ko sixJanuary 16, 20171min2755
ရုပ်တည်ကြီးနဲ့ ဖဲကြိုးဖြတ်တယ် စက်ခလုတ်နှိပ်တယ် လိုက်ကာကို ဆတ်ခနဲဖွင့်လိုက်တယ် ဝင်လာတာက လေပြေကြားမှာ ပြဿ နာညှပ်ထားတဲ့ ဟမ်ဘာဂါ မြင်ရသလောက် နင်နေတယ်။ ကိုစစ်


ko sixJanuary 5, 20171min1974
ခဏလေးဖြစ်ဖြစ် အနာတရမေးခွန်းတွေ ရပ်နားပေးဖို့တောင်းဆိုပါရစေ။ ခဏလေးဖြစ်ဖြစ် စဉ်းစားစရာအနာဂတ်တွေ မေ့ထားပါရစေ။ ခဏလေးဖြစ်ဖြစ် သံယောဇဉ်ဆိုတဲ့စကားလုံး မဖတ်ပါရစေနဲ့။ ခဏလေးဖြစ်ဖြစ် မိသားစုတမ်းချင်းဆိုတာကို ခေါက်ထားပါရစေ။ ခဏလေးဖြစ်ဖြစ် အချစ်အကြောင်းကို စာမျက်နှာကျော်ဖတ်ပါရစေ။ ခဏလေးဖြစ်ဖြစ် အမှားအမှန်ရွေးချယ်ခြင်းကို မကြည့်ပါရစေနဲ့။ ခဏလေးဖြစ်ဖြစ် ဆက်သွယ်ရေးဧရိယာပြင်ပကို သွားပါရစေ။ ခဏလေးဖြစ်ဖြစ် ယုံကြည်မှုဆိုတာကို ဘေးနားချထားပါရစေ။ ခဏလေးဖြစ်ဖြစ်ပါ မနှောက်ယှက်ကြပါနဲ့ ဒီမှာ…… ဦးနှောက်ထဲထိ စူးစူးနစ်နစ် စိုက်ဝင်နေတဲ့ အပျက်အစီးတွေကို ခြေတုန်လက်တုန် ပြင်ဆင်နေရလို့ပါ။ ခဏလေးဖြစ်ဖြစ် ကျနော်စကားကို နားထောင်းပေးကြစမ်းပါ။ သက်ရောက်မှုဘဝမှာ အကယ်ဒမီမှန်းထားတဲ့အတွက် ကျနော် အစွမ်းကုန်သရုပ်ဆောင်နေရလို့ ခဏလေးဖြစ်ဖြစ် မီးမှိတ်၍ ကျနော့်ကို မေ့ထားလိုက်ကြပါဗျာ…..။ ကိုစစ်


ko sixJanuary 2, 20171min2172
အဲဒီနေ့ဟာ ကောင်းကင်ကိုဖြစ်စေ မြေကြီးကိုဖြစ်စေ မိဘကိုဖြစ်စေ တိုင်တည်ပြီး ရှင်သန်မှုမှာ အချည်းနှီးမဖြစ်စေဖို့ ဝိမုတ္တိလမ်းပေါ်က လမ်းညွှန်မြားတစ်ကြောင်းဖြစ်ကြောင်း ဂရုတစိုက် မောင်းနှင်ရမယ့် တဏှာတပ်ယဉ်တစ်ခုပါ။ မွေးနေ့ဆိုတာ သေဖို့အတွက် လှေကား တစ်ထစ်တက်တာလား။ တစ်ထစ်ဆင်းတာလား။ မရဏက မွေးနေ့နဲ့ဖြားယောင်းပြီး အသက်ရှင်ခြင်းမှာ မလိမ့်တပတ်ပျော်နေစေတယ်။ ငယ်ရွယ်မှုကိုပြပြီး အနိစ္စကို သတင်းအမှောင်ချထားတဲ့ နိုင်ငံဖြစ်​​နေတယ်​။ ပရိဒေဝကို အမှုန့်ကြိတ်ထားတဲ့ ပေါင်ဒါစက်ရုံတစ်ရုံဖြစ်​နတယ်​ တကယ်ဆို မွေးနေ့ဆိုတာ သေဖို့အတွက် မွေးဖွားလာတဲ့ မရဏဖွား ဖြစ်တယ်ဆိုတာက အမှန်တရားစစ်စစ်ပါ ကိုယ့်လူရယ်။ ကိုစစ် 1၊ 1၊ 2017 တနင်္ဂ​​နွေနေ့ ××××××


ko sixDecember 11, 20161min3916
လေဆာနဲ့ထိုးလိုက်တဲ့ အသစ်လွင်ဆုံးမြစ်ပါ။ လက်ခံရရှိကြောင်း လက်မှတ်ရေးခြစ်လိုက်ပါတယ်။ အပျော်နဲ့ အပျော်ကို ထွန်းရင်း အလင်းနဲ့ ရင်ဘတ်အချင်းချင်း တီးခတ်ကြရအောင် ဟော ခြေမကြားမှာ သီးနေတဲ့မျက်ရည်တွေ တကယ်တော့ ငိုခြင်းလို့ အဓိပ္ပာယ်မဆောင်ပါဘူး။ အပျော်ဆိုတာ အဲလိုလေး ညှိရလွယ်ပါတယ်။ ကိုစစ် 12.11.2016


