အန်တီပဒုမ္မာနဲ့ အိတုန်းတို့ရဲ့ စာကိုဖတ်ပြီးတဲ့နောက်မှာ ကျွန်တော်ကိုယ်တွေ့ အိမ်သာနဲ့ပတ်သက်တဲ့ စွန့်စားခန်းကြီးတစ်ခုကို သတိရပြီး အိမ်သာအကြောင်းဓာတ်ကျနေတဲ့ သူငယ်ချင်းတွေအတွက် အမှတ်တရ ရေးလိုက်မိပါတယ်…

Base on True Story ပေါ့နော်…

ကျွန်တော် (၁၀)တန်းအောင်ပြီးလို့ မျက်စိလည်လမ်းမှားပြီး GTI ကိုတက်တဲ့အချိန်…

ကျွန်တော့သူငယ်ချင်းတွေအများကြီးထဲမှာ ကျွန်တော့ကို ညီအစ်ကိုအရင်းလိုချစ်တဲ့ ပလောင်လူမျိုးသူငယ်ချင်း တစ်ယောက်ရှိပါတယ်…

နယ်ကနေပြီး ကျောင်းလာတက်တဲ့သူဖြစ်တဲ့အတွက် ငွေရေးကြေးရေးအခက်အခဲရော၊ ပေါင်းသင်းဆက်ဆံရေး၊ သွားရေးလာရေးအခက်အခဲပါရှိတဲ့သူ့ကို ကျွန်တော်ကသွားလေရာခေါ်သွား…သူငယ်ချင်းအပေါင်းအသင်းများ လာအောင်…

အစစအရာရာကူညီခဲ့လို့ သူကလဲကျွန်တော့်ကို ညီအစ်ကိုအရင်းအလားချစ်ခင်ပြီး တပူးပူးတတွဲ တွဲပေါ့…

ကျောင်းမှာ သေသေ၀ပ်ဝပ်နဲ့ စာကြိုးစားတဲ့အထဲမှာသူပါပေမယ့်…စာထက်စိတ်ဝင်စားတာကို အလေးပေးတတ် တဲ့ကျွန်တော့်ကို သူစကားသံဝဲ၀ဲနဲ့ ဆုံးမဖို့ကြိုးစားတာလဲ အကြိမ်ပေါင်းမနဲပေါ့…

အဲဒီလို ဆုံးမမှုကို မနာခံတဲ့ကျွန်တော်က စာမေးပွဲကျပြီး ကျောင်းထွက်လိုက်ရပေမယ့်…သူကတော့ သူတတ်တဲ့ ပညာနဲ့သူ့ရွာကို ပြန်ပြီးအလုပ်ကျွေးပြုစုနေလေရဲ့…ရွာနီးချုပ်စပ်က ဆိုင်ကယ်တွေပြင်ပြီးပေါ့လေ…

အလုပ်ကိစ္စနဲ့ လွိုင်ကော်သွားဖြစ်တော့ ကျွန်တော်ဝင်တွေ့ခဲ့ပါသေးတယ်…

ကျွန်တော် ဒုတိယနှစ်စာမေးပွဲကို ဂုဏ်ထူး(၂)ဘာသာနဲ့ ကျပြီးတဲ့နောက်…

ဂုဏ်ထူး(၂)ဘာသာနဲ့ကျတယ်ဆိုလို့ စိတ်ဝင်စားမယ်ဆိုရင်ပြောပြပါမယ်…

ကျွန်တော်က တလွဲကောင်ဗျ…GTI တက်တော့ Applies Mechanic နဲ့ Drawing ဘာသာရပ် (၂)မျိုးကို ကျွန်တော်အရမ်းခိုက်ပြီး…ကျန်တဲ့ဘာသာတွေကို စိတ်မ၀င်စားတာအမှန်…

အဲဒီ (၂)ဘာသာရဲ့ စာသင်ချိန်တိုင်း ကျွန်တော်ရှိပြီး…ဆရာနဲ့ ဆရာမက စာတော်တဲ့ကျောင်းသားလို့ သတ်မှတ်ပေမယ့်

ကျန်ဆရာဆရာမတွေရဲ့ သြဘာပေးမှုကတော့ အတိုင်းထက်အလွန်ပဲ…

နောက်ဆုံး စာမေးပွဲဖြေတော့ (၂)ဘာသာဂုဏ်ထူးထွက်ပြီး…ကျန်တဲ့ဘာသာတွေအားလုံးဆွဲတင်မရအောင် ကျခဲ့တဲ့အဖြစ်ပါ…

