“ ကျနော့်ဆရာတစ်ဦးရဲ့ အမှာစကားများ ”

Swal Taw YwetFebruary 6, 20122min2147

မုံရွာ G.T.I မှာပညာသင်ခဲ့တုန်းက စာတင်မက စိတ်ကိုပါသင်ပေးဘို့ကြိုးစားခဲ့တဲ့ ဆရာတစ်ယောက်ဆီမှာ ပညာဆည်းပူးခွင့် ရခဲ့ပါတယ်။ စာသင်ခန်းထဲမှာ သက်ဆိုင်ရာ သင်ခန်းစာတွေကို သင်ပေးတဲ့အပြင် ပြင်ပလောကရောက်ရင် ရင်ဆိုင်နိုင်ဘို့အတွက်ပါ

ကြို “ပြင်” ပေးလိုက်ခဲ့တာပါ။  ယနေ့အချိန်အထိလည်း အတတ်နိုင်ဆုံး လိုက်နာနိုင်အောင် ကြိုးစားနေရဆဲပါ။

ဆရာ့ရဲ့ သင်ပြမှုတွေဟာ ဘယ်နေရာမှာမဆို အသုံးချနိုင်တာမို့ ဂေဇက်မှာ ပြန်မျှဝေကြည့်ပါရစေ။

() ၂၁ ရာစုရဲ့ စိန်ခေါ်သံ

Y2K ခေတ်စားတဲ့ သက္ကရာဇ် ၂၀၀ဝ ဝန်းကျင်ဆိုတော့ ၂၁ ရာစုအဝင်ဆိုတဲ့ကာလပေါ့။ အဲဒီ့အချိန်တုန်းက ဆရာပြောခဲ့တဲ့ ၂၁ ရာစုရဲ့စိန်ခေါ်သံဆိုတာ အကောင်းဆုံးတွေသာ တင်ကျန်ရစ်မည် ဆိုတဲ့ ညံ့တဲ့သူတွေအတွက် နေရာမရှိကြောင်းကြိုတင်သတိပေးချက်ပါ။ သင်အကောင်းဆုံးဖြစ်အောင်သာ ကြိုးစားထားပါ၊ နဲနဲညံ့လိုက်တာနဲ့ သင့်ထက်ပိုသာတဲ့လူက ကျော်တက်သွားပါလိမ့်မယ်တဲ့

() ဟန်ပြသက်သက်မဖြစ်စေနဲ့

ကမ္ဘာကျော် SAS (ဗြိတိသျှ လေကြောင်းချီအထူးတပ်ဖွဲ့)ရဲ့ ဆောင်ပုဒ် “Who Dare Win”၊ စစ်တက္ကသိုလ် (DSA) ရဲ့ဆောင်ပုဒ် “DSA Never Surrender” တွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ နောက် ကျနော်တို့ Electrical Power အတွက် ဆောင်ပုဒ် “ Electrical Power for the Development of  Mother Land”  “လျှပ်စစ်အားဖြင့်တိုင်းပြည်မြှင့်အံ့” ကိုလည်း အကျေအလည်ဆွေးနွေးပြိး   ကျနော်တို့ကျောင်းသားတွေရဲ့ ရင်ထဲမှာ စိုက်ထူပေးခဲ့ပါတယ်။ ဆရာကသတ်မှတ်ပေးတဲ့ဆောင်ပုဒ်မဟုတ်ပါဘူး။ မည်သည့်ဌာနကမှ ချမှတ်ပေးခဲ့တဲ့ဆောင်ပုဒ်လည်းမဟုတ်ပါဘူး၊ ကျနော်တို့ကျောင်းသားတွေကိုယ်တိုင် သတ်မှတ်စိုက်ထူခဲ့တဲ့ဆောင်ပုဒ်ပါ။

အဲဒီ့ဆောင်ပုဒ်ကို ကျနော်တို့တွေဟာ တိုင်းပြည်ချစ်စိတ်နဲ့ မိမိသင်ယူနေသော ဘာသာရပ်ကိုတန်ဖိုးထားတဲ့စိတ်တွေနဲ့ သတ်မှတ်ခဲ့ကြတာပါ။

ဆရာ အထပ်ထပ်မှာလိုက်တာကတော့ “ ဆောင်ပုဒ်တစ်ခုရွေးထားပြီးပြီဆိုရင် မဖြစ်မနေ အဲဒီ့အတိုင်းဖြစ်အောင်လုပ်ပါ၊ လူကြားကောင်းအောင်ဟစ်တဲ့အသံ၊ လူမြင်ကောင်းအောင် ရေးတဲ့ဆောင်ပုဒ်မဖြစ်ပါစေနဲ့ တဲ့။

(ဆောင်ပုဒ်များနဲ့ ကျနော်တို့နိုင်ငံအကြောင်း ဆိုပြီး ဒီဂေဇတ်ထဲမှာပဲ နောင်တော်တစ်ပါး ရေးထားခဲ့သေးသလားလို့ပါ။???)