ko sixJune 15, 20161min3234
သမိုင်းက အများသူငှာဖတ်ကောင်းအောင် ဖာထေးထားပါတယ်။ ဆိုတော့ အမြစ်က လှန်သည်ဖြစ်စေ မလှန်သည်ဖြစ်စေ မခန့်မသင့်တိုင်း ပုတ်သင်ဥက ပေါ်မှာပါ။ အားတင်းထားပါတယ် ကီလီမန်ဂျာရိုးတောင်ကိုတက်ဖို့ ၁၉၄၈ ဆံပင်ကေလေးနဲ့။ ကိုစစ်


ko sixMay 11, 20161min2646
အရှေ့အနောက်မသိဘဲနဲ့ တိမ်တွေတက်မလာပါဘူး။ ဘဝဆိုတာ အထက်မီးအောက်မီးနဲ့ ကျက်ရတဲ့မုန့် မဟုတ်လား။ အပြုံးချိုသည်ဖြစ်စေ အပြောလှသည်ဖြစ်စေ အမြီးအမောက်တည့်တည့်ရွတ်မှရတဲ့ ကိုယ့်ကျင့်တရားလေး အရောင်မတင်တတ်ရင် ရောင်းတန်းဝင်မုန့် ဘယ်တော့မှ မဖြစ်တော့ဘူး။ သားသတ်လွတ်စားသော်လည်း အချိုမှုန့်မလွတ်တဲ့အခါ အသက်တစ်ရာမနေရကို အေးအေးလူလူလှည့်လည်ရင်း လူပဲ ပျံကာသန်းကာ သေဖို့ စဉ်းစားထားပါတယ်။ ကိုစစ်


ko sixApril 28, 20161min41912
လေတိုက်သလို ကျည်ဆံတွေဟာ နားနဲ့မဆံ့ မှန်မလိုပါဘူး မျက်လုံးတွေဖွင့်ထားပုံက အလကားသက်သက် ရီကော်ဒါပါ အသံဆိုတာ နရံခြားထားလည်း ကြားရပါတယ်။ ဆိုတော့ကာ အမှောင်ထဲမှာ စကားလုံးတွေကို အရောင်ခွဲနိုင်နေမှတော့ ကောင်းတာတွေကို ရွေးကောက်ပေါ့ အသံကြောင့် သေသွားတဲ့ ရာဇဝင်ရုပ်လေး မျက်နှာချင်းဆိုင်က မျက်လုံးမှာ တက်တူးအဖြစ်ထိုးထားပါတယ်။ ငါတို့ တိုးတိုးလေးသုံးဖို့ အသံသွင်းထားကြရအောင် ကိုစစ်


ko sixApril 27, 20161min2846
ရာသီဥတုက နောက်ပြန်အဆောင်းခံထားရတဲ့ ဦးထုပ်လို ခဏခဏ ထညှိနေရတဲ့ ဆေးလိပ်လည်း ဖောက်ပြန်မှုအသစ်စက်စက်မှာ တောက်လောင် ကိုယ့်ညံ့ရင်ညံ့သလောက်ချစ်ကြတဲ့ ရေရောထားသော ကျွဲမြီးတိုပြဇာတ် ငါ ထိုအရာမှာ မီးထိသွားတဲ့ ခရမ်းချဉ်သီးလို စိတ်ရောကိုယ်ပါ ရှုံ့တွတွ ဖြစ်နေတယ် ယုံပါ အလင်းလေးရေ မြင်မကောင်း ကြားမကောင်း တဖြောင်းဖြောင်းနဲ့ကြေမွနေပါတယ် အချစ်တဲ့လား လူတိုင်းသိနေတဲ့ ပက်စ်ဝပ် ငါ့ကျမှ ဖြည်မရ ဖွင့်မရ တစ်ဖက်သားရဲ့ဓာတ်ပြယ်မှုမှာ ငါ့အလွမ်းက စည်ပင်သိမ်းခံရတော့မယ့် အမှိုက်တစ်စ တခမ်းတနားနဲ့ကို ငရဲကျနေခဲ့ပါပြီ ချစ်သူ။ ။ ကိုစစ်


