အစ္စရေး စိုက်ပျိုးရေးရွာသို့ အလည်တခေါက်…..
အစ္စရေးစိုက်ပျိုးရေးခြံတွေကို အလည်သွားတုန်းက ဓါတ်ပုံတွေ ရိုက်ရတဲ့ ရည်ရွယ်ချက်က ကျွန်မ အဖေကို ပြဖို့ အတွက် ရည်ရွယ်ပြီး ရိုက်လာတာပါ။ အဖေကလည်း တောင်သူလယ်သမားကိုး။ အဖေတို့ လုပ်ကိုင်နေတာနဲ့ ခေတ်မှီတဲ့နိုင်ငံရဲ့ လယ်ယာလုပ်ငန်းခွင် ဘယ်လိုကွာတယ် ဆိုတာရယ်၊ လယ်လုပ်နေတဲ့ လယ်သမားဆိုပေမဲ့ ဘယ်လောက် အဆင့်အတန်းမြင့်မြင့်နေနိုင်တယ် ဆိုတာကို ပြချင်တာပါ။ ကျွန်မတို့ တိုင်းပြည်လို ရေမြေအခံကောင်းကောင်း မရှိပေမဲ့ သဲမြေမှာ သဘာဝကို အန်တုပြီး အောင်မြင်အောင် ဘယ်လိုတွေ ကြိုးစားကြတယ်ဆိုတာ အဖေ့ကို ပြချင်လို့ပါ။ အဖေ့မှာ သားသမီးတွေ ပညာတတ်ဖို့အတွက် နွားနဲ့အတူ ပင်ပင်ပန်းပန်း ရုန်းကန်ခဲ့တာတွေကို သိနေလို့ သူတပါးပြည်မှာ သက်တောင့်သက်သာ ခေတ်မှီမှီစိုက်နေတာ အဖေ့ကို သိစေချင်တယ်လေ။ ဒါကြောင့် အဖေ့အတွက် ရည်ရွယ်ပြီး ရိုက်လာတဲ့ ဓါတ်ပုံတွေကို ရွာကလူတွေ ဗဟုသုတရအောင် တင်ပေးတာပါ။
ဓါတ်ပုံက သိပ်မများတာမို့ တင်ဖို့တောင် ရည်ရွယ်ချက်က မရှိဘူး။ ဒါပေမဲ့ ရွာသူားတွေ မြင်ဖူးအောင် ရှိတဲ့ပုံလေးတင်ပြီး ကျွန်မသိသလောက်လေးပဲ ပြောပြပါ့မယ်နော်။ အစ္စရေးဟာ ရေအရင်းအမြစ်ရှားပါးတဲ့ နိုင်ငံပါ။ ဧရိယာ နှစ်သောင်းကျော်မှာ ၂၀%သာ စိုက်လို့ရပါတယ်။ အဲ့သည့် ဧရိယာ တဝက်ဟာ နိုင်ငံမြောက်ပိုင်းမှာ ရှိပြီး ရေသွင်းစိုက်ပျိုးရတာပါ။ ကျန်တာကတော့ သဲဆန်တဲ့ တောင်ပိုင်း ကန္တာရမှာပါ။ အစ္စရေးဝန်ကြီးချုပ် ဘင်ဂူရီယမ် က တောင်ပိုင်းကို ခရီးထွက်တော့ သဲမြေမှာ စိုက်ပျိုးရေး လုပ်နေတဲ့ သူတွေမြင်သွားပါတယ်တဲ့။ တော်တော်ကို ပင်ပန်းကြီးစွာ လုပ်ကိုင်နေတာကို မြင်သွားတာပါ။ လယ်ယာလုပ်ကိုင်လို့ ရတဲ့ မြောက်ပိုင်းဒေသနဲ့ ကန္တာရဒေသဖြစ်တဲ့ တောင်ပိုင်းဟာ အကျယ်အဝန်းခြင်း တော်တော်ကွာပါတယ်။ ဒီတောင်ပိုင်းဒေသကလူတွေ တိုးတက်အောင် လုပ်ပေးနိုင်ရင် ငါ့နိုင်ငံချမ်းသာပြီလို့ တွေးမိတဲ့ ဝန်ကြီးချုပ်ဟာ အဲ့သည့်တောင်ပိုင်းမှာ အခြေချနေပြီး ဒေသခံတွေ တိုးတက်ဖို့ ကြိုးစားတာ အခုမျက်မြင်ပဲ ကန္တာရမှာ စိုက်ပျိုးပြီး ပတ်ဝန်းကျင်နိုင်ငံတွေကို စိုက်ပျိုးရေးထုတ်ကုန်ပို့ နိုင်တဲ့အထိပါပဲ။ အဲ့သည့်မြို့မှာ အခုထိ ဝန်ကြီးချုပ်အိမ်ရှိပါသေးတယ်။ ပြတိုက်လုပ်ထားတာမို့ လေ့လာလို့ရပါတယ်။ သာမန်လူတယောက်အိမ်လို ဘာအဆောင်အယောင်မှတောင် မရှိပါဘူး။ ကျွန်မတို့နဲ့ လွတ်လပ်ရေး ရတဲ့နှစ်ခြင်းတူတာတောင် ဘာရေမြေ သံယံဇာတမှ မရှိတဲ့ နိုင်ငံက ချမ်းသာနေတာ ချီးကြူးစရာပါပဲ။ ယုတ်စွအဆုံး မြစ်ချောင်း တချောင်းတောင် မရှိဘူး ကျန်တာတော့ မပြောပါနဲ့။ ဒီလို ရေချိုတောင် ပေါပေါမရှိတဲ့နိုင်ငံ မိုးဆိုတာမရွာသလောက်နိုင်ငံက သဲမြေမှာ ဂျုံရအောင်စိုက်တယ်၊ ရေချိုငါး ရအောင်မွေးပါတယ်။
ကျွန်မတို့ ပထမဆုံးစသွားတာက ဌက်ပျောခြံကိုပါ။ ဌက်ပျောပင်တွေ မြင်မြင်ခြင်း အရမ်းအံ့ဩသွားတာပေါ့။ သူတို့ကို ခြင်ထောင်ထောင်ထားတယ်လေ။ ကျွန်မတို့ ရွာမှာဆို ဌက်ပျောဆိုတာ ယုယစရာမလိုတဲ့အပင် အဖြစ်သိထားတာကိုး။ ကျွန်မလည်း စပ်စပ်စုစု ဌက်ပျောခြံထဲဝင်ပြီး ဓါတ်ပုံတွေရိုက်ပေါ့။ ဌက်ပျောပင်ရဲ့ အောက်ခြေတိုင်းမှာ ရေပိုက်လေးတွေကို အတန်းလိုက် သွယ်တန်းထားပါတယ်။ လိုက်ပို့တဲ့ မောင်လေးကို မေးကြည့်တော့ သူက ရှင်းပြပါတယ်။ အပြင်ဘက်က ရေစင်လိုဟာမျိုးကို လက်ညှိုးထိုးပြပြီး အဲ့ထဲမှာ ရေနဲ့ လိုအပ်တဲ့ အစာအဟာရ ရောဂါကာကွယ်ဆေးတွေကို စပ်ပြီး လိုသလောက် ကွန်ပြူတာနဲ့ တွက်ချက်ပြီး အတိအကျပေးတာပါတဲ့။ ဌက်ပျောပင် အပင်ခြေရင်းက အမှုန်တွေက ဘာလဲ ထပ်စပ်စုတော့ ဌက်ပျော်ခိုင် ခုတ်လို့ ကျန်ခဲ့တဲ့ ဌက်ပျောခိုင်အတွင်းက အပိုအသားကို စက်နဲ့ကျိတ်ပြီး ပြန်ပုံတာတဲ့။ ရေရှားတဲ့အတွက် အဲ့က ထွက်တဲ့ရေကို အလဟသ မဖြစ်အောင်ပါတဲ့ရှင်။ အဆာနဲ့ရေကို လိုသလောက် ကွန်ပြူတာက တွက်ချက်ပြီးပေးတာမို့ ဌက်ပျောတခိုင်ကို ကီလို၇ဝတောင် ရှိပါတယ်တဲ့။ အားလုံးကို စက်နဲ့ပဲလုပ်တာမို့ လူအားနဲ့ လုပ်တာဆို ဌက်ပျောခိုင် ခုတ်တာပဲ ရှိပါတယ်တဲ့။