() သုမောင်ရေးခဲ့တဲ့စာကြောင်း

ဆရာပြောခဲ့တဲ့အထဲမှာ သူမှတ်သားထားခဲ့တဲ့ ရုပ်ရှင်မင်းသား၊ အဆိုတော်၊ စာရေးဆရာ “သုမောင်” ရေးသားခဲ့တဲ့ စာတစ်ကြောင်း ပါပါသေးတယ်။

သူများတကာထက် သာလွန်ထက်မြက်သောသူတို့သည် မအိပ်မနေကြိုးစားကြ၏၊

သူများတကာတို့အိပ်နေကြစဉ် ထိုသူတို့ မြင့်တက်နေကြခြင်း ဖြစ်သည် တဲ့။

ဝီရိယရဲ့ အကျိုးကြီးပုံကို ရှင်းရှင်းလေး အသိပေးလိုက်တဲ့စကားလေးပါ။ မမေ့နိုင်ခဲ့ပါ။

အပျင်းကြီးမိတဲ့အချိန်တိုင်း အဲဒီ့စာကြောင်းလေးကို သတိရပြီး အလုပ်ပြန်လုပ်မိတာပါ။ အဲဒီ့ဝီရိယတွေရဲ့အကျိုးကိုလည်း ခံစားခဲ့ရပါတယ်။

 

() စု၊တု၊ပြု

“Video ဇတ်ကားတစ်ကားကြည့်ရင် အနည်းဆုံး ပြန်ပြောစရာ အခန်းတစ်ခန်းမှတ်မိနေရမယ်၊ ဝထ္ထုစာအုပ်တစ်အုပ်ဖတ်ရင် ပြန်သုံး စရာ စာကြောင်းတစ်ကြောင်းမှတ်မိနေသင့်တယ် တဲ့ ။

ကျောင်းပတ်ဝန်းကျင် လက်ဖက်ရည်ဆိုင်တွေမှာထိုင်ရင်း ဆိုင်ကဖွင့်ပြထားတဲ့ Video ဇတ်ကား၊ VCD သီချင်းတွေထဲက အကြောင်းအရာ တစ်ခုခုကို စာသင်ခန်းထဲမှာ ချပြဆွေးနွေးရင်း ဝေဖန် အကြံပြု ခိုင်းခဲ့တာတွေကတော့ လက်တွေ့ပါ။ အဲဒီ့လိုနဲ့ အရာရာကို ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိအောင် လေ့ကျင့်ပေးခဲ့တာပါ။

ဝထ္ထဖတ်ရင်းတွေ့တဲ့ “တိုက်ပွဲပျော်”ကဗျာကို ကြိုက်လွန်းလို့ အလွတ်ရအောင်ကျက်ခဲ့တယ်ဆိုတဲ့ ဆရာက အတန်းရှေ့မှာ ရွတ်ပြခဲ့ယုံမက သင်ပုန်းပေါ်မှာပါ ချရေးပေးခဲ့ပါတယ်။  အင်ဂျင်နီယာကျောင်းမှာ ကဗျာသင်ပေးတဲ့အချိန် ကြုံခဲ့ရလို့ မှတ်မှတ်ရရပါဗျာ၊ အဲဒီ့နေ့က ကူးထားခဲ့တဲ့ ကဗျာစာရွက်လေး အခုအချိန်အထိ သိမ်းထားမိဆဲ၊ အသုံးဝင်ဆဲမို့ပါ။

ပြက္ခဒိန်ဇယားတွေအတိုင်း   ကျနော်တို့     ကျောင်းဆင်းခဲ့ရပါတယ်။

အပြင်လောကရဲ့စိန်ခေါ်မှုတွေ အတွက် ကျနော်တို့ အဆင်သင့်မဖြစ်သေးမှန်း တိတိကျကျသိနေခဲ့တဲ့၊ သူကိုယ်တိုင်မှအပ ကျန်သူတွေ အားလုံးအတွက် စိတ်ပူပေးတတ်တဲ့ ကျနော်တို့ဆရာ အထပ်ထပ်မှာလိုက်တာတွေ အများကြီးကျန်ပါသေးတယ်။

ဆက်လက်တင်ပြဖို့သင့်မသင့် comment လေးတွေ စောင့်ဖတ်ပါရစေဦး။

ဆရာ့ကိုသတိရသောအားဖြင့်

With respect

Swal Taw Ywet.

