နယ်က အကောင်ငယ်ပေါက်စကလေး …..အင်္ဂါညို တို့လို ငတကလေးများဟာ သိပ်ပြီးတော့ စာရေးဆရာဂိုက်ဖမ်းချင်တတ်ကြတာကလား . . .။ မဂ္ဂဇင်းဂျာနယ် အချို့မှာ စာမူ(ဝတ္တု)ကလေး လေးငါးပုဒ်ခန့် ပါပြီးစအချိန်မျိုးဆိုတော့ .ဖင်ကလေး တမမ၊ ရင်ကလေး တကြွကြွ။ မျှော်လင့်ချက်ဆိုတာ မိုးထိအောင်လှေကားထောင်လို့။ ဘဝင်ပီတိ ဂွမ်းဆီထိ။ အရာဟူသမျှ စိတ်ကူးတိုင်းလှနေတာ . . .။
စတိတ်ကော်လံကတုံးနဲ့ ခပ်နွမ်းနွမ်းပုဆိုးကွက်ကျားအညိုမှိုင်းမှိုင်းအရောင်မျိုးတွေကို အမြဲတစေ ဝတ်ဆင်တာမျိုးသာမဟုတ်တာ။ စုတ်ဖွားဖွားဆံပင် ဘုတ်သိုက်ရယ်နဲ့ လန်ဒန်ဖိုး ၊ ဗီးဂက်စ်ဖိုး တတ်နိုင်လျက်နဲ့ ဆေးပေါ့လိပ် လက်ကြားညှပ်လို့။ စာမူဖိုင်တွဲတွေ ထည့်ထားတဲ့ လွယ်အိတ်ကလေးကို တစ်စောင်းလွယ်ကာ စာပေလောကသား တို့ကျင်လည်ရာ (၃၃)လမ်းတစ်ဝှိုက်မှာ ဘောက်ဆတ်ဘောက်ဆတ်နဲ့ ခဏခဏတွေ့ရတတ်တာ ဘယ်သူရှိရမလဲ . . .။
ဟိုအရင်တုန်းက ပစ္စည်းမဲ့ ဝါဒီတွေလို ခုံဖိနပ်စီးတာမျိုး၊ ပုဆိုးအကျင်္ ီကို တမင်တကာ မီးဖေါက်တာမျိုးသာ မဟုတ်တော့တာ။ ဘာပဲပြောပြော ‘အင်္ဂါညို့ ကိုကြည့်လိုက်ရင် စာရေးဆရာဂိုက်မှ စာရေးဆရာဂိုက်ပါ။ ဒီလို ဆိုလိုက်လို့ သူ့အပြစ်ရယ်လို့တော့မဆိုသာပေဘူးလေ။ စာပေသမားတို့ရဲ့ ဝတ်စားဆင်ယင်နေထိုင်မှုပုံသဏ္ဍာန်ဆိုတာက လည်း စာပေလောကသားတို့ရဲ့ ထူးခြားတဲ့ဟန်ပန်အမှတ်လက္ခာတစ်ခုဖြစ်လေတော့ စာပေကိုဝါသနာပါကြတဲ့ အင်္ဂါညိုတို့လို လူငယ်များကလည်း ဆရာ့ဆရာတို့ရဲ့ ဖက်ရှင်စတိုင်ကို အားကျအတုယူတာ ဘာဆန်းတာမှတ်လို့ကိုးနော့။ ဒီလိုအလေ့အထမျိုးက ဒီလောကထဲကို ဖြတ်သန်းခဲ့ကြသူတိုင်း အနည်းနဲ့အများကြုံခဲ့ကြတာကိုး ခင်ဗျ။
တစ်ချို့ကလည်း ကိုယ်လေးစားအားကျတဲ့ စာရေးဆရာရဲ့ အကျင့်စရိုက်သဘာဝနဲ့ စာပေအရေးအသားတို့ကိုအားကျပြီး သန်ရာ သန်ရာ အတုယူတတ်ကြတာမျိုးလည်း ရှိတယ်။
ဟိုဆရာကြီးကို အားကျလို့ သူ့ရဲ့ အနုအထွတ်၊ အအုအအတ်ကလေးတွေ အတိုင်းလိုက်ရေးတာမျိုး..။ မိန်းမတွေ အများကြီးယူထားတဲ့ ဆရာသမားကြီးကိုအားကျပြီး ဆရာ့နောက်ကို အမီလိုက်နိုင်အောင် အားထုတ်တာမျိုး . ..။ တို့ဆရာကြီးကတော့ သောက်လည်းအသောက်နိုင်ဆုံး . . .။ ရေးလည်း အရေးနိုင်ဆုံး . . ငါလည်း သူ့လို မရေးနိုင်သေးပေမဲ့ . .. .သူ့လောက်နီးပါးတော့ သောက်နိုင်လာပြီဆိုတာမျိုး . . .။ ကိုယ်သန်ရာသန်ရာ အတုယူတတ်ကြတာကိုး . . .။ အင်္ဂါညို တို့ကလည်း ဘယ်ခေပါ့ မလဲ။ ဟိုနည်းနည်း၊ သည်နည်းနည်း အကုန်ရအောင်ယူမည် ဆိုတဲ့အစားထဲကပေါ့ . . .။
နေထိုင်ဝတ်စားဆင်ယင်မှုပြီးရင် အပြောအဆိုလေလုံးမိုးလုံးတွေ ကျန်သေးတယ်။ ပြည်သူ ဆိုတဲ့ စကားလုံးကို ပါးစပ်ထဲက မချဘူး။ အနုပညာဆိုတာ ဘာ။ အနုပညာ ဆိုတာဘာအတွက်။ လူထုရင်ခုန်သံ။ ဘဝရဲ့ အနှစ်သာရ။ အနုပညာသမား ဖြစ်ရတာမှ လူဖြစ်ရကျိုးနပ်တာ။ အနုပညာဟာ ဒုတိယဘုရားသခင်။ မော်စီတုန်း၊ မာ့ခ်လီနင်ဝါဒ၊ ရီလေတီဗတီသီအိုရီ၊ လက်ဝဲလက်ယာ၊ အလုပ်သမားလူတန်းစား၊ ကျွန်စနစ်ဆိုး၊ လိယိုတော်စတွိုင်း၊ သိပ္ပံမောင်ဝ၊ သခင်ကိုယ်တော်မှိုင်းကနေ ဖြစ်တည်မှုပဓါနဝါဒ၊ ပါဖွန်းမင့်အတ်၊ အင်စတော်လေးရှင်းအတ် ဆိုတဲ့ ဝေါဟာရ အချွန်အမောက်တွေ အင်္ဂါညို့ ပါးစပ်ထဲကို ရောက်နေတာ။
(၂) ………။ ။
မွေးချင်း သုံးယောက်ထဲမှာ ပေပေ ကအငယ်ဆုံး။ အထွေးဆုံး။ အစ်ကို၊ အစ်မဖြစ်သူတွေက ဘွဲ့ရပြီး အလုပ်ကိုု်ယ်စီ အိမ်ထောင်ကိုု်ယ်စီနဲ့ ဖြစ်နေကြပြီ။ ပေပေ ကိုယ်တိုင်လည်းဒီနှစ် နောက်ဆုံးနှစ်ဖြေထားတာအောင်ရင် ဘွဲ့ရပြီပေါ့။ ဒီတော့ မိသားစုမှာ အငယ်ဆုံးဖြစ်ရသူတို့ရဲ့ အကျိုးခံစားခွင့်အတိုင်း ပေပေ ဆိုတာ တစ်မိသားလုံးရဲ့ အလိုက်လို်က်အကြိုက်ဆောင်ခံရတဲ့ အထွေးလေးဆိုပါတော့။ အဆင်မပြေတဲ့ လူတွေလို အလုပ်လုပ်ရင်း ကျောင်းတက်ဖို့လည်းမလိုဘူးပေါ့။
ဒီတော့ ပေပေဟာ အထက်တန်းကျောင်းသားဘဝကတည်း သူ့အဖေ ဦးကစ်သို စာအုပ်စင်တွေကို ဝင်မွှေရင်း ဟိုစပ်စပ် ဒီစပ်စပ်ဖတ်ကြည့်ရာက စာပိုးတွေဝင်ပြီး စာရေး ဆရာရူးရူးဖို့ အကြောင်းကဖန်လာတော့တယ်။ ကျောင်းလည်း ပြီးရော အလုပ်လက်မဲ့ပေပေနဲ့ စာရူးပေရူးပိုးတန်းတိုးတော့တာပေါ့။ သူ့အဖေ ဦးကစ်သို ဆိုတာ ပညာတတ် ကျောင်းဆရာတစ်ယောက်ဖြစ်လေတော့ သူ့သားစာဖတ်တာကို သိပ်သဘောကျတယ်။ အသိဉာဏ်ဖွံ့ဖြိုးတယ်။ ဗဟုသုတပွားတယ်။ ဒီတော့ ဒီကောင် အခုတစ်လော စာတိုပေစတွေ ရေးရေးနေတာကိုတွေ့ပေမယ့် ဘာတစ်ခုမှ ဝင်မပြောဘူး။ သူ့အမေက ပွစိပွစိ လုပ်ရင်တောင်
မကောင်းတာ လုပ်တာမှ မဟုတ်တာမိန်းမရာ လေနေတာလည်း မဟုတ်ဘူး..လွှတ်ထားစမ်းပါ
သူ့မိန်းမကိုတောင် ဦးကစ်သိုက ကိုယ်တိုင် ဝင်တားရင်း ဒီပိုးက သူ့အလိုလိုပြီးသွားမှာပါကွာ ဆိုပြီး လွှတ်ထားကြတာ ပေပေ ဒီလောက်ပိုးထမှန်းတကယ်မထင်ခဲ့ကြဘူး လေ။ ပေပေကလည်း စာရေးမှ စာရေးလုပ်မယ်ဆိုပြီး ရူးရူးမူးမူးကို ပိုးထတာကိုး ။ ဒီတော့ မိဘတွေကိုယ်တိုင်က တားတားဆီး ဆီးမရှိခဲ့တဲ့ ကိစ္စကို အခုနေခါမှာ မလုပ်ပါနဲ့ အခြားအလုပ်တစ်ခုခုလုပ်ပါလို့ တားဆီးဖို့ အကြပ်ရိုက်သလိုဖြစ်နေတော့တာပေါ့။
သားရယ် စာရေးတာ တစ်ခုတည်းနဲ့ ဘယ်ဖြစ်မလဲ ဘဝရှေ့ရေးအတွက် သတ်သတ်မှတ်မှတ်အလုပ်တစ်ခုခု လုပ်ပါလား
အမေဖြစ်သူက အဲလိုပြောလိုက်ရင် …..ပေပေက .နိုးပဲ။
အိုဗျာ အမေကလည်း ဒါအလုပ်မဟုတ်ဘူးလား..ဘယ်အရာကို အလုပ်လို့ ခေါ်သလဲ …
နောက်ဆက်တွဲ ဆူနာမီ လှို်င်းလုံကြီးများတက်လာသလို ပေပေ ရဲ့ မိုးကြီးလေကြီးစကားများကြောင့် လူကြီးတွေကသာ အလျှော့ပေးကြသည်ချည်းပါပဲ။ အင်္ဂါသားမဟုတ်လား။ ခြင်္သေ့ပဲ။ ကလောင်နာမည်တောင် သူများထက် အဆန်း . . .။ အင်္ဂါညို …..ဟူသတတ် …..။
(၃) ………။ ။
အင်္ဂါညို ဆိုတဲ့ ကလောင်နာမည်ဟာ သွေးရိုးသားရိုးပေါ်ပေါက်လာတာ ဟုတ်ရိုးလား။ နာမည်အရင်းက ပေပေ(ငယ်ငယ်က ဖေဖေလို့ခေါ်တာမပီလို့ပေပေလို့ခေါ်ရင်းတွင်သွားတာတဲ့)၊ တစ်လောက လုံးအခေါ်က ဘဲဥ။ အနှီသို့ကလို ကနေ အင်္ဂါညိုဖြစ်လာရ တာက သည်လို။
……………………