ko sixApril 8, 20161min3566
ငါ တစ်ယောက်တည်း အနော်ရထာကို တွက်တယ်။ ငါ ကျန်စစ်မင်းရဲ့ပုံသေနည်းကို မှတ်တယ်။ ငါ ဗိုလ်ချုပ်အောင်ဆန်းရဲ့သီအိုရီကို မြှောက်တယ်။ ငါ ငါ ငါ တွက်တယ်။ နာရီထဲမှာပုန်းနေတဲ့ သမိုင်းကွင်းဆက်တွေက ၆၀%လောက်တောင် မပျော်ဝင်ဘူး။ ကဲ မနေ့ထဲက ဒီနေ့ကို နုတ်လိုက်ရင် မနက်ဖြန်ကျန် မကျန် တွက်တတ်တဲ့သူတွေ ဖွင့်ထားတဲ့ တံခါးကနေ ပြန်ထွက်သွားပါတော့။ ။ ကိုစစ်


ko sixMarch 28, 20161min2757
လူ့ဘဝက ဘယ်ဈေးနဲ့ ဝယ်လို့ရမလဲတဲ့ မီးမလင်းတဲ့ လမ်းမှာ လူတစ်ယောက်ရဲ့မေးခွန်းပါ။ အမှောင်ဟာ မသန့်ရှင်းမှုပေါ်မှာ ကွက်ပြီး လင်းတယ်လို့ အဲဒိအမြင်ကပဲ ဘာမဆိုင်ညာမဆိုင် အရောင်တွေထဲမှာ အလင်းဟာ နာမည်မရှိဘူးလို့ ဖြေလိုက်တယ်။ လက်ကနဲအရာတစ်ခုက မောဟသာဆိုရင် မှန်မှန်ဖြေပေတော့ ငါနဲ့မင်း ဘယ်သူကလူလဲတဲ့။ မသိနိုင်ခြင်းဆိုတာ ပန်ကာပေါ်က ဝက်အူပါလို့ ဖြေလိုက်တယ်။ အဲဒီလိုနဲ့ပဲ လူယုတ်မာတွေ အစာဝနေတုန်း။ ကိုစစ်


ko sixMarch 25, 20161min2466
ဒီရေအကျမှာ တိုက်စားခံလိုက်ရတဲ့ နှဲသမားပါးလို အဆီအဆိမ့်စားလိုသောအခါ သူ့မျက်နှာက မျက်နှာလွှဲခဲပစ် ဘယ်သူယုံမတဲ့လဲ ဗိုလ်ချုပ်ပုံပါတဲ့ ငါးပြားစေ့လေးတစ်စေ့ ညအိပ်ညဉ့်နေ သုံးရက်လောက် ပျော်ပါးခဲ့ဖူးတာကလွဲလို့ ခေါင်မလုံတဲ့အိမ်ကလေးမှာ ခဏခဏ လျှော်ဖွတ်နေရတုန်း။ ကိုစစ်


ko sixMarch 22, 20161min42713
ခေတ်ထဲ ညှို့ချက်ပြင်းပြင်းနဲ့ ပေါက်ဖို့ ကိုယ်ကျင့်တရားကို အောက်ဈေးနဲ့ဖွင့်ချလိုက်ပြီဆို။ မချောကိုပြောလိုက် ရုပ်ကတော့ ၁၆ ပဲရည်အပြည့် စိတ်ဓာတ်က ပေမမီကိုက်မမီ ထိုးသိပ်ထားမှတော့ ပန်းဆိုးတန်းသီချင်းကို ငြီးတတ်တာ အဆန်းလား။ မချောကို ပြောလိုက် ဒုက္ခက ဆားနဲ့တိုးစားရုံနဲ့ အချဉ်ပြေတာမဟုတ်ကြောင်း။ မချောကို ပြောလိုက် စာရိတ္တဆိုတာ သုံးမိနစ်စောင့်ရုံနဲ့ စိုထိုင်းလာတာမဟုတ်ဘူး။ မချောကိုပြောလိုက် ကိုစစ်ဆိုတာ သံပုရာသီးသည်ရဲ့သားပါကွာဆိုပြီး ချဉ်ချင်လည်းချဉ်ပေါ့။ ဓာတ်လိုက်ပြီဆိုမှ ပလပ်ခေါင်းဖြုတ်လို့မရတော့ဘူးဆိုတာ မချောကို ပြောဖြစ်အောင် ပြောလိုက်နော့။ ကိုစစ်


ko sixJanuary 23, 20161min3077
၁၂ ရာသီလုံး ခဲနေခဲ့ရ အနာဟောင်းတစ်လုံးက မီးသင့်ကျောက်လို မာမာကျောကျော မြက်တောထဲမှာ အရွက်တွေ အထပ်လိုက်ပြတ်နေတဲ့ သစ်တစ်ပင်ဟာ အမြဲစိမ်းတောထက် ပိုပြီး စိမ်းလို့။ ငှက်တစ်သောင်းလား။ နားသည်လား မနားသည်လား မမှတ်မိ။ မိုးတိမ်တွေကတော့ အသွင်ပြောင်းသွားတဲ့ ငယ်ချစ်ဆီမှာ သစ္စာတွေ အမြစ်တွယ်နေတုန်း။ ၁၁ ဂဏန်းပဲ မြေပုံပေါ် တစ်လှည့်စီ စောင့်ရှောက်နေတယ်။ ကိုစစ်