ဆိတ်သားကြော်ပူပူလေးနှင့် ကျောက်ဖရုံသီးဟင်းခါး (ဓါတ်စာ)
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန့်မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံအတွင်းသို့ ကျွန်ုပ်နှင့် သိဟောင်း ဖြစ်သော ကိုပီတာဆိုသည့် စိတ်ဝေဒါနရှင်တစ်ဦး ရောက်ရှိလာလေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်ကို တွေ့လျှင်တွေ့ချင်း…. “ဟေ့…မစ္စတာမင်းသိင်္ခ၊ ဂွတ်ဒ်မောနင်း..ဂွတ်ဒ်နိုက်..” ဟု နှုတ်ဆက်လေတော့၏။ “ ကဲပါဗျာ ကိုးရိုးကားယား နှုတ်ဆက်မနေ စမ်းပါနဲ့၊ ခင်ဗျားအတွက် မနက်စာချက်မယ်ဗျ၊ ဘာဟင်းနဲ့ စားမလဲ ပြောစမ်းပါဦး..” ဟု ကျွန်ုပ်ကမေးရာ..“
အရမ်းပြောလို့ တော့မဖြစ်ဘူး ကိုယ့်လူရဲ့၊ အစာလည်းဆေး၊ ဆေးလည်းအစာလို့ ဆိုထားတယ်မဟုတ်လား၊ အဲဒီတော့ ကိုယ်စားတဲ့ အစား အသောက်ဟာ ကိုယ့်အတွက် ဆေးဖြစ်ဖို့တော့လိုတာပေါ့” ဟု ကိုပီတာကြီးက ကျွန်ုပ်အား အတည်ပေါက်နှင့် ပြောနေလေ၏ “ကဲပါဗျာ ခင်ဗျားအတွက် ဆေးဖြစ်မယ့် အစားအသောက်ပဲပြောပါ၊ ကျုပ်က ဈေးသွားရဦးမှာဗျ” ဟု ကျွန်ုပ်က ပြန်၍ ပြောလို က်မိလေ၏။ ထိုအခါ ကိုပီတာကြီးက..
“ငါက အလွန်အစွမ်းထက်တဲ့ မြန်မာဆေးပညာတစ်ရပ်ကို ဆရာကောင်းဆီမှာ တပည့် ခံပြီး သင်ယူထားဖူးတယ်ကွ၊ ဒါကြောင့် သူတစ်ပါးကို ကုပေးနိုင်လောက်အောင် မကျွမ်းကျင်ပေမဲ့ ကိုယ့်ဟာကိုယ်တော့ ဘယ် အသက်ပိုင်းမှာ ဘယ်လိုစားရမယ်၊ ဘယ်ဟာတွေ ရှောင်ရမယ်ဆိုတာတော့ သိတာပေါ့ ငါ့လူရာ၊ အဲဒါကြောင့် ငါ့ဘဝမှာပေး တိုင်းလည်းမယူပါဘူး၊ ကျွေးတိုင်းလည်း မစားဘူး၊ ငါနဲ့တည့်တဲ့အစာမှ စားတာ” ဟု အတည်ပေါက်နှင့် ကျွန်ုပ်အားပြောလေ ၏။ ထို့ကြောင့် ကျွန်ုပ်က.. “ကိုပီတာကြီး.. တကယ်ပြောနေတာလား” ဟု ပြန်၍မေးလိုက်လေ၏။ “တကယ်ပြောနေတာပေါ့ ငါ့လူရ၊ ငါ တကယ်လေ့လာထားတာပါ” ဟု ကိုပီတာကြီးက ပြန်၍ပြောလေ၏။