ညိုညိုခင်ဆိုတာ အထက်တန်းကျောင်းသားဘဝကတည်းက ပေပေ (ခေါ်) ဘဲဥ တစ်ဖက်သတ် ကြိုက်လာခဲ့တဲ့ ကောင်မလေး။ ဘယ်လောက်ကြိုက်ကြိုက် သူငယ်ချင်းလည်းဖြစ်နေ၊ အဲဒီဘက်မှာလည်း နှုတ်စအာစ နည်းလေတော့ အတိအလင်းဖွင့်မပြောရဲဘဲ ထိကပါး ရိကပါး တစ်ဖက်သတ်ရည်းစားဖြစ်လာတာ တက္ကသိုလ် ဒုတိယနှစ်ရောက်တဲ့အထိပေါ့။ ဒါကြောင့် မို့ သူ့ သူငယ်ချင်းတွေက ဒီတိုင်းထားလို့ကတော့ မဖြစ်ချေဘူး ဘဲဥရာ သူများနောက်ပါသွားလိမ့်မယ်…..ပြတ်ပြတ်သားသား သိရအောင် ဖွင့်သာပြောလိုက်တော့ ဆိုပြီးတော့ ….ဇတ်လမ်းမြန်မြန်အဆုံးသတ်နိုင်အောင်.လမ်းညွန်ထိန်းမတ်ပေးကြသည့်အတိုင်း …ဘဲဥဟာ ညိုညိုခင်လေးကို ပရိုပို့(စ်)လုပ်ပြီး တစ်လတိတိပြည့်တဲ့နေ့မှာ အမှန်တကယ်ကို ဇာတ်လမ်းက အဆုံးသတ်သွားခဲ့ပါတော့တယ်။
ဇတ်လမ်းအဆုံးသတ်ကတော့ အများထင်တော်မူကြတဲ့အတိုင်း ကြေကွဲဇာတ်ပါ။ ညိုညိုခင်ဟာ ရူပဗေဒ မေဂျာက ကောင်ချောလေးတစ်ယောက်နဲ့ တိတိရိရိ ခိုးရာလိုက် ပြေးသွားခြင်းပါ။
အဲဒီမှာ စတွေ့တာပဲလို့ ဆိုရမလိုပါပဲ။ ပေပေ(ခေါ်) ဘဲဥလည်း အဲဒီမှာ စပြီးကွဲတော့တာပါပဲ။ အသည်းဆိုတာ ဟက်တက်ကို ကွဲတာ။ ဒီလောက်သစ္စရှိရှိချစ်ခဲ့တာတောင် ခေါက်ထားရက်တယ်။ အနှစ်နှစ်အလလ ချစ်ခဲ့သမျှတွေ အကုန်ဆုံးရှုံးကုန်ပြီ။ သူ့မှာ ဘာမှ မရှိတော့ဘူး ။ ဘာမှမရှိတော့ဘူး။ သူ့မှာ ဒီနာမည်လေး တစ်ခုသာ တသစွဲလမ်းစရာရှိတော့တယ်။ လူကိုမရလည်း နာမည်လေးတော့ ယူပါရစေဆိုပြီး အင်္ဂါသားအင်္ဂါဖွားကို အစွဲပြု၍ ညိုညိုခင်၏ ရှေ့က ညို တစ်လုံးဖြုတ်ကာ အင်္ဂါညို ဖြစ်လာရသည် ဟူလို …..။
အင်္ဂါညို ဆိုတဲ့ ကလောင်နာမည်နဲ့အတူ ဘဲဥရဲ့ လက်သုံးစကားတစ်ခွန်းကလည်း တွဲပြီးပါလာပါသေးတယ်။
ဆရာသစ္စာနီက သူ့ကိုယ်သူ မတော်တဆ အသည်းကွဲပြီး ကဗျာဆရာဖြစ်လာသူလို့ ပြောတယ်ကွ….ဒါဆိုရင်ငါက သူ့ထက်သာတယ် ..အသည်းကွဲပြီး စာရေးဆရာဖြစ် လာတဲ့အပြင် ကိုယ့်ချစ်သူ နာမည်တစ်လုံးတောင် ကလောင်မှာ ချိတ်လို်က်နိုင်သေးတယ်
အံမယ် သောက်ရူးမင်းက သစ္စာနီကိုများ ပခုံးချင် ယှဉ်ရအောင် စာကြီးပေကြီး ဘယ်နှစ်ပုဒ်များ ရေးသားပြီးပါပြီလဲ ဆြာကြီးဖရား…..
ဘဲဥရဲ့ ချော်လဲရာ ရောထိုင်လေသံကိုသောက်မြင်ကတ်တဲ့ သူငယ်ချင်းဖြစ်သူ သဉ္ဇာဂီကထေ့ငေါ့ပေမဲ့
ဟဲဟဲ ပါဖူးပါတယ်ကွ မဂ္ဂဇင်းမှာ ဝတ္ထုလေးပုဒ် ကဗျာ သုုံးပုဒ် ဒါအစပဲ ရှိသေးတယ် ငှဲငှဲ…..
ကဲ မခက်လား ကြိတ်လိုက်ကွ ငါ့ကောင်ရလို့ပဲ ဆိုရတော့မလိုလို။ ဘဲဥ (ခေါ်)ပေပေက အဲသည်လိုလည်း အခွက်ပြောင်တတ်တယ်ခင်ဗျ။
………………………………………..
ဆိုခဲ့သလို ညိုညိုခင်လေး ကို အတိအလင်းလိုက်ခဲ့စဉ်တုန်းကလည်း ဒဂုံတက္ကသို်လ်တစ်ဝှိုက်မှာ ဟိုးလေးတစ်ကျော်ဖြစ်ခဲ့ပါသေးတယ်။
ပေပေဟာ မိဘနှစ်ပါးရဲ့ ဈေးထဲက ဘဲဥရောင်းဝယ်ရေး လုပ်ငန်းကြောင့် ကျောင်းနာမည် ပေပေ ဘဝကနေ အရှင်လတ်လတ် ဘဲဥဘဝကို ပြောင်းသွားတာ ဟိုးအရင်နှစ်တွေက လှိုင်သာယာမှာ မိန်းမဘဝကနေ ယောကျာ်းဘဝရောက်သွားတယ်ဆိုတဲ့ မောင်သန်းစိန် လောက်တော့ မထူးဆန်းဘူးပေါ့။ ဒါပေမဲ့ အရပ်ထဲ မှာလည်း ဘဲဥ ၊ ကျောင်းမှာလည်းဘဲဥ၊ ဆရာ၊ ဆရာမတွေ နှုတ်အထိ ဘဲဥရောက်တယ်။ ပေပေကလည်း သူ့နာမည်ပြောင်ပြောင်ကို ဘယ်လောက်အထိ သဘောကျသလဲ ဆိုရင် ဟင်္သာ ကိုးသောင်းပျက်သည့် ထုံးကို နှလုံးမူကာ ရာသက်ပန် ဇာတ်တူသားမစားတော့ဟု ဆုံးဖြတ်လိုက်သည်အထိ ဟူလို။ …
ညိုညိုခင်ကကော …ဘာထူးလဲ။ ညိုညိုလေးနဲ့ တစိမ့်စိမ့်ကြည့်လေ ချောလေဖြစ်သူလေးမို့ သူမသူငယ်ချင်းများရဲ့ ချစ်စနိုးနာမည်ပြောင်က ကျီးကန်း တဲ့။
ယောကျာ်းလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို ပိုးပန်းတာ နာမည်ကျော်စရာ အကြောင်းမဟုတ်ပေမဲ့ ဘဲဥ က ကျီးကန်း ကို ပိုးပန်းတဲ့ကိစ္စဆိုတော့ အတွင်းသိ အစင်းသိ ကျောင်းသားတွေက တွတ်ထိုးကုန်ကြတယ်။ ဆန့်ကျင်ဘက်များ၏ သဘာဝတဲ့။ ဘလက်ခ်အင်ဝှိုက်သီအိုရီတဲ့။ ပြောကြတာပေါ့။ ဘဲဥကတော့ ကျီးကန်းမှ ကျီးကန်း။
အများသိကြတဲ့အတိုင်း ဘဲဥနဲ့ ကျီးကန်းရဲ့ဇာတ်လမ်းဟာ မြန်မာဗွီဒီယိုကားများထဲမှာလို မစပ်မဟတ်ခွကျကျ အဆုံးသတ်သွားခဲ့လေတော့ သူ့ခမျာ ဖြေမဆည်နိုင်ဖြစ် ရရှာတယ်။ ဘဲဥ ကျီးကန်းကိုလွမ်းတယ်။ ဆွေးတယ်။ နာကျင်တယ်။ ကျီးကန်း……ကျီးကန်း…….ကျီးကန်း။ ဘဲဥက ကျီးကန်းလို တစာစာအော်လို့. . ..။ ဘယ်သွားသွား ဘာလုပ်လုပ်သူ့နှလုံးသားထဲမှာ ကျီးကန်းအမြဲရှိတယ်လို့သူက ဆိုတယ်။ ဘဲဥရဲ့ ကျီးကန်း ဖွန်ကလုန်းမုန်းတိုင်း အဖျားခတ်ခံလို်က်ကြရသူတွေလည်း မနည်းမနောပါပဲ။
ဘဲဥ အသည်းကွဲနေတဲ့ ကာလမှာ အများဆုံး ရိုက်ခတ်ခံလိုက်ကြရသူတွေကတော့ သူ့ရဲ့ငယ်ပေါင်းကြီးဖော်ရောင်းရင်းများနဲ့ သူ့ရပ်ကွက်သားအချို့ပဲဆိုပါတော့။ သူငယ်ချင်းတွေကို အရက်ဆို်င်ခေါ်သွား….အရက်အတင်းတိုက်ပြီး ငိုကြီးချက်မဟစ်အော် ပေါက်ကွဲတာကတစ်မျိုး။ လက်ဖက်ရည်ဆိုင် ထိုင်ပြန်တော့လည်း ဖွင့်တဲ့ သီချင်းက သူ့အဖြစ်နဲ့ တိုက်ဆိုင်လွန်းလို့ဆိုကာ နှပ်ချေးတွဲလောင်းနဲ့ ရှိုက်ရှိုက်ပြီး တက်လာပြန်ရင် အားပေးအားမြှောက်ပြုရတာက တစ်ဖုံ၊ သူငယ်ချင်းတွေ စုပြီးထွေရာ လေးပါးပြောဆိုနေကြချိန်မှာလည်း ဂါထာမန္တာန်ရွတ်သလို ကျီးကန်း ကျီးကန်းနဲ့ တအာအာ အော်နေတဲ့အသံကို ခံစားရတဲ့ဒုက္ခကလည်း အဖုံဖုံစုံလို့။
ဘဲဥတို့ အိမ်နောက်ဖေးက ဦးဖက်တီး သားကလေး ကြောင်လေး တောင် မဆီမဆိုင် ဘဲဥ နပန်ကျင်းလွှတ်တာကို ခံလိုက်ရသေးတယ်။ သူကြီးတွေ မရှိကြလို့သာတော်သေးတယ်ပြောရမယ်။ သကောင့်သား ကြောင်လေးခမြာလည်း ဘဲဥရှေ့ကျမှ ခြံစည်းရိုးပေါ်က ကျီးကန်းတစ်ကောင်ကို ဂွနဲ့လှမ်းထုမိတာကိုး။ ကံဆိုးသူ ကြောင်လေး ခံရှာပေရော့…။ လမ်းထိပ်ကွမ်းယာဆိုင်ဘေးက ကားနံပါတ်ရေးတဲ့ ပန်းချီ ကိုဘီလူကြီး တစ်ယောက်လည်း ဘဲဥရဲ့ကျီးကန်းခံစားမှုနယ်ပယ်က မလွတ်ရှာဘူး။
ကိုဘီလူး ကျွန်တော့်ကို ပန်းချီကားတစ်ကားဆွဲပေးဗျာ ဘယ်လောက်ပေးရ ပေးရ တစ်သက်တာ သိမ်းထားချင်လို့
အယ် ……ဘာလဲဟ ဘဲဥရ….ဘာလာကြောင်တာလဲ…
အခြေအနေအရပ်ရပ်ကို မသိသေးတဲ့ ကိုဘီလူးကြီးစကားကြောင့် ဘဲဥဒေါသထွက်သွားတယ်။
ဒီမှာ ကိုဘီလူးအတည်ပြောနေတာဗျ ဆွဲဆိုဆွဲပေးစမ်းပါ
ဟ….ဒီကောင် ကဲကဲ ဘာပုံဆွဲပေးရမလဲပြော
ဘဲဥမျက်နှာကိုကြည့်ပြီး ဒီကောင်ဘာကြောင်တာလဲဟုတွေးရင်း ကိုဘီလူးကြီးက အလိုက်သင့်ပြန်ပြောလိုက်တယ်။
ကျီးကန်းက ဘဲဥကို ချီနေတဲ့ပုံ
ဟာ………………….….ဘာရယ်…..ဘယ်လို ………..