ဌက်ပျော်ခြံကို ဓါတ်ပုံရိုက်ပြီးတော့ ငရုတ်ခင်းတွေပါရိုက်ပေါ့။ ငရုပ်ခင်းက အသီးတုံးချိန်မို့ အခင်းဖျက်ခါနီး ရိုက်လာရတာ အသီးတော့ သိပ်မရှိတော့ဘူး။ အပြန်လမ်းက မုန်လာဥနီခင်းကိုပါ ဆင်းးပြီးရိုက်လိုက်သေးတယ်။ မုန်လာဥနီခင်းထဲမှာ မြက်ခင်းဖြန်းတဲ့ပိုက်လိုမျိုး ပိုက်တွေတခင်းလုံးအပြည့်ပါပဲ။ နောက်တနေရာ ရောက်တော့ ရေဖြန်းနေတာ တွေ့လို့ ဓါတ်ပုံဆင်းရိုက်လိုက်သေးတယ်။ ကွန်ပြူတာနဲ့ ထိန်းပြီးဖြန်းတာဆိုပဲ။ မြောက်ပိုင်းမှာလည်း ဂျုံခင်းရေဖြန်းတဲ့စက်ကို ကားပေါ်ကနေတွေ့ခဲ့ပါသေးတယ်။ အဝေးပြေးလမ်းမို့ ကားကရပ်မရ ကားပေါ်ကရိုက်ဖို့ကလည်းဝေးလွန်းလို့ အကြိမ်ကြိမ်စိတ်လျှော့ခဲ့ရတယ်။ ထယ်ထိုးစက် ကားဘီးလိုဘီးကြီး နှစ်လုံးတတွဲ ဆယ်ခုလောက်ကို အတန်းလိုက်ဆင်ထားတာပါ။ အပေါ်မှာ ရေပိုက်တွေ ဆင်ထားပြီး ဂျုံခင်း ဟိုဘက်အစကနေ ဒီဘက်အခင်းအစပ်ထိ လူးလာခေါက်တုန့် ရေဖြန်းတာပါ။ အခင်းအပြည့် အရှည်ကြီးပါ။ လူကတော့ အိမ်ထဲကနေ ကွန်ပြူတာနဲ့ ထိမ်းသတဲ့။ တိုးတက်တာတွေများ ပြောမကုန်ပါပဲ။ တောင်ဘက်ပိုင်း ကန္တာရကို ခရီးထွက်တော့ သဲသောင်တောင်ကုန်းတွေကြား ဖြူဖြူပြင်ကျယ်ကြီးတွေတွေ့တော့ အဝေးကနေ ရေကန်လေလားပေါ့။ အနားရောက်မှ ဂရင်းဟောက်ခေါ်တဲ့ စိုက်ပျိုးခြံတွေမှန်းသိတယ်။ သဲပြင်မှာ ပန်းပင်ရအောင်စိုက်သူတွေမို့ မချီးကြူးပဲ မနေနိုင်ပါ။ ပန်းတွေများ အရောင်စုံအသွေးစုံ။ တကယ့်ကို ကန္တာရကို အောင်နိုင်သူတွေပါ။ ကျွန်မသွာခဲ့တဲ့ ရွာကပုံတွေနဲ့ အခင်းပုံတွေ ဗဟုသုတဖြန့်ဝေတဲ့ အနေနဲ့ တင်လိုက်ပါတယ်နော်။
44 comments
ဦးဦးပါလေရာ
January 14, 2012 at 11:59 pm
အဲဒါကို အံ့ဩတာ။
သဲကန္တာရထဲက လူတွေကများ သမိုင်းဦးကတည်းက အပင်စိုက်စားလာတဲ့ ကျုပ်တို့လိုနိုင်ငံတွေကို စိုက်ပျိုးရေးပညာ ပြန်သင်ပေးရတယ်လို့…။
လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်ကတည်းက ညောင်နှစ်ပင်မှာ ဂရင်းဟောက်စ်အတွဲလိုက်တွေ လုပ်ပြီး အစ္စရေး ပညာရှင်နှစ်ဦး လာလုပ်ပေး/သင်ပေးပါတယ်။ သွားကြည့်ဘူးပါတယ်။ အဲဒီခေတ်ကတည်းက တွက်ခြေကိုက်အောင် လုပ်နိုင်ပါတယ်။
အပူချိန်နဲ့ အလင်းရောင်ကို လိုသလိုထိန်း၊ ရေနဲ့ မြေဩဇာကို အချိုးကျစပ်ပြီး အစက်ချပေး၊ ပြန်ထွက်လာတဲ့ရေကို ပြန်စု ဓါတ်ခွဲစမ်းသပ်ပြီး အပင်တွေရဲ့စုပ်ယူအားကို ကွန်ပျူတာထဲထည့်တွက်။ အဲသလို ခေတ်မီ စံနစ်ကျပါတယ်။ ထွက်လာတဲ့သီးနှံက ပိုးသတ်ဆေးမပါ၊ မသင့်တော်တဲ့ ဓါတုမြေဩဇာနဲ့ ဟိုမုန်းတွေမပါ ၊ ဓါတုမြေဩဇာနဲ့ ဟိုမုန်းဓါတ်ကြွင်းမပါတာမို့ ထိပ်တန်း နံပါတ်တစ် အရည်အသွေးကိုရပါတယ်။
ခက်တာက အခုထိ အဲဒီနည်းပညာ မပြန့်ပွားပါဘူး။
ဘယ်ပြန့်ပွားမလဲ ။ ဖြန့်မှ မဖြန့်ဖြူးတာ။
hmee
January 15, 2012 at 2:33 pm
ဦးပါလေရာရေ အဲ့သည့်နည်းကို ဒရစ်သွင်းနည်းလို့ ပြောတာကြားဖူးပါတယ်။ သူတို့က အဲ့သည့်နည်းကို မဖြန့်ဖြူးတာ ဟုတ်ပါတယ်။ ဒီနိုင်ငံမှာ ဗမာ၊ ဖိလစ်ပိုင်၊ထိုင်းက စိုက်ပျိုးရေးသင်တန်းလာတက်သူတွေရှိပါတယ်။ ကျန်တာတွေသာ သင်ပေးတာ အဆာနဲ့ရေ၊ ဆေး အချိုးကျစပ်တာတော့ မပြဖူးတဲ့။ ထိပ်တန်းနည်းမို့ လှို့ဝှက်ထားတယ်ထင့်ပါ့။ တခါက စိုက်ပျိုးရေးပြပွဲကို ရောက်သွားပါတယ် စက်ကိရိယာတွေ ပြထားတာမှ အစုံပဲ။ တခုတော့ စိတ်ဝင်စားလို့ မေးကြည့်တော့ ဖုန်းနဲ့ ချိပ်စပ်ထားတာတဲ့ စိုက်ခင်းထဲက မြေမှာရေအစိုဓါတ် ဘယ်လောက်ရှိလဲ ဖုန်းထဲကနေ ကြည့်လို့ရသတဲ့။ တခြားနေရာကို ခရီးလွန်နေလို့ စိုက်ခင်းက ရေလိုပြီဆို အချက်ပြသတဲ့။ အဲ့သည့်အခါ ဖုန်းနဲ့ပဲ ကွန်ထရိုးလုပ်ပြီး အဝေးကနေ ရေပေးလို့ရအောင်စီစဉ်ထားတာပါတဲ့။ တိုးတက်တာများ ကျွန်မတို့ဆီမှာဆို ကျွဲပခုံးထအောင်ရေထမ်းလောင်းရတယ် သူတို့မှာတော့ အဝေးကတောင်ထိန်းနေတယ် ကွာချက်များတော့ ပြောမကုန်ပါပဲ။
pooch
January 15, 2012 at 12:22 am
မမှီရေ တကယ်အားကျစရာကောင်းပါတယ်.. ကျမတို့ဆီမှာတော့ မြေပေါ် မြေအောက် သယံဇာတတွေ ပေါကြွယ်လို့များ အဆိပ်သင့်ကုန်သလား မသိပါဘူးနော်…..
ကိုယ့်ထက်နောက်ကျမှ လွတ်လပ်ရေးရတဲ့ ဒေသတွင်းကတိုင်းပြည် ၊ ကိုယ်ပိုင်စာမရှိလို့ သူများစာ ကိုယ့်စာယူရေးရတဲ့ တိုင်းပြည်တွေ ၊ ဘာမှ မရှိတဲံ ကန ္တရတိုင်းပြည်တွေထက်တောင် အောက်ကျနောက်ကျနိုင်နေရတဲ့ အဖြစ်ကနေ ထိုးထွက်သင့်နေပါပြီ
တိုးတက်သင့် တိုးတက်နိုင်ခြေရှိပါလျက်နဲ့ တောင်သူဦးကြီးများ နွားနဲ့ဖက်ရုန်းနေရတုန်း … နွံထဲမှာနစ်နေဆဲ ရှိပါသေးတယ်….