“အဲဒီလိုဆိုလည်း ခင်ဗျားပညာတွေ ရှင်းပြစမ်း ပါဥိး” ဟု ကျွန်ုပ်ကပြောလိုက်ရာ ကိုပီတာကြိးက.. “လူမှာက အသက်ပိုင်းအလိုက် အပူအအေးပြောင်းနေတယ်ကွ၊ ပုံသေမ ဟုတ်ဘူး၊ အဲဒါကိုငါရဲ့ဆရာက ဘယ်လိုသင်ပေးထားသလဲဆိုတော့ ကိုယ်ရောက်နေတဲ့ အသက်ကို (၇)နဲ့စားရတယ်ကွ၊ (၁) ဖြစ်စေ၊ (၃) ဖြစ်စေ၊ (၆) ဖြစ်စေကြွင်းရင် အပူသက်ရောက်လို့ဆိုတယ်၊ (၂) ဖြစ်စေ၊ (၀) ဖြစ်စေ၊ (၄)ဖြစ်စေ (၅) ဖြစ်စေကြွင်း ရင် အအေးသက်ရောက်လို့ခေါ်တယ်ကွ၊ အဲဒါကိုမှ “ဆောင်-ပျက်-ခိုက်-ငုပ်-လွန်-ဆုံး-ချုပ်” ဆိုတဲ့ ဓာတ်သွားခုနှစ်မျိုးနဲ့ဖမ်းပြီး အစားအစားရတာကွ၊
ဒီနှစ် ငါက (၁) ကြွင်းပြီး အပူသက်ရောက် ရောက်နေတယ်၊ ဒါကြောင့်ထမင်းပူပူလေးနဲ့ ဆိတ်သားပြု တ်ကြော်ပူပူလေး၊ ကျောက်ဖရုံသီးဟင်းခါး၊ ငရုတ်သီးတောင့် ကြော်၊ ငါးပိကြော်၊ ပိန္နဲကွင်း၊ အဲဒါနဲ့ စားမယ်ကွာ၊ ထမင်းစားပြီး တဲ့အခါမှာလည်း အချိုပွဲမှာ နွားနို့သောက်မယ်၊ ဆီထမင်းပါရင် ပိုကောင်းသေးတယ်” ဟု ပြောလေတော့၏။ “ဒီမှာ ကိုပီတာ ကြီး ခင်ဗျားပြောတာတွေ ကျုပ်တော့နားမလည်ဘူး၊ ဒါပေမဲ့ ခင်ဗျားက ဧည့်သည်၊ကျုပ်ကအိမ်ရှင် ခင်ဗျား စားချင်တာတွေ ချက်ကျွေးပါမယ်ဗျာ၊ ခင်ဗျားဟာခင်ဗျား ပူချင်ပူ၊ အေးချင်အေး စားပေတော့၊ တစ်ခုတော့ ပြောချင်တယ်ဗျာ၊ နောက်နောင် လာရင် ရိုးရိုးစားစမ်းပါ၊ ဓာတ်စာလိုလို ဘာလိုလို မလုပ်စမ်းပါနဲ့၊ ချက်ရတာ ဦးနှောက်ခြောက်လွန်းလို့ပါ” ဟု ကျွန်ုပ်ကပြောလိုက်ရာ ကိုပီတာကြီးက.. “ကိုယ်လူကတော့ ကိုယ့်လို အစားအသောက် မဆင်ခြင်တာနဲ့ ဒုက္ခရောက်ဥိးမယ်နော်၊ အစာလည်း ဆေး၊ ဆေးလည်းအစာ၊ ကိုပီတာကြီးပြောတာမှတ်ထား..” ဟု ပြောလေ၏။
ကျွန်ုပ်သည် ကိုပီတာကြီးအားထမင်းကျွေးရန်အတွက် ဈေးသို့ပြေးရလေ၏။ ထို့နောက်ဆိတ်သားကို ပြုတ်ကြော်ကျွတ်ကျွတ်ကလေး လုပ်ပေးရ၏။ ငရုတ်ကောင်းနိုင်နိုင်နှင့် ကျောက်ဖရုံသီးဟင်းခါးလုပ်ပေးရ၏။ ငါးပိကြော်ပေးရ၏။ ပိန္နဲကွင်းများ လှီး၍ပေးရ၏။ ဆီထမင်း ထိုးရ၏။ ကိုပီတာကြီး သည် ကွှန်ုပ်ချက်ပြုတ်ကျွေးမွေးသော ထမင်းဟင်းလျာများ သို့မဟုတ် ၎င်းပြောသည့် ဓာတ်စာများကို မြိန်ရှက်စွာ စားသောက်လေ၏။