ကိုဘီလူးကြီးမျက်လုံးပြူးသွားတယ်။
ကောင်းလိုက်တဲ့ စိတ်ကူးကွာ……ဘဲဥ အဲဒီစိတ်ကူးဘယ်ကရလဲ အဲဒါ မော်ဒန့်ဆင့်ပဲ ……ဆာရီရယ်ပဲကွ
ဆာရီတွေ ပူရီတွေ ကျူပ်မသိဘူး ကျုပ်က ဘဲဥ ကျုပ်ရည်းစားက ကျီးကန်း ဒါပဲ ….
ဟိုက်ရော ဆာရီရယ်လစ်ဇင် ဝါဒသမားကိုဘီလူးကြီး ငုတ်တုတ်မေ့သွားတယ်။ ဒီလိုပဲ ရပ်ကွက်ထဲမှာ ဘဲဥရဲ့ကျီးကန်းဖွန်ကလုန်းကွန်ယက်ထဲမှာ စိတ်၏ဆင်းရဲခြင်း၊ ကိုယ်၏ ကျဉ်းကျပ်ခြင်း၊ နား၏ ဝဋ်ဆင်းရဲခံရခြင်းတို့ကို ပြောလို့ပြီးမှာမဟုတ်ဘူး။ အနှီကျီးကန်းကိစ္စ အနည်းငယ်ငြိမ်သက်သွားချိန်မှာတော့ဘဲဥဟာ အနှီ အင်္ဂါညို မည်သော အနွတ္တသညာကိုမှည့်ခေါ်ပြီးသကာလ …..စာပေနယ်ထဲသို့ ချဉ်းနင်းဝင်ရောက်လာချေပြီတကား……..။
(၄)………။ ။
ဘဲဥ စာပေနယ်ထဲသို့ လုံးလုုံးလျားလျား ဝင်ချလိုက်လေပြီ ဟူသော သတင်းကား ရပ်ကွက်အတွင်းဝယ် တစ်အိမ်တက် တစ်အိ်မ်ဆင်း အတင်းပြောစနစ်ဖြင့် သူတို့အိမ်မှ အိမ်ဆယ်လုံးကျော်အကွာ ကြီးဒေါ် ဒေါ် ပိစိဖြူ၏ အိမ်သို့ရောက်ရှိသွားလေ၏။
ဒေါ်ပိစိဖြူဆိုတာက ဘဲဥအမေရဲ့အစ်မကြီးဖြစ်ပြီး ငွေကြေးအတော်အတန်ချောင်လည်တယ်။ ဆွေမျိုးအသိုင်းအဝိုင်းထဲမှာလည်း ဩဇာညောင်းတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ယောကျာ်းဆုံးသွားတော့ မှော်ဆရာ ဆိုတဲ့သားတစ်ယောက်နဲ့ သားအမိနှစ်ယောက်တည်းပဲနေကြတာပါ။ ဆိုတော့ မှော်ဆရာဆိုတာလည်း ဘဲဥရဲ့ ညီတစ်ဝမ်းကွဲတော်တာပေါ့။ ဘယ်ဘဝရဲ့အကုသို်လ်ကံအကျိုးဆက်ရယ်လို့တော့ မပြောတတ်ပါချေ။ မော်ဆရာကို ဘဲဥ တစ်စက်မှ ကြည့်လို့မရ။ ညီအစ်ကို ဖြစ်နေလို့သာ မကောင်းလှ၍ ပြောဆိုဆက်ဆံနေရတာ။ မှော်ဆရာ နဲ့ ဘဲဥနဲ့စိတ်ချင်းက လားလားမှ မတူ။
မှော်ဆရာဆိုတာ အလှအပ အသန့်အပြန့်ကြိုက်တဲ့နေရာမှာ မိန်းမတစ်ယောက်ထက်ကို လွန်တယ်။ စိတ်နေမြင့်တဲ့နေရာမှာလည်း နှစ်ယောက်မရှိဘူး။ သူငယ်ချင်းအပေါင်းအသင်းကြားမှာဆိုရင်လည်း အတက်စီးကနေ အမြဲနေတတ်တဲ့ကောင်ဆိုတော့ ဘဲဥတို့ တစ်အုပ်စုလုံးက ဘဲဥကိုမပေါင်းကြ။
သည်မနက်တော့ အိမ်သို့ကြီးဒေါ် စောစာစီးစီးလာသွားပြီးကတည်းက ဘဲဥ ဒေါပွပြီးကျန်ခဲ့တယ်။ သူ့အဒေါ်က လာလာချင်း
နင့်အဖေ အမေကော
အမေဈေးသွားတယ် အဖေက မြို့ထဲသွားတယ်
ဟဲ့ ဘဲဥရယ်….နင့်ကိုပြောရဦးမယ်…လူတွေက ပြောနေကြတယ် …နင်ကစာဂျပိုး စာထဲမှာ မြုပ်သွားပြီဆို အမေလေး ငါ့တူရယ်.။ ဒီလောကထဲမှာမှ မြုပ်ရသလားဟဲ့.ဒီလောက်မြုပ်စရလောကတွေ အများကြီးရှိရက်နဲ့ ဒီကုန်းကောက်စရာမရှိတဲ့လောကကိုမှ ရွေးပြီးမြုပ်ရသလား တကတည်းနော် နင့်မိဘတွေကလည်း ကလေးကိုမပြောကြဘူးလား မသိဘူး။ ဒီမှာ နင့်ညီ မှော်ဆရာဆိုရင် စလုံးကို အလုပ်သွားလုပ်ဖို့ စီစဉ်နေတာ ပတ်စ်ပို့(စ်)ကျတော့မယ်။ ကောင်းကေင်းမွန်မွန်တစ်နေရာမှာ မြုပ်ပါလား အဲ ….အဲ လုပ်ပါလား မဖြစ်ဘူး မဖြစ်ဘူး လုပ်ရမယ် လုပ်ရမယ် နေအုံး နင့်အမေလာမှ ပြောရဦးမယ်
ကျိုက်ထီးရိုးဝါးသေနတ်နဲ့ ပစ်သလို တရစပ်ကောသွားသော ကြီးဒေါ်ကိုကြည့်ပြီးတော့ ဘဲဥ ပါးစပ်အဟောင်းသားနဲ့ ကျန်ခဲ့တယ်။ ကြီးဒေါ်စကားကိုစဉ်းစားမိလေ ဘဲဥ ဒေါသထွက်လေ။ ရိုးရိုးတန်းတန်းဆုံးမစကားဆိုရင်တော့ ခံသာသည်။ အမြဲလည်း ဆုံးမနေကြ။ အခုဟာက စာပေလောကတစ်ခုလုံးကို တိုက်ခိုက်သွားတာလေ။ ဝါးလုံးရှည်နဲ့ ပတ်ရမ်းသွားတာလေ။ အခြေအနေတစ်ရပ်ကို အတွင်းကျကျမသိဘဲ ပစ္စလက်ခတ်ဝေဖန်အတင်းပြောသူမျိုးကို ဘဲဥ အထင်မကြီး။ အခုလို စာပေလောက အကြောင်းမျိုးကို သူ၏ကြီးဒေါ်နားလည်နိုင်ဖို့ဆိုတာ သူမ၏ အနုပညာပါရမီနဲ့တော့ ဒီတစ်သက်မဖြစ်နိုင်။ ဟိုခွေးမသား သူများနိုင်ငံသွားပြီး ပဂေးဆန်မှာနဲ့ သူ့အနုပညာကို နှိုင်းပြီးနှိပ်ကွပ်သွားတာ….။ တောက် ……။
မှော်ဆရာလို လူပေါ်ကြော့ အသက်တစ်ခါရှူတိုင်း ဘဝင်တစ်ခါမြင့်နေတဲ့ကောင်မျိုးကို ဆုံးမရကောင်းမှန်းမသိဘဲ သူ့ကို အသားလွတ်လာကြိမ်းမောင်းသွားတာ အတော်ခံပြင်းဖို့ကောင်းသည်။ နိုက်ကလပ်သွား။ အချိန်မတော်မှ မူးရူးပြီးပြန်လာ။ အိမ်မှာစားတော့ ပဲကုလားဟင်း ….။ လမ်းဘက်ဘက်ရည်ဆိုင်ရောက်လို့ လေချဉ်တက် ရင်ဝက်သားနံ့ရအောင် လေချဉ်တက်ပြတတ်တဲ့ သူ့သားလို ကောင်မျိုးကျတော့ မပြောဘူး။ မိန်းကလေးတွေ အကြည့်ခံရဖို့အတွက် ခန္ဒာကိုယ်ကို သ နေဖို့လောက်သာ အတွေးအခေါ်ရှိတဲ့ကောင်မျိုးနဲ့တော့ အနှိုင်းမခံနိုင်ပါဘူး။
ဒီလောက်သမ္မာအာဇီဝကျပြီး မြင့်မြတ်ဖြူစင်တဲ့ စာပေအနုပညာလောကကို ဘာလို့အထင်မကြီးနိုင်ရတာလဲ။ ငွေကြောင့်ပါပဲ။ ငွေကြောင့်။ ငွေရှာနိုင်သူဟာ လူတော်လူကောင်း။ ဘယ်နည်းနဲ့ ငွေရှာရှာ။ ငွေရတဲ့ လုပ်ငန်းမဟုတ်ရင်လူတွေအထင်မကြီးကြ။ လူတော်လူကောင်းနဲ့ လူဆိုးလူညံ့ကိုငွေနဲ့ ခွဲခြားသတ်မှတ်တာ ကြီးဒေါ်၏ မတ်သတ် ။ ကြီးဒေါ်ဝါဒ။ လောကကြီးမှာ ကြီးဒေါ် ဝါဒမျိုးဆုပ်ကိုင်ထားတဲ့ လူတန်းစားတွေ ဘယ်လောက်တောင် ရှိနေသလဲ မဆိုနိုင်ပါဘူး။
