ဒီနေ့ထုတ် ကြေးမုံသတင်းစာထဲက နာရေးကြော်ငြာမှာပါတဲ့ ကွယ်လွန်သွားသူတစ်ယောက်အကြောင်းပြောချင်ပါတယ်ဗျာ။

ကိုသက်ခိုင်(ခ)တေးရေး ဖိုးခွား
အသက် (၄၇) နှစ်

တဲ့။ ၂၅-၅-၂၀၁၂ ညနေ ၃ နာရီမှာ ကွယ်လွန်သွားပါတယ်တဲ့။
နာရေးကြော်ငြာဖတ်ပြီး ကျွန်တော်လွမ်းသွားပါတယ်။
တေးရေးဖိုးခွားဆိုတာ ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ်လောက်တုန်းက အင်မတန်အောင်မြင်တဲ့ သီချင်းလေးတွေကိုရေးခဲ့တဲ့
သီချင်းရေးဆရာတစ်ယောက်ပါ။
ချစ်သူကို ဟိုးအမြင့်ကြီးမှာထားပြီး ကိုယ့်ကိုယ်ကိုတော့ အမြဲတမ်း နှိမ်ချ ရေးတတ်တဲ့ တေးရေးဆရာကိုပြပါဆိုရင် အဲဒီ လူဟာ ဖိုးခွားပါပဲ။
ဟုတ်ပါပြီ။
ဖိုးခွားရေးခဲ့တဲ့ သီချင်းလေးတွေက ကျွန်တော်တို့ ဆယ်ကျော်သက်အရွယ်ဂစ်တာတီးတတ်စအချိန် လမ်းဘေးတီးဝိုင်းလေးတွေမှာ
ကောင်မလေးတွေကို ကြူဖို့ အလွန်ကောင်းတဲ့ သီချင်းလေးများပါလို့ ကျွန်တော်က အလွန်အကျူးဖွဲ့ဆိုချင်ပါတယ်ဗျာ။
နမူနာလေးတွေနဲ့ ပြောကြည့်မယ်ဗျာ။
၁၉၈၆ လောက်က မြန်မာပြည်မှာ တစ်ခုတည်းသော ရုပ်သံဖြစ်တဲ့ မြန်မာ့ရုပ်မြင်သံကြားရဲ့ စနေ၊ တနင်္ဂနွေ ည ရနာရီ နဲ့ ၈ နာရီကြားမှာ စတီရီယို သီချင်းတွေ အမြဲလွှင့်တတ်ပါတယ်။ ကျွန်တော်တို့တတွေမှာလည်း ရွေးချယ်စရာ ဖျော်ဖြေရေးက ဒီတစ်ခုပဲ ရှိသမို့ ကြည့်ဖြစ်အောင်ကြည့်ကြရပါတယ်။
အဲဒီအချိန်က မြန်မာ့ရုပ်သံရဲ့ ပေါ်ပြူလာ သီချင်းတွေထဲမှာ တူးတူးရဲ့ ကေသရီ ဆိုတဲ့ သီချင်းလေးပါပါတယ်။
အဲဒီ ကေသရီ သီချင်းရဲ့ သံစဉ်စာသားပိုင်ရှင်က ဖိုးခွားပါပဲ။
စာသားလေးတွေ နည်းနည်း လေ့လာကြည့်ဗျာ။

ကေသရီ
တေးရေး – ဖိုးခွား
တေးဆို – တူးတူး

(စိုးမိုးမှု ဒီရင်မှာ နှလုံးသားထဲ စူးနစ်စေခဲ့တယ် ကေသရီရယ်..
မင်းအကြည့်ကြောင့် ရင်ဝေဒနာ နက်သထက်နက် ဖျက်မရနိုင်ခဲ့…
အို အိုး အို မောင့် ကေသရီရယ်…
စွဲလန်းခြင်း အသချေင်္ကို မင်းသက်သက် ပေးခဲ့လေသလားကွယ် …)
(ဒို့ဘဝရဲ့ အာရုံတွေမှာ တမ်းတမ်းစွဲစွဲမိပြီပေါ့ကွယ်…
မလှမ်းဝံ့တဲ့ ခြေရာအစုံဟာ မင်းနံဘေးနားရှိလျက်ပါပဲ…
အိုအိုးအို အိုးအိုးအို မောင့်ကေသရီရယ်
သောကကျင့်စဉ်တွေကို နှလုံးသားထဲ ထည့်ခဲ့လေသလားကွယ်…)
CHO ; (စိတ်ထဲ ရှိရှိသမျှနဲ့ အပြင်ဘက်ကလက်တွေ့ဘဝဟာ
ကွာခြားတယ် ချစ်သူရယ် သိစေချင်တယ်
နန်းထိုက်တဲ့ တော်ဝင်သူကို ဒို့လက်နဲ့ မထိရက်ပါဘူးကွယ်…)