ထိုအချိန်၌မှာပင် တစ်ခါက ကျွန်ုပ်နှင့်ပတ်သက်ခဲ့ဖူးသော မိန်းမကြီး ရောက်လာပြီးလျှင်ကျွန်ုပ်ထံ၌ ငွေချေးလေ၏ ကျွန်ုပ်မှာ ကုန်ကျရန်လုပ်ငန်းများရှိသောကြောင့် မချေးနိုင်ကြောင်းပြောလျှင် ထိုမိန်းမကြီးက ကျွန်ုပ်အား စကားသုံးမျိုးဖြင့် နှိပ်စက်လေတော့၏။ ပထမအမျိုးမှာ ငေါ့၍ပြောသော စကားများဖြစ်၏။ ဒုတိယပြောသော စကားများမှာ ထေ့၍ပြောသော စကားများဖြစ်၏။ တတိယအမျိုးမှာ တိုက်ခိုက်သော စကားများဖြစ်၏။ ကျွန်ုပ်သည် ထိုမိန်းမကြီး၏ ငေါ့၊ ထေ့၊ တိုက် သုံးမျိုး ကို အလူးအလဲ ခံလိုက်ရပြီးနောက် မောဟိုက်၍သွားလေတော့၏။
ထို့နောက် များမကြာမီအချိ်န်၌ ရောင်ပြန်မဂ္ဂဇင်းမှ အယ်ဒီ တာချုပ်မောင်မောင်မြင့်အေး ရောက်လာလေ၏။ သူသည် ကျွန်ုပ်ကိုတွေ့လျှင်တွေ့ချင်း.. “ ဝမ်းသာပေတော့ ဆရာကြိးရေ မနက်ဖြန် (၈) နာရီကို စာပေစိစစ်ရေးရုံးကို အရောက်သွားရမယ်၊ ထုတ်ဝေခွင့် ထုတ်ပေးလိမ့်မယ်၊ ပေးတဲ့ထုတ်ဝေခွင့်က သိပ်ပြီးအဖိုးတန်တယ်၊ ဂျင်နရယ်လ်လို့ခေါ်တယ်” ဟု ပြောလေ၏။ ကျွန်ုပ်လည်း လွန်စွာဝမ်းသာ၍ သွားလေ၏။ “ဝမ်းသာလိုက် တာကွာ၊ အဲဒီဆရာတွေကို ကျေးဇူးလည်းတင်ပါတယ်ကွာ” ဟု ကျွန်ုပ်က အားရဝမ်းသာပြောလိုက်လေ၏။
ထိုအခါ ထမင်း စားနေသော ကိုပီတာကြိးက.. ဘယ်လိုလဲ.. ကိုယ့်လူရဲ့၊ မိန်းမကြိးလာတုန်းကတော့ စိတ်တွေညစ်လို့၊ ခု ဒီဆရာရောက်လာ တော့ ပျော်လိုက်တာမပြောနဲ့တော့၊ ကိုရင့် မု(ဒ်)တွေကလည်း အပြောင်းအလဲ မြန်လှချည့်လား” ဟု မချိုမချဉ်မျက်နှာနှင့် ပြောလေ၏။ “ ဟုတ်ပါရဲ့ဗျာ၊ ကိုပီတာကြီးပြောမယ်ဆိုလည်း ပြောစရာပဲ၊ တစ်နေ့တစ်နေ့ စိတ်ညစ်စရာတွေ တစ်ပုံတစ်ခေါင်း ကြီး ရောက်လာတယ်၊ အဲဒီလိုပဲပျော်စရာတွေလည်း ပါလာတယ်ဗျာ..” ဟု ကျွန်ုပ်က ခပ်ညည်းညည်းလေး ပြောလိုက်မိလေ ၏။