အခန်း(၅)…….။ ။
ခုတစ်လော ကြီးဒေါ်နဲ့ ထိပ်တိုက်မဆုံမိအောင် ဘဲဥရှောင်နေတယ်။ အိမ်ကလည်း ဘဲဥကို ထွေထွေထူးထူး တားဆီးပိတ်ပင်တာမျိုးမရှိတဲ့အတွက် ဘဲဥ စိတ်ချမ်းသာ နေတယ်။ စာများများ ဖတ်ခဲ့တဲ့အပြင် ပါရမီဓါတ်ခံလေး ပါ၍လားမပြောတတ်။ ဘဲဥကား အချိန်တိုတိုဖြင့် မဂ္ဂဇင်းဂျာနယ်များမှာ စာမူများဖော်ပြခံလာရတယ်။ ကံကောင်းတယ်ပြောရမလား။ ကံဆိုးတယ်ပြောရမလား။ ကြီးဒေါ်ကိုအမြင်ကတ်ဒေါသထွက်နေသောကြောင့် ဘဝင်မြင့်အောက်ခြေလွတ်ပြီး လူ့မလိုင်ရူးရူးနေသော ကြီးဒေါ်တို့သားအမိအကြောင်း ခပ်ပါးပါးလေးတွယ်ထားသော စာမူတစ်ခု မဂ္ဂဇင်းတစ်စောင်တွင် ဖော်ပြခံရသဖြင့် ဘဲဥ တစ်ဖြစ်လဲ ပေပေ တစ်ဖြစ်လဲ အင်္ဂါညို အလွန်မြူးထူးနေသည်။
လမ်းထိပ်က ဂဇက်တီ လက်ဖက်ရည်ဆိုင်ဉာဏ်ပူဇော်ခရသည့် စာမူခဖြင့် သူငယ်ချင်းများကို ဧည့်ခံရင်း သူ့ကြီးဒေါ်ကို နှိပ်ကွပ်ထားတဲ့စာမူဝတ္တုကို ဘဲဥအပြတ်ကြွားပစ်လိုက်တယ်။
တွေ့တယ်မလား ဖိုး သဉ္ဇာဂီ…..စာရေးဆရာဆိုတာ ပြည်သူကိုကိုယ်စားပြုရတယ်….အလုပ်သမားလူတန်းစားဘက်က အမြဲရပ်တည်တယ်…အရင်းရှင်လူတန်းစား ကိုအမြဲတိုက်ခိုက်ရမှာပဲ….ဝတ္ထုထဲက အရင်းရှင်ဟာငါ့ကြီးဒေါ်ပဲကွ …..ဟတ်ဟားဟားဟားဟား…….
မှတ်ထား ကရင်စီ …ငါကနယ်ကျွံခြင်းကျွံရင် ဒီဘဝနယ်ကိုပဲကျွံမယ် ငါ့ကြီးဒေါ်လို ဘဝမျိုးကိုလုံးဝမကျွံဘူး
သူငယ်ချင်းတွေကတော့ လက်ဖက်ရည်မျက်နှာဖြင့် သူလေကြီးသမျှ အောင့်အီးခံကြရှာသည်။
ဟုတ်တယ်သူငယ်ချင်း ငါတို့လည်း မင်းအယူအဆကို ထောက်ခံတယ်
မင်းဘက်ကပဲ ထာဝရ ရပ်တည်မယ်
သူ့ကိုယ်သူ လောကီလောကုတ္တရာ နှစ်ဖြာသောပညာကို မိုးအဆုံးမြေအဆုံးလိုက်ရန်အားခဲထားသော သဉ္ဇာဂီက လက်သီးလက်မောင်းတန်းကာ အတည်ပေါက်ဝင်ပြောတယ်။ ကရင်စီကတော့ ဆရာကြီးမင်းသိင်္ခဝတ္ထုထဲက ဘိန်းစားဘွန်ဘောင်းစတိုင်နဲ့ မျက်လုံးလေးမှေးပြီး သူတို့ကို စိုက်ကြည့်နေလိုက်တယ်။
………….
ထုံးစံအတိုင်းပါပဲ။ ဓါးပြဝင်လို့ တုံးမောင်းခေါက်တဲ့စနစ်နဲ့ လူတို့ရဲ့မကောင်းသတင်းဆိုရင် ဝမ်းသာအားရကူညီဖြန့်ဝေရှာကြသော လူတို့သဘာဝအတိုင်း ဘဲဥ ၏ ဝတ္ထုသတင်းသည်လည်း ရပ်ကွက်အတွင်းမှာပျံ့နှံ့သွားပြန်လေ၏။
…………..
ညရောက်တော့ မိသားစုတို့ ထုံးစံအတိုင်း တီဗွီရှေ့ထိုင်ကာ ကိုရီးယားဇာတ်ကားမျှော်တော်မူနေကြစဉ် …….ကြီးဒေါ်တို့သားအမိပေါက်ချလာတယ်။
တန်ခူးလ ရဲ့ ဆယ်နာရီ မတ်တင်းခန့်နေမင်းအပူချိန်မျိုးနဲ့ကြီးဒေါ်မျက်ဝန်းကိုတွေ့လိုက်ကတည်းက ဘဲဥ သဘောပေါက်လိုက်တယ်။
အမေ သား ဒေါင်သွားထိုင်ဦးမယ် ဂီဂီတို့ ကရင်စီတို့နဲ့ ချိန်းထားလို့
ဘုန်း…………နေဦး ဘဲဥ နင့်ကို နင့်ဖအေ မအေရှေ့တိုင်ရဦးမယ်
ကြီးဒေါ်ရဲ့ စကားအဆုံးမှာ ကြမ်းပြင်ပေါ်သို့ စာအုပ်တစ်အုပ်ပစ်ကျလာတယ်။ ဘဲဥစာမူ ပါတဲ့မဂ္ဂဇင်းပါပဲ။
အငယ်မ ကောင်းကြသေးရဲ့လား…..နင့်သားလုပ်ပုံက ငါတို့သားအမိအကြောင်းကို စာရေးဆရာကြီးအရှက်ခွဲထားတာ ရစရာမရှိဘူး…တစ်ရပ်ကွက်လုံးလည်းပြန့်နေပြီ
အဖေဖြစ်သူ ကစ်သိုက မျက်မှန်ပေါ်က ကျော်ပြီး ဘဲဥကို ကြည့်လိုက်တယ်။ အမေကတော့ အတန်ငယ်ကြာမှ ဇာတ်ရည်လည်ဟန်ဖြင့်
သား ဟုတ်လား နင့်အဒေါ်ကို ဘာတွေလျှောက်ရေးထားတာလဲ ဘာလိုအဲလိုလုပ်တာလဲဟင်
ဘာလဲ အမေရဲ့ သား ဒေါ်ကြီးအကြောင်းဘာရေးထားလို့လည်း ဒီမှာ ဒေါ်ကြီးတို့နာမည်လည်းမပါဘဲနဲ့
ဘဲဥက မထုံတက်တေး လေသံနဲ့ မဂ္ဂဇင်းကိုကောက်ယူကာ သူ့ဝတ္တုကိုလှန်ပြတယ်။ ဝတ္ထုခေါင်းစဉ်က ပဒေသရာဇ်အကြွင်းအကျန်များ…တဲ့။
အမလေးတော် …နာမည်မသုံးတာကလွဲလို့ ငါတို့အကြောင်းရေးထားလိုက်တာ ငါ့ကိုများ အမြတ်ကြီးစားမြေပိုင်ရှင်အကြွင်းအကျန်တဲ့……..ရေပေါ်ဆီဝေ့တဲ့အမလေးဟဲ့ နင့်သားက လူကလေးလက်တောက်လောက် ..လက်စားချေတတ်လိုက်တာ လက်စားချေတတ်လိုက်တာ..ဦးကစ်သို ရှင့်သားကို ရှင်လည်းဆုံးမ…..ဦး..
ပေပေ ဘာလို့ ကိုယ့်ကြီးဒေါ်အကြောင်းကို မဟုတ်က ဟုတ်ကလျှောက်ရေးတာလဲ
အမေဒေါသထွက်နေသောကြောင့်ဘဲဥ ခပ်ကုတ်ကုတ်ကလေးဖြစ်သွားတယ်။
အမေတို့ကလည်းဗျာ ဝတ္ထုရေးတယ်ဆိုတာ အမေတို့ဘာနားလည်လို့လဲ…..သစ်ခုတ်သမားဘုရင်ဖြစ်တိုင်း သမ္မတလင်ကွန်းအကြောင်းစောင်းမြောင်းရေးတယ်လို့ ပြောလို့ဖြစ်မလား..စာထဲက အဖြစ်အပျက်နဲ့တူတိုင်းသူ့ကိုရေးတာ ငါ့ကိုရေးတာဆို………..
တော်တော့……နားငြီးတယ် ဟိုကောင် မင်းအကျင့်ငါသိတယ် နောက်တစ်ခါ ရေးရဲရေးကြည့် ကဲ မပိစိဖြူ ဒီကောင့်ကိုတော့ပြေားထားပြီးပြီ မိသားစုအကြောင်းကို ကြိုက်သလောက်ရေးပါစေ…လက်သံပြောင်တဲ့စာရေးဆရာကြီးကိုငါ့လက်သံလည်းပြရတာပေါ့….