နည်းပညာ အကူအညီ ၊ စက်ကိရိယာ အကူအညီ ၊ ငွေကြေး အကူအညီ၊ သူတို့ ဖြစ်ချင်တဲ့ ဆန္ဒ၊ ထိုက်သင့်တဲ့ ခံစားခွင့်တွေ ဘယ်တော့ အကောင်အထည်ဖော်ခွင့်ရမလဲ လို့ မျှော်နေကြတုန်းပဲ ရှိပါသေးတယ် 🙁
hmee
January 15, 2012 at 2:42 pm
နည်းပညာအကူအညီအကြောင်း သင်တန်းသားမောင်လေးတယောက်က ပြောဖူးတယ်။ ဒီမှာက တခုခု အစိုးရက စမ်းသပ်ပြီးလို့ အောင်မြင်တယ်ဆို လယ်သမားတွေကို လိုအပ်သမျှစာရိတ်ပေးပြီး စိုက်ခိုင်းသတဲ့ လိုအပ်တာ သင်ပြပေါ့။ တကယ်လက်တွေ့ အထွက်တိုးတယ် ကောင်းတာ မှန်တယ်ဆိုတာ လက်တွေ့မြင်တော့ နောက်တခါ အဲ့နည်းအတိုင်း ယုံယုံကြည်ကြည်လိုက်လုပ်နိုင်တယ်တဲ့လေ။ မမှီတို့ဆီမှာက အထွက်တိုးတာမှန်ပေမဲ့ လက်တွေ့ အကုန်ခံပြီး စိုက်မပြနိုင်တော့ မသုံပြနိုင်တော့ လယ်သမားကလည်း မရင်းရဲကြဘူး။ စိုက်ပျိုးရေးသမားကလည်း ကိုယ့်ငွေကိုယ်အကုန်ခံပြီး လုပ်မပြနိုင်တော့ လေနဲ့ပဲ ဘယ်လောက်ပြောပြော လယ်သမားက လိုက်မလုပ်။ ဒါနဲ့ပဲ ရှေးရိုးကြီးတွေနဲ့ တိုးတက်သင့်သလောက် မတိုးတက်တာထင်တာပဲ။ ဒီမှာက လယ်သမားတွေကမှ တကယ့်သူဌေးတွေ။
Khin Latt
January 15, 2012 at 5:26 am
မှီရေ- အားကျစရာ၊ အတုယူစရာ ပုံတွေပါဘဲ။
တကယ်တော့ ကျွန်မတို့ လူမျိုးတွေ ဟာ မညံ့ပါဘူး။
ဥပမာ ဆိုရင်ကိုဘဲ မှီ့အဖေကို ကြည့်ပါလား။ သားသမီး တွေ ပညာတတ်ဖို့ ပံ့ပိုးပေးနိုင်တဲ့ သူ့ရဲ့ ဇွဲ၊ လုံ့လ၊ ဝိရီယ နဲ့ ဉာဏ်စွမ်း က ဘယ်လောက် ထက်ခဲ့လဲ။
ဒါမျိုး လူတွေကို နည်းပညာတွေ နဲ့ ပံ့ပိုးပေးလိုက်တာနဲ့ တိုင်းပြည်ပါ အကျိုးရှိမှာ။
ဦးဦးပါလေရာ မန့်သလို ဒီလို မဖြန့်ဖြူး ဘဲ ပျောက်သွားတဲ့ နည်းပညာ တွေ၊ ချောင်ထိုးထား ခံရတဲ့ ပညာရှင်တွေ၊ အမှန်တရား အတွက် ရပ်ရင်း ကြိုးတုတ်ခံရသူတွေ၊ ကိုယ်စွမ်းကိုယ်စ ရှိပါရက်နဲ့ ကောင်းရာမှာ အသုံးမချခံ ရတဲ့ လူငယ်လေးတွေ ရေတွက်လို့ ကုန်မယ် မထင်ဘူး။
အာခိမိဒိ စည်းမျဉ်း လို ဆိုရင်တော့ အဲဒီ အပြင်ကို လျှံကျသွားတဲ့ နေရာမှာ မဟုတ်တဲ့ နည်းပညာတွေ၊ အသုံးမကျတဲ့ ဟန်ပြ လေသမားတွေ၊ တစ်ကိုယ်ကောင်း စိတ်ဘဲ ရှိသူတွေ၊ အချောင်ခို အလွယ်နည်း လိုက်ဖို့ ဘဲ စိတ်မှာ ရှိတဲ့ လူငယ်လေးတွေ ………
hmee
January 15, 2012 at 2:45 pm
မခင်လတ်ရေ အဓိကကတော့ အစိုးရက နည်းပညာ မပန့်ပိုးနိုင်တာ ပါတာပေါ့။ ရေမြေပိုကောင်းတဲ့ ကျွန်မတို့ပြည်က အများကြီးသာတယ်။ သူတို့ရဲ့ တဝက်သာ ပန့်ပိုးနိုင်ရင်ကို တိုးတက်တာ ကြပေါ့။
Foreign Resident
January 15, 2012 at 7:00 am
သူတို့ဆီက ရွာထဲက အိမ် နှင့် ရွာလမ်းမ ကလည်း 🙂
hmee
January 15, 2012 at 2:52 pm
အဘဖောရေ ရွာလို့သာဆိုတာ ကျွန်မတို့ မြို့ထက်သာတယ်။ 🙂 ရွာလည်မှာ ရွာကလူတွေ ဆွေးနွေးတိုင်ပင်ရာ ဟောရှိတယ်။ ရေကူးကန်၊ ကစားကွင်း၊ တိရိစ္ဆာန်ရုံအသေးစား၊ တင်းနစ်ကွင်း၊ ဘောလုံးကွင်း၊ အားကစားကျင့်ဖို့ရာ ပစ္စည်းအစုံ တော်တော်ကို အဆင့်အတန်း မြင့်မြင့်ပါ။ ကျွန်မတို့ဆီမှာ ဆာ့ဖ်၊ လင်ကရူဆာ၊ ဒဘယ်ကပ်တွေကို မြို့မှာ အလှစီးနေတယ်။ ဒီမှာတော့ လယ်ကွင်း ယာကွင်းဘေးမှာ ရွှံအလိမ်းလိမ်း၊ ဖုန်အလိမ်းလိမ်းနဲ့ အကြမ်းစီးလို့။ 🙂 မြို့ထဲမှာ စီးတာကို မတွေ့ရသလောက်။ 🙂
kai
January 15, 2012 at 7:28 am
အမှတ်မမှားရင်… ဂျူးတွေက.. ယဉ်ကျေးတဲ့မြို့ပြအနေနဲ့နေနိုင်ခဲ့တာ… နှစ် ၃၀၀ဝ မကပါဘူး..။
ဗုဒ္ဓဘုရားပွင့်တဲ့အချိန်(လွန်ခဲ့တဲ့.. နှစ် ၂၆၀၀)ထက် အများကြီးစောပါသေးတယ်…။
သူတို့က တော်တော်ကို.. လူပါးဝ(လူ့အထာသိ)နေပါပြီ..။
ဒါကြောင့်..(မည်သို့မည်ပုံလုပ်လိုက်သည်မသိ… ) ယူအက်စ်က.. အစ္စရေးကို.. တနှစ်တနှစ် ဘီလီယန်ပေါင်းများစွာ.. ပေးနေရပါတယ်..။
နှစ်တိုင်း ထောက်ပံ့ကြေး ဘလိုင်းကြီးပေးတာတင်.. ၅-၆ဘီလီယန်ရှိပါတယ်..။( မြန်မာတွေ ဂက်စ်ရောင်းငွေ..တနှစ်စာထက်မကပါဘူး..)
စုစုပေါင်း.. ဘီလီယန်ပေါင်း ၃၀၀၀( ၃ ထရီလီယန်) တောင်ရှိနေပြီဆိုပါတယ်..
http://www.rense.com/general41/trill.htm
ဆိုချင်တာက…
လူသားမျိုးနွယ်တွေရဲ့… ဆရာ့..ဆရာကြီးတွေဖြစ်ပါကြောင်း… 🙂
အတုယူစရာတွေ.. အများကြီးဖြစ်ကြောင်း…။
ဂျက်ကီချီးပေ
January 15, 2012 at 9:10 am
ဟုတ်မှာ
ဒါ့ကြောင့်ထင်တယ် မစ်စတာ ဟစ်တလား ဆော်လိုက်တာ
ကံကောင်းလို့ မျိုးမကန်းဒယ် 😀 😀 😀
windtalker
January 15, 2012 at 11:20 am
သူတို ့ဘယ်လို စိုက်ပျိုးကြသလဲ ဆိုတာ မြင်ဖူးချင်နေတာကြာဘီ
အခုမှဘဲ ပုံလေးတွေ ကို ပထမဆုံး စမြင်ဖူးရတယ်
ကျေးကျေးဘာ
မှော်ဆရာသိန်း
January 15, 2012 at 12:06 pm
တကယ့်ကို ဗဟုသုတရတဲ့ ခရီးသွားမှတ်တမ်းပဲဗျာ…
သစ်တစ်ပင်ကောင်းလို့ ငှက်တစ်သောင်းမက နားရတယ်ဆိုတာကိုလဲ
အစ္စရေးဝန်ကြီးချုပ်က လက်တွေ့ပြသွားတာလို့ထင်ပါတယ် …
တို့နိုင်ငံလဲ ဒီလို တိုးတက်စေချင်တယ် … မြေဩဇာ မရှိတဲ့နိုင်ငံတောင် ဒီလောက်ဖြစ်သွားရင်
ရတနာမြေ မှာ ဘယ်လောက်တောင် တိုးတက်လိုက်မလဲနော်..
hmee
January 15, 2012 at 2:53 pm
မောင်ပေရေ မမှီက အစက မတင်တော့ဘူးလို့ တွေးထားတာ။ မောင်ပေမေးလို့ တင်ပေးတာ။ 🙂
စိန်ပေါက်ပေါက်
January 15, 2012 at 11:25 am
သူရို ့ဆီက အပင်တွေကခြင်ထောင်နဲ ့ အိပ်သဗျား..