“မင်းကို ငါ ပုံလေးတစ်ပုံပြောပြမယ်ကွ၊ ဟိုရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးရှိတယ်၊ အဲဒီဘုရင်ရဲ့တိုင်းပြည်ကို တခြားအင်အားကြီးတဲ့ တိုင်းပြည်က ဘုရင်တွေက တိုက်ခိုက်ဖို့ ကြံစည်နေတယ်၊ အဲဒီမှာ ဘုရင်ကြီးဟာ စိတ်ညစ်ရတော့တာပေါ့ကွာ။ အဲဒီတော့ သူနဲ့ရင်းနှီးတဲ့ ရသေ့ကြီးဆီမှာ အဆောင်ကလေးတစ်ခု သွားပြီးတောင်းတယ်၊ သူတောင်းတဲ့အဆောင်က စိတ်ညစ်စရာတွေနဲ့ ကြုံရင်လည်း စိတ်မညစ်ရဘဲ ပြေပျောက်သွားရမယ်တဲ့၊ ပျော်စရာနဲ့ ကြုံရင်လည်း အရမ်းမပျော်ဘဲ တည်တည်ငြိမ်ငြိမ်ဖြစ်သွားရမယ်တဲ့၊ အဲဒီလိုအစွမ်းထက်တဲ့အဆာင်ကလေးတစ်ခုပေးပါလို့တောင်းတယ်၊
အဲဒီတော့ ရသေကြီးက ကျောက်အနက်ကလေးနဲ့ ကွင်းထားတဲ့ လက်စွပ်ကလေးတစ်ကွင်း လုပ်ပေးလိုက်တယ်၊ လက်မှာဝတ်ထားဖို့ လည်း မှာလိုက်တယ်၊ ပြီးတော့ စိတ်ညစ်စရာကြုံတဲ့အခါမှာ ဒီလက်စွပ်ကျောက်ကို စိုက်ပြီးကြည့်လိုက်တဲ့၊ ကြည့်တဲ့အခါမှာ အလင်းရောင်မှာ မကြည့်နဲ့တဲ့၊ ကျောက်က အလင်းပြန်တော့ ဘာမှတွေ့ရမှာ မဟုတ်ဘူးတဲ့ အမှောင်ရှိတဲ့နေရာမှာကြည့်တဲ့၊ သိပ်ပြီးပျော်လာတဲ့အခါမျိူးမှာလည်း အဲဒီလိုပဲ လက်စွပ်ကလေးကို ကြည့်ပါတဲ့၊ အဲဒီအခါမှာ ဘုရင်ကြီးဟာ သူလိုချင်တဲ့ အဆောင်လက်စွပ်ကလေးရတဲ့အတွက် အလွန်ပဲ ဝမ်းသာသွားတယ်၊
အဲဒီလက်စွပ်ကလေးရပြီ။ သိပ်ပြီးမကြာပါဘူး၊ အခြား တိုင်းပြည်က ဘုရင်တွေရဲ့ ခြိမ်းခြောက်မှုဟာ ပိုပြီးပြင်းထန်လာတဲ့အတွက် ဘုရင်ကြီးဟာ အတော့်ကို စိတ်ညစ်သွားတယ်၊ တုန်လည်း တုန်လှုပ်သွားရှာတယ်၊ အဲဒီအခါမှာ ဘုရင်ကြီးဟာ မှောင်ရိပ်ရှိတဲ့ ကျောက်တောင်လေးနားကိုကပ်သွားပြီး လက် စွပ်ကျောက်ကို စိုက်ပြီးကြည့်လိုက်တယ်၊ ရသေ့ကြီးက အဲဒီကျောက်ထဲမှာ စာထွင်းပြီး ထည့်ထားတာ မှောင်ရိပ်ခိုပြီးဘုရင် ကြီးဟာ အဲဒီကျောက်နက်ကလေးကို စိုက်ကြည့်လိုက်တဲ့အခါမှာ ကျောက်နက်ကလေး ထဲကစာကို ကောင်းကောင်းကြီး ဖတ် လိုရသွားတယ်၊
ဖတ်မိတာနဲ့ တစ်ပြိုက်နက် စိတ်ညစ်တာတွေ၊ ထိတ်လန့်တာတွေ၊ စိုးရိမ်တာတွေ လုံးဝလွင့်ပျောက်သွားတယ် အဲဒီကျောက်နက်ထဲကစာက ဘာလဲဆိုရင် “ ပြီးသွားမှာပါ” ဆိုတဲ့ စာပဲ၊ ဆိုလိုတာကတော့ စိတ်ညစ်မနေပါနဲ့၊ သူ့ဘာသာသူ ပြီးသွားမှာပါတဲ့” ဟု ကိုပီတာကြီးက စိတ်ရှည်လက်ရှည် ပြောပြလိုက်လေ၏။ ကျွန်ုပ်လည်း ၎င်း၏ပုံပြင်ကို လွန်စွာသဘော ကျသွား၏။ စောစောက မိန်းမကြီးရောလာပြီး ဒုက္ခပေးသောကြောင့် စိတ်ညစ်ရခြင်းများသည်လည်း ယခုအခါ၌ “ပြီးသွားပါပြီ” ထို့ကြောင့် “ပြီးသွားမှာပါ” ဆိုသော စာကလေးသည် ကိစ္စတိုင်းအတွက် သက်သာခွင့်ရရုံမျှမက စိတ်ဒုက္ခရောက်မှလည်း လွတ်မြောက်စေနိုင်သည်ဆိုသည်ကို ကျွန်ုပ် ကောင်းစွာသဘောပေါက်သွားလေ၏။
ထို့ကြောင့် ကျွန်ုပ်က.. “ဟုတ်ပါ့.. ကိုပီတာကြီးရယ်၊ ဘာတွေပဲဖြစ်ဖြစ် ပြီးသွားမှာပါ၊ သိပ်ပြီးကောင်းတယ်ဗျာ..” ဟု ကျွန်ုပ်ကပြောလိုက်လျှင် ကိုပီတာကြီးက ကျွန်ုပ်၏ကျောကုန်းကို ဘုန်းကနဲ့ ထု၍.. “မင်းက ငါ့ကို ဓာတ်စာကျွေးတယ်၊ ငါက မင်းကို “ပြီးသွားမှာပါ” ဆိုတဲ့ စကားလေး လက်ဆောင်ပေးခဲ့တယ် ကိုယ့်လူရေ..” ဟု ဆိုကာ လွတ်လပ်ပေါ့ပါးသော ခြေလှမ်းများဖြင့် ခြံတွင်းမှ ထွက်သွားလေတော့သတည်း။
17 comments
ကိုရင်စည်သူ
January 11, 2012 at 1:25 pm
တိုင်းရင်းဆေးသမားတော်ကိုရင်ထက်ဝေရေ… ကျနော်တို့ ဗေဒင်ပညာမှာလည်း
ကျန်းမာရေးအညံ့နဲ့တွေ့ရင် တွက်ချက်ပြီး မေးသူကို ဓါတ်စာကျွေးပြီး ကျန်းမာရေး
ကောင်းစေရန်လမ်းညွှန်ရတယ်ဗျာ…
တိုင်းရင်းဆေးနဲ့ ကျနော်တို့ဗေဒင်ပညာ ဆက်စပ်မှုရှိပုံလေးပေါ့ဗျာ..။
ကိုရင်ရေ… အစားလည်းဆေး၊ ဆေးလည်းအစာပေါ့နော်…။
ကိုရင်စည်ကို ကွန့်မန့်ဓါတ်စာတွေကျွေးနေကြတဲ့ ရောင်းရင်းတို့ရေ… ကျနော်ကလည်း
“ပြီးသွားမှာပါ” ဆိုတဲ့ စကားလက်ဆောင်ပေးတယ် ကိုရင်တို့ရေ… 😎 😎
ငပေါက်ဖော်
January 11, 2012 at 2:00 pm
ဦးဘဇင်းကလဲ ပြီးသွားပါပြီဆိုပြီး လက်ဆောင်ပြန်ပေးပါတယ် ကိုရင်ရဲ့..
အတိုင်းတာလေးတစ်ခုပါပဲ..