အဖေ့စကားကြောင့် ဘဲဥ အသံမထွက်ဝံ့တော့.။
ဟေ့ကောင်ဘဲဥ ငါတို့အကြောင်း နောက်တစ်ပုဒ်လောက်ရေးပါဦးကွ ငါကိုယ်တိုင်စာမူခ ချီးမြှင့်ပါ့မယ် ဟဲဟဲ …
ကဲ အငယ်က ငါပြန်မယ် နင့်သားကို ဒီအတို်င်းလွှတ်မထားနဲ့ဦး စလုံးဖြစ်ဖြစ် ဘာဖြစ်ဖြစ် တစ်ခုခုပို့ဖို့စီစဉ်ကြဦး ..
ဒါတောင် သားအမိနှစ်ယောက် ဘဲဥကိုထွက်ခတ်ခတ်သွားကြသေးတယ်။ သူတို့ သားအမိပြန်သွားတော့ ဘဲဥလည်း သူ့ဘက်ကို မြားဦးလှည့်မလာခင် ဟိုကောင်တွေ ရှိရာ ဂဇက်တီ တီးဟောက်သို့ အမြန်ဆုံးလစ်လာခဲ့တယ်။ လက်ဖက်ရည်ဆိုင်သို့မရောက်ခင် လမ်းမဘက်ကို အချိုးမှာ မျက်နှာချင်းဆိုင်က လာနေတဲ့ ကိုဘလက်ကြီးကိုတွေ့လိုက်ရလို့ ဘဲဥ စိတ်ညစ်သွားတယ်။ ကိုဘလက်ကြီးဆိုတာ လူလည်လိုလိုပတ်ကားလိုလိုလူကြီး။ ငွေရှာတဲ့နေရာမှာ နှစ်ယောက်မရှိအောင်တော်တယ်။ သမ္မာအာဇီဝ မဟုတ်တဲ့နည်းနဲ့ငွေရှာနည်းဆို ကိုဘလက်ကြီးအကုန်ကျွမ်းတယ်။ ငွေစ ကြေးစကလေးကလည်းရှိ။ အာကလေးကလည်းကောင်းတော့ထောင်ထောင်နဲ့နေရာတကာသူပါတယ်။ ရပ်ကွက်ထဲမှာ သာရေးနာရေးကိစ္စမပြောနဲ့ ကိုနိုဇိုမိ သမီးလေး အီးပန်းတဲ့ကိစ္စကနေ……မန်ယူ ခြောက်ဂိုးပြတ်ရှုံးတဲ့အထိသူပါတယ်။ အခုလည်း နှစ်လုံးသုံးလုံးနဲ့ဘောလုံးပွဲတွေမှာ အချုပ်ဆိုလား ဘာဆိုလား ခြေရှုပ်နေတယ် သတင်းကြားရတယ်။ ဘဲဥအဒေါ် ဒေါ်ပိစိဖြူဆိုတာက ကိုဘလက်ကြီးနဲ့လေပေး တည့်မှတည့်။ တည့်မကိုး။ ကြီးဒေါ်ရဲ့ သီဝရီဆိုတာ ငွေရှာတတ်ရင်လူတော်လူကောင်းဆိုသကိုး…။ ခုတစ်လောကြီးဒေါ်နဲ့ ကိုဘလက်ကြီး အတွေ့များနေတယ်။ သူတို့နှစ်ယောက်ပေါင်းပြီး စီးပွားရေးစပ်တူလုပ်နေကြတယ်ဆိုလား ကြားရတယ်။
ဟေ့ ဘဲဥ အန်တီပိစိ မင်းတို့အိမ်မှာရှိ်လား
ခုလေးတင် သူ့အိမ်ပြန်သွားပြီ
အေး …….အေး …ကိုယ်လိုက်သွားလိုက်ဦးမယ် အလုပ်ကိစ္စတိုင်ပင်ရဦးမှာကွ မင်းကောဘယ်လဲ
ဒေါင်……….
ဆက်ပြောရင် လောကြောရှည်နေမှာစိုးသောကြောင့် စကားကိုခပ်ပြတ်ပြတ်ဖြတ်ပြီး ဂဇက်တီ ဒေါင်ကို ထွက်လာခဲ့တယ်။
ဘဲဥ လက်ဘက်ရည်ဆိုင်ကိုရောက်တော့……ဟိုကောင်တွေဝိုင်းမှာ လူအတော်များများထိုင်နေတာကိုတွေ့ရတယ်။
လာဘဲဥ မင်းကိုစောင့်နေကြတယ်….
ကရင်က ခုံတစ်လုံးဆွဲပေးရင်းပြောတယ်။
အေးကွာ အိမ်မှာ ငါ့အဒေါ်လာပွန်နေလို့
အေးကွာ ငါတို့လည်း မင်းကို စောင့်နေကြတာ မင်းအဒေါ်လိုကိစ္စတွေ လုပ်စရာရှိလို ့
ဟင် ဘာလဲဟ။ ဘဲဥ ခုမှ သေချာကြည့်မိတယ်။ သဉ္ဇာဂီ။ ကရင်စီ၊ ထက်ဝေး၊ သံလုံး၊ ရင်လန့်၊ သည်မသာများကား ခါတိုင်းလို သူ့အားပုံမှန်စောင့်နေကြခြင်းမဟုတ်ပါ။ အခြားလူတွေရှိသေးသည်။ အလို ရပ်ကွက်တောင်ပိုင်းက ငပေါက်ဖော်။ ရပ်ကွက်အရှေ့ပိုင်းက ချစ်ရင်ထူးဆိုတဲ့ ငနည်းလေး တစ်ကောင်။ ဘဲဥတို့ ရပ်ကွက်ထဲက ကုန်စုံဆိုင်ပိုင်ရှင် သူဌေးမကြီး ဖွားဆူး။ လမ်းထိပ်ကားမှတ်တိုင်နောက်အိ်မ်က လူပျိုသိုးကြီးကိုရှုံး…..။
ဟေ့ကောင်တွေ ဘာလဲဟ ငါ့ကိုစောင့်နေတာ
အဟမ်းဒီလိုကွ
ဟုဆိုကာ သဉ္ဇာဂီ ရှင်းပြသည်မှာ…..။ ရပ်ကွက်ကလေးထဲဝယ် ..ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဘဲဥ၏ သူ့ကြီးဒေါ် ဝတ္ထုသတင်းပြန့်သွားတော့ လူတိုင်းက ဘဲဥ ဝတ္ထုကိုလိုက်ဖတ်ကြတယ်။ ဘာမှန်းလည်းမသိ။ နားလည်းမလည်ဘဲ လူတွေက ကောင်းတယ်ဆိုလို့ လူတွေက ကောင်းတယ်လို့ပြောကြတာတဲ့။ အဲဒီလို မဖြစ်ခံနိုင်ရိုးလား။ သဉ္ဇာဂီဆိုတဲ့ ဉာဏ်ကြီးရှင်က ဦးဆောင်ပြီးတော့ မကျော်ကျော်အောင်သတင်းတွေလိုက်ဖြန့်၊ ပဲပြုတ်သည် နာကတိ စာမဖတ်အားတာတောင်သံလုံးတို့ကလိုက်ပြီး လမ်းလျှောက်ဖတ်ပြဆိုပဲ။ ဖတ်ပြဆို သူ့ရို့ရဲ့ မဟာအကြံအစည်တွေက သည်လိုတဲ့။
ဟေ့ကောင်ကရင်စီ အရင်အပတ်က သူ့ကြီးဒေါ်အကြောင်းရေးထားတဲ့စာမူပါလာလို့ ဘဲဥ ငါတို့ကို လက်ဖက်ရည်တိုက်တာမှတ်မိလား
ဘာဖြစ်လို့လဲ ဂီဂီရ
ဘာဖြစ်ရမှာလဲဟ အဲဒါဒီကောင် ကုန်ကြမ်းရှိလို့ ဒီလိုရေးနိုင်တာပေါ့ကွ…အဲဒါ ငါတို့ ဒီကောင့်ကို ကုန်ကြမ်းရှာပေးနိုင်ရင်…….
နိုင်ရင်…….
ကရင်တို့အုပ်စုက သံယောင်လိုက်ပြီးစဉ်းနေကြတယ် ။
ကုန်ကြမ်းရှာပေးနိုင်ရင် ဘာဖြစ်ရမှာတုန်း ငတုံးတွေရ ဟိုကောင့်ကို ရေးခိုင်းမှာပေါ့ …ဟိုကောင့်ကိုရေးခိုင်းလို့စာမူခရရင် ငါတို့ကုန်ကြမ်းရှာပေးတဲ့အတွက် ငါတို့တစ်ဝက်မပိုင်လား …..ဒါဆိုရင် တို့အုပ်စုအတွက် ဒါဖိုး………
ဆိုပြီးလက်မကိုပါးစပ်နဲ့တေ့ပြီး လုပ်ပြတော့မှ ဟိုကောင်တွေ သဘောပေါက်ကုန်တယ်။
ဟားဟား သိပ်ကောင်းတဲ့အကြံပဲ ဂီဂီ ဟေး ဟေး ဟေး
အင်းပေါ့ အဲဒီတော့ တို့က ကုန်ကြမ်းရှာဖွေရေးအတွက် ပရိုမိုးရှင်းလုပ်ရမယ်ဒီလိုမျိုး……….