7 comments

  • darlay

    February 6, 2012 at 9:19 am

    မှတ်သားစရာလေးတွေအတွက်ကျေးဇူးပါ။ နောက်ထပ်မှတ်သားစရာတွေအတွက်စောင့်မျှော်နေပါတယ်။

  • စိန်ပေါက်ပေါက်

    February 6, 2012 at 11:18 am

    ဝစ်သ်ဇဘတ် စွယ်ဒေါ်ရွက်ရေ
    နောက်ထပ် ထပ်ဖတ်ချင်ပါသေးတယ်..
    ကျန်တာလေးတွေရေးပေးစေလိုပါကြောင်း

  • awra-cho

    February 6, 2012 at 11:59 am

    ကျွန်တော်လဲ အီးပီ နဲ့ မန်းလေးက ကျောင်းပြီးတာပါ၊ ဆက်ရေးပါ အားပေးနေပါတယ်၊ ဆရာ့ နံမယ်လေး သိရင် ပိုကောင်းမှာပဲ၊ သူလဲ ပီတိစားရတာပေါ့။

    • htoosan

      February 6, 2012 at 2:37 pm

      မန်းလေး ရဲသိပံ္ပရှေ့က ဂျီတီအိုင် ကျောင်းဟောင်းကတော့ မိန်းမဆေးရုံ ပြောင်းသွားရှာပြီနော် ။

  • Green Rose

    February 6, 2012 at 10:27 pm

    အဲဒီ့လို ဆရာမျိုးနဲ့ တွေ့ခွင့်ရတဲ့ကျောင်းသား၊ ကျောင်းသူတွေ ဟာ တကယ်ကို ကံကောင်းတာပါပဲ။
    ဆရာဆိုတာဟာ ကျောင်းသားတွေရဲ့ အနာဂါတ်အတွက် လမ်းညွှန်နိုင်ခွင့်ရှိတဲ့ ပဲ့ကိုင်ရှင်တွေပါပဲ။
    ကိုယ်ပညာသင်ပေးရတဲ့ ကျောင်းသားတွေကို မှန်ကန်တဲ့ လမ်းညွှန်မှုပေးနိုင်ခဲ့ရင် အဲဒီ့ကျောင်းသားတွေရဲ့ လေးစားမှုကို တစ်သက်လုံး ရနိုင်တာပါ (ကျောင်းသားတွေရဲ့ တစ်သက်တာကိုပြောတာပါ)။
    စွယ်တော်ရွက်ရဲ့ ဆရာလို ဆရာမျိုးတွေ များများရှိရင်ကောင်းမှာပဲလို့တွေးမိတယ်။ Green Rose တို့ တိုင်းပြည်ရဲ့ အနာဂါတ်အတွက် လူငယ်တွေကို ကောင်းမွန်မှန်ကန်သော လမ်းညွှန်မှုပေးနိုင်မယ့် ဆရာတွေလိုအပ်ပါတယ်။ နယ်ပယ်အသီးသီးမှာ လိုအပ်ပါတယ်။ ဘာသာရပ်ဆိုင်ရာ ပညာရပ်တွေ ထူးချွန်ဖို့လိုအပ်တာထက် မှန်ကန်တဲ့တွေးခေါ်မှုတွေရှိဖို့ ပိုလိုအပ်တယ်လို့ ထင်ပါတယ်။
    ဆရာ့ရဲ့ အဆုံးအမစကားတွေကို စွယ်တော်ရွက်ကနေတဆင့် ခံယူသွားပါတယ်။ ဟန်ပြသက်သက် မဖြစ်ဖို့ဆိုတာလေးကို သဘောကျတယ်။ ကြိုးစားပါ့မယ်။

  • ကိုစွယ်တော်ရွက်တို ့ဆရာလို မျိုးဆရာတွေ အများကြီးပေါ်လာစေချင်ပါတယ်။
    တကယ်ကို လူရော၊စိတ်ပါ အနစ်နာခံပေးဆပ်ဝံ့တဲ့ ဆရာတွေတိုင်းပြည်မှာ
    ရှားပါးလာနေပီနော်။စောင့်ပြီး အားပေးနေမှာပါ။