နောက်တော့လဲ ပြီးတွားကြတာပါပဲကွယ်
htet way
January 11, 2012 at 2:11 pm
နမိတ်ပေးပြီးထက်ဝေလိုက်တာလားဆရာ
ကျွှန်တော်ဆေးကုတဲ့ အမည်က ဆရာထက်ပါ မဟာလက်နဲ့
ဆေးပေးချင်တာပါဆရာ ။ဓါတ်စာကို တိုင်းရင်းဆေးက ပေးပါတယ် ဒီလိုပဲတွက်ချက်ပေးရ
တာပါလေ။ဆရာကိုရင် ထံမှာတပည့်ခံစရာတွေရှိပါတယ်။နဝင်းပညာပါ။
ဆရာသင်ပေးမယ်လို့ လည်းထင်ပါတယ်။ပညာကို သေရွာထိယူမသွားကြေးပေါ့ဗျာ။
အော် ဒါထက် ကိုရင် စည်သူဟိုနေ့ကမတွေ့လို့ ကို ဖက်တီးကိုတောင် မေးရပါသေးတယ်
ကျွှန်တော်တို့ ကိုရှောင်သွားတာလား။ကိုရင် ကို ဗေဒင်မေးလွန်းလို့လားဗျာ။
တိုင်းရင်းဆေးပညာမှာတော့ ပုဂ္ဂလပညတ်ပေါ့ဆရာ တကယ်လည်းနက်နဲ ထိရောက်ပါပေတယ်။
ဆရာကိုလည်းလေးစားပါတယ်
ကိုရင်စည်သူ
January 11, 2012 at 2:30 pm
ဆရာထက်ဝေရေ… နဝင်းနဲ့ ပတ်သက်တာကို ကျနော် အလုံးစုံ
ဂေဇက်ထဲမှာ ပညာကုန်ချရေးပေးပါ့မယ်… သေရွာအထိတော့
ဘယ်အရာမှာ မယူချင်တော့ပါဘူးဗျာ… ဟိုနေ့ကမလာဖြစ်တာ
ကျနော် အလုပ်များနေလို့ပါဗျာ.. ဂျန့်လေးတွေများနေတော့
ပြီးသွားမှာပါနဲ့ လိုက်ရှင်းနေရလို့ပါ။ လူသိပ်မများတဲ့ တစ်ရက်လောက်မှ
အေးဆေးတွေ့ကြတာပေါ့နော့… ကျနော်က ဗေဒင်ပညာကို ပါးစပ်နဲ့
သိပ်ချမပြောတတ်ဘူး…။ စာတစ်တန်ပေးတတန်လေး ရေးလိုက်ရမှ
စိတ်ထဲတော်တော်နေရာကျသွားတာဗျ…
အိုင်ဆေးကိုရင်ထက်ဝေကိုလည်း လေးစားပါတယ်ဗျာ..
windtalker
January 11, 2012 at 2:27 pm
ပြီးတော့လည်း ပြီးတာပါဘဲ မလား ကရင်ရေ..
သဗ်ဗေသတ်တာ ကမ်မတကာ ပါကလား
Phaung Phaung
January 11, 2012 at 2:30 pm
ဓါတ်စာလေးတွေမှတ်သွားတယ် .. အဖေက လေဖြန်းထားတာ 2 ခါရှိပြီ… သူ့ကိုအဲဒီအတိုင်းကျွေးရမယ်.. ကိုရင်စည်သူကတော့ ဆရာမင်းသိင်္ခရဲ့ တပည့်အရင်းကြီးထင်တယ်နော်… ဆရာမင်းသိင်္ခခြေရာနင်းနိုင်ရင်သိပ်ကောင်းမှာပဲနော်… မရမ်းတလင်းကိုတော့ တခါမှမရောက်ဖူးဘူး .. မနောမယဂျာနယ်တော့ ဖတ်ဖြစ်ပါတယ်…
ကိုရင်စည်သူ
January 11, 2012 at 2:35 pm
ကိုရင်ဖောင်းဖောင်းရေ… အားပေးတာ ကျေးဇူးနော့်..