ခင်ဗျားတို့ရင်ထဲ တင်းကျပ်နေတာတွေ အတင်းချချင်နေတာတွေ ပေါ်တင်ရန်ဖြစ်စရာမလိုဘဲ လူတစ်ဖက်သားကို နှိပ်ကွပ်လိုက်ချင်တာတွေရှိရင် ဘဲဥကူညီမယ်။ တွေ့လား ဘဲဥက သူ့အဒေါ်ကိုတောင် ဒီလိုနှိပ်ကွပ်လိုက်တာ…..။အဲဒီ ဒိုင်ယာလော့ခ်တွေကို ကျက်ပြီး မင်းတို့က ဒီဖက်ရပ်ကွက်ကိုဝင်၊ ငါက ရပ်ကွက်ဒီဖက်ခြမ်းကိုဝင်မယ်ဆိုပြီး ရှာလိုက်ကြတာပထမ အသုတ်အနေနဲ့ ကုန်ကြမ်းလူလေးလေးယောက်ရလာခဲ့တယ်လို့ဆိုတယ်။ အထက်ကပြောခဲ့တဲ့လေးယောက်ပေါ့။
ပထမ ကုန်ကြမ်းက ငပေါက်ဖော် …။ ငပေါက်ဖော်ဆိုတာ အရှင်းပြောရရင် မိန်းမ ထမီနားခိုစားနေတဲ့လူ။ ထောင်ထောင်မောင်းထောင်းသန်သန်မာမာနဲ့ ဘာအလုပ်မှ မလုပ်ဘူး။ လက်ဖက်ရည်ဆိုင်ထိုင်၊ ချဲတွက် အရည်မရအဖတ်မရပြော။ မိန်းမကဈေးရောင်းစီးပွားရှာပြီး လုပ်ကျွေးနေရတဲ့ လူကြီး။ ဒါကြောင့်ရပ်ကွက်ကသူ့ကို နှာခေါင်းရှုံးကဲ့ရဲ့ကြတယ်။ အဲဒါကို သူဟာ ရိုးရိုးသားသားမိန်းမလုပ်စာကို ထိုင်စားနေသူသာဖြစ်ပါကြောင်း ရပ်ကွက်ထဲကအမြင်မှန်ရအောင်ရေးပေးပါရန်……။ အခကြေးငွေ (သို့မဟုတ်)ဉာဏ်ပူဇော်ခပေးရန်အသင့်………။
ဒုတိယကုန်ကြမ်း ချစ်ရင်ထူး ဆိုတဲ့ကောင်လေးက တစ်မျိုး။ သူက သူဌေးသမီးတစ်ယောက်ကို သွားကြိုက်တာ ဟိုက တစ်ဆွေတစ်မျိုးလုံးက ဝိုင်းပြီးတော့ တူလို့လား တန်လို့လား။ အနူလက်နဲ့ရွှေခွက်လာနှိပ်တယ်။ စသဖြင့်နှစ်ပြားမတန်အောင် ပြောလွှတ်ခံရလေတော့…..ငွေကြေးဓန ဂုဏ်မောက်တဲ့သူတို့ကြောင့် သူ့နှလုံးသားကွဲကြေရပုံ၊ ရင်နာရပုံ၊ တို့ကို ဆွတ်ပျံ့ဖွယ်ရာ အလွမ်းစာတစ်ပုဒ်ရေးပေးပါရန်….ဉာဏ်ပူဇော်ခ ပေးရန်အသင့်……….။
တတိယ ကုန်ကြမ်းက ကုန်စုံဆိုင်ပိုင်ရှင် သူဌေးမကြီးဖွားဆူး။ သူကတော့ ရှင်းတယ်။ ရပ်ကွက်ထဲမှာ သူ့ဆိုင်ရောင်းကောင်းတာကို မနာလိုကြဘူး။ ငွေတိုးချေးစားတာကို ကဲ့ရဲ့ကြတယ်။ သရော်ကြတယ်။အဲဒါကို အမြင်မှန်လေးတွေရလာအောင်ရေးပေးဖို့နဲ့…….သူ့ဆိုင်ပိုပြီး ရောင်းအားကောင်းလာအောင် ဈေးနှုန်းချိုသာကြောင့် ကြော်ငြာသဘောလေးပါ ပါအောင်ရေးပေးရန်……အခကြေးငွေအနေဖြင့် သည်ဝိုင်းကိုရှင်းမည့်အပြင် နောက်ထပ်လည်း ပေးဆောင်ရန်အသင့်….
စတုတ္တကုန်ကြမ်းကတော့လူပျိုကြီး ကိုရှုံး…..။ သူ့ဝေဒနာကတစ်မျိုုး။အရွယ်ကလည်းရလာပြီဆိုတော့ သူ့ကိုကြိုက်မယ့်လူ မရှိတော့တာကို အမြင်မှန်ရလာတယ်။ ဒါကြောင့် နားအေးပါးအေးပဲနေတော့မယ်လို့ စိတ်လျှော့ပြီး ပက်လက်ကုလားထိုင်ထုတ်ပြီးအိမ်ရှေ့ဝရန်ဒါကိုထွက်ထိုင်ခါမှ အိမ်ရှေ့ကားမှတ်တိုင်မှာ တစ်နေ့တစ်နေ့လာလိုက်ကြတဲ့ အနိပ်ကလေးတွေ။ ဒီတော့ သူ့ဝေဒနာက ထိမ်းမနိုင်သိမ်းမရဖြစ်လာပြန်တယ်။ ဒါကြောင့် အချစ်ဆိုတာ ထာဝရ မသေဆုံးနိုင်သောအရာသာဖြစ်ကြောင်း ရိုမန့်တစ်ဆန်ဆန်လေး ရေးပေးပါရန်…..ဉာဏ်ပူဇော်ခ အသင့်……..
အဖြစ်ကတော့ ဒါပဲ သူငယ်ချင်း…..မင်းရေးပြီးလို့ စာမူပါရင်စာမခအသာထားဦးနော့်…….လက်ငင်းချက်ခြင်းကို ဉာဏ်ပူဇော်ခရဦးမယ်ဟင်း ဟင်း ဟင်း ..
ဟူသော ….တောင်ပုလုမြို့စားကြီး၏ ညှင်းသိုးသိုးရယ်သံမျိုးနဲ့ ဂီဂီက မင်းမကယ်ရင်ငါတို့ကိုဘယ်သူကယ်မလဲဟူသော အကြည့်မျိုးဖြင့် လျှာကိုသပ်ရင်း ဘဲဥကိုစိုက်ကြည့်လိုက်တယ်။
နိုး……………………………..
ွှအနုပညာဟာ တိုက်ခိုက်ရေးပစ္စည်းမဟုတ်ဘူး…...
ရုတ်တရက် ဒူးကိုကွေးညွတ်ချလိုက်ပြီး လက်သီးလက်မောင်းတန်းကာ ဖျစ်ညှစ်အော်လိုက်သဖြင့် တစ်ဝိုင်းလုံး လန့်ဖျတ်ကာ ပါးစပ်အဟောင်းသားဖြစ်သွားကြတယ်။ ပြီးတော့ ဘဲဥ ရုပ်ရှင်ဇာတ်လိုက်တစ်ယောက်လို ချာကနဲ လှည့်ထွက်လာခဲ့တယ်။
(၆)…….။ ။
နောက်တစ်ပတ်ခန့်အကြာ ဂဇက်တီ လက်ဖက်ရည်ဆိုင်က ဝိုင်းလေးတစ်ဝိုင်းမှာ ဆဲသံတွေ ဆူညံနေတယ်။
မင်းကွာ ချီးထုပ်
သောက်သုံးမကျတဲ့ကောင်
ဘာသစ္စာလဲ ဘာအမှန်တရားလဲ သောက်ကြီးသောက်ကျယ်
ငကြောင်………သောက်ရူး…..
ဒီရပ်ကွက်ထဲမှာ ဒီလူတွေ ဒီလောက် လူတိုင်းအော်ကြောလန်နေတာ မင်းလည်းအသိပဲ အဲဒါကို ငါတို့က တမင်ပညာပေးရအောင် မနည်းခေါ်လာရတာ ဘာအနုပညာလဲ မင်းကိုယ်မင်း ဘာမှတ်နေလဲ
ခွီးတဲ့မှဘဲ ဖွတ်ကြားကောင်….
အေးပါကွာ တော်ကြပါတော့ ငါတောင်းပန်ပါတယ် ငါမှားပါတယ်
အနှီသည်ကား ကုန်ကြမ်းလေးယောက် ဆုံးရှုံးသွားသဖြင့် တစ်ပတ်တိတိ စိတ်ခုမပြေကြသေးသောကြောင့် ချစ်သူငယ်ချင်းများက ဘဲဥအားဝိုင်းတွယ်နေကြခြင်းဖြစ်ပါ၏။ စိတ်မဆိုးကြပါနဲ့တော့ကွာ နော်…..နောက်ဒါမျိုးမဖြစ်စေရတော့ပါဘူး ကတိပေးပါတယ်
ဒီအတိုင်းတော့ ခွင့်လွှတ်လို့ဘယ်ရမလဲကွ
သဉ္ဇာဂီက ဘုဆတ်ဆတ်ပြန်ပြောသည်။
ငါတို့ဖြစ်ချင်တာ မင်းလုပ်ပေးနိုင်မလား
အေး ……အေး ….ပါ…..ကွာ…
ဟုတ်ပြီ ဒါဆိုရင်… ဂီဂီက ဟိုကောင်တွေဖက်လှည့်ကာ…..
ဟေ့ကောင်တွေ ဒီအချိန်မပူဘူးလား
ပူဒယ်………….
ပူရင် ဘာဖြစ်လဲ
ရေဆာတယ်
ရေဆာတော့ ဘာလုပ်ရမလဲ
ဘီ…….ယာ……….သောက်…….ရ……..တယ်……….
ဘီယာတိုက်ဟေ့ကောင် ဒါဆို စိတ်ဆိုးပြေမယ်
ငါ့မှာ ပိုက်ဆံမပါဘူးဟ
မပါရင်အိမ်ပြန်ယူပေါ့ကွာ
ဒီတစ်ကြိမ်တော့ သူ့ချစ်ဘော်ဒါတွေကို အလိုလိုက်ဦးမှဟုတွေးကာ ဘဲဥ သူ့အဖေ ကစ်သို ဆီမှာပိုက်ဆံတောင်းဖို့အိမ်ကိုပြန်လာခဲ့တယ်။
အိမ်ထဲရောက်တော့ အဖေနဲ့အမေ မျက်နှာမကောင်းတာကြောင့်ဘဲဥ ထိတ်ကနဲဖြစ်သွားတယ်။ မှော်ဆရာလည်း ရောက်နေတာတွေ့ရပြီး ခေါင်းငိုက်ဆိုက်ချထားတာတွေ့ရတယ်။ ဘာများဖြစ်လို့လဲ။
ပေပေ
ဟင် အမေ….
ကျွံကုန်ပြီ ကျွံကုန်ပြီ မရတော့ဘူး နင့်အဒေါ်လေ…
ဘာ ….ဘာ ဖြစ်လို့လဲအမေ ဒေါ်ကြီး ဘာဖြစ်…
နင့်ဒေါ်ကြီးကိုဖမ်းသွားကြပြီ
ဗျာ…..
ဟုတ်တယ် ကိုဘက်လက်ကြီးနဲ့ပေါင်းပြီး ဘယ်အချိန်ကတည်းက ကြိတ်လုပ်နေကြတယ်မသိဘူး……အိမ်ရော ဖုန်းရော ကားရော့ကုန်ပြီတဲ့ လောင်းကစားဆိုတာ ဥပဒေနဲ့လွတ်တဲ့ကိစ္စမှ မဟုတ်တာလူလည်းဘဝဆုံးပြီ မှော်ဆရာ နင်လည်း သိရက်သားနဲ့ အစကတည်းကဘာလို့ ငါတို့ကိုလာမပြောတာလည်းဟင်
ပြောပြီး အမေက ငိုတယ်။ မှော်ဆရာလည်း အသံမထွက်တော့…..
ဖားသားကြီးဆီက အသာလက်တို့ ပိုက်ဆံတောင်းပြီးတော့ ဘဲဥ ပြန်ထွက်လာခဲ့တယ်။ ကြီးတော်သတင်းကို ကြားရ၍ ဘဲဥ ဝမ်းလည်းသာသည်။ ဝမ်းလည်းနည်းသည်။ ဝမ်းသာတာက အနုပညာနယ်ထဲ ကျွံရတာနဲ့ ကြီးဒေါ် ဒေါ်ပိစိဖြူကိုယ်တိုင်ကျွံသွားတဲ့နယ် ဘယ်နယ်က အမှားအမှန်ဆိုတာ ကြီးဒေါ်သိလောက်ပြီထင်၍ ဖြစ်ပြီး ဝမ်းနည်းရတာက ကြီးဒေါ်ဒေါ်ပိစိဖြူဆိုသည်မှာ သူ၏ ကြီးဒေါ် အရင်းခေါက်ခေါက်ကြီးပင် မဟုတ်ပါလား……………………………………………………………………………………..။
ပြီးပါပြီ…….
