အင်္ဂလိပ်ဝေါဟာရမကြွယ်ဝ၍ မိမိပြောလိုသည့်စကားလေးများကို ရင်ထဲ၌ပင်သိမ်းဆည်းထားလိုက်ရသည့် အတွေ့အကြုံမျိုး ကြုံဖူးကြသူများရှိပါလိမ့်မည်။ ဘယ်ဘာသာစကားကို သင်ယူရာ၍မဆို ဝေါဟာရများများစားစားမသိသူများအနေနှင့် စကားပြောရာ၌လည်းကောင်း၊ စာရေးရာ၌လည်းကောင်း အခက်အခဲများတွေ့ရသည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။ သို့ဖြစ်၍ ဝေါဟာရကြွယ်ဝလာအောင် Dictionary တအုပ်လုံးကို အလွတ်ကျက်မှတ်ရမှာလားဟု မေးစရာဖြစ်လာပါသည်။ စင်စစ်မလိုအပ်လှပါ။ တကယ်တော့ ဝေါဟာရကြွယ်ဝလာအောင် လုပ်သင့်သည့် လုပ်နိုင်သည့်နည်းလမ်းကောင်းများ ရှိပါသည်။ ဝေါဟာရအသစ်များကို လေ့လာကျက်မှတ်သည့် နည်းလမ်းကို ခေတ္တခဏ မေ့ထားပြီး မိမိနှင့်ရင်းနှီးပြီးသား၊ တနည်းအားဖြင့် မိမိနှင့်အကျွမ်းတဝင်ရှိပြီးသား စကားလုံးလေးများကို တိတိကျကျ၊ ထိထိမိမိ၊ လှလှပပသုံးစွဲတတ်အောင်ကြိုးစားကြရအောင်။ ဤနည်းကပိုမိုထိရောက်ပါသည်။ တတ်ရန်လည်းပို၍မြန်ပါသည်။ ဥပမာအားဖြင့် Look ဟူသောစကားလုံးလေးကို ကြည့်ကြရအောင်။ အင်္ဂလိပ်စာကို အနည်းအပါးလေ့လာထားသူတိုင်းအတွက် ရင်းနှီးပြီးသား စကားလုံးလေးဖြစ်ပါလိမ့်မည်။ ” ဒါလေးများသိတာပေါ့” ဟု၊ ” ဒါလောက်တော့ သုံးတတ်တာပေါ့ ” ဟု ထင်ကြပေလိမ့်မည်။ […]