(အသက်နဲ့ အမျှကြင်နာသူကို ကြေကွဲရင်းနှုတ်ဆက်ခဲ့ပါတယ် ကေသရီရယ်…
ဒို့ဘဝရဲ့အဖေါ်မွန်ဟာ ဝေးသင့်လို့ ဝေးခဲ့ကြပြီပဲ…
အိုးအိုးအိုး မောင့်ကေသရီရယ်…
နန်းထိုက်တဲ့ တော်ဝင်သူကို တို့လက်နဲ့ မကမ်းတော့ပါဘူးကွယ်။

ဘယ်လောက် နုလိုက်ရွလိုက်သလဲ…။
ချစ်သူကို တင်စားထားတာများ နန်းထိုက်တဲ့တော်ဝင်သူ တဲ့…။
အဲဒီခေတ်က အဲဒီသီချင်းလေးက တော်တော် ပေါက်ခဲ့တယ်ဆိုတာ အခု ကျွန်တော်တို့လို လေးဆယ်ကျော်ကျော်တန်းအရွယ်တွေ
သိကြမှာပါ…။
ရေးရင်းနဲ့ လွမ်းတောင်လာတယ်.. ဦးလေးရေ။
ဆယ်ကျော်သက်အရွယ်က ထားခဲ့ဘူးတဲ့ ရည်းဇား ၁၅ ယောက်လောက်ကို ပြန်တွေ့ချင်စိတ်တောင် ပေါက်လာပါရောလားဗျာ။
သူဘယ်မှာလဲ သတိရနေတယ် လို့ အော်အော်ပြီး လွမ်းရမလိုပါပဲဗျာ။
ဖိုးခွားရေးတဲ့ သီချင်းတွေထဲက နောက်တစ်ပုဒ် ပြောဦးမယ်ဗျာ။
သီချင်းနာမည်က မကြင်နာသူသို့ တဲ့။
ဆိုတဲ့သူက နာမည်ကြီးစာရေးဆရာမ နေနွယ်ဇင်မြင့်ရဲ့ သားအငယ်ဆုံး၊ လမင်းမိုမို ရဲ့ မောင် ကိုမှိုး ပါ။
အဲဒီခေတ်က ကိုမှိုး ကလည်း မြန်မာရုပ်သံရဲ့ စူပါစတား စာရင်းဝင်ပါပဲဗျာ။
စာသားလေးတွေနည်းနည်းဖတ်ကြည့်ရအောင်ဗျာ။

မကြင်နာသူသို့
တေးရေး – ဖိုးခွား
တေးဆို – ကိုမှိုး

(သူဟာ ကျွန်တော့်ရဲ့ အိပ်မက်တွေထဲမှာ ရွှေနတ်သမီးအဖြစ် စိုးမိုးနေတာ
ကျွန်တော် ညည အိပ်မရတဲ့အခါ အိပ်မက်များကို နှမြောတသစွာ
တကယ်တမ်းတော့ ကျွန်တော့်ရဲ့ အဖြစ်ဟာ မကြင်နာလေသူကိုမှ သွားချစ်မိနေတာ..။)

စိတ်ကူးယဉ်အတွေးထဲမတော့ ပြေလည်လိုက်တာ
သူကျွန်တော့်ကို ချစ်လိုက်ပုံများ နှိုင်းရက်စရာ ဘာမှ မရှိအောင်
မပြေလည်သောလက်တွေ့ဘဝမှာ အိမ်မက်ဟာ တကယ်ဖြစ်မလာ..။