အထူးတောင်းပန်ခြင်း
ဒီဝတ္ထုလေးမှာ ကြိုတင်ခွင့်ပြုချက်တောင်းပန်ခြင်းမပြုမိဘဲ ဂေဇက်မှ
ဆရာ၊ ဆရာမတို့၏ နာမည်ကိုယူသုံးမိသည့်အတွက် ခွင့်လွှတ်ပေးကြပါရန် လေးစားစွာတောင်းပန်မှုပြုအပ်ပါသည်။
ဝတ္ထုထဲတွင် သက်ဆိုင်ရာ ဇာတ်ကောင်နေရာတွင် ပါဝင်ကြသော ဆရာဆရာမများကိုလည်းပျော်စေလိုခြင်းနှင့်သာ ရေးသားခြင်းဖြစ်၍
ထိခိုက်စေလိုသောစိတ်ဖြင့် ရေးသားခြင်းမဟုတ်ပါကြောင်းလည်း နားလည်ပေးစေလိုပါသည်။ အခုဝတ္ထုလေးမှာ လွန်ခဲ့သော နှစ်များစွာက မြစ်ခွဲကိုးစင်းစာပေမှ ဟာသဝတ္တုတိုများစုပေါင်းထုတ်ဝေခြင်းမှ မိမိ၏စာမူကို အနည်းအကျည်းပြုပြင်ကာ ဂေဇက်ရွာသူရွာသားများ ပျော်ရွှင်ကြစေရန် ကြိုးစားကြည့်ခြင်းတစ် ခုသာဖြစ်ပါတယ်ခင်ဗျား…..အားလုံးလွန်တာရှိက ဝန္ဒာမိပါ ဆရာ၊ ဆရာမတို့ခင်ဗျား…..။
ကျေးဇူးတင်ပါသည်…….
23 comments
aye.kk
December 28, 2011 at 6:39 am
ဘဲဥအစရှာမရတဲ့..
ကြားဘူးနားဝပြောပြတာပါ..
comegyi ရေးထားတာဖတ်လိုက်ရတော့..
ဘဲဥထဲကရှာမရတဲ့အစတွေအများကြီးဆွဲထုတ်သွားနိုင်လို့ပျော်ရွှင်မိပါကြောင်း…။
kyawkoko
December 28, 2011 at 9:25 am
ဘဲဥ ဆိုတာ ဘောပွဲရုှံးလို. ဘာမှမရှိတာကိုပြောတာ ဟင့် 🙁
ငပေါက်ဖော်
December 28, 2011 at 10:38 am
ကကမ်းဂျီးရေ..
ရှည်ကြီးပဲ…(စာ..စာ..)
တစ်မေ့တစ်မောကို ဖတ်ရတယ်..
ဒီမယ် ဦးကစ်သို..
ရှင့်သားဘဲဥကို ရှင် မဆုံးမတော့ဘူးလား..
😆
နီကီတာ
December 28, 2011 at 10:50 am
ဘဲဥ = comegyi 😛
ကြောင်ကြီး
December 28, 2011 at 11:17 am
ကြက်ဥ = gogyi 😛
ငပေါက်ဖော်
December 28, 2011 at 11:31 am
ငုံးဥ = thagyi 😛
“ဘီလူးကြီး”ogre
December 28, 2011 at 7:07 pm
ပေါက်ဖော်
မထင်ရဘူးဟနော်…တော်တော်သေးမှာပဲ..ငုံးဥ ကိုပြောပါတယ် 🙂
inz@ghi
December 28, 2011 at 10:53 am
သန်မ်း ဟူးစ့် ဂေါ်န္နဘီ ကျန်းကီး?
thit min
December 28, 2011 at 11:16 am
တော်တော်ကိုရှည်ရှည်ရေးနိုင်တယ်။
စာရေးဆရာဝိညင်အပြည့်ရှိပ။
ကိုယ့်ကိုကစ်သိုလို့ ခေါ်တာမောင်ပေက စတယ်ဆိုတာကိုပါဖော်ထုတ်သွားသလိုလိုဘဲ။
တချိန်ကျရင် မြန်မာပြည်မှာကျောင်းဆရာလုပ်မယ်လို့ စဉ်းစားဘူးတယ်။
ဖြစ်မဖြစ်တော့မသိဘူး။
အချိန်ပိုင်း မူလတန်းကျောင်းဆရာပေါ့ဗျာ။
“ငယ်ရွယ်စဉ်ကချစ်စရာကောင်းသောကလေးများကို အသက်ကြီးလာတော့ ၆မြင်ကပ်စရာလူကြီးများ
ဖြစ်မလာရေး ရည်ရွယ်” ပြီးတော့ပေါ့နော်။
ဘယ်သူမဆိုသင်နိုင်မှာမို့ သင်ချင်သူများစာရင်းပေးပါ။(^^)
inz@ghi
December 28, 2011 at 11:27 am
မူလတန်းလား ကစ်သို …
ဂီဂီ တက်မယ်ဗျို့ ..တခါတည်း စာရင်းပေးတယ်…
ဘတ်ထ်
ကျနော်ကတော့ အတော် အခြေအနေဆိုးနေဘီမို့
အခြေခံက ပြန်စတက်ရမှာဖြစ်တဲ့ အတွက်
၆နှစ်အောက် လယ်ဗယ် လေးတွေ သင်တဲ့
နှလုံးသားလှတဲ့ ဆြာမလေး ဆီမှာ သူငယ်တန်း အရင်တက်ပီးမှ
ကစ်သို ဆီမှာ မူလတန်း လာတက်တော့မယ်နော …
ဟီး ….
ပုံ
နှူးဘာဂီ
blackchaw
December 28, 2011 at 11:17 am
“ကိုဘလက်ကြီးဆိုတာ လူလည်လိုလိုပတ်ကားလိုလိုလူကြီး။ ငွေရှာတဲ့နေရာမှာ နှစ်ယောက်မရှိအောင်တော်တယ်။ သမ္မာအာဇီဝ မဟုတ်တဲ့နည်းနဲ့ငွေရှာနည်းဆို ကိုဘလက်ကြီးအကုန်ကျွမ်းတယ်။ ငွေစ ကြေးစကလေးကလည်းရှိ။ အာကလေးကလည်းကောင်းတော့ထောင်ထောင်နဲ့နေရာတကာသူပါတယ်။ ရပ်ကွက်ထဲမှာ သာရေးနာရေးကိစ္စမပြောနဲ့ ကိုနိုဇိုမိ သမီးလေး အီးပန်းတဲ့ကိစ္စကနေ……မန်ယူ ခြောက်ဂိုးပြတ်ရှုံးတဲ့အထိသူပါတယ်။ အခုလည်း နှစ်လုံးသုံးလုံးနဲ့ဘောလုံးပွဲတွေမှာ အချုပ်ဆိုလား ဘာဆိုလား ခြေရှုပ်နေတယ် သတင်းကြားရတယ်။”
ကမ်းကြီးရေ။
ဝတ္ထုထဲ ထည့်ရေးတာ ဝမ်းသာပါတယ်၊ ဂုဏ်လည်းယူမိပါတယ်။
အသာလုပ်တာ ကောင်းပါတယ်ဗျာ။ အသာလုပ်ကြပါ။
inz@ghi
December 28, 2011 at 11:32 am
ဘဘ ဘလက်ပြောလည်း သည်အချိန် သည်လူကြီးက စက်တော်ခေါ်နေတာနေမှာ…
ခုချိန် …..သူ သိမှာမဟုတ်လောက်ဘူး …
မဟာဖေ့စ်ဘုတ်တော်ကြီးမှာတွေ့တော့ သူပြောသွားတာက ညဆို စာရေးစာဖတ်လုပ်ပီး
မိုးလင်းရင် အိပ်ကော တဲ့ ….သည်ပို့စ် က မနက်အစော ရိုက်တင်သွားဆိုတော့
ဟုတ်လောက်ပါဘီလေ. …ဂီတော့ သူ့ကို ညမှ မန့်မယ်…
😀
windtalker
December 28, 2011 at 11:44 am
ဟိုက်ရော ဟိုက်ရောဘဲ
ပေပေ (ခ) ဘဲဥ VS ကျီးကန်း (ခ) ညိုညိုခင် တဲ့ဗျို ့
လုပ်ချလိုက်ပြန်ပေါ့
ငပေါက်ဖော် လို အဖြစ်မဆိုးတာဘဲ တော်လှပါဘီ ဗျာ
ကိုပေါက်(မန္တလေး)
December 28, 2011 at 1:02 pm
အင်္ဂါညို ဆိုတဲ့နာမယ်က မိုက်တယ်။
ဘဲဥနဲ့ကျီးကန်းကနေ ဘယ်လိုညိိုိုသွားလဲပြောပြပေးနော်။
etone
December 28, 2011 at 2:21 pm
ဘဲဥကို ကျီးကန်းချီမယ့်အခန်းရောက်ပါ့မလား စောင့်နေတာ … ကျီးကန်းက ကြောင်လေးလေးခွစာ မိသွားတာကိုး 😀 😀
((( သူငယ်ချင်းအပေါင်းအသင်းကြားမှာဆိုရင်လည်း အတက်စီးကနေ အမြဲနေတတ်တဲ့ကောင်ဆိုတော့ ဘဲဥတို့ တစ်အုပ်စုလုံးက ဘဲဥကိုမပေါင်းကြ။ ))) ဆိုတဲ့နေရာမှာ မှော်ဆြာကို မပေါင်းကြဖြစ်ရမယ်လို့ …. ပြင်ဖတ်လိုက်ပါကြောင်း ။
“ဘီလူးကြီး”ogre
December 28, 2011 at 7:09 pm
““ဆိုင်းဘုတ်အမြန်ရေးသည်””
““ကားနံပါတ် အမြန်ရေးသည်””
ပုံ/ဗဂျီဆြာ.ဘယူး
pooch
December 28, 2011 at 8:44 pm
ခုမှပဲ ဘဲဥနောက်ကြောင်း ဖြစ်ကြောင်းကုန်စင်သိရတော့တယ်….