  • Swal Taw Ywet

    February 8, 2012 at 10:56 pm

    Darlay ရေ
    အားပေးတဲ့အတွက် ကျေးဇူးပါ။
    မြန်မာလိုတင်နိုင်အောင် အချိန်တွေပေးနေရလို့ပါခင်ဗျ။
    စိန်ပေါက်ပေါက်ရေ
    (With respect, Swal Taw Ywet ) လို့ ညီ/အကို? စခေါ်ပေးလိုက်တာလေး Heart ထိသွားလို့ အမြဲသုံးနေမိတာပါဗျာ။ (မှတ်မိသေးလား? ရွှေကြက်ယက် ဘူဖေးဆိုင်မှာ comment တွေနဲ့ ဝက်သားဟင်းတောင်းစားတုန်းက)
    အားပေးတဲ့အတွက် ထပ်ရေးနေပါတယ်။
    Awra – Cho
    လျှပ်စစ်ညီနောင်တွေပေါ့ ….နော..
    တခြားဆရာတွေလည်း ရှိနေသေးလို့ ဆရာ့နာမည်ကိုတော့ မတင်ပါရစေနဲ့။ “သူ့နာမည် မပြောလို့” ဆိုပြီး ဆရာကလည်း စိတ်ကွက်မယ် မထင်ပါဘူး။ မုံရွာကျောင်းမှာတော့ နာမည်ကြီးပါတယ်။ (စာမေးပွဲခန်းတွေ ဆို သူတာဝန်မကျ ပါစေနဲ့လို့ ဆုတောင်းမိတဲ့ အထိပါ။)
    မှန်ပါတယ် ကိုထူးဆန်း
    GTI ကျောင်းတွေ တော်တော်များများ မူလနေရာမှာ မရှိရှာကြတော့ပါဘူး။ တိုင်လုံးကြီးတွေနဲ့ အလှပြထားတဲ့ အတွင်းဗလာ အဆောက်အဦးတွေဆီ အဝေးကြီးကို ပြောင်းလိုက်ကြရပါပြီ။ ကျနော်တို့ မုံရွာ GTI လည်း မုံရွာအထွက် မြို့သစ်ကနေ အခု မုံရွာအဝင် ဗောဓိတစ်ထောင်ကို ရောက်သွားရပါပြီ။
    Green Rose ခင်ဗျား
    ဟုတ်ကဲ့၊ ကျနော်တို့ ကံကောင်းခဲ့ပါတယ်။ ဒါပေမယ့် နောက်လူတွေ (ယနေ့လက်ရှိ ကျောင်းသူ/ကျောင်းသားတွေ ) ကံမကောင်းဘူးလို့ ဆိုချင်ပါတယ်။
    ကျောင်းတက်ဖို့ အဝေးကြီးသွားနေရတာ၊ ဆရာ/ဆရာမပိုင်း၊ သင်ထောက်ကူပိုင်းမှာ အားနည်းမှု ပိုများလာနေတာ၊ Valentine’s Day လိုပြင်ပ ပယောဂ ဖိအားတွေ ဆွဲဆောင်မှုတွေ ပိုများလာနေတာ….စသည်… စသည်……
    ရင်းစားရအောင် အများကြီး ပြန်ကြိုးစားတည်ဆောက်ရမယ့် အခြေအနေထိ ဖြစ်သွားပါပြီ။ ဇောက်ထိုးဆင်းနေတယ်လို့ ကျနော့် အရင် post မှာ ရေးထားခဲ့တာလေး refer လုပ်ပါရစေ။
    ဘာသာရပ်ဆိုင်ရာမှာ ကျွမ်းကျင်ထက်မြက် ပြည့်ဝတဲ့ အပြင်၊ ဘယ်လိုပြန် “ သင်” ပေးရမလဲဆိုတာကိုသိတဲ့ ဆရာတွေ များများ ရှိလာစေချင်ပါတယ်။
    ဆရာအောင်သင်း ရည်ညွှန ်းခဲ့တဲ့ ကျောင်းသားတွေကို စာတင်မက စိတ်ကိုပါ သင်ပေးနိုင်တဲ့ ဆရာ၊ ကျောင်းသား ကျောင်းသူတွေရဲ့ စိတ်ထဲ နှလုံးသားထဲမှာ ပညာမွတ်သိပ်မှု ပျိုးထောင်ပေးလိုက်နိုင်မယ့် ဆရာတွေ အများကြီးလိုအပ်နေကြောင်းပါ။
    “ကြိုးစားပါ့မယ်ဆိုတာ” လည်း ဟန်ပြသက်သက် မဖြစ်ပါစေနဲ့နော့….
    အတိသဉ္စာနာဂရချစ်သူရေ….
    မှန်ပါတယ်… ရှားပါးလာနေတာ မရှိနိုင်သလောက်ပါဘဲ။ နိုင်ငံတော်ရဲ့ အနာဂါတ်အတွက် အများကြီးလုပ်ရပါဦးမယ်။ လူမှန်တွေ နေရာရ ယုံမက လုပ်ပိုင်ခွင့်ရမှ မှားယွင်းနေတဲ့ စနစ်ကြီးကို ပြင်နိုင်မှာ ဖြစ်ပါတယ်။ ညီညွှတ်ဖို့လည်း လိုပါတယ်။ ကြိုးစားကြအုံးစို့ရဲ့

    With respect,
    Swal Taw Ywet.

Leave a Reply