အဲဒီတော့ နောက်နှစ်စာသင်နှစ်မှာ ကျောင်းပြန်တက်ဖို့ ကျွန်တော်စိတ်မပါတော့သလို ကျောင်းထွက်ဖို့ ကျွန်တော်ဆုံးဖြတ်လိုက်တော့…ကျွန်တော့သူငယ်ချင်း ပလောင်လေးက ကျောင်းပိတ်လို့သူရွာအပြန် လိုက်လည်ဖို့ ဖိတ်တယ်…ဖိတ်တယ်ဆိုတာထက် နောက်နှစ်မတွေ့ရမယ့် သူငယ်ချင်းကို ရွာကို အလည် အတင်းခေါ်တယ်ဆို ပိုမှန်တာပေါ့…

အဲဒီလို ကျွန်တော့်ကို ခင်တာ…

အဲဒီလိုနဲ့ ရှမ်းတောင်ပိုင်းမှာ အမြင့်ဆုံးဖြစ်တဲ့ ပင်လောင်းမြို့နယ်ထဲက သူငယ်ချင်းရွာကိုအလည်အပတ်လိုက်ဖို့ ကံကြမ္မာက ဖန်လာတော့တယ်..

ပင်လောင်းမြို့ကနေပြီးတော့ မြင်းလှည်းနဲ့ တစ်နာရီခန့်သွားပြီး စိုက်ခင်းတွေဖြတ်ပြီး တစ်နာရီလောက်လမ်းလျှောက်မှ

အိမ်ခြေ အလုံး (၂၀)လောက်ရှိတဲ့ရွာကြီးတစ်ရွာကိုရောက်ပါတယ်…သူငယ်ချင်းရဲ့ဇာတိချက်ကြွေမွေးရပ်မြေပေါ့…

အိမ်ကိုရောက်တော့ သူ့အမေနဲ့ အဖေကပညာမတတ်ပါဘူး…တောင်ယာလုပ်ပါတယ်…အဖေကတော့ သေစာရှင်စာဖတ်တတ်ပြီး

မျှော်မြင်တတ်တယ်လေ…တစ်ယောက်ထဲရှိတဲ့သားကို မြို့ပို့ပြီး ကျောင်းထားပေးမယ်…သူတို့ဘ၀က တကယ်တော့မလွယ်ပေဘူး…

ရွာလေးရဲ့နာမည်ကို မေ့တေ့တေ့ဖြစ်နေပေမယ့်…ရွာလေးရဲ့ရာသီဥတုက အမြဲအေးနေပြီး တောင်ခြေနားမှာဖြစ်နေပြန်တော့

နေရောင်ကို မနက်ပိုင်းခဏလောက်သာရပြီး…ကျန်တဲ့အချိန်တွေမှာ နေရိပ်ပြီးအေးနေတဲ့ဒေသလေးဖြစ်ပါတယ်…

ပလောင်လူမျိုးများ အများစုနေထိုင်တယ်လို့သိရပြီး…တောင်ယာစိုက်တဲ့အလုပ်နဲ့ အသက်မွေးကြပြီး၊ သီးနှံအလွန်တရာဖြစ်ထွန်းတဲ့ဒေသပေါ့… လက်ဘက်ပင်ကြိုက်တတ်တဲ့ရာသီဥတုမျိုးလို့လဲပြောကြသေးတယ်…

တောင်ကြီးကနေထွက်တာနောက်ကျတော့ ကျွန်တော်တို့ ရွာရောက်ချိန်ကညနေပိုင်း(၅)နာရီလောက်ဖြစ်နေပါပြီ…

ခဏနား စမ်းရေအေးအေးလေးချိုးပြီး၊ ခေါင်ရည် နွေးနွေးလေးနဲ့ သူငယ်ချင်းအမေချက်ပေးတဲ့ ရှမ်းဆန်စေးစေးထမင်းနဲ့ ၀က်သားဟင်းကို ကျွန်တော်တစ်သက်မမေ့ပါဘူး…မောလဲမော ဆာလဲဆာဆိုတော့ တော်တော်စားဝင်သွားတယ်…