အံ့ဖွယ်သုတ..အံဖွယ်စိုက်ခင်း..အံ့ဖွယ် စိုက်ပျိုးရေး ပါတကား..
ရွာပြန်ပြီးသများတို ့ဘရီး၊အရီးလေးတို ့ကို ပြန်ပြောဦးမှ
hmee
January 15, 2012 at 2:55 pm
နာမည်က ပြောင်းပြန်ပြီ မျက်စေ့လည်တော့မယ်နော်။ ကိုပေါက်ဖော်ရေ ဆိုင်ကို တကယ်လာမှာနော်။ ကပေါက်ဖော်ကို ဆရာတင်ရမှာလေ။
စိန်ပေါက်ပေါက်
January 15, 2012 at 3:15 pm
ရန်ကုန်ပြန်ရောက်ရင် ပြောပါ
Unlimited account လုပ်ထားပေးလိုက်မယ်..(တစ်ပြားမှ ပေးစရာမလို)
စက်တွေစုတ်တာ..ခလေးတွေ..ဂိမ်းဆော့လို ့..နားငြီးတာ..
ကွန်နက်ရှင် မကောင်းတာလေးတော့သည်းခံပေးပေါ့ 😆
သများတို ့တောင် မြန်မာပြည်မှာမွေးလို ့.ခန္တီပါရမီ တော်တော်ကောင်းနေပြီ
ညှင်း..ညှင်း..
အာ.
အေပေးကီးဘုတ်ခလုတ်..
စာရိုက်ပြီး ပြန်ကြွမလာဘူး..
ကဲဟာ…ကဲဟာ…ဂျောင်းဂျောင်းဂျောင်း..
Moe Z
January 15, 2012 at 3:21 pm
သဂျီးရေ ဒီမှာဆဲနေတယ် Aပေးတဲ့ 😛
ကြောင်ကြီး
January 15, 2012 at 12:39 pm
အစ္စရေးတွေက ပင်လယ်ထဲက ဆားငံရေကို သဘာဝ ကျောက်တုံးကျောက်ခဲ၊ လူလုပ် ရေစစ်သံဇကာတွေနဲ့ ရေစစ်ပြီး ရေချိုအဖြစ် မြစ်ထဲကိုပြောင်းယူတယ်လို့ တခါတုန်းက တီဗွီမှာကြည့်ဖူးတယ်။
ဂျူးတွေကို ကြည့်မရသူ လူဖြူအတော်များတယ်။ ဒါပေမဲ့ သူတို့ကို တွန်းချပြီး အသစ်လူစားထိုးဖို့ ရှာမရဘူး။ ဂျူးတွေမှာ leverage ဆိုတဲ့ အရှုံးအမြတ် အတိုးအလျော့ကို သာမန်ထက် ပိုဖြစ်အောင် လုပ်နိုင်စွမ်းရှိတယ်။ ဥပမာ – ဘဏ်ချေးငွေနဲ့ လုပ်ငန်းချဲ့တာ။ ထိပ်တန်း စီးပွားရေး ဘဏ္ဍာရေး မီဒီယာလုပ်ငန်းကြီးတွေကို ချုပ်ကိုင်ထားတယ်။ အဲဒီကရတဲ့ ဝင်ငွနဲ့ တိုင်းပြည်လည်ပတ်ရတာ အဓိကမို့ သူတို့ဘယ်လောက် ဩဇာလွှမ်းသလဲ သိနိုင်တယ်။
မြန်မာပြည်မှာ ဦးနေဝင်းလက်ထက် တရုတ် ကုလား တိုင်းရင်းသား လုပ်ငန်းများကို ပြည်သူပိုင်သိမ်းတော့ အလွယ်လေး။ ခက်တာ အဲဒီလုပ်ငန်းပိုင်ရှင် မန်နေဂျာများနေရာမှာ လူစားမထိုးနိုင်ဘူး။ ပြောရရင် leverage power မရှိဘူး၊ ဘယ်လို လုပ်ယူရမှန်းလည်း မသိဘူး။ ဒါနဲ့ပဲ ပရုပ်လုံးလို လုံးပါးပါးပြီး ယနေ့အခြေအနေ ဆိုက်တယ်။
hmee
January 15, 2012 at 3:02 pm
ကိုကြောင်ရေ သူတို့ကို ဘာကြောင့်လူမုန်းများလဲဆိုတော့ အတ္တကြီးလွန်းလို့ ထင်တာပဲ။ တကယ်ကို ငါ့ဖို့ပဲ ကြည့်တဲ့လူတွေလေ။ ရန်သူတွေကြားနေရလို့ ဒီလိုဖြစ်တာပဲလား၊ ပင်ကိုယ်ကကိုယ် အဲ့လိုပဲလားတောင် မပြောတတ်တော့ဘူး။ တော်တော်ကို အမြင်ကတ်လောက်အောင် ငါ့အတွက်ပဲ သိသူတွေပါ။ တော်တာကတော့ တော်တော်ကို တော်ကြတယ်။ ဘဏ်မှာ ငွေအပ်တယ်နော် နိုင်ငံတိုင်း အတိုးရပေမဲ့ ဒီမှာမရဘူး ကိုယ့်ဆီကတောင် ဖြတ်သေး။ ငွေလေးများ တိုးမလားလို့ ဘဏ်မအပ်နဲ့ အပ်တဲ့ငွေ ပမာဏကိုလိုက်ပြီး ဖြတ်တာ။ 🙁 လတိုင်း ငွေထည့်ထားရင် သာမာန် ၁၁ရှကယ်ဖြတ်တယ်။ အပ်ငွေများရင် ပိုဖြတ်တယ်။ အသွင်းအထုတ်လုပ်တိုင်းဖြတ်တယ်။ 🙁
thit min
January 15, 2012 at 3:39 pm
ဖြစ်ရလေ မမှီရယ်။
ဒီကော်မန့်ကိုဖတ်လိုက်တော့ ပြုံးမိသွားတယ်။
“ဖြတ်” (၅) ခါပါလို့ပါ။ တော်တော်ခံစားလိုက်ရပုံပေါက်တယ်နော်။
~~~~~~~~~~~~~~~~~~~~~~
ကျနော်တို့ဒီမှာလဲ လယ်သမားက သထိန်းပါဘဲ။အထူးအခွင့်အရေးအနေနဲ့ လယ်သမားကဝင်ငွေရသော
ကိုယ်ပိုင်ကုမ္ပဏီ (သို့)ဝန်ထမ်း၊အစိုးရဝန်ထမ်း လုပ်ပြီး ဝင်ငွေ ၂ မျိုးခံစားခွင့်ရှိသတဲ့။
သာမာန်အားဖြင့်တော့ စာသင်နေတဲ့ကျောင်းဆရာ၊ကုမ္ပဏီ၊ထောင်လို့မရဘူးလေ။
ပြီးတော့ လယ်ကွင်းထဲကလမ်းက နိုင်လွန်ကတ္တရာ၊ ကျနော်သောကြာနေ့သွားရတဲ့ကျောင်းဆို မျောက်တွေတောင်
ပေါ်က ဆင်းလာတတ်လို့တဲ့ လယ်ကွင်းကို လျှပ်စစ်လွှတ်ထားတာ။
ခေတ်မှီတာများ တောထဲက မျောက်တောင် ဓာတ်လိုက်ပြီး (အဆင့်မြင့်လို့ပြောချင်လဲပြောပေါ့နော်)
သေနိုင်ခွင့်ရှိတယ်။
(^^) သစ်
hmee
January 15, 2012 at 3:57 pm