သူဟာ ကျွန်တော့်ရဲ့ နှလုံးသားထဲမှာ ဘယ်လိုလုပ်မှ ဖျောက်မရနိုင်ပါ..
ကျွန်တော် တမ်းတမ်းစွဲတဲ့ အဖြစ်ဟာ သေသည်အထိတိုင် ပျောက်ပျက်မသွားနိုင်
မျှော်လင့်ခြင်းများအသက်ရှိသရွေ့တော့ ရှင်သန်ဆဲပဲ ဘဝနဲ့ထပ်တူပါ…

အဖြေမရသေးတဲ့ ကောင်မလေးတွေ အိမ်ရှေ့ခပ်လှမ်းလှမ်းကများ ဂစ်တာလေးနဲ့ သွားကြူလိုက်လို့ကတော့ ဟေးဟေး…။
ဖိုးခွားတို့ ရေးချက်တွေက အဲဒီလိုဗျ…။ ပြောရင်း နှမြောတယ် ကိုဖိုးခွားရေ…။
ဒီဘက်ခေတ်ချာတိတ်တွေ လူပျိုလှည့်ဖို့ သီချင်းလေးတစ်ပုဒ်လောက်များ ထရေးပေးခဲ့ပါဦးတော့လားဗျာ။
နေဦး ဦးလေးရေ။ နောက်တစ်ပုဒ်က ပို မိုက်နေသေးတယ်ဗျ။
ဖိုးချိုကြီး ဆိုခဲ့တဲ့ ချစ်သူကို ဆိုတဲ့ သီချင်းလေဗျာ။
ဒီသီချင်းကတော့ ခင်ဗျားလည်း နားထောင်ဘူးမှာပါဗျာ။
အော် တမလွန်မှာ ဖိုးချိုကြီးဆိုမယ့် သီချင်းတွေရေးပေး ဖို့များ လိုက်သွားလေသလား ကိုဖိုးခွားရေ။

ချစ်သူကို
တေးရေး – ဖိုးခွား
တေးဆို – ဖိုးချို

ချစ်သူကို ရွှေနန်းထက်မှာ ထားချင်တယ် ဒါပေမယ့် ကိုယ့်ရဲ့ဘဝဟာ ချို့တဲ့တာ မင်းအသိပါ
ချစ်သူကို လက်ဖျားနဲ့တောင် မထိရက်နိုင်တယ် အလှလေး ပွန်းပဲ့သွားရင် ကိုယ် ရင်ကျိုးရချည့်ရဲ့…
ချစ်သူကို စိတ်ဆင်းရဲစရာ မတွေ့စေချင်သလို တစ်သက်လုံးအနားနားမှ တစ်ဖဝါးမှမကွာစောင့်ရှောက်မယ်
ချစ်သူကို ကြည့်ရင်းနဲ့ပိုလှလှလာတယ် တစ်နေ့တစ်ခြား ဆုံးရှုံးရမှာကို နှမြောမိပြန်တယ်

ကိုယ်အမြဲတမ်း ချစ်ရပါ့မလား ရင်တထိတ်ထိတ်နဲ့ မပျော်နိုင်ပါဘူး
အော် တစ်နေ့နေ့ ဝေးရမှာလား နုံခြာတဲ့ အနုတ်စုတ် ဘဝနဲ့

ချစ်သူကို ကြည့်လို့ကို မဝနိုင်သေးခင် အခြေအနေမွဲ ဆင်းဆင်းရဲရဲ ကိုယ့်ဘက်ကို မခေါ်ရက်ဘူး
ချစ်သူကို တမ်းတမ်းစွဲမက်မောမှုမှာ ပိုင်ဆိုင်ခြင်း ကိုယ့်အတွက် ဖြစ်မလာတောင် အော်ကိုယ့်ကုသိုလ်ပဲ…။

ကြည့်… အလှလေးပွန်းပဲ့သွားရင် ကိုယ်ရင်ကျိုးရချည့်ရဲ့ တဲ့။
ရေးတတ်လိုက်ပုံများ ပြောပါတယ်။
တော်ရုံတန်ရုံ ကောင်မလေးတွေ ချက်ခြင်းကြွေသွားလောက်တယ်ဗျာ…။