အသားငါးရှားတော့ အသီးအရွက်ချည်းနေ့တိုင်းစားနေရတဲ့မိသားစု၊ သားငယ်အိမ်အပြန်မှာ အသားဟင်းနဲ့ အတူပါလာသူသူငယ်ချင်းကျွန်တော့ ကို ကျွေးချင်တဲ့စိတ်နဲ့တစ်ပတ်လောက်ကြိုပြီး စီစဉ်ရတယ်လို့ သိရတော့…စိတ်မကောင်းဖြစ်မိသွားတယ်…

(၅)ရက်တစ်ဈေးကို သွားနိုင်ရင်သွား၊ မသွားနိုင်ရင် ရွာထဲမှာ ၀က်ပေါ်ပြီးရောင်းမှ အသားစားရတဲ့လူတွေပါ…

တစ်အိမ်အိမ်ကများ ၀က်ပေါ်လို့ကတော့ တစ်ရွာလုံးဝက်သားချည်းချက်ကြတာဗျ… အင်တာနက်ဆိုတာ ဘာမှန်းမသိ၊ တယ်လီဖုန်းဆိုတာမရှိပေမယ့်   စေတနာနဲ့ရိုးသားမှုကတော့ ပြည့်စုံပါတယ်ဗျာ….

နောက်ထူးခြားတာတစ်ခုက အိမ်က ခြေတံရှည်အိမ်… ၆ပေအမြင့်လောက်ရှိတယ်…

လှေကားက သေတပ်ထားတာမဟုတ်ပါဘူး…

၈လက်မခန့်ရှိတဲ့ သစ်သားလုံးကို အထစ်လေးတွေထွင်းပြီး ၀င်ပေါက်မှ ချိတ်တင်ရုံတင်ထားပါတယ်…

ညပိုင်း အိပ်ချိန်ကျမှ အဲဒီသစ်သားထွင်းလှေကားကို ကန်ချပြီး အိပ်ရပါတယ်…တံခါးသော့ခတ်စရာမလိုပါ…

မနက်မိုးလင်းရင်ဖြင့် အိမ်မှာရှိတဲ့လူတစ်ယောက်ယောက်က အိမ်အောက်ကိုခုန်ချ၊ ကန်ချထားတဲ့လှေကားကို ပြန်တပ်ပေးပြီး ကျန်တဲ့လူတွေဆင်းစေပါတယ်…အိမ်သော့ခတ်နီးတစ်မျိုးပေါ့…

အိမ်လေးအကြောင်းကိုဆက်ပြောပါမယ်…

တောင်ယာခုတ်ရင်းရတဲ့သစ်နဲ့ဆောက်ထားတဲ့ သစ်သားအိမ်၊ အမိုးကတော့ အင်ဖက်မိုးပေါ…ခြေတံရှည်အမျိုးအစားပါ…

အိမ်အောက်ခြေကို ၀ါးနဲ့ရက်ထားတဲ့ ထရံကြဲကြီးပတ်ထားတယ်…

ညဘက်တုန်းက အသံကြားလို့ မေးတော့ သူငယ်ချင်းက တိရစ္ဆာန်တွေမွေးတာတဲ့…ရွာဓလေ့လို့လဲပြောသေးတယ်…

အခန်းဖွဲ့စည်းပုံကတော့…

လှေကားကနေတက်ရင် မီးဖိုချောင်ကိုအရင်ရောက်ပါတယ်…ပြီးမှ အလယ်လမ်းအတိုင်လျှောက်သွားရင် ဘယ်ညာ အိပ်ခန်း(၂)ခန်း၊ ပြီးတာနဲ့ နောက်ဘက်ကို ပေ၂၀လောက်လျှောက်သွားမှ အိမ်သာကိုရောက်ပါတယ်…

ဧည့်ခန်းမရှိသလို မီးဖိုချောင်၊ ထမင်းစားခန်းနဲ့ ဧည့်ခန်းဟာ တစ်ခန်းထည်း အဆင်ပြေသလိုသုံးကြတာပေါ့…

ရေချိုးတာကတော့ တောင်ကျရေရှိတဲ့နေရာကိုသွားပြီး ရာသီဥတုအေးအေးမှာအပြေးလေးချိုးကြရတာပေါ့…