ဟုတ်တယ် ကိုသစ်မင်းရေ။ အိမ်လခ ပေးလည်း ဘဏ်က သွားရတယ်။ တခါပေး ဘဏ်က ၁၁ရှကယ် ဖြတ်တယ်။ ဒါနဲ့ သက်သာမလားလို့ ၆လစာ တခါတည်း သွားထည့်တော့ ငွေအမောင့်များလို့တဲ့ ဖြတ်ချလိုက်တာ လစဉ်သွင်းတာထက်တောင် ဖြတ်သေး။ စိတ်နာချက် ဒီဂျုးတွေ သူများငွေ ဘယ်လို ယူရမလဲပဲ အမြဲစဉ်းစား နေသလားတောင်မသိဘူး။ 🙁
ဆူး
January 15, 2012 at 12:42 pm
က်ပျော်ပင်အောက်က အရွက်ခြောက်တွေက ရေအစိုဓါတ်အပျံနည်းအောင် စီချထားတာနဲ့တူတယ်နော်။
ဦးပါလေရာ ပြောတဲ့ နည်းပညာ ရှိပေမဲ့ မဖြန့်ဖြူးလို့ ဆိုတာလေးကို ဆင့်ပွား အတွေးတခု ဖြစ်မိပါတယ်။
မမှီ ပြထားတဲ့ နည်းနဲ့ စိုက်ပျိုးမယ် ဆိုရင် စိုက်ပျိုးရေး စရိတ်ပိုကုန်မယ် ထင်တယ်။
ဒီတိုင်းပြည်မှာ ဘိုင်အိုအသီး အနှံ ဖြစ်အောင် ပိုးသတ်ဆေးမပါ ဓါတ်မြေဩဇာ မပါပဲနဲ့ လှပ ကြီးထွားပြီး အာဟာရ ပြည့်စုံအောင် လုပ်ပြီး ထုတ်လုပ်ရောင်းချသူတွေ ရှိခဲ့ဖူးပါတယ်လို့ ကြားဖူးပါတယ်။
တကယ်ကို အရူးအမူးနဲ့ သေချာ လုပ်တဲ့ သူကို အစတုန်းက ဝိုင်းပြီး ကန့်ကွက်ကြပေမဲ့ အောင်မြင်လိမ့်မယ်လို့ ယူဆပြီး အမှန်အကန်လုပ်ခဲ့ပါတယ်။
တကယ် အသီးအနှံ ထွက်တဲ့ အခါ ဓါတ်မြေဩဇာ နဲ့ ပိုးသတ်ဆေး ပါတဲ့ အသီးအနှံ တွေဈေးကို ယှဉ်မရောင်းနိုင်ခဲ့သလို လူတွေကလည်း ဘိုင်အိုအသီးအနှံ ကို မတန်တဆ ဈေးများလို့ ဝယ်မစားကြပါဘူး။ အဓိကတော့ အသိပညာပါပဲ.. ဒီလို အသီးအနှံတွေကို စားရင် ကျန်းမာမယ် အသက်ရှည်မယ် ရောဂါကင်းမယ် စသဖြင့် ဗဟုသုတ ရှိပြီး ငွေကြေး အားဖြင့်လိုက်နိုင်မယ် ဆိုရင် သေချာပေါက် အောင်မြင်လိမ့်မယ် ယုံကြည်ပါတယ်။
ဝယ်လိုအားမရှိတဲ့ ရောင်းကုန်ကိုတော့ ဆက်လက် မထုတ်တော့ပါဘူးလို့ ကြားဖူးပါတယ်။
hmee
January 15, 2012 at 3:14 pm
ဆူးရေ သူတို့က စိုက်ပျိုးရေး စာရိတ်ကုန်ပေမဲ့ အလေအလွင့်အတွက် စိတ်ချရတယ်။ ဒါက တပန်းသာတယ်။ ပိုးမကြောက်ရဘူး။ ရေများတာ ၊ရေနဲတာ ထည့်တွက်စရာမလိုလို့ ဆုံးရှုံးမှုနည်းတယ်။ နှစ်တိုင်း အသစ်လုပ်ရတာ မဟုတ်လို့ ရေရှည်ဆို သူတို့က ပိုကိုက်တယ်။ အမလည်း ဆူးမေးသလို စိုက်ပျိုးရေးကျောင်းသားကို မေးတော့ သူတွက်ပြမှ ခေါင်းထဲ လင်းခနဲ ဖြစ်သွားတယ်။ ဒီဂျုးတွေက သူတို့နည်းကို လုံးဝ မပြန့်စေရဘူး။ တကယ့်ကို ထိပ်တန်းနည်း။ လိုအပ်တာကို တွက်ချက်ပြီး လိုသလောက်ပဲ ထိန်းပေးတာမို့ အသီးအနှံတွေဟာ စံချိန်မှီတယ်။ သိတဲ့အတိုင်း အမေရိကန်လိုနိုင်ငံကို သွင်းတာဆိုတော့ အရည်အသွေးက ထိပ်တန်းမဖြစ်လို့ကိုမရတာ။ သူတို့နည်းကို ဘယ်သူမှ တုလို့မရသေးဘူး။ ကုန်ကျစာရိတ်ကို သေချာတွက်ချက်ပြီးမှ ကုန်မှာဘယ်လောက် အမြတ်ဘယ်လောက် အတိအကျဖြစ်မှ လုပ်တာတဲ့။ သူတို့မှာ အရှုံးဆိုတာလုံးဝလုံးဝ မရှိစေရဘူးတဲ့။ အမတို့ဆီမှာ အဓိက ပြသနာက ဈေးကွက်ပြသနာတဲ့။ နည်းပညာကို တုနိုင်ပေမဲ့ ဈေးကွက်မရှိတာတဲ့။ ပြောရရင် ဂျာအေး သူ့အမေရိုက်ဖြစ်တော့မယ်။ 🙂
တညင်သား
January 15, 2012 at 3:09 pm
မအူပင်မှာ ငှင်ပျော စိုက်ဖို့ ကျွန်တော်ကြံသေးတယ် ရေကတော့ ပေါမှပေါ အသီးကလဲကောင်းမှကောင်း ခတ်တာက အကြိုးအမြတ်ပဲ စပါးပြောအုံမလား တင်း၇ဝ ၈ဝ သီးအောင် သူများနိင်ငံမှာသွားသင်စရာမလိုပဲနဲ့ ရှိတဲ့ပညာလေးနဲ့ပေါ့လေ
စိုက်လို့ရတယ် ရင်းသလောက် ပြန်မရတော့ စိတ်ပျက်လာတယ် တချို့ဆိုရင် စပါးကို နွားစာရအောင်ပဲစိုက်ကြတယ် ဈေးကောင်းတဲ့ ပဲ ကိုတော့ သူ့ထက်ငါအပြိုင်ပေါ့ဗျာ တောင်ယာလုပ်တဲ့သူတယောက် တစ်နှစ်လောက် ပင်ပန်းကြီးစွာ ရှာထားတဲ့ ငွေက တနှစ်ပတ်လုံး အိမ်မှာအိပ်လိုက်စားလိုက်လုပ်ပြီး
ကား ၊ခြံ ၊ပဲ ပွဲစား တခါလောက်ရလိုက်တဲ့ ဝင်ငွေထက် နဲနေတယ်. အဲဒါက အဓိကပဲ ဒါကြောင့်မို့ လူတွေက ရန်ကုန်ကို
ကုတ်ကပ်တက်ပြီး မြို့ထဲမှာ ရေခဲရေရောင်းတာတောင် ကျွန်တော်တို့ လယ်သမားတွေထက် ပြောင်ပြောင်ရောင်ရောင်နေနိင်ကြတယ်.. လစာ တက်ရင် ကုန်ဈေးှနှုံး ကလဲတက် အကုန်လုံး ပတ်ခြာလည်နေတယ်.. ရင်နှီးမြုတ်နှံမှု့ တွေဝင်လာရင်စက်ရုံအလုပ်ရုံတွေပေါလာရင် လယ်ကူလီတွေ ရှားပါးလာအုံးမယ် လယ်ယာသုံး စက်ကရိယာတွေ မြန်မြန်လိုအပ်နေပြီ..
