ဒါကတော့ ရင်ဖွင့်သံလေးပေါ့ …. ပညာရပ်တွေ ဗဟုသုတအကြောင်းတွေကို ဖတ်ပြီး ဆွေးနွေးကြ ငြင်းခုန်ကြ သူများအတွက်တော့ အဆင်ပြေချင်မှ ပြေမယ်ပေါ့ဗျ … ဒါကြောင့် စကားကို ကြိုကန်ထားပါတယ် … လှည့်ထွက်ရင်မီပါသေးတယ်ဗျ .. ဒါပေမယ့် နှစ်သိမ့်ပညာပေး ဆွေးနွေးပေးမယ့်သူများအတွက်တော့ ဖတ်ဖို့ အဆင်ပြေလိမ့်မယ်လို့လည်း ထင်ပါတယ် … ဒါက လူတိုင်းနီးပါး ခံစားနိုင်တဲ့ အချစ်ကိစ္စပဲဖြစ်ပါတယ် …
သူမဟာ ရုပ်မချောပါဘူး … ဆွဲဆောင်မှုကောင်းသော အမျိုးသမီးလည်း မဖြစ်ခဲ့ပါဘူး …. သူမနဲ့ သိကျွမ်းခဲ့တာကတော့ ၁ နှစ်လောက်ရှိပြီပေါ့ … ဒါပေမယ့်လည်း သာမန်မိတ်ဆွေတစ်ဦးထက် မပိုတဲ့ ဆက်ဆံရေးပဲရှိခဲ့ပါတယ် … သူမနဲ့ ကျွန်တော် အဖွဲ့အစည်းဌာနတစ်ခုမှာ အတူတကွ တာဝန်ထမ်းဆောင်ခဲ့ရတာပေါ့ … ဌာနခွဲချင်းတော့ မတူခဲ့ဘူးပေါ့လေ … ဒါပေမယ့်လည်း လုပ်ငန်းချင်းက တိုက်ရိုက်ပတ်သတ်မှုရှိတော့ သူမနဲ့ သိကျွမ်းခဲ့တယ် … သူမက သဘောကောင်းတယ် စိတ်ရင်းလည်း ကောင်းတယ် … မဟုတ်မခံ တည့်ဒိုး ပြောတတ်တယ် … ဒါနဲ့ပဲ ကျွန်တော်တို့ ခင်မင်ခဲ့တယ် … သူနဲ့ခင်မင်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော့်မှာ မိုင်ပေါင်း 500 ကျော် ကွာဝေးတဲ့နေရာမှာ နေထိုင်ပြီး ရန်ကုန်မြို့ကြီးမှာ ကျောင်းလာတတ်တဲ့ ချစ်သူတစ်ယောက် ရခဲ့တယ် …. ချစ်သူက ကျောင်းပြီးတော့ ချစ်သူနေထိုင်ရာ မြို့လေးဆီကို ပြန်သွားခဲ့ပါတယ် … ဒါကလည်း အကြောင်းရင်းတစ်ရပ်တော့ မဟုတ်ခဲ့ပြန်ပါဘူး… ဘာလို့လဲဆိုတော့ အဲဒီအချိန်ထိ သူမက ကျွန်တော့်ရင်ကို လှုပ်ကိုင်နိုင်စွမ်းမရှိသေးလို့ပါပဲ …. ဒါပေမယ့်လည်း အခုနောက်ပိုင်းမှာ လုပ်ငန်းတွေက ပူးပေါင်းလုပ်ကိုင်မှုတွေအရင်ကထက်ပိုမိုများပြားလာတော့ သူမနဲ့ ဆက်ဆံရတာ ပိုလာသလို … ရင်းနှီးမှုတွေလည်း တစ်စထက် တစ်စ ပိုမိုများပြားလာခဲ့ပါတယ် … သူမရဲ့ ပွင့်လင်းတဲ့စရိုက်ကြောင့်လည်း ဖြစ်မှာပေါ့ … သူမနဲ့ ကျွန်တော်နဲ့က ရာထူးအတူတူပါပဲ ဒါပေမယ့် သူက ဒီရာထူးရတဲ့နေရာမှာ ကျွန်တော့်ထက် စီနီယာတောင်ကျပါသေးတယ် … သို့သော်လည်း လုပ်ငန်းလုပ်ကိုင်တဲ့နေရာမှာ သူ့ထက် အတွေ့အကြုံများတဲ့ ကျွန်တော်ကပဲ အရာရာကို ဦးဆောင်ပေါ့ … ဂျူနီယာက ဦးဆောင်တယ်ဆိုပြီး ကန့်လန့်တိုက် ကဖျက်ကယက် မလုပ်ပဲ လုပ်ငန်းအဆင်ပြေအောင် ဆောင်ရွက်ပေးတဲ့ သူမရဲ့ စိတ်ကြောင့်လည်း သူမအပေါ် ကျွန်တော် အကောင်းမြင်တယ်ဆိုတာလည်း မငြင်းနိုင်တဲ့အချက်တစ်ချက်ပါပဲ … တစ်နေ့တော့ လုပ်ငန်းဆိုင်ရာကိစ္စတစ်ခုနဲ့ သူမထက် အဆင့်တစ်ဆင့်မြင့် အသက်လည်းပိုကြီးတဲ့ အမျိုးသမီးတစ်ယောက်နဲ့ သူမ စကားသံနည်းနည်းကျယ်ကာ အပြန်အလှန် ပြောဖြစ်ကြတယ်လေ … ဒါကလည်း သူ့ဘက်ကလည်းမမှားသလို ဟိုဘက်ကလည်း မမှန်ခဲ့ပါဘူး … အမှန်တော့ လုပ်ငန်းတွေက တစ်ခုမပြီးသေးဘူး နောက်တစ်ခု ထပ်လုပ်နေရတဲ့ကြားမှာ နားလည်မှုလွဲမှားတဲ့ကိစ္စလေးတွေပါပဲ …. ကျွန်တော်တို့ကတော့(သူမ အပါအ၀င်) သေးသေးလို့ထင်ပေမယ့် တကယ်တန်းတော့ တော်တော်ကြီးထွားတယ်ဆိုတာ နောက်နေ့မှ ကျွန်တော်လည်းသိလိုက်ရပါတယ် … လူကြီးတစ်ယောက်နဲ့ ကလေးတစ်ယောက်နဲ့ နားလည်မှုလွဲမှားလို့ ဖြစ်ပွားခဲ့တဲ့ ကိစ္စလေးကို အတော်အတန်ကြီးမားအောင် ဇာချဲ့တယ်လို့ထင်မိတယ် (ဒါကလည်း သူမ ဘက်ကို စိတ်ယိုင်လို့ သူမဘက်ကနေလိုက်ပြီး တွေးထင်မိတာလည်း ဖြစ်ချင်ဖြစ်မှာပေါ့လေ) သူမက ကိုကြောင်ကြီးတို့ အကြိုက် တရုတ်နွယ်ဝင်မိန်းကလေးတစ်ယောက်ပါ ဒါကြောင့် စကားပြောပြတ်ပါတယ် … သူမ မကောင်းကြောင်းတွေ ကျွန်တော့်အနားမှာ လာပြောနေတော့ ကျွန်တော် မခံမရပ်နိုင်ဖြစ်မိပါတယ် .. ဒါနဲ့ပဲ ညဘက်မှာ သူမဆီ အကျိုးအကြောင်း အဖြစ်အပျက်တွေရဲ့ အသေးစိတ်အကြောင်းအရာကို မေးမြန်းမိပါတော့တယ် … သူမဆီက သိရတဲ့ အကြောင်းအရာတွေကို ပြန်လည်သုံးသပ်မိတော့ ကျွန်တော်တွေးထင်မိတဲ့အတိုင်းပဲ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလွဲမှားတာကနေ တစ်ယောက်တစ်ခွန်း စကားကျယ်ကျယ်ပြောဖြစ်တယ် ဆိုတာပါပဲ … သူမ စိတ်ထဲမှာ ဘာမှမရှိဘူးလို့လည်း သိခဲ့မိတယ် … ဒါပေမယ့်သူမက ပါးနပ်တဲ့မိန်းကလေးပဲ ကျွန်တော်ဘာကြောင့်ဒီအကြောင်းတွေမေးတာလဲ … ကျန်တဲ့ အရာရှိ တစ်ချို့ရဲ့ သူမအပေါ်ဆက်ဆံတဲ့ အပြုအမူတွေက တစ်ခုခုတော့ ထူးဆန်းနေသလိုပဲ ဆိုတဲ့အကြောင်း ဆက်ပြောလာပါတယ် … ဒါနဲ့ပဲ ကျွန်တော်လည်း ကြားမိသမျှ သူ့ထံ ပြန်လည်ဖောက်သည်ချရင်း သူမအတွက် မခံမရပ်နိုင်ဖြစ်တဲ့အကြောင်း ပြောမိပါလေရော … သူမက စိတ်ဓာတ်မာကျောတယ်ထင်မိပေမယ့် တကယ်တမ်းတော့ စိတ်နုတဲ့ မိန်းကလေးမှန်းလည်း သိခဲ့ရပါတယ် … ကျွန်တော့်အတွက်တော့ မိန်းကလေးတစ်ယောက်နဲ့ ဖုန်းပြောတာ စံချိန်တင်အောင် ၂ နာရီလောက်ထိ ကြာမြင့်ခဲ့ပါတယ် … သူမရဲ့ ငိုရှိုက်သံတွေဟာ ကျွန်တော့်နှလုံးသားကို နာကျင်စေခဲ့ပါတယ် …. သာမန်သူငယ်ချင်း မိတ်ဆွေတစ်ယောက်ထက်မပိုတဲ့ နှစ်သိမ့်ပေးမှုမျိုးနဲ့ သူမကို နှစ်သိမ့်ပေးခဲ့တယ် … နောက်တစ်နေ့ မိုးလင်းတော့ သူမ အလုပ်ကနေနှုတ်ထွက်တော့မယ်ဆိုတဲ့အကြောင်း ရင်းနှီးတဲ့ အမတစ်ယောက်ဆီကနေ သိခဲ့ရပါတယ် … သူမနဲ့တွေ့တော့ သူမကလည်းဟုတ်မှန်ကြောင်း မနေ့ကအဖြစ်အပျက်တွေက သူမအလုပ်ထွက်မဲ့ ဆုံးဖြတ်ချက်ကို ပိုခိုင်မာစေခဲ့ကြောင်းလည်းပြောခဲ့ပါတယ် … ကျွန်တော် သူမနဲ့ ထပ်ဆုံဖို့ ခဲယဉ်းသွားပြီပေါ့ … ဒါပေမယ့်လည်း ကျွန်တော့်အတွက်တော့ နွေအကူးမှာ လေရူးကြောင့် အလျှင်အမြန်ကြွေကျတဲ့ ရော်ရွက်ဝါထက် ပိုမိုမြန်ဆန်စွာ နှလုံးသား တစ်စုံ ပြုတ်ကျမိပြန်ပြီပေါ့ …. တရုတ်မလေးတွေနဲ့ပတ်သက်တိုင်း ကံမကောင်းတဲ့ ကျွန်တော် အခုလည်းပဲ ကံတရားက ထပ်မံ မကောင်းခဲ့ပြန်ပါဘူး …. သူမနဲ့ တကယ်တန်း ပွင့်ပွင့်လင်းလင်းပြောကြမယ်ဆိုရင်တောင် သူမကို ချစ်နေမိတာ မသိစေချင်ခဲ့ပါဘူး … ကျွန်တော့်လက်ရှိ ချစ်သူအပေါ်မှာ ကျွန်တော် မတရားနေပြီလား …. ချစ်သူရှိရဲ့နဲ့ တစ်ခြားမိန်းကလေးတစ်ယောက်အပေါ်မှာ ရင်ခုန်မိတဲ့ ကိုယ့်ကိုယ်ပင် အံ့သြလို့မဆုံးပါဘူး … သူမနဲ့ ကျွန်တော်နဲ့က စနောက်ကျီစယ်နေကြ … သူမအပေါ်မှာ ဒီလို အပြောင်အပျက် စတာ နောက်တာတွေကြောင့် သာယာမိသွားတာလားတောင်မသိပါဘူးဗျာ …. တကယ်တန်း သူမနဲ့ ပေါင်းစည်းဖို့ အခွင့်အရေးရခဲ့မယ်ဆိုရင်တောင် ကျွန်တော်ကြိုးစားမိမှာမဟုတ်ပါဘူး … (၁)ကျွန်တော့်မှာ လက်ရှိချစ်သူရှိနေတဲ့အတွက် (၂)သူမ အသိုင်းအ၀န်း (ငွေကြေး၊ ဓနအင်အား)က အဆမတန် ကိုယ့်ထက်သာလွန်နေတဲ့အတွက် (၃) သူမအပေါ်ကျရောက်လာမယ့် ပတ်ဝန်းကျင်က ပြောဆိုမှုတွေအတွက် စတဲ့ စတဲ့ အကြောင်းများကြောင့်ပါ ….. အခုတော့ နောက်တစ်နေ့ဆို သူမနဲ့ ဆုံတွေ့တော့မှာ မဟုတ်တော့ပါဘူး အချိန်ဆိုတဲ့ ဆေးဆရာက ကျွန်တော့်ကို ကုစားသွားမှာပေါ့ … ဒါပေမယ့် ဖြစ်ပျက်ခဲ့တဲ့ စိတ်ခံစားချက်ကို ချစ်သူဆီမှာ ဖွင့်ဟ၀န်ခံဖို့ မလုပ်ရဲသေးတာ အမှန်ပါ … ဒါကြောင့် ဒီကနေပဲ ချစ်သူဆီထံ ၀န်ခံတောင်းပန်လိုက်ပါတယ် … မိမိကိုယ်တိုင်မသိလိုက်တဲ့ ရင်ခုန်မှုတစ်ခုအတွက်ပေါ့ … ချစ်သူရေ တစ်ခါက မင်းကို ချစ်တယ်အကြောင်းပြောခဲ့တဲ့ စာထဲကလို အချစ်ဆိုတဲ့ မိုးဖွဲဖွဲလေးကျနေမှန်း မသိခဲ့မိဘူး သတိထားမိတဲ့အချိန်မှာတော့ မိုးကတစ်ကိုယ်လုံးရွှဲနေပြီပေါ့ ... မောင့်ကို ခွင့်လွှတ်ပါ (မဖတ်ဖြစ်ဖို့များတယ်ဆိုပေမယ့် ဒီနေ့ဝန်ခံချက်လေးက နောင် ကိုယ်တိုင် ၀န်ခံရဲတဲ့ သတ္တိရှိလာပြီဆိုတဲ့အချိန်ကျရင် ဒီ Link ကလေးကို ပြန်ဖွင့်ပြပါအုံးမယ်) …..
ကျွန်တော့်စာကို ဖတ်ပေးကြတဲ့ မိတ်ဆွေများကိုလည်း ကျေးဇူးတင်လျှက်

About King

has written 59 post in this Website..

ရှူးးးးးးးးးးးးးးးးးးး ...................