လေဖြန်းတတ်တဲ့ ကိုရင့်အဖေကို ဓါတ်စာသဘောမျိုးနဲ့
အစားအသောက် ရွေးကျွေးမယ်ဆိုရင် နောက်ဖြစ်နိုင်တော့မယ်
ကျနော်မထင်ပါဘူးဗျာ.. (စိတ်ထင်ပေါ့လေ)
ကျနော်တို့ အဘခြေရာနင်းနိုင်ဖို့ ရွှေငါးအဆင့် တပည့်ဖြစ်မှသာ
လှမ်းနိုင်မယ်ထင်ပါတယ်ဗျာ… ကျနော်ကတော့ လောလောဆယ်
ဝမ်းရေးနဲ့ အခြားအရေးမျိုးစုံကျောင်းနေရတဲ့အတွက် အဘရဲ့
အထွေးဆုံးတပည့် ရွှေလိပ်အဆင့်သာရှိကြောင်းပါ။ 😳 😳
Phaung Phaung
January 11, 2012 at 2:35 pm
(၁) ဖြစ်စေ၊ (၃) ဖြစ်စေ၊ (၆) ဖြစ်စေကြွင်းရင် အပူသက်ရောက်လို့ဆိုတယ်၊ (၂) ဖြစ်စေ၊ (၀) ဖြစ်စေ၊ (၄)ဖြစ်စေ (၅) ဖြစ်စေကြွင်း ရင် အအေးသက်ရောက်လို့ခေါ်တယ်ကွ
အအေးသက်ရောက်ရင် ဘာစားရမလဲ ????
အပူသက်ရောက်ရင် ဘာစားရမှာလဲ ????? ပြောပြပေးပါဦး
manawphyulay
January 11, 2012 at 3:04 pm
ပျောက်နေပါလား မှတ်တယ်။ ဆိတ်သားကြော် ပူပူလေး သွားကြော်နေတာကိုး။ ကျောက်ဖရုံသီးတော့ ကြိုက်ဘူး။ ဆိတ်သားကြော်ပဲ စားတော့မယ်နော်။ ဒီပြင်ဓာတ်စာတွေလည်း ညွှန်ပါဦး။
amatmin
January 11, 2012 at 3:27 pm
ကိုရင်မိုးတိမ်စည်သူ ရေ..
ဓါတ်စာထက် ကိုရင်ရဲ့ ရာသီစာ စကားလေးကိုပိုကြိုက်တယ်..
ခင်ဗျား ပို့စ်ကိုဖတ်ပြီးကိုယ်တိုင်ညစ်နေတာလေးတွေ နည်းနည်းတော့ လျော့သွားတယ်ဗျ.
ဟုတ်ပါတယ်.မပြီးခင်အတော်ညစ်ရပေမဲ့ ပြီးတော့လည်းပြီးသွားတာပါပဲ နော့…
နဝင်းအကြောင်းကိုလည်း ရေးမယ်ဆို မှတ်ထားပါ့မယ်ဗျ.လုပ်သာလုပ်ပါ
ကိုရင်စည်သူ
January 12, 2012 at 5:00 pm
ကိုရင်အမတ်မင်းရေ… အကြမ်းတော့ ရေးပြီးပီ..
ဓါတ်ပုံတင်ဖို့ နည်းနည်းခက်နေလို့ဗျာ..
အပြည့်အစုံတင်ပေးပါ့မယ်..
ကျနော် ဗေဒင်နဲ့ပတ်သက်တာတွေ ရေးတာက
ရွာသူားတွေအနေနဲ့ ကိုယ့်ဘာသာကိုယ်တွက်
ကိုယ့်ဘာသာ ကိုယ် ယတြာလုပ်ဆိုတဲ့ Self-study သဘောမျိုးလေးပါ။
ဗေဒင်မေးခ မကုန်တော့ဘူးပေါ့ဗျာ… 😆
ကိုရင် စိတ်ညစ်တာနည်းနည်းလျော့သွားရင်
ကျနော် အပင်ပန်းခံ ရိုက်ရကျိုးနပ်သွားပါပြီဗျာ..