hmee
January 15, 2012 at 3:51 pm
တညင်သားရေ တခါက မမှီ အမေ့ဆီ ဖုန်းဆက်တော့ အမေ့ သီးနှံတွေ ကောင်းလားမေးတော့ အမေက ကောင်းတာကတော့ ကောင်းအောင်စိုက်တာပဲ ကောင်းတာပေါ့အေ့။ ညည်းနှယ်အေ ဈေးမကောင်းတာက ခက်တာအေ့တဲ့။ သီးနှံကောင်းပြီး ဈေးမကောင်းတော့ အလုပ်သမား စရိတ်တောင် ခက်ရချေရဲ့အေ့ တဲ့ တညင်သားေ၇။ အဓိကတော့ မမှီတို့ ဆီမှာ လိုနေတာက ဈေးကွက်ပါတဲ့။ လေ့လာရေးလာတဲ့ စိုက်ပျိုးရေး ပါမောက်ခက ပြောသွားတာ။ 🙂
Harumoto
January 15, 2012 at 3:11 pm
စိုက်ပျိုးရေးနဲ့ပတ်သက်လို့ကတော့ မြန်မာပြည် ကတိုးတက်ဖို့ အတော်စည်းရုံးရအုံးမှာပါ။
ဒီနိုင်ငံရဲ့ရေမြေသဘာဝက စိုက်ပျိုးရေးလုပ်ဖို့ အရမ်းကောင်းနေသေးလို့ပါဘဲ။
တချိန်က တောင်သူတွေကို စိုက်ပျိုးရေးနည်းပညာတွေ ဖွံ့ဖြိုးတိုးတက်အောင် နည်းပညာ ပေးလုပ်ငန်းတွေ လုပ်ခဲ့ပါတယ်(အခုလဲ လုပ်နေတုန်းပါဘဲ)။အဲသည်တုန်းကတောင်သူတွေ လက်မခံခဲ့ကြဘူး။ အခုလဲ တချို့တဝက်လောက်သာ နားလည် လက်ခံကြတယ်။
ဘယ်နေရာမှာ ဘယ်မျိုးစေ့ ကို ဘယ်သူစိုက်စိုက် အပင်ပေါက်တဲ့ မြန်မာ့ရေမြေ သဘာဝကြောင့် တောင်သူတွေက စိုက်ပျိုးရေး ပညာပေးလာကြတဲ့ ကျေး/ဂျာ လို့ခေါ်တဲ့ ကျေးလက်စိုက်ပျိုးရေး မန်နေဂျာတွေ ကို ပညာပေးပြီး သူတို့ပေးလာတဲ့ဓါတ်မြေဩဇာတွေကို ရောင်းစား ခဲ့ကြတာတွေ ကြားခဲ့ဘူးတယ်။
တကယ်လဲ တောင်သူတွေဟာ မိရိုးဖလာ စိုက်ခဲ့တဲ့ သီးနှံတွေ ကို အခြားသူတွေထက် ပိုနားလည် ပြီး စိုက်နိုင်ကြပါတယ်။ဒါပေမဲ့ တနိုင်တပိုင်ထက်ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် နဲ့ အရည်အသွေး ပြည့်မှီအောင် စိုက်ဘို့ အတွက်တော့ နည်းပညာဆိုတာ တကယ်လိုအပ်လာပါတယ်။
ခေတ်မှီတိုင်းပြည်တခုဖြစ်လာဘို့က ခေတ်မှီနည်းပညာနဲ့ ခေတ်မှီ စိုက်ပျိုးထုတ်လုပ်ရေး စနစ်က တကယ်လိုအပ်နေပါပြီ။
ဒီနည်းပညာတွေကို တောင်သူတွေ နားလည် လက်ခံ ကျင့်သုံးလာနိုင်ဘို့က အဓိက အရေးကြီးပါတယ်။
ဒီအတွက် ကျေးလက် ပြည်သူတွေ လူမှုရေး ပညာရေး ဖွံ့ဖြိုးတိုးတက်လာဘို့က အဓိကပါ။
ပညာရေးအခြေခံ တိုးတက်လာမှ ခေတ်မှီစိုက်ပျိုးရေး နည်းပညာတွေကို လက်ခံ နိုင်လာမှာပါ။
ခေတ်မှီနည်းပညာတွေမှာ သာမန်ထက် ပိုပြီး ရင်းနှီးမြှုတ်နှံရတာမျိုးတွေရှိပါတယ်။ ဒါ ကို လက်ခံနိုင်ဘို့က အခြေခံပညာ မြင့်ဘို့ဆိုတာ လိုအပ်တဲ့ အချက်ပါ။
ဒါတွေ ပြည့်စုံ သွားတဲ့အချိန် ကျွန်တော်တို့ဆီမှာလည်း ဒီလို စိုက်ပျိုးရေး လုပ်ငန်းတွေ ထွန်းကားလာမယ်လို့ မျှော်လင့်ပါတယ်။
တညင်သား
January 15, 2012 at 3:30 pm
အကို ပြောတာကို လုံးဝ ထောက်ခံတယ် ကိုယ်တိုင်လဲ လုပ်ခဲ့တာကိုးးးး စရိတ်ကအရေးကြီးတယ်
အဒါကိုမခံနိင်ဘူး ပြန်ရလာမဲ့ အကြိုးအမြတ်က အပေါ်က ကွန့်မန်းသာဖတ်ကြည့်ပါ…
ကျွန်တော် ဦးလေးတယောက် ဘူးသီးစိုက်ပြတယ် နေရာလဲသိပ်မပေးရဘူး စင်အတွက်လဲ ကိုယ့်အိမ်က ဝါး နဲ့ပဲ..
အပြောကတော့မိုက်တယ် ဘာတဲ့ သီးဆိုရင်သီး ကြီးဆိုရင်ကြီးရမယ်တဲ့ ..:)
တကယ်လဲ မနိင်အောင်သီးတယ် ဘူးသီးလို့ အရီးတော်စရာမလိုဘာဘူး အလာကားကို လိုက်ပေးရတယ်. မြို့ပေါ်တက်ရောင်းလို့ပြောရင် ငှားသွားတဲ့ ကားခတောင်မရဘူး…အဲဒီတော့ အဲဒီတော့…………
hmee
January 15, 2012 at 3:36 pm
မမှီက တောင်သူလယ်သမား သားသမီးမို့ သူများတွေထက် ပိုပြီး တောင်သူလယ်သမားတွေကို တိုးတက်စေချင်တယ်။ ဒီမှာ ခေတ်မှီနည်းတွေ စက်တွေ သုံးတော့ လူတွေ သက်သာတာ မြင်ရတော့ အဖေတို့လို တောင်သူတွေ ခေတ်မှီစေချင်တယ်။ လယ်သမားတွေကလည်း လက်တွေ့သာ ပြနိုင်ရင် လက်ခံတယ်။ လေနဲ့ ပဲလာဟောနေတော့ မယုံရဲကြဘူး။ ဒီမှာလို အစိုးရကသာ တနှစ်အကုန်ခံပြီး လက်တွေ့ပြ နောက်နှစ်တွေ တရားဟောစရာမလို လိုက်လုပ်မှာ ကျိန်းသေ။ အဓိကတော့ တိုင်းပြည်ဆင်းရဲပြီး မပံ့ပိုးပေးနိုင်တာပါပဲ။ တခါက အစိုးရက ပညာလာပေးတယ် ဘာပဲစိုက်စိုက် နေကြာညှပ်စိုက်တဲ့။ သီးထပ်သီးညှပ်စိုက်ဖို့ ပညာပေးတာ တရားဟောတာ။ လက်တွေ့စိုက်ရတဲ့ လယ်သမားက ခံရပြီးလို့ ဘာပြန်ပြောလဲဆို သွားမလုပ်နဲ့ နွားပြုတ်သွားမယ်တဲ့။ 🙂 ဒီမှာတော့ အစိုးရ တာဝန်ယူထားတာ ရှုံးရင် အစိုးရက လျှော်တယ်လေ။ ကိုယ့်ဆီမှာတော့ ကိုယ်ဖြစ်ကိုယ်ခံမို့ ဘယ်သူမှ မရင်းရဲတော့ လုပ်ရိုးလုပ်စဉ် လမ်းဟောင်းပဲ လိုက်ကြတာပဲ။ အခုဆို ရွာမှာ ပညာတတ် ဘွဲ့ရတွေ မိဘအလုပ်မှာ လယ်ပြန်လုပ်နေတာ တော်တော်များနေပြီ။ အဓိကကတော့ အစိုးရက နဲနဲလောက် ပန့်ပိုး ပညာပေးနိုင်ရင် တဟုန်ထိုး တက်လောက်မယ် ထင်တာပဲ။
weiwei
January 15, 2012 at 4:23 pm
အခု မြန်မာပြည်မှာလဲ တောင်သူလယ်သမားတွေ အဆင်ပြေနေကြပါပြီ …
မှီက ဂျူးတွေနဲ့နေခဲ့လို့ ဂျူးတွေကို စိတ်နာလာတာ … ကျွန်မကတော့ တရုတ်တွေနဲ့နေခဲ့ရလို့ သူတို့ကို စိတ်နာတယ် …
kyawmonkhant
January 15, 2012 at 6:25 pm