နောက်ဆုံးတစ်ပုဒ် ပြောပြဦးမယ် ဗျာ။
ချစ်သူ့ရင်ခွင် တဲ့။
ဖိုးချိုပဲ ဆိုခဲ့တာပါ။

ချစ်သူ့ရင်ခွင်
တေးရေး – ဖိုးခွား
တေးဆို – ဖိုးချို

ဘဝရဲ့ ဒုက္ခအမောများ ပျောက်စေတယ် အလင်းတန်းများပေးစွမ်းတဲ့ လမင်းလေးရယ်
စိုးတတ်မိုက်တတ်လွန်းတဲ့ ကိုယ့်ကို ချစ်တယ် အမြဲတမ်းပဲ ခွင့်လွှတ်နားလည်ထားတဲ့ ချစ်သူ့ရင်ခွင်
ချစ်သူရင်ခွင် ချစ်သူရင်ခွင် ချစ်သူ့ရင်ခွင် ရင်ခွင်ထဲ…။
အဝေးကြီးဝေးသွားလည်းပဲ ချစ်နေမယ် နီးစပ်မှုမနီးစပ်မှုက အရေးမကြီးဘူးကွယ်
လွမ်းတတ်ဆွေးတတ်လွန်းတဲ့ နှစ်ယောက်အတူ နားလည် နှလုံးသားချင်းတိုက်ရိုက်ဆက်သွယ်ထားတဲ့
ချစ်သူ့ရင်ခွင် ရင်ခွင်ထဲ..
ဘယ်ဘယ်အရာ ဘာနဲ့မှ အစားထိုးလည်းမရအောင်
နွေးထွေးတဲ့မေတ္တာတွေနဲ့
နေရာတကာ ကိုယ့်ကိုအမြဲဦးစားပေးတတ်တဲ့
အငြိမ်းချမ်းဆုံးချစ်သူ့ရင်ခွင်ထဲ…
မှားပြီးရင်းမှားတဲ့အမှားများလည်းပြင်မယ် သဘောထားကြီးလွန်းလှတဲ့ မိန်းကလေးရယ်
ဖြစ်တတ်ပျက်တတ်လောကတရားကို နားလည် ခွင့်လွှတ်တဲ့ အပြုံးနဲ့ ဆီးကြိုဦးကွယ်
ချစ်သူ့ရင်ခွင် ရင်ခွင်ထဲ…။

ဘယ်လိုလဲ ဦးလေးရေ…။
ဖိုးခွားရေးခဲ့တဲ့ သီချင်းလေးတွေက မမိုက်ဘူးလားဗျာ။
ကျွန်တော် တကယ်ကြိုက်ခဲ့တဲ့
လမ်းဘေးမှာ ဂစ်တာကြီး တစ်ဒေါင်ဒေါင်တီးပြီး အော်အော် ဆိုခဲ့တဲ့
သီချင်းလေးတွေခင်ဗျ..။
အခု
အဲဒီလူကြီး ဆုံးရှာပြီဗျာ။
မနေ့က ညနေ ၃ နာရီကတဲ့..။
မနက်ဖြန် (၂၇-၅-၂၀၁၂) နေ့လယ် ၂ နာရီမှာ ရေဝေးသုသန်ကို ပို့ဆောင် သဂြိုဟ် မတဲ့။
ဘာတတ်နိုင်မှာလဲဗျာ…။
သေခြင်းတရားဆိုတာကြီးက ရှောင်လွှဲလို့ရတာမျိုးမှ မဟုတ်တာ…။
ဘာပဲဖြစ်ဖြစ် ကျွန်တော်တော့ နှမြောမိပါတယ်…။
ကျွန်တော်တို့အတွက် သီချင်းကောင်းကောင်းလေးတွေ ရေးဖွဲ့ပေးခဲ့တဲ့ ကိုဖိုးခွားအတွက်
ဒီပို့စ်လေးနဲ့ ဂုဏ်ပြုရင်း နှုတ်ဆက်လိုက်ပါတယ်ဗျာ…။
သွားနှင့်ဦးတော့ ကိုဖိုးခွားရေ…။
ကိုဖိုးခွား ကောင်းရာသုဂတိ လားပါစေ…။
လေးစားစွာဖြင့်
ဘလက်

About black chaw

black chaw has written 332 post in this Website..