ညဘက်အိပ်တော့လဲ ကြမ်းကြားကြဲကြဲလေးက လေတိုးရင် အသဲခိုက်အောင်အေးပါတယ်…

ပြသနာက မိုးလင်းမှစတာပါ…

မနက်မိုးလင်းတော့ တောင်ယာခုတ်ကို သူငယ်ချင်းအဖေနဲ့အမေက မနက်အစောကြီးကတည်းကထွက်သွားပြီ

သူငယ်ချင်းကလဲ ကျွန်တော်စားဖို့ ရွာထဲကို ကြက်ဥသွားရှာတဲ့အချိန်…ကျွန်တော် အိပ်ယာနိုးလာပါတယ်…

ကျွန်တော့အကျင့်က အိပ်ယာနိုးတာနဲ့ မျက်နှာမသစ်သေးပဲ တန်းပြီး အိမ်သာထဲဝင်တတ်ပါတယ်…

အဲဒီတော့ ကျွန်တော်လဲ သူပြထားတဲ့ အိမ်သာထဲကို အသင့်ပါလာတဲ့ အိမ်သာသုံးစက္ကူလေးကိုင်ပြီးဝင်သွား…

အိမ်သာက ရေလောင်းအိမ်သာ…ဒါပေမယ့် အိမ်သာခွက်မရှိဘူး၊ ကြမ်းခင်းကိုအပေါက်ဖောက်ထားတာ…

အောက်မှာလဲ အညစ်အကျေးမရှိပဲ သန့်နေတယ်…အသစ်မို့ထင်ပါတယ်…

ကျွန်တော်လဲ စောင့်ကြောင့်ထိုင်ပြီး အားရပါးရစွန့်ထုတ်လိုက်ရော…

အောက်က..၀ုန်းဝုန်းဆိုတဲ့အသံကြားလို့ ငုံ့ကြည့်လိုက်တော့… အောက်က ကိုယ့်ကိုမော့ကြည့်နေတဲ့မျက်နှာတစ်ခု..

ဟိုက်…၀က်တွေ…စုစုပေါင်း (၃)ကောင်…

ကျွန်တော့ စွန့်ပစ်ပစ္စည်းကို နတ်သုဒ္ဓါလို ဒင်းတို့က မျှော်နေကျတယ်…

သူတို့ကို မြင်လိုက်တော့…ကျွန်တော့်စိတ်က စွန့်ပစ်ဖို့ တွန့်သွားသလို…ထွက်ရမယ့်ကောင်ကလဲ မထွက်တော့ဘူး တင်းခံနေတယ်…

ထွက်ရမယ့်ကောင်က မထွက်၊ မထွက်တော့ အောက်ကကောင်တွေက ရှေ့လက်ကလေးမြှောက်ပြီး တောင်းခံ

သူတို့မြင်တော့ကိုယ်က ပိုမထွက်… နောက်ပြီးတော့ စိတ်မရှည်လို့ ခုန်ပြီးဟတ်လိုက်မှဖြင့် လူညွှန့်တုံးရချည်ရဲ့ဆိုပြီး

သန့်ရှင်းရေးမြန်မြန်လုပ် အိမ်သာမှထွက်ခဲ့ပါတယ်…နောက်တစ်နေ့ပြန်လာတဲ့အထိ အစားကိုလျော့စား၊ ၀မ်းကိုအောင့်ထားပြီး အိမ်ပြန်ရောက်မှပဲ…အားရပါးရ အပူအပင်ကင်းကင်း အိမ်သာတက်ခြင်းအမှုကို ပြုပါတော့တယ်…

မဆီမဆိုင်စဉ်းစားမိလိုက်တာက ရောက်ရောက်ခြင်းစားခဲ့တဲ့ ၀က်သားဟင်းကရော…အဲဒီအထဲက ၀က်မဖြစ်နိုင်ဘူးလားပေါ့….

အိမ်သာနှင့်ဝက်မြင်တိုင်း ကြောင်ဝတုတ်ကိုသတိရကြသည်…

 

ခင်တဲ့-

ကြောင်ဝတုတ်

၂၀၁၂၊ ဖေဖော်ဝါရီလ

About ကြောင်ဝတုတ်

ကြောင်ဝတုတ် has written 104 post in this Website..

တစ်ခါတစ်လေ... လောကကြီးအား ပြောင်းပြန်ကြည့်တတ်ပေသည်...