တခါက အစ္စရေးကပညာရှင်တယောက် မြန်မာပြည်လာလည်တော့ ပုဂံကို လိုက်ပို့ကြတယ်၊ ပုဂံရောက်တော့ အဲဒီလူက ဧရာတီမြစ်ကြီးကြည့်ပြီးငေးငိုင်ပြီးနေတယ်လို့ပြောတယ်။ လိုက်ပို့တဲ့သူတွေမေးတော့ ဘာဖြစ်နေတာလဲပေါ့။ အဲဒီလူကပြောတယ်တဲ့ မင်းတို့ဆီမှာ ဒီလိုမြစ်ကြီးတွေရှိနေတာ ကျကျနနအသုံးချနိုင်ရင် မင်းတို့နိုင်ငံရွှေချလို့ရတယ်ကွ လု့ိ ပြောတယ်ဆိုဘဲ။ သူတု့ိလိုနည်းပညာနဲ့အသုံးချနိုင်ရင် တကယ်ဖြစ်နိုင်မှာပါ။ ဒါနဲ့ စကားမစပ် အစ္စရေးဝန်ကြီးချုပ် ဒေဗစ်ဘင်ဂူရိယန်က ဝန်ကြီးချုပ်ဦးနုကို တော်တော်လေးစားတယ်လို့ ကြားဖူးတယ်။
MaMa
January 15, 2012 at 8:28 pm
မှီရဲ့ ရွာလမ်းမကို ကြည့်ပြီး …
တခါတုန်းက ဇာတိကို ပြန်တော့ အဲဒါ မြို့လား ရွာလားလို့ အမေးခံရဖူးတယ်။
ကိုယ့်ဇာတိဆိုတော့လည်း အထိမခံပဲ ကတ္တရာလမ်း (တစ်လမ်းပဲ ရှိတယ်။) နဲ့ တိုက် (နည်းနည်းပါးပါး ရှိတယ်) တွေ့လား။ အဲဒါ မြို့ပေ့ါလို့ ပြောခဲ့တာကို သွားသတိရမိတယ်။ 🙁
hmee
January 15, 2012 at 9:38 pm
ဦးနုကို လူတော်တော်သိတယ်။ လူကြီးပိုင်းတွေဆို ဦးနုနာမည်ပြောရင်သိတယ်။ ဟာဇီးလီးယားဆိုတဲ့ လူဂုဏ်တန်တွေ နေတဲ့ မြို့မှာ ဦးနုလမ်းဆိုတာ ရှိတယ်။ ဦးနုလက်ဆောင်ပေးတဲ့ ညောင်ပင်ကို ပွါးပြီး စိုက်ထားတာ ဦးနုလမ်းတလျှောက်ပဲ။ နောက် Burma road ဆိုတဲ့ လမ်းရှိတယ်တဲ့။ တခါမှတော့ မမြင်ဘူးဖူး။
မမရေ လမ်းမ ရှေ့တည့်တည့်ကို ရိုက်ထားတာ တပုံပါသေးတယ်။ ရွာလည်ကားပါကင်မှာ ကားတွေ ပါကင်ထိုးထားတာကို ရိုက်ထားတာ။ လိုက်ပို့ပေးတဲ့ မောင်လေးတွေပုံပါနေလို့ မတင်တာ။ မြင်ရင် ရွာက ကားတွေက ရန်ကုန်က ကားတွေထက်ကောင်းတာ တွေ့ရမှာ။ 🙂 သူတို့ ရွာက ဘုရားစူး ရွာပါ မမရယ်။ 🙂
padonmar
January 15, 2012 at 10:10 pm
မှီရေ
ကြားဖူးတာလေး တစ်ခုရေးပြချင်ပါတယ်။
Lynx ခေါ်တဲ့ ကျားသစ်တစ်မျိုးကို တောအုပ်အတုထဲမှာမွေးထားပါတယ်။
တစ်အုပ်စုက အစာအဆင်သင့်ပေးထားပါတယ်။
နောက်တစ်အုပ်စုက အစာမပေးထားတော့ ကိုယ့်ဖာသာရှာစားရပါတယ်။
တကယ့်တောထဲလည်းထည့်လိုက်ရော အစာအဆင်သင့် ပေးထားတဲ့ အုပ်စုဟာ အစာမရှာတတ်တော့လို့ သေကုန်ပါသတဲ့။
အဲဒီလိုပဲ ရွှေမြန်မာတွေက ရေမြေကောင်းလွန်းတော့ ပျင်းနေကြပါတယ်(ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတာပါ)
သယံဇာတဆိုတာ သုံးရင်းကုန်သွားတတ်တယ်ဆိုတာကို အချိန်မီ သတိရှိလာရင် ကြိုးစားအားထုတ်ဖို့ နောက်မကျလောက်ဖူးထင်ပါရဲ့။
သူဌေးသားနဲ့ ရုန်းကန်လှုပ်ရှားရတဲ့ လူလတ်တန်းစားသား ယှဉ်ကြည့်ရင်လည်း အဲဒီလို ကွာတာတွေတွေ့ရတတ်ပါတယ်။
hmee
January 16, 2012 at 1:53 pm
အမရေ ဆရာဦးအောင်သင်း ပြောတာထင်တယ် “ရေမြေကောင်းတဲ့ နိုင်ငံတွေ ကပိုဆင်းရဲတယ်”တဲ့။ အဲ့တုန်းက ဆရာက ပြောတယ် အစ္စရေးကပညာရှင်တွေကို ခေါ်ပြီး အညာက ကန္တာရ ဖြစ်လုလုနေရာတွေ ဘယ်လို ပြုပြင်ယူရမလဲပေါ့။ အစ္စရေးပညာရှင်က ဧရာဝတီမြစ်ကြီးကိုလည်း မြင်ရော “ဟာ..မင်းတို့ဆီမှာ ဒီလိုမြစ်ကြီး ရှိတာပဲ။ ဘာစဉ်းစားစရာလိုလဲ” ဆိုပြီး ပြောတယ်တဲ့ ကျွန်မလည်း ဆရာ့ဟောပြောပွဲ အခွေကို နားထောင်စဉ်က မြစ်ရှိတာ ဘာဆန်းလဲလို့ အတွေးက ရှိနေတော့ သိပ်သဘောမပေါက်ချင်ဘူး။ အစ္စရေးရောက်မှ သူတို့ရဲ့ ရေချိုရှားပါးမှုကို လက်တွေ့ကြုံရမှ ဆရာ့စကားကို ကွက်ကွက်ကွင်းကွင်းကို မြင်တော့တာ။ 🙂 ကျွန်မတို့မှာက မြစ်ချောင်းအိုင်ဆိုတာ ပေါလွန်းလို့ တန်ဖိုးထားရကောင်းမှန်း မသိဘူး။ ဒီမှာတော့ ဂျော်ဒန်မြစ်ရေကို ဝေပြီးသုံးနေရတာ။ ဂျော်ဒန်မြစ်ဆိုလို့ ဧရာဝတီမြစ်လို မှတ်တာ။ 🙂 ဘယ့်နှယ့် အမရေ အညာက ရိုးသာသာရယ်။ 🙂
unclegyi1974
January 15, 2012 at 10:11 pm
လူဆိုတာပတ်ဝန်းကျင်နဲ့တဲ့ မမှီရဲ့
အရက်သမားပတ်ဝန်းကျင်နေရင်အရက်သမားဖြစ်ဖို့များတယ်
စာသမားပတ်ဝန်းကျင်နေရင်စာသမားဖြစ်ဖို့များတယ်
မြန်မာကဥိီးနေဝင်းအာဏာသ်ိမ်းပြီးကတည်းကဘယ်သူတွေနဲ့ပေါင်းလို့ဘာတွေရမှာလဲ
အစ္စရေးကသူ့နိုင်ငံရယ်လို့ဖြစ်လာပြီးကတည်းကဘယ်သူတွေကသူ့ကိုကျောထောက်နောက်ခံ
ပေးထားသလဲ
အခွင့်အရေးတွေတူရင်မြန်မာတွေလည်းမညံ့ပါဖူးမှီရယ်
hmee
January 16, 2012 at 1:55 pm
အန်ကယ်ကြီးရေ ဘယ်သူတွေနဲ့ပေါင်းလည်း ဆိုတာ ကျွန်မတို့ အသိုင်းအဝိုင်းက ပိုသိတာပေါ့။ 🙂
yaungchikha
January 16, 2012 at 8:19 am
မမမှီရှင့်……. ကျနော်အဖေ၊ ဦးလေး၊ အဒေါ်တွေလည်း အခုလို ခြံစိုက်ပျိုးတဲ့သူတွေဆိုတော့ များသောအားဖြင့် ဒီမှာက အသီးကြီးဖို့၊ ပိုးမကိုက်ဖို့၊ အသီးတင်ဖို့အတွက် ဆေးတွေနဲ့ပဲ အလုပ်လုပ်နေရပါတယ်၊ ပြီးရင် ရေစုပ်စက်နဲ့ရေတင်ပြီး အခင်းထဲကို ရေပေးရပါတယ်၊ အခု မမမှီတင်ထားတဲ့ ပုံတွေထဲက စနစ်တကျစိုက်ပျိုးထားတာတွေ့တော့ ကျနော့်အဖေတို့ကို ပုံတွေပြချင်ပါတယ်၊ မမမှီပုံတွေကို ကူးခွင့်ပြုပါနော်၊ စနစ်တကျစိုက်ပျိုးထားတာတွေ့တော့ အားကျမိပါတယ်၊ ကျနော်တို့ဆီမှာတော့ အဲ့လိုတွေမလုပ်နိုင်သေးပါဘူး၊ ကျနော်တို့ သရက်ခြံတွေမှာဆိုရင်တော့ အခုနောက်ပိုင်းပေါ့လေ ပိုးမကိုက်အောင်ဆိုပြီး တရုတ်ပြည်ကလာတဲ့ စက္ကူအိတ်လေးတွေ စွပ်လာကြပါပြီ၊ ကျနော်ရွာတစ်ခေါက်သွားတော့ အသီးတွေမှာ အဲ့လိုအိတ်လေးတွေစွတ်တာကို တွေ့ခဲ့ရပါတယ်………….. ဗဟုသုတရလို့ မမမှီကို ကျေးဇူးတင်ပါတယ်ရှင်…………..