ဒါနဲ့ ဒီစာလေးက တကယ်ကောင်းတယ် … ဖတ်ရတာ အဆင်လည်း ချောတယ် အရေးလည်းကောင်းတယ်… ကိုကမ်းကြီးက တကယ့်ကို စာရေးဆရာအစစ်ပဲ……
နောက်နာမည်ကြီးလာရင် ဒီစာစုလေးက မှတ်တမ်းလေး တခု ဖြစ်နေမှာ……
TTNU
December 28, 2011 at 10:38 pm
ကိုကမ်းကြီးရေ…
အရင်ရေးတုန်းက ကလောင်အမည် ဘာလဲဟင်။
အခုရေးတာလဲ တီချာကြိုက်တာလေးတွေက မောင်ရင့်ရဲ ့ တီထွင် ဝေါဟာရ
လေးတွေ အတော်ထိမိတယ်။
ဥပမာ…ဝေါဟာရ အချွန်အမောက်တွေ အင်္ဂါညို့ ပါးစပ်ထဲကို ရောက်နေတာ။
…ဘဲဥရဲ့ ကျီးကန်း ဖွန်ကလုန်းမုန်းတိုင်း
…ဘဲဥရဲ့ကျီးကန်းခံစားမှုနယ်ပယ်က မလွတ်ရှာဘူး။
…ကျိုက်ထီးရိုးဝါးသေနတ်နဲ့ ပစ်သလို တရစပ်ကောသွားသော
…အသက်တစ်ခါရှူတိုင်း ဘဝင်တစ်ခါမြင့်နေတဲ့ကောင်မျိုး
…ကြီးဒေါ်၏ မတ်သတ် ။ ကြီးဒေါ်ဝါဒ။ လောကကြီးမှာ ကြီးဒေါ် ဝါဒမျိုးဆုပ်
ကိုင်ထားတဲ့ လူတန်းစားတွေ ဘယ်လောက်တောင် ရှိနေသလဲ မဆိုနိုင်ပါဘူး။
(ဒီ Vocab အကြိုက်ဆုံးပဲ။)
ဆက်လက်အောင်မြင်ပါစေ။
etone
December 29, 2011 at 8:43 am
တီချယ်ကြီးရေ ..ကိုကမ်းကြီးက ထိထိမိမိရေးတတ်မှာပေါ့ … အောင်မြင်တဲ့ ပြည်တွင်းထုတ်ဂျာနယ်တစ်ခုက …. အယ်ဒီတာကြီးလေ … ။ (နည်းနည်းတော့ဖွလိုက်ပြီ .. ဟီး ) ။
ကိုကမ်းကြီးရေ …. စကားလုံး ထိထိ မိမိလေးတွေနဲ့ ရသစာကောင်းလေးတွေ များများရေးနိုင်ပါစေနော် … ။ ဒီထက်ပိုမိုပြီး အောင်မြင်မှုတွေရပါစေလို့ ဆုတောင်းပေးပါတယ် … ။ 🙂
yaungchikha
December 29, 2011 at 9:48 am
အိတုန်ပြောမှပဲသိတော့တယ်၊ အရေးအသားက ရှယ်ပဲလို့အောက်မေ့နေတာ…… အားပေးဖတ်ရူ့နေပါတယ်နော်………. 🙂
manawphyulay
December 29, 2011 at 1:54 pm
ဒေါ်ပိစိဖြူဆိုတာက ဘဲဥအမေရဲ့အစ်မကြီးဖြစ်ပြီး ငွေကြေးအတော်အတန်ချောင်လည်တယ်။ ဆွေမျိုးအသိုင်းအဝိုင်းထဲမှာလည်း ဩဇာညောင်းတယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ ယောကျာ်းဆုံးသွားတော့ မှော်ဆရာ ဆိုတဲ့သားတစ်ယောက်နဲ့ သားအမိနှစ်ယောက်တည်းပဲနေကြတာပါ။
နင့်ဒေါ်ကြီးကိုဖမ်းသွားကြပြီ
ဗျာ…..
ဟုတ်တယ် ကိုဘက်လက်ကြီးနဲ့ပေါင်းပြီး ဘယ်အချိန်ကတည်းက ကြိတ်လုပ်နေကြတယ်မသိဘူး……အိမ်ရော ဖုန်းရော ကားရော့ကုန်ပြီတဲ့ လောင်းကစားဆိုတာ ဥပဒေနဲ့လွတ်တဲ့ကိစ္စမှ မဟုတ်တာလူလည်းဘဝဆုံးပြီ မှော်ဆရာ နင်လည်း သိရက်သားနဲ့ အစကတည်းကဘာလို့ ငါတို့ကိုလာမပြောတာလည်းဟင်
မောင်ဘဲဥ………. မင်းကြီးဒေါ်နေရာကနေ နေရတာဟုတ်ပါပြီ။ ဆိုးလိုက်တဲ့အဖြစ် ဒီထက်ဆိုးဖို့ကော ရှိရဲ့လား….. မရှိတာတွေလည်း ဆုံးနေပါရောလား….. ဟွန်းနော် လျှော်ကြေးပေးရင် ပေး မပေးရင် အသရေဖျက်မှုနဲ့ တရားစွဲမယ် ဒါပဲ….
ဦးဘလက်ကြီးနဲ့လည်း တစ်ခါပဲ ဆုံဖူးတာပါဟာ…
ဒါနဲ့ စကားမစပ် ကြီးဒေါ်ရဲ့သား မှော်ဆရာ ပျောက်နေပါလား….. 🙁
comegyi
December 30, 2011 at 12:26 am
aye.kk ခင်ဗျား
ကျနော့်ရဲ့ တောင်စဉ်ရေမရ
ဝတ္တုအား မျက်စိအညောင်းခံဖတ်ရှုပေးတဲ့
အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျား……
………….
ကျော်ကိုကိုခင်ဗျာ
ဝတ္ထုထဲက ဘဲဥက
ဘောမဟာပညာကျော်နော် ……
ဆရာရဲ့…..
………..
ပေါက်ပေါက်ရေ့……
နင့် Satire လည်း ဖတ်ချင်ပါသေးတယ်
ရေးပါဦးဟ …..
………….
ဘဲဥ အစ်စ်အီကွဲတူ ကျီးကန်းပဲ
လုပ်ပါ နီကီတာရယ်……
ဟိဟိ……..ရှင်းနေတာကိုနော့်……
…………..
ကြက်ဥနဲ့ ဂိုးဂျီးက
ဘသူဒုံး ဦးကြောင်ရ……
…………
သကြီးငုံးဥက
ကြက်ဆင်နဲ့ စပ်ထားတဲ့ ငုံးမျိုးနေမှာပေါ့
ပေါက်ဖော်ရယ်..
………
ကိုသစ်ကြီးရေ့
ကိုသစ်ကြီးသာ ကျောင်းဆရာ
ဖြစ်ခဲ့ရင်လည်း စာတော်ပြီး
လိမ္မာယဉ်ကျေးတဲ့ လူတော်လူမော်
လေးတွေ မွေးထုတ်နိုင်မယ်ဆိုတာ
အကြွင်းမဲ့ ယုံကြည်ပါတယ်ဗျာ…..
……………
ကိုဂီ့တက်မယ့်ကျောင်း
ကျွန်တော်လည်း တက်ချင်တယ်
ဒါပေမဲ့ ကိုဂီနဲ့တော့
တူတူတက်လို့မရလောက်ဘူး
ကိုဂီက သူငယ်တန်းကြီးဆို
ကျွန်တော်က သူငယ်တန်းငယ်လောက်က
စတက်မှဖြစ်မယ်ဗျို့ …..
……….
ကိုဘလက်ကြီးရေ့
အခင်ဆုံးအစ်ကိုကြီးမို့လို့
အဲလိုဇာတ်ကောင်နေရာမှာ
ရေးလိုက်တာနော့် စိတ်ဆိုးရဘူးနော်…
တစ်နေ့တွေ့ကြမယ်ဗျာ
အဲဒီနေ့ကျမှ ကျောချင်ရာကျောဂျာ….ဟဲဟဲ…….
……..
ရဲဘော်ကြီးက ဘယ်အဖြစ်ဆိုးမလဲဗျာ
ဇာတ်လိုက်ဥစ္စာကိုးဗျ…
……..
ကိုပေါက်(မန္တလေး)ခင်ဗျား
ဘဲဥက အင်္ဂါသား
ကျီးကန်းနာမည်က
ညိုညိုခင်ဆိုတော့
အင်္ဂါညို ဖြစ်လတ္တံ့ပေါ့ခင်ဗျာ ….ဟဲဟဲ .
……………..
မအိတုန်ရေ့ ….
အမှားလေး ထောက်ပြပေးတာကျေးဇူးဗျ
ဂီဂီပြောသလို မိုးလင်းခါနီး မနည်းပြီးတောင်
ရေးရတော့ ရှန်းပြီးမှားသွားတယ်ဗျ
မအိတုန်ပြောတဲ့အတိုင်း
ဖတ်ပေးကြပါခင်ဗျား……….
ကျေးဇူး…
………….
ကိုကြီးဘီလူး
လုပ်ငန်းအတည်တကျ
ဖြစ်သွားပြီပေါ့
နောက်ကြုံမှ အနော့်
ဆိုက်ဂျဲရိုးလေး
နံပါတ်လာယေးမယ်နော်
ပြီးရင် ညနေဖက်
လိုင်စင်ရ စီအက်တူးကိုလစ်ကြတာပေါ့
ခင်ညာ…..
………..
မပုချ် ……..ခင်ဗျား……
အားပေးတာအများကြီး ကျေးဇူးတင်ပါတယ်ခင်
နောက်များလည်း ကြိုးစားကြည့်ပါဦးမည်……
………….
တီချယ်ခင်ဗျား
အရင်တုန်းကတော့
ကလောင်နာမည်က ဟိုတစ်ခုပြောင်းလိုက်
ဒီတစ်ခုပြောင်းလိုက်နဲ့
ဘာမှ မယ်မယ်ရရ မဖြစ်ပါဘူးခင်ဗျား
ဒီတော့ ပြောလည်း တီချယ်ပဲ အူလယ်လယ်ဖြစ်ကုန်မှာမို့
တီချယ့်ကို အားနာလို့ပြောတော့ဝူးနော်…..
အားပေးတဲ့အတွက်
အားတက်ရပါတယ်တီချယ်ခင်ဗျား
ကျေးဇူးပါခင်ဗျ……
………..
မအိတုံရယ်
ကြံကြီးစည်ရာဗျာ ကမ်းကြီးတို့က
ဘယ်က အယ်ဒီတယာရမှာဒုံးဂျ
ပုံနှိပ်တိုက်လေးတစ်ခုမှာ တောက်တို
မယ်ရ ဝန်ထမ်းလေးသာ ဖြစ်ပါကြောင်းဗျာ……….
…………….
yaungchikha ခင်ဗျား
ဝင်ရောက်အားပေး မန့်ပေးတဲ့
အတွက် ရှဲရှဲနော်…………
………
လျှော်ကြေးက….ဘာလို့ပေးရမှာတုန်း
မမနောရ……အနော်က
ဘဲဥကြီးဒေါ်အကြောင်းရေးတာလေ ဟိဟိ
မှော်ဆရာ
သူ့အချိန်အခါရောက်ရင် ပေါ်လာပါလိမ့်မယ်ဗျာ……
မှော်ဆရာ
December 30, 2011 at 9:07 am
မျှော်တုန်း မျှော်ဆဲ မှော်လဲ ရောက်လာ
လာပါပြီခင်ဗျား …