ခင်တဲ့
ကိုရင်မိုးတိမ်စည်သူ
hmee
January 11, 2012 at 3:27 pm
ဆရာကြီးရဲ့ စကား ပြီးတော့လည်း ပြီးသွားတာပဲ။ အဲ့လို စကားမျိုး တခုရှိတယ် ဖြတ်ခနဲပေါ် ဆတ်ခနဲလုပ် ဆိုတဲ့ စကား စိတ်ထဲမှာ အမြဲ မှတ်မိနေတယ်။ သူတော်စင်မလေး ပုဏ္ဍရိက ဝတ္ထုမှာ ထင်တယ်။
blackchaw
January 11, 2012 at 4:51 pm
ကိုရင်ရေ။
အခုချက်ခြင်းကိုစားချင်စိတ်ပေါက်လာပြီဗျာ။
နေ့လယ်တုန်းက ဘယ်ပျောက်သွားတာလဲဗျ။
yaungchikha
January 11, 2012 at 7:50 pm
ကိုရင်စည်သူ… ရေးတာတွေက အတော်ဖတ်လို့ကောင်းတယ်၊ ဆိတ်သားခြောက်ကြော်ကို စားချင်လာပြီ၊ ကျနော်နေတဲ့မြို့မှာက ဆိတ်သားရှားတယ်လေ…….. နွားနောက်သားတို့၊ ဝက်သားတို့၊ ဂျီသား၊ ဆတ်သားတို့တော့ရှိတယ်…….
ကိုရင်စည်သူ
January 12, 2012 at 4:57 pm
ကိုရောင်ခြည်ခ ဘယ်မြို့နေလဲ မသိဘူးနော့
ကျနော်က နွားနောက်သားနဲ့ ဂျီသား ဆတ်သား
ဘဝမှာ တစ်ခါမှ မစားဖူးဘူး…
ရန်ကုန်နဲ့ နီးရင် လာလည်ချင်ပါတယ်ခင်ဗျာ..
ကျနော်က ဗေဒင်လက်ဆောင်ပေးမယ်။
ကိုရင်ရောင်ခြည်က ဓါတ်စာ ဂျီသား၊ ဆိတ်သားကျွေးပေါ့.. 😆
htet way
January 12, 2012 at 6:10 pm
ကိုရင် စည်သူရေ
ဓါတ်စာတွေရေးနေတာလည်းရေးပေါ့ဗျာ
ဆေးပေးမီးယူလည်းရှာပေါ့ ခင်ဗျားက ဒီဘက်ကို စိတ်မသန်တော့ ကမ်းကြီးဆီ နည်းယူလေ
ကို ဘလက်ချောလည်းရှိတာပဲ။
တိုင်ပင်နှီးနောကြလေ ကျုပ်ကိုတော့ စာရင်းထဲမထည့်လေနဲ့
ဒါမျိုးမှာ ကံဆိုးထားတယ်။ ကဲ ဆရာရေ နဝင်းပညာလေးရေးပါအုံးဗျာ
ဖြစ်နိုင်ရင် ကက်ကင်းပညာပါ ရေးဗျာ
ကတ္တားရှိရာ ကံမလာရဆိုတာလေးလည်း သိချင်သေးတယ် ဆရာရေ့
yaungchikha
January 13, 2012 at 7:36 pm
ကိုရင်ရေ……… ကျနော်က ကိုရောင်ခြည်ခ မဟုတ်ပါဘူး၊ မရောင်ခြည်ခပါ၊ မန်းတလေးသူဆိုတော့ ငယ်ငယ်ကတည်းက ကျနော်လို့ပြောတာ အကျင့်ပါနေလို့ ကျမလို့ မပြောတတ်ဘူးဖြစ်သွားလို့ပါ၊ ကျမလို့ ရိုက်လိုက်မိလည်း သုံးနေကျမဟုတ်တော့ ကျနော်ပြန်ပြန်ဖြစ်သွားလို့ ပြောတတ်သလိုပဲ
ရေးဖြစ်တော့လို့ပါနော် ……………
ကျနော့် အလုပ်က ကလေးမြို့မှာဆိုတော့ အခုကျနော် ကလေးမြို့မှာရောက်နေတာပါ၊ ကိုရင် လာလည်မယ်ဆို လည်လို့ရပါတယ်၊ ဖိတ်ခေါ်ပါတယ်…………..
ကိုရင်လာရင် နွားနှောက်သား၊ ဂျီသား၊ ဆတ်သားကျွေးပါ့မယ်………..
ကျနော့်ကိုတော့ ဗေဒင်ဟောပေးပေါ့………….. 🙂