hmee
January 16, 2012 at 1:59 pm
ရောင်ခြည်ရေ ဒီမှာ သရက်ခြံတွေကိုပါ ဌက်ပျောခင်းလို ခြင်ထောင်ထောင်ထားတာ။ အသီးတွေက အရောင်တွေ အရမ်းလှတယ်။ ဘယ်နှယ့်လုပ်လည်း မသိဘူး သရက်သီး အစိမ်းတောင် တလုံးမှ မချဉ်ဘူး။ ဓါတ်ပုံတွေ လိုချင်တယ်ဆို ယူပါ ရပါတယ်။ မမှီလည်း မမှီ အဖေကို ပြချင်လို့ ရိုက်လာတာလေ။
aungnng87
January 16, 2012 at 3:18 pm
သေသေချာချာ သပ်သပ်ရပ်ရပ်စိုက်ပျိုးထားတာဘဲနော်။ ထွက်လာမဲ့သီးနှံတွေလည်းဈေးကြီးမယ်ထင်တယ်နော်။ ဒီမလေးမှာဆို သရက်သီးဈေးကကြီးတယ်။ သရက်သီးအစိမ်းဈေးနဲ့အမှည့်ဈေးအတူတူလောက်ရှိတယ်။အမှည့်ကလည်းမချိုပါဘူး။ ချိုရင်လည်းတော်တော်ဈေးကြီးတယ်။ ကိုယ်တွေကမြန်မာပြည်မှာဆို သရက်သီးကိုဈေးပေါပေါနဲ့ဝယ်စားရတော့ဒီမှာဈေးကြီးပေးပြီးဝယ်မစားပါဘူး။မတန်လို့လို့ထင်လို့။ အဲလိုဘဲငှက်ပျောသိးဆိုလည်းဆင်စွယ်လိုအလုံးလှလှတွေဆိုရင်ဈေးကြီးလို့ဝယ်မစားဘူး။ တော်ရုံငှက်ပျောသီးဆိုရင်မြန်မာပြည်မှာမျောက်တောင်မစားဘူး.။ ဒီကလူတွေစားနေကြတာဖန်တွတွနဲ့။ အဲလိုအသီးတွေတော့ရှားတယ်။ အဲ..အခြားကြောင်မျက်လုံးတို့ ကြက်မောက်သိးတို့တော့ဒိမှာပေါပေါများများရှိတယ်။ဒူးရင်းသီးတွေဆိုရင်တခါတခါတော်တော်ကိုပေါတယ်.။ ့မြန်မာပြည်ထက်ကိုပေါတာ။
manawphyulay
January 16, 2012 at 4:20 pm
ရွာထဲက အိမ်လေးကလည်း နေချင်စရာပဲနော်။ ဒီမှာဆို ရွာဆိုရင် တဲသာသာ အိမ်လေးတွေပဲ ရှိတာ များတယ်။ အပင်တွေ စိုက်လို့ရတာ အတော့်ကိုတော့ အံ့ဩပါတယ်။ ဖြစ်ထွန်းအောင် ဘယ်လိုလုပ်ကြလဲမသိဘူးနော်။ ခုမှပဲမြင်ဖူးတော့တယ်။ သူတို့ဆီမှာဆိုရင် အပင်က အစ ခြင်ထောင်နဲ့နော် ဒီမှာတော့ ခြင်ထောင်မပြောနဲ့ လမ်းဘေးနေစရာမရှိတဲ့သူတွေ တစ်ပုံကြီးပဲ….
etone
January 16, 2012 at 4:43 pm
မမှီရေ … အားကျစရာကောင်းလိုက်တာနော် …သူများနိုင်ငံက စိုက်ပျိုးရေးစနစ်နဲ့ … လူသက်သာအောင် ကွန်ပျူတာတွေနဲ့ ထိန်းချုပ်ပုံတွေက …. ဒီက စိုက်ပျိုးရေးတွေနဲ့ အရမ်းကို ကွာခြားပါတယ် … ။
လူတော့သက်သာတယ် .. ဒါပေမယ့် … ကုန်ကျစရိတ်တော့ ပိုများနေမလားလို့ တွေးပူမိသေးတယ် … ။
ခြင်ထောင်တွေရဲ့စရိတ် … ရေပိုက်တွေ စရိတ်တွေကြောင့် … သူတို့ အသီးက ပိုပြီးများ ဈေးကြီးနေမလားနော် .. ။ လူတော့ သက်သာတာအမှန်ပဲ …။ ငှက်ပျောသီးလေးတွေကိုလည်း အိတ်တွေနဲ့ ထည့်ထားသေးတယ် … သူများဖျက်ဆီးတာမျိုး … အလေလွင့်ဖြစ်တာမျိုး က ကာကွယ်နည်း တမျိုးပါပဲ …
ဈေးနှုန်းလေးတွေပါ နှိုင်းယှဉ်ကြည့်လျှင် သူတို့ဈေးကတော့ ပိုများနေမလားနော် …။
blackchaw
January 16, 2012 at 5:31 pm
ရွာအဝင်လမ်းလေးကိုမြင်တော့
ရန်ကုန် – ပြည် ကားလမ်းဘေးက
ကျွန်တော်တို့နေခဲ့ဘူးတဲ့
ရေပြာဆိုတဲ့ ရွာလေးကို သတိရမိသွားတယ်။
ဟားဟား။ ဘာမှဆိုင်လို့တော့ မဟုတ်ပါဘူး။
အော် တို့ရွာလေး ဘယ်အချိန်လောက် ဒီလိုလမ်းမျိုးဖြစ်မလဲပေါ့။
အပျော်ဝင်နောက်သွားပါတယ် ခင်ဗျား။
hmee
January 16, 2012 at 8:32 pm
အသီးအနှံတွေက သူ့အရပ်နဲ့ သူ့ဇတ်တော့ ဈေးမကြီးဘူး။ လူတိုင်း စားနိုင်တာပေါ့နော့။ ဝင်ငွေ တလ ၅၀၀ဝရှကယ် ဝင်သူတွေအတွက် ဌက်ပျောသီး ၆လုံးလောက်ကို ၄ရှကယ်ဟာ အင်မတန် ပေါတယ် ပြောနိုင်တာပေါ့။ ပန်းဂေါ်ဖီဆို ရှားရင် ၁၀၊ ပေါရင် ၅ရှကယ် ဆိုတော့ အလုပ်ကြမ်းသမားတောင် ပေါပေါ ဝယ်စားနိုင်တယ်လေ။ သူတို့ဝင်ငွေနဲ့ ဝယ်စားရတာဆို လူတိုင်း စားနိုင်တယ်။ ကုန်ဈေးနှုန်းနဲ့ ဝင်ငွေ ကိုက်တယ် ဆိုရမှာပေါ့။ တုံရေ အဲ့လိုမှ မလုပ်ရင် ဒီရာသီဥတုနဲ့ ဌက်ပျောပင်တောင် လောင်မီးကျတယ်။ ရေပိုက်ကလည်း ဒီမှာမို့ အမတို့ဆီမှာဆို ခိုးခံရတာနဲ့ ကုန်မယ်။ တနှစ်ထဲ စိုက်တာ မဟုတ်တော့ ရေရှည်မှာ သူတို့က အပျက်အစီး နည်းလို့ ပို တွက်ချေကိုက်တယ်တဲ့ တုံရေ။
ကိုဘလက်ရေ ကျွန်မတို့ဆီက ရွာတွေကို အဲ့လိုလမ်းလေးတွေ အဖြစ် တကယ်ကို မြင်ချင်တာ။ အမေတို့ဆီ သွားရင် လမ်းခရီး ခက်ခဲလွန်းလို့ ကိုယ်တွေ အတွက် အထာကျပေမဲ့ အထာမကျတဲ့ သူတွေက ပြန်မယ်ဆို လမ်းကြမ်းတယ်ဆိုပြီး တားလွန်းလို့။ 🙂
ကိုပေါက်(မန္တလေး)
January 16, 2012 at 9:04 pm
မမှီရေ
ကျနော်နဲ့ ပဒုမ္မာ အတွေးခြင်းတူတယ်။
သူဌေးသားက ကြိုးစားစရာမလိုတော့ သူများနောက်ရောက်ရော။
မရှိတဲ့လူက မလုပ်ရင်ငတ်မှာ အဲတော့ သူကရှေ့ရောက်အောင်ကြိုးစားရတာပေါ့၊
သူများနိုင်ငံတွေက တကယ်ကို လုပ်လို့တုးိတက်။
ကျနော်တို့ဆီကတော့ တကယ်မလုပ်ဘဲလုပ်ချင်ယောင်ဆောင်တော့ ဘေးထွက်။